မေးလ်ထဲက အမေးများ (၂)

တပည့်တော်၏ မေးခွန်းကိုဖြေကြားပေးသောကြောင့် ကျေးဇူးအထူးတင်ပါသည် ဘုရား။
အရှင်ဘုရား တပည့်တော်မ မေးခွန်းအနည်းငယ်ထပ်မံ၍ မေးလိုပါသည်ဘုရား။ ဖြေကြားပေးပါရန် လျှောက်ထားပါသည်။

၁။ တရားထိုင်ရာတွင် မည်သည့်အတွက်ကြောင့် ထိုင်ခုံတွင်ထိုင်၍ မရပါသနည်း။ ထိုင်ခုံတွင်ထိုင်ခြင်းဖြင့် ကြာကြာထိုင်နိုင်သည် မဟုတ်ပါလားဘုရား။

ဖြေ။ တရားထိုင်တဲ့အခါ ထိုင်ခုံတွင်ထိုင်ပြီး တရားမမှတ်ရဘူးဆိုတာ မရှိပါဘူး။ မှတ်လို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးလုံးမှာ သင့်လျော်သလို မှတ်နိုင်ပါတယ်။ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ်မှာ တိတ်ဆိတ်ရာအရပ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ခါးကိုဖြောင့်မတ်စွာထားက မှတ်ရမယ်လို့ တိုက်ရိုက်ဆိုထားပေမယ့် နောက်ပိုင်း ကာယာနုပဿနာ သတိပဋ္ဌာန် အဖွင့်တွေမှာ ခန္ဓာကိုယ်ရဲ့ ဘယ်လို အနေအထားမျိုးမှာ မဆို အရှိအတိုင်း သတိကပ်ကာ ရှုမှတ်ရမယ်လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် အခြေအနေအရ ထိုင်ခုံပေါ်မှာ ထိုင်ပြီးမှတ်လို့ အဆင်ပြေရင် အဆင်ပြေတဲ့အတိုင်း မှတ်နိုင်ပါတယ်။ ဒီအတွက် ပညတ်သတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ရိပ်သာတွေမှာတော့ အဲဒီလို ထိုင်ခုံပေါ်မှာ သက်သောင့်သက်သာ ထိုင်မှတ်တဲ့အခါ ထိနမိဒ္ဓ (တွေဝေငိုက်မျည်း)တာတွေ အလွယ်တကူ ဖြစ်တတ်တဲ့ အတွက်ရယ်၊ တစ်ခြားတခြား အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေရဲ့ အထက်မှာဖြစ်နေကာ ဂရုဂါရဝ မဖြစ်တာတွေရယ် စတာတွေကြောင့် ထိုင်ခုံမှာထိုင်ပြီး တရားမမှတ်ကြဖို့ ပြောကောင်းပြောနိုင်တာ ဖြစ်ပါတယ်။ ဘုရားဟောလို့၊ ဒါမှမဟုတ် ထိုင်ခုံမှာ ထိုင်မှတ်လို့ တရားမရနိုင်တဲ့ အတွက်ကြောင့်တော့ မဟုတ်ပါဘူး။ သေချာတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုးမှာမဆို တရားမှတ်နိုင်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

၂။ တပည့်တော်မ လူတယောက်ကို ဆေးဖိုးအမြောက်အများ လှူခဲ့ပါသည်။ ထိုလူမှာ ရောဂါမသက်သာပါ။ တပည့်တော်မက ငါ့ပိုက်ဆံတွေ အလကားဖြစ်သွားတယ်လို့ ထင်ခဲ့ပါသည်။ ထို့နောက် ထိုလူရောဂါ သက်သာသွားပါသည်။ တပည့်တော်မ ကုန်ရကျိုးနပ်ပါလားဆိုပြီး ၀မ်းသာသွားပြန်ပါသည်။ ပထမ နှမြောသွားခဲ့သည်။ ထိုအတွက်ကြောင့် တပည့်တော်ကုသိုလ် မရတော့ဘူးလားဘုရား။

ဖြေ။ ပုထုဇဉ်တွေရဲ့ စိတ်အစဉ်ဟာ အမြဲတမ်း ပြောင်းလဲနေပြီး သဒ္ဓါတရားဟာလည်း မတည်မမြဲ ဖြစ်တတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒကာမအခုဖြစ်တဲ့ စိတ်အစဉ်ဟာ လှူပြီးနောက်မှာ ဖြစ်တဲ့ နောက်ပိုင်းစေတနာ ကွက်သွားမှုသာ ဖြစ်ပြီး မလှူခင်မှာဖြစ်တဲ့ ပုဗ္ဗစေတနာရယ်၊ လှူစဲအခိုက်မှာ ဖြစ်တဲ့ မုဉ္စစေတနာရယ်က အလွန်အားကောင်းပြီး ဖြစ်တဲ့အပြင် လှူပြီးနောက်မှာ အကျိုးရလာဘ်ကို မြင်ရပြီး တစ်ခါပြန်ကာ အရပစေတနာ အားကောင်းလာတာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ စိတ်ကွက်မှုဟာ မပြောပလောက်ဖူးလို့ ဆိုရမှာဖြစ်ပါတယ်။ ကုသိုလ်ကတော့ လှူပြီးကတည်းက ဖြစ်ခဲ့တဲ့ စေတနာမှာကိုက ရရှိခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းစေတနာ အနည်းငယ် ပျက်ကွက်ခဲ့တဲ့အတွက် အလှူအကျိုးပေး အနည်းငယ် အားနည်းနိုင်ပေမယ့် ရှေ့မှာဖြစ်ခဲ့ လှူခဲ့တဲ့ စေတနာတွေ အားကြီးခဲ့တာတွေရယ်၊ လှူလိုက်ပြီးနောက် အကျိုးရလာဘ်ကောင်းတာကို တွေ့ရတဲ့အတွက် တစ်ခါပြန်ပြီး နောက်ပိုင်းစေတနာ အားကောင်းခဲ့တာတွေရယ်ကြောင့် အားနည်းခဲ့တဲ့ စိတ်ကွက်မှုဟာ မပြောပလောက်ဘဲ ကောင်းတဲ့စေတနာတွေက အားကြီးတဲ့အတွက် ကုသိုလ်တရားကတော့ ရရှိပြီးဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အလှူလှူတဲ့အခါမှာ စေတနာသုံးတန် ပြတ်သားဖို့ အရေးကြီးတယ်လို့ ဆိုပေမယ့် ရှေ့ပိုင်းမှာ ဖြစ်တဲ့စေတနာတွေက ကုသိုလ်ကောင်းမှု လုပ်ဖို့အတွက် အဓိကကျတဲ့ အထောက်အပံ့တွေ ဖြစ်တဲ့အတွက် ဒီရှေ့ပိုင်းစေတနာတွေကို အဓိက အားကောင်းအောင် ကြိုးစားပြီး နောက်ပိုင်းစေတနာကိုလည်း မကွက်အောင် နောက်နောင် သတိထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။ နောက်ပိုင်းစေတနာကလည်း သတိရတိုင်း သတိရတိုင်း ကုသိုလ်တရားကို ပိုမိုတိုးပွားစေတဲ့အတွက် ဒီစေတနာ မပျက်အောင် လှူကတည်းက စိတ်ပြတ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်လှပါတယ်။

thin thin

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ