စိတ်ဓာတ်လေးတွေ ကျနေတဲ့အခါ

ဘုန်းဘုန်းကို ဒကာလေးတစ်ယောက်က “အရှင်ဘုရား တပည့်တော် အခုစိတ်ဓာတ်ကျနေလို့ တရားတစ်ပုဒ်လောက် ချီးမြင့်ပါဘုရား”လို့ တောင်းဆိုထားဖူးပါတယ်။ သူတောင်းဆိုတဲ့အချိန်က ဘုန်းဘုန်းမှာ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ချက်ချင်းအကြောင်းမပြန်နိုင်၊ သူတောင်းဆိုထားတဲ့ တရားတစ်ပုဒ်ကိုလည်း အဲဒီတုန်းက မဟောပြနိုင်ခဲ့ပါဘူး။ အခုမှပဲ သူတောင်းဆိုထားတာလေးကို အကြောင်းပြန်ရင်း သူလို စိတ်ဓာတ်လေးတွေ ကျတတ်ကြတဲ့ သူတွေအတွက်လည်း နည်းနည်းပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်ပါစေဆိုတဲ့ ဆန္ဒနဲ့ စာလေးတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်ကျတာကတော့ သူလိုလောကီလူသားတွေ မပြောနဲ့ သာသနာ့ဘောင်မှာ ရောက်နေကြတဲ့ ဘုန်းဘုန်းတို့လို သာသနာ့ဝန်ထမ်းတွေလည်း ဖြစ်ကြတာပါပဲ။ နာမ်ရုပ်နှစ်ပါးကို ပိုင်ဆိုင်ထားတဲ့ သာမန်ပုထုဇဉ်တွေ ဖြစ်နေသမျှတော့ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဓာတ်တက်တာတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ဖိစီးတာတွေ၊ စိတ်ဂယောက်ဂယက် ဖြစ်တာတွေဟာ အနည်းနဲ့အများ ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်အောင်ကြိုးစား နေထိုင်နိုင်တဲ့ သူတွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဒီစိတ်ဓာတ်ကျတာတွေကို ပြုပြင်ထိန်းသိမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်လေးတွေကျတဲ့အခါ ကိုယ့်ကိုယ်ကို သတိ၊ သမာဓိ၊ ပညာ၊ ဝိရိယတရားလေးတွေနဲ့ ပဲ့ကိုင်ကာ ထိန်းကျောင်းပေးကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ကအာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်ကျနေသမျှ စိတ်မှာလည်း တန်ပြန်သက်ရောက်မှု အနေနဲ့ အဲဒီဓာတ်တွေ ကူးဆက်လာပြီး တဖြည်းဖြည်းနဲ့ ကျလာတော့တာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်၊ စိတ်ဖိစီးတယ်ဆိုတာတွေ ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။ စိတ်ဆိုတဲ့ သဘောက သတိနဲ့ ထိန်းမထားဘူးဆိုရင် အာရုံတွေနောက်ကို လိုက်ခံစားပြီး မြင်သမျှ၊ ကြားသမျှ၊ နံသမျှ၊ ခံသမျှ၊ ထိသမျှ အာရုံစတာတွေမှာ စွဲနေတော့တာ ဖြစ်ပါတယ်။ စွဲတာမှ တနုံ့နုံ့နဲ့ကို စွဲနေတတ်တာပါ။ တွေးတိုင်းတွေးတိုင်း ဒီအာရုံတွေပဲ ထင်ထင်လာတဲ့အတွက် အဲဒီအာရုံတွေရဲ့ ချည်နှောင်မှုတွေကြောင့် စိတ်မှာ ရုန်းမထွက်နိုင်အောင်ဖြစ်ပြီး နောက်ဆုံး အားတွေပါ ကျလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ကို အာရုံတွေနောက်မှာ လိုက်လိုက်ပြီး ဓာတ်တွေကျနေရာက စိတ်ဓာတ်တွေ ကျတယ်ဆိုတာ ဖြစ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။

စိတ်ရဲ့သဘောက လွှတ်ထားရင်း လွှတ်ထားသလောက် သွားချင်ရာကိုသွားပြီး ရောက်ချင်ရာကို ရောက်တတ်တဲ့အပြင် စွဲချင်ရာကိုစွဲပြီး ကျချင်ရာကို ကျတတ်တဲ့ သဘောလည်းရှိပါတယ်။ အဲဒီလို သွား၊ ရောက်၊ စွဲ၊ ကျတဲ့အခါတွေမှာလည်း ကောင်းတဲ့အာရုံတွေမှာ မဖြစ်တတ်ဘဲ မကောင်းတဲ့ အာရုံတွေမှာပဲ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ စိတ်ဟာမကောင်းမှုမှာ မွေ့လျော်တတ်တယ်လို့ ဆိုတဲ့အတိုင်း သတိမရှိတဲ့ စိတ်ဟာ မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့ကာ ဓာတ်တွေကျနေတဲ့ သဘောတွေရှိပါတယ်။ အာရုံဆိုတာက ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် စိတ်ကိုစွဲလန်းစေတတ်ပါတယ်။ စိတ်ကို သတိကပ်မထားရင် အဲဒီစိတ်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ စတဲ့အာရုံတွေမှာ စွဲလန်းမိပြီး ကောင်းရင်လည်း လောဘတဏှာဖြစ်လိုက်၊ မကောင်းရင်လည်း ဒေါသမကြည်သာဖြစ်လိုက်နဲ့ စွဲလေလေ ဒုက္ခဖြစ်လေလေပဲ ဖြစ်ပါတယ်။ ဒါဟာ အာရုံနောက်ကို စိတ်လိုက်ရာက အစွဲများပြီး တဖြည်းဖြည်းနဲ့ တဏှာတွေရကာ ကုသိုလ်အားတွေ ကျလာတဲ့ သဘောပဲ ဖြစ်ပါတယ်။

လူအတော်များများက ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ကြတဲ့အတွက် တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် “ငါ့ကို ဘယ်သူကတော့ ဘာပြောလိုက်တာ၊ ဘယ်လိုဆက်ဆံလိုက်တာ၊ ဘာပေးလိုက်တာ၊ ငါ့ကိုမှ ဒီလိုလုပ်ရက်လိုက်တာ၊ ငါလိုချင်တဲ့ ဒီအဆင်း၊ ငါကြားချင်တဲ့ ဒီအသံ၊ ငါနမ်းချင်တဲ့ ဒီအနံ့၊ ငါခံစားချင်တဲ့ ဒီအရသာ၊ ငါတွေ့ထိချင်တဲ့ ဒီလိုအတွေ့အထိမျိုး တွေ မဟုတ်ဘဲ ငါမလိုချင်တဲ့ ဒီအဆင်းအသံအနံ့ စတာတွေမှ ငါ့ဆီကို ရောက်မှ ရောက်လာရတယ်လို့…” စသဖြင့် လိုချင်တဲ့အာရုံ၊ မလိုချင်တဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်သွားရင်း ကြာတော့ ဖြစ်ချင်တိုင်းမဖြစ်ဘဲ မဖြစ်ချင်တာတွေ ဖြစ်ဖြစ်နေရာက စိတ်ဓာတ်တွေ ကျတဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေရာက စိတ်တွေပါ ကျလာတဲ့ သဘောပဲ ဖြစ်ဖြစ်ပါတယ်။

ဆိုတော့ကား စိတ်ဓာတ်ကျရခြင်းရဲ့ အကြောင်းကို ရှာကြည့်လိုက်တော့ အာရုံတွေနောက်ကို စိတ်ကလိုက်နေကြလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အာရုံတွေမှာ စိတ်ကိုကပ်ထားပြီး အဲဒီအာရုံတွေပဲ စိတ်ထဲမှာရောက်ရောက်နေကြလို့ပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့ ဘာပြောလိုက်လို့၊ ဘယ်သူကတော့ ဘယ်လိုဆက်ဆံလိုက်လို့ စတဲ့ အတွေးအာရုံတွေ၊ အမြင်အာရုံတွေ၊ အပြုအမူအာရုံတွေမှာ စိတ်က ရုန်းမထွက်နိုင်ကြတဲ့အတွက် အခုလို စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်တာတွေ ဖြစ်နေကြခြင်း ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဒီလိုအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ကတော့ အာရုံကောင်းတွေနဲ့ ပြန်ပြီးရယူကြဖို့ပဲ ဖြစ်ပါတယ်။ အာရုံကောင်းတွေ ရယူနိုင်ဖို့ဆိုတာလည်း ဘုရားအား၊ တရားအားကို ယူမှပဲ ဖြစ်မှာပါ။ ဘုရားနဲ့ ဘုရားရဲ့ဂုဏ်၊ ဘုရားဟောတဲ့ တရားတော်ရဲ့ လမ်းညွှန်မှုနဲ့ စွမ်းအားတွေကပဲ ကျနေတဲ့ စိတ်ဓာတ်တွေကို တက်လာအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက်ကလည်း ကိုယ်ကိုယ်တိုင်က ကိုယ့်သန္တာန်မှာ သတိတရား၊ သဒ္ဓါတရား၊ ပညာတရား၊ သမာဓိတရား၊ ဝိရိယတရားတွေ အားကောင်းလာအောင် ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

ဒီတော့ စိတ်ဓာတ်ကျတဲ့သူတွေ အနေနဲ့ စိတ်ဓာတ်ကျလေလေ ဘုရားအားကို များများယူလေ၊ တရားအားကို များများယူလေလုပ်ပြီး ကျနေတဲ့စိတ်ကို ပြန်တက်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ အဲဒီစိတ်ဓာတ်ကျစရာ အကြောင်းတွေကိုပဲ တွေးနေမိတတ်ပြီး ဘာမှမလုပ်ချင် မကိုင်ချင်အောင် ဖြစ်နေတတ်ပေမယ့် အဲဒီလိုအခါမျိုးမှာ ရတနာသုံးပါးရဲ့ အားကိုယူပြီး ပြန်ထနိုင်အောင်၊ စိတ်ဓာတ်လေးတွေ ပြန်တက်လာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားရှင်ရဲ့ အနှိုင်းမဲ့အားတွေကို ယူပြီး ဘုရားဂုဏ်ကို များများပွားကာ နှလုံးသားထဲမှာ ဘုရားနဲ့အတူ ရှိနေအောင် ကြိုးစားကြည့်သင့်ပါတယ်။ အဲဒီလို ဘုရားအားကို ယူထားမယ်ဆိုရင် ဘုရားကို ကိုးကွယ်းထားတဲ့သူ တစ်ယောက်အတွက် များများကိုးစားလေ များများအကာအကွယ်ရလေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျလေ ဘုရားကိုများများ ရှိခိုးလေ၊ မေတ္တာများများပွားလေ၊ ကိုယ့်စိတ်ကို ကိုယ်မြင်အောင်ကြည့်ပြီး ဘာဝနာအလုပ် များများအားထုတ်လေ လုပ်နိုင်မယ်ဆိုရင် ကျနေတဲ့စိတ်ဓာတ်တွေဟာ သိသိသာသာကို ပြန်ပြီးတက်လာမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာ အကြောင်းတွေကို ခေါင်းထဲက မြန်မြန်ပျောက်အောင်ထုတ်ပစ်ပြီး ရထားတဲ့ ဘုရားရှိခိုးတွေ၊ ရထားတဲ့ ရွတ်ဖတ်စရာတွေ၊ သိထားတဲ့ သမထ ဝိပဿနာ အကျင့်လေးတွေကို အချိန်ယူအားစိုက်ပြီး လုပ်လိုက်မယ်ဆိုရင် အမှန်ပဲ စိတ်ဓာတ်ခွန်အားတွေ တက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ အာရုံတွေမှာ စိတ်ကလိုက်ပြီး ဓာတ်တွေကျနေလို့ စိတ်ပျက်နေတဲ့သူတွေ အနေနဲ့ တစ်ခါပြန်ပြီး ခွန်အားတွေ တက်စေမယ့် အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

အသိဒကာလေးတစ်ယောက်ဆိုရင် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံတိုင်းသီလယူ၊ ဘုရားရှိခိုးပြီး ပရိတ်ပဋ္ဌာန်းစာအုပ်ကိုလှန်ပြီး ရှိသမျှပရိတ်တွေ၊ ရသမျှ ပဋ္ဌာန်းတွေကို ရွတ်တတ်တဲ့အလေ့အကျင့်ကို လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်တွေ့အရ ရွတ်ပါများလာတော့ အဓိပ္ပါယ်ကို အပြည့်အဝ မသိပေမယ့် နေ့စဉ်ဝတ်တစ်ခုလိုဖြစ်ကာ မပျက်အောင် ကြိုးစားနေဖြစ်ပြီး ဒီအလုပ်တွေကြောင့်ပဲ စိတ်မှာဘာမှ အထူးတလည် စိုးရိမ်မှုတွေ မရှိတော့တဲ့အပြင် အရင်တုန်းက ခဏခဏ ဖြစ်တတ်တဲ့ စိတ်ဖိစီးတာတို့၊ စိတ်ဓာတ်ကျတာတို့လည်း တဖြည်းဖြည်း လျော့လာတယ်လို့ ဆိုပါတယ်။ သူကတော့ သူ့ကိုယ်တွေ့မို စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ စိတ်ဖိစီးမှုဖြစ်တဲ့အခါတိုင်း၊ အတိုက်အခိုက်တွေ ဖြစ်တဲ့အခါတိုင်း ရတနာသုံးပါးရဲ့ အားကိုယူပြီး ကာကွယ်တာဟာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ဒီဒကာလေး ပြောသလိုပဲ စိတ်ဓာတ်ကျတဲ့အခါ၊ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါ၊ အတိုက်အခိုက် တွေ့နဲ့ကြုံတဲ့အခါ၊ အတက်အကျ အနိမ့်အမြင့် လောကဓံတွေနဲ့ ကြုံတဲ့အခါ အကောင်းဆုံး စိတ်ခွန်အားကို ဖြစ်စေမယ့်အရာတွေကတော့ ဘုရားအားနဲ့ တရားအားကို ယူတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တရားတစ်ခုခု ဟောပေးနေတဲ့ သံဃာတော်များရဲ့ တရားစကားကို နားထောင်ပြီး စိတ်ဓာတ်တွေကို မြင့်တင်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ကျနေတဲ့ စိတ်ဓာတ်ကို ပြန်တက်အောင် လုပ်သင့်ပါတယ်။

ဒါပေမယ့် တစ်ချို့က ဒီလိုအကောင်းဆုံး နည်းတွေကို မသိတော့ စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါတိုင်း၊ လောကဓံတွေနဲ့ ကြုံတဲ့အခါတိုင်း အပေါင်းအသင်းတွေနဲ့ အရက်ဆိုင်သွား၊ နှိုက်ကလပ်သွား၊ အပျော်အပါးတွေ လိုက်စားပြီးပဲ ကုစားလေ့ရှိတတ်ပါတယ်။ အဲဒီလိုလုပ်ကာမှ စိတ်ဓာတ်တွေ မတက်ဘဲ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခမျိုးစုံနဲ့ကြုံလို့ ပိုပြီးစိတ်ဓာတ်ကျရတဲ့ သူတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ အမှန်တော့ မကောင်းတာတွေကြုံရင် ကောင်းတာတွေနဲ့ ကာကွယ်ပေးမှ၊ ကောင်းတာတွေနဲ့ ဖြည့်ပေးထားမှ အဲဒီမကောင်းတာတွေလည်း ပပျောက်သွားမှာ ဖြစ်ပေမယ့် တစ်ချို့က အဲဒီလို စိတ်ကူးမရှိဘဲ မကောင်းတာတွေကြုံတိုင်း မကောင်းတာတွေနဲ့ပဲ ဖြေတတ်ကြတော့ မကောင်းတာတွေပဲ ထပ်ရောက် လာကြတော့တာ ဖြစ်ပါတယ်။ အဲဒီတော့ စိတ်ဓာတ်တွေက ပိုပြီးကျကုန်တော့တာ ဖြစ်ပါတယ်။ ဖြစ်သင့်တာက မကောင်းတာတွေ များများကြုံလေ ကောင်းတာတွေကို များများခြုံလေပဲ ဖြစ်သင့်ပါတယ်။ ဒါမှ အကောင်းတွေရဲ့ အစွမ်းနဲ့ အကောင်းတွေပြန်စုံလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတာတွေ တွေ့ကြုံရလို့ စိတ်ဓာတ်တွေကျနေကြတဲ့ သူတွေအနေနဲ့ စိတ်ဓာတ်ကျတယ်ဆိုတယ် အဲဒီလို မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်ပြီး ဓာတ်တွေကျနေတဲ့ အတွက်ကြောင့်ပဲဆိုတာ သဘောပေါက်သိမြင်ပြီး မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်က လိုက်မသွားရအောင်၊ ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်ပြီးတက်လာရအောင် စိတ်ဓာတ်တွေကျတိုင်း၊ စိတ်ဖိစီးမှုတွေရှိတိုင်း၊ အတက်အကျလောကဓံတွေနဲ့ ကြုံတိုင်း ဘုရားအား၊ တရားအားနဲ့ သံဃာအားကိုယူပြီး ဘုရားတရားအလုပ်ကိုသာ များများဖိလုပ်ကြရင်း စိတ်ခွန်းအားတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ကာ စိတ်ဓာတ်တွေကို အမြန်ဆုံး ပြန်တက်အောင်သာ ကြိုးစားကြည့်ကြပါလို့ စေတနာစကား၊ မေတ္တာအားနဲ့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

သူမတော်လည်း ကိုယ်ကောင်းကြစို့

“သူတော်ကောင်း”ဆိုတဲ့ စကားလေးကို တစ်ချို့က “သူတော်မှ ကိုယ်ကောင်းမယ်”ဆိုတဲ့ ကလေးကလား အတွေးလေးတွေနဲ့ ပြောတတ်ကြပါတယ်။ ဒီသဘောက “သူမတော်ရင် ကိုယ်လည်းမတော်နိုင်၊ သူမကောင်းရင် ကိုယ်လည်းမကောင်းနိုင်၊ သူမပြောင်းရင် ကိုယ်လည်း မပြောင်းနိုင်ဘူး”ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ တကယ်တော့ သူတော်ကောင်းတွေရဲ့ စိတ်သဘောထားဟာ “သူမတော်လည်း ကိုယ်ကောင်းမယ်” ဆိုတဲ့ သဘောထားမျိုးပဲ ဖြစ်ပါတယ်။ သူမတော်ရင် တော်လာအောင် ကိုယ်ကကောင်းအောင် ကျင့်သုံးနေထိုင်တတ်တဲ့ သဘောမျိုးကသာ သူတော်ကောင်းများရဲ့ သဘောထား အမှန်ပဲ ဖြစ်ပါတယ်။ “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် ကျင့်သုံးနေထိုင်ခြင်းမျိုး”လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆိုတော့ကား သူမတော်လို့ ကိုယ်မတော်ရင်၊ သူမကောင်းလို့ ကိုယ်မကောင်းရင် သူလည်းမတော် ကိုယ်လည်းမကောင်း ဖြစ်တတ်တဲ့အတွက် သူတော်လာအောင် ကိုယ်ကအရင် ကောင်းကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သူမတော်လည်း ကိုယ်ကတော်ပြကြဖို့ လိုပါတယ်။ ဒါမှ သူလည်း တဖြည်းဖြည်းပြောင်းလာ၊ ကောင်းလာမှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လောကမှာရှိတဲ့ လူအတော်များများက ငါဆိုတဲ့အတ္တစွဲလေးတွေ ခံနေကြတော့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်ဖြစ်လာကြတဲ့အခါ သူဖြစ်သလို ကိုယ်လည်း လိုက်ဖြစ်တတ်ကြပါတယ်။ သူမကောင်းရင် ကိုယ်လည်းလိုက်ပြီး မကောင်းဖြစ်တတ်၊ သူဒေါသထွက်ရင် ကိုယ်လည်းလိုက်ထွက်တတ်၊ သူမကျေနပ်ရင် ကိုယ်လည်းလိုက်ပြီး မကျေမနပ်ဖြစ်တတ်၊ သူဒီလိုဆက်ဆံရင် ကိုယ်လည်းလိုက်ပြီး သူနဲ့အပြိုင် ဆက်ဆံတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ်ကောင်းရဲ့သားနဲ့ သူမကောင်းတဲ့အခါ ကိုယ်ပါလိုက်ပြီး မကောင်းတဲ့အထိ ပြောင်းတတ်ကြပါတယ်။ အဲဒီလိုသာ သူမကောင်းလို့ ကိုယ်မကောင်းဖြစ်ကြ၊ သူမတော်လို့ ကိုယ်မတော် ဖြစ်ကြမယ်ဆိုရင် သူလည်းမကောင်း ကိုယ်လည်းမကောင်း၊ သူလည်းမတော် ကိုယ်လည်းမတော် ဖြစ်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ မတော်မကောင်းမပြောင်း သံသရာက ရှည်သထက် ရှည်နေကြတော့မှာ ဖြစ်ပါတယ်။

ဖြစ်သင့်တာက သူ့ကိုပြောင်းချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းကြည့်သင့်ပါတယ်။ သူ့ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကိုလည်း ပြင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုမျိုးကစပြီး ပြင်သင့်သလဲဆိုရင် အတွေးအခေါ်က စပြီး ပြင်သင့်ပါတယ်။ တစ်ချို့က “ငါဒီလောက်ကောင်းရဲ့သားနဲ့ ငါ့အပေါ်ကို…” စတဲ့ အတွေမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို အတွေမျိုးကစပြီး ပြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတွေးမိတတ်တာကိုက ကိုယ့်သန္တာန်မှာ သူနဲ့ပတ်သက်ပြီး တစ်ခုခု တုန့်ပြန်မှုကောင်းကို မျှော်လင့်နေတဲ့ သဘောရှိနေသလို ကိုမျှော်လင့်တဲ့အတိုင်း မဖြစ်လာတဲ့အခါ မဖြစ်ရကောင်းလားဆိုတဲ့ အမှတ်အတေးလေးတွေ ဖြစ်တတ်လို့ပဲ ဖြစ်ပါတယ်။ မျှော်လင့်နေတယ်ဆိုကတည်းက မျှော်လင့်မှုရဲ့နောက်မှာ ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် “ငါဒီလောက် ကောင်းရဲ့သားနဲ့” စတဲ့ အတွေးတွေ ပေါ်ပေါက်လာပြီး အသေးအဖွဲလေးတွေကစပြီး အငြိုးအတေးလေးတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ တစ်စတစ်စ အတွေးလွဲလေးတွေကစပြီး ကြာတော့အဆိုင်အခဲ ဖြစ်လာကာ သူ့ကိုယ်ပြောင်းဖို့လုပ်ရင်း ကိုယ်ပါသူလို့ ဖြစ်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ကိုပြင်ရင်း ကိုယ့်ကိုယ်ကို မမြင်မိကြ၊ မပြင်မိကြလို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ပြင်ဖို့ဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကို သိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို သိဖို့လိုတယ်လို့ ဆိုတာက တစ်ချို့ တော်တော်ဗဟုသုတများ၊ အသိများ၊ အဖတ်များကြပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိထားသလောက်၊ ဖတ်ထားသလောက်၊ ပြောနေသလောက် မဟုတ်တာကို တွေ့ရတတ်ပါတယ်။ ဖတ်မှတ်လေ့လာမှုတွေ များနေပေမယ့် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်တတ်၊ ကိုယ်ကိုယ်ကို ပြန်မြင်တတ်တဲ့ အကျင့်က အားနည်းနေတော့ ကိုယ်ဘာဖြစ်နေတယ်ဆိုတာလည်း မသိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို တကယ်မသိတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်သိအောင်လုပ်ပါလို့ ဆိုရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ်သိလာပြီဆိုရင် အဲဒီအသိနောက်ကို အကျင့်လိုက်ကြည့်ဖို့ လိုပါတယ်။ သိပြီးမြင်၊ မြင်ပြီးပြင်မယ်ဆိုရင် ဒါဟာ အသိနောက်ကို အကျင့်လိုက်တာပဲ ဖြစ်ပါတယ်။

လူပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ် သိထားသလောက် အကျင့်မရောက်ရင် ကိုယ့်ကိုယ်ကိုလည်း သိဖို့မလွယ်လှပါဘူး။ ကိုယ့်ကိုယ်ကို မသိရင် ကိုယ့်ကိုယ်ကိုပြင်ဖို့လည်း မလွယ်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုတော့ ကိုယ်ကိုယ်တိုင်က မပြင်ဘဲ သူများကို ပြင်ဖို့ပြောနေလို့ကတော့ သူတပါးလည်း ပြင်ဖို့မလွယ်လှပါဘူး။ အပြောခံရတဲ့သူက သူတော်ကောင်းတရားအပေါ် ခံယူချက်ကောင်းတဲ့ သူဖြစ်လို့ ပြောင်းပြင်သွားရင်လည်း ကိုယ်ပြောလိုက်လို့ သူကောင်းသွားပေမယ့် ကိုယ်ကတော့ မကောင်းတာက မကောင်းတာပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတပါးကို တော်စေချင်ရင်၊ သူတပါးကို ကောင်းစေချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းပြင်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အထက်တန်းကိုရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ဆရာအဖြစ် ခံယူထားကြတဲ့ ပုဂ္ဂိုလ်တစ်ချို့က သူတပါးအပေါ် အကောင်းဆုံးစကား၊ အကောင်းဆုံး တရားတွေနဲ့ ဟောပြောပေးကြ၊ လမ်းညွှန်ပေးကြပေမယ့် မိမိတို့ကိုယ်တိုင်ကတော့ ပြောတဲ့အတိုင်း လိုက်နာကျင့်သုံးမှု မရှိကြတာကို တွေ့ရတတ်ပါတယ်။ သူတပါးတွေကို လောဘမကြီးဖို့၊ ဒေါသမကြီးဖို့၊ ဣဿာမစ္ဆရိယ မများဖို့၊ မာနမကြီးဖို့ စသဖြင့် သွန်သင်ပြသ ဆုံးမကြပေမယ့် မိမိတို့ ကိုယ်တိုင်ကတော့ ဒေါသကြီးလိုက်ကြတာ၊ လောဘကြီးလိုက်ကြတာ၊ မာနကြီးလိုက်ကြတာ အလွန်ပါပဲ။ ဒါကြောင့် ဆရာတော်ကြီးတစ်ပါးက တက်သစ်စ ဓမ္မကထိ ရဟန်းတော်တစ်ပါးကို “မောင်ပဉ္ဇင်းတို့ သူများတွေကိုပဲ ကျင့်ဖို့ပြောမနေကြနဲ့၊ ကိုယ်ကျင့်ဖို့လည်း ချန်ထားကြဦး”လို့ သတိပေး ဆုံးမတော်မူတာ ဖြစ်မှာပါ။

ပညာရှိစကား သိပ်မှတ်သားစရာကောင်းပါတယ်။ ဆရာတော်ကြီး ပြောသလို သူများကိုပဲ ဟောနေပြောနေလို့ မဖြစ်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဟောတဲ့အတိုင်း၊ ပြောတဲ့အတိုင်း ကျင့်နိုင်မှ ကိုယ်လည်း အကျိုးရှိ၊ သူလည်းအကျိုးရှိမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဆရာတော်ကြီးမိန့်သလို ကိုယ်ကျင့်ဖို့ မကျန်ဘဲ ဖြစ်နေကြမှဖြင့် ဒုက္ခ။ ကိုယ်ကိုယ်တိုင် အရင်ကျင့်၊ ကိုယ်ကိုယ်တိုင် တော်အောင်လုပ်ပြီးမှ သူတပါးကို တော်စေကြရ၊ ပြင်စေကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကမကျင့်၊ ကိုယ်ကမတော်ဘဲနဲ့ သူတပါးကို တော်လာစေဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ဆိုတော့ကား သိထားတဲ့ အသိတွေများပြီး အကျင့်တွေလည်း များလာတဲ့အခါ ကိုယ့်ကိုယ်ကို တော်လာပြီလို့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကတော်လာပြီဆို သူများကလည်း ကိုယ့်ကိုတော်အောင် ပြုမှုဆက်ဆံ ပြောဆိုလာမှာ ဖြစ်ပါတယ်။ ကိုယ်တော်တာကို အကြောင်းပြုပြီး သူများလည်း တော်လာစရာ အကြောင်းရှိပါတယ်။ အဲဒီလိုကိုယ်လည်းတော်၊ ကိုယ့်ကိုအကြောင်းပြုပြီး သူများလည်း တော်လာပြီဆိုရင် ဒါဟာ သူတော်ကောင်းရဲ့ သဘောတွေ တဖြည်းဖြည်း ထင်လာတော့တာ ဖြစ်ပါတယ်။ ကိုယ်တော်ပြတဲ့အတွက် သူတပါးလည်း တော်လာတာဖြစ်လို့ ကိုယ့်အတွက်လည်း ကောင်းလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကောင်းတဲ့အတွက် သူပြောင်းလာခြင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေကျတော့ ကိုယ်ကဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ကောင်းကောင်း သူတပါးတွေက အကောင်းမမြင်ဘဲ မပြောင်းပြင်ကြတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ပုထုဇဉ်သဘာဝ စိတ်မှာ အလိုမကျတတ်တာတွေ ရှိနေတတ်ပြီး မထူးပါဘူးကွာဆိုပြီး သူနဲ့အပြိုင် အရွဲ့တိုက်တာလေးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကိုယ်ကောင်းရဲ့သား၊ ကိုယ်တော်ရဲ့သားနဲ့ သူကပြောင်းမလာဘူး၊ တော်မလားဘူးဆိုလည်း ဒါဘာဖြစ်သေးလဲ။ ကိုယ်ကောင်းအောင် ကြိုးစားဖို့က အဓိကပဲ မဟုတ်လား။ သူပြောင်းပြီး သူကောင်းဖို့ထက် ကိုယ်အရင်ပြောင်းပြီး ကိုယ်ကောင်းဖို့က အဓိကပဲ ဖြစ်ပါတယ်။ သူပြောင်းတာမပြောင်းတာ သူ့အပိုင်းပဲ ဖြစ်ပါတယ်။ သူ့ဘက်ကလည်း အချိန်တန်ပြီး ကိုယ်ကောင်းနေတာကို သိတဲ့အခါကျရင် သူ့အလိုလို ပြောင်းလာကြမှာ ဖြစ်ပါတယ်။ ဒီအတွက် သိပ်ပူစရာ မရှိပါဘူး။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အရင်ဆုံး အသိနောက်ကို အကျင့်လိုက်ပြီး ကောင်းအောင်ပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ သူမကောင်းလို့ ကိုယ်မကောင်းဘူးဆိုရင် ကိုယ်လည်း မကောင်းစာရင်းဝင်ဖြစ်ပြီး အကုန်မကောင်းသူတွေပဲ ဖြစ်ကုန်ကြတော့မှာ ဖြစ်ပါတယ်။

ဆိုလိုတာက “လူအတော်များများက ကိုယ်ကောင်းဖို့ထက် သူကောင်းတာကို လိုချင်ကြတာများပြီး သူမကောင်းရင် ကိုယ်လည်း မကောင်းချင်ကြတဲ့သူတွေ များနေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြိုင်ဖြစ်ကာ မကောင်းတာတွေပဲ အဖြစ်များနေတတ်ကြောင်း၊ အမှန်တော့ သူတော်ဖို့ ကောင်းဖို့ဆိုတာ ကိုယ်ကလည်းတော်မှ၊ ကိုယ်လည်းကောင်းမှ သူလည်းပြောင်းလာမှာ ဖြစ်တဲ့အတွက် သူတော်သူကောင်းတာကို လိုချင်ရင် ကိုယ်ကအရင်တော်ကောင်းပြရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကိုယ်ကတော်ကောင်းပေမယ့် သူကမတော်မကောင်းဘူးဆိုလည်း ဒါကသူ့ဘက်က အပိုင်းပဲဖြစ်ပြီး ကိုယ့်ဘက်ကတော့ အရင်ဆုံး ကိုယ့်ကိုယ်ကို တော်အောင်ကောင်းအောင် ကြိုးစားကျင့်ကြံသင့်ကြောင်း၊ သူတော်ကောင်းတွေရဲ့ သဘောကိုကြည့်ရင် သူတော်တော် မတော်တော်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်၊ ကိုယ်တော်အောင် နေထိုင်ကျင့်သုံးတတ်ကြတာကို တွေ့ရမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ သူတော်ကောင်းတွေလောက် မကျင့်သုံးနိုင်သေးရင်လည်း အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုတော့ အကောင်းဆုံးဖြစ်အောင် အသိနောက်ကို အကျင့်လိုက်ပြီး နေထိုင်ကျင့်သုံးသင့်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သူတော်မှ ကိုယ်ကောင်းကြမယ်လို့ ဆိုတတ်ကြတဲ့ သူတွေအနေနဲ့ အဲဒီလို သူဘက်ကိုယ့်ဘက် အပြိုင်သဘောမျိုး ဖြစ်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုအရင်ဆုံး တော်ကောင်းလာအောင် ကျင့်သုံးပြီး သူမတော်လည်း ကိုယ်ကောင်းနိုင်အောင် ကြိုးစားကာ သူတော်လာအောင် ပြောင်းနိုင်ကြမယ်ဆိုရင် အကောင်းဆုံး အမြတ်ဆုံးအကျင့် တစ်ခုဖြစ်တဲ့အတွက် သူ့ဘက်က တုန့်ပြန်မှုကို မျှော်လင့်နေကြဖို့ထက် ကိုယ့်ဘက်ကသာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပြီး သူမတော်လည်း ကိုယ်ကောင်းကြည့်ကြပါစို့လို့ အကြံပြုရင်း တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

“သတိက အချုပ်”

“သဒ္ဓါက အထုတ်
ဝိရိယက အလုပ်
သတိက အချုပ်
သမာဓိက အအုပ်
ပညာက အဟုတ်”
ဆိုတော့ အကောင်းအားလုံးတွေထဲမှာ သတိက အချုပ်ပါ။ ဘယ်တရားတွေ ဘယ်လောက်ပဲ ကောင်းကောင်း သတိမပါရင် ဘယ်ဟာမှ မတိကျ မပြည့်ဝနိုင်ပါဘူး။ သတိလွတ်ရင် အသိသေပါတယ်။ ဘယ်အလုပ်မှ တရားပုံစံနဲ့ မလှုပ်ရှားနိုင်ပါဘူး။ သတိရှိမှ အသိဟာ ရှင်သန်နိုင်တယ်။ တရားစွမ်းအားပုံစံနဲ့ လှုပ်ရှားနိုင်တယ်။ သတိရှိရင် ဘာမဆို အလုပ်ဖြစ်တယ်။ ဘဝရဲ့ အဓိက အသက်လို့ ဆိုရင်လည်း ဖြစ်နိုင်တာပဲ။

သတိဟာ ဘယ်အလုပ်မဆို အချိန်မှီပြီးအောင် လုပ်ပေးနိုင်တာဖြစ်လို့ အချိန်ထိန်း ကိရိယာပါ။ အာရုံအမျိုး မျိုးကြောင့် စိတ်မှာကိလေသာ အပူမီးမတောက်ရအောင် စောင့်ထိန်းပေးနိုင်တာကြောင့် အာရုံထိန်း ကိရိယာလည်း ဖြစ်ပါတယ်။ စိတ်ကို ခွန်အားရှိရှိ အချိန်ပြည့် အလုပ်လုပ်နိုင်အောင် အစီအစဉ်နဲ့ ထိန်းပေးရတာဖြစ်လို့ စိတ်ထိန်း ကိရိယာလို့လည်း ခေါ်ပါတယ်။ အမှန်တော့ ဒီသုံးမျိုးဟာ စကားအခေါ်အဝေါ် ကွဲပြားပေမယ့် အလုပ်သဘောကတော့ အတူတူပါပဲ။ အာရုံတိုင်းမိတော့ အချိန်တိုင်းသိတယ်။ အချိန်တိုင်းသိရင်လည်း စိတ်ဟာ ထိန်းပြီးသားပါ။
(တိပိဋက ယောဆရာတော်)

Read more »

ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်း

သတ္တဝါမှန်သမျှ မိမိတို့၏ ဘဝကို လှပလိုကြ၏။ လှပသည့် ဘဝကိုတည်ဆောက်လိုကြ၏။ သာယာသည့်ဘဝ၊ အေးချမ်းသည့်ဘဝ၊ ဘေးမသန်းသည့်ဘဝကို လိုလားကြ၏။ ထို့ကြောင့်လည်း ထိုထိုဘဝ လှပစေရန် နည်းအမျိုးမျိုးဖြင့် ပုံဖော်ကြ၊ တည်ဆောက်ကြ၊ ဖန်တီးကြခြင်း ဖြစ်၏။ အချို့က ဘဝကို ကာယဖြင့် တည်ဆောက်ကြ၏။ အချို့က ဓနဖြင့် တည်ဆောက်ကြ၏။ အချို့က ဉာဏဖြင့် တည်ဆောက်ကြ၏။ အချို့က အရှိန်အဝါဖြင့် တည်ဆောက်ကြ၏။ အချို့က ဂုဏ်ပကာသနဖြင့် တည်ဆောက်ကြ၏။ မည်သည့်နည်းဖြင့် မည်သို့ပင် တည်ဆောက်ထားသော်လည်း ထိုတည်ဆောက်မှုများတွင် ဓမ္မမပါလျှင်ကား အခိုက်အတန့်မျှသာ တည်ဆောက်နိုင်၏။ ဓမ္မ“အား”ဖြင့် ပံ့ပိုးမထား၊ ထိန်းချုပ်မထားလျှင် ထိုထိုနည်းဖြင့် တည်ဆောက်ထားသည့် ဘဝအမျိုးမျိုးသည် ရေရှည်တည်တံ့ရန် မလွယ်ကူလှပေ။ ပစ္စုပ္ပန် သံသရာ လှပစေရန် တည်ဆောက်ထားမှု မဖြစ်နိုင်လှပေ။ ဓမ္မပါမှ ဘဝသာယာပြီး အလှဖြာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ယခုမျက်မှောက်ဘဝမှသည် နောင်သံသရာ၊ ထိုမှနိဗ္ဗာန်တိုင်အောင် သာယာလှပသည့် ဘဝကို တည်ဆောက်လိုသူများသည် ဓမ္မဖြင့် ဘဝကို တည်ဆောက်သင့်ကြောင်း ဆိုခြင်း ဖြစ်၏။

လူအတော်များများက ဓမ္မဟုဆိုလာလျှင် အသက်ကြီးသူများ၊ သေခါနီးသူများ၊ ဘဝကူးကောင်းလိုသူများ စသူတို့ အတွက်သာ လိုအပ်သည်ဟု ထင်မှတ်တတ်၏။ အထူးသဖြင့် ပညာရှာနေကြသည့် ပထမအရွယ် လူငယ်များ၊ ဥစ္စာရှာနေကြသည့် ဒုတိယအရွယ် လူရွယ်များက မိမိတို့၏ အရွယ်များသည် ဓမ္မရှာရမည့်အရွယ် မဟုတ်၊ ဓမ္မရှာရမည့် အရွယ်သည် အိုမင်းမစွမ်းဖြစ်လာသည့် တတိယအရွယ်သာ ဖြစ်သည်ဟု ခံယူထားတတ်ကြ၏။ ထို့ကြောင့်လည်း ပညာရှာနေသည့်အချိန်၊ ဥစ္စာရှာနေသည့် အချိန်များတွင် ဓမ္မဖြင့် ဝေးနေကြပြီး ဓမ္မအားမပါဘဲ မိမိတို့၏ အရွယ်များကို တည်ဆောက်နေကြခြင်း ဖြစ်၏။ ပြဿနာမှာ ဓမ္မမပါဘဲ တည်ဆောက်ထားသဖြင့် ပထမအရွယ်တွင်လည်း ဘဝကို ကောင်းစွာတည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ ဒုတိယအရွယ်တွင်လည်း ဘဝမှာ ဖရိုဖရဲ ပြန့်ကြဲနေမြဲသာ ဖြစ်နေသည့် အချက်ပင်ဖြစ်၏။ တတိယအရွယ်ရောက်လာမှ ဘဝကို ဓမ္မဖြင့် တည်ဆောက်ကြစို့ဟု ဆိုပြန်သော်လည်း အိုမင်းမစွမ်း ဖြစ်လာမှုက “အိုရင်မင်း မစွမ်းတော့ဘူး”ဟု ဆိုသကဲ့ဖြစ်ကာ အနှစ်ရှာမရဘဲ ဖြစ်နေတတ်ကြပေ၏။

စင်စစ်ဓမ္မသည် ဘဝသာဖြစ်၏။ ဓမ္မပါမှ ဘဝသာယာမည်ဖြစ်ပြီး အလှဖြာနိုင်မည် ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ဓမ္မကို အခြေပြုမှ ဘဝလူနေမှုတွင်လည်း အစစအရာရာ အဆင်ပြေမှုများ ဖြစ်စေနိုင်ပေ၏။ ဘဝထဲတွင် ဓမ္မတွဲနေမှ ဘဝလည်း မလွဲမသွေ တည့်မတ်နေမည် ဖြစ်၏။ ဤ၌ဆိုလိုသည့် ဓမ္မဟူသည် အကျင့်သိက္ခာ၊ တည်ကြည်မှုနှင့် ပညာဉာဏ်ရှိမှုများကို ဆိုလိုခြင်း ဖြစ်၏။ စာစကားဖြင့် ပြောလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ် တရားများပင်ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးလှ၏။ ထိုအတူ စိတ်ကိုတည်တည်ငြိမ်ငြိမ် ဖြစ်စေမည့် တည်ကြည်မှု သမာဓိတရားနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို နှိုင်းချိန်နိုင်သည့် ပညာဉာဏ်သည်လည်း အထူးလိုအပ်လှ၏။ ထိုသို့သော အကျင့်တရား၊ တည်ကြည်မှုအားနှင့် ဆင်ခြင်မှုအားကို အခြေခံကာ ဘဝကို တည်ဆောက်ထားသင့်၏။ ထိုတရားများကို လက်ကိုင်ထားပြီး တည်ဆောက်ထားသည့် ဘဝသည် မည်သည့်အချိန်တွင် မည်သို့ပင် ပြောင်းလဲဖောက်ပြန်သော်လည်း တုန်လှုပ်မှုမရှိ၊ ကြောက်ရွံ့မှုမရှိဘဲ အရာအားလုံးကို ကျော်လွှားကာ အကောင်းဆုံး အနေအထားတွင် ရှိနေတတ်ပေ၏။ ဓမ္မကို အခြေခံကာ တည်ဆောက်ထားသည့် ဘဝသည် အတက်အကျ အနိမ့်အမြင့်ဟူသည့် လောကဓံဒီလှိုင်း၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံကာ လိုရာပန်းတိုင် အရောက်လှမ်းနိုင်၏။ လောကဓံနှင့် ကြုံလာလျှင် တုန်လှုပ်မှုမရှိသည့် ဘဝသည် ကြံ့ခိုင်သည့်ဘဝ၊ အားရှိသည့်ဘဝ၊ တည်ငြိမ်သည့် ဘဝသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ဘဝမျိုးကို တည်ဆောက်နိုင်ရန် ဓမ္မကိုသာ အခြေခံကြရမည် ဖြစ်ပါ၏။

သို့သော် ခက်သည်မှာ လူအတော်များများက လက်တွေ့တွင် ဘဝကို ဓမ္မမပါဘဲ တည်ဆောက်နေကြခြင်းပင်ဖြစ်၏။ ဓမ္မကို လစ်လျူရှုကာ မမြဲသည့် ရုပ်ပိုင်းဆိုင်ရာများဖြင့် ဖန်တီးတတ်ကြခြင်းပင်ဖြစ်၏။ စည်းစိမ်ဥစ္စာဖြင့် ဘဝကို တည်ဆောက်သူများ၊ ရာထူးဂုဏ်ဖြင့် ဘဝကို တည်ဆောက်သူများ၊ လောကီပညာရပ်များဖြင့် ဘဝကို တည်ဆောက်သူများအဖြစ် တဒင်္ဂဘဝကို တည်ဆောက်ကာ ဓမ္မကို ဘေးဖယ်ထားတတ်ကြခြင်းပင်ဖြစ်၏။ အချို့မှာ ဓမ္မမပါဘဲ ခဏတာဖြစ်သည့် စည်းစိမ်ဥစ္စာများဖြင့် ဘဝကို တည်ဆောက်နေကြသဖြင့် စည်းစိမ်ဥစ္စာကို အမှီပြု၍ မာန်မာနတက်တတ်ကြသကဲ့သို့ ထိုစည်းစိမ်ဥစ္စာများ ပျက်သွားသည့် အခါတွင်လည်း အလွန်သောက ဖြစ်တတ်ကြပြန်၏။ အချို့လည်း ဘဝကို ဓမ္မမပါဘဲ ရာထူးပါဝါများ၊ လောကီအတတ်ပညာများဖြင့် တည်ဆောက်နေကြသဖြင့် ထိုဂုဏ်များကို အမှီပြု၍ ဂုဏ်မောက်ကာ အမှန်ပျောက်နေ တတ်ကြသကဲ့သို့ ထိုဂုဏ်များပျောက်သည့် အခါတွင်လည်း ဓမ္မမရှိသဖြင့် ဖြေဆည်ရာလည်း မရှိဘဲ ဖြစ်တတ်ကြပြန်၏။

အမှန်အားဖြင့် ဘဝတွင် စည်းစိမ်ဥစ္စာများ၊ အတတ်ပညာများ၊ ရာထူးဂုဏ်သိန်များ မည်မျှပင် မြင့်မားများပြား နေသော်လည်း သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရား ရှားပါးလျှင်ကား ထိုမြင့်မားသည့် အရာများဟု ထင်နေတတ်သည့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာစသည်များဖြင့် တည်ဆောက်ထားသည့် ဘဝသည် အချည်းနှီးသာ ဖြစ်နေပေ၏။ သိက္ခာသုံးပါးဖြင့် အားဖြည့်ထားမှု မရှိသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ ဖြစ်တတ်သကဲ့သို့ ဖရိုဖရဲလည်းဖြစ်တတ်ကာ အမှားအမှန်လည်း မခွဲခြားတတ်ဘဲ ဖြစ်နေတတ်ပေ၏။ မှန်၏။ ဘဝတစ်ခုကို တည်ဆောက်ရာတွင် စည်းမဲ့ကမ်းမဲ့ မဖြစ်ရေးအတွက် သီလသိက္ခာသည် အထူးလိုအပ်လှ၏။ သီလဟုဆိုလျှင် အတော်များများက ငါးပါးရှစ်ပါး ကိုးပါးဆယ်ပါးစသည့် သိက္ခာပုဒ်များကိုသာ ပြေးမြင်တတ်၏။ စင်စစ် မိမိတို့ ကျင်လည်နေကြရသည့် နေ့စဉ်ဘဝများတွင် ကိုယ်အမူအရာများဖြင့် မိမိသူတပါး မထိခိုက်အောင်၊ နှုတ်စကားဖြင့် မိမိသူတပါး မထိပါးအောင် ထိန်းသိမ်းနေထိုင်ခြင်း၊ သူ့ကျောင်းနေ သူ့စာအံ ဆိုသကဲ့သို့ နေရာဌာနအသီးသီးတွင် ချမှတ်ထားသည့် စည်းကမ်းများကို စောင့်စည်းနေထိုင်ခြင်း စသည်များသည်လည်း သီလတရားများပင် ဖြစ်ပါ၏။ ထိုသို့ ကိုယ်နှုတ်အမူအရာများနှင့် မိမိသူတပါး မထိခိုက်အောင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းနေထိုင်ခြင်းသည် ဓမ္မကို အခြေခံထားသည့် ဘဝတည်ဆောက်မှုပင် ဖြစ်ပေ၏။

ထို့အတူ ဘဝကိုတည်ဆောက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ခိုင်မာမှု ရှိစေရန် သမာဓိသိက္ခာကို အားပြုပေးရန် လိုအပ်လှ၏။ သမာဓိ၏ သဘောသည် တည်ကြည်ခြင်း ဖြစ်သဖြင့် သမာဓိကို အခြေခံထားသည့် ဘဝတည်ဆောက်မှုသည် ဟိုလိုလိုဒီလိုလို ဟိုမရောက်ဒီမရောက် ဖြစ်တတ်သည့် စိတ်အစဉ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။ ခိုင်မာသည့် စိတ်ဖြင့် မယိမ်းမယိုင်သည့် ဘဝတည်ဆောက်မှု ဖြစ်ရန် သမာဓိက အထောက်အကူ ပေးနိုင်မည်ဖြစ်၏။ ဘဝတည်ဆောက်ရာတွင် အာရုံအမျိုးမျိုးဖြစ်နေသည့် စိတ်အစဉ်ကို အာရုံတစ်ခုတည်းတွင် စူးစိုက်မှုပေးနိုင်ရန် သမာဓိဖြင့် အားပြုပေးရမည် ဖြစ်၏။ ထိုသို့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရှိရှိ တည်ဆောက်ထားသည့် ဘဝသည် ဓမ္မကို အခြေပြုကာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ဓမ္မကို လက်တွေ့ဘဝတွင် အသုံးချလိုက်ခြင်းမျိုးလည်းဖြစ်ကာ ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းမျိုးလည်း ဖြစ်နေပေ၏။

ထို့အပြင် ဓမ္မဖြင့် ဘဝကို တည်ဆောက်ရာတွင် စည်းကမ်းတကျ၊ တည်တည်ငြိမ်ငြိမ် ရှိရုံဖြင့် မလုံလောက်သေးဘဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လည်း လိုအပ်လှ၏။ ထိုသို့ မှန်ကန်သည့် ရွေးချယ်မှုဖြင့် ဘဝကို တည်ဆောက်နိုင်စေရန် ပညာသိက္ခာကို အားပြုပေးရမည် ဖြစ်၏။ ပညာသည် လောကီပညာ၊ လောကုတ္တရာ ပညာဟု နှစ်မျိုးရှိရာတွင် ဉာဏ်နှင့်ယှဉ်သည့် ပညာသည် အကောင်းအဆိုး၊ အကြောင်းအကျိုးနှင့် အမှားအမှန်ကို ခွဲခြားစိစစ်ပေးနိုင်သဖြင့် မှန်ကန်သည့် ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပညာတရားသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပေ၏။ ထို့ထက် တစ်ဆင့်တက်၍ တရားဘာဝနာ အားထုတ်သဖြင့် ရရှိလာသည့် အသိဉာဏ်ပညာ ဆိုလျှင်ကား ဘဝတွင်အကောင်းဆုံး အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ အလွယ်တကူ ကျော်လွှားကာ မိမိစိတ်ကို မိမိအနိုင်ယူနိုင်သည်အထိ ပံ့ပိုးပေးနိုင်မည် ဖြစ်၏။

မှန်၏။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားခြင်း၊ တရားအလုပ်ကို အားထုတ်ထားခြင်းဖြင့် ဘဝကို တည်ဆောက် ထားသူများသည် ဘဝတွင် တွေ့ကြုံရတတ်သည့် အတက်အကျ၊ အနိမ့်အမြင့်၊ အကောင်းအဆိုး၊ ချီးမွန်းကဲ့ရဲ့၊ ရှိခြင်းမရှိခြင်း စသည့် လောကဓံများကို ဓမ္မအားဖြင့် တုန်လှုပ်ခြင်းမရှိ အလွယ်တကူ ကျော်လွှားနိုင်၊ ဘဝ၏ အခက်အခဲများကို ကြံကြံခံနိုင်ကြပြီး အရာရာသည် အမြဲမရှိခြင်းဟူသော သဘောအမှန်ကို သိရှိထားသဖြင့်လည်း မိမိတို့၏ စိတ်များကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ကြ၏။ အကယ်၍ ဘဝကို ဓမ္မဖြင့် တည်ဆောက်ထားခြင်း မရှိပါက လောကဓံတရားများကြောင့် အမှားများရောက်ကာ ဘဝဟာလည်း အစစအရာရာ အဆင်မပြေဘဲ ဖြစ်နေတတ်၏။ မည်သို့ပင်ဆိုစေ အကောင်းဆုံးကား ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ဆိုလိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဘဝအမျိုးမျိုးကို တည်ဆောက်ကြရာတွင် မှန်ကန်သည့် ဘဝတည်ဆောက်မှု ဖြစ်စေရန် ဘဝတွင် ဓမ္မဖြင့် အလှဆင်ကာ ဓမ္မဖြင့်အားပြုပြီး ဓမ္မကို အခြေခံထားရမှာ ဖြစ်ကြောင်း၊ ဓမ္မမပါသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကာ ဖရိုဖရဲနိုင်လှပြီး အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိသဖြင့် ထိုသို့သော ဘဝမျိုးမဖြစ်ရအောင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရားများ လက်ကိုင်ထားကာ လက်တွေ့ဘဝထဲမှာ ဓမ္မကိုတွဲ၍ တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ဘဝကို တည်ဆောက်ကြရာတွင် အကျင့်သီလပိုင်း၊ စိတ်တည်ကြည်မှုအပိုင်း၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန်နိုင်မှု အပိုင်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍများဖြစ်ပြီး ထိုကဏ္ဍများသည် ဓမ္မကတွဲပေးနိုင်သည့် အပိုင်းများဖြစ်သဖြင့် ဓမ္မကို အခြေခံကာ ဘဝကို တည်ဆောက်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သာယာသည့်ဘဝ၊ ငြိမ်းချမ်းသည့်ဘဝ၊ အပြစ်ကင်းသည့်ဘဝ စသည်ဖြင့် ဘဝအမျိုးမျိုးကို နည်းအမျိုးမျိုးဖြင့် တည်ဆောက်ကြသူများသည် မိမိတို့၏ ဘဝတွင် အမှန်ပင် ငြိမ်းချမ်းသည့် ဘဝတစ်ခု၊ သာယာသည့် ဘဝတစ်ခု၊ အပြစ်ကင်းသည့် ဘဝတစ်ခုကို တည်ဆောက်နိုင်ရန် ကာယအား၊ ဓနအား၊ ဂုဏ်ပကာသန အားများထက် ဓမ္မအားကို အသုံးပြုကာ ဓမ္မအားဖြင့် အားပြုပြီး ဓမ္မကို အခြေခံသည့် ဘဝအဖြစ် တည်ဆောက်ကြရမည် ဖြစ်သဖြင့် ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်အောင်သာ ကြိုးစားသင့်ပါကြောင်း အသိပေး တိုက်တွန်းရင်း လက်တွေ့ဘဝကို ဓမ္မဖြင့်တွဲကာ ဖန်တီးတည်ဆောက်နိုင်ကြစေရန်လည်း ဆန္ဒပြုလိုက်ရပါသည်။

Read more »

ဝါတွင်းကာလ အဓိဋ္ဌာန်တစ်ခု ဝင်ကြည့်ကြစို့...

အဓိဋ္ဌာန်ဆိုတာ အဓိဋ္ဌာနဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုထားတာဖြစ်ပါတယ်။ အဓိဋ္ဌာနဆိုတာ ဆောက်တည်ခြင်း၊ စိတ်ဆုံးဖြတ်တဲ့အတိုင်း မြဲမြံစွာ ထိန်းသိမ်းခြင်းကို ဆိုတာဖြစ်ပါတယ်။ ဘုရားရှင်တို့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေထဲမှာလည်း အဓိဋ္ဌာန ပါရမီဆိုတာ ပါရှိပါတယ်။ ဘုရားလောင်းတို့ ဖြည့်ကျင့်တော်မူတဲ့ ဒီအဓိဋ္ဌာန ပါရမီက အပြစ်ကင်းတဲ့ အရာတွေမှာ စိတ်ကိုဆောက်တည်ခြင်း ဖြစ်ပြီး အဲဒီဆောက်တည်တဲ့ အတိုင်းလည်း မပျက်စီးအောင် ကြိုးကြိုးစားစား ထိန်းသိမ်းနေထိုင်ခြင်းကို ရည်ညွန်းပါတယ်။ ဒါက ပါရမီမြောက် ဖြည့်ကျင့်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ပါရမီမြောက်တဲ့ အထိ မဖြည့်ကျင့်နိုင်တာတောင်မှ တစ်နှစ်မှာ အနည်းဆုံး တစ်ခါလောက်တော့ အဓိဋ္ဌာန်လေးတွေ ၀င်ကြည့်သင့်ပါတယ်။ ပါရမီမြောက်တာ မမြောက်တာ အသာထား ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကို ကောင်းတဲ့အရာလေး တစ်ခုအပေါ်မှာ မြဲမြံအောင် ဆောက်တည်ထားနိုင်ရင် ဒါဟာ ထူးခြားတဲ့ ကုသိုလ်တစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကျန်တဲ့အချိန်တွေမှာ မအားလပ်လို့ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ၀ါတွင်းကာလ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ ၀င်ကြည့်ကြပါလို့ ဆိုချင်တာ ဖြစ်ပါတယ်။

မကောင်းတဲ့အလုပ်ဆိုရင် အချိန်မရွေး အလွယ်တကူ လုပ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်ကိုတော့ တစ်ခုခုနဲ့ အားပြုတိုက်တွန်းပေးမှ လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ဒီလို ကာလသတ်မှတ်ပြီး လုပ်ရတဲ့ ကုသိုလ်မျိုးတွေကို အဓိဋ္ဌာန်ဆိုတဲ့ သတ်မှတ်ချက်လေးတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းပြီး လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြဋ္ဌာန်းသတ်မှတ်ချက်တွေကို အစွဲမရှိဘဲ ကျော်လွှားနိုင်အောင် ကြိုးစားဖို့လိုပေမယ့် မကောင်းမှုတွေမှာ ပျော်တတ်တဲ့ ပုထုဇဉ်တွေ အနေနဲ့တော့ ကုသိုလ်တစ်ခုခု လုပ်နိုင်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက် လေးတွေတော့ လိုနေတတ်ပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်ဝင်ကြည့်ဖို့ သတ်မှတ်ကြည့်တာ ဖြစ်ပါတယ်။

ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်တစ်ခုလောက်တော့ မပြတ်အောင် သတ်မှတ်ပြီး လုပ်မယ်လို့ အဓိဋ္ဌာန်ဝင်ကာ လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးတဲ့ သူတွေအတွက်တော့ အရင်ဆုံး ၀ါတွင်းကာလလေးကိုတော့ သတ်မှတ်ပိုင်းခြားပြီး လုပ်ကြည့်ကြဖို့ လိုပါတယ်။ ၀ါတွင်းကာလ (၃)လလုံးမှာလည်း နေ့တိုင်းမလုပ်နိုင်သေးဘူး ဆိုရင်တော့ တစ်လမှာ လေးရက်ပဲ ရှိတဲ့ ဥပုသ်နေ့လေးတွေမှာတော့ ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပုသ်နေ့မှာ ဥပုသ်စောင့်ပြီးရင် ပြီးရောဆိုပြီး ကျန်တဲ့နေ့တွေမှာ လုပ်ချင်ရာလုပ်ဖို့တော့ မဟုတ်ပါဘူး။ ကျန်တဲ့နေ့တွေမှာလည်း ငါးပါးသီလကတော့ လုံနေရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ါတွင်းကာလ ဥပုသ်နေတွေမှာတော့ ဥပုသ်သီလကို ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်ဖြစ်အောင် စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်တစ်ခုတော့ ၀င်ကြည့်ကြဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာဗုဒ္ဓဘာသာများကို တိုက်တွန်းလိုပါတယ်။

“အရှင်ဘုရား… တပည့်တော်တို့က အလုပ်မအားတော့ ဘုန်းကြီးကျောင်းလည်း မသွားနိုင်ဘူး၊ ဘုန်းကြီးဆီမှာလည်း ဥပုသ်သီလ မယူနိုင်ဘူး”လို့ အကြောင်းတော့ မပြပါနဲ့ဦး။ ဥပုသ်သီလကို ကိုယ့်ခေါင်းရင်းမှာ ဘုရားရှင်ရှိနေသလို အာရုံပြုပြီး ကိုယ့်ဖာသာကိုယ် ဆောက်တည်လို့ ရနိုင်တာဖြစ်လို့ ဒီအတွက် ပူစရာ မရှိပါဘူး။ တစ်ချို့က တပည့်တော်တို့က ညပိုင်းအလုပ်တွေ လုပ်နေရတော့ အစားစားရတာ အဆင်မပြေဘူး ဆိုရင်လည်း ဒီဥပုသ်နေ့တစ်နေ့ အတွက်တော့ ကိုယ့်ဖာသာကို မွန်းတည့် ၁၂နာရီ မကျော်ခင် အဆင်ပြေသလို စားနိုင်အောင် ကြိုးစားသင့်ပါတယ်။ တစ်နေ့မှာ ညစာတစ်နပ်မစားလို့တော့ ချက်ချင်း မသေနိုင်လောက်ပါဘူး။ သေသွားလည်း ဥပုသ်စောင့်တဲ့ အဓိဋ္ဌာန်နဲ့ သေသွားတာဆိုတော့ ကောင်းရာ သုဂတိတော့ ရောက်စေမှာ အမှန်ပါပဲ။ ကျန်းမာရေးအရ ဘယ်လိုမှ မစားလို့ မဖြစ်ဘူးဆိုရင်တော့ ဆေးအဖြစ် တစ်ခုခုကို ဖန်တီးစားသောက်ကြည့်နိုင်ပါတယ်။ ဥပမာ သပြေသီး၊ သရက်သီး၊ ငှက်ပျောသီးတွေကို ကြေညက်အောင်ဖျော်ပြီး ဖျော်ရည်အဖြစ် သောက်တာမျိုး စသဖြင့်ပေါ့။ ကျန်းမာရေး မကောင်းပေမယ့် ဝေဒနာကို သီးခံနိုင်လို့ မသောက်ဘဲ နေနိုင်တယ်ဆိုရင်တော့ ဒါဟာ အမတန်ကောင်းတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။

ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့ ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့ သူများအသတ်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ မေထုန်ကိစ္စမှီဝဲတာ၊ မုသားပြောတာ၊ အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊ နေလွဲညစားစာတာ၊ ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့ အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊ ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့ နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ တိုးနေစေမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုခုလိုချင်လို့ တစ်ခုခုရချင်လို့ စတဲ့ လိုချင်တပ်မက်တဲ့ လောဘနဲ့ ကိုးန၀င်း မိုးလင်းမှ သိမယ်ဆိုတဲ့ လောကီအကျိုးကို မျှော်ကိုးတဲ့ အဓိဋ္ဌာန်မျိုး မဖြစ်ဖို့လိုပြီး ကုသိုလ်ရလိုတဲ့ စိတ်နဲ့ မကောင်းမှု မလုပ်ဖြစ်အောင် သီလနဲ့ ထိန်းလိုတဲ့ သဘောနဲ့ ဘာမျှော်လင့်ချက်မှ မပါဘဲ ဆောက်တည်တဲ့ သီလအဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ဒါမှသာ ဥပုသ်စောင့်ခြင်းဆိုတဲ့ အဓိဋ္ဌာန်ရဲ့ အဓိပ္ပါယ်လည်း အပြည့်အ၀ အနှစ်သာရ ရှိမှာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ပါပြီး လုပ်တဲ့အလုပ်မှန်သမျှ အကျိုးတရား အပြည့်အ၀ မရတတ်တာကို သတိပြုဆင်ခြင်ပြီး ဘာလိုလို့ ဘာလုပ်တဲ့ သဘောမျိုး မဖြစ်စေတဲ့ အဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

တကယ်တော့ သတ်မှတ်ချက်တွေကို မလွန်ဆန်နိုင်သေးတဲ့ ပုထုဇဉ်တွေ ဖြစ်နေကြတော့ လူမပြောနဲ့ ဘုန်းကြီးရဟန်း သံဃာတော်တွေလည်း တစ်ခါတစ်လေ အဓိဋ္ဌာန်ဝင်ရပါတယ်။ ဘုန်းဘုန်းတို့ကိုယ်တိုင် ဘာရယ်မဟုတ် တစ်ခါတစ်ရံ ဟိုကိစ္စဒီကိစ္စတွေကြောင့် လုပ်ဖို့ရည်ရွယ်ထားတဲ့ ရွတ်တာဖတ်တာ၊ ကျင့်တာကြံတာစတဲ့ ကိစ္စတွေမှာ မလုပ်ဖြစ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အဓိကနဲ့ သာမညကို ခွဲပြီး ဒီအချိန်ဒီကာလတော့ ဒီအလုပ်ကို မဖြစ်မနေ လုပ်ကိုလုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ပြန်ပြီး ပြဋ္ဌာန်းသတ်မှတ် ယူရပါတယ်။ ဒါမှလည်း လုပ်ဖြစ်မှာဖြစ်ပါတယ်။ အခုဝါတွင်းကာလမှာလည်း ၀ါမဆိုခင်ကတည်း ၀ါတွင်းသုံးလမှာ ဘုရားရှင်ရဲ့ ၀ိနည်းဥပဒေကို လိုက်နာရင်း အခြားအခြား လုပ်ရမယ့်အရာတွေကိုလည်း လုပ်ဖြစ်ဖို့ အချိန်ဇယားစွဲပြီး အဓိဋ္ဌာန်ဝင်ဖို့ စီစဉ်ထားရပါတယ်။ ဒါကြောင့်လည်း ၀ါမဆိုခင် လုပ်ရမယ့်အလုပ်လေးတွေကို ပြီးပြတ်အောင် ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။

ပြောချင်တာက သတ်မှတ်ချက်ပါမှ ကောင်းတဲ့အလုပ်ကို လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မျှော်လင့်ချက်မပါတဲ့ သတ်မှတ်ချက်လေးတစ်ခု အနေဖြင့် ဥပုသ်သီလ စောင့်သုံးခြင်းဆိုတဲ့ အဓိဋ္ဌာန်လေးတစ်ခုကို စမ်းပြီးလုပ်ကြည့်ကြဖို့ ပြောချင်တာပါ။ လောကမှာ ဥပုသ်မစောင့်ဖူးတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိနေတဲ့အတွက် မစောင့်ဖူးသေးတဲ့ သူတွေအနေနဲ့ ဥပုသ်လည်းစောင့်ရင်း အဓိဋ္ဌာန်လည်းဝင်ရင်း၊ တစ်နည်းအားဖြင့် ဥပုသ်စောင့်နိုင်အောင် အဓိဋ္ဌာန်ဝင်ခြင်းဖြင့် ကြိုးစားကြည့်ခြင်းကို စမ်းပြီးလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒီလိုသာ အဓိဋ္ဌာန်လေး ၀င်ကြည့်နိုင်မယ်ဆိုရင် ကိုယ်ကမမျှော်လင့်ပေမယ့် ကိုယ်လုပ်တဲ့ ကောင်းတဲ့ကံရဲ့ အကျိုးပေးမှုကတော့ သူ့အလုပ်သူလုပ်လာမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းတဲ့အလုပ်ကို လုပ်နေဖို့ပဲ လိုပါတယ်။

ဒါကြောင့် ဘ၀မှာ တစ်ခါလောက်တော့ အဓိဋ္ဌာန်လေး ၀င်ကြည့်ချင်တဲ့ သူတွေအနေနဲ့ အခွင့်အရေး တစ်ခုအဖြစ် ဒီနှစ်ဝါတွင်း ဥပုသ်နေ့တွေမှာ ဥပုသ်သီလ စောင့်ထိန်းခြင်း အဓိဋ္ဌာန်လေးကို ၀င်ကြည့်ကြဖို့ အကြံပြု တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ လက်တွေ့ကျင့်ရင် လက်တွေ့အကျိုး ရစေနိုင်တဲ့ တရားတော်ရဲ့ ဂုဏ်တော်အစွမ်းကို ကိုယ်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် သိမြင်လိုသူတွေ အနေနဲ့ ကိုယ်ကိုယ်တိုင် လက်တွေလုပ်ဆောင် ကြည့်ခြင်းဖြင့် အဓိဋ္ဌာန်တစ်ခု ၀င်ကြည့်ကြဖို့ တိုက်တွန်းရင်း ဒီနှစ်ဝါတွင်းကာလာ ဥပုသ်နေ့များကို ဖော်ပြလိုက်ပါတယ်။ အားလုံး မျှော်လင့်ချက်မပါတဲ့ ကုသိုလ်စိတ်နဲ့ အဓိဋ္ဌာန်လေးတွေ ၀င်နိုင်ကြပါစေ…

၁။ ဝါဆိုလပြည့်ကျော် (၈)ရက်နေ့ (၂၃-၇-၂၀၁၁၊ စနေနေ့)
၂။ ဝါဆိုလကွယ်နေ့ (၃၀-၇-၂၀၁၁၊ စနေနေ့)
၃။ ဝါခေါင်လဆန်း (၈)ရက်နေ့ (၇-၈-၂၀၁၁၊ တနင်္ဂနွေနေ့)
၎။ ဝါခေါင်လပြည့်နေ့ (၁၄-၈-၂၀၁၁၊ တနင်္ဂနွေနေ့)
၅။ ဝါခေါင်လပြည့်ကျော် (၈)ရက် (၂၂-၈-၂၀၁၁၊ တနင်္လာနေ့)
၆။ ဝါခေါင်လကွယ်နေ့ (၂၈-၈-၂၀၁၁၊ တနင်္ဂနွေနေ့)
၇။ တော်သလင်းလဆန်း (၈)ရက်နေ့ (၅-၉-၂၀၁၁၊ တနင်္လာနေ့)
၈။ တော်သလင်းလပြည့်နေ့ (၁၂-၉-၂၀၁၁၊ တနင်္လာနေ့)
၉။ တော်သလင်းလပြည့်ကျော် (၈)ရက်နေ့ (၂၀-၉-၂၀၁၁၊ အင်္ဂါနေ့)
၁၀။ တော်သလင်းလကွယ်နေ့ (၂၇-၉-၂၀၁၁၊ အင်္ဂါနေ့)
၁၁။ သီတင်းကျွတ်လဆန်း (၈)ရက်၊ (၅-၁၀-၂၀၁၁၊ ဗုဒ္ဓဟူးနေ့)
၁၂။ သီတင်းကျွတ်လပြည့်နေ့ (၁၂-၁၀-၂၀၁၁၊ ဗုဒ္ဓဟူးနေ့)

Read more »

ဝိပါက်ကြမ္မာ မလွတ်သာ…

ဝိပါက်ဆိုတာ ဝိပါကဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုထားတဲ့ ပါဠိပျက်စကားလုံး တစ်ခုပဲဖြစ်ပါတယ်။ ဝိပါကရဲ့ အဓိပ္ပါယ်က အကျိုးလို့ အဓိပ္ပါယ်ရပြီး သတ္တဝါတစ်ဦးဦး စေတနာနဲ့ လုပ်ခဲ့တဲ့ အလုပ်တစ်ခုခုရဲ့ အကျိုးသက်ရောက်မှုကို ပြောလိုတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့အလုပ်ပဲ ဖြစ်ဖြစ် စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေရဲ့နောက်မှာ ဝိပါက်ဆိုတဲ့ အကျိုးသက်ရောက်မှုတွေက ထပ်ကြပ်မကွာ လိုက်နေတတ်တဲ့အတွက် ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်နေပါစေ အချိန်တန်တဲ့အခါ အကျိုးသက်ရောက်မှုတွေက ရှိနေမှာဖြစ်ပြီး ရှောင်တိမ်းလို့ မရတဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲဒီလို ရှောင်တိမ်းလို့ မရဘဲ အချိန်တန် အကျိုးသက်ရောက်မှုတွေ ရှိလာတာကိုပဲ တစ်ချို့က ဝဋ်လိုက်တယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်တစ်ခုခုရဲ့နောက်မှာ အကျိုးဝိပါက်တွေကတော့ ရောက်နေကြမှာ ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ ကောင်းတာတွေကို ရွေးချယ်လုပ်ပြီး မကောင်းတဲ့ အလုပ်တွေဆိုရင်တော့ မလုပ်ဖြစ်အောင်ကြိုးစားကာ လုပ်ဖြစ်ခဲ့ကြမယ်ဆိုရင်လည်း ဝဋ်အဖြစ် ပြန်ရောက်လာတဲ့ အကုသိုလ်မျိုး မဖြစ်အောင် အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။

စေတနာပါပါနဲ့ လုပ်ခဲ့ကြတဲ့ အလုပ်တွေရဲ့ အကျိုးဝိပါက်တွေထဲမှာ မကောင်းတဲ့ ဝိပါက်တွေကတော့ လူတိုင်းမလိုလားတဲ့ ဝိပါက်တွေဖြစ်နေပြီး ရောက်လာရင်လည်း ရှောင်တိမ်းလို့ မရတဲ့ဝိပါက်တွေပဲ ဖြစ်ပါတယ်။ မရဆိုရင် သာမန်လူတွေ မပြောနဲ့ ဘုရားရဟန္တာတောင်မှ ဒီလိုဝဋ်အဖြစ် ပြန်ရောက်လာတဲ့ အကုသိုလ် အကျိုးဝိပါက်တွေကို ရှောင်တိမ်းလို့ မရ၊ ပြန်လည်ပေးဆပ်ကြရတာတွေ ရှိပါတယ်။ ဘုရားရှင် ကိုယ်တော်တိုင်လည်း နောက်ဆုံးဘုရားဖြစ်တဲ့ ဘဝအထိ ရောက်ရှိလာတဲ့ ဝဋ်ကျွေးတွေကို ပြန်လည် ပေးဆပ်တော် မူသွားခဲ့ပါတယ်။ ဘုရားရှင်တို့ရဲ့ တန်ခိုးတော်နဲ့ အထိုက်အလျောက် ရှောင်မယ်ဆိုရင် ရှောင်လို့ရပေမယ့် ဝဋ်ကျွေးဆိုတဲ့ ဝိပါက်တွေရဲ့ အပြစ်ကြီးတတ်ပုံကို နောင်လာနောက်သားများ အထူးသတိထားမိစေဖို့ ရှောင်တိမ်းမသွားဘဲ ပြန်လည်ပေးဆပ်တော်မူကာ ဒီဝိပါက်တွေဟာ ဘယ်တုန်းက ဘာလုပ်ခဲ့တဲ့အတွက် ရောက်လာခဲ့တဲ့ အကျိုးဆက်တွေဖြစ်ကြောင်းကိုလည်း ပြန်လည်ဟောကြား တော်မူခဲ့ပါတယ်။ ဒါကို ပိဋကတ်တွေမှာတော့ ဝိပါက်တော် (၁၂)ပါးအဖြစ် ပြန်လည်မှတ်တမ်း တင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်တော်တိုင် ပြန်လည်ပေးဆပ်ကာ အတိတ်ဆောင်ပြီး ဟောတော်မူခဲ့တဲ့ အဲဒီဝိပါက်တော် (၁၂)ပါးက
၁။ သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံရခြင်း
၂။ စိဉ္စမာန၏ စွပ်စွဲခြင်းကို ခံရခြင်း
၃။ ဘုရားနှင့် တပည့်ရဟန်းငါးရာတို့အား သုန္ဒရီပရိဗိုဇ်မကို သတ်ကြောင်း လူအများအထင်မှားကာ စွပ်စွဲခံရခြင်း
၎။ ခြေမတော်၌ သွေးစိမ်တည်အောင် ကျောက်လွှာအထိခံရခြင်း
၅။ ရှင်တော်မြတ်ကို အသေသတ်ရန် လူသတ်လေးသမားများအား ဒေဝဒတ်၏ စေခိုင်းမှုကို ခံရခြင်း
၆။ ကိုယ်တော်မြတ်အား နာဠာဂိရိဆင်ဖြင့် နင်းသတ်မှုကို ခံရစေရန် စေခိုင်းခံရခြင်း
၇။ ခြေမတော်ကို ဆရာဇီဝက၏ ဓားဖြင့်ခွဲသည်ကို ခံတော်မူရခြင်း
၈။ ခေါင်းကိုက်ရောဂါကို မကြာခဏ ခံစားရခြင်း
၉။ ဝေရဉ္ဇာပြည်၌ ဝါတွင်းသုံးလ ကာလပတ်လုံး ကြမ်းတမ်းသည့် မုယောမှုန့်ကိုသာ ဘုဉ်းပေးသုံးဆောင်ခဲ့ရခြင်း
၁၀။ ခါးတော်ညောင်းညာ နာကျင်ကိုက်ခဲခြင်း
၁၁။ ပရိနိဗ္ဗာန် စံတော်မူခါနီးအခါ၌ သွေးဝမ်းသွန်သည့် ရောဂါဝေဒနာကို ခံစားရခြင်း
၁၂။ သဗ္ဗညုတဉာဏ်တော်ကို ရရှိရန် ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယအကျင့်ကို ကျင့်တော်မူခဲ့ရခြင်း
ဆိုတဲ့ ဝိပါက်တော်တွေပဲ ဖြစ်ပါတယ်။

ဒီဝိပါက်တော်တွေကိုကြည့်ရင် အကြောင်းကြောင့် အကျိုးဖြစ်ခဲ့တယ်ဆိုတာ လက်တွေ့သိရမှာ ဖြစ်သလို အဲဒီ အကျိုးတရားဟာလည်း ဝဋ်ကျွေးအဆင့်ရောက်သွားပါက နောက်ဆုံးဘဝ ဘုရားဖြစ်တော်မူတဲ့အထိ အကျိုးသက်ရောက်မှုကို ဖြစ်စေတော့တယ်ဆိုတာလည်း သိရှိမှတ်သားရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်က ဒီအကျိုးတရားများဟာ အတိတ်ဘဝ ပါရမီဖြည့်စဉ်အခါ ပြုလုပ်ခဲ့တဲ့ အတိတ်အကြောင်းများ ဖြစ်ကြောင်း ပြန်လည်ဟောကြားပေးခဲ့ပါတယ်။

ပထမဝိပါက်တော်
မြတ်စွာဘုရားရှင်ဟာ ပါရမီဖြည့်စဉ် အလောင်းတော်ဘဝမှာ မုနာဠိအမည်ရှိတဲ့ အရက်သမားတစ်ယောက် ဖြစ်ခဲ့ပြီး အဲဒီဘဝမှာ သုရဘိ အမည်တော်ရှိတဲ့ ပစ္စေကဗုဒ္ဓအရှင်မြတ်ကို “ဒီကိုယ်တော်ဟာ လူသူလေးပါး ဆိတ်ကွယ်ရာ အရပ်မှာဆိုရင် ကာမဂုဏ်လိုက်စား မွေ့လျော်ပျော်ပါးနေတဲ့ သီလမရှိတဲ့ ဒုဿီလ ပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်တယ်” စသဖြင့် စွပ်စွဲစကား ပြောမှားတော်မူခဲ့ဖူးပါတယ်။ အဲဒီမကောင်းမှု ကံကြောင့်ပဲ နှစ်ပေါင်းများစွာ ငရဲမှာ ခံခဲ့ရပြီး အခုနောက်ဆုံး ဘုရားရှင်ဘဝမှာလည်း လူသူအများ အထင်မှားအောင် သုန္ဒရီပရိဗိုဇ်မရဲ့ စွပ်စွဲခြင်းကို ခံတော်မူခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယဝိပါက်တော်
မြတ်စွာဘုရားရှင်ဟာ ပါရမီဖြည့်စဉ် အလောင်းတော်ဘဝမှာ သဗ္ဗာဘိဘူ အမည်တော်ရတဲ့ ပေစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးရဲ့ တပည့်သာဝက ဖြစ်ခဲ့ဖူးပါတယ်။ နန္ဒအမည်ရတဲ့ အဲဒီဘဝမှာ ပေစ္စေကဗုဒ္ဓါ အရှင်မြတ်ရဲ့ တပည့်သာဝက ဖြစ်ပေမယ့် ဆရာဖြစ်တဲ့ သဗ္ဗာဘိဘူ ပေစ္စေကဗုဒ္ဓ အရှင်မြတ်ကို “သီလမရှိတဲ့ သူယုတ်မာ တစ်ဦးသာ ဖြစ်တယ်” စသဖြင့် စေတနာပါပါနဲ့ စွပ်စွဲစကား အပြောမှားကာ ကဲ့ရဲ့ခဲ့ဖူးပါတယ်။ အဲဒီမကောင်းမှုကံကြောင့် အနှစ်တစ်သောင်းကြာ ငရဲမှာဒုက္ခခံစားခဲ့ရပြီး လူဖြစ်တဲ့ ဘဝအတော်များများမှာလည်း လူသူလေးပါးတို့ရဲ့ မဟုတ်မတရား စွပ်စွဲမှုများကို ခံခဲ့ရကာ နောက်ဆုံးဘုရားဖြစ်ရာ ဘဝမှာလည်း ပရိတ်သတ်အလယ်မှာ စိဉ္စမာန မိန်းမယုတ်ရဲ့ မဟုတ်မတရား စွပ်စွဲမှုကို ခံတော်မူခဲ့ရတာ ဖြစ်ပါတယ်။

တတိယဝိပါက်တော်
ဘုရားအလောင်းဟာ ပါရမီဖြည့်စဉ် ဘဝတစ်ခုမှာ လူအများ ကြည်ညိုလေးစားပြီး၊ တပည့်ငါးရာကျော်နဲ့ ထင်ရှားတဲ့ ပုဏ္ဏားပါမောက္ခဆရာကြီး တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က အဘိညာဉ်တန်ခိုးနဲ့ ပြည့်စုံတော်မူတဲ့ ဘီမအမည်ရှိတဲ့ ရသေ့တစ်ပါးကို ဘုရားလောင်း ဆရာကြီးက “ဒီရသေ့ဟာ ကာမစည်းစိမ်ကိုပဲ ခံစားနေတဲ့ ရသေ့စဉ်းလဲဖြစ်တယ်” လို့ စွပ်စွဲကဲ့ရဲ့ကာ တပည့်ငါးရာကိုလည်း တစ်ဆင့်ပြောပြန်ပါတယ်။ တပည့်တွေကလည်း ဆရာ့စကားကို ထောက်ခံပြီး မြို့ရွာအတွင်း ဆွမ်းခံကြွနေတဲ့ ရသေ့ကို “ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ စဉ်းလဲတဲ့ရသေ့ပဲ ဖြစ်ကြောင်း” အိမ်ပေါက်စေ့ လိုက်လံကဲ့ရဲ့ ကြပါတယ်။ ဒီအကုသိုလ်ကံကြောင့်ပဲ မကောင်းကျိုးကို ခံစားရပြီး ယခုဘဝမှာ ဘုရားရှင်ရဲ့ တပည့်ရဟန်းငါးရာ အဖြစ်နဲ့ တိတ္ထိတွေသတ်လို့ သေသွားတဲ့ သုန္ဒရီပရိဗိုဇ်ကို ဘုရားရှင်ရဲ့ အဲဒီတပည့်ရဟန်းငါးရာက သတ်တယ်လို့ အထင်မှားကာ လူအများရဲ့ မဟုတ်မတရား စွပ်စွဲခြင်းကို ခံကြရတာ ဖြစ်ပါတယ်။

စတုတ္ထဝိပါက်တော်
ပါရမီဖြည့်စဉ် ဘဝတစ်ခုမှာ ဘုရားလောင်းဟာ အဖေတူအမေကွဲဖြစ်တဲ့ ညီငယ်ကို စည်းစိမ်ဥစ္စာကို လိုချင်တပ်မက်တဲ့စိတ်နဲ့ တောင်ချောက်ကြားမှာ ပစ်ချပြီး ကျောက်တုံးနဲ့ ဖိညှပ်ကြိတ်ချေကာ သတ်ဖြတ်ခဲ့ဖူးပါတယ်။ စေတနာ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လုပ်ခဲ့တဲ့ အဲဒီအကုသိုလ် ဝဋ်ကြွေးကြောင့် နောက်ဆုံ ဘုရားအဖြစ်ကိုရောက်တဲ့ အခါမှာလည်း ဒေဝဒတ်က ကျောက်မောင်းဆင်ကာ လုပ်ကြံတာကို ခံခဲ့ရပြီး ကျောက်လွှာထိကာ ခြေမတော်မှာ သွေးစိမ်တည်တဲ့အထိ ပြန်လည်ပေးဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပဉ္စမဝိပါက်တော်
ဘုရားအလောင်းတော်ဟာ ဘဝတစ်ခုမှာ ခပ်ပေပေ လူငယ်တစ်ယောက် ဖြစ်ခဲ့စဉ်က ကစားနေရင်း လမ်းခရီးကို ကြွသွားတဲ့ ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါးကို တွေ့မြင်ပြီး လမ်းမှာရှိတဲ့ ကျောက်ခဲများနဲ့ ကောက်ယူ ပစ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် အကျိုးဆက်ကြောင့် နောက်ဆုံးဘုရားဘဝမှာလည်း ကိုယ်တော်မြတ်ကို အသေသတ်ဖို့ ဒေဝဒတ်က လူသတ်လေးသမားများကို စေလွှတ်ပြီး အသတ်ခိုင်းတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆဋ္ဌဝိပါက်တော်
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ် ဘဝတစ်ခုမှာ ဆင်ထိန်းယောက်ျားဖြစ်ခဲ့ပြီး ဆွမ်းခံကြွတော်မူသော ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါးကို ဆင်နဲ့နင်းသတ်မည့်ဟန်လုပ်ကာ အကြိမ်ကြိမ် ခြိမ်းချောက်ခဲ့ဖူးပါတယ်။ အဲဒီ အကုသိုလ်ဝဋ်ကျွေးကြောင့် ဘုရားဖြစ်တော်မူတဲ့ ဒီဘဝအထိ အကျိုးဆက်ပါလာကာ ရာဇဂြိုဟ်ပြည်မှာရှိတဲ့ နာဠာဂိရိဆင်က ကိုယ်တော်မြတ်ကို နင်းသတ်ရန် ချည်းကပ်လာတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

သတ္တမဝိပါက်
ဘုရားမြတ်စွာ အလောင်းတော်ဘဝ တစ်ခုက အလွန်မာန်မာန တက်ကြွလွန်းတဲ့ ရှင်ဘုရင်တစ်ပါး ဖြစ်ခဲ့ပြီး ယောက်ျားတစ်ယောက်ကို စေတနာ ရည်ရွယ်ချက် ပြင်းပြင်းနဲ့ ကိုယ်တိုင်ပဲ လှံနဲ့ထိုးဆွ သတ်ဖြတ်ခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် အကျိုးဆက်ကြောင်း ဘဝအဆက်ဆက် ငရဲမှာ ဖြစ်ခဲ့ရပြီး နောက်ဆုံးဘုရားဘဝမှာလည်း ဒေဝဒတ်ကျောက်မောင်းထိပြီး သွေးစိမ်းတည်ခဲ့တဲ့ ခြေမတော်ကို ဆေးဆရာဇီဝကရဲ့ ဓားနဲ့ခွဲပြီး ကုသမှုကို ခံယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အဋ္ဌမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက တံငါရွာတစ်ရွာမှာ တံငါးသည်ရဲ့သားငယ်အဖြစ် ကျင်လည် ခဲ့ရဖူးပါတယ်။ အဲဒီဘဝမှာ ကိုယ်တိုင်ကငါးတွေကို မသတ်ပေမယ့် ဆွေမျိုးများက ငါးတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာကိုကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ မကောင်းတဲ့အကုသိုလ်ရဲ့ အကျိုးဆက်ကြောင့် ယခုနောက်ဆုံး ဘုရားအဖြစ်မှာလည်း ဦးခေါင်းကိုက်ရောဂါ မကြာမကြာခံစားခဲ့ရတာ ဖြစ်ပါတယ်။ (အဲဒီတုန်းက ငါးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့ ဆွေမျိုးတွေကတော့ ဘုရားရှင် သတ်တော်ထင်ရှား ရှိစဉ်က ဝိဋဋူဘရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ကြရပါတယ်။)

နဝမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက ဖုဿမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်နဲ့ ကြုံခဲ့ပြီး အဲဒီဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များကို “ကိုယ်တော်တို့တွေ အကောင်းစား ဆွမ်းကွမ်းတွေကို စားမနေကြနဲ့၊ ကိုယ်တော်တို့နဲ့ မုယောမှုန့်ပဲ တန်တယ်”ဆိုပြီး ရေရွတ်စကား အပြောမှားခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် ဝဋ်ကျွေးတော်ကြောင့် နောက်ဆုံးဘုရားဘဝမှာ ဝေရဉ္ဇာပြည်မှာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးနဲ့ကြုံကာ ဝါတွင်းသုံးလကာလပတ်လုံး မုယောမှုန့်ပဲ ဘုဉ်းပေးတော်မူခဲ့ရတာ ဖြစ်ပါတယ်။ (မုယောဆိုတာ ကြမ်းတမ်းတဲ့ ကောက်စပါး တစ်မျိုးပဲ ဖြစ်ပါတယ်။)

ဒသမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက လက်ဝှေ့သမား တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလက်ဝှေ့သမားဘဝမှာ ပြိုင်ဘက်လက်ဝှေ့သမားကို စေတနာ ရည်ရွယ်ချက်ရှိရှိနဲ့ ခါးရိုးကို ရိုက်ချိုးတော်မူခဲ့ ဖူးပါတယ်။ အဲဒီ အကုသိုလ် အကျိုးဆက်ကြောင့် နောက်ဆုံးဘုရားဘဝမှာလည်း ခါးတော်ညောင်းညာ နာကျင်ကိုက်ခဲခြင်း ဝေဒနာကို ခံစားတော်မူခဲ့ရတာ ဖြစ်ပါတယ်။

ဧကဒသမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက ဆေးဆရာတစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဆေးသမားဘဝက ဆေးဖိုးဝါးခမပေးလိုတဲ့ သူဋ္ဌေးသားတစ်ဦးကို စေတနာအလိုဆိုးနဲ့ ဝမ်းနှုတ်ဆေးတွေ တိုက်ကျွေးခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် အကျိုးဆက်ကြောင့် အခုနောက်ဆုံး ဘုရားဘဝမှာလည်း ပရိနိဗ္ဗာန်စံတော်မူခါနီး သွေးဝမ်းသွားတဲ့ ရောဂါကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

ဒွါဒသမဝိပါက်တော်
ဘုရားမြတ်စွာဟာ အလောင်းတော်ဘဝ တစ်ခုမှာ ကဿပ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်နဲ့ ကြုံတွေ့ခဲ့ပြီး ဇောတိပါလ အမည်ရတဲ့ ပုဏ္ဏားလုလင်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဘဝတုန်းက ဇောတိပါလ ပုဏ္ဏားဟာ ကဿပမြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ကို ရတယ်ဆိုတဲ့ သတင်းကိုကြားပြီး “ဒီဦးပြည်းရဟန်းအနေနဲ့ သဗ္ဗညုတဉာဏ်ကို ရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သဗ္ဗညုတဉာဏ်ဆိုတာ အမတန်ရခဲတဲ့ တရားဖြစ်ပါတယ်၊ ဒီကိုယ်တော်အနေနဲ့ မဖြစ်နိုင်ဘူး”စသဖြင့် နှုတ်နဲ့ပြစ်မှား ပြောကြားခဲ့ဖူးပါတယ်။ အဲဒီ အကုသိုလ်ဝဋ်ကျွေးကြောင့် ယခုနောက်ဆုံးဘဝမှာ ကိုယ်တော်မြတ်လည်း သဗ္ဗညုတဉာဏ်တော်ကိုရဖို့ ပင်ပင်ပန်းပန်း ခဲခဲရင်းရင်းနဲ့ ခြောက်နှစ်တိုင်တိုင် ကြိုးစားအားထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ (ခုဒ္ဒကနိကာယ်၊ ထေရပါဒါနပါဠိ၊ ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန်၊ နှာ၊ ၃၄၆)

ဒါက ကျမ်းဂန်မှာလာတဲ့ ဗုဒ္ဓကိုယ်တော်တိုင် အတိတ်ဆောင်ကာ ပြန်လည်ဟောကြားတော်မူခဲ့တဲ့ ဝဋ်ကျွေးတော်ခေါ် ဝိပါက်တော် (၁၂)ပါးပဲ ဖြစ်ပါတယ်။ ဒီဝိပါက်တော် (၁၂)ပါးဟာ ဘုရားရှင် ကိုယ်တော်မြတ် အလောင်းတော်ဘဝ၊ ပါရမီဖြည့်စဉ်ကာလတုန်းက မသိမှုအားကြီးပြီး စေတနာ ရည်ရွယ်ချက်ကြီးကြီးနဲ့ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်များပဲ ဖြစ်ပါတယ်။ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးတဲ့ အခါမှာတော့ အဲဒီဝဋ်ကျွေးတော်အားလုံးကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ခဲ့ပေမယ့် နောက်ဆုံးဘဝ ရရှိထားတဲ့ ခန္ဓာကိုယ်အနေနဲ့ကတော့ အကြွေးကျန်သေးတဲ့ ဝဋ်ကျွေးတော်များကို ပေးဆပ်တော်မူခဲ့ရတာ ဖြစ်ပါတယ်။ အကုသိုလ်ဝဋ်ကျွေးဆိုတာ စေတနာအားကောင်းရင် အားကောင်းတဲ့အလျောက် သာမန်လူတွေမပြောနဲ့ ဘုရားရဟန္တာများတောင်မှ ရှောင်တိမ်းမရ ပေးဆပ်ကြရတဲ့ သဘောရှိတယ်ဆိုတာ ဒီဝိပါက်တော်များက သက်သေပြနေတော့တာ ဖြစ်ပါတယ်။ ဝိပါက်ကြမ္မာရှိရင် ဘယ်လိုမှ မလွတ်နိုင်ဘူးဆိုတာ ထင်ရှားစေတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားရှင်တောင်မှ ပေးဆပ်ခဲ့ရတဲ့ ဒီဝိပါက်တော်များကိုကြည့်ပြီး သာမန်ပုထုဇဉ် သတ္တဝါတွေ အနေနဲ့ ဝဋ်ကျွေးဆိုတာ ရှောင်တိမ်းလို့ ရတာမဟုတ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ သတိပညာ ပါအောင်ကြိုးစားပြီး မကောင်းတဲ့ အလုပ်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြကာ မသိလို့ လုပ်ခဲ့မိကြရင်လည်း ဝဋ်လည်တတ်တဲ့ ဝိပါက်ကြမ္မာ အကုသိုလ်ကံမျိုးအထိ မရောက်ရအောင် ကိုယ့်ရဲ့ကာယကံ၊ ဝစီကံ၊ မနောကံတွေကို အထူးစောင့်ထိန်းကြဖို့ တိုက်တွန်းရင်း ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ ဝိပါက်တော် (၁၂)ပါးအကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

Read more »

အကြီးဆုံးအကုသိုလ်ကံ (သို့) ပဉ္စာနန္တရိယကံ…

အကုသိုလ် အပြစ်တွေထဲမှာ ဘယ်ကံက အကြီးလေးဆုံးလဲလို့မေးရင် ပဉ္စာနန္တရိယကံလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကံတစ်ခုခုကို ကျူးလွန်မိတဲ့သူဟာ ဒီဘဝမှာ ဘယ်လိုကုသိုလ်ကံတွေပဲ လုပ်လုပ်၊ ဘယ်လိုတန်ခိုးရှင်နဲ့ပဲတွေ့တွေ့ အပါယ်မလားအောင် ကယ်တင်လို့ မရနိုင်လို့ဘဲ ဖြစ်ပါတယ်။ ယုတ်စွအဆုံး ဘုရားရှင်နဲ့တွေ့တာတောင်မှ ဒီကံကို ကျူးလွန်မိထားတဲ့သူကို ဒီဘဝသေပြီး နောက်ဘဝမှာ သုဂတိဘဝမှာဖြစ်ဖို့ ဘယ်လိုမှ မကယ်တင်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီပဉ္စာနန္တရိယကံ တစ်ခုခုကို ကျူးလွန်ထားပြီးတဲ့ သူတစ်ယောက်ဟာ နောင်တရလို့ ဘုရားရှင်နဲ့တွေ့ပြီး ဘုရားရှင်ထံမှာ ကုသိုလ်ကောင်းမှု အမျိုးမျိုးနဲ့ ချေဖြတ်ဖို့ ကြိုးစားပေမယ့်လည်း သူကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံက ဘုရားမကယ်နိုင်တဲ့ အကုသိုလ်ကံ ဖြစ်နေတဲ့အတွက် ချေဖြတ်လို့ မရနိုင်တဲ့ အဖြစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကုသိုလ်အလုပ်ဟာ မလုပ်ဘဲရှောင်နိုင်ရင် ကောင်းပေမယ့် အကြောင်းတစ်ခုခုကြောင့် လုပ်မိကြရင်လည်း ပဉ္စာနန္တရိယလို ကံမျိုးအထိ မကျူးလွန်မိကြစေဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

မြန်မာ ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ပဉ္စာနန္တရိယကံဆိုတဲ့ ဒီစကားဟာ ပဥ၊္စ အာနန္တရိယ၊ ကမ္မဆိုတဲ့ စကားသုံးလုံးကိုပေါင်းပြီး ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ပဉ္စက ငါးပါးလို့ အဓိပ္ပါယ်ရပြီး အာနန္တရိယဆိုတာ သေပြီးအခြားမဲ့ဘဝလို့ အဓိပ္ပါယ်ရကာ ကမ္မဆိုတာက ကံ(အလုပ်)လို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ကား ပဉ္စာနန္တရိယကံဆိုရင် သေပြီးနောက် အခြားမဲ့ဒုတိယ ဘဝမှာ သေချာပေါက် အပါယ်ဘုံဘဝကို ရောက်စေတဲ့၊ အလွန်အပြစ်ကြီးလေးတဲ့ ကံအလုပ်အပြစ်လို့ အလွယ်မှတ်သားထားရမှာ ဖြစ်ပါတယ်။ ဒီကံတွေဟာ အမျိုးအစားအနေနဲ့ ငါးမျိုးရှိပါတယ်။ အဲဒီငါးမျိုးက
၁။ မာတုဃာတက = အမေကိုသတ်ခြင်း
၂။ ပိတုဃာတက = အဖေကိုသတ်ခြင်း
၃။ ရဟန္တဃာတက = ရဟန္တာကိုသတ်ခြင်း
၎။ လောဟိတုပ္ပါဒက = ဘုရားကိုသွေးစိမ်းတည်အောင်လုပ်ခြင်းနဲ့
၅။ သံဃဘေဒက = သံဃာသင်းခွဲခြင်း
တို့ပဲ ဖြစ်ပါတယ်။

ဒီကံတွေကိုကြည့်မယ်ဆိုရင် လောကကြောင်းအရပဲ ကြည့်ကြည့်၊ ဓမ္မကြောင်းအရပဲကြည့်ကြည့် အရမ်းကို အပြစ်ကြီးလေးနိုင်တယ်ဆိုတာ အလွယ်တကူ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သတ္တဝါတွေဟာ ဘယ်လောက်ပဲမိုက်မိုက်၊ ဘယ်လောက်ပဲဆိုးဆိုး၊ ဘယ်လောက်ပဲ မလိမ္မာမလိမ္မာ ကိုယ့်ကိုမွေးကျွေးကြတဲ့ မိဘတွေကို ပြန်သတ်တဲ့အထိ၊ ကိုယ်ကိုးကွယ်တဲ့ ဘုရားနဲ့ ရဟန္တာတွေကို ကိုယ်ထိလက်ရောက် ဆော်ကားတဲ့အထိ၊ စုပေါင်းညီညွတ်နေတဲ့ သံဃာအသင်းအဖွဲ့ကို ပြိုကွဲပျက်စီးတဲ့အထိ လုပ်လာကြတယ်ဆိုရင် ဒါဟာ ဘယ်သူပဲကြည့်ကြည့် အတော့်ကို မိုက်လုံးကြီးတဲ့ အဖြစ်ဆိုတာ ကောင်းကောင်းသိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အတော်များများက တော်ရုံတန်ရုံ မိုက်မဲတဲ့ သူတွေဖြစ်နေဦးတော့ ဒီလို အန္တရိယကံမျိုးကို ကျူးလွန်ဖို့အထိ မိုက်မဲကြတာမျိုး မဖြစ်ကြခြင်း ဖြစ်ပါတယ်။ သို့သော် ဒီလိုကံမျိုးကို ကျူးလွန်တဲ့အထိ ဖြစ်သွားကြပြီဆိုရင်တော့ ဒီသတ္တဝါဟာ အလွန့်အလွန်ကို မိုက်မဲလွန်းပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ ကယ်တင်ပေးလို့ မရတဲ့သူမျိုးအဖြစ် အပါယ်ငရဲကိုပဲ သွားကြရတော့တာ ဖြစ်ပါတယ်။ ဆိုတော့ကား အမိုက်တကာ အမိုက်ဆုံးတွေထဲမှာ ပဉ္စာနန္တရိယကံကို ကျူးလွန်တဲ့အထိ မိုက်မဲသူကတော့ အဆုံးစွန် အမိုက်ဆုံးသူလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ခက်တာက ဒီကံတွေဟာ သိပ်ပြီးအပြစ်ကြီးလေးတဲ့အတွက် မလုပ်ကြဘူးလားဆိုတော့ မိုက်လုံးကြီးတဲ့သူ၊ မောဟအားကြီးတဲ့သူ၊ အပြစ်ကိုအပြစ်လို့ မသိတဲ့သူ၊ လူစိတ်ပျောက်နေတဲ့ သူတွေကတော့ လုပ်ကိုလုပ်ဖြစ်တတ်ကြပါတယ်။ ဒီနေ့ခေတ်လို သဒ္ဓါပညာအားတွေ ယုတ်လျော့နေတဲ့ အနေအထားမျိုး မပြောနဲ့ ဘုရားရှင်သက်တော် ထင်ရှားရှိနေတဲ့ အခြေအနေမျိုးမှာတောင် ဒီလိုကြီးလေတဲ့ ကံကြီးတွေကို ကျူးလွန်တတ်တဲ့သူတွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံး အနေနဲ့ကတော့ အားလုံးသိထားပြီးဖြစ်တဲ့ အရှင်ဒေဝဒတ်နဲ့ အဇာတသတ် ဘုရင်တို့ကိုပဲ သာဓက ပြရမှာ ဖြစ်ပါတယ်။

အရှင်ဒေဝဒတ်ဟာ ဘုရားကို ပြိုင်ချင်တာရယ်၊ မသိမှုမောဟ အမှောင်ဖုံးလွှမ်းတာရယ်၊ ငါဆိုတဲ့ မာနထောင်လွှားတာတွေရယ်ကြောင့် အသိပျောက်ပြီး ဘုရားကို ကျောက်မောင်းဆင်ကာ ခြေမတော်မှာ သွေးစိမ်းတည်အောင် လုပ်ခဲ့သလို၊ သံဃာအချင်းချင်း မညီမညွတ်ဖြစ်အောင် သွေးဆောင်ဖျားယောင် ခေါ်ဆောင်ကာ ကံအတူမပြုဖြစ်အောင်၊ သိမ်အတူမဝင်ဖြစ်အောင်၊ အယူဝါဒ လွဲချော်သွားအောင် ဖန်တီးလုပ်ဆောင်ပြီး သံဃာသင်းခွဲတဲ့ သံဃဘေဒက အမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အာနန္တရိယကံ ငါးပါးထဲက ဘုရားကိုသွေးစိမ်းတည် အောင်လုပ်တဲ့ကံနဲ့ သံဃာကိုသင်းခွဲတဲ့ ကံတွေကို စေတနာ ရည်ရွယ်ချက်ချက်ရှိနဲ့ အကောင်အထည်ပေါ်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကံတွေကြောင့်ပဲ အရှင်ဒေဝဒတ်ဟာ အရှင်လတ်လတ် မြေမြိုခံရပြီး ငရဲကိုကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။ သူကျူးလွန်ခဲ့တဲ့ ကံကြီးတွေဟာ ဘုရားကယ်လို့ မရတဲ့ ကံတွေဖြစ်နေလေတော့ ဘုရားရှင်နဲ့ ညီအစ်ကိုတစ်ဝမ်းကွဲလည်းဖြစ်၊ ယောက်ဖတော်လည်းဖြစ်ပေမယ့် အရှင်ဒေဝဒတ်တစ်ယောက် အပါယ်ဘုံကို ရောက်ခဲ့ရတော့တာ ဖြစ်ပါတယ်။

နောက် အဇာတသတ် ဘုရင်လည်း ဒီလိုပါပဲ။ အရှင်ဒေဝဒတ်နဲ့ ပေါင်းမိပြီး ဘုရင်ရထူးကို ရချင်တဲ့ စိတ်နဲ့ အဖေကိုဖမ်း၊ ထောင်သွင်းအကျဉ်းချကာ ခြေခွဲဆားသိပ်လို့ မသေမချင်း သတ်စေမိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အဖေကို သတ်ခဲ့မိတဲ့ စိတ်နဲ့တမိုင်မိုင် တတွေတွေဖြစ်နေတဲ့ အဇာတသတ်ဘုရင်ဟာ နောင်ပိုင်းမှာ ဘုရားရှင်နဲ့တွေပြီး တရားနာကာ အကျွတ်တရားရလို့ ဗုဒ္ဓသာသနာတော်ကြီးကို သူမတူအောင် ချီးမြှောက်ထောက်ပံ့ခဲ့ပေမယ့်လည်း အဖေကိုသတ်ခဲ့တဲ့ ပိတုဃာတက ကံကြီးက ခံနေလေတော့ ဘုရားလည်း မကယ်နိုင်ဘဲ ငရဲကို ကျရောက်ခဲ့ရတော့တာ ဖြစ်ပါတယ်။ တကယ်လို့ အဇာတသတ်ဘုရင်ဟာ အဖေကို သတ်ခဲ့တဲ့ အဲဒီအနန္တရိယ ကံကြီးသာ မရှိခဲ့ဘူးဆိုရင် မြတ်စွာဘုရားနဲ့တွေ့ကာ ဘုရားဟောတဲ့ သာမညဖလသုတ်ကို နာကြားပြီးတာနဲ့ သောတာပန်တည်သွားနိုင်ခဲ့ပေမယ့် သူလုပ်ခဲ့တဲ့ အပြစ်ကံကြီးက သူ့ကို ငရဲဘုံကို ကျရောက်စေတော့တာ ဖြစ်ပါတယ်။ ဒါတောင် နောက်ပိုင်းမှာ ကုသိုလ်ကောင်းမှုတွေ အားကောင်းခဲ့တဲ့အတွက် အောက်ဆုံးဖြစ်တဲ့ အလွန်အပစ်ကြီးလေးတဲ့ အဝိဇီငရဲကို မကျရောက်ဘဲ အပြစ်ဒဏ်ပေါ့ပါးတဲ့ လောဟကုမ္ဘီငရဲမှာပဲ လျော့ပြီးကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငရဲကိုတော့ ကျခဲ့ရတော့တာ ဖြစ်ပါတယ်။ အဇာတသတ်ဘုရင်ဟာ ဒီလို တရားရနိုင်တဲ့ အခွင့်တွေရှိခဲ့ပေမယ့် အဇာတသတ်ဘုရင်ကို ဘုရားမကယ်နိုင်ခဲ့တာက သူကျူးလွန်ခဲ့တဲ့ အဖသတ်ကံကြောင့်ပဲဆိုတဲ့ အချက်က သက်သေပြခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ကား ပဉ္စာနန္တရိယကံရဲ့ တန်ပြန်သက်ရောက်မှုဟာ သိပ်ကိုကြီးလေးလှတယ်ဆိုတာ အရမ်းကို ထင်ရှားလွန်းလှတာ ဖြစ်ပါတယ်။ ဒီလိုကြီးလေးပြီး ထင်ရှားလှတဲ့အတွက် မိုက်လုံးကြီးတဲ့သူတွေ ဖြစ်စေဦးတော့ ဒီကံကြီးတွေ အထိတော့ မမိုက်မိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ ဒီပဉ္စာနန္တရိယကံ ငါးပါးကိုကြည့်ရင် ဒီနေ့ခေတ် လူတွေအနေနဲ့ အလွယ်တကူ ကျူးလွန်မိတတ်တဲ့ ကံတွေက အမေသတ်၊ အဖေသတ်တဲ့ ကံတွေပဲ ဖြစ်ပါတယ်။ ဘုရားကို သွေးစိမ်းတည်အောင် လုပ်တဲ့ကံကတော့ ဘုရားရှင် မရှိတော့တဲ့အတွက် မကျူးလွန်နိုင်တော့ပေမယ့် ရဟန္တာကို သတ်တာ၊ သံဃာသင်းခွဲတာတွေကလည်း ကြုံတောင့်ကြုံခဲ လုပ်မိနိုင်ပါသေးတယ်။ စာပေအဖွင့်တွေအရ သံဃာသင်းခွဲတဲ့ကံကို လူပုဂ္ဂိုလ်တွေထက် ရဟန်းတော်များက ပိုပြီးကျူးလွန်မိတတ်ကြောင်း မှတ်သားနိုင်ပါတယ်။ သံဃာသင်းခွဲမှုဟာ ရဟန်းသံဃာအချင်းချင်း ကံအတူမပြုမိအောင်၊ သိမ်အတူမဝင်မိအောင်၊ အယူဝါဒ မတူရအောင်၊ မညီမညွတ် အကွဲကွဲအပြားပြားနဲ့ ဂိုဏ်းဂဏများအထိ ဖြစ်အောင် လုပ်တဲ့သဘောဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တွေထက် သံဃာတော်အချင်းချင်းက ပိုပြီးကျူးလွန်နိုင်စရာ အကြောင်းရှိကြောင်း ကျမ်းဂန်တွေက ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူလည်းစေတနာ ရည်ရွယ်ချက်တွေပါရင် အပြစ်အနာအဆာတွေလည်း ဖြစ်စေတာဖြစ်တဲ့အတွက် ရဟန်းတော်များကြား ညီညွတ်မှုပျက်ပြားစေတာတွေ မဖြစ်အောင် သတိပြု ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

အထူးသတိပြုရမှာက ပဉ္စာနန္တရိယကံဆိုတာ ငါးပါးလုံးကို ကျူးလွန်မိမှ အပါယ်ငရဲကို ကျရောက်စေတာ မဟုတ်ဘဲ ဒီငါးပါးထဲက တစ်ပါးပါးကို ကျူးလွန်မိရုံနဲ့လည်း ဘုရားမကယ်နိုင်ဖြစ်ကာ အပါယ်ငရဲကို ကျရောက်စေတာ ဖြစ်တဲ့အတွက် ဘယ်လောက်ပဲမိုက်မိုက် ဒီကံတွေကို ကျူးလွန်မိတဲ့အထိ မမိုက်သင့်ဘူးဆိုတာ ကိုယ့်ကိုယ်ကို အထူးသတိပြုကြရမျာ ဖြစ်ပါတယ်။ ဒီကံတစ်ခုခုကို ကျူးလွန်မိလို့ကတော့ တခြားဘယ်လို ကုသိုလ်ကံနဲ့ပဲ ချေဖျက်ချေဖျက်၊ ဘယ်လိုတန်ခိုးရှင်နဲ့ပဲ တွေ့တွေ့ ပြေပျောက်နိုင်မှာ မဟုတ်သလို အပါယ်ဘေးကလည်း ရှောင်တိမ်းလို့ မရနိုင်ဘူးဆိုတာ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ လိုပါတယ်။ ကျန်တဲ့အကုသိုလ်တွေဟာ တခြားကုသိုလ်ကောင်းမှုတွေလုပ်ပြီး ဒီဘဝမှာ အပါယ်ဘေးကလွတ်အောင် လုပ်နိုင်သေးပေမယ့် ဒီပဉ္စာနန္တရိယကံကတော့ ဒီဘဝမှာ ဘယ်လိုကုသိုလ်မျိုးနဲ့ကိုမှ တားဆီးချေဖျက်လို့ မရဘူးဆိုတာ ကောင်းကောင်းသိရှိထားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အကုသိုလ် အလုပ်ဆိုတာ မလုပ်ဘဲ နေနိုင်ရင် ကောင်းပေမယ့် အကြောင်းတစ်မျိုးမျိုးကြောင့် လုပ်ဖြစ်သွားရင်လည်း စေတနာမပါဖို့နဲ့ စေတနာပါပါနဲ့ လုပ်ဖြစ်ခဲ့တဲ့ အကုသိုလ်ကံဆိုရင်လည်း ပဉ္စာနန္တရိယလို ကံမျိုးအထိ မကျူးလွန်မိကြဖို့ အထူးသတိပြု ဆင်ခြင်ကာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလိုကံမျိုးကို မကျူးလွန်မိအောင် ကြိုးစားရင်း ကျန်တဲ့အကုသိုလ်တွေကိုပါ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး ကိုယ့်ဘဝရဲ့ ပစ္စုပ္ပန်သံသရာအရေး ကောင်းစားရေးအတွက် မမေ့မလျော့တဲ့ သတိတရားနဲ့ သွားလာလှုပ်ရှားကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »

အလိုမကျ ဖြစ်ကြရာဝယ်

ဘုန်းဘုန်းအပါအ၀င် သတ္တ၀ါတွေဟာ တစ်ခုမဟုတ် တစ်ခုတော့ အလိုမကျ ဖြစ်နေတတ်ကြသလို ဖြစ်လည်းဖြစ်ဖူးကြပါတယ်။ ပုထုဇဉ်တွေ ဖြစ်နေတဲ့အတွက်လည်း အလိုပြည့်တယ်ဆိုတာ မရှိနိုင်ပါဘူး။ တစ်မျိုးမျိုးနဲ့ အလိုမကျ ဖြစ်နေကြမှာပါ။ ခုလည်းဖြစ်နေကြသလို နောင်လည်း ဖြစ်နေဦးမှာပါပဲ။ ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်တဲ့အခါ ရှိကြသလို သူများကိုကြည့်ပြီး အလိုမကျ ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရှိတဲ့ အရာတွေအပေါ်မှာ အလိုမကျ ဖြစ်တတ်သလို သူ့ရှိတဲ့ အရာတွေကြောင့်လည်း အလိုမကျ ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ကြောင့် အလိုမကျတဲ့အခါ ရှိတတ်သလို သူ့ကြောင့်အလိုမကျတဲ့ အခါလည်း ရှိတတ်ပါတယ်။ သေချာတာကတော့ ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခမငြိမ်းသေးသမျှ အလိုမကျမှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ ဒီရုပ်နာမ်နှစ်ခုကြောင့် အပူစုတွေနဲ့အတူ အလိုမကျမှုတွေက မပြတ်ဖြစ်နေမှာ အမှန်ပါပဲ။ နောက်ဆုံးတော့ နေရတဲ့အခိုက်မှာ ဒီအလိုမကျမှုတွေ အခိုက်အတန့်ဖြစ်ဖြစ် သက်သာဖို့အတွက် အကောင်းဆုံး ကုစားဖို့ပဲ ကြိုးစားရတော့မှာပါ။ အလိုမကျတဲ့အခါ ဖြေဆည်နိုင်ဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သေချာတွေးကြည့်ရင် ဘုန်းဘုန်းတို့တတွေဟာ နေ့တိုင်းနေ့တိုင်း အမျိုးမျိုး ပြောင်းလဲနေတဲ့ စိတ်ကြောင့် ခံးစားချက်အမျိုးမျိုးနဲ့ တစ်မျိုးပြီးတစ်မျိုး အလိုဆိုးတွေပဲ ဖြစ်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်း နေရင်းတောင် အလိုလို အလိုမကျ ဖြစ်နေတာတွေ ရှိတတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဖြေက တိတိကျကျ မရှိပြန်ပါဘူး။ အလိုမကျ ဖြစ်တတ်တာတော့ အသေးအဖွဲလေးက အစပါပဲ။ တစ်ခါတစ်လေ မြင်ရတဲ့ အဆင်းကြောင့် ဖြစ်ရသလို တစ်ခါတစ်လေ ကြားရတဲ့ အသံကြောင့် ဖြစ်ရပြန်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း အနံ့ကြောင့်၊ တစ်ခါတစ်လေကျတော့ အရသာကြောင့်၊ ပြီးတော့ အတွေ့အထိစတာတွေကြောင့် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ကို အလိုမကျ ဖြစ်နေရတာပါ။ ကိုယ့်ရဲ့ အဆင်း၊ အသံ၊ အနံ့ စတာတွေကြောင့် အလိုမကျ ဖြစ်ရသလို သူများရဲ့ အဆင်း၊ အသံ စတာတွေကြောင့်လည်း ဖြစ်ရပြန်ပါတယ်။ အရင်းစစ်တော့ ဘုရားစကားတော် အတိုင်းဆိုရင် ခန္ဓာအစုကြောင့်ပဲ ဖြစ်ပါတယ်။ စွဲလန်းတတ်တဲ့ ဥပါဒါနက္ခန္ဓာကြောင့်ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက အနတ္တလက္ခဏသုတ်မှာ ပဉ္စ၀ဂ္ဂီငါးဦးကို အလိုမကျ ဖြစ်တတ်တာတွေနဲ့ ပတ်သက်ပြီး ဟောတော်မူထားပါတယ်။ အလိုမကျဖြစ်နေခြင်းဟာ အရာရာ အနတ္တဖြစ်တယ်ဆိုတဲ့ သဘောကို မေ့နေပြီး အတ္တလို့ ထင်နေတဲ့အတွက်ကြောင့် ဆိုတာကို ဒီသုတ်တော်မှာ ပြတော်မူထားပါတယ်။ အရာရာဟာ အလိုရှိတဲ့အတိုင်းသာ ဖြစ်နေမယ်ဆိုရင် အနတ္တဆိုတာ မရှိဘဲ အတ္တပဲ ရှိနေတတ်ပေမယ့် အမှန်တကယ် အတ္တဆိုတာ မရှိကြောင်းကို ဒီသုတ်တော်က ထင်ရှားစေပါတယ်။ ဘုရားရှင်က “ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ ရရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ မရအပ်..” စသည်ဖြင့် ရုပ်သည်အတ္တမဟုတ် အနတ္တဖြစ်ကြောင်း ဟောတော်မူပါတယ်။ ပြီးတော့ “ခံစားခြင်းဝေဒနာ၊ မှတ်သိခြင်း သညာ၊ ပြုပြင်စီရင်ခြင်း သင်္ခါရ၊ သိစိတ်ဖြစ်ခြင်း ၀ိညာဏ်တို့သည်လည်း အလားတူပင် အတ္တမဟုတ်၊ အနတ္တဖြစ်ကြောင်း၊ အနတ္တဖြစ်သဖြင့်လည်း မမြဲခြင်းဖြစ်ကြောင်း၊ ဆင်းရဲခြင်းဖြစ်ကြောင်း၊ မမြဲဆင်းရဲပြီး ဖောက်ပြန်ခြင်း သဘောရှိသဖြင့် ထိုရုပ်ဝေဒနာ စသည်တို့၌ ငါ၊ ငါ့ဥစ္စာ၊ င့ါအတ္တဟု ရှုမြင်ရန် မသင့်ကြောင်း ထိုအရာများအား ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ပညာဖြင့် သိမြင်နိုင်မှသာ ရုပ်၌လည်း ငြီးငွေ့လာ၊ ဝေဒနာစသည်တို့၌လည်း ငြီးငွေ့လာကာ ကိလေသာကင်း၍ မဂ်ကိစ္စပြီးမည်ဖြစ်ကြောင်း…” စသဖြင့် ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီဟောကြားချက်များကို ကြည့်ရင် အလိုမကျတာတွေအတွက် ဖြေဆည်ရာ ရစေမှာ အမှန်ပါပဲ။ တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ကိုယ့်ရဲ့အလိုမကျမှုတွေကို “အရာရာဟာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ အတ္တမဟုတ် သူဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အနတ္တသဘောပဲ”ဆိုတဲ့ အသိနဲ့ ဖြေကြည့်မယ်ဆိုရင် အထိုက်အလျောက် ဖြေဆည်ရာရမှာပါ။ မှန်ပါတယ်။ တစ်ခါတစ်လေ လက်တွေ့ဘ၀မှာလည်း ဒီလို ဘာမဟုတ်တဲ့ အလိုမကျမှုတွေနဲ့ စိတ်ဒုက္ခဖြစ်ခဲ့ကြတာ မနည်းလှပါဘူး။ ဘုန်းဘုန်းအပါအ၀င် ပုထုဇဉ်မှန်သမျှ အလိုမကျမှုတွေကြောင့် ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အဆင်မမြေမှုတွေ အများကြီး ဖြစ်ခဲ့ကြ၊ တွေ့ခဲ့ကြ၊ ခံစားခဲ့ကြပါတယ်။ ပြီးတော့ သူတစ်ပါးကို အမှီပြုပြီး ဖြစ်ကြရတဲ့ အလိုမကျမှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေကလည်း မရေတွက်နိုင်အောင်ကို များခဲ့ကြပါသေးတယ်။ တကယ်တော့ ဖြေဆည်တတ်မယ်ဆိုရင် ငါ၊ ငါ့ဟာဆိုတာ အမှန်မရှိပေမယ့် အမှန်လို့ထင်နေတတ်တဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့ဟာကို ကိုယ်နဲ့ဘာမှ မပတ်သက်တဲ့ သူများတွေကို ကိုယ့်အလိုကျ ဖြစ်စေဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲပေါ့။ တစ်နေ့ကပဲ ဘုန်းဘုန်းကိုယ်တိုင် ဖြစ်လိုက်ပါသေးတယ်။ ဒကာလေးတစ်ယောက် ဝေယျာဝစ္စလာလုပ်ရင်း အလွဲလေးလုပ်မိလို့ စိတ်ထဲမှာ အလိုမကျ ဖြစ်ခဲ့မိသေးတယ်။ နောက်တော့ အချိန်မီပဲ “ငါ့နဲ့ ဘာမှသွေးမတော် သားမစပ်ဘဲ ဘုရားသားတော် တစ်ပါးအနေနဲ့ ကြည်ညိုလို့ လာပြီးကုသိုလ်ယူတာကို ငါက ဘာဖြစ်လို့ အလိုမကျ ဖြစ်နေရတာလဲ၊ သူ့နေရာမှာ ငါသာဆိုရင် ဒီလိုပဲ ဖြစ်မိမှာပဲ၊ ငါ့ကိုယ်ငါတောင် စိတ်တိုင်းမကျ ဖြစ်နေတာ သူတစ်ပါးကို ငါ့စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…” စသဖြင့် စိတ်ကိုဖြေနိုင်၊ အတွင်းမှာဖြစ်နေတဲ့ အလိုမကျမှုကို အပြင်မထွက်အောင် ထိန်းလိုက်နိုင်ပါတယ်။ ဘုန်းဘုန်းလိုပဲ အားလုံးလည်း ဖြစ်ဖူးကြမှာပါ။ အလိုမကျမှုတွေကိုလည်း ဖြေဖူးကြမှာပါ။ ဖြေလည်း ဖြေကြည့်စေချင်ပါတယ်။

သေချာတွေးကြည့်တော့ အလိုမကျတာတွေဟာ အမှန်မမြင်မိပဲ အတ္တဆန်တဲ့ ငါစွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။ အနတ္တဆိုတာကို မေ့နေပြီး အတ္တလို့ ထင်နေကြတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် အမိန့်ရှိသလို ငါ့ရုပ်င့ါခန္ဓာ ငါ့စိတ်ဆိုရင် ငါဖြစ်ချင်သလို ဖြစ်စေရမှာ ဖြစ်ပေမယ့် ငါ့ဖြစ်စေချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေတယ်ဆိုတာ သတိမပြုမိကြတော့ ဆရာသမားတွေကရော၊ မိဘတွေကပါ ပြီးတော့ ရာထူးကြီးတဲ့သူတွေ၊ ပညာတတ်တဲ့သူတွေ၊ အသက်အရွယ် ဂုဏ်ပကာသန ကြီးတဲ့သူတွေပါမကျန် အားလုံးက ကိုယ့်စိတ်တိုင်းကျ မတွေ့တဲ့အခါ၊ ကိုယ့်အလိုမကျတဲ့အခါ စိတ်ဆိုးစိတ်တိုပြီး တစ်ဘက်သားကို ဒုက္ခဖြစ်စေတတ်ကြပါတယ်။ တစ်ခြားသူတွေကို ဒုက္ခဖြစ်စေရုံတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခဖြစ်စေပါတော့တယ်။ တစ်ဘက်သူ ဘယ်လိုဖြစ်တယ်ဆိုတာ အသာထား ကိုယ်ကိုယ်ကိုတော့ ဒီလိုအလိုမကျ၊ စိတ်တိုင်းမကျ ဖြစ်လိုက်ရတဲ့အတွက် စိတ်ဒုက္ခဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ အရင်းစစ်တော့ အနတ္တဆိုတာမေ့ပြီး အတ္တလို့ ထင်မိကာ အလိုမကျ ဖြစ်ခဲ့မိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သူတစ်ပါးကို အကြောင်းပြုပြီး အလိုမကျ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အရင်ပြန်ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ရဲ့လားဆိုတာ သတိပြုမိကြဖို့ လိုပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်မိတယ်ဆိုတာပါပဲ။

တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ မလိုချင်ရင် အလိုမကျဖြစ်တယ် ဆိုတာ မရှိတော့ပါဘူး။ မလိုချင်တဲ့အတွက် ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ အလိုတွေ မရှိတော့ပါဘူး။ ဒါဆိုရင် အလိုမရှိတဲ့အတွက် လိုချင်လို့ တောင့်တပြီး တောင့်တတိုင်း မရတဲ့အခါ ဖြစ်တတ်တဲ့ အလိုမကျမှုဆိုတာလည်း မရှိနိုင်တော့ပါဘူး။ အကယ်၍ ပုထုဇဉ်တွေ ဖြစ်နေတဲ့အတွက် လိုချင်မှုကိုတော့ ထင်သလို ပြုပြင်ထိန်းသိမ်းလို့ မရသေးဘူးဆိုရင်လည်း အလိုမကျမှုတွေနည်းအောင်၊ အလိုမကျမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်သောက ခံစားမှုတွေ သက်သာအောင် ဖြေနိုင်ဖို့၊ ဖြေတတ်ဖို့တော့ လိုပါတယ်။ ဒီလို ဖြေတတ်ဖို့အတွက် ဘုရားရှင် အမိန့်ရှိသလို အရာရာဟာ ငါမဟုတ်၊ အတ္တမဟုတ်ဘဲ ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရတဲ့ အနတ္တပဲဆိုတာ နားလည်သဘောပေါက်လို့ ကိုယ်ကိုယ်တိုင်တောင် ဖြစ်ချင်တိုင်းဖြစ်လို့မရ၊ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာ သူများကိုအမှီပြုပြီး ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုတဲ့ အသိတရားနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သိစေချင်တာက အလိုမကျမှုတွေ ဖြစ်တဲ့အခါ ကိုယ်နဲ့ ချိန်ထိုးပြီး ဖြေနိုင်အောင် ကြိုးစားကြဖို့ပါ။ အနတ္တလက္ခဏသုတ်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့ အရာရာဟာ အတ္တမဟုတ်၊ အနတ္တဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး မမြဲတဲ့ သဘော၊ အစိုးမရတဲ့ သဘောကို မပြတ်အောက်မေ့ကာ အလိုမကျမှုတွေကို ဖြေကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်မရှိ ပညတ်ဝေါဟာရများနဲ့ ဖြေဆည်ကြည့်မယ်ဆိုရင်လည်း အလိုမကျ ဖြစ်တဲ့အခါ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်စိတ်နဲ့ကိုယ့်ကို အလိုမကျ ဖြစ်နေတာ သူတစ်ပါးကို ကိုယ်နဲ့ထပ်တူဖြစ်ဖို့၊ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်နဲ့ ဖြေကြည့်ကြဖို့ လိုပါတယ်။ အဲဒီလို ဖြေနိုင်မယ်ဆိုရင် အလိုမကျမှုတွေ ဖြစ်တိုင်းဖြစ်တိုင်း အရင်ဆုံးခံစားရတဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ လျော့နည်းသွားမှာ သေချာပါတယ်။ နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ချိန်ထိုး၊ ကိုယ်နဲ့ကိုယ်ချင်းစာပြီး မကြာမကြာဖြစ်တတ်တဲ့ အလိုမကျတတ်တာတွေကို ဖြေကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ အားလုံး အလိုမကျမှုတွေ နည်းနိုင်ကြပါစေ…

Read more »

လမြတ်ဝါဆို...

ဘာလိုလိုနဲ့ မနက်ဖြန် (၁၅-၇-၂၀၁၁)ဆို မြန်သက္ကရာဇ် ၁၃၇၃ခုနှစ်ရဲ့ ဝါဆိုလပြည့်နေ့ကို ရောက်လာပြီ ဖြစ်ပါတယ်။ ၀ါဆိုလလို့ ပြောလိုက်တာနဲ့ မြန်မာဗုဒ္ဓဘာသာအများ ခေါင်းထဲမှာ ဓမ္မစကြာတရားနဲ့ ရဟန်းသံဃာတော်များရဲ့ ၀ါဆိုဝါကပ်ပြုကြရမယ့် အကြောင်းများ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲများ၊ ၀ါတွင်းဆွမ်းလောင်းပွဲများ စသဖြင့် ဟိုဟိုဒီဒီ ပေါ်လာတတ်ပါတယ်။ တစ်ချို့ကျတော့ ၀ါတွင်းမှာ အိမ်ထောင်မပြုကောင်းဘူး ဆိုတဲ့ လွဲနေတဲ့ ရှေးအယူအဆတွေကြောင့် အိမ်ထောင်ပြုရေးနဲ့ ပတ်သက်ပြီး ၀ါမဆိုခင်လုပ်မလား ၀ါကျွတ်ပြီးမှ လုပ်မလားစတဲ့ အတွေးကြံစည်မှုတွေအထိ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း ဒီနှစ်ဝါတွင်းမှာ တရားစခန်းတွေဝင်ရင်း ဥပုသ်သီလကို မလွတ်အောင် စောင့်မယ်ဆိုတဲ့ အတွေးစိတ်ကူးတွေ ရှိနေကြမှာ ဖြစ်ပါတယ်။ ၀ါတွင်းဆိုလို တစ်ချို့ ဘယ်အချိန် ဘယ်ကာလကို ပြောတာလဲဆိုတာ မသိတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ ၀ါတွင်းဆိုတာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ဖို့ သတ်မှတ်ထားတဲ့ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့အထိ (၃)လကို ၀ါတွင်းကာလလို့ ဆိုတာဖြစ်ပါတယ်။ ဒီကာလမှာ ရဟန်းသံဃာတော်များဟာ အကြောင်းကိစ္စ အရေးပေါ် အထွေအထူးမရှိဘဲ ညအိပ်ညနေ တစ်ခြားတစ်နေရာရာကို မကြွရဘဲ အရုဏ်တက်အချိန်မှာ မိမိတို့ဝါဆိုဝါကပ်ရာ ကျောင်းအတွင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒါကိုပဲ ၀ါဆိုဝါကပ်တယ်လို့ ပြောတာဖြစ်ပါတယ်။ ထာပါတော့ ဒီမှာ အဓိကပြောချင်တာက ၀ါဆိုလအကြောင်းပဲ ဖြစ်ပါတယ်။

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာသက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့ သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့် ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊ အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တောထွက်သွားတဲ့နေ့ရယ်၊ အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့) ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။ ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့် ၀ါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့ အတူတူပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို လမြတ်ဝါဆိုလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာတော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို ဓမ္မစက္က ပ၀တ္တနသုတ်လို့ အမည်ပေးပါတယ်။ တရားတော်ကို အဆက်အစပ်မပြတ် ရှေ့နောက်ဆက်စပ်ပြီး လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း ဟောကြားတော်မူတဲ့ အတွက်ကြောင့် ဓမ္မစက္က ပ၀တ္တနလို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်ကူကူပဲ ဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့ ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့လို့ အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို ၀ါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို ရောက်ရှိပြီး (၃)လမြောက်မှာ တရားအားထုတ်စဉ် အလုပ်အကျွေးပြုခဲ့ကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို နာကြားဖို့ စောင့်စားနေကြတဲ့ နတ်ဗြဟ္မာအပေါင်းကို စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်ပါတယ်။ ဒီတရားဦးဒေသနာမှာ မြတ်စွာဘုရားရှင်က ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါးတတ်တဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်နဲ့ မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်အတွက်
မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့အတွေး သမ္မာသင်္ကပ္ပ
မှန်ကန်တဲ့စကား သမ္မာဝါစာ
မှန်ကန်တဲ့အလုပ် သမ္မာကမ္မန္တ
မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝ
မှန်ကန်တဲ့ကြိုးစားအားထုတ်မှု သမ္မာဝါယမ
မှန်ကန်တဲ့သတိရှိမှု သမ္မာသတိ
မှန်ကန်တဲ့သမာဓိရှိမှု သမ္မာသမာဓိ
ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ ဒီလို အလယ်အလတ်လမ်းစဉ်ကို သွားနိုင်ရေးအတွက် အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့ တွယ်တာမှုတဏှာလို့ ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။ ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။ တရားဦးဒေသနာတော်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး ဖြစ်စေတတ်တဲ့ အကျင့်တွေကို ရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။ လမြတ်ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံးဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ် ပြည့်ဝစေပါတယ်။

ဘာပဲဖြစ်ဖြစ် ၀ါဆိုလကတော့ ဗုဒ္ဓဘာသာတွေအတွက် လမြတ်တစ်ခုဆိုတာ သေချာပါတယ်။ ပြီးတော့ ၀ါဆိုလက အစပြုပြီး သတ်မှတ်ကြတဲ့ ၀ါတွင်းကာလဟာလည်း အမြတ်တရားတွေ ရယူဖို့အတွက် အကောင်းဆုံး ကာလသတ်မှတ်ချက် ဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ တစ်ခါတစ်လေ သတ်မှတ်ပြဋ္ဌာန်းချက်တွေ မရှိရင် ဘာပဲဖြစ်ဖြစ် အလေးမထားဘဲ ပေါ့ပေါ့တန်တန် လုပ်မိတတ်တာတွေ ရှိပါတယ်။ အထူးသဖြင့် ကုသိုလ်ရေး အပိုင်းတွေမှာပါ။ သတ်မှတ်ချက်လေးတွေ ရှိနေရင်တော့ ဒီကာလ ဒီအချိန်လေးလောက်တော့ ကြိုးစားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ အပြစ်ကင်းအောင် အဓိဋ္ဌာန်လေးတွေ ၀င်ပြီးနေမယ်ဆိုတဲ့ စိတ်အကြံ လေးတွေ ဖြစ်ပေါ်တတ်တဲ့အတွက် ၀ါတွင်းကာလမှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ပြုပြီး ပရိယတ် ပဋိပတ်အလုပ်တွေကို လုပ်နေကြသလို သတ်မှတ်ချက်ရှိမှ အလုပ်လုပ်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ၀ါတွင်းကာလမှာ ဥပုသ်သီလလေးတွေ စောင်သုံးပြီး ငါးပါးသီလကို အထူးလုံအောင် ကြိုးစားကာ တတ်နိုင်သမျှ သမထဘာဝနာ ၀ိပဿနာ ဘာဝနာလေးတွေ လုပ်ကြမယ်ဆိုရင်တော့ အမြတ်ဆုံးကာလ အမြတ်ဆုံး အချိန် ဖြစ်ကြမှာ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူး၊ အိမ်ထောင်မပြုကောင်းဘူးလို့ သတ်မှတ်ချက် မရှိပေမယ့် ကာမဂုဏ်ကိစ္စတွေကို ရှောင်နိုင်အောင် ကြိုးစားတာက ကောင်းပါတယ်။ ၀ါတွင်းကာလ တစ်ခြားနေ့တွေမှာ ကာမဂုဏ်ကိစ္စကို မရှောင်နိုင်ပေမယ့် တစ်လင်တစ်မယားစနစ်နဲ့ ငါးပါးသီလကို လုံခြုံအောင် ထိန်းရင်း ဥပုသ်နေ့တစ်နေ့လောက်တော့ တစ်လင်တစ်မယားစနစ်ကိုပါ ရှောင်ကြဉ်ပြီး မေထုန်အမှုကို မပြုဘဲ ဥပုသ်သီလလေးတွေ လုံခြုံအောင် စောင့်ထိန်းပြီး နေနိုင်ရင်ပိုကောင်းပါတယ်။ ဒါဟာ ကာလသတ်မှတ်ချက်တွေနဲ့ ကိုယ်ကိုယ့်ကို အမြတ်ရအောင် ကြိုးစားရင်း ကုသိုလ်တိုးအောင် လုပ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ၀ါတွင်းကာလမှာ နေ့စဉ် ဥပုသ်မစောင့်နိုင်တာတောင်မှ ဥပုသ်နေ့ တစ်နေ့လောက်တော့ ဥပုသ်လေးတွေ ယူနိုင်ကြရင် ကောင်းမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီလိုသာ ကြိုးစားပြီး နေကြမယ်ဆိုရင် ၀ါဆိုလကို အစပြုပြီး သတ်မှတ်ပေါ်ပေါက်ခဲ့တဲ့ ၀ါတွင်းကာလဟာလည်း ကုသိုလ်ချစ်ခင် သူတော်စင်တို့အတွက် အမြတ်ဆုံးလ၊ အမြတ်ဆုံးကာလတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လမြတ်ဝါဆိုရဲ့ ထူးခြားမှုအကြောင်းလေးကို ဖော်ညွှန်းကာ ဓမ္မစကြာ ဒေသနာတော်ရဲ့ အနှစ်ချုပ်ပါ မိတ်ဆက်ပေးပြီး သတ်မှတ်ချက်တွေနဲ့မှ ကုသိုလ်လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ၀ါတွင်းကာလဟာ ကုသိုလ်လုပ်စရာ အကောင်းဆုံး အမြတ်ဆုံး ကာလတစ်ခု ဖြစ်တယ်ဆိုတာ တင်ပြရင်း တစ်နှစ်မှာ ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ကြတဲ့ ပုထုဇဉ်တွေအတွက် ဒီဝါတွင်းကာလ သုံးလလောက်တော့ ကုသိုလ်တရားလေးတွေစုရင်း ဥပုသ်သီလလေးများနဲ့ အကျင့်တရားများကို မြင့်မားအောင် ကြိုးစားနိုင်ကြဖို့ လမြတ်ဝါဆိုကို အကြောင်းပြုပြီး ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။

မှတ်ချက်။ ရဟန်းတော်များ၏ ၀ါဆိုဆိုင်ရာ အကြောင်း သိလိုပါက ဒီမှာ ပြန်ပြီးဖတ်ရှုနိုင်ပါသည်။

Read more »

မဇ္ဈိမလမ်း အကျင့်စွမ်း

“မြင်အောင်ကြည့်ပါ ထင်ယောင်မမိပါနဲ့
သိအောင်တွေးပါ ထိအောင်မတွေးပါနဲ့
မှန်အောင်ပြောပါ ကြံဆောင်မပြောပါနဲ့
ကောင်းအောင်လုပ်ပါ စောင်းအောင်မလုပ်ပါနဲ့
ဖြောင့်အောင်မွေးပါ မှောင့်အောင်မမွေးပါနဲ့
ဟုတ်အောင်ထုတ်ပါ ပုတ်အောင်မထုတ်ပါနဲ့
ကြိုကြိုသိပါ အပိုအလိုမရှိပါနဲ့
ငြိမ်အောင်လုပ်ပါ တိမ်တောင်မလုပ်ပါနဲ့”
စတဲ့စကားများ အခမဲ့ကြားနေငြားလည်း
အခမဲ့နေလို့လားမသိ အမှတ်တမဲ့ပင် များနေဘိ၏။

အများတကာ မသိလို့ မှားတာတွေ ရှိပေမယ့်
အမှားတွေကြား အများတကာလို မမှားရအောင်
အမှန်အသိနဲ့ ပြန်ညှိကြဖို့
မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အတွေး
မှန်ကန်တဲ့အပြော၊ မှန်ကန်တဲ့အလုပ်
မှန်ကန်တဲ့အသက်မွေးမှု၊ မန်ကန်တဲ့ အားထုတ်မှု
မှန်ကန်တဲ့ သတိရှိမှု၊ မှန်ကန်တဲ့ တည်ကြည်မှု
တွေနဲ့
အသိပညာ အကျင့်ပါအောင်
မြင့်ရာရည်မှန်း အရောက်လှမ်းဖို့
အလယ်အလတ်လမ်း အကျင့်စွမ်းဖြင့်
လိုရာပန်းတိုင် သင်စွဲကိုင်လော့...။ ။
(မနာပ ဒါယီဆရာတော်)

Read more »

“အား”

လူ့စွမ်းအား၊ လူ့ခွန်အား၊ လူ့အင်အားကို “အား”ဟု ခေါ်သည်။ “အား”ဟူသည် တရားပေတည်း။ တရားဟူသော “အား”သည် လူ့ဘဝ၏ အနှစ်ချုပ်တည်း။ လူတစ်ယောက်၏ နောက်ဆုံးပိုင်ဆိုင်ခွင့်လည်း ဖြစ်သည်။ လူ့ဘဝ နောက်ဆုံး အသားတင် အမြတ်လည်း ဖြစ်သည်။ တရား“အား” မရှိသောလူသည် လောကအနိုင်ကျင့်သမျှ ခံနေရမည်။ ကိုယ့်အရှိကို ကိုယ်မနိုင်တော့ဘဲ အရှိအောက်၌ ပြားပြားဝပ် ပူလောင်နေရမည် ဖြစ်သည်။ ဆင်းရဲအပူ အရှုပ်အညစ် အန္တရာယ် မကောင်းကျိုးအမျိုးစုံကို လျော့အောင်၊ နည်းအောင်၊ လွတ်ကင်းအောင်၊ ကုန်ဆုံးအောင် လုပ်ပေးနိုင်မှ “အား”ဟုခေါ်သည်။ ချမ်းသာတန်ခိုး ကောင်းကျိုးမျိုးစုံ၊ အောင်မြင်တိုးတက်မှု မျိုးစုံကိုရအောင်၊ တိုးအောင်၊ ပွားအောင်၊ များအောင်၊ မြင့်အောင် စွမ်းဆောင်ပေးနိုင်မှလည်း “အား”ဟုခေါ်သည်။ “အား”ပါအောင်၊ “အား”သွင်းထားမှ အားကိုးရမည် ဖြစ်သည်။ “အား”အကုန်လုံးကို ချုပ်ကိုင်ထားသော အရာကား သတိဉာဏ်တည်း။ အထူးအားဖြင့် သတိပေတည်း။

လူ့“အား”သည် တစ်ကိုယ်ရေတစ်ယောက်“အား”၊ စုပေါင်း “အား”ဟု (၂)မျိုးရှိသည်။ သတိနှင့် ဉာဏ်ပညာသည် တစ်ကိုယ်ရေတစ်ယောက်“အား”ဖြစ်၍ ခန္တီနှင့်မေတ္တာသည် စုပေါင်း “အား”ဖြစ်သည်။ တစ်ဦးတစ်ယောက်စီ၏ “အား”ကောင်းမှ စုပေါင်း “အား” ဖော်ထုတ်၍ ဖြစ်နိုင်သည်။ နှစ်ယောက်ပေါင်းမိလျှင် “အား”နှစ်ဆ တက်လာမည်။ မြောက်များစွာ ပေါင်းမိလျှင် ပို၍ “အား” တိုးပွား များပြားလာမည်။ တစ်ကိုယ်ရေ “အား” မရှိဘဲ စုပေါင်းလိုက်လျှင် အားမတက်ဘဲ အားပျက်သွားတတ်သည်။

တစ်ကိုယ်ရေ “အား”ကို ဖော်ထုတ်ရာ၌
၁။ ပစ္စည်းဖြင့် အားယူခြင်း
၂။ လောကအတတ်ပညာဖြင့် အားယူခြင်း
၃။ တရားဖြင့် အားယူခြင်း
အားဖြင့် (၃)မျိုးရှိ၏ဟု ဆိုနိုင်သည်။ ပစ္စည်းဖြင့် အားယူရခြင်းသည် မခိုင်သည့် ကောက်ရိုးကို ကြိုးကျစ်၍ လွန်ဆွဲရသည်နှင့်တူသည်။ ကြာရှည်အစွဲမခံ၊ မမျှော်လင့်ဘဲ ကြိုးပြတ်၍ ရုပ်ပျက်ဆင်းပျက် လဲကျသွားတတ်သည်။

ထိုမျှသာမက ပစ္စည်းသည် ပင်လယ်ရေနှင့်တူသည်။ ပင်လယ်ရေ အလွန်များသော်လည်း သူ့ချည်းသက်သက် များသည်မဟုတ်၊ ရေနှင့်အညီအမျှ ဆားပါဝင်သည်။ ရေရှိသလောက် ဆားရှိသည်။ ထို့ကြောင့် ငန်လွန်း၍ သောက်သုံးမဖြစ်၊ ပင်လယ်ထဲ သင်္ဘောဖြင့်သွားလျှင် သောက်သုံးရန် ရေချိုရေကောင်းကို သီးခြားယူသွားရသည်။ ပစ္စည်းလည်း သူ့ချည်းသက်သက်လာသည်မဟုတ်၊ ပစ္စည်းရှိသလောက် ဆားနှင့်တူသည့် အပူဆင်းရဲ ဘေးရန်များ တွဲပါလာသည်။ ရှိသလောက် ပူရတတ်သည်။ ရေချိုရေကောင်းနှင့်တူသည့် တရားရေကိုယူနိုင်မှ နှလုံးစိတ်ဝမ်း အေးချမ်းစွာ သောက်သုံးရမည်။

ထိုမှတစ်ပါး ပစ္စည်းသည် ဧည့်သည်များသာ ဖြစ်သည်။ အိမ်၌အမြဲနေရန် ရောက်လာသည်မဟုတ်။ ခဏနေပြီး မကြာမီ ပြန်သွားကြမည် ဖြစ်သည်။ ပစ္စည်းရလာလျှင် ရောက်လာသည့် ဧည့်စာရင်းကို မှတ်နေခြင်းဖြစ်၍ ပစ္စည်းကုန်သွားလျှင် ပြန်သွားသည့် ဧည့်စာရင်းကို မှတ်နေခြင်းဖြစ်သည်။ ကိုယ်ပိုင်တရား “အား” မကျန်ဘဲ ဧည့်စာရင်း မှတ်နေရုံဖြင့် လူ့ဘဝသည် ဘာမှအဓိပ္ပါယ်မရှိ၊ လူ့စွမ်းအား မပြည့်လျှင် လူဖြစ်ကျိုးမနပ်၊ ပစ္စည်းသည် တကယ့်“အား” အစစ်များ မဟုတ်သေး၊ သတိဉာဏ်ကင်းလျှင် “အား”ပျက်တတ်၍ သတိဉာဏ်ရှိမှ “အား”အဖြစ်ကျန်ရစ်မည်။ ပစ္စည်းသည် တရား“အား”၏ ကုန်ကြမ်းသာ ဖြစ်သည်။ တစ်နေ့တစ်ရက်မျှ မကင်းနိုင်သည့် လူ့အဖော်များလည်း ဖြစ်သည်။ အဖော်ဆိုလျှင် “အား”ရှိမှ ကောင်းမည်။

လောကအတတ်ပညာသည် လောကနောက်သို့ လိုက်သွားရုံသာ စွမ်းနိုင်သည်။ လောကကို အနိုင်ယူနိုင်သည့် နည်းလမ်းမဟုတ်၊ လောကအောက်ကသာ နေရမည်။ လောကအနိုင်ကျင့်သည်ကိုသာ ခံရမည်။ ထို့ကြောင့် လူ့“အား”အစစ် မဟုတ်သေး။

ပစ္စည်းဟူသော လောကအရှိနှင့် အတတ်ပညာဟူသော လောကအသိသည် လူ့ခြေထောက်မျှသာ ဖြစ်သည်။ လောကအောက်ကသာ သွားရမည်။ ပစ္စည်းပေါများပါလျက်၊ လောကအတတ်ပညာ တစ်ဖက်ကမ်းခက် တတ်မြောက်ထားပါလျက် မဆုံးနိုင်သည့် လူမှုဒုက္ခ ပြဿနာများဖြင့် ပူလောင်ရှုပ်ထွေးနေသူတွေ ဒုနှင့်ဒေး မြောက်မြားစွာ ရှိနေကြသည်။

တရားသည် လူ့အတောင်ပံ ဖြစ်သည်။ တရားဖြင့်အားယူနိုင်မှ လောကအပေါ် လွှမ်းမိုးနိုင်မည်။ သောကပရိဒေဝစသည့် လူ့အပူမျိုးစုံကို လွှမ်းမိုး၍ ပျံသန်းနိုင်သည်။ ငှက်သည် ခြေထောက်ကို သွားလာလှုပ်ရှားနေဖို့ အခိုက်အတန့်သာ သုံးသည်။ အရေးကြုံလာလျှင် တောင်ပံကို အားကိုးသည်။ နောက်မှခဲတုတ်စသည်ဖြင့် လိုက်ပစ်ခတ်လာလျှင် တောင်ပံကိုအားပြုပျံသန်း ရှောင်တိမ်းသည်။ ဘေးရန်လိုက်လာသော်လည်း မမှီဘဲ ဘေးရန်လွတ်သွားသည်။ အဝေးကိုသွားလိုလျှင်လည်း တောင်ပံကိုပင် အားပြု၍ ပျံသန်းသည်။ တောင်ပံဖြင့်ပျံလိုလျှင် ခြေထောက်ဖြင့် အားယူပေးရသည်။

လူသည် ပစ္စည်းနှင့်အတတ်ပညာ ခြေထောက်ရှိသော်လည်း တရားတောင်ပံဖြင့် ပျံသန်းမှ ဘေးရန်ဆင်းရဲ အပူမျိုးစုံ လွတ်ငြိမ်းနိုင်မည်။ အရှိကလူကိုနိုင်လျှင် လူဒုက္ခရောက်မည်။ လူကအရှိကိုနိုင်မှ လူချမ်းသာမည်။ တရားအသိ သတိရှိနေမှလည်း ကိုယ့်အရှိကို ကိုယ်နိုင်မည်။ အရှိအားလုံးကို “အား”အဖြစ် ပြောင်းလဲအနိုင်ယူရန် အချိန်အာရုံစိတ်ကို ထိန်းသိမ်းအသုံးချ ပေးနိုင်သည့် သတိ“အား” အထူးလိုအပ်သည်။ သတိမရှိလျှင် အားပျက်၍ သတိရှိမှ အားတက်သည်။ သတိလွတ်လျှင် ဘဝ နာသည်၊ သတိကပ်ပေးမှ ဘာဝနာ ပေါ်လာသည်။

လောကအတတ်ပညာသည် သညာဝိတက်ကို အရင်းခံ၍ ဘဝအသုံးချ တရားဆိုင်ရာ ဉာဏ်ပညာသည် သတိသမာဓိကို အခြေခံသည်။ “အား”အစစ် ရလိုသူသည်
၁။ မည်သည့်အလုပ်ကိုမဆို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် စူးစူးစိုက်စိုက် လုပ်တတ်ရမည်
၂။ အရှိကိုအရှိအတိုင်း ဉာဏ်ဖြင့်ကြည့်ရှု သုံးသပ်ဆုံးဖြတ်တတ်ရမည်
၃။ မည်သည့်အရာမဆို တစ်ခုခုကုန်သွားတိုင်း “အား”တစ်ခုခု ကျန်နေခဲ့ရမည်
ဤသည်ပင်လျှင် အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်ဖြစ်သည်။

မိမိနှင့်ဆိုရာ အချိန်အင်အား ပစ္စည်းစသည်တို့သည် အမြဲနှုတ်နေကြသည်။ နှုတ်ပုံ (၃)မျိုးရှိသည်။
၁။ တားမရသည့် သဘာဝအနှုတ် တစ်မျိုး (ပြင်သမျှ ပျက်သွားခြင်း၊ ဖြည့်သမျှ ကုန်သွားခြင်းစသည်)
၂။ လိုအပ်၍ နှုတ်ယူနေရသည့် အနှုတ်တစ်မျိုး (နေ့စဉ်စုဆောင်းထားသည့် ပစ္စည်းထဲမှ နှုတ်ယူသုံးစွဲနေရခြင်း စသည်)
၃။ မလိုအပ်၍ နှုတ်ပစ်နေရသည့် အနှုတ်တစ်မျိုး (စိတ်ထဲ၌ ကိလေသာရုပ်ခန္ဓာ၌ အညစ်အကြေး၊ အိမ်ကျောင်းထဲ၌ အမှိုက်ကို စွန့်ပစ်နေရခြင်းစသည်)

ထိုသုံမျိုးတွင် မည်သည့်နည်းဖြင့်ပင် နှုတ်၍ကုန်ဆုံးသွားသည် ဖြစ်စေ၊ သတိဉာဏ်ဖြင့် “အား”တစ်ခုခု ကျန်နေခဲ့အောင် ဆွဲယူစစ်ထုတ်ထားတတ်ရမည်။ ကုန်ဆုံးသွားခြင်းသည် “အား”သာ ဖြစ်ရမည်။ တစ်ခုခုကုန်သွားတိုင်း ဒါန၊ သီလ၊ သမာဓိ၊ ဝိပဿနာ “အား” တစ်ခုခုပေါ်လာရမည်။ ဤသို့ သတိဉာဏ်သည် တစ်ကိုယ်ရေတစ်ယောက် “အား”ကို ကျေနပ်လောက်အောင် ဖော်ထုတ်ပေးသည်။

စုပေါင်းအားကို ခန္တီနှင့်မေတ္တာက ဖန်တီးပေးသည်။ သည်းခံခွင့်လွှတ်မှု အားနည်းလျှင် မေတ္တာအား ဖော်ထုတ်ဖို့မလွယ်၊ ဥပေက္ခာ အားနည်းလျှင်လည်း မေတ္တာမစင်ကြယ်တတ်၊ ဆွေမျိုးမိတ်ဆွေ၊ တစ်စိမ်း မည်သူနှင့် အတူနေရနေရ ခန္တီ၊ ဥပေက္ခာမွှမ်းထုံသည့် မေတ္တာဖြင့် လွှမ်းခြုံထားနိုင်မှ စုပေါင်း“အား”ကို ရနိုင်မည်။ သတိဉာဏ် ဦးဆောင်မှလည်း စုပေါင်းအား စေ့စပ်သေချာမည်။

အများနှင့်စုပေါင်းနေလျှင် ယင်ကောင်လို မရှုပ်ထွေး၊ မညစ်ညမ်းစေရ၊ ပျားကောင်လို ဖွဲ့စည်းပုံ စနစ်ဖြင့် ဖြောင့်မှန်စွာ ပေါင်းစုတတ်ရမည်။

သတိရှိလျှင် အလုပ်ဖြစ်သည်။ အလုပ်ဖြစ်လျှင် “အား”ပါသည်။ အလုပ်တိုင်း “အား”ပါအောင် သတိကို အသုံးချကာ
၁။ လုပ်ကိုင်ဆောင်ရွတ်လိုသည့် အာရုံကို အလုပ်မဖြစ်မချင်း ပုံပေါ်အောင် ဖော်ယူရမည်။
၂။ အာရုံနှင့်စိတ် ချပ်ချပ်ရပ်ရပ် စွပ်မိသွားအောင် ကပ်ပေးရမည်။
၃။ အချိန်အကြိမ် လုပ်ငန်းပမာဏအားဖြင့် ကန့်သတ်ထားသည့် အလုပ်မပြီးမချင်း အာရုံမပျောက်အောင် ထိန်းထားရမည်။
၎။ အလုပ်တစ်ခုလုပ်နေစဉ် အခြားအာရုံ မဝင်ရအောင် ကန့်သတ်ထားနိုင်ရမည်။
၅။ အလုပ်တစ်ခု လုပ်နေစဉ် အစအလယ်အဆုံး အကုန်သိနေအောင် အသိချင်းစပ်ထားရမည်။
၆။ ပြုလုပ်နေစဲအလုပ်အားလုံး အရေးကြီးသည်ဟု သဘောထားရမည်။
သို့ရာတွင် တစ်ချိန်၌ အလုပ်တစ်ခုသာ အရေးကြီးရမည်။ နှစ်ခုသုံးခု တစ်ပြိုင်တည်း ပြွက်သိပ်၍ အရေးကြီးလျှင် ရှုပ်သွားမြုပ်သွားတတ်သည်။ အရှိအောက် ပိသွားတတ်သည်။

အမြဲအားရှိနေဖို့ သတိကို အမြဲကိုင်စွဲထားရုံသာတည်း။ ကိလေသာကိုနိုင်မှ တရား“အား”ဟုခေါ်သည်။ ကိလေသာသည် သတိနှင့်တွဲမဖြစ်နိုင်၊ သတိကိုင်သလောက် ကိလေသာကိုနိုင်ပြီး အံဖွယ်ထူးခြား လူ့စွမ်းအားများ အဆက်မပြတ် ရရှိနေတော့မည်သာ ဖြစ်ပေသည်။

မှတ်ချက်။ ။ တိပိဋက ယောဆရာတော်၏ “တိပိဋက ဓမ္မလက်ဆောင်များ” စာအုပ် ထုတ်နှုတ်တင်ပြပါသည်။

Read more »

ဒါနမြောက်အောင် ပေးပါ...

ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊ င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့ အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက ရှိလာပါတယ်။ ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊ သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ ဒါနကုသိုလ်ပါပဲ။ ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး ဒါနမြောက်၊ မမြောက်တော့ ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင် ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့ မပေးမိကြဖို့တော့ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့ ဒါနသက်သက်ပေးခြင်းမျိုးနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။

လူဆိုတာက ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့ သူတွေကိုပဲ ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့် ငါလေးတွေ ဦးစီးပြီး ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက် တဏှာရဲ့ ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ “ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊ ညာလုပ်ပြစ်တယ်” ဆိုတာတွေ ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့ စိတ်မကောင်းဖြစ်ရတာနဲ့၊ စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊ မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့် စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။ ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့ တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့် ပေးခြင်းရဲ့ နောက်မှာ အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း ဖြစ်ပါတယ်။

တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ် ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့အခါမှာတော့ ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့ တဏှာမကပ်ဘဲ ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက အများကြီး တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင် သားသမီးဝတ္တရားကို ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ ဒါနမြောက်နေတယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊ မိသားစုကိုကျွေးတာ၊ ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင် ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို ခွါပြီး မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့ တတ်နိုင်သလောက် ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊ မိဘဝတ္တရားအရ စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု စတာတွေကို ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ ရပေမယ့် ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက ပါနေတတ်ကြတော့ ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊ ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို သတိပြုမိစေချင်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင် ဒါနတွေ မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့် ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ပိုလျှံနေလို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူ “ငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာ” စတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့ တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို ခွာပြီး ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင် မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ စတာတွေဟာ နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး အပေးတတ်ရင် ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊ ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး အားကြီးတဲ့ သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့ ပေးနိုင်အောင် ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ ပေးကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »

ဝါဆိုရည်မှန်း မြတ်သင်္ကန်း…

ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ ရဟန်းတော်များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင်ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါမဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင်နိုင်ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ ဝဿာဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်းဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြပါတယ်။ ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပိုအနေနဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။

ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှုရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီးလေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။ လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအားလုံးကိုချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိတဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်းကြားဖို့ စေလွှတ်လိုက်ပါတယ်။ အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ပြီး ကျောင်းမှာရဟန်းတော်များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။ အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါတရားနည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘောပေါက်ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကို လှူဒါန်းခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါတယ်။ ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန်ကာလ သတ်မှတ်ချက်အကြောင်းလည်း ပြောဖို့လိုလာပါတယ်။ ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြုလုပ်နိုင်တဲ့ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်းတဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည်မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီး ဖြစ်ပါတယ်။

ဒီတော့ ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေးစရာ မေးခွန်းတွေလည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီး လှူဒါန်းမယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံတော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင်သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန်အဖိုးထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင်မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆိုသင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရဒါနခေါ် သင်္ကန်းအလှူမြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီးထူးခြားတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာ လိုအပ်တဲ့အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။

ပြီးတော့ ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့လည်း အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်း အလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ရှိစေတော့။ ပြောချင်တာက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလဒါနအကျိုးကိုလည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းနဲ့ ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူရတဲ့ အကျိုးအားကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။ လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြားအပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက အကောင်းဆုံးအလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူကိုလည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

Read more »

စိတ္တသုခ၏ ကိုရီးယား + မြန်မာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ဒယ်ဂူးအသံမှ ကူးယူဖော်ပြပါသည်

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)၏ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်၍ လာမည့် ၁၇-၇-၂၀၁၁ (ဝါဆိုလပြည့်ကျော် ၂ရက်)နေ့တွင် တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဒယ်ဂူးမြို့ရှိ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ဒေသရှိ၊ ဂရိမုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းတွင်လည်း စိတ္တသုခ အဖွဲ့သားများ၏ ဝါဆိုသင်္ကန်းကပ် အလှူတော်အဖြစ် ၁၅-၇-၂၀၁၁ (ဝါဆိုလပြည့်)နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိတ္တသုခ၏ ယခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် (၂)နေရာ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှန်းဝင့်နွယ်က “ကျွန်တော်တို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ ဘာသာ၊ သာသနာအကျိုး၊ လူမှုအကျိုးတွေကို တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တာရယ်၊ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာ အကျိုးတစ်ခုခု ဖြစ်ထွန်းစေချင်တာရယ်၊ စိတ္တသုခ ကျောင်းဒကာဒကာမများရဲ့ အလှူများကို ကိုရီးယားနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာပါ လှူဒါန်းပြီးသား ဖြစ်စေချင်တာရယ် စတဲ့ရည်ရွယ်ချက်တွေကြောင့် ဒီနှစ်ဝါဆိုသင်္ကန်း အလှူကို (၂)နေရာမှာ လှူဒါန်းကြဖို့ အခုလို အကောင်အထည် ဖော်ဖြစ်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေ များနေပေမယ့် အဓိကလိုအပ်တဲ့ နေရာကို လှူကြမယ်လို့ ကျွန်တော်တို့ ဆရာတော်အပါအဝင် လူကြီးတွေနဲ့ တိုင်ပင်ကြတဲ့အခါ ဂိရိမုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ကျောင်းကို လှူဒါန်းဖို့ ရွေးချယ်ဖြစ်ကြောင်း၊ မြေပုံမြို့မှာရှိတဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှာ ရဟန်းသံဃာ အပါး (၂၀)နဲ့ ဆယ်တန်းကျောင်းသားကျောင်းသူ အယောက် (၄၀)လောက်ကို ဝါဆိုသင်္ကန်းနဲ့ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အလှူတွေလှူဒါန်းဖို့ အပါအဝင် တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းဖို့လည်း စီစဉ်ဆောင်ရွတ်ထားကြောင်း၊ မြန်မာပြည်မှာက ဝါဆိုလပြည့်နေမှာ ပြုလုပ်ပြီး ကိုရီးယားမှာကတော့ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်အောင် ဝါဆိုလပြည့်ကျော် (၂)ရက်နေ့မှာ လုပ်မှာဖြစ်ပြီး ကိုရီးယား+မြန်မာ အလှူနှစ်ခုကို အများပေါင်းစုလို့ တစ်ပေါင်းတည်း ရေစက်ချ အမျှဝေမှာ ဖြစ်ကြောင်း” စသည်ဖြင့် ဒယ်ဂူးအသံအား ရှင်းလင်းပြောကြားသည်။

ထို့အပြင် ၁၇-၇-၂၀၁၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဒါဆန်စက်မှုဇုန်ရှိ မြန်မာရွှေညီအစ်ကိုများကလည်း အဆိုပါအလှူပွဲသို့ ကြွရောက်လာသည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့အား အထူးစပါယ်ရှယ် မြန်မာအစားအစာများဖြင့် လှူဒါန်းကျွေးမွေး ဧည့်ခံမည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာများ အနေဖြင့် မည်သူမဆို ကြွရောက်ချီးမြှောက်ကာ သာဓုအနုမောဒနာ ခေါ်ဆိုပေးကြဖို့ ဒယ်ဂူးအသံမှတစ်ဆင့် ဖိတ်ကြားအပ်ပါကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရပ်နီးရပ်ဝေးရှိ ကိုရီးယားရောက် ရွှေမြန်မာများ အနေဖြင့်လည်း ၁၇-၇-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိတ္တသုခ၏ ကိုရီးယား+မြန်မာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ အတူတကွ ကြွရောက်၍ ကုသိုလ်ယူကြပါရန် ကျောင်းအကျိုးဆောင်များနှင့် အလှူရှင်များကိုယ်စား ဒယ်ဂူးအသံ ဝိုင်းတော်သားများမှ ထပ်မံ၍ အသိပေးဖိတ်ကြားလိုက်ရပါသည်။

Read more »

Facebookက အမေးတစ်ပုဒ် (၃)

မေး။ အရှင်ဘုရား.. တပည့်တော် မေးလျှောက်စရာများရှိလို့ မေးပါရစေဘုရား။ ၀ါတွင်းကာလ နီးလာဘီဆိုတော့ အိမ်အပြောင်းအရွေ့များ အယူအဆအရ မလုပ်ကြရပါဘူးလို့ ဆိုတယ်ဘုရား၊ အကယ်၍ ပြောင်းရွေ့စရာများ ရှိရင်လည်း ၀ါမ၀င်ခင်ကထဲက စတိသဘော ပြောင်းထားရပါတယ်တဲ့။ ဒီလိုမှ မဟုတ်ရင်တော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ပေါ့ဘုရား။ တပည့်တော်များလည်း ဒါတွေကို လိုက်နာ ကျင့်သုံးလာတာလည်း ကြာလှပါဘီဘုရား။ ရေရေလည်လည် မသိဘဲ လိုက်နာကျင့်သုံးလာရတော့ တစ်ခါတစ်လေ အဓိပ္ပါယ်ကို တိတိကျကျမသိဘဲ။ ရည်ရွယ်ချက်ကို တိတိကျကျမသိဘဲ။ မျိုးရိုးစဉ်ဆက် ကျင့်သုံးလာလို့ ကျင့်သုံးနေရတယ်လို့ ဆိုလို့လည်း ရပါတယ်။ ယခုတော့ ဒီလိုအယူအဆတွေကို တကယ်ဘဲ လိုက်နာကျင့်သုံး သင့်သလားဆိုတာကို တွေးမိလာရ ပါတယ်။ တကယ်ကျင့်သုံးရမယ်ဆိုရင်လည်း ဘာကြောင့်ကျင့်သုံး သင့်သလဲဆိုတာကိုလည်း သိချင်လာ ပါတယ်။ အဲ့သည့်အတွက် ဘုရားဟောကျမ်းစာများတွင် ဖော်ပြပါဝင်ပါသလားဘုရား။ မေတ္တာရှေ့ထား၍ တပည့်တော်အား ဖြေကြားပေးပါဟု လျောက်ထားပါရစေဘုရား...။

လေးစားစွာဖြင့်...
ဗုဒ္ဓဟောကြား မြတ်တရား

ဖြေ။ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ လောကဓာတ်ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့် အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေးတာတို့၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီးမှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်နိုင်ပါတယ်။ ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်းဆိုတာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင်ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။ ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောကဓာတ် ဆရာတွေရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့် ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာတို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုခေတ်စားလာတာတွေဟာ ဘုရားဟောမှာပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး။

ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ မလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာ မရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ်ဆိုတာ မရှိပါဘူး။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာက အားမပေးပါဘူး။ အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေ သိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်စေပါတယ်။ အဲဒီသုတ်တော်မှာ ဘုရားရှင်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်းပါတယ်၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အချိန်အခါ ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ်ပါတယ်” လို့ ဟောကြားတော်မူထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့အခါ၊ မြို့ရွာအသစ်တည်တဲ့ အခါတွေနဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ်မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဒီသုတ်တော်မှာ ဘုရားရှင်က “ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏၊ ဤအရပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ ရှိသောနတ်တို့အား အလှူ၏ အဖို့ကို အမျှဝေရာ၏၊ ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူကို အတုန့်ပြန်၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန်၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊ နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏” လို့ ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။ ဒီစကားတော်အရ အိမ်အသစ်တက်တဲ့အခါ၊ နေရာအသစ် ပြောင်းတဲ့အခါမှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင်ရဲ့ တရားတော်နဲ့လည်း ညီညွတ်လှတဲ့အတွက် ကောင်းတဲ့အစဉ်အလာလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်၊ ဘယ်ကာလမှာ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟောနဲ့ မညီသလို၊ ကိုယ့်ရဲ့ ကံတရားတွေကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်းဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။ ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်းလာကြတာ ဖြစ်ကြောင်း၊ ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ ဘယ်ကာလစတာတွေ ရွေးကြဖို့ထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊ ဘယ်လိုကောင်းမှုမျိုးကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်းကသာ ဗုဒ္ဓအလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အယူအဆတွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများနဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီး ဘုရားဟော အယူအဆ မဟုတ်တဲ့အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ တကယ်အလေးထားရမှာက မိမိတို့ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာဖြစ်ကာ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်းဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ် အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်းတဲ့ အလုပ်များကို လုပ်နေတဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၃)...

ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာ
ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”လို့ မေးဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ