ဘယ်မှာငါဟု ရှိအံ့နည်း

“လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊ လူ့ဗာလတို့
များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်
တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။”
(လယ်တီဆရာတော်ကြီး)

ယခုတစ်လော ငါသမားများဖြင့်သာ အတွေ့များနေ၏။ “ငါကအကြီး၊ ငါ့ကို ဒီလိုမဆက်ဆံသင့်ဘူး၊ ငါက ဘုရားသားတော် တစ်ပါးပဲ ဒီလိုမျိုးတော့ မပြောသင့်ဘူး” စသည်ဖြင့် ပြောဆိုလာကြသည့် ရဟန်းတော်အချို့၊ “တပည့်တော်က အဖေပဲ တပည့်တော်စကားကို နားထောင်ရမှာပေါ့၊ တပည့်တော် ဘာပဲဖြစ်ဖြစ် အဖေက အဖေပဲ အဖေ့အပေါ် ဒီလိုသဘောမထားဖို့ အဲဒါ အရှင်ဘုရား တပည့်ကို ဆုံးမပေးပါဦး” စသည်ဖြင့် လျှောက်ထားလာကြသည့် အဖေအချို့၊ “အရှင်ဘုရား စဉ်းစားကြည့်ဘုရား သူ့အတွက်ဆိုရင် တပည့်တော်မှာ ကိုယ့်ဂုဏ်သိက္ခာတောင် မထောက်ဘဲ လိုအပ်သလို ကူညီပေးခဲ့တာ၊ အဲဒါကို သူကတပည့်တော်ကို ဒီလိုဆက်ဆံတော့ တပည့်တော်လည်း ကိုယ့်မာနနဲ့ကိုယ်ဘုရား၊ နဂါးမှန်းသိအောင်တော့ အမောက်ထောင်ပြရမှာပဲ” စသည်ဖြင့် ရင်ဖွင့်လာသည့် ဂုဏ်သရေရှိ လူပုဂ္ဂိုလ်အချို့၊ “အရှင်ဘုရားရယ် သူသိတာလောက်တော့ ပြင်းတောင်ပြင်းသေးတယ်၊ တပည့်တော်က တမင်မသိချင်ယောင် ဆောင်နေတာ၊ အမှန်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရှင်ဘုရားတို့တောင် တပည့်တော်လောက် သိမှာမဟုတ်ဘူးဘုရား” စသည်ဖြင့် သူသိကြောင်း၊ တတ်ကြောင်း၊ တော်ကြောင်း ပြောလာသူအချို့။ ဤသို့စသည့် ငါသိငါတတ်သမားများဖြင့် အတွေ့များလာ၊ အပြောများလာသဖြင့် စာရေးသူသည်လည်း ငါစွဲလေးများဖြင့် ငါသိသမျှ ပြောဖြစ်လာပြန်၏။ ငါဟူသည်မှာ မရှိပါဟု ဆိုလာသော်လည်း ငါငါအစွဲများဖြင့် ငါသိငါတတ် ဖြစ်နေရပြန်၏။ ကြောက်မက်ဖွယ်ရာ ငါတွေပါတကား။

မှန်၏။ ငါဟူသည့် အတ္တအစွဲများသည် အလွန်ကြောက်ဖွယ် ကောင်းလှပေ၏။ သတ္တဝါများအား ဒုက္ခအပေးဆုံး၊ ဒုက္ခအဖြစ်စေဆုံး အရာမှာလည်း ထိုငါများပင် ဖြစ်၏။ “ငါသိငါတတ်၊ ငါတော်ငါကျော်၊ ငါဟုတ်ငါလုပ်၊ ငါကျွေးငါပေး” စသည်ဖြင့် နေရာတိုင်းတွင် ငါနှင့်ယှဉ်ကာ သူသူငါငါ တငါတည်း ငါနေတတ်ကြပေ၏။ တဒင်္ဂအခိုက်အတန့် အရှိတရားများကို အမြဲတည်တံ့နေသယောင် အထင်မှားအမြင်မှားများဖြင့် အစွဲလန်းကြီး စွဲလန်းနေတတ်ကြ၏။ ပညာတတ်သူကလည်း ပညာဟူသည့် တဒင်္ဂအရှိတရား၊ ရာထူးရှိသူကလည်း ရာထူးဟူသည့် အခိုက်အတန့် အရှိတရား၊ ဂုဏ်ရှိသူကလည်း ဂုဏ်ဟူသည့် ခဏတာ အရှိတရား၊ ယုတ်စွအဆုံး ဘာမှမရှိသည့် သူဆင်းရဲသား သက်ကြီးရွယ်အိုးများကပင် အရွယ်ကြီးသည်ဟူသည့် ဝယဂုဏ်များဖြင့် မရှိရှိသည့် အရာများတွင် ငါများဝင်နေမိတတ်ကြ၏။ နောက်ဆုံးတော့လည်း ထိုငါများသည် ထာဝရမသွားဘဲ အခိုက်အတန့် အငှါးများအဖြစ်ဖြင့်သာ ပျောက်ပျက်သွားခဲ့ကြခြင်းပင် ဖြစ်၏။

သို့သော် သတ္တဝါအများသည်ကား မသိမှု အဝိဇ္ဇာတရားများ အခြေခိုင်ထားသဖြင့် မရှိကို အရှိဟုထင်ကာ မမြဲသည်ကို မြဲသည်ဟု ထင်လျက် ငါမဟုတ်သည်ကို ငါဟု ထင်နေတတ်ကြပေ၏။ မသိမှုကို အခြေခံထားသည့် ထိုငါများသည် သတ္တဝါများအား သိသမျှနှင့် ရှိသမျှအပေါ်လောက်တွင်လည်း မာန်မာနဝင်စေတတ်၏။ ငါကိုအခြေခံ၍ မာနဝင်မိလျှင် ထိုမာနကပင် တစ်ဖန်ငါကိုခက်ထန်စေတတ်၏။ ခက်ထန်သည့် မာနဖြင့် ငါကြွလာလျင် အရာရာတွင် အထက်စီးမြင်၍ နှိမ့်ချမှုပျောက်ကာ နိဝါတဖြစ်သည့် မင်္ဂလာတရားလည်း မရှိဘဲ ဖြစ်တတ်ပေ၏။ နိဝါတမရှိလျှင် သိစရာဖြစ်သည့် အသိပင်လည်း မသိဘဲ ဖြစ်တတ်၏။ အသိမရှိလျှင် ကျင့်ဖွယ်လည်း မရှိဖြစ်ပြီး မကျင့်လျင်ကား မချင့်နိုင်ဖြစ်ကာ အဆင့်ပါ ယိုင်နေကြမည်သာ ဖြစ်၏။ အရင်းစစ်သော် မသိမှုကို အခြေခံသည့် ငါစွဲများသည် သတ္တဝါများအား အရာရာတွင် လွဲယိုင်သွားကာ လုပ်သမျှ အမှားများဖြင့် အဆုံးတွင် အပုတ်ကောင်သာထားပြီး သွားကြရသည်ဟူသည့် ကောက်ချက်ကိုသာ တွေ့ရပေ၏။

ငါဟူသည့် အတ္တမရှိ၊ အရာရာသည် အနတ္တသာ ဖြစ်သည်ဟူသည့် ဗုဒ္ဓဘုရား၏ အနတ္တဝါဒ ပေါ်ထွန်းလာပြီးသည့် နောက်တွင်လည်း သတ္တဝါများ၏ အတွင်းသန္တာန်ဝယ် ဘဝါဘဝ သံသရာအစကစ၍ ကိန်းဝပ်နေခဲ့ကြသည့် ငါဟူသည့် အတ္တများက အစွမ်းကုန် လွှမ်းမိုးထားနေကြသဖြင့် ငါများက မပျောက်ကြဘဲ ရှိနေကြပေ၏။ အတ္တဝါဒကို တိုက်ဖြတ်နိုင်ရန် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပင် အနတ္တဟူသော အမည်ဖြင့် သုတ်ဒေသနာတစ်ပုဒ် ဟောထုတ်ပေးခဲ့သော်လည်း အတ္တဟူသည့် အရှုတ်ကား ရှိမြဲရှိနေကြပေ၏။

မြတ်စွာဘုရားရှင်၏ ဒေသနာအချုပ်ကို ကောက်ချက်ထုတ်ကြည့်သော် “ငါဟူသည်မရှိ၊ ငါပိုင်ဆိုင်သည်ဟူသည် မရှိ၊ ငါ့ကိုယ်ဟူသည် မရှိ၊ လောကရှိ သတ္တဝါမှန်သမျှ နာမ်နှင့်ရုပ်သာရှိ၏၊ ထိုနာမ်ရုပ်ကို အမှီပြုကာ စွဲလန်းစေတတ်သည့် ခန္ဓာအစုကြောင့်သာ သတ္တဝါများသည် ငါ၊ င့ါဥစ္စာဟု ဆိုနေကြခြင်း ဖြစ်၏၊ အကယ်၍ ထိုခန္ဓာအစုကို ငါ့ဟုဆိုပါက ထိုငါသည် ငါ့သဘောအတိုင်း၊ ငါ့အလိုအတိုင်း ဖြစ်စေနိုင်ရာ၏၊ သို့သော် ထိုသို့မဖြစ်ဘဲ သူ့သဘော သူဆောင်နေသည်သာ ဖြစ်၏။ စွဲလန်းတတ်သည့် ရုပ်အစုသည် ငါဟုဆိုပါက ထိုရုပ်အစုကို မနာကျင်အောင်၊ ငါ့သဘောအတိုင်းဖြစ်အောင် ပြုလုပ်နိုင်ရာ၏၊ သို့သော်ထိုသို့ကား မဖြစ်လာပေ၊ ထို့အတူ ခံစားခြင်း ဝေဒနာအစု၊ မှတ်သားခြင်း သညာအစု စသည်များသည်လည်း ငါခံစားသည်၊ ငါမှတ်သားသည်ဟု ဆိုပါက ငါ့သဘောအတိုင်း စီမံနိုင်ရာ၏။ သို့သော် ငါစီမံသည့်အတိုင်းကား ဖြစ်မလာခဲ့ပေ။ ဤသည်မှာ ငါ့သဘောမဆောင်ဘဲ သူ့သဘောသူဆောင်နေသည့် အချက်ပင် ဖြစ်၏” စသည်ဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ထုတ်ဖော်ခဲ့သည့် အနတ္တ၏ အမှန်သဘောကို သိရှိနိုင်ကြမည်သာ ဖြစ်၏။

ထိုသို့ ဘုရားဟော ဒေသနာများ အထင်အရှား ရှိနေသော်လည်း သတ္တဝါများအနေဖြင့်ကား သတိပညာ မယှဉ်မိပါက ရှိသမျှ အရာလေးများအပေါ် ငါဟုထင်နေမိတတ်ကြ၏။ အသိနောက်ကို အကျင့်မရောက်လျှင် ရာထူးရှိသူကလည်း ရာထူးအလျောက်၊ ပစ္စည်းရှိသူကလည်း ပစ္စည်းအလျောက်၊ ဂုဏ်ရှိသူကလည်း ဂုဏ်အလျောက်၊ ရုပ်ရည်အဆင်းရှိသူကလည်း ရုပ်ရည်အဆင်းအလျောက် စသည်ဖြင့် အခိုက်အတန့် ရှိသမျှအရာများကို အကြောင်းပြုကာ ငါဟူသည်များ ဖြစ်ပေါ်တတ်ကြ၏။ တဒင်္ဂအရှိကို အကြောင်းပြု၍ ငါဟူသည့် အတ္တများ အားကောင်းလာသည့်အခါ ထိုအတ္တကို အကြောင်းပြု၍ တစ်လွဲအယူအဆများလည်း တိုးပွားစေတတ်ပေ၏။ အယူအဆလွဲလျှင် အမှန်နည်းမည်ဖြစ်ပြီး အမှန်နည်းလာလျှင် အပြစ်လည်း များလာမည်ဖြစ်ကာ အပြစ်များခြင်းသည် အကုသိုလ် တိုးပွားခြင်းသာ ဖြစ်နေမည် ဖြစ်၏။ အရင်းစစ်သော် ငါဟူသည့် အတ္တကို အကြောင်းပြုကာ ဖြစ်ပေါ်လာသည့် သက်ရောက်မှုကား မကောင်းဘက်ကိုသာ ဦးတည်နေသည်ဟူသည့် အချက်ပင် ဖြစ်ပေတော့၏။

စင်စစ် လောကသားများအနေဖြင့် မသိမှု အဝိဇ္ဇာကြောင့် တဒင်္ဂ အရှိတရားအချို့ကို အကြောင်းပြု၍ ငါဟူသည့် အတ္တစွဲများ အားကြီးနေငြားသော်လည်း ထိုတဒင်္ဂ အရှိတရားများသည် အခိုက်အတန့်မျှသာ ဖြစ်နေပေ၏။ မည်သည့်အရာမျှ အမြဲတည်တံ့နေသည့် သဘောမရှိလှပေ။ စည်းစိမ်ဥစ္စာလည်း ခဏအခိုက်အတန့်သာ ဖြစ်ပြီး ထိုက်သူစံရမည့် သဘောဖြစ်သကဲ့သို့ ရာထူးဌာနန္တရများသည်လည်း နေ့မြင်ညပျောက် သဘောများ ရှိနေတတ်၏။ ယုတ်စွအဆုံး ဤရုပ်ခန္ဓာကြီးပင်လျှင် အကုသိုလ်ဝဋ်ကြီး၍ ပျက်ဆီးချိန်တန်လာသည့်အခါ အကောင်းမှအဆိုး၊ အလှမှမလှဖြစ်ကာ နောက်ဆုံးအသက်ပင်ဆုံးသည်အထိ ဖောက်ပြန်တတ်ပေ၏။ ပျက်စီးချိန်တန်သဖြင့် ပျက်စီးမှုနှင့် ကြုံလာပါက မိမိတို့အမှီပြုကာ စွဲလန်းခဲ့ကြသည့် အတ္တများသည်လည်း အနတ္တအဖြစ်သို့ ပြောင်လဲသွားကြရမည်သာ ဖြစ်၏။ မမြဲခြင်းတရားများဖြင့် ဖန်တီးထားသည့် ဘဝဟူသည် အမှန်အားဖြင့် ပြဇာတ်တစ်ခုမျှသာဖြစ်ကာ ပြဇာတ်ပြီး၍ ကန့်လန့်ကာ ချလိုက်သည့်အခါ အားလုံးပင် ပျောက်ပြက်သွားပြီး အချိန်တန် အိမ်ပြန်ကြရသည်သာ ဖြစ်၏။ ထို့ကြောင့် ပညာရှိများက ဘဝဟူသည် တဒင်္ဂသာဖြစ်ပြီး ရှိသမျှသည်လည်း အခိုက်အတန့်သာ ဖြစ်သဖြင့် လောကတွင် ငါငါ့ဥစ္စာဟူသည် တစ်စုံတစ်ခုမျှ မရှိကြောင်း ဆိုခြင်း ဖြစ်၏။

အချုပ်ဆိုသော် အများက တန်ဖိုးထား၊ အထင်ကြီးနေကြသည့် စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရနှင့် အတတ်ပညာ၊ ရုပ်ရည်အဆင်း စသည်များသည် အမြဲရှိသည့် အရှိတရားများ မဟုတ်ဘဲ အခိုက်အတန့်သာ ဖြစ်တည်နေကြသည့် တဒင်္ဂအရှိတရား ဖြစ်သဖြင့် လောကီဘုံသား လူအများအနေဖြင့် ထိုတဒင်္ဂအရှိတရားများကို အကြောင်းပြု၍ ငါဟူသည့် အတ္တစွဲများ အားမကြီးသင့်ကြောင်း၊ အစွဲကြီးလျှင် အလွဲကြီးတတ်သဖြင့် ထိုအစွဲတရားများကို အသိပညာအကျင့်တရားဖြင့် နည်းသထက်နည်းအောင် လေ့ကျင့်သင့်ကြောင်း၊ မိမိတို့က မြဲသည်ဟုထင်နေသည့် ထိုအရှိတရားများသည် အချိန်တန်လျှင် ထားသွားခွဲသွားရမည်ဖြစ်သဖြင့် ထိုအခွဲတရားနှင့် မမြဲတရားကို အကြောင်းပြု၍ ငါ၊ ငါ့ဥစ္စာဟူသည် အတ္တမာနများ မတိုးပွားအောင်သာ ကြိုးစားကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဇာတ်ခုံ ဤလူ့ဘုံကြီးတွင် ငါငါဟူ၍ ငါစွဲများဖြင့် အခိုက်အတန့် အရာများတွင် အမြဲထင်ကာ မာနဝင်နေတတ်ကြသည့် လောကီဘုံသားများ အနေဖြင့် ဘုရားရှင်နှင့် ပညာရှိများ ဆုံးမတော်မူသကဲ့သို့ လောကတွင် အမြဲတည်နေသည့် အတ္တဟူသည်မရှိ၊ အချိန်တန်လျှင် ဖောက်ပြန်ပျက်စီးသွားမည့် အနတ္တမျှသာ ဖြစ်သည်ဟူသည့် လောကအမှန်တရားကို သတိပြုဆင်ခြင်ကာ ရှိသမျှအပေါ် အသိချော်ပြီး ငါသိငါတတ်ငါရှိငါပိုင်ဟု ထင်နေတတ်သည့် အထင်မှားကို သတိပြုဆင်ခြင်ကာ လက်ရှိဘဝမှာပင် ထိုငါများ တဖြည်းဖြည်းဖြင့် နည်းသွားအောင် အသိပညာ အကျင့်ပါအောင် ကြိုးစားရင်း အချိန်ရှိခိုက် လုံ့လစိုက်လိုက်ကြပါရန် အလေးအနက် အသိပေးတိုက်တွန်း လိုက်ရပါသည်။ အားလုံး ငါမှန်သမျှ ခဝါချနိုင်ကြပါစေ…

Read more »

ဘဝနီတိ (၁)

သေးငယ်သော အကျင့်ဆိုး
သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။

ကျေးဇူးမဲ့သူ
အသင်က ကျေးဇူးပြုထားသူ တစ်ဦးသည် အသင်၏ ကျေးဇူးမဲ့ကို ပြုငြားအံ့။ အဘယ်သို့ သဘောထားမည်နည်း။ ကျေးဇူးမဲ့သူမှာ သူ့အပြစ် သူခံလိမ့်မည်ဖြစ်၍ စိတ်မကွက်ဘဲ ဥပေက္ခာပြုခြင်းသည် သူတော်ကောင်းစိတ်ဖြစ်သည်ကို သတိပြုပါ။

အရှက်နှင့်အကြောက်
မကောင်းမှုကို မကောင်းမှုမှန်း သိသဖြင့် ရှက်ကြောက်ရှောင်ကြဉ်ခြင်းထက် လူသိမည်ကို ရှက်သဖြင့် ရှောင်ကြဉ်ခြင်းသာ များ၏။ လောက၌ လူမသိအောင် ပြုလုပ်နိုင်သော မကောင်းမှုတို့သည် မကောင်းမှုသာ ဖြစ်သည်ဟု မျက်ကွယ်မျက်မှောက် ရှောင်ကြဉ်နိုင်မှသာလျှင် အထွတ်အထိပ် မြင့်မြတ်သော ရှက်ကြောက်ခြင်း (ဟိရိသြတ္တပ္ပ) ဖြစ်သည်ကို သိရာ၏။

အကျင့်သိက္ခာ
လိမ်လည်ကောက်ကျစ်ခြင်း၊ ခိုးခြင်း၊ လာဘ်စားခြင်း၊ ချောက်တွန်းခြင်း၊ သောက်စားခြင်း၊ သူ့သားမယားကို ပြစ်မှားကျူးလွန်ခြင်း စသော အမှုဆိုး၊ ဒုစရိုက်တို့ကို အားလုံးဖြစ်စေ၊ အနည်းဆုံး တစ်ပါးမျှဖြစ်စေ ဤတစ်သက်တွင် အသက်သေစေကာမူ မဖောက်ပြန်၊ မကျူးလွန်ပါဟု အဓိဋ္ဌာန်ပြုနိုင်က သင်၏အကျင့်သိက္ခာ၊ အနိမ့်အမြင့် အဆင့်အတန်းမှန်ကို ဧကန်သိနိုင်မည့်အပြင် အကျိုးထူးတရားကိုလည်း ဒိဋ္ဌခံစားရမည်ဖြစ်၏။

အဆင်းတွန်းမချသင့်
ဒုက္ခရောက်နေသူကိုတွေ့လျှင် ကူညီနိုင်က ကူညီပါ။ မကူညီနိုင်လျှင် လျစ်လျူရှုပါ။ ရေနစ်နေသည့်သူကို ဝါးကူ၍နှစ်သလို တိုး၍ဒုက္ခရောက်အောင် မလုပ်ပါနှင့်။

အမှန်မပြောလို
လူတို့သည် သူတစ်ပါးတို့ မှန်ကန်စွာ ပြောဆိုခြင်းကို စင်စစ် နှစ်သက်ကြ၏။ သို့သော် မိမိတို့ကိုယ်တိုင်မူ အခါခပ်သိမ်း မှန်ကန်စွာ ပြောဆိုခြင်းကို မပြုတတ်ကြကုန်။

မတိုင်ပင်ကောင်း
အကြင်သူသည် မိန်းမလိုက်စား၊ လောင်းကစားနှင့် သောက်စားမူးယဇ် အပျော်ကြူးလေ့ရှိအံ့။ ထိုသူအား ရေးကြီးခွင်ကျယ် တိုင်ပင်ဖွယ်တို့ကို မတိုင်ပင် မဆွေးနွေး မပြောကြားရာ။

(လောကဓမ္မဘဝ နီတိပဒေသာစာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)

Read more »

စိတ်ညစ်တဲ့အခါ

စိတ်ညစ်ရင်ဘာလုပ်လဲလို့ တစ်ယောက်ယောက်က ဘုန်းဘုန်းကို မေးလာမယ်ဆိုရင် ဘုန်းဘုန်းကတော့ “စိတ်ညစ်တဲ့အခါ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းနေပြီး မျက်လွှာလေးကို အသာချလို့ ကိုယ့်စိတ်ကို ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံပြီးအာရုံပြုရင်း ပေါ့ပေါ့ပါးပါးလေးပဲ ဝင်လေထွက်လေလေးကို အခြေခံထားပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့အာရုံတွေကို အရှိအတိုင်း လိုက်သိနေတတ်တဲ့ အကျင့်လေးနဲ့ နေနိုင်အောင် ကြိုးစားတယ်”လို့ ပြန်ဖြေဖြစ်မှာပါ။ အရင်တုန်းကတော့ စိတ်ညစ်ရင် တစ်ခြားအာရုံတစ်ခုခုနဲ့ ပြောင်းပြီးစိတ်ညစ် ဖျောက်တတ်ပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးနည်းဖြစ်တဲ့ ဘုရားရှင်ရဲ့အားတွေကိုပဲယူပြီး ညစ်တဲ့စိတ်ကို သစ်အောင်လုပ်ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ စိတ်ညစ်ဖျောက်နည်းတွေ အမျိုးအမျိုးရှိတဲ့အနက် တစ်ချို့ကတော့ စိတ်ညစ်ရင် အိပ်ပြစ်ရင်လည်း အိပ်ကြလိမ့်မယ်၊ တစ်ချို့ကတော့ စိတ်ညစ်ရင် အရက်သောက်ဖြစ်ရင်လည်း သောက်ကြလိမ့်မယ်၊ တစ်ချို့လည်း ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွား လုပ်ရင်လုပ်ကြလိမ့်မယ်။ ဘယ်လိုပဲ လုပ်လုပ် စိတ်ညစ်လို့ အဲဒီစိတ်ကို အိပ်တာ၊ သောက်တာ၊ စားတာ၊ သွားတာလာတာတွေနဲ့ ဖြေကြခြင်းဟာ ခဏလောက်ပဲ ညစ်နေတဲ့စိတ်ကို မေ့မေ့ပျောက်ပျောက် ဖြစ်စေကြတာဖြစ်လို့ ဒီနည်းတွေဟာ အကောင်းဆုံးနည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အကောင်းဆုံးနည်းကတော့ စိတ်ညစ်ရင် စိတ်အညစ်အကြေးတွေ ကင်းပြီးဖြစ်တဲ့ ဘုရားရှင်ရဲ့ အားတွေနဲ့ ညစ်တာကို သစ်အောင်လုပ်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

တကယ်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်မှာအညစ်အကြေး ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ စိတ်ရဲ့ သဘောက ကြံစည်တွေးတောခြင်း သဘောရှိပြီး အာရုံနောက်ကို လိုက်သွားတတ်တဲ့ သဘောရှိပါတယ်။ အဲဒီလို သဘောရှိတဲ့စိတ်ဟာ လိုက်သွားတဲ့အာရုံကို အမှီပြုပြီး ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်သွားခြင်း ဖြစ်ပါတယ်။ အမှီပြုရတဲ့အာရုံဟာ ကောင်းတဲ့အာရုံဆိုရင် စိတ်ဟာကောင်းတဲ့စိတ် ဖြစ်တတ်ပြီး အမှီပြုရတဲ့ အာရုံဟာ မကောင်းတဲ့အာရုံဆိုရင် စိတ်ဟာလည်း မကောင်းတဲ့စိတ် ဖြစ်သွားတတ်ပါတယ်။ ဆိုတော့ကား ဒီစိတ်ကို ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံမှာ ဖြစ်စေဖို့ ထောက်ပံ့ပေးနေတာက ဘာတွေလဲဆိုတော့ စေတသိက်တရားတွေပဲ ဖြစ်ပါတယ်။ စေတသိက်ဆိုတာ အာရုံကို စေ့ဆော်ပေးတဲ့တရား၊ ထောက်ပံ့ပေးတဲ့ တရားတွေပဲ ဖြစ်ပါတယ်။ စေတသိက်ဆိုတော့ ဘာမှန်းမသိဘဲ ဖြစ်နေတတ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ၊ မာန၊ ဒိဋ္ဌိစတဲ့ တရားတွေကို စာသံပေသံနဲ့ စေတသိက်လို့ ပြောတာဖြစ်ပါတယ်။ ဒီစေတသိက်တရားက စိတ်ကိုစေ့ဆော် ထောက်ပံ့ပေးလိုက်တဲ့အတွက် စိတ်မှာလည်း ကောင်းစိတ်၊ မကောင်းစိတ်တွေ ဖြစ်သွားတဲ့သဘောပဲ ဖြစ်ပါတယ်။ အလွယ်ပြောရင်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်နွမ်းစေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။

ကိလေသာဆိုတဲ့ စကားရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပူလောင်ခြင်း၊ ညစ်နွမ်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီကိလေသာ တရားတွေ ကိုယ့်သန္တာန်မှာ အဖြစ်များနေပြီ၊ အလွန်အကျွံဖြစ်နေပြီဆိုရင် ကိုယ့်စိတ်မှာ ပူလောင်နေတော့တာ ဖြစ်ပါတယ်။ ကိလေသာအပူ အလောင်ခံနေရတဲ့စိတ်ဟာ သန့်ရှင်းမှုမရှိဘဲ ညစ်နွမ်းနေကာ ရုပ်ကိုပါ ဖောက်ပြန်စေတော့တာ ဖြစ်ပါတယ်။ ဒီသဘောကို ကိုယ်ကိုယ်တိုင်လည်း လက်တွေ့သိနိုင်မှာ ဖြစ်ပါတယ်။ လောဘများများဖြစ်တဲ့အခါ၊ ဒေါသများများဖြစ်တဲ့အခါ၊ မောဟများများဖြစ်တဲ့အခါ၊ မာနများများ ဖြစ်တဲ့အခါ ကိုယ့်သန္တာန်မှာ ပုံမှန်နဲ့ကို မတူတဲ့ ပူလောင်မှုတွေ ဖြစ်နေပြီး အဲဒီအပူတွေကြောင့်ပဲ စိတ်ဟာလည်း လေးလံထိုင်းမှိုင်းကာ ညစ်နွမ်းလာနေတယ်ဆိုတာ သတိပြုမိရင် သိကြမှာ ဖြစ်ပါတယ်။ ဒါဟာ ကိလေသာ အပူမီးလောင်ခံရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ကား စိတ်ညစ်တဲ့သူတွေ သတိပြုရမှာက ကိုယ့်စိတ်တွေ များများညစ်နေလေ၊ ကိုယ့်သန္တာန်မှာ ကိလေသာ အပူမီးတွေ များများလောင်ခံနေရလေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အဲဒီတော့ ဒီမီးတွေ ဘာဖြစ်လို့ အလောင်ခံရတာလဲဆိုရင် ခုနပြောခဲ့သလို အာရုံတွေနောက်ကို အလွယ်လိုက်တတ်တဲ့ ကိုယ့်စိတ်ကို သတိမပြု၊ မထိန်းချုပ်မိဘဲ ရောက်လာသမျှ အာရုံတွေကို လက်ခံလိုက်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ရောက်လာတဲ့ အာရုံတွေကို လက်ခံလိုက်တဲ့ ကိုယ့်စိတ်ဟာ ကောင်းတဲ့အာရုံတွေကို လက်ခံမိလိုက်ရင် စိတ်ညစ်တယ်ဆိုတဲ့ စကား၊ စိတ်ညစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ဖြစ်စရာ အကြောင်းမရှိပေမယ့် မကောင်းတဲ့အာရုံတွေကို လက်ခံမိလိုက်ကြမယ်ဆိုရင်တော့ ဒီလိုစိတ်ညစ်တာ၊ စိတ်တိုတာ၊ စိတ်ဆိုးတာ စတဲ့ခံစားမှုမျိုးတွေလည်း အဆက်မပြတ် ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာအပူမီးတွေ နှိပ်စက်ခံရတဲ့အခါ စိတ်မှာလည်း သန့်ရှင်းမှုမရှိတော့ဘူးဆိုတာ အလွယ်တကူ သိနိုင်ကြပါတယ်။ မတရားလိုချင်တဲ့စိတ်၊ စိတ်ဆိုးစိတ်တို ဒေါသဖြစ်တဲ့စိတ်၊ အမှန်အမှားကို မခွဲခြားနိုင်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူတပါးအပေါ် နှိမ့်ချလိုတဲ့စိတ်၊ မနာလိုတဲ့စိတ်၊ စိုးရိမ်ပူပန်တဲ့စိတ် စသဖြင့် စိတ်တွေအမျိုးမျိုး ဖြစ်နေကြတာဟာ ဒီစိတ်ကို ဒီလိုမျိုးဖြစ်အောင် ပူလောင်စေ၊ ညစ်နွမ်းစေတဲ့ ကိလေသာတရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိလေသာရဲ့ ဖမ်းစားတာကို ကိုယ်ကသတိနဲ့ မထိန်းနိုင်ဘဲ သူ့အလိုအတိုင်း လိုက်မိလိုက်တဲ့အတွက် ကိုယ့်သန္တာန်မှာ အဲဒီလို မကောင်းတဲ့စိတ်တွေ ဖြစ်လာပြီး ပင်ကိုယ်က အပြစ်ကင်းနေတဲ့စိတ်ဟာ ဒီကိလေသာ အပူမီးတွေကြောင့် ညစ်နွမ်းတဲ့အဆင့်အထိကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ အဲဒါကိုပဲ စကားနဲ့ပြောတော့ စိတ်ညစ်တယ်ဆိုတဲ့ အသုံးတွေနဲ့ ပြောဆိုသုံးစွဲကြခြင်း ဖြစ်ပါတယ်။ အရင်းစစ်တော့ စိတ်ညစ်တာတွေဟာ ကိလေသာတွေကြောင့်ပဲ ဆိုတဲ့အချက်ကို သိရမှာ ဖြစ်ပါတယ်။

ဆိုတော့ကား ကိလေသာတရားတွေကြောင့် စိတ်တွေညစ်လာရင် ကိလေသာကင်းတဲ့ ပုဂ္ဂိုလ်တွေ၊ ကိလေသာကင်းစေတဲ့ အဆုံးအမတွေနဲ့ အားယူပြီး ညစ်တာကို သစ်အောင်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအားတွေယူဖို့ဆိုတော့ ကိလေသာအကင်းဆုံးနဲ့ အားအရှိဆုံးဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ အားကိုယူတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့အား၊ ဘုရားရှင်ရဲ့ တရား၊ ဘုရားရှင်ရဲ့ လမ်းညွှန်မှုနဲ့ ကိလေသာတွေကို ပါးစေပြီး စိတ်ညစ်တာတွေကိုဖျောက်ကာ ကိုယ့်စိတ်ကို သန့်ရှင်းစေတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဘုရားရှင်က စိတ်မှာအညစ်အကြေးဖြစ်ရင် စိတ်နဲ့ဆေးမှပဲ သန့်ရှင်းစေနိုင်တယ် ဆိုတာကို အကြောင်း တိုက်ဆိုင်တိုင်း မိန့်တော်မူလေ့ရှိပါတယ်။ ကိလေသာ အပူမီးတွေကြောင့် စိတ်တွေညစ်နွမ်း နေတဲ့အခါ အဲဒီစိတ်ကို သိအောင်ကြိုးစားပြီး သတိနဲ့နေဖို့ လမ်းညွှန်ပေးလေ့ ရှိပါတယ်။ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်စေတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်တဲ့အတွက် စိတ်မှာဘယ်လိုမျိုးပဲ ဖြစ်ဖြစ်သိဖို့၊ ရာဂစိတ်ဖြစ်ရင်လည်း ရာဂစိတ်ဖြစ်တာကို သိဖို့၊ ရာဂကင်းတဲ့စိတ်ဖြစ်ရင်လည်း ရာဂကင်းတဲ့စိတ်ဖြစ်တာကို သိဖို့၊ ဒေါသစိတ်ဖြစ်ရင်လည်း ဒေါသစိတ်ဖြစ်တာကို သိဖို့၊ မောဟစိတ်ဖြစ်ရင်လည်း မောဟစိတ်ဖြစ်တာကို သိဖို့ စသဖြင့် ဘာပဲဖြစ်ဖြစ် သိနေအောင် ကြိုးစားဖို့ ရှင်တော်ဘုရား ဟောကြားတော်မူပါတယ်။ အရှင်ဆုံးပြောရရင် ဘုရားရှင်က ဘာပဲဖြစ်ဖြစ် အသိရှိကြဖို့နဲ့ သတိမမေ့ကြဖို့ပဲ ဆုံးမတော်မူတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားက ဘာဖြစ်လို့ ဒီလိုဆုံးမရတာလဲဆိုတော့ သတ္တဝါတွေ ဒုက္ခအမျိုးမျိုး ဖြစ်တယ်ဆိုတာ မသိရာကနေပဲ ဖြစ်နေကြတာ ဖြစ်တဲ့အတွက် အဲဒီမသိမှုကို သိစေချင်တဲ့ သဘောကြောင့် ဒီလိုဆုံးမရခြင်း ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ စိတ်ရဲ့သဘောက သူဘာဖြစ်တယ်ဆိုတာ မသိရင် အဲဒီမသိတာကနေ စွဲနေစေတော့တာ ဖြစ်ပါတယ်။ ဘာစိတ်ဖြစ်တာ၊ ညာစိတ်ဖြစ်တာကို မသိလိုက်ဘူးဆိုရင် အဲဒီမသိမှုက အဆိုင်အခဲဖြစ်ပြီး ပူလောင်စေတော့တာ ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ့်စိတ်မှာ ဘာဖြစ်တယ်ဆိုတာ သိလိုက်မယ်ဆိုရင်တော့ ဒီစိတ်ဟာ ရှေ့ကိုဆက်မသွားတော့ပါဘူး။ သိလိုက်တဲ့အခိုက်မှာ ရပ်တန့်သွားပြီး နောက်နောက်စိတ်တွေ ထပ်ထပ်ဖြစ်လာတော့တာ ဖြစ်ပါတယ်။ ဆိုကြပါစို့။ ကိုယ့်စိတ်မှာ ရာဂစိတ်တယ်ဆိုတာ သိလိုက်တယ်ဆိုရင် အဲဒီရာဂစိတ်ဟာ ပျောက်သွားပြီး နောက်သိစိတ် ရောက်လာကာ အဲဒီသိစိတ်ကိုလည်း နောက်စိတ်က သိလိုက်မယ်ဆိုရင် ရှေ့စိတ်လည်း ပျောက်သွားတော့တာ ဖြစ်ပါတယ်။ စိတ်ဟာ တစ်သတ်မှတ်တည်း ထိန်းချုပ်ထားလို့ ရတဲ့အရာမဟုတ်တော့ ဖြစ်ပြီးပျောက်ပျောက်သွားတတ်တဲ့ ရှေ့စိတ်နောက်စိတ် ပြောင်းလဲတဲ့ အခိုက်လေးတွေကိုပဲ ကြားမှာကိလေသာ မခိုအောင် သိနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို သိသိနေလို့ ကိလသာ ကြားမခိုတော့ဘူးဆိုရင် ဒါဟာ စိတ်အညစ်အကြေး ကင်းနေတာပဲ ဖြစ်ပါတယ်။ စိတ်မှာအညစ်အကြေးကင်းရင် စိတ်ကသန့်ရှင်းနေပြီး စိတ်ညစ်တာတွေလည်း ပျောက်သွားတော့တာ ဖြစ်ပါတယ်။

အရင်းစစ်တော့ စိတ်ညစ်တယ်ဆိုတာ ကိလေသာ တရားတွေကြောင့်ပဲဖြစ်ပြီး အဲဒီကိလေသာ ကြားခိုနေတဲ့စိတ်ကို သိလိုက်လို့ ပျောက်သွားတယ်ဆိုရင် ဒါဟာ စိတ်ညစ်တာတွေလည်း ပျောက်သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကြပ်ကြပ်ညစ်လေ ကိလေသာအပူတွေ များများဖြစ်လာလို့ပဲ ဆိုတာ သိလေဖြစ်အောင် ကြိုးစားပြီး အဲဒီကိလေသာ အညစ်အကြေးတွေကို သန့်စင်သွားအောင် သတိကပ်ပြီး သိမှတ်ပေးတဲ့ သတိပဋ္ဌာန်အလုပ်ကို ကြိုးစားအားထုတ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာတရားတွေရဲ့ ပူလောင်မှုကြောင့် စိတ်မှာညစ်နွမ်းပြီး စိတ်တွေညစ်လာတယ်ဆိုရင် အဲဒီကိလေသာတွေကို တိုက်ထုတ်ပစ်နိုင်တဲ့ ဘုရားရှင်ရဲ့ အားတော်တွေနဲ့ လမ်းညွှန်ချက်တွေကိုယူပြီး ကိုယ့်စိတ်ကို ဘုရားရှိခိုးတာ၊ မေတ္တာပို့တာ၊ ပရိတ်ပဋ္ဌာန်းရွတ်တာ စတဲ့ သမထအကျင့် တစ်ခုခု၊ ဒါမှမဟုတ် စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ပေါ်လာသမျှ အာရုံတွေကို သတိကပ်ပြီး သိမှတ်ပေးတဲ့ ဝိပဿနာအကျင့် တစ်ခုခုမှာ အားထုတ်နိုင်အောင် ကြိုးစားလေ့ကျင့်ကြဖို့လိုကြောင်း၊ စိတ်များများညစ်လေ ဘုရားရှေ့ကို များများရောက်အောင် သွားနိုင်လေဖြစ်အောင် ကိုယ့်ကိုယ်ကို ဆုံးမပြီး စိတ်အညစ်အကြေးကို စိတ်နဲ့ ဆေးနိုင်ဖို့လိုကြောင်း အဲဒီလို စိတ်မှာဖြစ်တဲ့ ကိလေသာအညစ် အကြေးတွေကို သတိတရား လက်ကိုင်ထားပြီး အကျင့်တရားနဲ့ ပယ်ရှားနိုင်မယ်ဆိုရင် ညစ်နေတဲ့စိတ်တွေဟာ သစ်လာကြမှာ ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာဖြစ်လို့ ညာဖြစ်လို့ စတာတွေကြောင့် စိတ်တွေညစ်ပြီး ရုပ်ပါညစ်လာတတ်တဲ့ သူတွေအနေနဲ့ စိတ်ညစ်တယ်ဆိုတာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်မှမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်စိတ်မှာလက်ခံလိုက်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ကိလေသာ တရားတွေကြောင့် ညစ်လာနေတာ ဖြစ်တဲ့အတွက် ဒီကိလေသာတရားတွေကို ပြန်လည်တိုက်ထုတ်နိုင်အောင် ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်ရဲ့အားနဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကိုသာ လက်ခံလိုက်နာပြီး ဘာပဲဖြစ်ဖြစ် သိစေနိုင်တဲ့ သမထအကျင့်၊ ဝိပဿနာအကျင့်များကိုသာ များများအားထုတ်ကာ ညစ်နေတဲ့စိတ်ကို သစ်အောင်သာ ကြိုးစားကြပါလို့ တိုက်တွန်းရင်း စိတ်များများညစ်လေ ဘုရားရှေ့ကို များများရောက်အောင် ကြိုးစားစေဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »

တရားစွဲလိုက်ပါ

တစ်ခါက အသိဒကာတစ်ယောက် အပူတကြီး ဒုက္ခမီးတွေနဲ့ ကျောင်းကိုရောက်လာပြီး သူ့ဒုက္ခကို ပြောဆိုကာ အကြံဉာဏ်တောင်းလာပါတယ်။ သူက “တစ်စုံတစ်ယောက်က သူ့ကို အမြဲလိုလို နိုင်ထက်စီးနင်း ပြုလုပ်ပြီး ဒုက္ခပေးနေတဲ့အတွက် သူ့မှာ အဲဒီပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲမှုတွေနဲ့ပဲ ကြုံနေရကြောင်း၊ ဘာမှမလုပ်၊ ဘာမှမပြောဘဲနေရင် အဲဒီပုဂ္ဂိုလ်ဟာ သူလုပ်ချင်သလို လုပ်လို့ရတယ်လို့ထင်ပြီး ပိုပိုအနိုင်ကျင့်နိုင်ကြောင်း၊ ဒါကြောင့် သူ့ကိုအသိတစ်ခုခု ရသွားအောင် တုံ့ပြန်နိုင်မယ့် အကောင်းဆုံး နည်းလမ်းရှိရင် တပည့်တော်ကို အကြံပြုပေးစေချင်ကြောင်း” စသဖြင့် လျှောက်ထားလာပါတယ်။ အကြံဉာဏ် တောင်းလာတော့လည်း ဘုန်းဘုန်းအနေနဲ့ အကြံဉာဏ်ကောင်းတစ်ခုတော့ ပေးကြည့်တာပေါ့လို့ ပြောရင်း ဘုန်းဘုန်းက သူ့ကို “ကောင်းပြီဒကာ သူလုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ သိအောင်လုပ်ချင်တယ် ဆိုရင်တော့ သူရိုက်ကိုယ်ရိုက်၊ သူမိုက်ကိုယ်မိုက်လုပ်ပြီး သိစေတာထက် လောကဥပဒေကြောင်းအရ သတ်မှတ်ထားတဲ့ တရားနည်းနဲ့သာ သိအောင်လုပ်တာ အကောင်းဆုံးပါပဲ၊ သူ့အပေါ် ဒုက္ခဖြစ်စေဖို့ထက် သူနဲ့ပတ်သက်ပြီး ကျန်တဲ့သူတွေ ဒုက္ခနည်းစေဖို့ တရားဥပဒေနည်းနဲ့ တရားစွဲလိုက်တာဟာ အသင့်တော်ဆုံးပါပဲ” စသဖြင့် အကြံပြုရင်း သူ့ကို “တရားစွဲ”ဖို့ပဲ အထပ်ထပ် အကြံပြုပေးဖြစ်ခဲ့ပါတယ်။

အမှန်တော့ ဘုန်းဘုန်းအနေနဲ့ သူ့ကို တရားစွဲခိုင်းတာက သူတို့အချင်းချင်း အညှိုးအတေးတွေ ပိုကြီးလာအောင် ရန်တိုက်ပေးတာ မဟုတ်ပါဘူး။ လောကကြောင်းအရ တန်ပြန်သက်ရောက်မှုတွေ ရှိတယ်ဆိုတာ တစ်ဖက်သူအနေနဲ့ သိသင့်သိထိုက်တာ သိသွားရအောင်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခပေါင်းစုံ တွေ့ကြုံနေရတဲ့ ဒီဒကာရဲ့ ခံစားမှုတွေ သက်သောင့်သက်သာ ဖြစ်သွားအောင်လို့ တမင်တကာ ဒီစကားကို ပြောလိုက်ခြင်း ဖြစ်ပါတယ်။ သာမန်တွေးမယ်ဆိုရင်တော့ ဘုန်းကြီးက ဒီလိုစကားမျိုး မပြောသင့်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တဲ့ တရားစွဲလိုက်ပါဆိုတဲ့ စကားက ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ ဒီဒကာအပါအဝင် တခြားတခြားသူတွေကို ဒုက္ခအပေါင်းမှ ကျော်လွှားစေနိုင်ဖို့ အကောင်းဆုံးနည်းဖြစ်တဲ့ ဘုရားရှင်ရဲ့ တရားတော်များများကို စွဲစွဲမြဲမြဲ လက်ကိုင်ထားပြီး တရားအလုပ် အားထုတ်ကာ ခံစားနေရတဲ့ ဒုက္ခအရှုတ်များကို ဖယ်ထုတ်နိုင်စေလိုတဲ့ သဘောသက်သက်ကိုသာ အဓိကရည်ရွယ်ပြီး တရားစွဲလိုက်ပါလို့ ဆိုခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းပြောလိုတဲ့ တရားစွဲလိုက်ပါ ဆိုတာက ဘုရားတရားကို စွဲစွဲမြဲမြဲ လုပ်လိုက်ပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လောကသားတွေ အနေနဲ့ ဘယ်သူ့ကြောင့်၊ ဘာကြောင့်၊ ဘယ်လိုဒုက္ခမျိုးပဲ ဖြစ်ဖြစ် ဖြစ်သမျှ အကြောင်းကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားစေတဲ့ နည်းကတော့ တရားစွဲတဲ့နည်းဟာ တကယ်ပဲ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ဒီလိုတရားစွဲလိုက်တာဟာ လောကဥပဒေကြောင်းအရပဲ ကြည့်ကြည့် ဓမ္မလမ်းကြောင်းအရပဲ ကြည့်ကြည့် ပြဿနာကို အပြစ်ကင်းအောင် ဖြေရှင်းတဲ့နည်းပဲ ဖြစ်ပါတယ်။ ဓမ္မကြောင်းအရ ရန်ကိုရန်ချင်း မတုန့်နှင်းတာ အကောင်းဆုံးဖြစ်ပေမယ့် လောကကြောင်းအရ တစ်ချို့တစ်ချို့တွေက “သတ္တိဗလ၊ စွမ်းထာမကို၊ မပြမသိ၊ ပြမှသိ၏”လို့ ဆိုတဲ့အတိုင်း အတိုင်းအတာ တစ်ခုအထိ ပြသပေးနိုင်မှ “ငါလုပ်သလို လုပ်လို့မရပါလား”ဆိုတာ အသိဝင်ပြီး ဆင်ခြင်သွားတတ်တာတွေ ရှိတတ်တဲ့အတွက် သူ့အပေါ်မှာ ဘာအငြိုးအတေးမှ မထားဘဲ လောကပညတ်ချက် ဥပဒေအတိုင်း တရားစွဲတဲ့နည်းနဲ့ ဖြေရှင်းစေခြင်း ဖြစ်ပါတယ်။ ဒါက လောကကြောင်းအရ လိုအပ်တဲ့ သူများကြောင့် ဖြစ်တဲ့ဒုက္ခအတွက် လုပ်သင့်တဲ့ တရားစွဲခြင်းပဲ ဖြစ်ပါတယ်။

ဓမ္မကြောင်းအရ တရားစွဲစေခြင်းကတော့ ကိုယ်ဖြစ်တဲ့၊ ကိုယ်ခံစားရတဲ့ ဒုက္ခကို ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ လုပ်သင့်လုပ်ထိုက်တဲ့ အကောင်းဆုံး အလုပ်ပဲ ဖြစ်ပါတယ်။ လောကမှာ ဒုက္ခဆိုတာ ကိုယ့်ကိုအကြောင်းပြုပြီး ဖြစ်ပေါ်တတ်သလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်ပေါ်လာတတ်တာ ဖြစ်တဲ့အပြင် ဘယ်လိုဒုက္ခမျိုးပဲဖြစ်ဖြစ် လက်တွေ့ခံစားရတာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တဲ့အတွက် ဒီလိုဒုက္ခမျိုးကို ရင်ဆိုင်ကျော်လွှားစေဖို့ဟာလည်း ကိုယ်ကိုယ်တိုင်ရဲ့ အားထုတ်မှုနဲ့ပဲ ဖြေရှင်းရတာ ဖြစ်ပါတယ်။ ဒီလို ဖြေရှင်းတဲ့အခါ အကောင်ဆုံး ဖြေရှင်းနည်းဖြစ်အောင် တရားစွဲပြီး ဖြေရှင်းကြဖို့ပဲ ဖြစ်ပါတယ်။ ဒုက္ခများများလေ တရားများများစွဲလေဖြစ်အောင် တရားအလုပ်ကို ကြိုးစားအားထုတ်ပြီး ကိုယ့်ရဲ့ခန္ဓာဒုက္ခကို ဖြေရှင်းကြဖို့ပဲ ဖြစ်ပါတယ်။

ဘာသာတရားဟာ စွဲမြဲလေ ပစ္စုပ္ပန် သံသရာ ကောင်းစားရေးအတွက် အထောက်အကူ ပြုပေးလေဆိုတာ လက်တွေ့ တရားစွဲနေကြတဲ့သူတွေ အသိဆုံးဖြစ်ပါတယ်။ သတ္တဝါတွေဟာ များသောအားဖြင့် ဒုက္ခပေါင်းစုံ၊ ဆင်းရဲကြုံမှ ဘာသာတရားဘက်ကို လှည့်တတ်တဲ့ သူတွေများကြပေမယ့် ဘာသာတရားကတော့ ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးကမဆို စွဲစွဲမြဲမြဲ လုပ်နိုင်မယ်ဆိုရင် လုပ်နိုင်တဲ့သူတွေကို ဒုက္ခအစုကနေ သက်သောင့်သက်သာ ဖြစ်ပေးနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ တရားအလုပ်ဟာ လိုအပ်လို့ ခဏလုပ်တာတောင်မှ အကောင်းဆုံး အထောက်အကူကို ပေးနိုင်တာဖြစ်တဲ့အတွက် စွဲစွဲမြဲမြဲသာ လုပ်နိုင်မယ်ဆိုရင် မကျော်လွှားနိုင်တဲ့ အခက်အခဲဆိုတာ မရှိနိုင်ပါဘူး။

လောကမှာ တခြားအလုပ်တွေ ဘယ်လောက်ပဲကောင်းကောင်း ဒုက္ခအပေါင်းစုံလာတဲ့အခါ အဲဒီဒုက္ခပေါင်းစုံကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တာ၊ ဒုက္ခအပေါင်းမှ သက်သာအောင် လုပ်ပေးနိုင်တာဟာ တရားအလုပ်ကလွဲပြီး ဘာမှမရှိနိုင်ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် တရားအလုပ်ကိုတော့ လုပ်ဖြစ်အောင်လုပ်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ ဘာသာတရားအလုပ်ဆိုတာ လုပ်နိုင်ရင် လုပ်နိုင်တာနဲ့အမျှ ပစ္စုပ္ပန် သံသရာ ကောင်းစားရေးကို အထောက်အကူ ပေးနိုင်တာ ဖြစ်တဲ့အတွက် အများကြီး မလုပ်နိုင်တာတောင်မှ တစ်နေ့နည်းနည်းပဲ ဖြစ်ဖြစ် စွဲစွဲမြဲမြဲ ရှိနေအောင် လုပ်သင့်ကြပါတယ်။ တရားအလုပ်ကို စွဲစွဲမြဲမြဲ လုပ်တဲ့အပိုင်းမှာ အသက်အရွယ်နဲ့ မဆိုင်သလို ရာထူးဂုဏ်ဝါတွေနဲ့လည်း မဆိုင်ပါဘူး။ ဘယ်သူမဆို လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးသက်ရောက်မှုတွေကို ဖြစ်စေမှာ ဖြစ်ပါတယ်။

နေ့စဉ်နေ့စဉ် စွဲမြဲတဲ့ တရားအလုပ် တစ်ခုခုကို လုပ်ထားနိုင်ကြမယ်ဆိုရင် အခက်အခဲ ကြုံလာတဲ့အခါ ဒီတရားတွေက ကိုယ့်ကိုစောင့်မကယ်တင်မှုကို ပြုနေမှာအမှန်ပဲ ဖြစ်ပါတယ်။ တရားအလုပ်ဟာ အသေးအဖွဲလေးဆိုပြီး ဘာမှမဖြစ်လောက်ဘူးလို့ သဘောထားလို့ မရပါဘူး။ အသေးလေးတွေ စုမိလာရင် အဆိုင်အခဲဖြစ်ပြီး အကျိုးသက်ရောက်မှုကောင်းတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဆိုကြပါစို့။ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးတဲ့ အလုပ်လေးတွေ၊ သရဏဂုံကို ပွားများတတ်တဲ့ အကျင့်လေးတွေ၊ ဂုဏ်တော်တစ်ခု ဂါထာတစ်ခုခုကို ဝတ်မပျက်အောင် ထုံလွှမ်းထားတဲ့ အကျင့်လေးတွေ စတာတွေဟာ အချိန်အများကြီး မပေးရဘဲ ကိုယ့်အတွက် စွဲစွဲမြဲမြဲလုပ်ထားရင် စွဲထားနိုင်တာနဲ့အမျှ အားအင်တွေကို ဖြစ်စေတတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဓိကကတော့ စွဲမြဲနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို တရားတစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်နေနိုင်တာကိုပဲ ဘုန်းဘုန်းတို့က ဒါဟာ တရားစွဲတာလို့ ပြောတာဖြစ်ပါတယ်။

ဒီလိုဆိုတော့ လူတိုင်းလူတိုင်း တရားစွဲကြဖို့ လိုနေတာ သေချာနေပြီ ဖြစ်ပါတယ်။ တရားမစွဲရင် မတရားတွေရဲ့ စွဲရာနောက်ကိုပါသွားပြီး ဆင်းရဲဒုက္ခတွေဟာလည်း မကြာမကြာ ရောက်လာနေတတ်တာ ဖြစ်တဲ့အတွက် တရားအလုပ်တွေကို တတ်နိုင်သမျှ စွဲစွဲမြဲမြဲ လုပ်ကြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ တရားအလုပ်ကို စွဲမြဲအောင် လုပ်တဲ့နေရာမှာ အခြေခံအကျဆုံး အလုပ်က ကိုယ်ကျင့်သီလပိုင်းကို စွဲမြဲအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ သီလအကျင့်ကို စွဲမြဲအောင်ကြိုးစားပြီး တခြားဒါနအလုပ်၊ သမထအလုပ်၊ ဝိပဿနာ အလုပ်တွေကို တစ်နေ့ နည်းနည်းပဲဖြစ်ဖြစ် စွဲမြဲနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်နေ့တိုင်း သီလကိုအခြေခံတဲ့ သမထဝိပဿနာ အလုပ်လေးတွေကို စွဲစွဲမြဲမြဲ လုပ်ထားနိုင်တဲ့ပုဂ္ဂိုလ်ဟာ တရားစွဲနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီး အဲဒီလို တရားအလုပ်ကို စွဲစွဲမြဲမြဲ ရှိထားပြီဆိုရင်လည်း သူ့အတွက်ကတော့ ပစ္စုပ္ပန်ရော သံသရာမှာပါ ဒုက္ခမှန်သမျှကို အခက်အခဲမရှိ အလွယ်တကူ ကျော်လွှားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် နည်းတာများတာ အဓိကမဟုတ်ဘဲ တရားအလုပ်ကို စွဲမြဲအောင်လုပ်နိုင်ဖို့ကသာ အဓိကဖြစ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လောကကြောင်းမှာလည်း လောကကြောင်းအရ အပြစ်ကင်းတဲ့ ဥပဒေဘောင်အတွင်းက တရားစွဲတာတွေ ရှိသလို ဓမ္မကြောင်းမှာလည်း ဓမ္မကြောင်းအရ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းစားရအောင် တရားစွဲဖို့ လိုအပ်တာတွေလည်း ရှိတတ်တဲ့အတွက် လောကကြောင်းမှာ အပြစ်ကင်းအောင် တရားဥပဒေနဲ့ ဖြေရှင်းကြသလို ဓမ္မကြောင်းအရလည်း ပစ္စုပ္ပန် သံသရာ အပြစ်ကင်းအောင် တရားအလုပ်ကို စွဲမြဲအောင်လုပ်ပြီး စိတ်ပန်းလူပန်း ဖြစ်ကြရတဲ့ ဒုက္ခအစုကို တရားနဲ့အညီ ဖြေရှင်းကြဖို့လိုကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ တရားစွဲထားရင် မတရားတွေကို လွှဲထားပြီး ဖြစ်တဲ့အတွက် တရားအလုပ်ကို စွဲသွားအောင် လုပ်ကြဖို့လိုကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။ တရားအလုပ်ဟာ စွဲမြဲအောင်လုပ်ထားရင် စွဲမြဲတာနဲ့အမျှ အားအင်အစုကို ပိုပြီးတိုးပွားစေတဲ့အတွက် ဒုက္ခများလေလေ တရားစွဲလေလေဖြစ်အောင်သာ ကြိုးစားကြဖို့ လိုကြောင်း တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် နေ့စဉ်နေ့တိုင်း ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတဲ့ လောကသားများအနေနဲ့ လောကမှာ တွေ့ကြုံနေရတဲ့ အခက်အခဲများကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် လောကသတ်မှတ်ထားတဲ့ တရားဥပဒေနဲ့အညီ နေထိုင်ကျင့်သုံးခြင်းဖြင့် လောကတရားကို စွဲထားဖို့ လိုသလို ဓမ္မကြောင်းအရ သတ်မှတ်ထားတဲ့ လမ်းညွှန်များနဲ့အညီ ကိုယ်ကျင့်တရားကို အခြေခံတဲ့ သမထဝိပဿနာ အလုပ်များကို စွဲမြဲစွာ လိုက်နာကျင့်သုံးခြင်းဖြင့် ဘာသာတရားကိုစွဲမြဲထားဖို့လည်း လိုအပ်တဲ့အကြောင်း အသိပေးတင်ပြရင်း အကောင်းတကာ အကောင်းဆုံးမှာ တရာအလုပ်ကို စွဲမြဲစွာလုပ်ကိုင်ခြင်းကသာ အကောင်းဆုံးဖြစ်တဲ့အတွက် ဘဝမှာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းစားနိုင်ဖို့ တရားအလုပ်ကို စွဲမြဲစွာ လုပ်လိုက်ကြပါစို့လို့ ထပ်မံအသိပေး တိုက်တွန်းလိုက်ရပါတယ်။ အားလုံး တရားစွဲနိုင်ကြပါစေ…

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၂)…

မနာ ပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ

အထမ်းသမား..
ပုထုဇဉ်အတော်များများဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာများ၊ အကုသိုလ်များကို အချိန်ပြည့် ထမ်းထားတတ်တဲ့ သဘောရှိတဲ့အတွက် စိတ်အစဉ်မှာလည်း ဒီလို မကောင်းတဲ့ အကုသိုလ် အတွေးတွေနဲ့ အမြဲလေးလံနေလေ့ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း စိတ်မှာမကောင်းတဲ့ အရာတွေကိုထမ်းရင်း လေးနေသမျှ ကိုယ်မှာလည်း လေးနေတတ်တဲ့အတွက် ကိုယ်စိတ်နှစ်ပါးကို အသုံးပြုပြီး အလေးတွေကို ထမ်းနေကြတဲ့ တကယ့်အထမ်းသမားများ အဖြစ် ပုထုဇဉ်ပုဂ္ဂိုလ်များကို ရည်ညွန်းလေ့ရှိပါတယ်။ ဒါ့အပြင် ဒီလို အထမ်းသမားများ ဖြစ်နေသမျှ ဘယ်တော့မှ ပေါ့ပါးလွတ်လပ်မှုကို ရကြာမှာမဟုတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် စိတ်အစဉ်ကို လေးလံစေတဲ့ မကောင်းတဲ့ အကုသိုလ်များကို ထမ်းမထားဘဲ နေနိုင်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ အထမ်းသမားဘဝက အမြန်ရုန်းထွက်ကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ အဖြာဖြာသည်…
လူတွေရဲ့ လောဘဆိုတာကလည်း သိတဲ့အတိုင်း ရှိပြီးရင်းရှိချင်၊ ရပြီးရင်း ရချင်နေတော့တာ ဖြစ်ပါတယ်။ အရမ်းချမ်းသာနေတဲ့ သူတွေကို သွားမေးကြည့် နောက်ထပ်ဒီထက်ပိုပြီး ချမ်းသာချင်သေးလား၊ ဒီထက်ပိုပြီး ရချင်ရှိချင်သေးလားဆိုရင် ချမ်းသာချင်တယ်၊ ရချင်ရှိချင်တယ်လို့ပဲဖြေမှာ အသေအချာပဲ ဖြစ်ပါတယ်။ လိုချင်တဲ့ အတိုင်းအတာကို ရလာတော့လည်း ကျေနပ်သွားလား၊ စိတ်ချမ်းသာသွားလားဆိုတော့ မကျေနပ်ပြန်၊ စိတ်မချမ်းသာပြန်ဘူး ဖြစ်နေတတ်ပါတယ်။ မကျေနပ်တာက လိုချင်မှုတွေက ရပ်မသွားလို့ပဲဖြစ်ပြီး ရလာတဲ့အပေါ်မှာ စိတ်မချမ်းသာတာကတော့ ရှိလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေက ပိုများလာလို့ပဲ ဖြစ်ပါတယ်။ မရှိတော့လည်း ရှိချင်၊ ရှိလာပြန်တော့လည်း ထပ်ရှိချင်၊ ထပ်ရှိလာတာနဲ့အမျှ ထပ်ပူပင်တာတွေပဲ အဖြစ်များနေတဲ့အတွက် သေချာတွေးကြည့်တော့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ အဖြာဖြာတွေဟာ မရှိရင်လည်းမကောင်း၊ ရှိရင်လည်းမကောင်းဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။

ကိုယ်ပမာဏ ကိုယ်သိကြ…
တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်လာရင် ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ တစ်ခါတလေ ဆေးဖြစ်ပါတယ်လို့ဆိုတဲ့ အရာတွေတောင်မှ အတိုင်းအတာမရှိ အလွန်အကြူး ပြုမူမိရင် ဆေးအဆင့်ကိုကျော်ပြီး ဘေးဖြစ်ပေါ်စေတတ်တဲ့အတွက် ကိုယ်ကကြိုက်လို့ လိုက်စားတဲ့အရာပဲ ဖြစ်ဖြစ်၊ ကိုယ်ကမကြိုက်ပေမယ့်လည်း ကိုယ့်အတွက် လိုအပ်တဲ့အရာ ဖြစ်တဲ့အတွက် လိုက်စားတာပဲ ဖြစ်ဖြစ် တော်ရုံသင့်ရုံပဲကောင်းပြီး အတိုင်းအတာကို မကျော်မိစေဖို့နဲ့ အတိုင်းအဆကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်ပါက ဘေးဒုက္ခဖြစ်တတ်တဲ့အတွက် ကိုယ့်ပမာဏ ကိုယ်သိကာ ကိုယ့်ကိုယ်ကိုညှိရင်း ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေးမဖြစ်ဘဲ ဆေးဖြစ်စေဖို့ အလုပ်လုပ်တဲ့အခါ အတိုင်းအတာ ပမာဏကိုသိပြီး ကိုယ့်အရှိနဲ့ ကိုယ်ညှိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

မရှိမကောင်း၊ ရှိမကောင်း…
လောကလူသားများ တောင့်တလေ့ရှိ၊ လိုချင်တပ်မက်မှု ရှိလေ့ရှိကြတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေဆိုတာ အတိုင်းအတာ တစ်ခုအနေဖြင့် ရှိထားရင် ကောင်းပေမယ့် အတိုင်းအတာကို ကျော်လွန်တဲ့အထိ ဖြစ်လာခဲ့ရင် ရှိတာထက်၊ မရှိတာကမှ ပိုကောင်းနေတဲ့ သဘောရှိတတ်ပြီး မရှိလို့ပူရတာထက် ရှိလို့ပူရတာက ပိုပြီးပင်ပန်းမှုကို ဖြစ်စေတဲ့အတွက် ဒီအရာတွေဟာ မရှိမကောင်း၊ ရှိမကောင်းတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ရှိထားရင် ရှိထားသလောက် အကောင်းဆုံး…
စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေဟာ ရှိထားရင် ကောင်းတယ်ဆိုတာထက် အဲဒီအရာတွေ အပေါ်မှာ သတိမကပ်နိုင်ရင် ရှိထားတာနဲ့အမျှ စိုးရိမ်ကြောင့်ကျ ပူပန်သောကကို ဖြစ်စေပေမယ့် ကိုယ်ကျင့်သီလစတဲ့ ကုသိုလ်တရားတွေကတော့ ရှိထားရင် ရှိထားသလောက် သောကကင်းစေ၊ စိုရိမ်ပူပန်မှုကင်းစေ၊ ယုံကြည်မှု သဒ္ဓါခိုင်မြဲမှုကို ဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ ဘဝအဖြာဖြာမှာ ကောင်းတာတွေပဲ ဖြစ်စေနိုင်တဲ့အတွက် စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေ ရှိပြီးရင်ရှိအောင် ကြိုးစားကြတာထက်စာရင် သီလစတဲ့ ကုသိုလ်တရားများ တိုးပွားသထက် တိုးပွားအောင် ကြိုးစားတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

လောဘဆိုတာ အကန့်ထားနိုင်မှ…
လောဘကို အကန့်လေးနဲ့ ထားပေးဖို့တော့ လိုပါတယ်။ မဟုတ်ရင် ရပြီးရင်းရချင်၊ ရှိပြီးရင် ရှိချင်ရာက အဲဒီလောဘရဲ့ သားကောင်ဖြစ်လာပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ မတရားလိုချင်တဲ့ ဝိသမလောဘတွေအထိ ဖြစ်လာကာ ဒီဝိသမလောဘက ကိုယ့်ကိုဒီဘဝမှာကော သံသရာမှာပါ ဒုက္ခဖြစ်စေမှာ ဖြစ်ပါတယ်။ မတရားလိုချင်တဲ့ ဝိသမလောဘ ဦးစီးလာရင် အမှားအမှန်ကိုလည်း မခွဲခြားတတ်တော့တဲ့အပြင် ကုသိုလ်တရားတွေနဲ့လည်း လွဲလာတတ်ကာ ရရှိလာတဲ့ အပေါ်မှာလည်း ရောင့်ရဲတင်းတိမ်ခြင်းမရှိ၊ ရရှိလာတာတွေ အပေါ်မှာလည်း စိုးရိမ်ပူပန် ကြောင့်ကျမှုတွေအထိ ဖြစ်လာတတ်တဲ့ သဘောရှိပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် လူဟာ လူစိတ်ပျောက်ကာ လူ့ကျင့်ဝတ်ပါ မရှိဘဲ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်ဖို့ လိုချင်တပ်မက်မှု လောဘကို အကန့်တစ်ခုနဲ့ ထိန်းကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

စိတ်ဓာတ်ကျတယ်ဆိုတာ
စိတ်ဓာတ်ကျရခြင်းရဲ့ အကြောင်းကို ရှာကြည့်လိုက်တော့ အာရုံတွေနောက်ကို စိတ်ကလိုက်နေကြလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အာရုံတွေမှာ စိတ်ကိုကပ်ထားပြီး အဲဒီအာရုံတွေပဲ စိတ်ထဲမှာရောက်ရောက်နေကြလို့ပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့ ဘာပြောလိုက်လို့၊ ဘယ်သူကတော့ ဘယ်လိုဆက်ဆံလိုက်လို့ စတဲ့ အတွေးအာရုံတွေ၊ အမြင်အာရုံတွေ၊ အပြုအမူအာရုံတွေမှာ စိတ်က ရုန်းမထွက်နိုင်ကြတဲ့အတွက် အခုလို စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်တာတွေ ဖြစ်နေကြခြင်း ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဒီလိုအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ကတော့ အာရုံကောင်းတွေနဲ့ ပြန်ပြီးရယူကြဖို့ပဲ ဖြစ်ပါတယ်။ အာရုံကောင်းတွေ ရယူနိုင်ဖို့ဆိုတာလည်း ဘုရားအား၊ တရားအားကို ယူမှပဲ ဖြစ်မှာပါ။ ဘုရားနဲ့ ဘုရားရဲ့ဂုဏ်၊ ဘုရားဟောတဲ့ တရားတော်ရဲ့ လမ်းညွှန်မှုနဲ့ စွမ်းအားတွေကပဲ ကျနေတဲ့ စိတ်ဓာတ်တွေကို တက်လာအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက်ကလည်း ကိုယ်ကိုယ်တိုင်က ကိုယ့်သန္တာန်မှာ သတိတရား၊ သဒ္ဓါတရား၊ ပညာတရား၊ သမာဓိတရား၊ ဝိရိယတရားတွေ အားကောင်းလာအောင် ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

Read more »

Facebookက အမေးတစ်ပုဒ် (၃)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) မှာ မက်စေ့ခ်ျကဏ္ဍမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။

Mi Su
မေး ။ အရှင်ဘုရား…
အာသဝေါတရားလေးပါးကို ရှင်းပြပေးပါ ဘုရား

Ashin Vicitta
ဖြေ။ အာသ၀ဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ယိုစီးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သွယ်ဝိုက်တဲ့ သဘောတွေကတော့ စွဲလမ်းစေခြင်း၊ ကပ်ငြိစေခြင်းသဘောဖြစ်ပြီး ဒီတရားတွေက သတ္တဝါတွေကို ဘ၀သံသရာမျိုးစုံမှာ ကျင်လည်အောင် လုပ်ပေးတတ်တဲ့ သဘောရှိပါတယ်။ အဲဒီ အာသဝ တရားတွေက
ကာမာသ၀ – ကာမဂုဏ်အာလုံကို တပ်မက်စွဲလမ်းတဲ့လောဘ။
ဘ၀ါသ၀ – ဘ၀အမျိုးမျိုးကို တပ်မက်စွဲလမ်းတဲ့လောဘ။
ဒိဋ္ဌာသ၀ – ငါ ရှိတယ်။ သူရှိတယ်၊ ယောကျာင်္း မိန်းမ၊ ပုဂ္ဂိုလ်သတ္တ၀ါရှိတယ် လို့ အယူမှားတဲ့ ဒိဋ္ဌိ။
အ၀ိဇ္ဇာသ၀ – အမှန်ကိုမသိတဲ့ မောဟတို့ပဲ ဖြစ်ပါတယ်။
ဒီတရားတွေကိုတော့ ဝိပဿနာဉာဏ်နဲ့ ဖြတ်မှပဲ အကြွင်းမဲ့ကုန်ဆုံးကာ အာသဝေါတရားလေးပါးရဲ့ ကင်းရာကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရမှာ ဖြစ်ပါတယ်။

Mi Su
မေး။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ "ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။"...........
၁)အရှင်ဘုရား ဗောဇ္ဖျင်တရား(၇)ပါးမှ ပဿဒ္ဓိ ဆိုတာ တပည့်တော် နားမလည်ပါဘုရား၊ ဖြေကြားပေးတော်မူပါ ဘုရား။
၂)မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသည်။
အရှင်ဘုရား ထို မာရ်ငါးပါးကို လည်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

Ashin Vicitta
ဖြေ။ ဗောဇ္ဈင် (၇) ပါး
ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ
၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ
ဒီဗောဇ္ဈင် (၇)ပါးမှာ ပဉ္စမမြောက် ဗောဇ္ဈင်တရားဟာ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ပဲ ဖြစ်ပါတယ်။ စိတ် မငြိမ်သက်မှု စိတ်အကြံများမှုကြောင့် ဖြစ်တဲ့ ကိုယ်စိတ်နှစ်တန် ပူပန်ခြင်း ခပ်သိမ်းမှာ အစဉ်အတိုင်း အေးငြိမ်းလာခြင်းသဘောဟာ ပဿဒ္ဓိ ဖြစ်ပါတယ်။ တဏှာ လောဘများ လျော့ပါးလာတဲ့အခါ စိတ်ဟာလည်း ငြိမ်းအေး ချမ်းသာလာပါတယ်။ တဏှာ လောဘ ဒေါသများ လျော့ပါးလာတာနဲ့အမျှ စိတ်မှာ ပူလောင်ခြင်းများ ကင်းမဲ့သွားပါတယ်။ ဒီအခြင်းအရာဟာ ပဿဒ္ဓိရဲ့ အခြင်းအရာပဲ ဖြစ်ပါတယ်။

မာရ်ငါးပါး
ဘုရားရှင်တိုင်းဟာ မာရ်ငါးပါးကို အောင်မြင်တော်မူပြီး လောကမှာ အထွတ်အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတ ဘုရားအဖြစ်ကို ရောက်ရှိတော်မူလေ့ ရှိပါတယ်။ မာရ်ဆိုတာ မာရဆိုတဲ့ပါဠိ စကားကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ မာရရဲ့ အဓိပ္ပါယ်က သေခြင်း သေစေခြင်းလို့ အဓိပ္ပါယ်ရပြီး သတ်ရှိသတ္တဝါများကို သေစေတတ်တဲ့ တရားလို့လည်း နားလည်ထားနိုင်ပါတယ်။ အဲဒီမာရ်တွေဟာ
၁။ ဒေ၀ပုတ္တ မာရ် = မာရ်နတ်
(သေအောင် သတ်တတ်သည့် နတ်သားလို့ အဓိပ္ပါယ်ရပါတယ် ။ နတ်ပြည် ၆-ထပ်၏ အပေါ်ဆုံးထပ် (ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ) မှ နတ်ဆိုးတစ်ဦးလို့ ဆိုပါတယ်)
၂။ ကိလေသ မာရ် = ကိလေသာဆယ်ပါး
(ကိလေသာ တရားဟာ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့ တရားပဲ ဖြစ်ပါတယ်။ ဒီကိလေသာရှိနေသမျှ သံသရာတွင်းမှ မလွတ်ဘဲ တ၀ဲလည်လည် ကျင်လည်ပြီး သေပြီးရင်းသေ နေရဦးမည်ဖြစ်တဲ့အတွက် ကိလေသာကိုလည်း သတ်တတ်တဲ့ မာရ်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။)
၃။ အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
(ပြုလုပ်ကျင့်ကြံ အားထုတ်ထားတဲ့ ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို အဘိသင်္ခါရ မာရ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်ခြင်း အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘ၀ရောက်ခြင်းများ ရှိနေပေမယ့် ရောက်ရာဘဝမှာလည်း နောက်ထပ်တစ်ဖန် သေရ ဦးမှာ ဖြစ်တဲ့အတွက် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမယ့် ဘ၀ကိုရအောင် ပြုလုပ်ရာ ရောက်နေတဲ့ သတ်တတ်၊ သေစေတတ်တဲ့ မာရ်ပဲ ဖြစ်ပါတယ်။)
၎။ ခန္ဓ မာရ် = ခန္ဓငါးပါး
(ခန္ဓမာရ် ဆိုရာမှာ ခန္ဓာကိုယ်ရှိနေသမျှ ဒီခန္ဓာကိုယ်ဟာ သေရမည်အမှန်ပဲ ဖြစ်ပါတယ်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမှာ ဖြစ်ပါတယ်။၊ ဒါကြောင့် ခန္ဓာကိုယ်ဟာလည်း သေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ခန္ဓမာရ်- ခန္ဓာတည်းဟူသော သေမှုသေခင်း တစ်ရပ်လို့ ဆိုခြင်း ဖြစ်ပါတယ်။)
၅။ မစ္စု မာရ် = သေခြင်းတရား
(မစ္စုဆိုတာ သေခြင်းပဲ ဖြစ်ပါတယ်။ မွေးလို့သေ သေပြီးနောက်မှာ ဘဝသစ်တစ်ခါ ပြန်ဖြစ်၊ အဲဒီလို တစ်ဘဝပြီး တစ်ဘဝ ထပ်ထပ်ကျင်လည်မှုတွေ ရှိနေရတာ ဖြစ်ပါတယ်။ ကိလေသာမကုန်သေးသမျှ သေပြီးနောက်မှာ မွေးခြင်းဖြစ်လာပြီး မွေးနေသမျှ သေနေကြရမှာ ဖြစ်လို့ သေခြင်းတရားဟာလည်း နောက်ထပ်တစ်ခါ သေစေတတ်တဲ့ မာရ်တစ်မျိုးလို့ ဆိုခြင်းဖြစ်ပါတယ်။) တို့ပဲ ဖြစ်ဖြစ်သည်။

Read more »

ကံစီမံရာဟု ဆိုသော်လည်း

တစ်ခါက ဒကာတစ်ယောက်နှင့် ဟိုအကြောင်းဒီအကြောင်း ပြောဆိုကြရင်း အကောင်းများလုပ်နေရာက အဆိုးများ ကြုံတွေ့ကာ ဒုက္ခရောက်သွားသည့် သူတစ်ယောက် အကြောင်းကိုလည်း ပြောဆိုဖြစ်ခဲ့ကြ၏။ ထိုသို့ပြောဆိုရင်း သူက သူ့အဖေ ပြောခဲ့သည့် စကားလေးကို ကိုးကားပြီး အတည်ပြု ပြောဆိုသွား၏။ “တပည့်တော် အဖေပြောတဲ့ စကားလေးကို တပည့်တော် အမှတ်ရနေမိသေးတယ်၊ အဖေက လူတွေအနေနဲ့ ဘယ်အချိန်မှာ ဘာဖြစ်မယ်၊ ဘယ်အချိန်မှာ ဘယ်ရောက်မယ် ဆိုတာတွေဟာ မွေးလာကတည်းက ကံတရားက သတ်မှတ်ပေးလိုက်ပြီးသား၊ အဲဒီလို သတ်မှတ်ပေးထားပြီး ဖြစ်တဲ့အတွက် ဖြစ်ဖို့အချိန်ရောက်လာရင် ဘယ်သူမှမတားနိုင်ဘဲ ဖြစ်ကိုဖြစ်သွားကြတာလို့ တပည့်တော်ကို ပြောဖူးတယ်ဘုရား” ဟု အဖေ့စကား သာဓကထားပြီး သူက ပြောသွားခဲ့၏။ စာရေးသူက ထိုဒကာလေးစကားကို ပြန်လည်ဆွေးနွေးရင်း “အရာရာကို ကံကပြဋ္ဌာန်းပြီးသား၊ သတ်မှတ်ပြီးသား ဆိုပေမယ့် တစ်ခါတစ်ရံ အဲဒီကံကို သတ္တဝါတွေက ပြန်ပြီးသတ်မှတ် ပြဋ္ဌာန်းနိုင်တာတွေ ရှိတယ်” စသည်ဖြင့် နိဒါန်းချီကာ ကံတရား၏ ဆန်းကြယ်မှုအကြောင်းကို ဆက်စပ်ပြောဖြစ်ခဲ့၏။

မှန်၏။ ကံတရား၏ သဘောသည် အလွန်ဆန်းကြယ်လှ၏။ သဗ္ဗညုတ ဘုရားရှင်များမှတပါး အခြားသူများ အနေဖြင့် ကံတရား၏ အတိမ်အနက်ကို သာမန်ဉာဏ်အမြင်ဖြင့် ကြံစည်ရန်မှာလည်း မဖြစ်နိုင်သည့် သဘောရှိ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက မကြံစည်အပ် မကြံစည်နိုင်သည့် အရာများတွင် ကံတရား၏ နက်နဲမှုလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်နိုင်၏။ သို့သော် ကံကံ၏ အကျိုးအပြစ်ကို ယုံကြည်မှုနှင့် ကံတရားအပေါ် အချိန်ကုန်ခံကာ ကြံစည်နေမှုကား ပတ်သက်မှု မရှိလှပေ။ ဉာဏ်မမီနိုင်သဖြင့် အချိန်ကုန်ခံပြီး မတွေးမကြံသင့်ကြောင်းသာ ဆိုခြင်းဖြစ်၏။ သာမန်ပုဂ္ဂိုလ်များ အနေဖြင့်ကား ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ သဘောသည် ကောင်းလျှင်ကောင်းကျိုး ဖြစ်စေပြီး၊ ဆိုးလျှင်ဆိုးကျိုး ဖြစ်စေသည့် သဘောမျိုး ဖြစ်သည်ကိုသာ သိရှိစေလျက် မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ထားနိုင်လျှင်ပင် ကံတရားနှင့်ပတ်သက်သည့် ယုံကြည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်နေသဖြင့် ထိုမျှသိရှိလက်ခံထားရုံဖြင့် လုံလောက်နေသည့် သဘောရှိ၏။

သို့သော် ကမ္မဿကတာ သမ္မာဒိဋ္ဌိဟူသည် အရာရာကို ကံဟု ပုံချသည့် သဘောမျိုးကား မဟုတ်လှပေ။ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟု ယုံကြည်လက်ခံကာ မိမိ၏အလုပ်များကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်နေထိုင်ခြင်းမျိုးသာ ဖြစ်၏။ မည်သည့်အလုပ်မျှ မလုပ်ဘဲ ကံကောင်းလျှင် ဖြစ်မည်၊ ကံပေးသမျှ နေမည်ဟူသည့် သဘောမျိုးကား မိမိ၏ ဉာဏ်နှင့် ဝိရိယကို အသုံးမချဘဲ ကံတရားအပေါ် ပုံချခြင်းမျိုးသာ ဖြစ်၏။ မိမိ၏အလုပ်ကို မိမိမလုပ်ဘဲ ကံ၏အလုပ်ကို အရေးလုပ်ကာ ပစ္စုပ္ပန်အစွမ်းများကို ဘေးထုတ်နေခြင်းမျိုးသာ ဖြစ်၏။ အစွမ်းအစဟူသည် အစပြုမှ အစွမ်းရခြင်းသဘောကို လစ်လျူရှုကာ အစမလုပ်ဘဲ အချိန်တန်လျင် ဖြစ်မည်ဟုသာ ကံတရားအပေါ် အတွေးချော်နေခြင်းမျိုးသာ ဖြစ်၏။

အမှန်အားဖြင့် အရာရာကို ကံစီမံသည်ဟုဆိုသော်လည်း ထိုကံတရားက မိမိကို စီမံခြင်းမဟုတ်ဘဲ မိမိကသာ ကံတရားကို စီမံနိုင်ခြင်း ဖြစ်၏။ ယခုဘဝအကျိုး သက်ရောက်မှုများသည် အတိတ်ဘဝများက မိမိပြုလုပ်ခဲ့သည့် ကံတရား၏ အကျိုးဆက်များဟု ဆိုသော်လည်း ထိုအကျိုးဆက်များသည် အတိတ်ဘဝများက မိမိကိုယ်တိုင် စီမံခဲ့သည့် တန်ပြန်မှု၏ တစ်စိပ်တစ်ဒေသမျှသာ ဖြစ်၏။ အတိတ်ဘဝက ကံအကျိုးဆက်များသည် ယခုဘဝတွင် မိမိအား အရာရာကို စီမံပေးနိုင်ခြင်း မရှိလှပေ။ အတိတ်အကုသိုလ် ဝဋ်ကျွေးကြီးသဖြင့် ယခုဘဝတွင် ပေးဆပ်ရသည့် တန်ပြန်သက်ရောက်မှုမျိုး ရှိနိုင်သော်လည်း ထိုအတိတ်ကံ အစီအမံများကို လက်ရှိဘဝတွင် မိမိ၏ လုပ်ဆောင်ချက်များဖြင့် ပြန်လည်အကာအကွယ် ပြုနိုင်သည်သာ ဖြစ်၏။ အတိတ်အတိတ်က မိမိလုပ်ခဲ့သည့် ကံတရား၏ အစီအမံများ ရှိကောင်းရှိနိုင်သော်လည်း ထိုကံအစီအမံများကို လက်ရှိဘဝတွင် မိမိကိုယ်တိုင်က အလုပ်လုပ်ခြင်းဖြင့် ပြန်လည်စီမံနိုင်သည်များလည်း ရှိနိုင်ပေ၏။ အရာရာကို ကံကစီမံခြင်းမျိုး မဟုတ်ဘဲ ထိုကံတရားကို မိမိက စီမံခြင်းမျိုးအဖြစ် ပြောင်းလဲပစ်နိုင်ကြသည်သာ ဖြစ်၏။

ဗုဒ္ဓဘာသာ၏ ကံတရားပိုင်းဆိုင်ရာ လမ်းညွှန်မှုများသည် လက်ရှိကာလတစ်ခု၊ လက်ရှိကံတရား တစ်ခုတည်းကိုသာ ညွှန်ပြခြင်း မဟုတ်လှပေ။ အတိတ်ကာလနှင့် ပစ္စုပ္ပန်ကာလ၊ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံများအထိ ဆက်စပ်မှုကို ညွှန်းဆိုပေ၏။ ထိုကာလနှင့် ကံတရားကိုလည်း လက်ရှိအချိန်တွင် မိမိကိုယ်တိုင် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များက ထောက်ပံ့ကာကွယ်မှုများ ပြုလုပ်ထားနိုင်ပေ၏။ လက်ရှိဘဝတွင် အတိတ်ကံအကြောင်း အထောက်အပံ့၏ သက်ရောက်မှုများ ရှိနေသော်လည်း မိမိကိုယ်တိုင် လက်တွေ့လုပ်ဆောင်နေသည့် ဉာဏ်နှင့်ယှဉ်သည့် အလုပ်များက လက်ရှိမိမိဘဝကို အဓိက ပံ့ပိုးပေးနေသည့် အချက်ကိုကား အထူးသတိပြုကြရမည် ဖြစ်၏။ စာစကားဖြင့် ပြောရလျှင် ဉာဏ်၊ ဝီရိတရားများ အဓိကထား လုပ်ဆောင်သွားလျှင် ကံတရား၏ အကျိုးတရားများလည်း တိုးပွားသွားနေမည့် သဘောမျိုးဖြစ်၏။ ဤသည်မှာ ကံတရား သက်သက်၏ စီမံမှုကြောင့် မဟုတ်ဘဲ ဉာဏ်၊ ဝီရိယများက အရင်းပြုထား၍သာ ဖြစ်၏။ ထို့ကြောင့် ပညာရှင်များက “ဉာဏ်၊ ဝိရိယ ရှိပါမှ၊ ကံကကူညီမည်”ဟု မိန့်ဆိုတော်မူကြခြင်း ဖြစ်၏။

စင်စစ် ကံ၊ ဉာဏ်၊ ဝိရိယဟူသော စကားသုံးလုံးသည် သတ္တဝါတစ်ဦး၏ဘဝ ကြီးပွားတိုးတက်ရေးအတွက် အထူးလက်ကိုင်ထားသင့်သည့် အောင်မြင်ရေးတရားများ ဖြစ်၏။ ထိုသုံးပါးတွင် ကံတရားသည်ကား အဓိကမဏ္ဍိုင် မဟုတ်ဘဲ ကြိုးစားအားထုတ်မှုနှင့် စဉ်းစားနှိုင်ချိန်နိုင်မှုကသာ အဓိဖြစ်၏။ ထိုတရားနှစ်ပါး လက်ကိုင်ထားကာ ကြိုးစားအားထုတ်သဖြင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု အပိုင်းတွင်သာ ကံတရား၏ အထောက်အပံ့များ ရှိလာနိုင်ခြင်း ဖြစ်၏။ ထိုအထောက်အပံ့သည် ပစ္စုပ္ပန်တွင် လုပ်ဆောင်ထားသည့် အလုပ်များ၏ အထောက်အပံ့များ ရှိနိုင်သကဲ့သို့ အတိတ်ကံတရားများ၏ အထောက်အပံ့များလည်း ရှိနေနိုင်၏။ ထို့ကြောင့် အချို့ချို့သော ပုဂ္ဂိုလ်များသည် ဉာဏ်နှင့်ယှဉ်ကာ ကြိုးစားအားထုတ်သော်လည်း အတိတ်ကံ အထောက်အပံ့ မကောင်းသည့်အခါ အကျိုးသက်ရောက်မှု ကောင်းများ ရောက်မလာဘဲ ဖြစ်နေကြသည့် သဘောရှိ၏။

သို့သော် အတိတ်ကံ အကြောင်းမကောင်းသဖြင့် အကောင်းများထင်သလောက် ရောက်မလာသော်လည်း ဝိရိယအကျိုးအနေဖြင့်ကား အထိုက်အလျောက် ခံစားနိုင်ကြသည်သာ ဖြစ်၏။ လက်တွေအားဖြင့် အတိတ်ကံ မကောင်းသဖြင့် တောင်းစားနေရသည့် ဆုတောင်းစားပင် ဖြစ်သော်လည်း ကြိုးစားပမ်းစား တောင်းစားနိုင်လျှင် တစ်ဝမ်းတစ်ခါးအတွက် ဖြေရှင်းနိုင်ကြသည့် သဘောမျိုးကို ကြုံဖူးကြမည် ဖြစ်၏။ ဤနေရာတွင် ဆုတောင်းစားအတွက် ကြိုးစားပမ်းစား တောင်းစားသဖြင့် တစ်ဝမ်းတစ်ခါးစာ ရရှိခြင်းသည် အတိတ်ကံ အကျိုးပေးကောင်းခြင်းကြောင့်ဟု ဆိုသည်ထက် ပစ္စုပ္ပန် အလုပ်၏ စီမံခြင်းကြောင့်ဟုဆိုက ပိုသင့်နိုင်ပေ၏။ ထိုသဘောသည် ကံက မိမိကို စီမံခြင်းမဟုတ်ဘဲ မိမိက ကံကိုစီမံခြင်းမျိုးသာ ဖြစ်၏။

သို့ဆိုလျင် သတ္တဝါများ အနေဖြင့် လက်ရှိမိမိတို့၏ ဘဝကို မမြင်နိုင်သည့် ကံအစီအမံများအပေါ် စောင့်မျှော်နေကြခြင်း၊ ကံတရားကို ပုံချနေကြခြင်းထက် လုပ်ဆောင်သင့်သည့် အလုပ်များကို လက်တွေ့ လုပ်ဆောင်ပြခြင်းဖြင့် မိမိ၏ကံကို မိမိက စီမံကြခြင်းကသာ အကောင်းဆုံး နိယာမသဘောပင် ဖြစ်၏။ ထိုသို့ စီမံကြသည့် အခါတွင်သာ ဉာဏ်နှင့်ယှဉ်သည့် အစီအမံ၊ ဉာဏ်နှင့်ယှဉ်သည့် အလုပ်မျိုးဖြစ်အောင် စီမံတတ်ရန် လိုအပ်ခြင်းဖြစ်၏။ ဉာဏ်နှင့်ယှဉ်သည့် အစီအမံ၊ အလုပ်အကိုင်ဟူသည် အကုသိုလ်နှင့် မယှဉ်သည့် အစီအမံမျိုး၊ မိစ္ဆာဇီဝဖြစ်သည့် အလုပ်များကို ရှောင်ကြဉ်ပြီး အပြစ်မရှိသည့်၊ ကိုယ်ကျင့်တရားဆိုင်ရာကို မထိခိုက်သည့် အစီအမံ၊ အလုပ်အကိုင်မျိုးပင် ဖြစ်၏။ အလွယ်ပြောရလျှင် ဒုစရိုက်ရှောင်ကာ သုစရိုက်ဆောင်သည့် သဘောမျိုးဖြစ်၏။ ဒုစရိုက်ရှောင်ကာ သုစရိုက်ဆောင်ထားသည့် သူများသည် သီလသမာဓိပညာပိုင်းများတွင်လည်း အပြစ်ကင်း နေသည်သာ ဖြစ်သဖြင့် အလုပ်ကောင်းနေမည်ဖြစ်ပြီး အလုပ်ကောင်းနေလျှင် အကျိုးပေးလည်း ကောင်းနေမည်သာ ဖြစ်၏။ ဤသည်မှာ လက်ရှိမိမိ၏ကံတရားကို မိမိက စီမံနေခြင်းသာ ဖြစ်၏။

အကယ်၍ အလုပ်ကောင်းများ လုပ်နေသည့်ကြားက အတိတ်မကောင်းကံများ၏ အစီအမံများကြောင့် မကောင်းကျိုးများ ရောက်လာခဲ့သည်ရှိသော်လည်း ထိုမကောင်းကံ၏ သက်ရောက်မှုများကို လက်ရှိ မိမိလုပ်ဆောင်ထားသည့် ကောင်းကံများက အတိုင်းအတာ တစ်ခုအထိ ထောက်ကန်သွားမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ လက်ရှိဘဝတွင် မိမိတို့၏ အလုပ်ကောင်းများဖြင့် မိမိတို့၏ကံကို မိမိတို့ကိုယ်တိုင် ရွေးချယ်စီမံနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သည့် ဝိရိယဖြင့် အပြစ်ကင်းသည့် အလုပ်များတွင် ကြိုးစားအားထုတ်နိုင်လျှင် မိမိတို့၏ ကံကို မိမိတို့ကိုယ်တိုင် စီမံနိုင်ခြင်းပင် ဖြစ်၏။

ဆိုလိုသည်မှာ ကံတရားနှင့်ပတ်သက်၍ သတ္တဝါ တစ်ဦးတစ်ယောက်၏ လက်ရှိဘဝ ကြီးပွားတိုးတက်ရေး အပိုင်း၊ သံသရာကောင်းစားရေး အပိုင်းများတွင် ကံတရား၏ အထောက်အပံ့များသည် အလွန်အရေးကြီးသည်ဟု ဆိုသော်လည်း အရာရာတိုင်းကိုကား ကံတရားက စီမံဖန်တီးသည် မဟုတ်ကြောင်း၊ အကယ်၍ ကံကဖန်တီးသည်ဟု ဆိုခဲ့သည်ရှိသော် ထိုကံကို မိမိတို့ကသာ စီမံဖန်တီးခြင်း ဖြစ်ကြောင်း၊ ကံတရားသည် မိမိ၏ စီမံဖန်တီးမှုသာ ဖြစ်သဖြင့် လက်ရှိအခြေအနေတွင် မိမိရှိထားသည့် ကံတရားကိုလည်း မိမိကိုယ်တိုင်သာ ဉာဏ်နှင့်ယှဉ်သည့် အလုပ်ကောင်းများဖြင့် ဖန်တီးကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ ဉာဏ်ဝီရိယများကို အသုံးချကာ ဖန်တီးထားသည့် အလုပ်ကောင်းများ ရှိထားပါက အတိတ်က မကောင်းခဲ့သည့် ကံအစီအမံများ၏ မကောင်းသည့် အကျိုးသက်ရောက်မှုများ ရောက်လာစေငြားလည်း ယခုလက်ရှိ မိမိ၏ အစီအမံများက ထောက်ပံ့ကာကွယ် ပေးနေမည်သာ ဖြစ်ကြောင်းစသည်ဖြင့် ဆိုလိုခြင်း ဖြစ်၏။

ထို့ကြောင့် မည်သည့်ကိစ္စမဆို ကံကိုသာ ပုံချကာ ကံစီမံရာ အတိုင်းသာဟု ဆိုလေ့ရှိသူများ၊ ကံတရားအပေါ် တလွဲနားလည်နေသူများ အနေဖြင့် အရာရာကို ကံကစီမံခြင်းထက် ထိုကံကို မိမိတို့ကသာ စီမံခြင်းဖြစ်ပြီး မိမိတို့၏ ဉာဏ်နှင့်ယှဉ်သည့် အလုပ်များကသာ ဖန်တီးခြင်းဖြစ်ကာ ထိုအလုပ်များ၏ နောက်မှသာ အကျိုးဆက်အနေဖြင့် ကံတရားက ရောက်လာခြင်း ဖြစ်သည်ဟူသည့် အချက်ကို သတိပြုဆင်ခြင်လျက် ကံတရား၏ သက်ရောက်မှုကို ပုံချခြင်းနေမည့်အစား လက်ရှိအချိန်တွင်သာ မိမိတို့၏ အလုပ်များကို အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ရင်း မိမိတို့၏ ကံအကျိုးပေးများကို မိမိတို့ကိုယ်တိုင်သာ စီမံကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

ဘယ်ကံက အရေးကြီးဆုံးလဲ…

တစ်လောက ဒကာလေးတစ်ယောက်နဲ့တွေ့တော့ သူက “ဘုန်းဘုန်းဘုရား.. ပြီးခဲ့တဲ့ တစ်ရက်နှစ်ရောက် လောက်က တပည့်တော်တို့ သူငယ်ချင်းတစ်စု ကံအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ သူငယ်ချင်းတွေထဲက တစ်ယောက်က ကာယကံ၊ ဝစီကံ၊ မနောကံ သုံးမျိုးထဲမှာ ကာယကံက အဓိကကျကြောင်း ပြောဆိုပြီး တစ်ချို့က ကာယကံထက် မနောကံက ပိုပြီးအရေးကြီးကြောင်း ပြောဆိုရင်းက ဆွေးနွေးပွဲက အားပါလာပြီး သူမှန်ကိုယ်မှန် ငြင်းကြတဲ့အထိ ပြောဖြစ်ခဲ့ပါတယ်၊ နောက်ဆုံးတော့ ဘုန်းဘုန်းကိုပဲ မေးကြမယ်ဆိုပြီး တပည့်တော်တို့ ဆွေးနွေးပွဲကို ရပ်လိုက်ခဲ့ပါတယ်၊ အဲဒါ ဘုန်းဘုန်းအနေနဲ့ တပည့်တော်တို့ကို စာတစ်ပုဒ်လောက်ပဲဖြစ်ဖြစ် ပို့စ်ရေးပြီး ရှင်းလင်းပေးပါဦးဘုရား”လို့ ပြောဆို လျှောက်ထားလာပါတယ်။ သူ့လျှောက်ထားချက်ကို အချိန်ယူကာ ရေးပေးမယ့်အကြောင်း ပြောဆိုပြီး စိတ်ထဲမှာလည်း အခုခေတ်မှာ သူတို့လေးတွေ ဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ကြတယ် ဆိုတာကိုတောင် ကျိတ်ပြီး ချီးကျူးနေမိပါသေးတယ်။

သူတို့ ဆွေးနွေးမယ်ဆိုလည်း ဆွေးနွေးစရာပါပဲ။ ကံကံရဲ့အကျိုးကို အဓိက ဟောပြောပေးထားတဲ့ ဗုဒ္ဓစာပေတွေမှာ တစ်ခါတစ်ရံ ဘယ်လိုကာယကံကြောင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ခဲ့တယ်၊ ဘယ်လိုဝစီကံကြောင့် ဘယ်လိုအပြစ်တွေ ရခဲ့တယ်၊ ဘယ်လိုမနောကံကြောင့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့အကြောင်းဇာတ်လမ်းတွေ၊ သက်သေသာဓကတွေကလည်း ရှိနေကြတာဆိုတော့ သူတို့အနေနဲ့ ကိုယ်ဖတ်မှတ်ဖူးသလောက်၊ ကိုယ်သိသလောက်နဲ့ အခုလို ပြောဆိုဖြစ်ကြခြင်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကိုယ်သိထားသလောက်၊ ကိုယ်မှတ်ထားသလောက်နဲ့ ဆွေးနွေးကြတာဆိုတော့ တိကျတဲ့ သာဓကကိုတော့ တိတိကျကျ ထောက်မပြနိုင်ကြပေဘူးပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့တွေရဲ့ ဆွေးနွေးလာတာနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းအတွက်တော့ ရေးစရာ စာတစ်ပုဒ်ရသွားပြန်ပါတယ်။

သူတို့လေးတွေ ဆွေးနွေးကြတဲ့အတိုင်း ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးမှာ ဘယ်ကံက အရေးကြီးဆုံးလဲ၊ ဘယ်ကံက အဓိက အကျဆုံးလဲလို့ မေးလာခဲ့ရင် ဘယ်ကံကပိုပြီး အရေးကြီးတယ်၊ အဓိက ကျတယ်ဆိုတာထက် ပြုလုပ်တဲ့သူရဲ့ စေတနာက အဓိကအကျဆုံးလို့ပဲ ယေဘုယျအားဖြင့် ဆိုရမှာ ဖြစ်ပါတယ်။ ကံဆိုတာ အလုပ်ကို ဆိုတာဖြစ်ပြီး အလုပ်ဆိုရာမှာလည်း စေတနာက အဓိကပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့ သူတွေရဲ့ စေတနာကိုလိုက်ပြီး အကျိုးကြီးမှု၊ မကြီးမှု ကွားခြားသွားတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကာယကံနဲ့ ကျူးလွန်လိုက်တဲ့ အလုပ်တွေ၊ ဝစီကံနဲ့ ကျူးလွန်လိုက်တဲ့ အလုပ်တွေ ရှိပေမယ့် စေတနာ မပါတဲ့အတွက် တန်ပြန်အကျိုးသက်ရောက်မှု မရှိတာတွေ ရှိတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံလည်း လက်တွေ့ဖြစ်တဲ့ ကာယကံအမှု၊ ဝစီကံအမှုတွေ မလုပ်ဖြစ်ဘဲ စေတနာပါတဲ့ မနောကံ အားကောင်းမှုကြောင့် အကျိုးသက်ရောက်မှု အားကောင်းတဲ့ အဖြစ်တွေလည်း ရှိနေတတ်ပြန်ပါတယ်။

အရှင်းဆုံးကတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ် ပြုလုပ်သူရဲ့ စေတနာက ပိုပြီးအရေးကြီးတယ်ဆိုတာ အလွယ်နားလည် ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အမူအရာနဲ့ လုပ်တာပဲဖြစ်ဖြစ်၊ နှုတ်နဲ့ ပြောဆိုတာပဲ ဖြစ်ဖြစ် စိတ်နဲ့ကြံစည်တာပဲ ဖြစ်ဖြစ် စေတနာက တွဲဖက်ပြီး ပါနေရတာ ဖြစ်ပါတယ်။ လက်တွေ့ဘဝတွေမှာလည်း အလုပ်လုပ်တဲ့အခါ၊ စကားပြောတဲ့အခါ၊ တွေးတောကြံစည်တဲ့အခါ စိတ်မပါဘူး၊ စေတနာ မပါဘူးဆိုရင် လုပ်သမျှအလုပ်၊ ပြောသပြောအပြော စတာတွေဟာ အကျိုးသက်ရောက်မှု မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စေတနာက အဓိကပံ့ပိုး လှုံဆော်ပေးတာဟာ စိတ်ပဲဖြစ်တဲ့အတွက် သွယ်ဝိုက်တဲ့အနေနဲ့ စေတနာကို မနောကံလို့ ဆိုမယ်ဆိုရင်လည်း ဆိုနိုင်သလို တခြားကံတွေကို လုပ်မိတဲ့အခါမှာလည်း စေတနာရဲ့ ထောက်ပံ့မှုကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ကပဲ အဓိက ပံ့ပိုးပေးတာဖြစ်ပြီး ဘယ်ကံပဲလုပ်လုပ် စိတ်စေတနာက ဆက်စပ်ပါဝင်နေတာ ဖြစ်တဲ့အတွက် အရာအားလုံးမှာ စိတ်စေတနာက အရေးကြီးတယ်လို့ ဆိုမယ်ဆိုလည်း ဆိုနိုင်တာ ဖြစ်ပါတယ်။

အလုပ်လုပ်တဲ့အခါ စေတနာပါခြင်း မပါခြင်းကို အကြောင်းပြုပြီး အကျိုးသက်ရောက်မှု ရှိခြင်းမရှိခြင်း၊ အားကြီးခြင်းမကြီးခြင်း စတာတွေနဲ့ ပတ်သက်တဲ့ လက်တွေ့ဘုရားဟော ဒေသနာတွေလည်း ဗုဒ္ဓစာပေတွေမှာ အများကြီးတွေ့နိုင်ပါတယ်။ ထင်ရှားတဲ့ သာဓကအဖြစ်နဲ့ တစ်ခုခုနှစ်ခု ထုတ်နှုတ်ပြရရင် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက မျက်စိမမြင်တဲ့ စက္ခုပါလ မထေရ်ဟာ စင်္ကြံလျှောက်ရင်း ပိုးမွားတွေကို နင်းမိလို့ ပိုးတွေသေကြေခဲ့တဲ့ ကာယကံအမှု ရှိခဲ့ပေမယ့် စိတ်စေတနာ မပါတဲ့အတွက် အပြစ်မရှိဘူးလို့ ဘုရားရှင်က မိန့်တော်မူခဲ့တဲ့ သာဓက၊ ပိလိန္ဒဝစ္ဆ အမည်တော်ရတဲ့ ရဟန်းတစ်ပါးဟာလည်း နှုတ်ထွက်အလွန် ကြမ်းတမ်းပေမယ့် စေတနာမပါတဲ့အတွက် အကျိုးသက်ရောက်မှု မရှိတဲ့ အဖြစ်၊ သေလုမျောပါးဖြစ်နေတဲ့ မဒ္ဒကုဏ္ဍလိ အမည်ရတဲ့ သူငယ်တစ်ယောက်ဟာ အသက်ဆုံးခါနီး ဘုရားရှင်ကို အာရုံပြုမိတဲ့ စိတ်အစဉ်ကြောင့် သေပြီးနောက် နတ်ပြည်ရောက်ရတဲ့ အကြောင်း စတာတွေဟာ ကာယကံ၊ ဝစီကံ၊ မနောကံတွေမှာ စေတနာရှိခြင်း၊ မရှိခြင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်တဲ့ ထင်ရှားတဲ့ သာဓကအချို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဗုဒ္ဓဘာသာမှာ သီလပိုင်းဆိုင်ရာ၊ သမာဓိပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ဆိုတဲ့အကျင့်သိက္ခာ သုံးရပ်အနေနဲ့ ပြောကြတဲ့အခါ သီလက ကာယကံနဲ့ ဝစီကံကို ထိန်းချုပ်ပေးတယ်၊ သမာဓိနဲ့ ပညာက စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ပေးတယ်လို့ ဆိုပေမယ့် သီလသိက္ခာပုဒ် စောင့်ထိန်းတဲ့အခါ တိုက်ရိုက်အနေနဲ့ ကိုယ်အမူအရာနဲ့ နှုတ်အမူအရာတွေ မကျူးလွန်ဖြစ်အောင် စိတ်စေတနာကလည်း ပါဝင်ပတ်သက်ပေးနေရတာ တွေရှိတဲ့အပြင် စိတ်အစဉ်မှာ သတိကပ်ပြီး နေတဲ့အခါမှာ လက်တွေ့ကျူးလွန်နိုင်တဲ့ ကာယကံ၊ ဝစီကံတွေကို မကျူးလွန်ဖြစ်တာတွေလည်း ရှိတဲ့အတွက် ဘယ်လိုကံမျိုးမှာပဲ ဖြစ်ဖြစ် စိတ်စေတနာက အဓိက အခန်းကဏ္ဍက ပါဝင်ပတ်သက်နေကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက် လုပ်မိတဲ့အလုပ်ပဲ ဖြစ်ဖြစ်၊ နှုတ်ကပြောဆိုတဲ့ စကားပဲ ဖြစ်ဖြစ်၊ စိတ်ကတွေးတောကြံစည်တဲ့ အကြံအစည်ပဲ ဖြစ်ဖြစ် စေတနာပါမှု၊ မပါမှု၊ စေတနာအားကြီးမှု၊ မကြီးမှုကိုလိုက်ပြီး အကျိုးကြီးမှု မကြီးမှုတွေ ဖြစ်နိုင်တာ ဖြစ်တဲ့အတွက် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးမှာ ဘယ်ကံကပိုပြီး အရေးကြီးတယ်၊ အဓိကကျတယ်ဆိုတာထက် ပြုလုပ်တဲ့အခိုက်မှာ ပြုလုပ်သူရဲ့ စေတနာကအရေးကြီးပြီး အဓိကကျတယ်ဆိုတဲ့ အချက်ကို သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် အကြောင်းအမျိုးနဲ့ အလုပ်အမျိုးမျိုးကို လုပ်နေကြရတဲ့ သူတွေအနေနဲ့ အလုပ်လုပ်တဲ့အခါမှာ ကောင်းတဲ့အလုပ်တွေအပေါ်မှာ စေတနာအားကောင်းအောင် ကြိုးစားပြီး မကောင်းတဲ့အလုပ်တွေကိုတော့ ရှောင်နိုင်ရင် အကောင်းဆုံး ဖြစ်ပေမယ့် မရှောင်နိုင်လို့ လုပ်ဖြစ်ခဲ့ရင်လည်း စေတနာမပါမိကြစေဖို့သာ အရေးကြီးတယ်ဆိုတဲ့ အချက်ကို သတိပြုဆင်ခြင်ပြီး ကံသုံးပါးလုံးမှာ စေတနာအားကြီးတဲ့ ကံက အရေးကြီးဆုံး ကံဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့အလုပ်တွေမှာ လွဲမှားနေတဲ့ စေတနာမျိုး မဖြစ်ဖို့သာ သတိပညာ ပေါင်းစပ်ပြီး လုပ်ကြပါလို့ပဲ အသိပေးတိုက်တွန်းလိုက်ရပါတယ်။

Read more »

ဖို့ (၃)ဖို့

“ခန္ဓာစုက၊ မြေကျွေးရ၊ ဒုက္ခအပူတိုးရုံသာ။
ပစ္စည်းစုမူ၊ ဘုံဆိုင်ဟူ၊ ထိုက်သူသုံးကြပါ။
အနေမရဲ၊ သေမရဲ၊ အမြဲကြောက်ရပါ။
တရားစုမှ၊ ကိုယ်ပိုင်ရ၊ မုချစိတ်အေးပါ။
အနေလည်းရဲ၊ အသေရဲ၊ အမြဲကိုယ့်နောက်ပါ။”

လူ့လောကမှာ ဖို့(၃)ဖို့ ရှိပါတယ်။
၁။ မြေကျွေးဖို့ ခန္ဓာစုတာ
၂။ ထိုက်သူတွေသုံးဖို့ ပစ္စည်းရှာဖွေစုတာ
၃။ ကိုယ်ပိုင်ရဖို့ တရားရှာဖွေ စုဆောင်းကြိုးစားတာ။
အဲဒီ (၃)ဖို့ပဲ။
ကောင်းမှုတရား စိတ်စွမ်းအားတွေ တိုးပွားအောင် မကြိုးစားဘဲ ကျွေးရုံသာ ကျွေးနေရင်၊ ပြီးတော့ ခန္ဓာကို ကိုယ့်တာဝန်ကို မထမ်းစေဘဲ ကိုယ်ကသာ ခန္ဓာတာဝန်ကို ထမ်းဆောင်နေရင် ခန္ဓာကိုစုနေတာပါ။ ခန္ဓာစုတာဟာ မြေကြီးတိုးအောင် ကျွေးဖို့သာဖြစ်သွားမှာပါ။ ဒုက္ခအပူတွေလည်း အရှိန်အဟုန်တိုးလာမှာပဲ။ ဒုက္ခအပူဆိုတာ အသက်ကြီးရုံနဲ့ အလိုအလျောက် ယုတ်လျော့သွားတာ မဟုတ်ဘူး။ တရားနဲ့ အင်အားပြပေးမှ နောက်ဆုတ်သွားမှာ ဖြစ်တယ်။

ခန္ဓာက တာဝန်ပေးထားတဲ့ ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းတာက ထိုက်သူတွေသုံးဖို့သာ ဖြစ်တယ်။ ကိုယ်စုဆောင်းထားတဲ့ ပစ္စည်းကို ကိုယ်ပဲသုံးရလိမ့်မယ်လို့ ဧကန်တွက်ထားလို့ မရပါဘူး။ ရန်သူမျိုးငါးပါး လက်ဦးချင်လည်း လက်ဦးလိမ့်မယ်။ ကိုယ်က အရင်ပစ္စည်းနဲ့ ခွဲချင်ခွဲရလိမ့်မယ်။ ပစ္စည်းကအရင် ကိုယ်နဲ့ခွဲချင်လည်း ခွဲသွားလိမ့်မယ်။ ကိုယ်ထိုက်သလောက်ပဲ ကိုယ်သုံးရမယ်။ သူများထိုက်သလောက် သူများတွေ သုံးသွားကြမှာပါ။ ပစ္စည်းဆိုတာ အများနဲ့ဆက်ဆံတဲ့ ဘုံဆိုင်ဆိုတော့ ထိုက်သူသုံးဖို့ ပစ္စည်းရှာဖွေ ပေးနေရတာ ဖြစ်တယ်။

ခန္ဓာနဲ့ ပစ္စည်းဟာ အရေးကြုံရင် ကိုယ့်ဘက်ကလည်း မရပ်တည်ဘူး။ အာမလည်းမခံ၊ တာဝန်လည်း မယူဘူး။ ဒါကြောင့် ခန္ဓာကို အလိုလိုက်ရုံ ပစ္စည်းစုရုံနဲ့တော့ အနေလည်းမတတ်၊ အနေလည်းမရဲ၊ အသေးလည်းမတတ်၊ အသေလည်းမရဲပါဘူး။ ကြောက်မြဲကြောက်နေဦးမှာပါ။

ကောင်းမှုတရားကို စိတ်အားထက်သန်စွာ စုဆောင်းထားမှ ကိုယ်ပိုင်ရလို့ စိတ်အေးရမှာ ဖြစ်တယ်။ စိတ်တကယ် ကောင်းနေမှ ရနိုင်တဲ့ ကောင်းမှုတရားကတော့ အရေးကြုံတိုင်း ကိုယ့်ဘက်က ရပ်တည်တယ်။ အာမလည်းခံတယ်။ တာဝန်လည်းယူတယ်။ ဘဝကူးကောင်းလက်မှတ် ထုတ်ပေးတယ်။ နိဗ္ဗာန်ကူး လက်မှတ်ကိုပါ အပ်လိုက်တယ်။ အရိပ်ပမာ ကိုယ်နှင့်ထပ်ချပ်မကွာ ရှိနေတယ်။ ဒါကြောင့် အနေလည်းတတ်၊ အနေလည်းရဲတယ်။ အခက်အခဲမှန်သမျှ အဖြေလည်းတတ်တယ်။ ပြီးတော့ အသေလည်းတတ်၊ အသေလည်း ရဲပါတယ်။

(တိပိဋကယောဆရာတော်၏ တိပိဋကဓမ္မလက်ဆောင် တရားတော်များမှ ကောက်နုတ်ဖော်ပြပါသည်။)

Read more »

ဒုက္ခကိုယ်စီ ရှိကြသည်

ရုပ်နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားသည့် သတ္တဝါမှန်သမျှ ဒုက္ခဟူသည် ရှိကြသည်သာ ဖြစ်၏။ လူလည်းရှိ၏။ နတ်လည်းရှိ၏။ ဗြဟ္မာလည်းရှိ၏။ တိရစ္ဆာန်လည်း ရှိ၏။ ပုထုဇဉ်လည်း ရှိ၏။ အရိယာလည်း ရှိ၏။ မည်သည့် ဘုံဘဝတွင် ရှိနေကြသည့် သတ္တဝါများ ဖြစ်ပါစေ ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသဖြင့် ဒုက္ခတရားလည်း ပိုင်ဆိုင်ထားပြီး ဖြစ်၏။ ရုပ်နာမ်ရှိနေသမျှ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဟူသည့် ဒုက္ခတရားများလည်း ရှိနေကြမည်သာ ဖြစ်၏။ မည်မျှချမ်းသာသည့် သူဖြစ်စေ၊ မည်မျှဆင်းရဲသည့် သူဖြစ်စေ၊ မည်မျှတန်ခိုးရှိသည့် သူဖြစ်စေ၊ မည်မျှအားနည်းသည့် သူဖြစ်စေ၊ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားပင် ဖြစ်စေ၊ မည်သည့်နေရာ မည်သည့်နိုင်ငံတွင် နေသည့်သူဖြစ်စေ ရုပ်နာမ်အစု ရှိနေသမျှ ဒုက္ခအစုလည်း ရှိနေကြမည်သာ ဖြစ်၏။ ဒုက္ခဟူသည် ကိလေသာကုန်ခမ်း၍ ဘဝသစ်တစ်ဖန် မဖြစ်တော့သည့် အခါမှသာ နောက်ထပ်တစ်ဖန် ဒုက္ခဖြစ်ရန်လည်း မရှိနိုင်ခြင်း ဖြစ်၏။ ဘဝသစ်ရှိနေလျှင် ခန္ဓာသစ်လည်း ရှိနေမည်ဖြစ်ပြီး ခန္ဓာရှိနေသမျှ ဒုက္ခလည်း ရှိနေကြမည် ဖြစ်သဖြင့် မည်သည့်သတ္တဝါမဆို ခန္ဓာကိုအမှီပြု၍ ဒုက္ခကိုယ်စီ ရှိနေကြသည်သာ ဖြစ်၏။

သို့သော် သတ္တဝါများသည်ကား ခန္ဓာရှိ၍ ဒုက္ခရှိသည့် အမှန်သစ္စာကို မသိကြသဖြင့် ရုပ်နာမ်အစုကို အမှီပြု၍ ဖြစ်ပေါ်လာသည့် ဆင်းရဲခြင်းဒုက္ခများနှင့် ကြုံတွေ့ကြသည့်အခါ “ငါ့မှလာပြီး ဒီလိုဒုက္ခဖြစ်ရတယ်၊ ငါ့ဒုက္ခက ပိုပြီးကြီးတယ်၊ ဒုက္ခတွေကလည်း ငါ့မှာပဲ ဖြစ်နေကြတယ်” စသည်ဖြင့် တွေးထင်မိကာ မိမိဖြစ်သည့် ဒုက္ခကသာ ပြင်းထန်ကြီးမားကြသည်ဟု ထင်နေတတ်ကြ၏။ မိမိခံစားရမှသာ ဆင်းရဲအစစ်ဟု ထင်နေတတ်ကြ၏။ ထို့အပြင် မိမိ၏ ဒုက္ခကို သူတပါး၏ တဒင်္ဂ သုခများဖြင့် ချိန်ထိုးကား ရုပ်ပိုင်းဆိုင်ရာချမ်းသာသူများ၊ အကောင်းစား၍ အကောင်းဝတ်ကာ အကောင်းနေရသူများကို ကြည့်၍လည်း မိမိတို့၏ ဆင်းရဲအပေါ်ပို၍ ခံစားတတ်ကြ၏။ ချမ်းသာသူများကို ကြည့်ကာ အားကျတတ်ကြ၏။

တစ်ခါက စာရေးသူ ကိုရီးယားမှ မြန်မာပြည် အခိုက်အတန့် ပြန်သွားစဉ် မြန်မာပြည်တွင် ရှိနေကြသည့် စာရေးသူ၏ ဆွေမျိုးများနှင့် ဒကာဒကာမအချို့က ကိုရီးယားနိုင်ငံတွင် သီတင်းသုံးနေသည့် စာရေးသူအား “အရှင်ဘုရားတို့ ဘဝပဲ ကောင်းပါတယ်ဘုရား၊ ဘာမှပူစရာ မရှိဘူး၊ ကိုရီးယားကလည်း အရမ်းချမ်းသာတော့ အရှင်ဘုရားတို့လည်း ချမ်းချမ်းသာသာရှိပြီး ငြိမ်းချမ်းနေမှာပါ၊ မြန်မာပြည်ကတော့ အရှင်ဘုရားတို့ သိတဲ့အတိုင်း အစစအရာ ဒုက္ခတွေချည်းပဲဘုရား၊ ဖြစ်နိုင်ရင် ပြန်မလာနဲ့ဘုရား အဲဒီမှာပဲ နေလိုက်တော့ဘုရား” စသည်ဖြင့် ရုပ်ရှင်ဒရာမ ဇာတ်ကားထဲမှ ကိုရီးယား၏ ပုံရိပ်များကိုကြည့်ကာ အားကျစိတ်ဖြင့် ပြောဆိုလျှောက်ထားဖူး၏။ မြန်မာပြည်တွင် ခံစားရသည့် မိမိတို့၏ ဒုက္ခကို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် ချမ်းသာသည်ဟု ထင်နေကြသည့် ချမ်းသာသည့် နိုင်ငံရှိလူများနှင့် ချိန်ထိုးကား အားလည်းကျ၊ မိမိတို့၏ ဒုက္ခကိုလည်း အလွန်ပြင်းထန်လှသည်ဟု ထင်နေကြခြင်း ဖြစ်၏။

စင်စစ် စာရေးသူအပါအဝင် တိုးတက်သည့် နိုင်ငံတွင် ရောက်နေကြသည့် မြန်မာများနှင့် ထိုတိုးတက်သည့် နိုင်ငံတွင် ရှိနေကြသည့် ဆိုင်ရာနိုင်ငံသားများသည် မြန်မာပြည်တွင်းရှိ အများပြည်သူ ထင်နေကြသကဲ့သို့ ချမ်းသာသူများ၊ ငြိမ်းချမ်းသည့် သူများကား မဟုတ်လှပေ။ သူ့အထွာနှင့်သူ ပြဲသည်ဟု ဆိုသကဲ့သို့ သူ့ဒုက္ခနှင့်သူ ဆင်းရဲနေကြသည်သာ ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်သဖြင့် ချမ်းသာသည်ဟု ထင်နေရသော်လည်း စိတ်ပိုင်းဆိုင်ရာ ဒုက္ခများကား မချမ်းသာသည့်သူ၊ မရှိသည့်သူများထက်ပင် ပိုများနေသေး၏။ ရုပ်ဝတ္ထုချမ်းသာသော်လည်း စိတ်အစဉ်မှာ မချမ်းသာသဖြင့် စိတ်ဖိစီးမှုများ၊ စိတ်သောကဖြစ်မှုများ၊ စိတ်ခံစားမှုများဖြင့် စိတ်အစဉ်မှာ ပို၍ပင် ဆင်းရဲနေတတ်၏။ ထို့ကြောင့်လည်း တစ်ခါတရံ စိတ်ဖိစီးမှုကို မခံနိုင်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ပြုလုပ်တတ်သူများ ရှိတတ်၏။ ဤသည်မှာ ဒုက္ခကို ဒုက္ခဟု မသိဘဲ သုခဟု ထင်မိရာက ထင်တိုင်းမဖြစ်သဖြင့် ဖြစ်ချင်ရာဖြစ် လုပ်ပစ်လိုက်ကြခြင်း ဖြစ်၏။

သိပ်မကြာသေးခင်က စာရေးသူ၏ ကျောင်းသို့ ကိုရီးယား ဒကာမတစ်ဦး ရောက်လာခဲ့၏။ သူ့ကြည့်ရသည်မှာ စိတ်သောကခံစားနေရသည့် အသွင်ကို အထင်အရှား တွေ့နေရ၏။ နောက်စာရေးသူအား သူ့ဒုက္ခကို ကုစားပေးရန် လျှောက်ထား၏။ ထိုဒကာမသည် ဝတ္ထုကြေးငွေ ချမ်းသာသည့် သဘောရှိ၏။ လိုချင်သည့် အရာဝတ္ထုမှန်သမျှ လိုသလို ဝယ်ယူသုံးဆောင်နိုင်၏။ သို့သော် ဝယ်မရသည်ကား စိတ်ဒုက္ခကို သက်သာပျောက်ကင်းစေမည့် အရာပင်ဖြစ်၏။ ထိုဒကာမ၏ ဒုက္ခမှာ လင်ယောက်ျား၏ အိမ်ထောင်ရေးဖောက်ပြန်မှု၊ သားသမီးများ၏ မိမိအပေါ် ဆက်ဆံမှု၊ စကားနားမထောင်မှု၊ အိမ်ထောင်ရေး အဆင်မပြေမှု စသည်များပင် ဖြစ်၏။ ထိုသို့သော ဒုက္ခများကြောင့် အမျိုးမျိုးသောနည်းများဖြင့် ကုစားသော်လည်း မရနိုင်သဖြင့် နောက်ဆုံးတွင် စာရေးသူ၏ကျောင်းသို့ ရောက်လာခဲ့ခြင်း၏။ စာရေးသူလည်း ဘုရားနည်းအတိုင်း ဓမ္မဖြင့်သာ ကုစားရန်ဟောပြောပေးပြီး ဝိပဿနာ အလုပ်ကို အားထုတ်စေခဲ့၏။ ယခုဆိုလျင် ထိုဒကာမ၏ ဒုက္ခများ အထိုက်အလျောက် သက်သာလာနေသည့် သဘောရှိ၏။ ဆိုလိုသည်မှာ အများက အားကျလှသည့် တိုးတက်သည့် နိုင်ငံများရှိ ထိုထိုပုဂ္ဂိုလ် အပေါင်းတို့သည် ရုပ်ဝတ္ထုချမ်းသာသော်လည်း စိတ်မချမ်းသာသဖြင့် ဒုက္ခကိုယ်စီ ရှိနေကြောင်း သိစေလိုရင်း ဖြစ်၏။ အရင်းစစ်သော် ဒုက္ခဟူသည် ရုပ်ရနေသမျှ ဖြစ်နေကြမည်မှာ ထင်ရှားလှပေ၏။

မှန်၏။ ဒုက္ခ၏ သဘောမှာ ရုပ်ရနေသမျှ မုချတွေ့နေရမည် ဖြစ်သဖြင့် ချမ်းသာသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ၊ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးပင် ဖြစ်စေ ရုပ်နာမ်ရှိသဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကား ရှိနေကြမည်သာ ဖြစ်၏။ ဘုရားရဟန္တာ အရိယာအဖြစ် ရောက်သွားမှသာ ထိုဒုက္ခများ အမှန်ပပျောက်သွားမည် ဖြစ်၏။ သို့သည်တိုင် ဘုရားရဟန္တာ အရိယာများသည်လည်း အသက်ရှင်နေသည့် ထိုဘဝတွင် ကာယိကဒုက္ခခေါ် ကိုယ်ဆင်းရဲများကား ရှိနေသေးကြသည်သာ ဖြစ်၏။ စင်စစ်သော် မြတ်စွာဘုရား ဟောတော်မူသကဲ့သို့ ဒုက္ခဟူသည် ချမ်းသာသည့်နေရာ၊ ချမ်းသာသည့် လူမျိုးစသည်များဖြင့် မသက်ဆိုင်ဘဲ ရုပ်နာမ်အစု ပိုင်ဆိုင်ထားမှုနှင့်သာ သက်ဆိုင်သဖြင့် ခန္ဓာအစု ရှိနေသမျှ ဒုက္ခလည်းပဲ ရှိနေကြမည်သာ ဖြစ်၏။

ဤနေရာတွင် ဒုက္ခသစ္စာနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ ဖွင့်ဆိုချက်က ရှင်းလွန်းလှ၏။ မြတ်စွာဘုရားရှင်က “ရဟန်းတို့ ပဋိသန္ဓေနေရခြင်းသည်လည်း ဒုက္ခတည်း၊ အိုရခြင်းသည်လည်း ဒုက္ခတည်း၊ နာရခြင်းသည်လည်း ဒုက္ခတည်း၊ သေရခြင်းသည်လည်း ဒုက္ခတည်း၊ မချစ်မနှစ်သက်သည်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်း သည်လည်း ဒုက္ခတည်း၊ ချစ်ခင်နှစ်သက် စုံမက်သည်များနှင့် သေကွဲရှင်ကွဲ ကွဲရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းအားဖြင့် တပ်မက်စွဲလန်းတတ်သည့် ခန္ဓာငါးပါးသည်လည်း ဒုက္ခပင်တည်း” ဟု ဒုက္ခ၏ သဘောအမှန်ကို ဟောပြတော်မူထား၏။

ဘုရားရှင် ဟောတော်မူထားသည့် ဒုက္ခတရား၏ အဖွင့်များအရ သတ္တဝါတိုင်း ဒုက္ခကိုယ်စီ ရှိနေကြသည်မှာ ထင်ရှားလှ၏။ သတ္တဝါမှန်သမျှ မွေးဖွားမှုအစ ဒုက္ခမှသည် အိုရသည့်ဒုက္ခ၊ နာရသည့်ဒုက္ခ အပါအဝင် သေရသည့် ဒုက္ခအဆုံးအထိ ဆင်းရဲအစုဖြင့် ဘဝကို ဖြတ်သန်းကြရ၏။ မွေးဖွားနှင့် သေဆုံးမှုကြားကာလတွင်လည်း မချစ်မနှစ်သက်သည်များနှင့် အတူရှိနေရသည့် ဆင်းရဲ၊ ချစ်ခင်နှစ်သက်သည်များနှင့် ကွဲကွာရသည့် ဆင်းရဲ၊ အလိုရှိသည်ကို မရသဖြင့် ခံစားရသည့် ဆင်းရဲများနှင့်လည်း ကြုံတွေ့ကြရ၏။ ထို့ထက်အလွန် အခြေခံ အကျဆုံးဖြစ်သည့် ခန္ဓာအစုကို အမှီပြုရသည့် ဆင်းရဲသည်ကား သတ္တဝါတိုင်း ရှောင်လွဲမရ ကြုံတွေ့ကြရသည့် ဆင်းရဲအမှန် ဖြစ်နေကြခြင်းပင် ဖြစ်၏။

ထိုဆင်းရဲအားလုံးသည် လူမျိုးနှင့်မဆိုင်၊ နိုင်ငံနှင့်မဆိုင်ဘဲ ခန္ဓာအစုနှင့်သာဆိုင်သည့် ဆင်းရဲများဖြစ်သဖြင့် ရုပ်နာမ်နှစ်ခုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ မြန်မာဖြစ်စေ၊ တရုတ်ဖြစ်စေ၊ ကိုရီးယားဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ အမေရိကန်၊ အင်္ဂလန် စသည်ဖြစ်စေ မည့်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို အမှန်မလွဲ တွေ့ကြုံကြရမည့် ဒုက္ခသဘောပင် ဖြစ်ပါ၏။ အပေါ်ယံအားဖြင့် ကြည့်လျှင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် တဒင်္ဂ အခိုက်အတန့်အားဖြင့် ချမ်းသာသည်ဟု ထင်နေတတ်ကြသော်လည်း ခန္ဓာအစုကို ပိုင်ဆိုင်ထားသမျှ ထိုအခိုက်အတန့် ချမ်းသာမှု၏ နောက်တွင် ဆင်းရဲအစုများက ရောက်နေကြမည်သာ ဖြစ်၏။ မမြဲသည့် ခန္ဓာအစုကို ပိုင်ဆိုင်ထားသဖြင့် မမြဲခြင်း သဘောတရားအရ ရုပ်လည်းဖောက်ပြန်မည်ဖြစ်ပြီး စိတ်လည်းဖောက်ပြန်နေမည်သာ ဖြစ်၏။ ဖောက်ပြန်နေသမျှ ဆင်းရဲလည်း ရနေကြမည်သာ ဖြစ်၏။ ထိုသို့ ဖောက်ပြန်တတ်သည့် သဘောရှိသဖြင့် ဖောက်ပြန်တတ်သည့်အပေါ် ဆင်းရဲသည်ဟုဆိုသော် ထိုဆင်းရဲသည် မိမိသန္တာန်တွင်သာ ရှိသည်မဟုတ် သတ္တဝါအားလုံးမှာပင် ရှိနေသည်ဟုသည့် အချက်ကို သတိပြုရမည် ဖြစ်၏။

သတိပြုရုံတွင်မဟုတ်ဘဲ ထိုဒုက္ခအားလုံး၏ ဖြစ်ပေါ်ရာ အကြောင်းတရားဖြစ်သည့် တွယ်တာမှု သမုဒယ တဏှာကိုလည်း ပယ်သတ်နိုင်ရန် ကြိုးစားသင့်လှ၏။ ခန္ဓာအစု ရှိသဖြင့် ဆင်းရဲဖြစ်သည့် အပေါ်တွင် ပင်ပန်းသည်ဟု ထင်နေသော် ထိုဆင်းရဲ၏ ဖြစ်ကြောင်းတဏှာကို သီလအခြေခံသည့် ဝိပဿနာ အကျင့်တရားဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အားထုတ်သင့်လှ၏။ ဒုက္ခအားလုံးသည် သမုဒယကြောင့် ဖြစ်သည်ကို သိအောင်ကြိုးစားပြီး ထိုသမုဒယကို ပယ်သတ်နိုင်သည့် နိရောဓခေါ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ရန် လမ်းမှန်ဖြစ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို လိုက်နာကျင့်သုံးကာ ဝိပဿနာဉာဏ်ဖြင့် ဒုက္ခငြိမ်းအောင် အသိသတိထပ်တူညှိ၍ လက်တွေ့ကျင့်ကြံသင့်လှပေ၏။ ထိုသို့ ကျင့်ကြံနိုင်လျှင် ဆင်းရဲငြိမ်းရာ သန္တိသုခကို ဧကန်မုချ ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ “လောကသားများ အထင်မှားနေကြသည့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများသည် ဒုက္ခဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသတ်ဆိုင်ဘဲ ဒုက္ခဟူသည် ချမ်းသာသူပင် ဖြစ်စေ၊ ဆင်းရဲသူပင် ဖြစ်စေ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ အသီးအသီး ကိုယ်စီရှိနေကြမည်သာ ဖြစ်ကြောင်း၊ ခန္ဓာရှိလျင် ဒုက္ခရှိနေမည် ဖြစ်သဖြင့် မိမိမှာသာ ဒုက္ခဖြစ်နေသည် မဟုတ်ဘဲ လောကရှိ သတ္တဝါအားလုံးတွင် ထိုဒုက္ခတရားသည် မလွဲမသွေ ရှိနေကြမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ခန္ဓာရှိသဖြင့် ဒုက္ခရှိသည့်အပေါ်တွင် မိမိ၏ ဒုက္ခကသာ ကြီးမားသည်ဟု ထင်နေတတ်သည့် အတွေးမျိုးကို ဖယ်ထုတ်ကာ အမှန်ဒုက္ခ ငြိမ်းစေရန် ဒုက္ခဖြစ်ကြောင်း သမုဒယ တဏှာကိုသာ ပယ်သတ်နိုင်ရန် ကြိုးစားသင့်ကြောင်း၊ တဏှာကင်းလျှင် ဒုက္ခလည်း ရှင်းမည်ဖြစ်သဖြင့် သတိပဋ္ဌာန်အကျင့်ကို ကျင့်ကြံအားထုတ်ကာ တဏှာကင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ကြောင်း” စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် မိမိ၏ဒုက္ခမှသာ ဒုက္ခဟု ထင်နေကြသူများ၊ မိမိ၏ ဆင်းရဲသည်သာ ဆင်းရဲအစစ်ဟု ထင်နေကြသူများ အနေဖြင့် အထူးသတိပြုရမည်မှာ ဒုက္ခဟူသည် မိမိတွင်သာ ရှိသည်မဟုတ်ဘဲ ခန္ဓာရှိနေသည့်သူ မှန်သမျှ မည်သူမဆို ရှိနေကြသည်သာ ဖြစ်သဖြင့် ရုပ်ရသဖြင့် ဒုက္ခရခြင်းအပေါ် စိုးရိမ်ပူဆွေးမှုများ၊ သောကတရားများဖြင့် ဘဝပျက်သည်အထိ မခံစားမိကြဘဲ ဒုက္ခ၏ သဘောအမှန်ကိုသာ သိအောင်ကြိုးစားရင်း ဒုက္ခဖြစ်ကြောင်း သမုဒယ တဏှာကို ပယ်သတ်နိုင်အောင် သတိပဋ္ဌာန်အလုပ်ကိုသာ များများအားထုတ်ကြပါဟု အလေးအနက် တိုက်တွန်းသမှု ပြုလုပ်ရပါသည်။

Read more »

ရောမချမိပါနဲ့

ပြောရရင်တော့ အောချချင်စရာ
တစ်ချို့တစ်ချို့တွေက သဘောမကျချင်အောင်
ရောချနေတတ်တာ။

တစ်ချို့က
“ရောင့်ရဲခြင်းနဲ့ အပျင်းထူခြင်း
အပြစ်ပြင်ခြင်းနဲ့ အပြစ်တင်ခြင်း
သတ္တိရှိခြင်းနဲ့ မိုက်ရူးရဲဆန်ခြင်း
သည်းခံခြင်းနဲ့ အနှိမ်ခံခြင်း
မေတ္တာထားခြင်းနဲ့ ချစ်သဒ္ဓါပွားခြင်း
သဒ္ဓါလွန်ခြင်းနဲ့ တဏှာကျွံခြင်း
ဣနြေ္ဒရှိခြင်းနဲ့ ဟန်ဆောင်ခြင်း”
စတာတွေကို
အထအနတွေနဲ့ အလှပြကာ ရောချနေတတ်ကြ။

သူတို့က
“အပျင်းထူးတာကို ရောင့်ရဲတာပါ”တဲ့
“အပြစ်တင်တာကို အပြစ်ပြင်တာပါ”တဲ့
“မိုက်ရူးရဲဆန်တာကို သတ္တိရှိတာပါ”တဲ့
“အနှိမ်ခံတာကို သည်းခံတာပါ”တဲ့
“ချစ်နေတာကို မေတ္တာထားတာပါ”တဲ့
“တဏှာလွန်နေတာကို သဒ္ဓါကောင်းတာပါ”တဲ့
“ဟန်ဆောင်နေတာကို ဣနြေ္ဒရှိတာပါ”တဲ့။

ဆိုတော့ကား
အမှန်အမှားကို အကြံသမားတွေက
အမှားကို အမှန်လုပ်
အများတကာ အဟုတ်ထင်အောင်
ပြောသမျှစကား၊ ဟောသမျှ တရားတွေနဲ့
ရောချကာ စားနေကြပေမယ့်
အမှန်မသိ ဉာဏ်မရှိသူတွေက
မောဟအပူမိပြီး ရောသမျှကိုယူမိနေတော့
အော်... ပြောပြချင်မိတာက “ရောချတာ မိနေပြီဟေ့”လို့။ ။
(မနာပ ဒါယီဆရာတော်)

Read more »

ကံဆိုးခြင်းမဟုတ်၊ ကံကောင်းသွားခြင်းသာ

မကြာသေးခင်က ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)ရဲ့ ကျောင်းအကျိုးဆောင် ဒကာတစ်ယောက် ဆိုင်ကယ်မှောက်ပြီး အရမ်းပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးရုံပေါ်ကို ရောက်သွားခဲ့ပါတယ်။ ကျောင်းအတွက်ပဲဖြစ်ဖြစ်၊ လူမှုရေး ကိစ္စများမှာပဲ ဖြစ်ဖြစ်၊ မြန်မာများအတွက်ပဲ ဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားဆောင်ရွတ်ပေးပြီး အသောက်အစားကင်းကာ လူကြီးလူကောင်း ပီသတဲ့ သူတစ်ယောက် အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတော့ လူအတော်များများက စိတ်မကောင်း ဖြစ်ကြရတဲ့အပြင် မကောင်းတဲ့ အလုပ်တွေနဲ့ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဘဲ ကိုယ့်အချင်းချင်း ဒုက္ခပေးနေလေ့ ရှိတတ်ပေမယ့် ဘာမှမဖြစ်ဘဲ ဒုက္ခပေးမြဲ ပေးနေတဲ့ သူအချို့နဲ့ပါ ချိန်းထိုးပြီး “ကံတရားကလည်း မကောင်းတဲ့ သူတွေကျတော့ ဘာမှမဖြစ်ဘဲ သူလိုကောင်းတဲ့သူမျိုးမှ အခုလို လာဖြစ်ရတယ်လို့၊ သူ့ကံကလည်း ဆိုးလွန်းလှပါတယ်၊ ဖြစ်သင့်တာက သူလိုလူမျိုးမဟုတ်ဘဲ၊ မကောင်းတဲ့သူတွေမှာ ဖြစ်ရမှာပါ” စသဖြင့် အားမလိုအားမရ နှမျောတသနဲ့ ပြောကြဆိုကြပါတယ်။

သူတို့သူတို့တွေရဲ့ အဲဒီလို အသံလေးတွေကြားရတော့ ပုထုဇဉ်ဖြစ်တဲ့ ဘုန်းဘုန်းမှာလည်း ကိုယ့်ဒကာအတွက် အတိုင်းထက်အလွန် ခံစားရပါတယ်။ ပြီးတော့ ခံစားမှုရဲ့နောက်မှာလည်း သံဝေဂရမှုတွေ၊ တရားရမှုတွေ၊ နှမျောတသမှုတွေနဲ့ စိတ်ထဲမှာ အတော်အလုပ်ရှုပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက ခံစားနေရုံနဲ့ ပြီးသွားမယ့် ကိစ္စမျိုးမဟုတ်လေတော့ သူ့အတွက် လုပ်သင့်လုပ်ထိုက်တာကိုပဲ တစ်ခါပြန်ပြီး အားစိုက်ရပြန်ပါတယ်။ သူနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရ၊ ခံစားရတဲ့ သူတွေကိုလည်း သူတို့စိတ်အစဉ်တွေ သက်သာစေဖို့ ဓမ္မလေးတွေနဲ့ ဖြေဖျောက်ပေးရပြန်ပါတယ်။ ကျောင်းအကျိုးဆောင် တစ်ယောက် အခုလို အဖြစ်ဆိုးနဲ့ ကြုံရတဲ့အပေါ်မှာ အဆိုးထဲက အကောင်းကိုထုတ်ပြီး “ဒါဟာ ကံးဆိုခြင်းထက်၊ ကံကောင်းသွားခြင်းပဲ ဖြစ်ကြောင်း” စသဖြင့် ဟောပြောပေးရပြန်ပါတယ်။

ဟုတ်ပါတယ်။ ဒီဒကာ အခုလိုဖြစ်သွားတာဟာ သာမန်အားဖြင့် ကြည့်ရင်တော့ ကံဆိုးတာပါပဲ။ ဒါပေမယ့် သံသရာနဲ့ ချီလာခဲ့တဲ့ မမြင်နိုင်တဲ့ သူ့အတိတ်အတိတ် ကံတွေအရ ကြည့်ရင်တော့ ဒါဟာ ကံဆိုးတာထက် ကံကောင်းတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အတိတ် တစ်ချိန်က သူလုပ်ခဲ့တဲ့ မကောင်းကံရဲ့ အကျိုးပေးချိန်ဟာ အခုအချိန်မှာ အရမ်းအားကောင်းနေပြီး အကျိုးပေးချိန် တိုက်ဆိုင်လာတာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ပုံမှန်သွားလာ လှုပ်ရှားနေတုန်းမှာပဲ အခုလို အဖြစ်တွေနဲ့ ကြုံတွေ့ရခြင်းဖြစ်ပါတယ်။ သူ့အဖြစ်ကို လက်တွေ့မြင်တွေကြရတဲ့ သူတွေရဲ့ ပြောပြချက်အရ သူဖြစ်ခဲ့တဲ့ ဆိုင်ကယ်မှောက်တဲ့နေရာနဲ့၊ မှောက်သွားတဲ့ အနေအထားတွေအရ အဲဒီနေရာမှာပဲ ဘယ်သူမှမသိလိုက်ဘဲ သေသွားနိုင်တဲ့ အဖြစ်မျိုးဆိုတာ သိလိုက်ရပါတယ်။ အဲဒီလို သေရမယ့် အနေအထားကနေ ခုလို မသေဘဲ ထိခိုက်ဒဏ်ရာ ရတဲ့အဆင့်လောက်ပဲ ဖြစ်သွားတာဆိုတော့ ဒါဟာ အခုဘဝမှာ သူလုပ်ခဲ့တဲ့ ကောင်းတဲ့ကုသိုလ်ကံတွေရဲ့ ထောက်တည်ပေးမှုကြောင့် ဆိုတာ ထင်ရှားတဲ့အချက်ပဲလို့ ဘာသာတရားရှုထောင့်၊ ကံတရားရှုထောင့်တွေအရ ဖြေဆည်နိုင်ကြရခြင်း ဖြစ်ပါတယ်။

ဒါဟာ အမှန်ပါပဲ။ ကံတရားရဲ့ အကျိုးပေးချိန် ရောက်လာတဲ့အခါ သိပ်ပြီးတန်ခိုးကြီးပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်မြတ်တွေတောင်မှ ဝဋ်ကျွေးတစ်ခုအဖြစ် ပေးဆပ်ကြရတာ ဖြစ်ပါတယ်။ ကောင်းကံပဲဖြစ်ဖြစ်၊ ဆိုးကံပဲဖြစ်ဖြစ် အချိန်တန်မှ၊ အခွင့်ကြုံမှ အကျိုးပေးတတ်တာ ဖြစ်တဲ့အတွက် အဲဒီအကျိုးပေးချိန်မှာ ကိုယ့်ဘက်က ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။ မကောင်းကံအကျိုးပေးချိန် ရောက်လာတဲ့အခါ အဆိုးဆုံးမဖြစ်ဖို့ ကောင်းကံတွေနဲ့ ထောက်ပံ့ပေးထားရမှာ ဖြစ်သလို ကောင်းကံအကျိုးပေးချိန် ရောက်လာတဲ့အခါလည်း ဒီကံအကျိုးပေး အားကောင်းအောင်၊ အကျိုးပေးခွင့်သာအောင် ကောင်းတာတွေနဲ့ လမ်းဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း မကောင်းကံဆိုရင် အကျိုးပေးအားနည်းပြီး၊ ကောင်းကံဆိုရင် အကျိုးပေးအားကြီးလာမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြတ်စွာဘုရားရှင် ဟောတော်မူတဲ့ တရားစကားတော်ကို သတိရဆင်ခြင်မိပါတယ်။ ဘုရားစကားတော်ဟာ သိပ်မှန်ပြီး အရမ်းကို မှတ်သားစရာ ကောင်းပါတယ်။ ဗုဒ္ဓရှင်တော်မြတ်က ကောင်းကံမကောင်းကံတွေရဲ့ အကျိုးပေးချိန်နဲ့ ပတ်သက်ပြီး “မကောင်းမှုကို ပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရ၏။ ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသေးသော ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသောသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏” လို့ မိန့်တော်မူပါတယ်။

ဘုရားရှင် မိန့်တော်မူတဲ့ တရားစကားတော်လိုပါပဲ ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်တွေရဲ့ အကျိုးသက်ရောက်မှုဆိုတာ အချိန်တန် အခွင့်ကြုံမှ အကျိုးပေးတာဖြစ်တဲ့အတွက် ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲ ဖြစ်နေရတဲ့သူတွေ၊ မကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုးတွေကို တွေ့နေရတဲ့သူတွေ အနေနဲ့ ကောင်းကံမကောင်းကံတွေရဲ့ အကျိုးသက်ရောက်မှု အကျိုးပေးချိန်ဟာ အချိန်တန်လာရင် ဘယ်သူမှ တားမရဘူးဆိုတာ သဘောပေါက် သိမြင်ပြီး မကောင်းမှုတွေကို ရှောင်ကာ ကောင်းမှုတွေကို ဆောင်ထားကြဖို့ပဲ ဖြစ်ပါတယ်။ ကောင်းမှုတွေကို ဆောင်ထားတဲ့သူတွေမှာ အတိတ်တစ်ချိန်ချိန်က မကောင်းကျိုးတွေ အကျိုးပေးချိန်တန်လို့ ကိုယ့်ဆီကို ရောက်လာတာတောင်မှ အဆိုးဝါးကြီး ဖြစ်မသွားဘူးဆိုတာ သိရှိနားလည်ပြီး ဘာပဲဖြစ်ဖြစ် ကုသိုလ်ကောင်းမှုကို တတ်နိုင်သမျှ ကြိုးစားပြုလုပ်ထားကြရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဒီလောက်ကောင်းတာတွေ လုပ်တဲ့သူကိုမှ ဒီလို မကောင်းကျိုးတွေ ဖြစ်ရတယ်ရယ်လို့ စိတ်မကောင်း ဖြစ်ကြရတဲ့သူတွေ အနေနဲ့ ဒါဟာ ကံတရားရဲ့ မျက်နှာလိုက်မှု မဟုတ်ဘဲ အားကြီးတဲ့ ကံတစ်ခုခုရဲ့ အကျိုးပေးချိန်တန်လို့ ရောက်လာခဲ့တဲ့ ကမ္မနိယာမရဲ့ သဘောပဲ ဖြစ်တယ်ဆိုတာ သိရှိထားကြရမှာ ဖြစ်ပြီး အဆိုးထဲက အကောင်းအနေနဲ့ အဆုံးစွန်ဖြစ်ရမယ့် ဆိုးကျိုးကနေ အများကြီး ကောင်းမွန်လာတဲ့ အပေါ်မှာလည်း ဒါဟာ အတိတ်ဘဝ တစ်ခုခုက ပြုလုပ်ခဲ့တဲ မကောင်းမှုဟာ အားကြီးပေမယ့် ဒီဘဝရဲ့ ကောင်းမှုအားတွေရဲ့ ထောက်ပံ့ပေးမှုက အားကြီးတဲ့ မကောင်းမှုကို အားနည်းအောင် ပြုလုပ်နိုင်ပါလားဆိုတာ ဖြည်ဆည်ကြရမှာဖြစ်ကာ မမြင်နိုင်တဲ့ ကံတရားရဲ့ သက်ရောက်မှုတွေ ဘယ်လိုပဲ ရှိနေပါစေ ကိုယ့်ဘက်ကတော့ ကောင်းမှုတွေနဲ့ အားဖြည့်ထားကြရမယ်ဆိုတာ သဘောပေါက်သိမြင် နားလည်ထားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကောင်းတာတွေ လုပ်နေပေမယ့် မကောင်းကျိုးနဲ့ ကြုံတွေ့ရပြီး မကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုးတွေ ရနေတဲ့သူတွေကို ကြည့်ကာ “ကံဆိုးလိုက်တာ၊ ကံကောင်းလိုက်တာ” စသဖြင့် ဆိုတတ်ကြတဲ့ သူတွေအနေနဲ့ “ကံဆိုးကံကောင်းဆိုတာ ပြုလုပ်သူရဲ့ စေတနာရယ်၊ အကျိုးပေးချိန်တန်မှ အကျိုးပေးတတ်တဲ့ ကံတရားရဲ့ အကျိုးသက်ရောက်မှုရယ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးရလာဘ် တစ်ခုသာ ဖြစ်ကြောင်း” သဘောပေါက်သိမြင်ကာ မမြင်နိုင်တဲ့ ကံတရားရဲ့ အကျိုးသက်ရောက်မှု ရောက်လာတဲ့အခါ မကောင်းကျိုးဆိုရင်လည်း အကျိုးပေးအားနည်းအောင်၊ ကောင်းကျိုးဆိုရင်လည်း အကျိုးပေး အားကောင်းအောင် အခုလက်ရှိအချိန်မှာ ကိုယ့်ကိုယ်ကိုသာ ကောင်းတဲ့အလုပ်တွေကို ထပ်ကာထပ်ကာ လုပ်နိုင်အောင် ကြိုးစားရင်း ကံဆိုးတဲ့အခါ ကံကောင်းစေဖို့ ကောင်းကံတွေကိုသာ လုပ်ကြည့်ကြဖို့ စေတနာထား မေတ္တာအားနဲ့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

ဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်း

ဖောက်ပြန်ခြင်း၊ ဖောက်ဖျက်ခြင်းဟူသော စကားများတွင် ယေဘုယျအားဖြင့် ဖောက်ပြန်ခြင်းသည် အလိုအလျောက် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် သဘောကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား လုံ့လပယောဂပြုမှု သဘောကိုဆောင်၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် အကျိုးရလာဘ်တစ်ခုခု အသွင်ကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား အကြောင်းဖန်တီးမှု တစ်ခုခုကို ညွန်းဆို၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်း သဘောမျိုးဟု ဆိုလိုက ဆိုနိုင်မည်ဖြစ်၏။ မည်သို့ပင်ဆိုစေ ထိုဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်းနှစ်မျိုးလုံးသည့် မကောင်းသည့် အရာများသာ ဖြစ်နေပေ၏။ ဖောက်ပြန်လျင်လည်း မကောင်းသကဲ့သို့ ဖောက်ဖျက်လျင်လည်း မကောင်းသည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော ထိုစကားကို စာသံပေသံဖြင့် ပြောဆိုသော် ဝိပတ္တိဟူသော စကားဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ဝိပတ္တိဟုဆိုလျှင် မြန်မာဗုဒ္ဓဘာသာ အားလုံးနီးပါး ရင်းနှီးပြီးသား၊ သိပြီးသား စကားပင်ဖြစ်၏။ ရှိခိုးကန်တော့နေကျ သြကာသ ကန်တော့ချိုး၏ ဆုတောင်းပိုင်းတွင် ပါဝင်နေသည့် စကားလုံးဖြစ်၍လည်း အပြည့်အစုံမသိသော်လည်း အလွန်စိမ်းနေသည့် စကားမဟုတ်သည်ကား သေချာလှ၏။

မြန်မာအများ မရလို၊ မတွေ့လိုလှသည့် ဖောက်ပြန်ခြင်းခေါ် ထိုဝိပတ္တိတရားသည် အရေအတွက်အားဖြင့် (၄)ပါးရှိ၏။ ထိုလေးပါးမှာ
၁။ ဂတိဝိပတ္တိ = လားရာဂတိဖောက်ပြန်ခြင်း (မကောင်းသည့် ဘုံဘဝ၌ဖြစ်ခြင်း)
၂။ ဥပဓိဝိပတ္တိ = ဥပဓိရုပ်ဖောက်ပြန်ခြင်း (ရုပ်ဆင်းအင်္ဂါချို့ယွင်း ပျက်စီးခြင်း)
၃။ ကာလ၀ိပတ္တိ = ခေတ်ကာလဖောက်ပြန်ခြင်း (တရားဖြင့် အုပ်ချုပ်မှု ကင်းမဲ့သည့် အချိန်ကာလ၌ဖြစ်ခြင်း)
၎။ ပယောဂ၀ိပတ္တိ= လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း ( လုပ်မှားကိုင်မှားဖြစ်ခြင်း၊ အပြစ်ကျူးလွန်မိခြင်း၊ မကောင်းမှု အကုသိုလ်ဖြင့်သာ အသက်မွေးမှု ပြုနေရခြင်း) တို့ပင် ဖြစ်၏။

ဤဖောက်ပြန်ခြင်းများသည် သတ္တဝါတိုင်း မတွေ့ချင်၊ မမြင်ချင်၊ မရချင်သည့် အရာများပင် ဖြစ်၏။ မည်သူမဆို မကောင်းသည့် ဘုံဘဝတွင် ဖြစ်ကြရမည်ကို မလိုလားကြသကဲ့သို့ ဖြစ်ရာဘဝတွင်လည်း ရုပ်အဆင်းအင်္ဂါ မလှမပ ချို့တဲ့ကြမည်ကို မလိုလားကြပေ။ ထို့အတူ မင်းမဲ့စရိုက်ဖြစ်နေပြီး တရားမဲ့နေသည့် တိုင်းပြည်နိုင်ငံ၊ ခေတ်ကာလ အခြေအနေမျိုးကိုလည်း အလိုမရှိကြသကဲ့သို့ မိမိတို့ မလုပ်ချင်သည့်၊ လုပ်သင့်သည့်အရာကို မလုပ်ရဘဲ မလုပ်သင့်သည့် အရာမျိုးကို လုပ်နေရခြင်းမျိုးကိုလည်း အလိုရှိကြမည် မဟုတ်လှပေ။ အချုပ်ပြောရလျှင် မည်ကဲ့သို့သော ဝိပတ္တိမျိုးကိုမျှ အလိုမရှိကြခြင်းပင် ဖြစ်၏။ ထို့ကြောင့်လည်း ကောင်းမှုအစုလေးများကိုပြုတိုင်း ဤအကျိုးကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးတို့မှ ကင်းပါရစေကြောင်း စသည်ဖြင့် ဆုမွန်ကောင်းများ တောင်းနေကြခြင်း ဖြစ်၏။

ဤနေရာ၌ တောင်းဆုချွေကြသည်ဟု စကားအဖြစ် ဆိုလိုက်ရသော်လည်း ဝိပတ္တိဟူသော ဖောက်ပြန်ခြင်း တရားများက ဆုတောင်းနေရုံဖြင့် ရောက်မလာသည့် တရားများကား မဟုတ်လှပေ။ ရှောင်ကြဉ်မှသာ ပျောက်စေပါသည့် တရားများ ဖြစ်ပါ၏။ ဖောက်ပြန်ခြင်းကို မလိုလျှင် ဖောက်ဖျက်ခြင်းကို မပြုမှသာ ရောက်မလာဘဲ ပျောက်ပျက်စေသည့် တရားများ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော အကျိုးရလာဘ်ကို မလိုချင်လျှင် ဖောက်ဖျက်ခြင်းဟူသော အကြောင်းတရားကို ကောင်းသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ ဖြစ်၏။ ဖောက်ဖျက်လျှင် ပျောက်ပျက်မည်ဖြစ်ပြီး ပျောက်ပျက်ခြင်းသည် ဖောက်ပြန်ခြင်းပင် ဖြစ်သဖြင့် မဖောက်ဖျက်မိစေရန် မိမိတို့၏ ကိုယ်နှုတ်နှလုံးကို စောင့်ကျက်ကြရမည်သာ ဖြစ်၏။

ဝိပတ္တိတရားလေးပါးတို့တွင် လားရာဂတိ ဖောက်ပြန်ခြင်းသည် အပါယ်လေးဘုံ၌ ဖြစ်ကြရခြင်းကို ဆိုလို၏။ ထိုသို့အပါယ်လေးဘုံ၌ ကျရောက်ရခြင်းကိုပင် ဂတိဖောက်ပြန်ခြင်းဟုဆိုသဖြင့် အပါယ်လေးပါးလားရခြင်း၏ အကြောင်းကိုလည်း ကောင်းစွာသိရှိနိုင်မည်ဖြစ်၏။ မကောင်းသည့် ဘုံဘဝတွင် ဖြစ်ရခြင်းသည် မကောင်းသည့် လုပ်ရပ်ကြောင့် ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်၏။ အထူးသဖြင့် လားရာဂတိ မကောင်းခြင်းသည် မကောင်းသည့် ဒုစရိုက်အမှုများကြောင့်ပင် ဖြစ်၏။ မကောင်းသည့် ကာယဒုစရိုက်အမှုများ၊ မကောင်းသည့် ဝစီဒုစရိုက်အမှုများ၊ မကောင်းသည့် မနောဒုစရိုက်အမှုများက ပြုလုပ်သူကို မကောင်းသည့် ဘုံဘဝသို့ရောက်အောင် သက်ရောက်မှုကို ဖြစ်စေနိုင်၏။ ထိုသက်ရောက်မှုအား အရင်းစစ်သော် မိမိကိုယ်တိုင် လုပ်ခဲ့သည့် မိမိ၏ လုပ်ရပ်ကြောင့်ပင်ဖြစ်၏။ မိမိက ဖောက်ဖျက်မိသဖြင့် မိမိဘဝသည်လည်း ဖောက်ပြန်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဂတိဖောက်ပြန်ခြင်းသည် မိမိကိုယ်တိုင် မကောင်းသည့် ဒုစရိုက်အမှု၊ အလုပ်အကိုင်များတွင် ဖောက်ပြန်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်း၊ ဖောက်ပြန်ခြင်းဟူသည့် ဥပဓိဝိပတ္တိသည်လည်း ပြုလုပ်သူ၏ ဖောက်ဖျက်ခြင်းကြောင့် ရရှိလာသည့် အကျိုးရလာဘ် တစ်ခုပင်ဖြစ်၏။ ဥပဓိဖောက်ပြန်မှုကို ဖြစ်စေသည့် မိမိ၏ ဖောက်ပြန်သည့် အလုပ်များကြောင့် ထိုအလုပ်များနှင့်အညီ တူသောအကျိုးကို ပေးလာခြင်း သဘောပင် ဖြစ်၏။ ရုပ်အဆင်းအင်္ဂါ လှပပြည့်စုံမှုမရှိ၊ ချို့ယွင်းချက်အတိ ဖြစ်နေကြသည့် သူအချို့ကို ကြည့်ပါက ထိုသူများ၏ အတိတ်က ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များကို အလွယ်တကူ သိရှိနိုင်ကြမည် ဖြစ်၏။ ကံတရား၏သဘောသည် နားရွတ်ပြတ်အောင် လုပ်ခဲ့သူအား နားရွတ်ပြတ်စေသည့် တန်ပြန်သက်ရောက်မှု၊ မျက်စိကန်းအောင် လုပ်ခဲ့သူအား မျက်စိမမြင်မှု၊ ကိုယ်လက်အင်္ဂါ ချို့တဲ့အောင် လုပ်ခဲ့သူအား ကိုယ်လက်အင်္ဂါ မပြည်စုံမှု စသည်ဖြင့် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်နှင့်ညီစွာ တူညီသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေသည့် သဘောရှိ၏။ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်းဟူသည့် ဖောက်ပြန်ခြင်းသည် ထိုသို့ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် ပြုလုပ်သူ၏ အကျင့်သီလ ဖောက်ဖျက်ခြင်းကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်ပင် ဤလောကကြီး၌ လူချင်းတူသော်လည်း လူစဉ်မမီသူများ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံသူများ စသည်ဖြင့် တွေ့နေကြရခြင်း ဖြစ်၏။ ဤသည်မှာ မိမိကိုယ်တိုင် ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များ၏ ဖောက်ပြန်သည့် အကျိုးဆက်များပင် ဖြစ်၏။

ခေတ်ကာလ ဖောက်ပြန်ခြင်းသည်လည်း ထိုနည်းအတူပင်ဖြစ်၏။ ဖောက်ပြန်နေသည့် ခေတ်ကာလတွင် လူလာဖြစ်ရပြီး၊ အဆိုးဆုံးအခြေအနေ၊ အဆုံးဆုံးနေရာ၊ အဆိုးဆုံး သူများ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်နေရခြင်းကပင် မိမိ၏ ကာလဖောက်ပြန်ခြင်း ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။ သံသရာအဆက်ဆက် ခေတ်အဆက်ဆက် ကျင်လည်ခဲ့ကြရသော်လည်း ထိုခေတ်ကောင်းသံသရာကောင်း ဘဝကောင်းတွင် ရသင့် ရထိုက်သည့်တရား၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဘဝတွင် မရမဖြစ်ခဲ့ခြင်းကပင် မိမိ၏ အကြောင်းတရား ဖောက်ဖျက်သွားခြင်း ဖြစ်ပြီး ထိုဖောက်ဖျက်မှုကပင် မကောင်းသည့်ခေတ်ကာလ အနေအထားတွင် ဘဝသစ်ကို ဖြစ်စေခြင်းဟူသည့် ဖောက်ပြန်မှု အကျိုးဆက်ကို ဖြစ်ပွားစေခဲ့ခြင်း ဖြစ်၏။ လုပ်ရပ်မှန်ကန်၊ အကျင့်မှန်ကန်ပြီး အသိမှန်ကန်ခဲ့သူများကား လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ဖောက်ဖျက်ကျူးလွန်မှု မရှိဘဲ လုပ်ဆောင်ခဲ့ကြသဖြင့် ဘဝကောင်းပြီး ခေတ်ကောင်းကြုံကြရသော်လည်း အချို့အချို့သည်ကား ခေတ်ဆိုးစနစ်ဆိုး၊ အရပ်ဆိုး၊ ပုဂ္ဂိုလ်ဆိုးပြီး အဓမ္မဝါဒ လွှမ်းမိုးမှုအောက်တွင်ရောက်ကာ ကောင်းမှုကုသိုလ်နှင့် ဝေးကြရသည့် အခါကာလတွင် ခေတ်ဖောက်ပြန်ခြင်းနှင့် ကြုံကြရသည်များလည်း ရှိတတ်၏။ ဤသဘောသည်လည်း မိမိ၏ ဘဝတစ်ခုခုတွင် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် မကောင်းသည့် အကုသိုလ် လုပ်ရပ်များကြောင့် ဖြစ်ပေါ်ခဲ့သည့် ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။

စတုတ္ထမြောက် ဖောက်ပြန်ခြင်းဖြစ်သည့် ပယောဂဝိပတ္တိခေါ် လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း သည်လည်း သတ္တဝါများ မလိုလားသည့် ဝိပတ္တိတစ်မျိုးပင် ဖြစ်၏။ ပယောဂဝိပတ္တိ၏ သဘောသည် အလွန်ကျယ်ပြန့်လှ၏။ ပယောဂဟူသော စကားလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ လုံ့လအားထုတ်မှု လုပ်ဆောင်ချက် ဟူသော အဓိပ္ပါယ်မျိုးဖြစ်ပြီး ထိုလုပ်ဆောင်ချက် ဖောက်ပြန်ခြင်းကိုပင် ပယောဂဝိပတ္တိဟု ဆိုခြင်းဖြစ်၏။ လုပ်ဆောင်ချက် ဖောက်ပြန်ခြင်း၊ မမှန်ကန်ခြင်းဟူသည်မှာလည်း လုပ်သင့်လုပ်ထိုက်သည့် ကောင်းသည့်၊ အပြစ်မရှိသည့် အလုပ်များကို လုပ်ခွင့်မရဘဲ အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များကို လုပ်ဆောင်နေရခြင်း သဘောမျိုး ဖြစ်၏။ အလွယ်ပြောရလျှင် အခြားကောင်းသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်ဘဲ မကောင်းမှုဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသည့် ရွေးချယ်စရာ မရှိသည့် သတ္တဝါများ၏ ဘဝအခြေအနေ လုပ်ဆောင်ချက်များပင် ဖြစ်၏။ လက်တွေ့ဘဝတွင်လည်း အချို့နိုင်ငံ၊ အချို့ဒေသ၊ အချို့လူမျိုးများသည် မကောင်းသည့် အမှားအလုပ်များမှတပါး အခြားရွေးချယ်စရာမရှိသည့် ဘဝမျိုးဖြင့် ဖြတ်သန်းနေကြရသူများ ရှိတတ်၏။ လုပ်သမျှ ကာယကံ၊ ဝစီကံ၊ မနောကံများသည် အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များသာ ဖြစ်နေကြသူများလည်း ရှိတတ်၏။ အချို့လည်း မကောင်းမှုကို မကောင်းမှုဟု မသိဘဲ ပျော်ပျော်ပါးပါးဖြင့် မိမိတို့၏ လုံ့လပယောဂများကို အသုံးချနေကြရသူများလည်း ရှိနေပြန်၏။ မည်သို့ပင် ဖြစ်ပါစေ မိမိ၏ လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ရခြင်းသည် စင်စစ် မိမိကိုယ်တိုင်က ဖောက်ဖျက်ခဲ့ဖူးသည့် အလုပ်များကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုပင် ဖြစ်ပါပေ၏။

အရင်းစစ်သော် ဝိပတ္တိခေါ် ဖောက်ပြန်မှု အားလုံးတို့၏ တရားခံသည် မိမိတို့ ကိုယ်တိုင် မိမိတို့၏ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးကို မကောင်းသည့် အကုသိုလ် ဒုစရိုက်အမှုများတွင် မှားယွင်းစွာ ဖောက်ဖျက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်ဟူသည့် အချက်ကို တွေ့သိကြရမည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်း အားလုံး၏ အကြောင်းရင်းမှာ ဖောက်ဖျက်ခြင်းကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိရှိကြရမည် ဖြစ်၏။ ဖောက်ပြန်မှုများနှင့် တွေ့ကြုံနေသမျှ ဖောက်ဖျက်မှုများ၏ အကျိုးဆက်များအဖြစ် သတိသံဝေဂ ယူကြရမည်သာ ဖြစ်၏။ သတိသံဝေဂ ယူပြီးလျှင်လည်း လက်ရှိကြုံတွေ့နိုင်သည့် ဖောက်ပြန်မှုများကို ဓမ္မအားဖြင့် ကျော်လွှားနိုင်အောင် ကြိုးစားကာ နောင်သံသရာတွင် မည်သို့သော ဖောက်ပြန်မှုမျိုးမှ တွေကြုံမှု မရှိနိုင်စေရန် ယခုလက်ရှိ အခြေအနေ၌ မိမိတို့၏ အကျင့်သီလနှင့် လုပ်ဆောင်ချက်များကို ဖောက်ဖျက်မှု မရှိကြရအောင် သတိတရား ဝိရိယအားဖြင့် ထိန်းသိမ်းကြရမည်သာ ဖြစ်၏။

ထို့ကြောင့် ဝိပတ္တိဟူသော ဖောက်ပြန်ခြင်းကို အလိုမရှိကြသော သူများအနေဖြင့် ဖောက်ပြန်ခြင်းဟူသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားအဖြစ် သတိပြုဆင်ချင်ကာ မိမိတို့ အလိုမရှိအပ်သည့် ဝိပတ္တိတရားများ မိမိတို့ထံသို့ မရောက်လာစေရန် ယခုလက်ရှိ အချိန်မှာပင် မိမိတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံများကို အကျင့်တရားပိုင်း၊ လုပ်ဆောင်မှုအပိုင်းနှင့် ကျင့်သုံးမှုအပိုင်းများတွင် မှားယွင်းသည့် ဖောက်ဖျက်မှုမျိုး မဖြစ်အောင် သတိတရားလက်ကိုင်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဖောက်ဖျက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုများမှ ရှောင်ကြဉ်ကာ မဖောက်မပြန် မှန်ကန်သည့် လမ်းမှန်ကိုသာ လျှောက်လမ်းကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

Live Questions and Answers (13)…

မနာပ ဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Jun 11, 12:33 AM
သဲသဲ
အရှင်ဘုရား မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါဘုရား ဘာသာခြားတစ်ယောက်က တပည့်တော်ကို မေးလာတယ်ဘုရား။ လူတွေသေလို့ သရဲဖြစ်ရင်ကမ္မ၀ါဖတ်ရင် ထွက်သွားပြီး ဘုန်းကြီးတွေပျံလွန်တော်မူလို့ရှိရင် ဘာကြောင့် ကမ္မ၀ါ ဖတ်ရင်မထွက်ရတာလဲတဲ့ဘုရား။ ဟိုတလောက ဇာတ်ကားထဲမှာလည်း သရဲက ဘုန်းကြီးတွေက ကမ္မ၀ါဖတ်တာကို ထွက်မသွားတဲ့အပြင် စကားတွေတောင် ပြန်ပြောနေသေးတာကိုလည်း နားမလည်ဘူးတဲ့ဘုရား ကျေးဇူပြုပြီး တပည့်တော်ကို ပြန်ဖြေပေးတော်မူပါဘုရား။

22 Jun 11, 06:37 PM
မနာပ ဒါယီ>>>သဲသဲ
တစ္ဆေသရဲ နာနာဘာဝ စတာတွေဟာ ပြိတ္တာတွေပဲ ဖြစ်ပါတယ်။ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် သေခါနီးမှာ အစွဲတစ်ခုခုနဲ့ သေသွားရင် ပြိတ္တာဘုံဘဝကို ရောက်သွားနိုင်ပါတယ်။ အဲဒီလို ပြိတ္တာဘဝကို ရောက်သွားတဲ့သူများဟာ သူတို့ရဲ့ အစွဲ၊ ဒါမှမဟုတ် အကုသိုလ် အကြီးအသေးကို လိုက်ပြီး အဲဒီဘုံဘဝက ကျွတ်မကျွတ်ကွာခြားပါတယ်။ ပရိတ်ပဋ္ဌာန်းကမ္မဝါစာ ရွတ်ဖတ်ပေးခြင်းဟာ သူတို့ကို အဲဒီဘဝက ကျွတ်အောင်လုပ်ပေးခြင်း မဟုတ်ပါဘူး။ ကျွတ်လည်းမကျွတ်နိုင်ပါဘူး။ အဲဒီနေရာကနေ ပြောင်းသွားဖို့၊ ထွတ်သွားဖို့အတွက်လောက်ပဲ ဖြစ်ပါတယ်။ ကျွတ်ဖို့ကတော့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှပေးဝေကာ သာဓုခေါ်စေမှ ကျွတ်မှာဖြစ်ပါတယ်။ ဒါတောင် ပြိတ္တာဘဝ ရောက်နေတဲ့သူက သာဓုခေါ်နိုင်မှပဲ ဖြစ်ပါတယ်။ တစ်ချို့ အရမ်းအကုသိုလ်ကြီးအစွဲကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီပြိတ္တာဘဝမှာ သာဓုမခေါ်နိုင်ဘဲ သက်တမ်းကုန်တဲ့အထိ ခံရတာလည်း ရှိတတ်ပါတယ်။ ဘုန်းကြီးတွေသေလို့ ပြိတ္တာဖြစ်ရင် ကမ္မဝါစာ ဖတ်လို့မရဘူး ဆိုတာကလည်း ခုနပြောသလို ဘုန်းကြီးဘဝက သေသွားလို့ဆိုတာထက် အစွဲအကုသိုလ် ကြီးလို့မရတာလို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက် အဲဒီလို သေသူအတွက် ကုသိုလ်လုပ်ပေးပေမယ့် သူတို့မရတာ၊ ပရိတ်ပဋ္ဌာန်းကမ္မဝါစာ ဖတ်လို့မရတာတွေဟာ သူတို့ကိုယ်တိုင်က အကုသိုလ်အစွဲကြီးလို့ ဖြစ်နိုင်သလို အလှူခံပုဂ္ဂိုလ်၊ ပရိတ်ပဋ္ဌာန်း ကမ္မဝါစာရွတ်ဖတ်ပေးတဲ့ ဆရာတော် သံဃာတော်များရဲ့ သီလသမာဓိပညာ အကျင့်ဂုဏ်ပြည့်စုံမှု၊ မပြည့်စုံမှုနဲ့လည်း ဆိုင်တတ်ပါတယ်။ သီလသမာဓိပညာအကျင့်ဂုဏ် ပြည့်စုံမှုမရှိရင် ပြိတ္တာဘဝရောက်နေသူတွေအတွက် အကျိုးသက်ရောက်မှု မရှိတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးသရဲ ကမ္မဝါစာ ဖတ်လို့မရဘူးဆိုတာ ဘုန်းကြီးသရဲဖြစ်လို့ဆိုတာထက် အစွဲအကုသိုလ်ကြီးလို့လို့ဆိုခြင်း ဖြစ်ပါတယ်။ ဒါကလည်း ဘုန်းကြီးသရဲတိုင်း မဟုတ်ဘဲ အစွဲအကုသိုလ်အရမ်းကြီးတဲ့ အချို့အနည်းငယ်သာ ဖြစ်ပါကြောင်း သိစေလိုပါတယ်။

28 Jun 11, 05:46 AM
တောက်ပကြယ်စင်

ဘုန်းကြီးဘုရား မင်္ဂလာပါဘုရား ရန်ကုန်က တပည့်တော်ဒကာမတစ်ယောက်က သက်ရှိထင်ရှားနေသူကို အမျှပေးဝေလို့ ရမရ တပည့်တော်ကို မေးမြန်းလာလို့ ဘုန်းကြီးကို တစ်ဆင့်မေးမြန်းခွင့်ပြုပါဘုရား...သူနေတဲ့နေရာက ခနက်ရှင် သိပ်ကောင်းပုံမရဘူးဘုရား ဒါကြောင့် တပည့်တော်က အီးမေးလ်ကနေတစ်ဆင့် သူ့ဆီကို စာပြန်ရေးရမယ်ဘုရား အားလပ်တဲ့အခါ ဖြေကြားပေးတော်မူပါဦးဘုရား ဘုန်းကြီးဆိုဒ်ပေါ်တင်ထားရင်လည်း တပည့်တော်အဲဒီကနေ ပြန်ကူးလိုက်မယ်ဘုရား

မနာပ ဒါယီ>>> တောက်ပကြယ်စင်
မင်္ဂလာပါ ညီတော်ရေ..
တစ်ဆင့်မေးတာဆိုတော့ တစ်ဆင့်ပြန်ဖြေပေးလိုက်ပါဦး။ အမျှဝေတာနဲ့ ပတ်သက်လို့ သက်ရှိထင်ရှား ရှိနေသူကို အမျှပေးဝေလို့ ရပါတယ်။ ဘယ်ဘဝ ရောက်သွားတယ်ဆိုတာ မသေချာတဲ့ သေသူကိုရည်စူးပြီး အမျှဝေတာထက် လက်ရှိအသက်ရှင်နေသူကို အမျှဝေတာက ပိုတောင်ကောင်းပြီး၊ ကုသိုလ်ကောင်းမှုကို အမျှရဖို့ ပိုတောင်သေချာပါသေးတယ်။ ဒါပေမယ့် အမျှဝေသူကလည်း ထက်သန်တဲ့သဒ္ဓါ၊ စစ်မှန်တဲ့ စေတနာနဲ့ အမျှဝေပြီး အမျှယူသူကလည်း နှစ်လိုဝမ်းမြောက်စွာ သာဓုခေါ်နိုင်မှ ကုသိုလ်ကောင်းမှုကို အမျှရနိုင်မှာ ဖြစ်ပါတယ်။ စာပေမှာလာတဲ့ ပတ္တိဒါနဆိုတာ မိမိရရှိတဲ့ ကုသိုလ်အဖို့ကို တခြားသူများအားလည်း အညီအမျှ ရပါစေဆိုတဲ့ ဆန္ဒနဲ့ အမျှအတမ်းပေးဝေခြင်းမျိုးကို ဆိုတာဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ကို အမျှဝေဖို့ဆိုတာ အမျှဝေမယ့်သူကိုယ်တိုင် အရင်ဆုံး ကုသိုလ်ကောင်းမှုကို ရအောင်လုပ်ယူရမှာ ဖြစ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်တဲ့ကုသိုလ်မျိုး မဟုတ်ဘဲ အလှူပေး၊ အလှူခံ၊ အလှူဝတ္ထုပြည့်စုံအောင် လုပ်ပြီး စေတနာသုံးတန် ပြတ်သားစွာနဲ့ ကုသိုလ်ကောင်းမှုကို ရအောင်လုပ်ပြီး မိမိရတာနဲ့အညီ သူတပါးလည်း ရပါစေလို့ အမျှဝေခြင်းမျိုးကို ပတ္တိဒါနလို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အမျှဝေးနိုင်မယ်ဆိုရင် အမျှဝေတဲ့သူဘက်က ပြည့်စုံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလို သဘောမျိုးနဲ့ အမျှပေးဝေနိုင်မယ်ဆိုရင် အမျှယူသူ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမျှဝေသူမှာ ပတ္တိဒါနကုသိုလ်ကို ရပြီးဖြစ်ပါတယ်။

ဒီလိုပဲ ပတ္တာနုမောဒနာဆိုတာ မိမိထံသို့ ရောက်လာတဲ့ ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တာကို ဆိုတာ ဖြစ်ပါတယ်။ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို အညီအမျှ ရယူဖို့ သာဓုခေါ်ကြတဲ့ အမျှယူသူ အနေနဲ့လည်း တကယ့်ကို စစ်မှန်တဲ့စေတနာနဲ့ ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားထားပြီး သာဓုခေါ်နိုင်မယ်ဆိုရင် အမျှဝေတဲ့သူနဲ့အတူ အညီအမျှ ရနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က လိုလိုလားလား စေတနာမထား၊ သဒ္ဓါတရားမပွားဘဲ သူများသာဓုခေါ်လို့ ခေါ်လိုက်တဲ့သဘောမျိုး၊ အကျင့်ပါနေလို့ ခေါ်လိုက်တဲ့သဘောမျိုး၊ ဝတ်ကျေတန်းကျေ သာဓုခေါ်တဲ့ သဘောမျိုးဆိုရင် အမျှယူသူအနေနဲ့ ကုသိုလ်အဖို့ကို အမျှမရနိုင်ပါဘူး။ ဒီလိုဆိုရင် ပတ္တာနုမောဒနာကုသိုလ်လည်း ရနိုင်မှာ မဟုတ်ပါဘူး။ အမျှယူသူ အနေနဲ့ အလှူရှင်က ကိုယ့်ကို သီးသန့်ရည်ရွယ်ပြီး အမျှဝေတာမျိုးမဟုတ်လည်း အလှူရှင်ရဲ့အလှူကို ကြည့်ပြီးကိုယ့်အသိနဲ့ကိုယ် တကယ့်ကို မှန်ကန်တဲ့စိတ်စေတနာနဲ့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်မယ်ဆိုရင်လည်း ကုသိုလ်စိတ်ဖြစ်ပြီး ကုသိုလ်တိုးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကုသိုလ်ကောင်းမှုကိုပြုပြီး သက်ရှိထင်ရှားရှိသူကိုဖြစ်စေ၊ သက်ရှိထင်ရှား မရှိတဲ့သူကို ဖြစ်စေ ရည်မှန်းရည်စူးကာ အမျှပေးသူနဲ့ အဲဒီကုသိုလ်ကို သာဓုခေါ်ကာ ရယူကြမယ့် အမျှယူသူတွေ အနေနဲ့ အမျှပေးဝေမှုနဲ့ အမျှယူမှု အထမြောက်အောင်မြင်ဖို့၊ ကုသိုလ်ကောင်းမှုအကျိုးကို အညီအမျှ ရဖို့အတွက် အမျှပေးသူကလည်း စေတနာသဒ္ဓါတရား ထက်သန်ဖို့လိုသလို အမျှယူသူကလည်း ကောင်းမွန်တဲ့ စေတနာနဲ့ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွားကာ သာဓုခေါ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို နှစ်ဖက်ပြည့်စုံကြမယ်ဆိုရင် နှစ်ဦးနှစ်ဘက်လုံး ကုသိုလ်ကောင်းမှုကို အညီအမျှ ရနိုင်ပါကြောင်း အသိပေး ဖြေကြားလိုက်ရပါတယ်။

30 Jul 11, 02:02 AM
k s m
ဆရာတော်ဘုရား တပည်တော် မရှင်းတာလေးတွေရှိ မေးလျှောက်ခွင့်ပြုပါဘုရား။ ဆရာတော်ဘုရား လူတွေဟာကောင်းတာနဲ့ မကောင်းတာတွေလုပ်ရင် မကောင်းတာက အကျိုးပေးမြန်တယ်လို့ ပြောကြတယ်ဘုရား အဲဒါမှန်လားဘုရား။


30 Jul 11, 06:46 AM
မနာပ ဒါယီ>> k s m
ကောင်းတာနဲ့ မကောင်းတာ ဘယ်ဟာက အရင်အကျိုးပေးတာလဲဆိုရင် စေတနာအားကြီးတဲ့ကံက အရင်အကျိုးပေးတာလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတာက အရင်အကျိုးပေးတယ်လို့ ထင်ရတတ်တာက သတ္တဝါတွေဟာ ကောင်းတာနဲ့ မကောင်းတာဆို မကောင်းတဲ့အလုပ်တွေမှာ ပိုပြီးစေတနာ အားကောင်းနေတတ်ပြီး ကောင်းတဲ့အလုပ်တွေမှာဆို စေတနာက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စေတနာ အားကောင်းကောင်းနဲ့ လုပ်ခဲ့တဲ့ အကုသိုလ်က အားကြီးပြီး အရင်အချိုးပေးတဲ့အခါ အကုသိုလ်က ပိုပြီးအကျိုးမြန်တယ်လို့ ထင်ရခြင်းဖြစ်ပါတယ်။ ကောင်းတဲ့ကံတွေကတော့ ပြုလုပ်သူတွေကိုယ်တိုင် အကြောင်းအမျိုးမျိုးကြောင့် စေတနာသဒ္ဓါတရားက ပြည့်စုံသင့်သလောက် မပြည့်စုံဘဲ ဖြစ်တတ်ပါတယ်။ အဲဒီလို မပြည့်စုံတဲ့အတွက်ကြောင့်လည်း ကောင်းမှုကုသိုလ်ဟာ အကျိုးပေးတဲ့အခါမှာလည်း အားနည်းပြီး အချိန်တန်မှသာ အကျိုးပေး ရောက်လာတတ်တဲ့ သဘောဖြစ်ပါတယ်။ အကုသိုလ်လည်း အချိန်တန်မှ အကျိုးပေးတာဆိုပေမယ့် စေတနာအားကောင်းတာရယ်၊ အားကောင်းတဲ့စေတနာက အကျိုးပေးချိန်ကို ကျစေတာရယ်ကြောင့် အမြန်အကျိုးပေးတာလို့ ပြောရခြင်း ဖြစ်ပါတယ်။ အဓိကကတော့ ပြုလုပ်သူရဲ့ စေတနာအားကြီးမှု၊ မကြီးမှုက အဓိကပဲ ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ