ကိလေသာပယ်ခွါရေးနှင့် သိက္ခာသုံးရပ် အကျင့်မြတ်

ကိလေသာဟူသည် ပူလောင်ခြင်း၊ လောင်မြိုက်ခြင်း၊ ပူဆွေးခြင်း၊ ညစ်နွမ်းခြင်း သဘောရှိ၏။ ကိလေသာတရားများဖြင့် လောင်မြိုက်ခံရသည့် သတ္တဝါများသည် စိတ်အစဉ်ပူလောင်မှု၊ ပူဆွေးမှု၊ စိတ်မချမ်းသာမှုကိုသာ ဖြစ်စေ၏။ သတ္တဝါအများအား လောင်မြိုက်စေ၊ ပူလောင်စေ၊ ညစ်နွမ်းစေသည့် ထိုကိလေသာ တရားများသည် အကျဉ်းအားဖြင့် (၁၀)ပါးရှိ၏။ ထိုကိလေသာဆယ်ပါးမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပဟူသော တရားဆယ်ပါးပင်ဖြစ်၏။ မိမိသန္တာန်တွင် လိုချင်မှုများနေလျှင်၊ စိတ်ဆိုးစိတ်တိုခြင်း စသည့် ဒေါသတရားများနေလျှင်၊ အမှားအမှန်၊ အကြောင်းအကျိုး၊ ကုသိုလ်အကုသိုလ် စသည်ကို မခွဲခြားနိုင်သည့် မောဟတရား အားကြီးနေလျှင်၊ မိမိကိုယ်ကို အထင်ကြီးတတ်သည့် မာနတရား အရှိများနေလျှင်၊ အယူအဆလွဲမှားနေလျှင်၊ ရတနာသုံးပါးနှင့် ကံကံ၏ အကျိုးတရားများတွင် သို့လောသို့လော သံသယများ တိုးပွားနေလျှင်၊ တက်ကြွမှုမရှိ ထိုင်းမှိုင်းတွေဝေ ပျင်းရိခြင်း များနေလျှင်၊ တည်ငြိမ်မှုမရှိ ပြန့်လွှင့်ခြင်းသာ ရှိနေလျှင်၊ မကောင်းမှုအကုသိုလ် လုပ်ရမည်ကို မရှက်ခြင်း၊ မကြောက်ခြင်း သဘောများသာ အဖြစ်များနေလျှင် ထိုသူသည် ကိလေသာတရားများ၏ လောင်ကျွမ်းခြင်းကို ခံနေရခြင်း ဖြစ်သဖြင့် ထိုသူ၏ စိတ်အစဉ်သည် ကြည်လင်ခြင်းမရှိ ညစ်နွမ်းမှုကိုသာ ဖြစ်နေပေ၏။ ထို့ကြောင့် ပူလောင်ညစ်နွမ်းမှုကို ဖြစ်စေသည့် ထိုကိလေသာ တရားများကို ပယ်ခွါနိုင်အောင် ကြိုးစားရမည်ဟု ဆိုခြင်းဖြစ်၏။

ကိလေသာတရားများကို ပယ်ရမည်ဟုဆိုရာတွင် ယေဘုယျအားဖြင့် ကိလေသာတရားကို အကြမ်းစားကိလေသာ၊ အလယ်အလတ်တန်းစား ကိလေသာ၊ အနုစားကိလေသာဟူ၍ အမျိုးအစားသုံးမျိုးခွဲခြား နားလည်ကာ ထိုကိလေသာ အဆင့်အတန်းအလိုက် ဆိုင်ရာအကျင့်တရားများဖြင့် စွမ်းနိုင်သမျှ ပယ်ခွာကြည့်ရမည်သာ ဖြစ်၏။ ထို့သို့ပယ်ခွာရာတွင် သိက္ခာသုံးရပ် အကျင့်မြတ်ကို အသုံးပြုရမည် ဖြစ်၏။ သိက္ခာသုံးရပ်ဟူသည် သီလ၊ သမာဓိ၊ ပညာဟူသည့် အမြတ်တရား သုံးပါးပင်ဖြစ်၏။ ကိလေသာတရားများတွင် အကြမ်းစား ကိလေသာများကို သီလအကျင့်တရား၊ အလတ်စားကိလေသာများကို သမာဓိအကျင့်တရား၊ အနုစားကိလေသာများကို ပညာအကျင့်တရားများဖြင့် ပယ်ခွါကြရမည်သာ ဖြစ်၏။ ကိလေသာမှန်သမျှ အကုန်မကျန်ရအောင် ပယ်ခွာရေးသည် အရိယာတို့၏ မဂ်ဖိုလ်ဉာဏ်ပညာဖြင့်သာ ပယ်ခွာနိုင်မည် ဖြစ်သော်လည်း အတိုင်းအတာတစ်ခု၊ အဆင့်အတန်း တစ်ခုအနေဖြင့် ပယ်ခွာနိုင်ရန်အတွက်ကား သီလအကျင့်၊ သမာဓိအကျင့်များဖြင့်လည်း ပယ်ခွာထားနိုင်ကြမည် ဖြစ်၏။

မှန်၏။ ကိုယ်ကျင့်သီလကို လုံအောင်ထိမ်းထားခြင်းအားဖြင့် လောဘ၊ ဒေါသစသည့် ကိလေသာကြမ်းများကို အကြောင်းပြုကာ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်မှုကို ဖြစ်ပွားစေနိုင်သည့် မကောင်းမှုများအား မလုပ်ဖြစ်တော့ပေ။ အကယ်၍ သီလမစောင့်ထိမ်းမိပါက လောဘ၊ ဒေါသစသည့် ကိလေသာများ အားကြီးလာလျှင် အသိတရားပျောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများအထိ ဖြစ်ပေါ်တတ်၏။ လောဘအလျောက်၊ ဒေါသအလျောက် လုပ်မိလုပ်ရာ လုပ်လိုက်မိတတ်၏။ ထင်ရှားကြမ်းတမ်းသည့် ကိလေသာကြမ်းများကို အမှီပြု၍ မကောင်းသည့် ဒုစရိုက်အမှုများကို အဆုံးစွန်အထိ ကျူးလွန်မိတတ်၏။ အကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းထားသူများကား ထိုလောဘဒေါသ စသည့်ကိလေသာများကြောင့် ကံမြောက်သည်အထိ ကျူးလွန်မှုကို မပြုဖြစ်တော့ပေ။ ဤသည်မှာ သီလသိက္ခာအကျင့်က ကိလေသာကြမ်းများကို အထိုက်အလျောက် ပယ်ခွာပေးထားခြင်းကြောင့်ပင် ဖြစ်၏။

ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်စေတတ်သည့် ကိလေသာ တရားများမဟုတ်ဘဲ စိတ်ထဲတွင် တနုံ့နုံ့ဖြစ်နေသည့် ကိလေသာများ၊ စိတ်အတွေးအကြံများများတွင် မကြာမကြာ ဖြစ်ပေါ်နေသည့် ကိလေသာများ၊ မြင်သမျှ၊ ကြားသမျှ အာရုံများတွင် တစ်ထပ်တည်း လိုက်ပြီးစွဲလမ်းကာ ခံစားနေရသည့် ကိလေသာများ စသည်များကိုကား သမာဓိအကျင့်ဖြင့် အတိုင်းအတာ တစ်ခုအထိ ပယ်ခွာထားနိုင်မည်သာ ဖြစ်၏။ သမာဓိအကျင့် တစ်ခုခုကျင့်ပွားခြင်းဖြင့် ထိုအလတ်တန်းစားဖြစ်သည့် ကိလေသာများကို အချိန်အတော်ကြာကြာ ပယ်ခွါထားနိုင်မည်သာ ဖြစ်၏။ သမာဓိအကျင့် အားကောင်းနေသည်နှင့်အမျှ ကိလေသာတရားများကိုလည်း အလွယ်တကူ ပေါ်မလာနိုင်အောင် ပယ်ခွာထားနိုင်မည် ဖြစ်၏။ သမာဓိအကျင့်သည့် ကိလေသာတရားကို အကြွင်းမရှိ ပယ်သတ်နိုင်သည့် အကျင့်မဟုတ်သော်လည်း သမာဓိအားကောင်းနေသမျှ ကိလေသာအားများ လျော့နေမည်ကား အမှန်ပင် ဖြစ်ပါ၏။ သီလအားသည် ကိလေသာကြမ်းများကို အမှီပြု၍ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်နိုင်သည့် အပြစ်များကို ပယ်ခွာထားနိုင်သကဲ့သို့ သမာဓိအားသည်လည်း ကိလေသာတရားကြောင့် အမျိုးမျိုး ဖြစ်ပေါ်နေတတ်သည့် စိတ်အကြံအတွေးများ၊ အပြစ်များကို အတိုင်းအတာ တစ်ခုအထိ ပယ်ခွာထားနိုင်မည်သာ ဖြစ်ပါ၏။ သို့သော် ကိလေသာတရားများ အကြွင်းမရှိ ပယ်ခွာနိုင်ခြင်းကား မဟုတ်လှပေ။

ကိလေသာမှန်သမျှ အလွန်သိမ်မွေ့လှသည့် ကိလေသာများပါမကျန် အကုန်အစင် ပယ်သတ်နိုင်ရန်မှာကား ပညာတရားဖြင့်သာ ပယ်ခွာနိုင်မည် ဖြစ်၏။ သိက္ခာသုံးရပ်တွင် အမြင့်ဆုံးဖြစ်သည့် ပညာသိက္ခာသည် ကိလေသာတရားများကို အသေးအဖွဲ့လေးမှစ၍ အကြွင်းမရှိ ပယ်သတ်နိုင်သည့် အကျင့်မြတ်ပင် ဖြစ်၏။ ခန္ဓာဉာဏ်ရောက်အောင် အားထုတ်ထားသည့် သတိပဋ္ဌာန်အကျင့်ဖြင့် ရရှိလာသည့် ထိုပညာသိက္ခာသည် သတ္တဝါများအား ပူလောင်စေသည့် ကိလေသာမှန်သမျှ ကိလေသာဟု မထင်ရလောက်အောင် နူးညံ့သိမ်မွေ့လှသည့် ကိလေသာများမှစ၍ အားလုံးကို ပယ်ခွာထားနိုင်၊ ပယ်သတ်သွားနိုင်သည့် အကျင့်သိက္ခာမြတ်ပင် ဖြစ်၏။ ပညာသိက္ခာ၏ ကိလေသာကို ပယ်ခွာမှုသည် အခိုက်အတန့် ပယ်ခွာမှုမျိုး မဟုတ်ဘဲ မည်သည့်အချိန်တွင်မျှ ပေါ်လာမှု မရှိအောင် ပယ်ခွာခြင်းမျိုးဖြစ်သဖြင့် နောက်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဟုခေါ်သည့် ပညာဉာဏ်ကို ရရှိသွားသူသည် ဘဝသံသရာလည်း ဆုံးသွားပြီဖြစ်ကာ နိဗ္ဗာန်သို့ မျက်မှောက်ပြုသွားသည်သာ ဖြစ်ပါ၏။

ဤသို့ဆိုသော် ကိလေသာမှန်သမျှ အကြမ်းအနုမှစ၍ အားလုံးကို ပယ်ခွာနိုင်၊ ပယ်သတ်နိုင်ရန်အတွက် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်တရားများကို လက်တွေ့လိုက်နာ ကျင့်သုံးကြရမည်မှာ အလွန်ထင်ရှားလှပေ၏။ သီလအကျင့်တစ်ခု၊ သမာဓိအကျင့်တည်းဖြင့် ကိလေသာအားလုံးကို အကုန်အစင် မပယ်သတ်နိုင်သော်လည်း သီလလုံနေခြင်းအားဖြင့် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်နိုင်သည့် ကိလေသာကြမ်းများကို အတိုင်းအတာတစ်ခုအထိ ပယ်ခွာထားနိုင်ပြီး သမာဓိအကျင့်အားဖြင့်လည်း စိတ်အစဉ်တွင် အမြဲမပြတ် ပူလောင်စေတတ်သည့် ကိလေသာတရားများကို သမာဓိအားကိုလိုက်ကာ အတော်ကြာကြာ ပယ်ခွာထားနိုင်ကြမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ထိုသီလ၊ သမာဓိ အကျင့်တရားကို အခြေပြု၍ ပယ်ခွာထားသည့် ကိလေသာတရားများကို နောက်ထပ်တစ်ဖန် မည်သည့်အခါမျှ မပေါ်စေရန်အတွက်ကား ပညာအား၊ အထူးသဖြင့် ဝိပဿနာ သတိပဋ္ဌာန်အကျင့်ကို ကျင့်ကြံသဖြင့် ရရှိလာသည့် ဝိပဿနာ ဉာဏ်ပညာအားဖြင့် အကုန်အစင် ပယ်ခွာနိုင်မည်မှာ ယုံမှားဖွယ် မရှိလှပေ။ အရင်းစစ်သော် ထိုသိက္ခာသုံးရပ်သည် ကိလေသာ အမျိုးအမျိုးကို အဆုံးစွန်အထိ ပယ်ခွာနိုင်မည့် အကောင်းဆုံးသော အကျင့်မြတ်ဖြစ်သည်ဟူသည့် အချက်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ “ပူလောင်မှု ကိလေသာတရားများဖြင့် အမြဲမပြတ် နှိပ်စက်ခံနေရသည့် သတ္တဝါများအား ထိုကိလေသာတရားများမှ ပယ်ခွာနိုင်ရေးသည် ပူလောင်မှုကို အေးပေးစေသည့် တန်ဘိုးမဖြတ်နိုင်သည့် အကျင့်မြတ်မှာ သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်းတရားများပင် ဖြစ်ကြောင်း၊ ထိုသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် အကြမ်းစားကိလေသာ၊ အလတ်စားကိလေသာ၊ အနုစားကိလေသာများကို တစ်စတစ်စ ပယ်သတ်ကြရမှာ ဖြစ်ကြောင်း၊ သိက္ခာသုံးရပ်တွင် သီလသိက္ခာသည် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်မှုအထိ ဖြစ်ပေါ်စေသည့် အကြမ်းစား ကိလေသာများကို အတိုင်အတာတစ်ခုအထိ ပယ်ခွာပေးနိုင်ပြီး သမာဓိသိက္ခာသည် စိတ်အစဉ်တွင် အမြဲမပြတ် ပူလောင်စေတတ်သည့် မနောကံမြောက် ကျူးလွန်မှုများကို ဖြစ်ပေါ်စေသည့် အလတ်စားကိလေသာများကို သမာဓိအားသို့လိုက်ကာ အတိုင်းအတာတစ်ခုအထိ ပယ်ခွာထားနိုင်မှုကို ဖြစ်စေကာ ပညာသိက္ခာသည်ကား အနုစားကိလေသာများမှစ၍ မည်သို့သော ကိလေသာများကိုမဆို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်စေမှုကို ဖြစ်စေကြောင်း” စသည်ဖြင့် ဆိုလိုခြင်း ဖြစ်ပါ၏။

ထို့ကြောင့် ဘဝတွင် ကိလေသာ အပူမီးများကြောင့် အမြဲမပြတ် စိတ်ပျက်မှုကို ဖြစ်နေကြသည့် သတ္တဝါများအနေဖြင့် မည်သူမဆို မိမိတို့၏ ဘဝထဲမှ ကိလေသာအလွဲများကို ပယ်ခွာလိုပါက သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့်သာ ဆိုင်ရာအကျင့်တရားဖြင့် ဆိုင်ရာကိလေသာများကို ပယ်ခွာနိုင်အောင် ကြိုးစားရင်း ကိလေသာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်နိုင်မည့် ပညာဉာဏ်များ ရင့်သန်လာသည်အထိ သိက္ခာသုံးရပ် အကျင့်မြတ်ကို တစ်ဆင့်ထက်တစ်ဆင့် မြတ်သထက်မြင့်အောင်သာ ကြိုးစားကြပါဟု အသိပေး တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်ရှင် (သို့) အကြီးအမှူးကြီး လေးပါး

ဒကာတစ်ယောက်က “ယခုဘဝတွင် လူတိုင်းအောင်မြင်မှုကို ရနိုင်ပါသလားဘုရား” ဟူသော အမေးတစ်ခုကို မေးဖူး၏။ သူ့အမေးနှင့် ပတ်သက်၍ “အကယ်၍ အတိတ်ကံ မရှိသဖြင့် ထင်သလောက် မအောင်မမြင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပဲ့ကိုင်ရှင်ကောင်းကောင်းသာ ရှိထားလျှင် ထိုပဲ့ကိုင်ရှင်များ၏ ပံ့ပိုးမှုဖြင့် အထိုက်အလျောက် အကျိုးသက်ရောက်မှုကား ရှိနေမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း” ယေဘုယျအားဖြင့် ဖြေကြားပေးဖြစ်၏။ ပဲ့ကိုင်ရှင်ဟု ခေတ်စကားဖြင့် တင်စားပြီး ဆိုလိုက်ရသော်လည်း စင်စစ် အောင်မြင်လိုသူများ အဓိကလက်ကိုင် ထားသင့်သည်မှာ အကြီးအမှူတရား လေးပါးပင် ဖြစ်ပါ၏။ ထိုအကြီးအမှူးတရားသည် အောင်မြင်လိုသူများအား အောင်မြင်မှုရအောင် ဘက်ပေါင်းစုံမှ ထိန်းချုပ်ပေးတတ်သည့် သဘောရှိသဖြင့် ဤနေရာတွင် ပဲ့ကိုင်ရှင်ဟု တင်စားလိုက်ခြင်းပင် ဖြစ်ပါ၏။ အကြီးအမှူးဟူသော စကားကို ပါဠိဘာသာတွင် အဓိပတိဟု ဖွင့်ပြ၏။ ပဋ္ဌာန်းဒေသနာတော်တွင် အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သည့် ပစ္စည်းကို အဓိပတိပစ္စည်းဟု ရှင်းပြထား၏။

ပဋ္ဌာန်းဒေသနာတော်သည် အကြောင်းနှင့်အကျိုးကို ဆပ်စပ်ပြတော်မူသည့် ဒေသနာတော် ဖြစ်သည့်အလျောက် အဓိပတိပစ္စည်းနှင့် ပတ်သက်၍လည်း အကြီးအမှူးဟူသည့် ပဲ့ကိုင်ရှင် အကြောင်းကောင်းကြောင့် အောင်မြင်ခြင်းဟူသည့် အကျိုးကောင်းကို ရရှိနိုင်ကြောင်း ကြောင်းကျိုးဆက်စပ်ကာ နားလည်နိုင်မည် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဓိပတိပစ္စည်းအဖွင့်တွင် ထိုအကြီးအမှူး အဓိပတိတရား လေးပါးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ယင်းလေးပါးမှာ ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝိမံသာဓိပတိတို့ပင် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒဟုဆိုအပ်သော အဓိပတိသည် ဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက် တို့ကိုလည်းကောင်း၊ ထိုဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း၊ အခြားသော ဝီရိယ၊ စိတ္တ၊ ဝီမံသဟု ဆိုအပ်သော အဓိပတိသည်လည်း ဆိုင်ရာတရားတို့နှင့်ယှဉ်သော စိတ်စေတသိက်တို့ကိုလည်းကောင်း၊ ထိုတရားတို့နှင့် ယှဉ်သောစေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း စသည်ဖြင့် မှတ်သားနိုင်ကြမည် ဖြစ်၏။

ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော အဓိပတိ တရားလေးပါးသည် ထိုတရားလေးပါး လက်ကိုင်ထားသူများအား လိုလားတောင့်တအပ်သည့် ကောင်းကျိုးချမ်းသာများ ပြည့်စုံအောင်မြင်အောင် ပဲ့ကိုင်လမ်းညွန်ပေးနေသည့် အကြီးအမှုးများသဖွယ် ကျေးဇူးပြုပေးနေသည်ကို နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်၏။ စင်စစ်အားဖြင့် ထိုအဓိပတိ တရားလေးပါးသည် ဘုရားအလောင်း သူတော်ကောင်းကြီးများ သန္တာန်တွင် အဖြစ်များပြီး ထိုသူတော်ကောင်းများ၏ ဖြည့်ကျင့်နေသည့် ပါရမီများ လမ်းချော်မသွားအောင် ပဲ့ကိုင်လမ်းညွန် ပေးနေသည့် အကြီးအမှူးကြီးများ ဖြစ်သော်လည်း သာမန်ပုဂ္ဂိုလ်များ အတွက်လည်း ထိုအဓိပတိတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်နိုင်ပါက ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးများနှင့် အောင်မြင်မှုများကို ဧကန်မုချ ရစေနိုင်သည့် အထောက်အပံ့ တရားများပင် ဖြစ်ပါ၏။

မှန်၏။ မည်သူမဆို ဤအဓိပတိတရားလေးပါးကို လက်တွေ့ဘဝတွင် အသုံးချမည်ဆိုပါက ဖြစ်ချင်ခြင်းဆန္ဒ၊ ကြိုးစားအားထုတ်မှု ဝီရိယ၊ စိတ်အစဉ် ကြည်လင်ကောင်းမွန်မှု စိတ္တ၊ အကြောင်းအကျိုး အကောင်းအဆိုးကို ဆင်ခြင်ဆုံးဖြတ်နိုင်မှု ပညာ တရားများအဖြစ် အသုံးချနိုင်မည်သာ ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဝီမံသာဓိပတိဟု ဆိုသော်လည်း ထိုအဓိပတိ၏ တရားကိုယ်မှာ ပညာပင်ဖြစ်၏။ ထို့ကြောင့် အောင်မြင်ခြင်းအတွက် အဓိကပဲ့ကိုင်ရှင်များဟု ဆိုလျှင် ဆန္ဒ၊ ဝီရိယ၊ စိတ္တနှင့် ပညာတရား ဤလေးပါးပင် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။ အတိတ်ဘဝ အကြောင်းတရား တစ်ခုခုကြောင့် ကံမကောင်း အကြောင်းမလှမှုများ မည်မျှပင် ရှိနေသော်ငြားလည်း လက်တွေ့ပစ္စုပ္ပန်ဘဝတွင် ဤအဓိပတိတရား လေးပါးကိုသာ အသုံးချလိုက်နာ ကျင့်သုံးနိုင်မည်ဆိုပါက မဖြစ်နိုင်သည့်အရာဟူသည် မရှိနိုင်သည်အထိပင် အကျိုးတရားကို လက်တွေ့ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။

အနည်းငယ် ချဲ့၍ဆိုရသော် လောကလူသားများ အနေဖြင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်ပါစေ ရှေးဦးစွာ လိုအပ်သည်မှာ ပြင်းပြသည် ဆန္ဒပင် ဖြစ်၏။ ဆန္ဒ၏ သဘောမှာ လိုချင်ခြင်း ဖြစ်သော်လည်း ထိုလိုချင်ခြင်းသည် လောဘကဲ့သို့ မတရားလိုချင်မှုမျိုး မဟုတ်ဘဲ ကောင်းသည့်အလုပ်များတွင် လက်တွေ့လုပ်ဖြစ်အောင် အထောက်အပံ့ ပြုပေးသည့် ကောင်းသည့်ဆန္ဒပင် ဖြစ်သဖြင့် အလုပ်ကောင်းများဖြင့် အကောင်းလုပ်လိုသူများအား ဤဆန္ဒတရားက ရှေးဦးစွာ ဦးဆောင်မှုကို ပေးထားသည့် ပဲ့ကိုင်ရှင်ပင် ဖြစ်၏။ အလုပ်ကောင်းတစ်ခုခုကို လုပ်မည်ဆိုလျှင် လုပ်လိုသည့် ဆန္ဒမရှိဘဲ ကြိုးစားအားထုတ်မှု ဟူသည်မှာလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိသဖြင့် အလုပ်တစ်ခုကို လက်တွေ့လုပ်ဖြစ်နိုင်ဖို့အတွက် ဆန္ဒတရားသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်၏။ ဆန္ဒရှိမှ ဝီရိယလည်း ရှိမည်ဖြစ်သဖြင့် ကောင်းသည့်အလုပ်များတွင် ဆန္ဒတရား အဖြစ်များအောင် ကြိုးစား မွေးမြူကြရမည်သာ ဖြစ်၏။

ဆန္ဒတရား ဦးစီးထားလျှင် ကြိုးစားအားထုတ်မှု ဝီရိယ တရားသည်လည်း တဖြည်းဖြည်း တိုးပွားလာနေမည်သာ ဖြစ်၏။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း အပိုင်းတွင် ဆန္ဒသည် အကြောင်းတစ်စိပ်တစ်ဒေသအဖြစ် ဝီရိယကို အထောက်အပံ့ ဖြစ်စေနိုင်သော်လည်း လက်တွေ့တွင် ကြိုးစားအားထုတ်မှု ဝီရိယ၏ အခန်းကဏ္ဍသည် ပို၍ အင်အားကြီးပေ၏။ “ဝီရိယဝတော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ဝီရိယရှိလျှင် မပြီးမြောက်နိုင်သည့် အလုပ်ကိစ္စဟူသည် မရှိနိုင်ကြောင်း” ဆိုသကဲ့သို့ ဝီရိယတရား အကြီးအမှူးထားပြီး လက်တွေ့ကြိုးစား အားထုတ်သူများအား အနည်းဆုံးအနေဖြင့် ဝီရိယအကျိုးကို ခံစားနိုင်ကြစေမည်သာ ဖြစ်၏။ လက်တွေ့အားထုတ်သည့် ဝီရိယတရားက ပဲ့ကိုင်ပေးထားလျှင် အလုပ်လုပ်သူများအား အကျိုးရလာဘ် တရားကို ဧကန်မုချ ရစေနိုင်ကြမည် ဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုအတွက် ဝီရိယသည် အကြီးအမှူး ပဲ့ကိုင်တရားအဖြစ် အထောက်အပံ့ ပြုနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။

အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုမှာ စိတ္တဟုခေါ်သည့် စိတ်ပင်ဖြစ်၏။ “စိတ္တေန နိယတေ လောကော - လောကကြီးကို စိတ်ကဆောင်သည်”ဟု ဆိုသည့်အတိုင်း အရာရာတွင် စိတ်ကဆောင်ထားပေ၏။ စိတ်မပါလျှင် အလုပ်မလာသကဲ့သို့ စိတ်မရှိလျှင် အလုပ်လည်း မရှိဖြစ်တတ်၏။ စိတ်မကောင်းလျှင် အလုပ်မကောင်းနိုင်သကဲ့သို့ စိတ်ကောင်းလျှင် အလုပ်လည်း ကောင်းနေမည်သာ ဖြစ်သဖြင့် စိတ်စေတနာ ကောင်းရှိရေးသည် လောကသားတို့၏ အောင်မြင်ရေးအတွက် အထူးအရေးကြီးလှပေ၏။ လောကီအလုပ်တွင်ဖြစ်စေ၊ လောကုတ္တရာ အလုပ်တွင်ဖြစ်စေ စိတ်စေတနာက အကြီးအမှူးပြု၍ ဦးစီးထားလျှင် လက်တွေ့လုပ်ဆောင်မှု အပိုင်းများတွင်လည်း စွဲမြဲနေပြီး အကျိုးသက်ရောက်မှု အကောင်းများကို ဖြစ်ပေါ်စေ၏။ ဆန္ဒလည်းရှိ၊ ကြိုးစားမှုလည်းရှိ၊ စိတ်ကလည်း ဆောင်နေမည်ဆိုလျှင် ဘဝတွင် အောင်မြင်မှုရရန် (၇၅)ရာခိုင်နှုန်း သေချာနေပြီဟု ဆိုရမည်ဖြစ်၏။

သို့သော် အပြည့်အဝ အောင်မြင်မှုရရန်အတွက်ကား ဝိမံသဟုခေါ်သည့် ပညာလည်း ရှိထားရန် လိုအပ်ပေ၏။ ဝီမံသာဓိပတိ၌ ဝီမံသအရ ပညာကိုရည်ညွှန်းခြင်းဖြစ်ပြီး မှန်ကန်သည့် ဆန္ဒ၊ မှန်ကန်သည့် ကြိုးစားမှုနှင့် ကောင်းမြတ်သည့် စိတ်အစဉ်ဖြစ်ရန်အတွက်လည်း ပညာက နှိုင်းချိန်ပဲ့ကိုင်ပေးနိုင်ရမည်သာ ဖြစ်၏။ ပညာမပါသည့် ကြိုးစားအားထုတ်မှုသည် အချိန်ကုန်ပြီး ထိရောက်မှု မရှိနိုင်သကဲ့သို့ ပညာနှင့်မယှဉ်သည့် စိတ်၊ ဆန္ဒများသည်လည်း လွဲမှားမှုကို ဖြစ်ပွားစေတတ်ပေ၏။ ထို့ထက်အလွန်ဆိုရသော် ကိလေသာပယ်ခွါရေးအတွက် အဓိကကျသည့် အရာမှာလည်း ပညာပင်ဖြစ်၏။ ထိုပညာကို ဝိပဿနာဉာဏ်ပညာဟုလည်း ဆို၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဖွင့်ဆိုပြသည့် ဝီမံသခေါ် ပညာသည် ဘဝအထက်တန်းမြင့်ရေး၊ ဘဝအောင်မြင်ရေးအတွက် ပဲ့ကိုင်ပေးသည့် ပညာမျိုဖြစ်ပြီး ဝိပဿနာအလုပ် အားထုတ်သဖြင့် ရရှိလာသည့် ဝိပဿနာဉာဏ်ပညာသည်ကား ဘဝလွတ်မြောက်ရေး၊ ကိလေသာ ပယ်ခွါရေးကို အကြီးအမှူးပြုပေးသည့် တရားမျိုးဖြစ်၏။ ပညာသည် လောကီလောကုတ္တရာ ဘဝအထွေထွေ တိုးတက်အောင်မြင်ရေးအတွက် အဓိကပဲ့ကိုင်ပေးသည့် အကြီးအမှူးပင် ဖြစ်ပါ၏။

ဤသို့ဆိုသော် အတိတ်အနာဂတ်များအား အသာထားပြီး ယခုပစ္စုပ္ပန် တည့်တည့်တွင်ပင် ကြီးပွားချင်သာ လိုသူများသည် ဖြစ်ချင်သည့် ဆန္ဒ၊ ကြိုးစားအားထုတ်မှု၊ ဝီရိယ၊ ထက်သန်ကောင်းမွန် စွဲမြဲသည့် စိတ်စေတနာ၊ စဉ်းစားနှိုင်းချိန်နိုင်သည့် ပညာတရားများကို လက်ကိုင်ထား၍ ကြိုးစားနိုင်ကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှု ရမည်မှာ အသေအချာပင် ဖြစ်သည်ကို ကောက်ချက်ချနိုင်မည် ဖြစ်၏။ ဆန္ဒသာရှိပြီး ကြိုးစားမှု မရှိလျှင်၊ သို့မဟုတ် ကြိုးစားမှုကားရှိ၏ အသိဉာဏ်နှင့် မယှဉ်လျှင်၊ သို့မဟုတ် ဆန္ဒ၊ ဝီရိယ၊ ပညာတရားများ ရှိနေသော်လည်း စိတ်ကောင်းစေတနာကောင်း မထားလျှင် ဘဝတွင် ထင်သလောက် အောင်မြင်မှုလည်း ရနိုင်မည် မဟုတ်လှပေ။ ပြည့်စုံမှန်ကန်သည့် အောင်မြင်မှုများအတွက်ကား ဤအဓိပတိတရား လေးပါးလုံး အကြုံးဝင်ပြည့်စုံအောင် ကြိုးစားရမည်သာဖြစ်ပြီး ဤတရားလေးပါး ရှိထားလျှင်လည်း ဤတရားများက တစ်စုံတစ်ယောက်၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင်မြင်ရေးအတွက် အကြီးအမှူးပြုကာ ထိန်းကြောင်းပြုပြင် ပဲ့ကိုင်ပေးနေမည်သာ ဖြစ်၏။

ဆိုလိုသည်မှာ လူ့ဘဝကို ရလာသည့်သူများသည် ဘဝကောင်းနေပြီးသား ဖြစ်သဖြင့် အကောင်းရထားသည့် ဘဝတွင် အောင်မြင်မှု ရရန်အတွက်လည်း ခက်ခဲမှုမရှိနိုင်ကြောင်း၊ အတိတ်ကံဟူသည် လက်ရှိလူ့ဘဝ ရနေသည့်အချက်ဖြင့်ပင် ကောင်းနေပြီဟု ခံယူကာ ယခုလက်ရှိအချိန်တွင်သာ အောင်မြင်မှုကို အထောက်အကူ ပြုနိုင်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူးတရားများကို ပဲ့ကိုင်အဖြစ်ထားလျက် လိုရာပန်းတိုင် အရောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဆန္ဒကောင်း၏ ပံ့ပိုးမှုကို အခြေခံပြီး ကြိုးစားအားထုတ်မှု ဝိရိယ၊ အပြစ်ကင်းသည့် စိတ်စေတနာ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားစိစစ်တတ်သည့် ပညာဟူသည့် ဤအဓိပတိတရားလေးပါးကို ပဲ့ကိုင်အဖြစ် အသုံးပြုကာ ပစ္စုပ္ပန်၊ သံသရာ ဘဝအဖြာဖြာတွင် အောင်မြင်မှုရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်းဖြစ်၏။

ထို့ကြောင့် အောင်မြင်မှုကို အလိုရှိကြသည့် သူများအနေဖြင့် အတိတ်ကိုလည်း ပုံမချ၊ အနာဂတ်ကိုလည်း မမျှော်မှန်းဘဲ ယခုပစ္စုပ္ပန်ဘဝမှာပင် မိမိတို့ အလိုရှိသည့် အောင်မြန်မှုကို အရယူနိုင်ရန်အတွက် အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်များဖြစ်သည့် ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူး အဓိပတိတရား လေးပါးကိုသာ ပြည့်စုံအောင်ကြိုးစားလျက် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းရင်း အဓိပတိတရားများဖြင့် အဓိပတိ လူသားများဖြစ်အောင် အချိန်ရှိခိုက် လုံ့လစိုက်ကြရန်လည်း ထပ်မံ၍ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

အရိပ်

မနှစ်က ဘုန်းဘုန်းတို့ မြန်မာပြည်ကိုပြန်ကြွတုန်း ဘုန်းဘုန်းရဲ့ ဇာတိရွာကိုလည်း တရားဟောရင်း ရောက်ဖြစ်ခဲ့ပါသေးတယ်။ ဘုန်းဘုန်းတို့ရွာက ဒိုက်ဦးမြို့နယ်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာဆိုတော့ မြို့ပေါ်ကနေ တိုက်ရိုက်ရွာအထိ ကားသွားလို့ မရသေးပါဘူး။ ဒါကြောင့် ကားနဲ့သွားလို့ ရသလောက်ပဲသွားပြီး ရွာထဲကို လမ်းလျှောက်သွားခဲ့ကြပါတယ်။ ရွာကအမျိုးတွေကတော့ နွားလှည်းနဲ့ကြွဖို့၊ ဒါမှမဟုတ် ဆိုင်ကယ်နဲ့ကြွဖို့ ပြောကြပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက ရွာရဲ့အလှနဲ့ ရွာရဲ့သဘာဝ၊ ပြီးတော့ တောသူတောင်သားတွေရဲ့ ဘဝရပ်တည်မှု အခြေအနေ အဝဝကို သူတို့နဲ့အတူ တစ်ထပ်တည်း၊ တစ်သားတည်း ခံစားချင်တာနဲ့ လမ်းလျှောက်ပြီး ကြွဖြစ်လိုက်ပါတယ်။ ခြစ်ခြစ်တောက် ပူနေတဲ့ နေပူကျဲကျဲထဲမှာ လေပြေလေညှင်း အေးအေးလေးနဲ့ လယ်ကွင်းပြင် ဖွေးဖွေးလေးတွေကိုကြည့်ရင်း လာကြိုသူတွေနဲ့ စကားပြောကာ ရွာထဲကို ဝင်လာဖြစ်ပါတယ်။ ပူလွန်းလှတဲ့ နေပူထဲမှာ နောက်ကဒကာတစ်ယောက်က ထီးနဲ့လိုက်မိုးပေးတဲ့အတွက် ထီးရိပ်အောက်က လိုက်လာရင်း အရိပ်တစ်ခုကို ခံစားမိပါတယ်။ ထီးရိပ်ကလည်း တစ်မျိုးအေးတာပဲလို့။

ဒီလိုနဲ့ ရွာအလယ်လမ်းကို ဖြတ်လျှောက်ဖြစ်တဲ့အခါ ရွာလယ်လမ်းမှာ စိုက်ထားတဲ့ ကုက္ကိုပင်၊ ခရေပင်တွေရဲ့ အရိပ်အောက် ရောက်ပြန်တော့ သစ်ပင်ရဲ့အရိပ် အေးမြမှုလေးကလည်း တစ်မျိုးလေးပါပဲ။ မယ်တော်ခမည်းတော်တို့ အိမ်ကိုရောက်တော့ အိမ်ဘေးနားမှာလာရောက် စုရုံးပြီး အပြုံးကိုယ်စီ၊ ပီတိကိုယ်စီနဲ့ ကြိုနေကြတဲ့ ဆွေမျိုးတွေကို မြင်ရပြန်တော့လည်း ဆွေမျိုးရိပ်ရဲ့ အေးရိပ်ငြိမ်ကို တိတ်ဆိတ်စွာပဲ ရင်ထဲက ခံစားမိပြန်ပါတယ်။ အိမ်မှာခဏနားပြီး ရွာဦးကျောင်းကိုကြွပြန်တော့ ဘုရားကျောင်းကန်အရိပ်ရဲ့ အေးမြမှုကလည်း တမူထူးခြားတဲ့ အရိပ်ကို ပုံဖော်ပေးနေသလို ဖြစ်နေပြန်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ဥပုသ်နေ့ဖြစ်နေတော့ ရွာဦးကျောင်းမှာ ဖွင့်ထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာဘာဝနာ တရားသံကလည်း နားထဲကိုရောက်လာကာ ရင်ထဲမှာ လှိုက်တက်လာအောင် အေးချမ်းရတဲ့ ဓမ္မအသံ၊ ဓမ္မအရသာ၊ ဓမ္မအရိပ်ကို ခံစားမိခဲ့ပါတယ်။ အဲဒီနေ့ တစ်နေ့လုံး ဘုန်းဘုန်းမှာ အချိန်သာကုန်သွားတယ် ဘာပင်ပန်းမှုမှမရှိဘဲ အရိပ်မျိုးစုံအောင်မှာ ခရီးတစ်ထောက်ပေါက်သွားခဲ့ရပါတယ်။

ရွာကနေ ရန်ကုန်ကို ပြန်ကြွတဲ့ အပြန်လမ်းမှာတော့ အတွေးတွေကအစုံပါပဲ။ အဲဒီအတွေးတွေထဲမှာ မှတ်မှတ်ရရ တွေးမိခဲ့တာက အရိပ်တွေအကြောင်းပဲ ဖြစ်ပါတယ်။ တောရိပ်တောင်ရိပ် သစ်ပင်ရိပ်နဲ့ ဆွေးရိပ်မျိုးရိပ် ကျောင်းကန်ရိပ် အပါအဝင် ဘုရားအရိပ် တရားအရိပ်ကအစ အရိပ်မျိုးစုံကို ရသပြည့်စွာ ခံစားရင်း အရိပ်တွေရဲ့ အေးချမ်းမှုလေးတွေကို အတွေးနယ်ချဲ့ နေမိပြန်ပါတယ်။ အရိပ်ဆိုတာ ဘယ်လိုအရိပ်မျိုးပဲ ဖြစ်ဖြစ် နားခိုသူတွေကို တဒင်္ဂ အခိုက်အတန့်ပဲဖြစ်ဖြစ် အေးချမ်းမှုကို ပေးနိုင်ကြောင်း ခေတ္တခဏ ခိုခဲ့ဖူးတဲ့ အရိပ်တွေကအစ စိတ်ထဲမှာ တရေးရေးပေါ်လာရင်း အတိတ်က အရိပ်တွေကိုပါ တွေးနေမိပြန်ပါတယ်။

ဟုတ်ပါတယ်။ အရိပ်ဆိုရင် ထီးရိပ်ပဲဖြစ်ဖြစ်၊ သစ်ပင်တောတောင်တွေရဲ့ အရိပ်ပဲဖြစ်ဖြစ်၊ အမျိုးတွေရဲ့ အရိပ်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အရိပ်ပဲဖြစ်ဖြစ်၊ ဘုရားကျောင်းကန်အရိပ်ပဲ ဖြစ်ဖြစ်၊ တရားဓမ္မရဲ့ အရိပ်ပဲ ဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူတော့ အရိပ်ခိုသူတွေကို အေးစေတယ်ဆိုတာ အရိပ်ခိုဖူးသူတိုင်း သိရှိခံစားမိကြမှာ ဖြစ်ပါတယ်။ လိုအပ်နေတဲ့ အချိန်မှာ ခိုလှုံလိုက်ရတဲ့ အရိပ်ဟာ အကြာကြီးမဟုတ်၊ အကြီးကြီး မဟုတ်ပေမယ့် အဲဒီအခိုက်မှာတော့ တဒင်္ဂလောက်ပဲဖြစ်ဖြစ် အေးငြိမ်းမှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ပိုပြီးအေးချမ်းစေဖို့ကတော့ ကိုယ်ခိုလိုက်တဲ့ အရိပ်အပေါ်မှာပဲ သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အရိပ်ရဲ့ သဘာဝဟာ အေးမြစေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခက်တာက ဒီနေ့ခေတ်မှာ “အရိပ်နေနေ အခက်ချိုးချိုး” လုပ်တတ်သူတွေကြောင့် အရိပ်တွေဟာ တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းလာနေတဲ့ အချက်ပဲ ဖြစ်ဖြစ်ပါတယ်။ အရိပ်လည်းခိုသေး အကိုင်းလည်းချိုးသေး ဆိုသလို နားခိုခွင့်ရတဲ့ အခိုက်အတန့်လေးမှာ ကျေးဇူးတရားကို အလေးမထားဘဲ အရိပ်ကို ဖျက်စီးတတ်တဲ့ သူတွေကြောင့် မိုးပေးရတဲ့ အရိပ်တွေဟာ အမိုးအကာမရှိ၊ အကိုင်းအခက်မရှိ၊ ထောက်တည်ရာမရှိဘဲ ခက်ကျဲကျဲတွေ ဖြစ်လာနေတဲ့ သဘောတွေလည်း ရှိနေပြန်ပါတယ်။ သစ်ရိပ်တောရိပ်တွေကို ခိုလှုံရင်း သစ်တောတွေကို ဖျက်စီးနေသူများ၊ ဆွေးရိပ်မျိုးရိပ်ကို ခိုကိုးရင်း အမျိုးအဆွေကို ကျေးဇူးကန်းသူများ၊ ကျောင်းရိပ်ကန်ရိပ်ကို ခိုဝင်ရင်း ကျောင်းကန်အပေါ် အပြစ်ပြောနေသူများ၊ ဓမ္မလမ်းကို အမှန်ခိုကိုးပြီး လျောက်လှမ်းခြင်းမရှိဘဲ တစ်ပိုင်းတစ်စ သိသမျှကို လိုသလို ထုတ်ယူပြီး တရားတော်အပေါ် တစ်လွဲဖော်နေကြသူများ စတဲ့စတဲ့ အခက်ချိုးသူများကြောင့် အရိပ်အစစ်တွေမှာ တဖြည်းဖြည်းနဲ့ ပျောက်ပျောက် လာနေတာတွေလည်း ရှိနေပြပါတယ်။

ရှိပါစေတော့။ အရိပ်တွေနဲ့ ပတ်သက်ပြီး ကျန်တဲ့သူတွေအနေနဲ့ ဘယ်လိုတွေးမယ်ဆိုတာ မသိနိုင်ပေမယ့် ဘုန်းဘုန်းအနေနဲ့ကတော့ ဘုန်းဘုန်းရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျောက်မှာ ခိုခဲ့ဖူးတဲ့ အရိပ်တွေ အများကြီးရှိပေမယ့် အဲဒီအရိပ် တွေထဲမှာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး အရိပ်ကတော့ ဓမ္မရိပ်ပဲ ဖြစ်ပါတယ်။ ဓမ္မရိပ်ကတော့ ခိုလှုံလာတဲ့ သူတွေကို အရွယ်မရွေး၊ လူမျိုးမရွေး၊ ဂုဏ်ပကာသန မရွေးဘဲ အေးချမ်းမှုကို ပေးစေပါတယ်။ ဓမ္မရိပ်ဟာ ခိုကိုးတဲ့သူရဲ့ တုံ့ပြန့်မှု၊ ကြိုးစားအားထုတ်မှု စတာတွေကိုလိုက်ပြီး ငြိမ်းအေးမှု အကျိုးတရားကိုလည်း လက်တွေ့ဖြစ်ပေါ်စေပါတယ်။ ဘယ်လိုအရိပ်မျိုးက ဘယ်လောက်ပဲ အေးချမ်း ပါတယ်ပြောပြော အဲဒီအေးချမ်းမှု အရိပ်ပိုင်ရှင်များကိုယ်တိုင် နောက်ဆုံး ဓမ္မရိပ်ကို ခုံလှုံမှသာ တကယ်အေးချမ်းမှုကို ဖြစ်သွားစေတဲ့အတွက် အရိပ်တကာ အရိပ်တွေထဲမှာ ဓမ္မရိပ်သာ အကောင်းဆုံးလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

အရိပ်ပေါင်းစုံကို ခိုခဲ့ဖူးတဲ့ ဘုန်းဘုန်းအနေနဲ့ အခုအချိန်ထိ အမှတ်ရဆုံး၊ အကြိုက်ဆုံး အရိပ်ကတော့ သစ်ပင်တောတောင် အရိပ်တွေအောက်မှာ တရားအရိပ်နဲ့ နေရတဲ့အရိပ်ပဲ ဖြစ်ပါတယ်။ တိတ်ဆိတ်တဲ့ နေရာလေးမှာ တောတောင်ရဲ့အေးငြိမ်းမှု၊ အပြစ်ကင်းတဲ့ ငှက်ငယ်လေးတွေရဲ့ တေးဆိုမှုနဲ့ သန့်ရှင်းလှတဲ့ သဘာဝ လေအေးအေးကို ရှုရှိုက်နေရမှုတွေက ဓမ္မအရိပ် ခိုလှုံမှုကို ပိုပြီးအေးငြိမ်းစေတာ ဖြစ်တဲ့အတွက် သဘာဝအရိပ်အောက်မှာ ဓမ္မအရိပ်ဟာ အကောင်းဆုံး အေးရိပ်ပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။ အခိုက်အတန့် အရိပ်တွေကနေ ထွက်ခွါပြီး ဘဝတစ်လျှောက်လုံး လုံခြုံအေးချမ်းမှုကို ဖြစ်စေတဲ့ ဓမ္မအရိပ်မှာ ခိုလှုံခွင့် ရတဲ့သူတွေရဲ့ အသံတွေကို နားထောင်ကြည့်ရင်လည်း အားလုံးက အေးချမ်းတဲ့ ဓမ္မအရိပ်ကသာ အကောင်းဆုံး အရိပ်လို့ တစ်သံတည်း ထွက်လာကြမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါဟာ တဒင်္ဂအရိပ်နဲ့ ထာဝရအရိပ် ကွဲပြားမှုရဲ့ သက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။

သာမန်လူတွေအနေနဲ့ ဘဝရပ်တည်မှုတွေကနေ ထွက်ခွာပြီး တောရိပ်တောင်ရိပ်အောက်မှာ ဓမ္မရိပ်နဲ့ နေဖို့ဆိုတာ မလွယ်လှပေမယ့် ဘဝထဲမှာပဲ ဓမ္မတွဲထားနိုင်မယ်ဆိုရင် အရိပ်တွေက မိမိတို့ကို တစ်ထပ်တည်းလိုက်ပြီး အထိုက်အလျောက် အေးငြိမ်းမှုကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ဘဝထဲမှာ ကောင်းမှုကုသိုလ် တွဲထားနိုင်မယ်ဆိုရင် ဒါဟာ ဓမ္မအရိပ်ကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် အဲဒီအရိပ်ဟာ ကုသိုလ်လုပ်နေသူ အနားကနေ ခွာမသွားဘဲ အကြောင်းစုံတာနဲ့ အကောင်းစုံကို ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ဘဝရပ်တည်မှုတွေထဲကပဲ ပြုသမျှအမှုတွေ၊ ပြောသမျှစကားတွေ၊ ကြံသမျှ အကြံတွေမှာ စိတ်စေတနာကောင်းတွေနဲ့ ပြုမှုပြောဆိုကြံစည်သူများအတွက် အဲဒီအမှုတွေရဲ့ အေးရိပ်တွေက နေရောင်လရောင်အောက်မှာ ရောက်သွားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့နောက်ကို အဲဒီသူရဲ့ အရိပ်ဟာ ထပ်ကြပ်မကွာလိုက်နေသလို ကောင်းမှုအရိပ်တွေကလည်း ထပ်ကြပ်မကွာလိုက်နေပြီး ကောင်းကျိုးတွေကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဘုရားစကား အငှါးထားပြီး ပြောရမယ်ဆိုရင်တော့ “အရာရာမှာ စိတ်ဟာအဓိက အခရာကျကြောင်း၊ အကယ်၍ တစ်စုံတစ်ယောက်ဟာ အလုပ်တစ်ခုခုမှာ စိတ်စေတနာကောင်းကောင်းနဲ့ ပြောဆိုပြုလုပ်မယ်ဆိုရင် အဲဒီသူရဲ့နောက်ကို ကုသိုကောင်းမှုက အစဉ်အမြဲရောက်နေမှာ ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အရိပ်ဟာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုနဲ့အတူ အမြဲရှိနေသလိုမျိုးပဲ ဖြစ်ကြောင်း” မိန့်မှာတော်မူထားတဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မပဒလာ ဓမ္မစကားကိုပဲ ကိုးကားပြီး ပြောရမှာ ဖြစ်ပါတယ်။ ဘုရားရှင်က ကုသိုလ်ကောင်းမှုရဲ့ အကျိုးတရားကို အရိပ်နဲ့တင်စားပြီး အရိပ်ဟာ သတ္တဝါအားလုံးရဲ့နောက်ကို တကောက်ကောက်လိုက်နေသလို ကောင်းမှုလုပ်သူနောက်ကို ကောင်းကျိုးတွေကလည်း ထပ်ကြပ်မကွာ လိုက်နေမှာဖြစ်ကြောင်း ဥပမာထား ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘဝထဲမှာပဲ အရိပ်ကောင်းတွေ ခိုချင်သူများအနေနဲ့ နေ့စဉ်ဖြတ်သန်းမှုတွေမှာ ကုသိုလ်ကောင်းမှုတွေ တတ်နိုင်သမျှတွဲပြီး ကုသိုလ်အရိပ်၊ ဓမ္မအရိပ်ကို ခိုလှုံနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက “ဘဝမှာ ခိုလှုံစရာ အရိပ်မျိုးစုံ ရှိနေပြီး အရိပ်မှန်သမျှဟာလည်း ခိုကိုးသူတွေကို သူ့အတိုင်းအတာနဲ့သူ အထိုက်အလျောက် အေးငြိမ်းမှုကို ဖြစ်စေတတ်ပေမယ့် ဓမ္မအရိပ်ကသာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး အရိပ်ဖြစ်တာကြောင့် ကျန်တဲ့တခြားတခြား အရိပ်တွေကို ခိုလှုံရင်း ဘဝထဲမှာ ဓမ္မတွဲပြီး တရားအရိပ်ပါ ခိုလှုံနိုင်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ နေ့စဉ်အလုပ်တွေမှာပဲ စိတ်စေတနာကောင်းနဲ့ ပြုလုပ်ပြောဆိုနေသူတွေဟာ ကောင်းမှုတစ်ခုခုနဲ့ နေသူတွေဖြစ်တဲ့အတွက် ဒီကောင်းမှုရဲ့အရိပ်ဟာလည်း ပြုလုပ်သူနဲ့ တစ်ထပ်တည်းရှိနေတာဖြစ်လို့ ဒါဟာ ဓမ္မအရိပ်ကို ခိုလှုံနေခြင်းပင် ဖြစ်ကြောင်း၊ ဓမ္မအရိပ်ကို သီးသန့်ခိုကိုးနိုင်ခြင်း မရှိသေးသူတွေ အနေနဲ့လည်း နေ့စဉ်အလုပ်တွေမှာပဲ ကုသိုလ်ဖြစ်အောင် လုပ်ကိုင်ရင်း ဘဝထဲမှာ ဓမ္မတွဲပြီး ကောင်းမှုအရိပ်ကို ခိုနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း အရိပ်တစ်ခုခုကို ခိုဖူးကြတာဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ခိုဖူးတဲ့အရိပ်ကို ကျေးဇူးတစ်ခုအနေနဲ့ တုံ့ပြန်မှု မပြုနိုင်တာတောင်မှ အရိပ်နေနေ အခက်ချိုးချိုး မဖြစ်ရအောင် အသိသတိနဲ့ ကြိုးစားနေထိုင်ရင်း ဘဝအရိပ်တွေထဲမှာ ဓမ္မအရိပ်ကို တွဲပြီးခိုတဲ့အနေနဲ့ ကိုယ်နဲ့မခွဲဘဲ အရိပ်သဖွယ် အမြဲရှိနေတတ်တဲ့ အကောင်းအဆုံး အရိပ်ဖြစ်တဲ့ ကုသိုလ်အရိပ်ကိုပါ ခိုလှုံနိုင်အောင် ကြိုးစားကြဖို့ကိုလည်း စေတနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

ဘဝနဲ့ ဓမ္မ



  • ဘဝမှာ ဓမ္မမပါရင်
    အလှဆိုတာ ခဏပါပဲ။

    အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
    အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ
    အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
    တွေ့ကြုံလာရ တက်အကျနဲ့
    အကောင်းအဆိုး ကြောင်းအကျိုးကို
    ဓမ္မစကား၊ ဓမ္မအားနဲ့
    အလှတရား ရသွားစေမှာ အမှန်ပါပဲ။

    တွေကာမနှေး အသေအချာတွေးရင်
    ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
    အသိသတိ ထပ်တူရှိမယ့်
    အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

    ဒါကြောင့်...
    အစနဲ့အဆုံး
    ဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့
    ခဏမကြည့် ဓမ္မနဲ့ညှိပြီး
    အသိအကျင့် ထပ်တူဆင့်လျက်
    ဘဝထဲမှာ ဓမ္မတွဲကာ
    လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။

Read more »

Facebook က အမေးတစ်ပုဒ် (၅)

Kaungmyat Thu
ဆရာတော် အရှင်ဘုရား... ကံကံ၏ အကျိုးကျေးဇူးဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပဲ ဆိုင်ပါသလားဘုရား။ အလုပ်ကောင်းပြီး စေတနာမကောင်းရင် ကံကောင်းပါသလားဘုရား။ စေတနာကောင်းပြီး အလုပ်မကောင်းရင်ရော ကံဆိုးပါသလားဘုရား။ လူတိုင်းမှာ အမှားကိုယ်စီ ရှိကြပါတယ်ဘုရား မရှောင်နိုင်လို့ မှားခဲ့ရင် ကံဆိုးပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဘုရား။

Ashin Vicitta ‎>> Kaungmyat Thu
ကံဆိုတာ အလုပ်ကိုပြောတာဖြစ်ပြီး အလုပ်ဆိုတာမှာလည်း စေတနာပါတဲ့ အလုပ်ကသာ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ ဖြစ်ပါတယ်။ စေတနာ စေတသိက်ဟာ စိတ်ကိုလှုံဆော်ပေးတဲ့ အရာဖြစ်ပြီး ကောင်းတဲ့အလုပ်တွေမှာလည်း စေတနာက ယှဉ်နေပြီး မကောင်းတဲ့အလုပ်တွေမှာလည်း စေတနာက ယှဉ်နေတတ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အလုပ်တွေ ဖြစ်ပေမယ့် စေတနာမပါရင်၊ စေတနာအားနည်းရင် အကျိုးသက်ရောက်မှုလည်း မရှိဘဲ အားနည်းနေတတ်သလို၊ မကောင်းတဲ့ အလုပ်တွေမှာလည်း စေတနာ မပါရင်၊ စေတနာ မရှိရင် အကျိုးသက်ရောက်မှုလည်း မရှိဘဲ ဖြစ်နေတတ်ပါတယ်။ အကျိုးသက်ရောက်မှုကောင်း ရှိခြင်းမရှိခြင်းဟာ ကံကောင်းခြင်း၊ မကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီသဘောအရ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် ကောင်းတဲ့အလုပ်တွေမှာ စေတနာကောင်းရှိဖို့လိုသလို၊ တကယ်လို့ ကောင်းတဲ့အလုပ်တွေမှာ စေတနာ မပါခဲ့ရင်လည်း ကောင်းကျိုးမရရုံလောက်သာဖြစ်ပြီး အပြစ်သက်ရောက်မှုက မရှိနိုင်တဲ့အတွက်ဖြေဆည်လို့ ရနိုင်ပေမယ့် မကောင်းတဲ့အလုပ်တွေမှာတော့ မလုပ်ဘဲ နေနိုင်အောင် ကြိုးစားတာက အကောင်းဆုံးပါပဲ။ မရှောင်နိုင်လို့ မဖြစ်မနေ လုပ်ရတဲ့ အခါ မကောင်းတဲ့ အလုပ်တွေမှာတော့ စေတနာမပါအောင် အထူးကြိုးစားရမှာ ဖြစ်ပါတယ်။

ခက်တာက ပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဟာ ဘယ်လောက်ပဲ ခိုင်ပါတယ်ပြောပြော သဒ္ဓါတရား မမြဲသေးတဲ့အတွက် တစ်ခါတလေ စေတနာမပါဘူးလို့ ဆိုနေပေမယ့် စေတနာ ပါသွားတာတွေက အများကြီးပါပဲ။ အဲဒီလို အမြဲပြောင်းနေတဲ့အတွက် ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ စေတနာ မပါအောင် ကြိုးစားပေမယ့် ပါသွားတာတွေရှိတတ်သလို၊ စေတနာပါအောင် ကြိုးစားပေမယ့်လည်း မပါတတ်တာတွေလည်း ရှိတတ်ပါတယ်။ လုပ်တဲ့သူရဲ့ စိတ်အစဉ်နဲ့ စေတနာမှာပဲလိုက်ပြီး အကျိုးသက်ရောက်မှု ရရှိမရှိ၊ ကံကောင်းမကောင်းဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ စိတ်စေတနာဟာ မတည်ငြိမ်တဲ့အတွက် ကောင်းတဲ့အလုပ်တွေမှာ လုပ်နိုင်သမျှ၊ လုပ်လို့ရသလောက် လုပ်ကြရမှာဖြစ်ပြီး မကောင်းတဲ့အလုပ်တွေမှာတော့ ရှောင်နိုင်သမျှ ရှောင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါလေးကို ပြန်ဖတ်ကြည့်ပါဦး။
http://www.facebook.com/note.php?note_id=215589285128027

Read more »

စိတ်တိုင်းမကျ ဖြစ်ခဲ့ကြရင်

ဘုန်းဘုန်းမှာ မရှိသင့်တဲ့ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမလား မသိဘူး။ “အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့အကျင့်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့အကျင့် ပြီးတော့ သူများလုပ်ရင်လည်း စိတ်တိုင်းမကျတတ်တဲ့ အကျင့်” စတဲ့ အကျင့်လေးတွေ ရှိနေပါတယ်။ အကျင့်ဆိုတာ စရိုက်ပဲ ဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ ဒီအကျင့်လေးတွေဟာ မွေးကတည်းက ပါလာတဲ့ စရိုက်လို ဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို သတိပြုကြည့်တဲ့အခါ တစ်ခါတစ်လေ သဒ္ဓါစရိုက်လေးတွေ အားကောင်းနေတတ်သလို၊ တစ်ခါတစ်လေလည်း ရာဂစရိုက်လေးတွေ အားကောင်းနေတတ်တာကို တွေ့ရပါတယ်။ ရာဂစရိုက်နဲ့ သဒ္ဓါစရိုက်က သဘောသွားချင်း ခပ်ဆင်ဆင်လေးပါ။ ဒီလိုစရိုက်တွေ ရှိတဲ့သူဟာ ရတနာသုံးပါး အပေါ်မှာ ကြည်ညိုမှု အားကောင်းတတ်သလို၊ သန့်သန့်ရှင်းရှင်းနဲ့ လှလှပပလေးတွေ၊ ကိလေသာ ဖြစ်စရာလေးတွေ အပေါ်မှာလည်း တပ်မက်နေတတ်ပြန်ပါတယ်။ ဒီစရိုက်ကြောင့်ပဲလား မသိဘူး။ အလုပ်တစ်ခုခုကို သေသေသပ်သပ် လုပ်နေမိတတ်သလို သူများက လုပ်ပေးလာလို့ မသေမသပ် ဖြစ်နေရင်၊ ခိုင်းတဲ့အတိုင်း ချက်ချင်းမြန်မြန်ဆန်ဆန် မလုပ်ရင် စိတ်ထဲမှာ ဘဝင်မကျဘဲ အလိုလို စိတ်တိုင်းမကျကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ဒီအကျင့်ကို သတိကပ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေနိုင်အောင် ကြိုးစားကြည့်တာ အရင်ကလောက် မဆိုးဘူးလို့ ထင်ရပါတယ်။ စိတ်အလိုမကျ ဖြစ်ခဲ့ရင်လည်း အသိသတိကပ်ပြီး သည်းခံတတ်တဲ့ အကျင့်လေးတွေနဲ့ တဖြည်းဖြည်း ရင့်ကျက်လာတာကို ကိုယ့်ကိုယ်ကို သတိထားမိလာပါတယ်။ တစ်ခါတစ်လေ စရိုက်အကျင့်လေးတွေ မကောင်းပေမယ့် ကောင်းတဲ့ အကျင့်လေးတွေနဲ့ ပြုပြင်ကြည့်တဲ့အခါ အကျင့်ဆိုးလေးတွေ တဖြည်းဖြည်း ပြောင်းလာတယ် ဆိုတာကို ကိုယ့်တွေ့နဲ့ယှဉ်ပြီး သဘောပေါက်လာမိပါတယ်။ အထူးသဖြင့် စိတ်တိုင်းမကျတဲ့ အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ပြီး သက်သောင့်သက်သာဖြစ်အောင် လေ့ကျင့်လာနိုင်တာလေးတွေဟာ ဘဝအတွက်တော့ တကယ့်ကို တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်တစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ စိတ်အလိုမကျတဲ့အခါ၊ ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့အခါ ခံစားရတဲ့ စိတ်အစဉ်နဲ့ ပြောင်းလွဲသွားတဲ့ အမူအရာ အသွင်အပြင်တွေဟာ ခုနောက်ပိုင်းတော့ သိသိသာသာ လျော့နည်းလာတယ်လို့ ခံစားမိပါတယ်။ အဓိကကတော့ စိတ်တိုင်းမကျတဲ့အခါ ဖြေဆည်လာတတ်တဲ့အတွက် ကိုယ့်ကိုယ်တိုင် သက်သောင့်သက်သာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ပုထုဇဉ်တွေဟာ စိတ်တိုင်းမကျတာတွေကြောင့် နေ့စဉ်နဲ့အမျှ ပင်ပန်းနေကြတာတွေက အများကြီးပါပဲ။ ထစ်ခနဲဆို စိတ်အလိုမကျဖြစ်လိုက်၊ ဗြုန်းကနဲဆို စိတ်တိုင်းမကျ ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ ဘာကြောင့်လဲလို့ ပြန်တွေးကြည့်ရင် အကြောင်းပြစရာ မရှိတဲ့အဖြစ်ပါ။ တစ်ယောက်တည်းနေလည်း စိတ်တိုင်းမကျဖြစ်နေတတ်သလို၊ အများနဲ့ နေတဲ့အခါတွေမှာလည်း စိတ်တိုင်းမကျတာတွေက ဖြစ်ဖြစ်နေကြပြန်ပါတယ်။ နေချင်တဲ့သူနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြပြန်သလို မနေချင်တဲ့သူတွေနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြရပြန်ပါတယ်။ ကိုယ့်ဖာသာကိုဖန်တီး ကိုယ့်ဖာသာကိုယ် လုပ်နေတဲ့ အလုပ်တွေမှာတောင် စိတ်တိုင်းမကျတာတွေ ဖြစ်ဖြစ်နေပြီး တစ်ယောက်တည်း ဒေါသဖြစ်လိုက်၊ အော်လိုက်ဟစ်လိုက် လုပ်နေကြတာတွေ ရှိသလို ကိုယ်ခိုင်းလို့ အဆင်မပြေပြန်ရင်လည်း စိတ်တိုင်းမကျဖြစ်ပြီး ဆူလိုက်ဆဲလိုက် လုပ်ဖြစ်နေပြန်ပါတယ်။ ကိုယ်ပဲလုပ်၊ ကိုယ်ပဲခိုင်းပြီး ကိုယ်ပဲစိတ်တိုင်းမကျ ဖြစ်နေတတ်တာဆိုတော့ ခံစားရတော့လည်း ကိုယ်ပဲဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ရာက စိတ်တိုင်းမကျဖြစ်ပြီး ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခလှလှတွေ့ကြရတာ ဖြစ်ပါတယ်။

အမှန်တော့ သေချာတွေးကြည့်ရင် စိတ်တိုင်းကျဖို့ဆိုတာ သူများတွေအပေါ်မှာ မပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တာတွေက အများကြီးပါပဲ။ တစ်နေ့ကုန်လို့ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ရင် စိတ်တိုင်းကျတာတွေက များသလား၊ စိတ်တိုင်းမကျတာတွေက များသလားဆိုရင် စိတ်တိုင်းမကျတာတွေကပဲ များနေတတ်ပါတယ်။ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ ကိုယ့်အလုပ်တွေမှာ စိတ်တိုင်းမကျ ဖြစ်နေတတ်ခဲ့သလို ကိုယ့်အခြေအနေနဲ့ ကိုယ့်အရှိလေးတွေအပေါ် စိတ်တိုင်းမကျ ဖြစ်နေတတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းမကျ ဖြစ်နေကြတာဆိုတော့ သူတပါးအပေါ်မှာ၊ သူတပါးနဲ့ ပတ်သက်တာတွေမှာ ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာက ပိုလိုတောင် ဆိုးသွားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဘဝမှာ ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ ကိုယ်တန်ဘိုးထားတဲ့ သူ၊ ကိုယ်တန်ဘိုးထားတဲ့ အရာတွေကို ကိုယ်ကကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တာလေးတွေပါ။ ကိုယ်ထားသလိုနေ၊ ကိုယ်ပြောသလိုလုပ် ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ့်သဘောအတိုင်း မဖြစ်တာတွေက အများကြီးပါပဲ။ လိုချင်တာတွေ၊ ဖြစ်စေချင်တာတွေ များလေလေ၊ စိတ်တိုင်းမကျတာတွေက များနေလေပဲ ဖြစ်ပါတယ်။ သူများမပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရချင်မှုတွေ များနေတဲ့အခါ ထင်တိုင်းမဖြစ်လို့ စိတ်ညစ်ရတာတွေ၊ စိတ်တိုင်းမကျ ဖြစ်ရတာတွေ၊ အလိုမကျ ဖြစ်ရတာတွေ အများကြီး ရှိနေတတ်တာကို သတိပြုကြည့်ရင် သိနိုင်ပါတယ်။

ဆိုတော့ကား ဒီလိုစိတ်တိုင်းမကျ ဖြစ်ရတာဟာ ဘာကြောင့်လဲလို့ စဉ်စားကြည့်တော့ လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရောင့်ရဲတင်းတိမ်နိုင်ခြင်း မရှိမှုတွေ၊ နှလုံးသွင်း မမှန်ကန်မှုတွေကြောင့်လို့ပဲ ယေဘုယျ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ဖြစ်ချင်လိုချင်မှုတွေများနေသမျှ၊ တင်းတိမ်ရောင့်ရဲနိုင်တဲ့ အကျင့်လေးတွေနဲ့ မနေနိုင်သေးသမျှ၊ အကုသိုလ်မဖြစ်အောင်၊ အပြစ်မဖြစ်အောင် တွေးမြင်တတ်တဲ့ အကျင့်လေးတွေ နည်းနေသမျှ ကိုယ့်ကိုယ်ကိုလည်း အလိုကျမှာ၊ စိတ်တိုင်းကျမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျရင် ကျန်တဲ့သူတွေ ဘာပဲလုပ်ပေးလုပ်ပေး စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာလည်း မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ စိတ်ဆိုတာ အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေတတ်တဲ့ သဘောရှိတဲ့အတွက် အမျိုးမျိုး ဖြစ်နေတဲ့ ဒီစိတ်အစဉ်တွေရဲ့ အလိုအတိုင်း တစ်ထပ်ကျဖို့ဆိုတာက သာမန်လူတွေ အနေနဲ့ တကယ့်ကို မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စိတ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် အဆင်းတွေနောက်၊ အသံတွေနောက်၊ အနံ့တွေနောက်၊ အရသာတွေနောက်၊ အထိအတွေ့တွေနောက်၊ အတွေးအကြံတွေနောက် တကောက်ကောက် လိုက်နေတတ်တဲ့ သဘောရှိတဲ့အတွက် သူဆွဲသွားတဲ့ အာရုံတိုင်းရဲ့ နောက်ကိုသာ လိုက်နေလို့ကတော့ ဘယ်တော့မှ စိတ်တိုင်းကျတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ စိတ်အလိုပြည့်တယ်၊ စိတ်ကျေနပ်တယ်ဆိုတာ မရှိနိုင်ပါဘူး။

အဲဒီလိုဆိုတော့ စိတ်ကိုသူ့သဘောအတိုင်း လွှတ်ထားရင် ကျေနပ်နှစ်သက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် သူ့သဘောအတိုင်း မထားဘဲ ကိုယ့်ရဲ့အသိသတိနဲ့ပဲ ဒီစိတ်ကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင်၊ စိတ်တိုင်းမကျတာတွေ လျော့နည်းလာအောင် ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ သူဆွဲသမျှ အာရုံတွေနောက်ကို မရောက်သွားရအောင် ကိုယ့်ကိုယ်ကိုပဲ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖြေဆည်ဖို့ဆိုတော့ အဓိကလုပ်ရမှာက စိတ်ကိုသတိကပ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ စိတ်ကို သူဆွဲဆောင်ရာ အာရုံတွေနောက်ကို လိုက်မသွားမိအောင် ထိန်းဖို့ပဲဖြစ်ပါတယ်။ မြင်သမျှအရာတွေ၊ ကြားသမျှအသံတွေ၊ နံသမျှအနံ့တွေ၊ ခံစားသမျှ အရာသာတွေ၊ တွေ့ထိသမျှ အထိအတွေတွေ့မှာ သတိလက်လွတ် မခံစားမိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အာရုံတွေနောက်ကို သတိလွတ်ပြီး လိုက်ခံစားမိလို့ စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း အချိန်မီသတိဝင်ကာ “အရာအားလုံးဟာ ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူ့သဘော သူဆောင်နေပြီး အတ္တဆိုတာ မရှိ၊ အနတ္တပဲ ရှိတယ်” ဆိုတဲ့အချက်ကို အထပ်ထပ်နှလုံးသွင်းပြီး အကြိမ်ကြိမ် ဖြေဆည်နိုင်အောင် ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါ “ငါဆိုတာမရှိ၊ ငါ့ဥစ္စာဆိုတာ၊ ငါပိုင်ဆိုင်တယ်ဆိုတာ မရှိတဲ့ လောကကြီးမှာ ငါ့သဘောအတိုင်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း” သတိပြုဆင်ခြင်ပြီး ဖြေဆည်ကြည့်ရမှာ ဖြစ်သလို သူတပါးကို အကြောင်းပြုပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုနဲ့ ချိန်ထိုးကြည့်ကာ “ကိုယ်ကိုယ်တိုင်တောင် ကိုယ့်သဘောအတိုင်း မဖြစ်တာ၊ သူတပါးတွေကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စသဖြင့် အသိသတိနဲ့ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး ဖြေဆည်ကြည့်ဖို့ကတော့ “သတိကပ်ပြီး စိတ်ကိုအာရုံတွေနောက် မလိုက်နိုင်အောင် ထိန်းချုပ်ကာ ဖြေဆည်ကြည့်ကြဖို့ပဲ” ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာထူပြောလှတယ် လောကကြီးမှာ ကိလေသာတရားတွေနဲ့ နပန်းလုံးနေရတဲ့ သတ္တဝါများ အနေနဲ့ လိုချင်ဖြစ်ချင်တာတွေ များနေသမျှ၊ ကိုယ့်အတိုင်းအတာနဲ့ကိုယ် သက်သောင့်သက်သာ ဖြစ်အောင် တင်းတိမ်ရောင့်ရဲခြင်း မလုပ်နိုင်သေးသမျှ၊ တွေ့ကြုံလာသမျှ အရာတွေအပေါ်မှာ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းပြီး မနေနိုင်သေးသမျှ စိတ်တိုင်းမကျတာတွေ၊ အလိုမကျတာတွေ ဆိုတာ ရှိနေကြမှာဖြစ်ပြီး အဲဒီလို စိတ်အလိုမကျမှုတွေ ရှိနေသမျှ ကိုယ်စိတ်ဆင်းရဲမှုတွေလည်း ရှိနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုစိတ်အလိုမကျမှုတွေကနေ အထိုက်အလျောက် သက်သောင့်သက်သာဖြစ်ဖို့ ကိုယ့်ကိုယ်ကိုသာ အသိသတိနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားရင် အာရုံတွေနောက်ကို စိတ်မလိုက်ဖြစ်အောင် လေ့ကျင့်နေထိုင်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်အလိုမကျမှုတွေ ခဏခဏ ဖြစ်တတ်ကြတဲ့ ဘုန်းဘုန်းအပါအဝင် လောကီဘုံသား သတ္တဝါများအနေနဲ့ နေရတဲ့အခိုက်မှာ စိတ်အလိုမကျဖြစ်တိုင်း ခံစားရတဲ့ ကိုယ်စိတ်ဒုက္ခတွေကနေ အထိုက်အလျောက် သက်သာမှုတွေ ဖြစ်စေဖို့ စိတ်ကိုသူ့အလိုအတိုင်း လွတ်မထားဘဲ အာရုံတွေနောက်ကို ဒီစိတ်က လိုက်မသွားခင် ကိုယ့်အနေနဲ့ အသိသတိဦးပြီး ကိုယ့်စိတ်ကို အမြန်ဆုံး ထိန်းချုပ်ကာ ဖြေဆည်နိုင်အောင်သာ အကြိမ်ကြိမ် ကြိုးစားကြည့်ကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

သတိပဋ္ဌာန်နဲ့လား…၊ ဝိပဿနာနဲ့လား…

တစ်လောက ဘုန်းဘုန်းတို့ အသိဒကာလေးတွေ တရားဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ ပထမတော့ ဆွေးနွေးကြတာပါပဲ။ နောက်တော့ ဆွေးနွေးရင်းနဲ့ အားပါလာပြီး သူမှန်ကိုယ်မှန် ပြောဆိုကြရင်း မနက် (၃)နာရီ ကျော်သွားတယ်လို့ ဆိုပါတယ်။ တရားဆွေးနွေးတာတော့ ကောင်းပါတယ်။ တရားငြင်းတာတော့ မကောင်းပါဘူး။ ဆွေးနွေးလို့ အဖြေမပေါ်ရင်တော့ သိတဲ့တတ်တဲ့ သူတွေကို မေးကြည့်တာက ပိုကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ်သိသလောက်လေးကို အတည်ယူပြီး အမှန်ပဲလို့ ဇွတ်ငြင်းရင် မမှန်ဘဲ ပိုလွဲသွားတတ်ပါတယ်။ နောက်တော့ သူတို့တွေ ဘုန်းဘုန်းဆီရောက်လာပြီး ညကသူတို့ ဆွေးနွေးကြတာလေးနဲ့ ပတ်သက်ပြီး လျှောက်ပြပါတယ်။ သူတို့ပြောကြတာက သတိပဋ္ဌာန်နဲ့ ဝိပဿနာ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ထဲက တစ်ယောက်က “ဒီနေ့ခေတ်ကြီးမှာ ကိလေသာကုန်ခမ်းပြီး နိဗ္ဗာန်ရောက်ဖို့ဆိုတာ ဝိပဿနာ အကျင့်တစ်ခုတည်းပဲ ရှိကြောင်း” ဆွေးနွေးပါတယ်။ အဲဒါကို တစ်ယောက်က “ဝိပဿနာအလုပ်ကို အချိန်ပေးပြီး အားမထုတ်နိုင်သေးပေမယ့် အရေးကြီးတာက အခုလက်ရှိ အချိန်မှာပဲ သတိပဋ္ဌာန်နဲ့ နေနိုင်ရင်လည်း တစ်ချိန်ချိန်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း” စသဖြင့် ဆွေးနွေးဖြစ်ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးတော့ သူတို့ရဲ့ တရားဆွေးနွေးပွဲဟာ ပြောရင်းပြောရင်းနဲ့ အဖြေမထွက်ဘဲ အဆုံးသတ် သွားကြပါတယ်။ ဒီအကြောင်းကို တစ်ယောက်က ဘုန်းဘုန်းကို လျှောက်ပြတော့ “ဒကာလေးတို့က စကားလုံး ဝေါဟာရတွေနဲ့ ငြင်းခုံကြသလို ဖြစ်နေတာပဲ”လို့ ဘုန်းဘုန်းက ပြောပြရင်း သူတို့ပြောတဲ့ သတိပဋ္ဌာန်နဲ့ ဝိပဿနာ အကြောင်းကို ရှင်းပြလိုက်ရပါသေးတယ်။ သူတို့ပြောသလို ဝိပဿနာ အကျင့်နဲ့မှ ကိလေသာကို ခွာနိုင်တာ၊ သတိပဋ္ဌာန်နဲ့မှ ကိလေသာကို ခွာနိုင်တာ စတဲ့ စကားတွေအရ ကောက်ချက်ချကြည့်ရင် အကျင့်တရားကို ဦးစားပေးကြရမယ်ဆိုတာကို ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ ဝိပဿနာပဲ အားထုတ်အားထုတ်၊ သတိပဋ္ဌာန်နဲ့ပဲ နေနေ အချုပ်ကြည့်တော့ အလုပ်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ သတိကပ်ထားတဲ့ အလုပ်ရှိနေကြဖို့ပါ။ ဒီတော့ကား သတိက အရေးကြီးတယ်ဆိုတာကိုလည်း သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဝိပဿနာဆိုတဲ့ စကားနဲ့ သတိပဋ္ဌာန်ဆိုတဲ့ စကားတွေရဲ့ အချုပ်က သတိပဲဖြစ်ပါတယ်။ သတိပဋ္ဌာန်ဆိုတဲ့ စကားလုံးကို တိုက်ရိုက်အဓိပ္ပါယ်ပြောရရင် “သတိ၏ မြဲမြံစွာ တည်ခြင်း၊ သတိရှိခြင်း”လို့ ပြောရမှာဖြစ်ပြီး ဝိပဿနာဆိုတဲ့ စကားလုံးကိုလည်း “အထူးထူး အပြားပြားအားဖြင့် ရှုခြင်း၊ အထူးထူး အပြားပြားကို မြင်ခြင်း၊ ကြည့်ခြင်း”လို့ ပြောရမှာဖြစ်ပါတယ်။ အထူးထူးအပြားပြားကို မြင်တယ်ဆိုတာ စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ၊ ပေါ်သမျှ အရာတွေကို အရှိအတိုင်း မျက်စိနဲ့မြင်သလို စိတ်နဲ့မြင်နေခြင်း၊ သိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုမြင်သိနေဖို့ဆိုတာကလည်း သတိရှိနေမှပဲ ဖြစ်ပါတယ်။ သတိမရှိရင် ဒီအရာတွေကို အရှိအတိုင်း မြင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝိပဿနာ အလုပ်ရဲ့ အချုပ်ဟာလည်း သတိပဲလို့ ဆိုရခြင်း ဖြစ်ပါတယ်။ အမှန်တော့ ဝိပဿနာအကျင့်၊ သတိပဋ္ဌာန် အကျင့်၊ ဘာဝနာအကျင့်၊ ကမ္မဋ္ဌာန်းအကျင့် စသဖြင့် ဘယ်လိုပဲ အမည်ဝေါဟာရတွေနဲ့ ပြောနေကြပါစေ အရေးအကြီးဆုံးက သတိရှိနေဖို့ပါပဲ။ ဘယ်ဆရာတော်က ဘယ်နည်းတွေနဲ့ ဘယ်လိုပဲပြပြ အားလုံးဟာ ဘုရားဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ်ကို အခြေခံပြီး ပြသနေကြတာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို အခြေခံထားတာ ဖြစ်တဲ့အတွက် ဒီသုတ်တော်မှာ လာတဲ့အတိုင်း ရုပ်တရားအပေါ်မှာ အရှိအတိုင်း ရှုရတဲ့ ကာယာနုပဿနာ၊ ခံစားမှု မှန်သမျှကို အရှိအတိုင်း ရှုရတဲ့ ဝေဒနာနုပဿနာ၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် အဲဒီစိတ်ကို အရှိအတိုင်း သိမှတ်ပေးရတဲ့ စိတ္တာနုပဿနာ၊ အမည်ပညတ်မရှိ သဘောတရား သက်သက်ကို ရှုမှတ်ရတဲ့ ဓမ္မာနုပဿနာဆိုတဲ့ ဒီလေးမျိုးကိုပဲ မှတ်ရတာဖြစ်ပါတယ်။ ဒီလေးမျိုးလုံးမှတ်နိုင်ဖို့က သတိရှိနေမှ ဖြစ်တဲ့အတွက် သတိကိုသာ အပိုင်ထိန်းထားနိုင်ရင် ဒီမှတ်နည်းလေးမျိုးလုံးကို ရှုမှတ်ပြီး ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ရှုမှတ်တဲ့ အခိုက်မှာ ကိုယ်ရှုလိုက်တဲ့ အမှတ်အာရုံကို လိုက်ပြီးတော့သာ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ စတဲ့ အမည်သတ်မှတ်ချက်တွေ ရှိနေပေမယ့် အားလုံးဟာ သတိပါပဲ။ ဒါကြောင့် ဒီရှုမှတ်နည်းလေးမျိုးကို အချုပ်အနေနဲ့ သတိပဋ္ဌာန်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုသတိပဋ္ဌာနသုတ်မှာ လာတဲ့အတိုင်း ရှုမှတ်နေတာကိုပဲ သတိပဋ္ဌာန်နဲ့နေခြင်း၊ ဒါမှမဟုတ် ဒီနေ့ခေတ် အသုံးပြုနေတဲ့ စကားနဲ့ပြောရရင် ဝိပဿနာအားထုတ်ပြီး နေခြင်းလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဲဒီလို သတိပဋ္ဌာနသုတ်မှာလာတဲ့ နည်းအတိုင်း ဝိပဿနာ တရားအားထုတ်နိုင်ရင် ဝိပဿနာဉာဏ်တွေ တဖြည်းဖြည်း ရင့်သန်တိုးတက်လာမှာဖြစ်ပြီး နောက်ဆုံး မဂ်ဉာဏ်အထိဆိုက်ရောက်ကာ သောတာပတ္တိမဂ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို သောတာပန်၊ သကာဒါဂါမိမဂ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို သကာဒါဂါမ် စသဖြင့် ပြောကြတာ ဖြစ်ပါတယ်။ ဒီလိုဉာဏ်တွေကို ရသွားတဲ့ ပုဂ္ဂိုလ်တွေကို အရိယမဂ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အရိယာဖြစ်သွားပြီဆိုရင် ကိလေသာတွေကိုလည်း သူ့ဉာဏ်အဆင့်အလိုက် ပယ်ခွာသွားပြီး ဖြစ်တဲ့အတွက် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးလာနေတော့တာ ဖြစ်ပါတယ်။ ဒါဟာ သတိကို အခြေခံထားတဲ့ ဘာဝနာအကျင့်၊ တစ်နည်းအားဖြင့် သတိပဋ္ဌာန် အကျင့်၊ တစ်နည်းအားဖြင့် ဝိပဿနာအကျင့်တွေကို နည်းမှန်လမ်းမှန် ကျင့်ကြံနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဘုန်းဘုန်းတို့ ဒကာလေးတွေ ဆွေးနွေးကြသလို ကိလေသာ ပယ်ခွာနိုင်ရေးဟာ ဝိပဿနာ အကျင့်နဲ့မှ ရမယ်၊ သတိပဋ္ဌာန် အကျင့်နဲ့လည်း ဖြစ်တယ်လို့ ဆိုနိုင်ကြပေမယ့် အချုပ်ကတော့ သတိကပ်ထားတဲ့ အမှတ်တရားနဲ့ လက်တွေ့ကြိုးစား ကျင့်ကြံအားထုတ်မှုနဲ့ပဲ ပယ်ခွာရမှာ ဖြစ်တယ်ဆိုတာကို သတိပြုနားလည် ထားရမှာ ဖြစ်ပါတယ်။ ဝိပဿနာအကျင့်တွေကို ဘယ်လိုပဲ အားထုတ်အားထုတ် သတိမရှိဘူးဆိုရင်၊ သတိပဋ္ဌာန်ဆိုတဲ့ စကားကို ဘယ်လောက်ပဲ ပြောပြော သတိမပါဘူးဆိုရင် အားထုတ်တာနဲ့ ပြောနေတာပဲရှိပြီး လက်တွေ့ပိုင်းမှာ ဉာဏ်အဆင့်အတန်း တိုးတက်ဖို့ မလွယ်လှပါဘူး။ သတိကို အခြေခံထားတဲ့ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယ တရားတွေကို ညီမျှအောင် ကြိုးစားနိုင်မှပဲ ဉာဏ်အဆင့်အတန်း တိုးတက်ကာ ပယ်ရမယ့် ကိလေသာတွေကို ပယ်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက် ဆိုသလို ဝိပဿနာအလုပ် အားထုတ်ဖို့ပဲ ဖြစ်ဖြစ်၊ နေ့စဉ်အလုပ်တွေမှာ သတိကပ်ပြီး နေကြည့်ကြဖို့ပဲ ဖြစ်ဖြစ် တကယ်လုပ်ကြည့်ကြတဲ့အခါ ထင်သလောက် မလွယ်ဘူးဆိုတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အနေအထား၊ ရုပ်ပိုင်းဆိုင်ရာတွေရဲ့ လွှမ်းမိုးမှု အနေအထား၊ ဟိုအလုပ်ဒီအရှုပ်တွေနဲ့ အာရုံတွေ များနေတဲ့ အခြေအနေများက ရှိနေကြတော့ ဒီနေ့ခေတ်မှာ အပြောနဲ့အလုပ် ထပ်တူထုတ်ဖို့က မလွတ်လှတဲ့ သဘောရှိပါတယ်။ ဒါကြောင့် အိမ်မှာနေရင်၊ စက်ရုံမှာနေရင်၊ အလုပ်မှာနေရင် အားမထုတ်ဖြစ်တဲ့အတွက် တရားအားထုတ်တဲ့ ပတ်ဝန်းကျင်မှာ သွားရောက်ပြီး တရားအလုပ် အားထုတ်ကြတာပဲ ဖြစ်ပါတယ်။ ပါရမီအားကောင်းလှတဲ့ သူတွေမှာ တရားစကားတစ်ခွန်း၊ သံဝေဂဉာဏ် တစ်ခဏလောက်နဲ့ သောတာပန်တည်သွား၊ ရဟန္တာဖြစ်သွားတာတွေ ရှိနေကြပေမယ့် ဒီနေ့လို ခေတ်မျိုးမှာတော့ တရားအလုပ် အားထုတ်နိုင်မယ့် ပတ်ဝန်းကျင် အခြေအနေကို ရွေးချယ်ပြီး အားထုတ်နိုင်မှပဲ အထိုက်အလျောက် လုပ်ဖြစ်ကြတာတွေ ရှိပါတယ်။ ကိုယ့်နေရာမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ဆိုရင်တော့ စိတ်ရှိပေမယ့် မဖြစ်နိုင်တာတွေက ပိုများလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကကတော့ တစ်စတစ်စ အားထုတ်နိုင်သလောက် အားထုတ်ကြပြီး အချိန်ပေးနိုင်တဲ့ အခါဆိုရင်တော့ ဒီအလုပ်ကိုပဲ တစ်စိုက်မတ်မတ် ကျင့်ကြံနိုင်တဲ့ နေရာတွေကို သွားရောက်ကာ ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆိုရင်တော့ အထိုက်အလျောက် တရားအားတွေ တိုးတက်လာနိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာပယ်ခွာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရေးမှာ ဝိပဿနာအကျင့်ကသာ အဓိကကျတယ်၊ သတိပဋ္ဌာန် အကျင့်ကသာ အဓိကကျတယ်ဆိုတဲ့ အမည်အသုံးအနှုန်းတွေနဲ့ ပြောဆိုဆွေးနွေးကြတာထက် သတိတရား လက်ကိုင်ထားတဲ့ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝိရီယ တရားတွေနဲ့ လက်တွေ့ကျင့်ကြံ အားထုတ်မှုကသာ အကျိုးသက်ရောက်မှုကို အမြန်ဆုံး ဖြစ်စေကြောင်း၊ သတိပဋ္ဌာန်အကျင့်ကိုပဲ ကျင့်ကျင့်၊ ဝိပဿနာအကျင့်ကိုပဲ ကျင့်ကျင့် အားလုံးဟာ အတူတူပဲ ဖြစ်ပြီး အချုပ်ကတော့ သတိပဲဖြစ်တဲ့အတွက် ရိပ်သာသွားပြီးပဲ အားထုတ်အားထုတ်၊ နေ့စဉ်အလုပ်တွေကို လုပ်နေရင်းပဲ လေ့ကျင့်လေ့ကျင့် လက်တွေ့ကျင့်ကြံနိုင်မှုကသာ ကိလေသာတွေကို တစ်စတစ်စ ပယ်ခွာလာနိုင်ကြမှာ ဖြစ်တဲ့အတွက် ဘယ်လို အခြေအနေမျိုးဖြစ်ဖြစ် ရသလောက်တော့ အားထုတ်နေကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သတိပဋ္ဌာန်နဲ့ ဝိပဿနာဆိုတာ အမည်နာမ အနေနဲ့ တစ်မျိုးစီလို့ ထင်နေကြပေမယ့် အမှန်တော့ ကျင့်စဉ်အနေနဲ့ သတိကိုအချုပ်ထားတဲ့ ကျင့်စဉ်ပဲဖြစ်တဲ့အတွက် ဟိုအမည်ဒီအမည်တွေနဲ့ ဇဝေဇဝါဖြစ်မနေကြပဲ လက်တွေ့အနေနဲ့ သတိတရား လက်ကိုင်ထားပြီး စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ၊ ပေါ်သမျှအာရုံတွေကို အရှိအတိုင်း သိမှတ်ကာ ကိလေသာကို ခွာနိုင်အောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း နေ့စဉ်အလုပ်တွေမှာပဲ သတိကပ်နိုင်အောင် တစ်စတစ်စ ကျင့်ကြံကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

Read more »

မြန်မာမှမဟုတ်၊ သို့သော်

ဒကာတစ်ယောက်က လျှောက်လာပါတယ်။ သူက “ဘုန်းဘုန်းဘုရား၊ သေချာတွေးကြည့်ရင် တပည့်တော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးများဟာ စစ်မှန်တဲ့ ဘာသာတရား အဆုံးအမ၊ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့များနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ပတ်ဝန်းကျင် အထောက်အပံ့တွေ ရှိနေရဲ့သားနဲ့ တပည့်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာကြောင့် သူများတွေထက် မနာလိုမှုတွေ၊ ဝန်တိုမှုတွေ များနေရပါသလဲဘုရား၊ တပည့်တော် ကိုယ်တိုင်လည်း ပြည်ပမှာရောက်လာတော့ အရင်ရောက်နေတဲ့ ရွှေခံတစ်ချို့ရဲ့ မချေမငံ ဆက်ဆံမှုတွေ၊ အမျိုးမျိုး ပညာပြမှုတွေ၊ တပည့်တော်ထက် အသက်ငယ်ပေမယ့် အလုပ်မှာ စီနီယာ ကျတယ်ဆိုတဲ့ မာန်မာနတွေနဲ့ ပြုမူဆက်ဆံတာကို ခံနေရပါတယ်ဘုရား၊ တပည့်တော်ကိုယ်တိုင် အကောင်းဆုံး မဖြစ်နိုင်သေးပေမယ့် တစ်ခါတစ်ခါ ဒီလောက်တန်ဘိုးရှိတဲ့ ဘုရားအဆုံးအမတွေ ရှိထားတဲ့ မြန်မာတွေဟာ ဘာကြောင့်ဒီလောက် ဆိုးဆိုးဝါးဝါး မကောင်းတဲ့ စိတ်ထားတွေ များရတာလဲဆိုတဲ့ အတွေးတော့ မကြာမကြာ ဖြစ်မိပါတယ်၊ ဒါကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းကို မေးရခြင်း ဖြစ်ပါတယ်ဘုရား” စသဖြင့် သူ့အတွေ့အကြုံကို အခြေခံတဲ့ သူသိချင်တဲ့ အကြောင်းကို သိလိုရေးနဲ့ မေးလျှောက်လာပါတယ်။

သူ့အမေးကို ဘုန်းဘုန်းက “အင်း… ဒကာက ဒကာ့အတွေ့အကြုံကို အခြေခံပြီး ပြောပြ လျှောက်ထားတာဆိုတော့ ဘုန်းဘုန်းလည်း ဘုန်းဘုန်းအတွေ့အကြုံအရ ပြောပြပေးရဦးမှာပေါ့၊ ဒါမျိုး အဖြစ်အပျက်တွေကတော့ လူတွေမှာပဲ ရှိနေကြတာ မဟုတ်ပါဘူး၊ ဘုန်းကြီးတွေကြားမှာလည်း ရှိတတ်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံ၊ ကိုယ့်မြန်မာ လူမျိုးတွေမှာပဲ ရှိနေကြတာ မဟုတ်ပါဘူး၊ တခြားတခြား နိုင်ငံ၊ တခြားတခြား လူမျိုးတွေမှာလည်း ရှိနေတတ်ကြပါတယ်။ ကိုယ်ကကိုယ့်လူမျိုးတွေနဲ့ပဲ အနီးကပ်နေဖြစ်နေလို့ ကိုယ့်လူမျိုးတွေက ပိုပြီးအဖြစ်များတယ်လို့ ထင်ရပေမယ့် တခြားလူမျိုးတွေမှာလည်း ရှိနေကြတာပါပဲ၊ အရင်းစစ်တော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ချင်းစာတရား ထားနိုင်မှု၊ ကိုယ့်ကျင့်တရား တည်တံ့မှု၊ ကိုယ်နှုတ်နှလုံး စောင့်ထိန်းမှု၊ သတိတရားရှိမှု စတာတွေနဲ့ပဲ သက်ဆိုင်နေတာ ဖြစ်ပါတယ်” စသည်ဖြင့် ပြန်လည်ပြောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ မျက်မှောက်ခေတ် နေရာဒေသ အတော်များများ၊ ပတ်ဝန်းကျင် အတော်များများ၊ လူမျိုးအတော်များများမှာ လူတွေဟာ တစ်ယောက်အပေါ်တစ်ယောက် ရသမျှအနေအထား၊ ရှိသမျှ အနေအထားလေးတွေနဲ့ အပြိုင်အဆိုင် မာနလေးတွေပြိုင်ကာ မနာလိုမှုတွေ၊ ဝန်တိုမှုတွေ ရှိနေတတ်ကြပါတယ်။ ဒီလိုရှိနေတတ်ဟာ လူတိုင်းမှာ ဖြစ်လေ့ရှိတတ်ပေမယ့် မြန်မာတွေအတွက် မြန်မာလူမျိုးတွေက ပိုဆိုးတယ်လို့ ထင်မယ်ဆိုလည်း ထင်နိုင်စရာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေကို အကြောင်းပြုပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်မပြောနိုင်အောင် ဖြစ်ကုန်ကြတာ တွေလည်း အများကြီးပါပဲ။ တစ်ချို့က မဆိုစလောက် ရာထူးလေးတွေ၊ တစ်ချို့က မဆိုစလောက် ငွေကြေးလေးတွေ၊ တစ်ချို့က မဆိုစလောက် ဂုဏ်ပကာသန လေးတွေနဲ့ ကိုယ်ရှိထားတာ၊ ကိုယ် ရထားတာလေးတွေကို သူများရှိသွားမှာ၊ ရသွားမှာစိုးတဲ့ ဝန်တိုစိတ်နဲ့ တစ်ခြားသူတွေအပေါ် အမျိုးမျိုး ဖယ်ထုတ်ပထုတ်လုပ်ကာ မဖြစ်မနေ အတူရှိကြရမယ်ဆိုရင်လည်း နည်းအမျိုးမျိုးနဲ့ စိတ်ဒုက္ခ အမျိုးမျိုးဖြစ်အောင် လုပ်တတ်ကြပါတယ်။

တစ်ချို့လည်း ကိုယ်ကောင်းစားရေးအတွက်ဆိုရင် ကိုယ့်လူမျိုးတွေ၊ ကိုယ့်နိုင်ငံတွေ၊ ကိုယ့်ဘာသာတရားတွေ ဘာတွေညာတွေ ခေါင်းထဲမရှိဘဲ နီးစပ်ရာကို ကပ်ဖားယပ်ဖား လုပ်တတ်တာတွေအထိ တွေ့မြင်ကြားသိရတတ်ပါတယ်။ ယုတ်စွအဆုံး သူများနိုင်ငံမှာလာပြီး သူများခိုင်းဖက်အဖြစ် လုပ်နေကြရတာချင်း အတူတူ အရင်ရောက်တဲ့သူက နောက်ရောက်တဲ့သူကြောင့် ကိုယ့်နေရာလေး ပျောက်သွားမှာစိုးပြီး နောက်လူအပေါ်မှာ တစ်မျိုးတစ်မည် ပြုတတ်တာတွေ ရှိသလို နောက်ရောက်လာတဲ့ သူကလည်း သူလည်းလူ ကိုယ်လည်းလူ၊ သူလည်းအလုပ်သမား ကိုယ်လည်းအလုပ်သမားပဲ ဘာဂရုစိုက်စရာ ရှိမှာလဲဆိုတဲ့ တစ်လွဲမာန လေးတွေနဲ့ လူအချင်းချင်း လေးစားရမှာကိုတောင် မလေးစားဘဲ သူပြိုင်ကိုယ်ပြိုင် လုပ်တတ်တာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးတွေနဲ့ မာနလေးတွေပြိုင်၊ မနာလိုမှု၊ ဝန်တိုမှုလည်းတွေ ပြိုင်ရာက နောက်ဆုံးအငြိုးအတေးတွေ ဖြစ်ပြီး မြန်မာအချင်းချင်း ကွဲကြပြဲကြတော့တာပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘာမှမဟုတ်တဲ့၊ ရှိလည်းခဏသာဖြစ်တဲ့ အရာတွေမှာ အဟုတ်လို့ ထင်နေတတ်ကြတဲ့ မသိမှုတရားတွေ၊ မေ့လျော့မှု ပမာဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်အရာမှ မမြဲဘူးဆိုတာကို နှလုံးသွင်း ဆင်ခြင်မှုမရှိဘဲ ခေတ္တခဏ ရှိနေတဲ့ အရာလေးတွေ အပေါ်မှာ တစ်လွဲအထင်နဲ့ မာနဝင်မိကြလို့ပဲ ဖြစ်ပါတယ်။ “ရထူးတွေ ဘယ်လောက်ပဲရှိရှိ ဒီရာထူးဆိုတာ အခုရှိပေမယ့် မနက်ဖြန်သဘက်ဆို ရှိချင်မှရှိတော့မှာ၊ စည်းစိမ်ဥစ္စာတွေ ဘယ်လောက်ပဲများများ ကိုယ်နဲ့မထိုက်လို့ကတော့ ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်တာ၊ ကျန်းမာရေးတွေ၊ ရုပ်ရည်အဆင်းတွေ ဘယ်လောက်ပဲ ကောင်းမွန်ကောင်းမွန် ရုပ်တရားဆိုတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့အတွက် အချိန်မရွေး ဖောက်ပြန်ပျက်စီးတတ်တာ” စသဖြင့် ကိုယ့်ကိုယ်ကို သံဝေဂဉာဏ်နဲ့ သတိမပြုမိကြဘဲ ငါဆိုတဲ့ အတ္တစွဲတွေ ဝင်နေမိကြလို့ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဒီလို မနာလိုတတ်တာ၊ ဝန်တိုတတ်တာ၊ မာနထားတတ်တာ၊ သူတပါးအပေါ် နိုင်ထက်စီးနင်းပြုတတ်တာ၊ သူတပါးအပေါ် ကိုယ်ချင်းစာတရား ခေါင်းပါးတတ်တာ စတာတွေဟာ မြန်မာများမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ လောကသတ္တဝါအားလုံးမှာ ရှိနေတတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရဟန္တာစတဲ့ အရိယာ ပုဂ္ဂိုလ်များကလွဲလို့ ကျန်တဲ့ပုထုဇဉ် သတ္တဝါမှန်သမျှ ဒီလို မကောင်းတဲ့ စိတ်စေတနာတွေက အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရှိနေဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။ ကိလေသာတရား ရှိထားနေသမျှ အသိတရားကိုလည်း ထိပါးနေမှာဖြစ်ပြီး မေ့လျော့မှုတွေနဲ့ မဟုတ်ကို အဟုတ်ထင်ကာ ကောင်းတဲ့အရာတွေမှာ မလုပ်ချင်တတ်တာဟာ မြန်မာလူမျိုးများမှ မဟုတ်ပါဘူး။ ကိလေသာ မကင်းသူမှန်သမျှ ဘယ်သူမဆို ဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။ အသိသတိ ရှိမှုကိုလိုက်ပြီး အဖြစ်များတာနဲ့ အဖြစ်နည်းတာ ဒီလောက်ပဲ ကွာခြားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကွာခြားတာ မကွာခြားတာနောက်ထား။ လောလောဆယ် ကိုယ့်အနေနဲ့ကတော့ ဒီလိုအတ္တမာန အစွဲတွေကြောင့် တစ်ဦးအပေါ်တစ်ဦး ဣဿာမစ္ဆရိယ တရားတွေနဲ့ ဆက်ဆံတတ်တဲ့ အကျင့်လေးတွေကနေ တဖြည်းဖြည်း နည်းပါးသွားအောင်ပဲ အရင်ဆုံး လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေတွေမှာတော့ “မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ- ငါ့အားသေခြင်းတရားသည် မြဲသောသဘောရှိ၏၊ အသက်ရှင်ခြင်းသည် မမြဲသော သဘောရှိ၏” စသဖြင့် ကိုယ့်ကိုယ်ကို နေ့စဉ်နေတိုင်း မရဏာနုဿတိ ဘဝနာ ပွားနိုင်တဲ့သူများဟာ ကိုယ့်သန္တာန်မှာ ရှိနေတဲ့အတ္တမာနကို တဖြည်းဖြည်း လျော့ချသွားနိုင်ကြောင်း ဖွင့်ဆိုရှင်းပြ ထားပါတယ်။ ဒီလိုဆိုတော့ အရာရာမှာ ငါဆိုတဲ့အတ္တမာနကို ရှေးတန်းတင်ကာ ငါမှန်တယ်လို့ အမြဲထင်နေတတ်ကြတဲ့ အတ္တဝါဒီများ အနေနဲ့ နေ့စဉ်နေ့တိုင်း သေခြင်းတရားကို ဆင်ခြင်တတ်တဲ့ ညဉ်လေးလုပ်ပေးထားရင် အဆင်မပြေမှုတွေကို မွေးထုတ်ပေးနိုင်တဲ့ အတ္တမာနလေးတွေ တဖြည်းဖြည်းနဲ့ လျော့သွားမှာပဲလို့တောင် တွေးမိပါသေးတယ်။ တကယ်လည်း လက်တွေ့လုပ်ကြည့်ရင် လက်တွေ့ အကျိုးရလာဘ်တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ လုပ်ကြည့်ကြဖို့ပါပဲ။

ဘာပဲဖြစ်ဖြစ် သတိတရားနဲ့ အကျင့်တရားကို ပေါင်းစပ်ပြီး ကောင်းမြတ်တဲ့ အလုပ်တွေမှာ ကိုယ့်ကိုယ်ကို လေ့ကျင့်ထားနိုင်မယ်ဆိုရင် မြန်မာပဲဖြစ်ဖြစ်၊ တခြားတခြား ဘယ်လိုလူမျိုးများပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ အတ္တမာနနဲ့ နိစ္စတရားလေးတွေ လျော့နည်းလာနေမှာဖြစ်ပြီး ဒီလိုအတ္တမာနတွေ လျော့လာနေသမျှ လောကသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မနာလိုတတ်၊ ဝန်တိုတတ်တဲ့ စိတ်စေတနာတွေလည်း တဖြည်းဖြည်း ပါးလာနေမှာဖြစ်ကာ နေရတဲ့အခိုက်မှာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဘေးရန်လေးတွေ ကင်းငြိမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက လောကကြီးမှာ လူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် မာနတွေထားတတ်တာ၊ တစ်ယောက်အပေါ်တစ်ယောက် မနာလိုမှုတွေ များတတ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ရှိထားတာလေးတွေ အပေါ်မှာ ဝန်တိုမှုတွေ များတတ်တာတွေကြောင့် အချင်းချင်း အဆင်မပြေမှုတွေလည်း ရှိနေတတ်ကြတဲ့ အပိုင်းမှာ မြန်မာလူမျိုးတွေမှာပဲ ဒီလိုမျိုး ရှိတတ်၊ ဖြစ်တတ်တာ မဟုတ်ဘဲ၊ တခြားတခြားနိုင်ငံများနဲ့ တခြားတခြား လူမျိုးတွေမှာလည်း ရှိနေတတ်ကြတာ ဖြစ်ကြောင်း၊ အရင်းစစ်တော့ မြန်မာလူမျိုးဖြစ်နေလို့ မဟုတ်ဘဲ သတ္တဝါ အသီးသီးမှာ ရှိနေကြတဲ့ မသိမှု အဝိဇ္ဇာတရား၊ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားများနဲ့ အတ္တမာန တရားများကြောင့်သာ ဖြစ်ကြောင်း၊ ဒီလိုတရားများ ရှိနေသမျှ ငြိမ်းချမ်းနေကြမှာ မဟုတ်တဲ့အတွက် ဒီတရားတွေကို သတိအသိ အကျင့်တရားများနဲ့ တဖြည်းဖြည်း လျော့ချကြရမှာဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လောကသားများ အနေနဲ့ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှုတွေ ဖြစ်ကြတာဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်နေရာ စတာတွေကြောင့် မဟုတ်ဘဲ မိမိတို့ တစ်ဦးချင်းသန္တာန်မှာ ရှိနေကြတဲ့ မသိမှု၊ မေ့လျော့မှု၊ အတ္တမာနရှိမှု၊ ကိလေသာတရား အားကောင်းမှုတွေကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သတိပြုဆင်ခြင်ကာ အဲဒီတရားတွေကို တစ်ဦးချင်းအနေနဲ့ အတတ်နိုင်ဆုံး နည်းသထက်နည်းအောင် ကြိုးစားရင်း နေရတဲ့အခိုက်မှာ အရာအားလုံးဟာလည်း အခိုက်အတန့်ပဲဆိုတဲ့ အချက်နဲ့ အားလုံးဟာ သေကြရမှာပဲဆိုတဲ့ အချက်များကိုသာ များများနှလုံးသွင်းပြီး မိမိတို့ တစ်ဦးချင်းကစပြီး ကိုယ်နှုတ်စိတ် အမူအရာတွေကို ပြောင်းနိုင်အောင် ကြိုးစားလေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »

Facebookက အမေးတစ်ပုဒ် (၄)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) note commentမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။

Kaungmyat Thu
မေး။ အရှင်ဘုရား.. တပည့်တော် တစ်ခုလောက်မေးပါရစေ။ ဗုဒ္ဓဟောတဲ့ တရားတော်တွေထဲမှာ မပြစ်မှားကောင်းတဲ့ မိန်းမ ၂၀ ဆိုတာ ရှိပါတယ်ဘုရား။ မပြစ်မှားကောင်းတဲ့မိန်းမကို ပြစ်မှားမိရင် ကံထိုက်တယ်ဆိုတာတော့ သိပါတယ်ဘုရား။ တပည့်တော် သိချင်တာက မပြစ်မှားကောင်းတဲ့ မိန်းမရှိရင် ပြစ်မှားကောင်းတဲ့ မိန်းမရော ရှိပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ပါတယ်ဘုရား။

Ashin Vicitta ‎>> Kaungmyat Thu
ဖြေ။ မပြစ်မှားကောင်းတာ ရှိရင် ပြစ်မှားကောင်းတာလဲ ရှိမှာပဲဆိုပြီး ဝေါဟာရပညတ် တစ်ခုခုကို ရှာကြံပြီး တွေးလို့တော့ မဖြစ်ပါဘူး။ အကုသိုလ်တစ်ခုဟာ မလုပ်ကောင်းတဲ့အကုသိုလ်၊ လုပ်ကောင်းတဲ့ အကုသိုလ်ဆိုတာ မရှိဘဲ အကုသိုလ်မှန်သမျှ ရှောင်ကြဉ်ကြရမှာ ဖြစ်သလို ပြစ်မှားခြင်းဆိုတဲ့ အကုသိုလ်မှာလည်း ပြစ်မှားကောင်းတယ်ဆိုတဲ့ အရာမျိုး မရှိဘဲ ပြစ်မှားမှု မှန်သမျှ မပြစ်မှားမိအောင် ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ မေးခွန်းရှင် မေးထားတဲ့ မပြစ်မှားကောင်းတဲ့ မိန်းမ(၂၀)ဆိုတာ ကာမဂုဏ်နဲ့ ပတ်သက်ပြီး မသွားလာ မကျူးလွန်ကောင်းတဲ့ အဂမနီယဝတ္ထု (၂၀)ကို အသေးစိပ်ဖော်ပြပေးထားတာဖြစ်ပြီး ဒီအဂမနီယဝတ္ထု (၂၀) (ဒီမှာ ပြန်ဖတ်နိုင်)ကို ရှောင်ကြဉ်နေရင် ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ စာပေမှာ ဖော်ပြထားတဲ့ ဒီအယောက် (၂၀)ဟာ တစ်လင်တစ်မယား စနစ်ကို ကျော်လွန်ပြီး ကျူးလွန်နိုင်တဲ့ အရာမှန်သမျှ အကုန်ဖော်ပြထားပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ပြစ်မှားကောင်းတယ်ဆိုတဲ့ အရာတွေလည်း မရှိနိုင်တော့ပါဘူး။ အမှန်တော့ ကာမဂုဏ်မှန်သမျှ မလုပ်ဘဲ နေနိုင်ရင်ကောင်းပေမယ့် ပုထုဇဉ်များအဖို့ အဲဒီလို မရှောင်နိုင်သေးရင်လည်း တစ်လင်တစ်မယား စနစ်ကိုကျင့်သုံးပြီး ဒီအကျင့်ကလွဲတဲ့ ကျန်တဲ့အရာတွေမှာ မသွားလာ၊ မပြစ်မှားကြဖို့ ဒီနေရာမှာ ပညတ်သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ ဆိုတော့ကား မိမိတို့ အနေနဲ့ ဒုစရိုက်အမှုကို ရှောင်ကြဉ်လိုက်ရင် သုစရိုက်အမှုကိုလည်း စောင့်ထိန်းပြီးသား ဖြစ်သလို မပြစ်မှားကောင်းတဲ့ အဂမနီယဝတ္ထုတွေကို ရှောင်ကြဉ်လိုက်ရင် ကာမေသုမိစ္ဆာစာရ သီလကိုလည်း စောင့်ထိန်းပြီးသားဖြစ်တဲ့ သဘောမျိုးလို့ နားလည်သဘောပေါက်ပြီး မကျူးလွန်သင့်တဲ့အရာတွေကိုသာ မကျူးလွန်မိအောင် ထိန်းသိမ်းနေထိုင်ဖို့ပဲ အဓိက ဖြစ်ပါတယ်။

Hohone Kyin
မေး။ ဆရာတော်ဘုရား တပည်တော် လျောက်ခွင့်ပြုပါဘုရား။ မကောင်းတဲ့အကုသိုလ် လုံးဝမလုပ်ရင် ကုသိုလ်ရ နိုင်ပါသလား ဘုရား။

Ashin Vicitta ‎>> Hohone Kyin
ဖြေ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဘုရားစကားတော်အရ ကြည့်ရင်ရှင်းပါတယ်။ အကုသိုလ်ရှောင်၊ ကုသိုလ်ကိုဆောင်၊ ပြီးတော့ စိတ်ဖြူစင်အောင်လုပ်တဲ့။ သတ္တဝါတွေ အနေနဲ့ ရှေးဦးစွာ လုပ်သင့်တာက မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ဒီတော့ မကောင်းမှုကို ရှောင်လိုက်ရုံနဲ့ ကုသိုလ်ရသလားဆိုတော့ ကုသိုလ်က အမျိုးမျိုးရှိပါတယ်။ ကိုယ်ရှောင်လိုက်တဲ့ မကောင်းမှုက သီလနဲ့ပတ်သက်တဲ့ သူတစ်ပါးအသက်ကို သတ်ခြင်းအလုပ်၊ သူတစ်ပါးဥစ္စာကို ခိုးခြင်းအလုပ် စသည်ဖြင့် ဖြစ်နေမယ်ဆိုရင် အဲဒီမကောင်းမှုတွေကို ရှောင်လိုက်တာနဲ့ သီလကိုထိန်းပြီးဖြစ်လို့ သီလကုသိုလ်လည်း ရသွားပါတယ်။ ဒုစရိုက်အမှုကို မလုပ်ဘဲ ရှောင်ကြဉ်တဲ့အခါ သုစရိုက်အမှု ကုသိုလ်ကလည်း အလိုလို ဖြစ်သွားတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကုသိုလ်တွေကျတော့ အကုသိုလ်ကို ရှောင်နေရုံနဲ့ မဖြစ်ဘဲ သီးသင့်လုပ်ယူမှကို ရပါတယ်။ ဥပမာ ဒါနကုသိုလ်ဆိုရင် လက်တွေ့ပေးကမ်းလှူးဒါန်နိုင်မှ ရတဲ့သဘောမျိုး၊ ဥပုသ်သီလလို ကုသိုလ်မျိုးကလည်း လက်တွေ့စောင့်ထိန်းနိုင်မှသာ ရတဲ့သဘောမျိုး၊ သမထကုသိုလ်၊ ဝိပဿနာကုသိုလ်တွေဆိုတာကလည်း လက်တွေ့လိုက်နာကျင့်ကြံနိုင်မှသာ ရနိုင်တဲ့ သဘောမျိုးရှိပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက ဘုရားရှင် မိန့်တော်မူသလို မကောင်းမှုအကုသိုလ်ကို ရှောင်နိုင်အောင် အရင်ကြိုးစားပြီး နောက် ကုသိုလ်ကောင်းမှုကို ရယူဆောင်နိုင်အောင် ပြုလုပ်ကာ ကိုယ့်စိတ်ကို အဖြူစင်ဆုံးဖြစ်အောင် အားထုတ်ရမှာပဲ ဖြစ်ပါတယ်။

Read more »

အချစ်အမုန်းရဲ့ အပြစ်အရှုံး

သတ္တဝါတွေဟာ တွယ်တာမိပြီဆိုရင် တစ်စုံတစ်ယောက်အပေါ်မှာပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ခုအပေါ်မှာပဲ ဖြစ်ဖြစ် အလွန်အကျွံ တွယ်တာမိတတ်ကြပါတယ်။ တွယ်တာမှုဆိုတာက ချစ်ရင်လည်း တွယ်တာတတ်သလို မုန်းရင်လည်း တွယ်တာတတ်ပါတယ်။ အဲဒီလို ချစ်တဲ့အရာတွေ အပေါ်မှာ တသသဖြစ်နေတတ်၊ မုန်းတဲ့အရာတွေအပေါ်မှာ ခဏခဏဖြစ်နေတတ်တဲ့ တွယ်တာမှုမျိုးကိုပဲ ဒီနေရာမှာ သံယောဇဉ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီသံယောဇဉ်ဟာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဖြစ်များတာနဲ့အမျှ ဒုက္ခများနေကြမှာ ဖြစ်ပါတယ်။ ချစ်တာလည်း သံယောဇဉ် မုန်းတာလည်း သံယောဇဉ် ဖြစ်တဲ့အတွက် အချစ်ရှိရင်လည်း ဆင်းရဲနေမှာဖြစ်ပြီး အမုန်းရှိရင်လည်း ဆင်းရဲနေမှာ ဖြစ်ပါတယ်။ အချစ်အမုန်းဟာ အလွန်အကျွံဖြစ်လာပြီဆိုရင် အချစ်များတာနဲ့အမျှ အပြစ်လည်း များနေကြမှာ ဖြစ်ပြီး အမုန်းများတာနဲ့အမျှ အရှုံးလည်း များနေကြမှာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အပြစ်များပြီး အရှုံးများကြတယ်ဆိုတာ အချစ်အမုန်းဆိုတဲ့ သံယောဇဉ် တရားကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား အချစ်အမုန်း သံယောဇဉ် မကင်းသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီသံယောဇဉ်တွေကို အကြွင်းမဲ့ မပယ်သေးနိုင်ပေမယ့် နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်တောင့်သက်သာ ရှိစေဖို့ အချစ်အမုန်းတွေကို လျော့ချကြဖို့တော့ လိုပါတယ်။ လူဆိုတဲ့သဘောက ကိုယ့်ကိုသူများက အချစ်သံယောဇဉ်ထားတာ ကြိုက်သလို ကိုယ်ကြိုက်တဲ့သူအပေါ် ကိုယ်ကအချစ်သံယောဇဉ် ထားနေရတာကိုလည်း ကျေနပ်နေတတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် အမုန်းသံယောဇဉ်ကိုတော့ ကိုယ့်အပေါ်မှာ သူများက ထားတာကို မလိုချင်ပေမယ့် ကိုယ်ကတော့ သူများအပေါ် မုန်းလိုက်ရတာကိုပဲ ဂုဏ်ယူနေတတ်ပြန်ပါတယ်။ သေချာတွေးကြည့်တော့ ကိုယ်က တစ်စုံတစ်ယောက်အပေါ် အချစ်သံယောဇဉ် ထားလိုက်တာပဲ ဖြစ်ဖြစ်၊ အမုန်းသံယောဇဉ်ထားလိုက်တာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ကိုယ့်အတွက်တော့ ကြာလေဆင်းရဲလေ၊ များလေဆင်းရဲလေပဲ ဖြစ်နေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အချစ်ကြီးလို့ပဲဖြစ်ဖြစ်၊ အမုန်းကြီးလို့ပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ် ဆိုတာ မရှိပါဘူး။ ရှိရင်လည်း အခိုက်အတန့်ပဲ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်တွေရဲ့ အဆုံးမှာတော့ အရှုံးတွေနဲ့ပဲ ကြုံတွေ့ရတတ်တာ ဖြစ်ပါတယ်။

ဒါကြောင့် သံယောဇဉ်ဆိုရင် ချစ်တာပဲဖြစ်ဖြစ်၊ မုန်းတာပဲဖြစ်ဖြစ် နှစ်ခုလုံးဟာ အဆုံးမှာတော့ အပြစ်အရှုံးတွေနဲ့ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အမုန်းမကင်းသေးတဲ့ သူတွေအနေနဲ့ ဒီသံယောဇဉ်ကို အကုန်လုံး မပယ်သေးနိုင်တောင်မှ သတိတရား လက်ကိုင်ထားပြီး တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ်မှာ ဖြစ်ပေါ်နေတဲ့ အချစ်အမုန်းကို အတတ်နိုင်ဆုံး တစ်စတစ်စ လျော့ချနိုင်အောင် အချစ်အမုန်းအစား မေတ္တာတရား၊ ဒါမှမဟုတ် ဥပေက္ခာတရားနဲ့ အစားထိုးကာ ကြိုးစားပွားပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်သာ လေ့ကျင့် နေထိုင်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ချစ်ခြင်းမုန်းခြင်း နှလုံးသွင်းမှာ
အချစ်များက အပြစ်များ၍
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍
မေတ္တာ (ဥပေက္ခာ)နှလုံး ကျင့်ကာသုံးသည့်
အဖြူစင်ဆုံး ဤကျင့်ထုံးကား
အပြစ်လည်းကင်း အရှုံးကင်းမည့်
မချစ်မမုန်း အကောင်းဆုံးတည်း။ ။

Read more »

လွတ်လပ်မှုရဲ့ နောက်ကွယ်တွင်

လူတိုင်းလူတိုင်း လွတ်လပ်မှုကို သဘောကျကြမှာ ဖြစ်ပါတယ်။ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝဟာ ပြောမယ်ဆိုရင်တော့ ကျေနပ်စရာပါပဲ။ ကိုယ်သွားချင်သလိုသွား၊ ကိုယ်လုပ်ချင်သလိုလုပ်၊ ကိုယ်နေချင်သလိုနေ၊ ကိုယ်ပြောချင်သလိုပြော၊ ကိုယ်စားချင်သလိုစား၊ ကိုယ်သောက်ချင်သလိုသောက် စသဖြင့် ကိုယ့်စိတ်နဲ့ကိုယ့်ကို ဘယ်သူ့အလိုမှ မပါဘဲ ကျင်လည်နေရတဲ့ဘဝ ဘယ်လောက်များ ကောင်းလိုက်မလဲပေါ့။ ဒါက အနှောင်အဖွဲ့ ဘောင်တွေနဲ့ နေနေရတဲ့သူတွေ အနေနဲ့ တောင့်တတတ်တဲ့ လွတ်လပ်မှုရဲ့ တမ်းချင်းဆိုလည်း မမှားပါဘူး။ လူရဲ့စိတ်ကလည်း မလုပ်နဲ့ဆိုတဲ့ အရာကိုမှ လုပ်ချင်နေတတ်ကြတာ ဆိုတော့ အနှောင်အဖွဲ့တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဘောင်ကနားတွေနဲ့ ထိန်းချုပ်ထားတဲ့အခါ ဒီအနှောင်အဖွဲ့ အကန့်တွေကနေပြီး ရုန်းထွက်ကာ လွတ်လွတ်လပ်လပ် နေပစ်ချင်ကြတာ အမှန်ပါပဲ။ ဆိုတော့ကား လွတ်လပ်မှုကိုတောင့်တပြီး လွတ်လပ်မှုကို ရလာတဲ့အခါ အဲဒီလွတ်လပ်မှုရဲ့ နောက်ကွယ်မှာကျတော့ကော လွတ်လပ်မှုဟာ တကယ်လွတ်လပ်ရဲ့လားဆိုတော့…။

ဟုတ်ပါတယ်။ သူသူကိုယ်ကိုယ် လွတ်လပ်တာတော့ လွတ်လပ်ချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် တကယ်လွတ်လပ်တဲ့ အခါမှာတော့ အဲဒီလွတ်လပ်မှုရဲ့နောက်မှာ မလွတ်လပ်တာတွေက ရောက်လာ နေတတ်တယ်ဆိုတာ လွတ်တုန်းခဏမှာတော့ အားလုံးက သတိပြုမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်မှုကို လိုချင်လို့ လွတ်လွတ်လပ်လပ် နေပစ်လိုက်တာရဲ့ နောက်ကွယ်မှာ မလွတ်မလပ်တွေ ဖြစ်လာတဲ့ အခါမှာတော့ လွတ်လပ်မှုဟာ နေရာတကာတိုင်း မကောင်းပါလားဆိုတဲ့ နောင်တလေးတွေ ဖြစ်တတ်တယ်ဆိုတာ လွတ်နေသူတွေ အနေနဲ့ သတိထားမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်တာကောင်းပေမယ့် လွတ်တိုင်းမကောင်းဘူးဆိုတာ ကိုယ့်ကိုယ်ကို မထိန်းနိုင်သူတွေ အနေနဲ့ အထူးသတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။

သိတဲ့အတိုင်းပဲ။ လူ့ရဲ့စိတ်ဟာ တစ်ခါတစ်လေ ထိန်းချုပ်နေတဲ့ကြားထဲကကိုပဲ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူဖြစ်ချင်သလို၊ သူတပ်မက်ချင်သလို ဖြစ်နေတာဆိုတော့ ထိန်းချုပ်မှု မရှိဘဲ လွတ်လွတ်လပ်လပ်သာ လွတ်ထားလိုက်လို့ကတော့ စိတ်ကဆွဲရာနောက် အကုန်ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ စိတ်က ဆွဲပြီဆိုရင်လည်း ကောင်းတဲ့အာရုံ၊ ကောင်းတဲ့အလုပ်တွေမှာတော့ ဆွဲမှာမဟုတ်ပါဘူး။ မကောင်းတဲ့အာရုံ၊ မကောင်းတဲ့ အလုပ်တွေမှာပဲ ဆွဲသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ စိတ်ကကိုယ့်ကို အဲဒီလို မကောင်းတဲ့အာရုံတွေမှာ ဆွဲစေသွားရင်တော့ ကိုယ်ကိုယ်တိုင်လည်း အဲဒီမကောင်းတဲ့ အာရုံတွေမှာ စွဲနေတော့တာ အမှန်ပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လွှတ်ထားတဲ့စိတ်ဟာ မကောင်းတဲ့အာရုံတွေရှိရာကို ဆွဲခေါ်သွားတတ်ပြီး အဲဒီလွတ်လပ်တဲ့စိတ်ရဲ့ ခေါ်ရာနောက်ကို ထိန်းချုပ်မှုမရှိဘဲ လိုက်မိသွားရင်တော့ ကိုယ်လည်းပဲ အဲဒီမကောင်းတဲ့ အာရုံတွေမှာ စွဲနေတော့တာ ဖြစ်ပါတယ်။ မကောင်းတာတွေမှာ စွဲနေမိရင်တော့ ကြာရင်လွတ်လပ်မှု မရှိတော့ဘဲ နောက်တော့တဖြည်းဖြည်း လွတ်လွတ်လာတော့တာ ဖြစ်ပါတယ်။ လွတ်လာရင် ကျွတ်လာတတ်ပြီး ကျွတ်လာရင်တော့ လွှင့်သွားကြတော့တာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လိုရာက မလွတ်ဘဲ လွှင့်သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဆိုတော့ကား လွတ်လပ်မှုဟာ ကောင်းပေမယ့် လွတ်လပ်မှုရဲ့ဒဏ်ကို မထိန်းချုပ်နိုင်သေးတဲ့ သူတွေအနေနဲ့ အထိန်းအကွပ်ဆိုတာတော့ ရှိဖို့လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုတွေ ရှိနေတာတောင် မကောင်းတဲ့အာရုံတွေမှာ မရရအောင် လိုက်လုပ်တတ်တဲ့ သဘောရှိနေတာ ဆိုတော့ ကိုယ်ကလည်းစိတ်ကို လွှတ်ထားမယ်၊ ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုကလည်း မရှိဘူးဆိုရင် ဘယ်လောက်များ လွတ်သွားကြမလဲဆိုတာ တွေးကြည့်ဖို့တောင် လွယ်မယ်မထင်လှပါဘူး။ ဒါကြောင့် တစ်ချို့ ကိုယ်ကိုယ်တိုင်ကလည်း မရင့်ကျက်သေး၊ မိဘဆရာသမား၊ မိတ်ကောင်းဆွေကောင်း စတဲ့ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့လည်း ဝေးနေသေးတဲ့ လူငယ်တွေဆိုရင် လွတ်လပ်မှုကို လွတ်လပ်သလို နေပစ်လိုက်ကြတော့ လွတ်လွန်းအားကြီးပြီး လွှင့်ကုန်တဲ့အထိ ဖြစ်ကုန်ကြတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လွတ်လပ်လပ် နေလို့ရတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ရောက်နေကြတဲ့ သူတွေဆိုရင် ပိုလိုတောင် ဆိုးနိုင်ပါသေးတယ်။

ဘုန်းဘုန်းတို့ ကိုယ်တိုင်လည်း နိုင်ငံခြား တိုင်းပြည်မှာ ရောက်နေတာဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ လွတ်လပ်မှုကို ခံစားမိပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လှပြီး ဝတ္ထုကြေးငွေလည်း ရှာလို့ရနေတဲ့ နိုင်ငံတွေဆိုတော့ လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုရင် ကြိုက်သလို နေလို့ရတဲ့ အနေအထားတွေက အများကြီးပါပဲ။ ပိုဆိုးတာက မိဘဆရာသမား စတဲ့ အကြီးအကဲ အထိန်းအကွပ်တွေနဲ့ပါ ဝေးနေတာတွေက လွတ်လပ်မှုကို ပိုဖြစ်စေတဲ့ သဘောမျိုးလို ဖြစ်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုပဲ ထိန်းထိန်းသိမ်းသိမ်း နေကြရမှာ ဖြစ်ပါတယ်။ မထိန်းလို့ကတော့ လွတ်ချင်သလို လွတ်နေကြမှာ အမှန်ပဲဖြစ်ပါတယ်။

ဘုန်းဘုန်းတို့နဲ့သိတဲ့ ဒကာလေး တစ်ချို့ဆိုရင် မြန်မာပြည်မှာတုန်းက အခြေအနေနဲ့ ပြည်ပကိုရောက်သွားပြီးမှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ အများကြီးကို ကွာခြားသွားတော့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းက မိဘညီအစ်ကို မောင်နှစ်မတွေရဲ့ ထိန်းချုပ်မှုက ရှိနေသေးတော့ တော်ရုံတန်ရုံ မကောင်းတာတွေ လုပ်ချင်တာတောင်မှ မလုပ်ဖြစ်ဘဲ နေခဲ့ရတဲ့ အခြေအနေက ပြည်ပကိုရောက်လာပြီး အထိန်းအကွပ်လည်းဝေး၊ ပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကလည်း သောက်သောက်စားစား သမားလေးတွေ ဖြစ်နေလေတော့ အရင်တုန်းက မလုပ်ဖူးတဲ့ အလုပ်တွေအထိ လုပ်ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဒီကလေးတွေဟာ အခုဆိုရင် ကောင်းကောင်းလည်းသောက်တတ်၊ ကောင်းကောင်းလည်း လောင်းကစားလုပ်တတ်၊ ကောင်းကောင်းလည်း အမျိုးသမီး လိုက်စားတတ်နေပြီး ရှာသမျှလည်း မစုမိသလောက်ကို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီအလုပ်တွေမှာ စွဲမိရာက အရင်တုန်းက လုပ်ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုလေးတွေတောင် မလုပ်ဖြစ်ဘဲ နေချင်သလို နေပစ်လိုက်တော့တာ ဖြစ်ပါတယ်။ အသောက်အစား များလာရင် မေ့လျော့မှုတွေလည်း များလာတတ်ပြီး နောက်ဆုံးရတနာသုံးပါးပါ မေ့လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်မှုကို လိုက်မိရာက အထိန်းအကွပ်မရှိ လွတ်လပ်မိခြင်းရဲ့ နောက်ကွယ်က ဆိုးကျိုးတစ်စိပ်တစ်ဒေသပဲ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်မှုဟာ ကောင်းပေမယ့် ကိုယ့်အကျိုးကို ထိခိုက်တဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ်ရှိတယ်ဆိုပြီး စိတ်ထင်သလို ဗရမ်းဗတာ လုပ်ပစ်လိုက်တဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ် ပြောတာကို ကြိုက်တဲ့အတွက် ကိုယ့်အတွက်လည်း မကောင်း၊ အများအတွက်လည်း ထိခိုက်မယ့် အပြောအဆိုမျိုးကို ပြောဆိုတဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ်တွေးချင်သလိုတွေးနိုင်၊ ကိုယ်စဉ်းစားချင်သလို စဉ်းစားနိုင်ပေမယ့် အကုသိုလ်ဖြစ်စေမယ့် အတွေးမျိုး၊ ကိလေသာရာဂတရားကို တိုးပွားစေမယ့်အတွေးမျိုး၊ သူတပါးအကျိုး ပျက်ဆီးရာပျက်ဆီးကြောင်း ဖြစ်စေမယ့်အတွေးမျိုးကို အချိန်ပြည့် တွေးနေတဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ အဲဒီလို လွတ်လပ်တိုင်း လွတ်လွတ်လပ်လပ် နေထိုင်ပြောဆိုကြံစည် လိုက်မယ်ဆိုရင် အရင်ဆုံး ထိခိုက်မှာက ဘယ်သူလဲဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လွတ်လွတ်လပ်လပ် ရှိတာကောင်းတယ်၊ အနှောင်အဖွဲ့တွေမရှိတာ ကောင်းတယ်လို့ လက်ခံပြီး ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တဒင်္ဂအခိုက်အတန့် လွတ်လပ်မှုကို ရှာဖွေတာဟာ တကယ်မလွတ်လပ်ဘဲ ပိုပြီးတောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့ သဘောရှိပါတယ်။ အမှန်တကယ် လွတ်လပ်ချင်တယ် ဆိုရင်တော့ အဲဒီတဒင်္ဂ အနှောင်အဖွဲ့တွေက ရုန်းထွန်နိုင်အောင်၊ လွတ်မြောက်နိုင်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံး လွတ်လပ်မှုပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ရှိအောင်ဆိုပြီး ရှာဖွေထားတဲ့ အပျော်အပါးများ၊ အာရုံတရားများ၊ ကိလေသာတရားများဟာ လွတ်လပ်မှု မဖြစ်ဘဲ ပိုလို့တောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့အတွက် အဲဒီအနှောင်အတွေကနေ ရုန်းထွန်းနိုင်မှသာ တကယ်လွတ်လပ်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ အဓိကကတော့ တကယ်လွတ်လပ်ချင်တယ်ဆိုရင် လွတ်လပ်မှုကို ပိတ်ပင်ထားတဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက သတ္တဝါအများ တောင့်တထားတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်မှု မဟုတ်ဘဲ ပိုလို့တောင် ကျဉ်းကြပ်စေတဲ့ လွတ်လပ်မှုရဲ့ နောက်ကွယ်က မလွတ်မလပ်မှုရဲ့ အနှောင်အဖွဲ့များသာ ဖြစ်တဲ့အတွက် တကယ်လွတ်လပ်စေတဲ့ ရွေးချယ်မှု မဟုတ်ကြောင်း၊ တကယ်လွတ်လပ်မှုဆိုတာ အနှောင်အဖွဲ့မှန်သမျှ၊ ကိလေသာမှန်သမျှ၊ အာရုံမှန်သမျှကနေ ရုန်းထွက်နိုင်ခြင်းသာဖြစ်တဲ့အတွက် အဲဒီအရာများကနေ ရုန်းထွက်ကြရမှာ ဖြစ်ကြောင်း၊ ဒီလိုရုန်းထွက်နိုင်ဖို့အတွက် အနှောင်အဖွဲ့ကို ပြတ်တောက်စေနိုင်တဲ့ သီလကို အခြေခံတဲ့ သတိပဋ္ဌာန် အကျင့်မှန်ကိုသာ ကြိုးစားကျင့်ကြံ အားထုတ်ပြီး မလွတ်လပ်တဲ့အရာတွေကို လွတ်လပ်အောင် ဖြတ်တောက်ရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လွတ်လပ်မှုကို လိုချင်တောင့်တပြီး လွတ်လွတ်လပ်လပ်ရှိအောင် စိတ်လွတ်ကိုယ်လွတ်နဲ့ အာရုံအမျိုးမျိုးနောက်ကို တကောက်ကောက်လိုက်ရင်း လွတ်လပ်မှုကို ရှာနေကြတဲ့ သူတွေအနေနဲ့ မိမိတို့ ရှာနေ၊ လိုက်နေကြတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်စေတဲ့ လွတ်လပ်မှု မဟုတ်ဘဲ အနှောင်အဖွဲ့ကို ပိုလို့တောင် ဖြစ်စေတဲ့ အရာများသာဖြစ်ကြောင်း သတိပြုဆင်ခြင်ပြီး တကယ်လွတ်လပ်မှုကို ဖြစ်စေနိုင်တာဟာ ကိလေသာအနှောင်အဖွဲ့ အားလုံးကို ဖြတ်တောက်စေနိုင်တဲ့ သတိပဋ္ဌာန် အကျင့်မှန်လမ်းစဉ်သာ ဖြစ်တဲ့အတွက် အမှန်လွတ်မြောက်စေဖို့ သတိပဋ္ဌာန်အကျင့်ကိုသာ ကျင့်လိုက်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

Read more »

နောက်ဆုံးတော့ကား

  • နုနယ်ရုပ်ဆင်း၊ လှပခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏။
  • ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏။
  • ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံးရှိချေ၏။
  • ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံးရှိချေ၏။
  • တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံးရှိချေ၏။
  • ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးရှိချေ၏။
  • ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးရှိချေ၏။
  • ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏။
    (လယ်တီဆရာတော်ဘုရားကြီး)

Read more »

လောကပါလတရား တကယ်ရှိသူဆိုတာ

လောကပါလ (လောကကိုစောင့်ရှောက်တဲ့) တရားဆိုတာ ဟိရီနဲ့ သြတ္တပ္ပတရားနှစ်ပါးကို ပြောတာဖြစ်ပါတယ်။ ဟိရီဆိုတာ မကောင်းမှု အကုသိုလ်လုပ်ရမှာ ရှက်တာကိုဆိုလိုပြီး၊ သြတ္တပ္ပဆိုတာ မကောင်းမှု အကုသိုလ် လုပ်ရမှာကို ကြောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ မကောင်းမှု အကုသိုလ်ဆိုတာ လူသိရှင်ကြား လုပ်လို့ရတဲ့ အကုသိုလ်တွေ ရှိသလို လူမသိသူမသိ လုပ်လို့ရတဲ့ အကုသိုလ်တွေကလည်း အများကြီးပါပဲ။ လူသိသူသိမှာဆိုးလို့ လူရှေ့သူရှေ့မှာ မကောင်းတာတွေကို မလုပ်ဘဲ ရှောင်နေပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ဒါဟာ မကောင်းမှုကနေ တကယ်ရှက်ကြောက် ရှောင်ကြဉ်တာ မဟုတ်ပါဘူး။ မကောင်းမှု အကုသိုလ်ကို တကယ်ရှက်ကြောက်တဲ့သူ၊ လောကပါလတရား တကယ်ရှိသူဆိုတာ ရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲ ဖြစ်ဖြစ် မကောင်းမှုအကုသိုလ်ရဲ့ အပြစ်တွေကို သေသေချာချာ သဘောပေါက်ပြီး ရှောင်ကြဉ်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်တဲ့အတွက် မကောင်းမှု အကုသိုလ် အလုပ်ကို ရှေ့နောက်ကွယ်ရာမထားဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ရှေ့နောက်နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ရှောင်ကြဉ်တဲ့ သူကိုသာ တကယ် ဟိရိသြတ္တပ္ပရှိတဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ကောင်းမှုကုသိုလ်နဲ့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာ လုပ်တာပဲ ဖြစ်ဖြစ်၊ ကွယ်ရာမှာလုပ်တာပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်ကို ကျန်တဲ့သူတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသား ဖြစ်ပါတယ်။ ဒီလိုဆိုတော့ လူရှေ့သူရှေ့မှာ မလုပ်ဘဲ ရှောင်ကြဉ်ပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေတာကိုလည်း ကိုယ်ကိုယ်တိုင်က သိနေပြီးသား ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်အဖွင့်ကို ကြည့်မယ်ဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူခြင်းဆိုတဲ့ အဖွင့်တစ်ခု ရှိပါတယ်။ ဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ ကွယ်ရာအရပ်မှာပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ စိတ်ကွယ်ရာ အရပ်မှာပဲ ဖြစ်ဖြစ် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူတော့တဲ့ အနှိုင်းမဲ့အရှင်မြတ်ပဲ ဖြစ်ပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တွေ အနေနဲ့ ဘုရားရှင်လောက် ကွယ်ရာမှာ အကုသိုလ် အလုပ်တွေကို အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် ဘုရားရှင်ကို အတုယူပြီး ကွယ်ရာမှာလည်း အကုသိုလ်အလုပ်တွေကို ရှောင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အဓိကကတော့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာပဲ ဖြစ်ဖြစ်၊ လူကွယ်ရာမှာပဲ ဖြစ်ဖြစ် မလုပ်ဘဲရှောင်ကြဉ်နိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်မကောင်းမှု အကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်တယ်ဆိုတဲ့သူဟာ အဲဒီလို မျက်မှောက်မျက်ကွယ် နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်နိုင်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်ပြီး ဒီလိုမျက်မှောက်မျက်ကွယ် နှစ်ခုလုံးမှာ ဒီဟိရီသြတ္တပ္ပတရားတွေကို စောင့်ထိန်းတဲ့သူကိုသာ တကယ့်လောကပါလ တရားရှိသူ၊ လောကပါလ တရားနဲ့ ပြည့်စုံသူလို့ ပြောရခြင်း ဖြစ်ပါတယ်။

Read more »

ကတိသစ္စာ၊ တည်သောခါဝယ်

"ကတိသစ္စာ၊ တည်သောခါ၌၊
သြဇာလေးနက်၊ ပေါ်စီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"
(ရှင်မဟာသီလ၀ံသ)

ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။ ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြမည်သာ ဖြစ်၏။ အထူးသဖြင့် သစ္စာတရားသည် မေတ္တာအားဖြင့် ပေါင်းစပ်နိုင်လျှင် မဖြစ်နိုင်သည်များပင် ဖြစ်လာနိုင်ပြီး သက်ရှိသက်မဲ့အားလုံးတို့၏ အပြောင်းအလဲဖြင့် အကောင်းများပင် တွဲလာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သူတော်ကောင်းများက ကတိသစ္စာတည်လာပါက သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင် စသည်များပင် ဆေးဘက်ဝင်လာတတ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ ကတိသစ္စာသည် တည်တံ့လျှင် တည်တံ့နိုင်သည်နှင့်အမျှ အကျိုးသက်ရောက်မှု ကောင်းများကို ဖြစ်စေနိုင်ပေ၏။ မိမိ၏ ကတိသစ္စာ တည်တံ့မှုကို အကြောင်းပြု၍ မိမိလည်း အကောင်းများ စုနိုင်သကဲ့သို့ သူတပါးကိုလည်း ကောင်းမှုအစုများ ပြုပေးနိုင်ပေ၏။ သစ္စာစကားဖြင့် အပြစ်အနာအဆာများကိုပင် ပျောက်ပေးစေနိုင်၏။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အမျိုးမျိုးသော သစ္စာစကားများကို တိုင်တည်မှုပြုကာ သတ္တဝါအများ၏ ဒုက္ခအပေါင်းကို ကယ်တင်ပေးဖူး၏။ သတ္တဝါအများ၏ ဘေးအန္တရာယ်များကို အရံအတားပြုကာ အကာအကွယ်ပြုပေးထားသည့် ဘုရားရှင်၏ ပရိတ်ဒေသနာများတွင် ထိုသို့သော သစ္စာပြုချက်များကို အများအပြား တွေ့ရမည်ဖြစ်၏။ ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များတွင် “ဧတေန သစ္စဝစ္စေန သောတ္ထိတေ ဟောတု သဗ္ဗဒါ” ဟူသော စကားများကို အများအပြား တွေ့ရမည်ဖြစ်၏။ ထိုစကား၏ အဓိပ္ပါယ်မှာ “ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါများအား အခါခပ်သိမ်း ချမ်းသာခြင်းကို ဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်ကန်သည့်သစ္စာ၊ တည်တံ့သည့် ကတိစကားများသည် သတ္တဝါများအား အားအသစ်ကိုဖြစ်စေပြီး ထိုအားများကပင် သတ္တဝါများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုသည့် သဘောမျိုးဖြစ်၏။

အားဟုဆိုသော်လည်း စင်စစ်ထိုအားများသည် မည့်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်ကမျှ ဖြည့်ပေးနိုင်သည့် အားများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသည့် အကျင့်သိက္ခာ တရားများဖြင့်သာ ပြည့်စေရမည့်အားများ ဖြစ်ပါ၏။ ကတိများများတည်လျှင်၊ သစ္စာများများရှိလျှင် မိမိသန္တန်တွင် ထိုကတိသစ္စာ တရားများ၏ စွမ်းအားများသည်လည်း ပိုမိုတိုးပွားကာ လိုအပ်သည့် အကျိုးတရားများကို ပြီးမြောက်စေနိုင်မည် ဖြစ်သဖြင့် သက်ရှိသက်မဲ့ အရာအားလုံးတို့၏ တန်ပြန်သက်ရောက်မှု အကျိုးကောင်းများကို ရယူလိုသူများသည် ကတိသစ္စာတရားများကို အခိုင်မာဆုံးဖြစ်အောင်သာ ကြိုးစားကြရမည် ဖြစ်ပါ၏။

အမှန်အားဖြင့် ကတိသစ္စာတည်ခြင်းဟူသည် အခြားမဟုတ်၊ ကိုယ်ကျင့်သိက္ခာလုံနေခြင်းပင် ဖြစ်၏။ သီလလုံနေသူ တစ်ယောက်သည် စကားကိုအလွယ်ပြော၊ ကတိကို အလွယ်ပေးပြီး စောင့်ထိန်းရမည့် သစ္စာတရားကို ချိုးဖောက်သူ အဖြစ်မှလည်း ရှောင်ကြဉ်ပြီးသား ဖြစ်နေပေ၏။ သာမန်လူများ အနေဖြင့် နေ့စဉ်စောင့်ထိန်းရသည့် ငါးပါးသီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းထားနိုင်လျှင် ကတိလည်း တည်နေမည်ဖြစ်ပြီး သစ္စာလည်းရှိနေမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အိမ်ထောင်သည် အပေါ်မှာ သစ္စာရှိခြင်း၊ သူတပါးအကျိုး ယုတ်စေမည့် မဟုတ်မမှန်သည့် စကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်နေခြင်းသည် ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ သိက္ခာပုဒ်များကို စောင့်ထိန်းနေခြင်း ဖြစ်သဖြင့် အပြန်အနေဖြင့် ထိုသီလများကို စောင့်ထိန်းနေသမျှ ကတိသစ္စာများလည်း တည်နေကြပြီးသား ဖြစ်ပါ၏။ ထိုသို့ အကျင့်သိက္ခာလုံသဖြင့် ကတိသစ္စာတည်နေသူများသည် လောကဓံ အလှည့်အပြောင်းများကြောင့် ဘဝအတက်အကျများနှင့် ကြုံနိုင်ငြားသော်လည်း အရေးကြီးသည့်အခါ မိမိတို့၏ သီလတရားကို သက်သေထားကာ သစ္စာပြုမည်ဆိုပါက ထိုသစ္စာတရား၏ အားများဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါ၏။ မိမိက အကျင့်သိက္ခာ မြင့်မားစွာဖြင့် ကတိသစ္စာ တည်ထားလျှင် မိမိသာလျှင်မဟုတ် မိမိနှင့် ပတ်သက်သူများကိုပင် သစ္စာစကားဖြင့် ဒုက္ခအစုကို ကျော်လွှားနိုင်မည်မှာ အသေအချာပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရင်းနှီးပြီးသားဖြစ်သည့် အင်္ဂုလိမာလ ပရိတ်တော်ကို ကြည့်ပါက အင်္ဂုလိမာလ မထေရ်ကြီးသည် မိမိ၏ ကတိသစ္စာစကားဖြင့် မီးမဖွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အလွယ်တကူ မီးဖွားနိုင်စေရန် သစ္စာပြုကာ ဘေးရန်ကာပေးနိုင်ခဲ့သည်ကို အထင်အရှား တွေ့ကြရမည်ဖြစ်၏။ အင်္ဂုလိမာလ ပရိတ်တော်၏ အဓိကအပိုင်းတွင် အင်္ဂုလိမာလ မထေရ်ကြီး သစ္စာပြုသည့် စကားတော်မှာ “နှမ ငါသည် မြတ်စွာဘုရားရှင်၏ သာဝက အရိယာ ဖြစ်တော်မူပြီးချိန်မှစ၍ သေစေလိုသော စေတနာဖြင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို ပြုလည်းမပြု၊ သိလည်းမသိတော့ပေ၊ ဤမှန်သော သစ္စာစကားကြောင့် မီးဖွားရန် အခက်အခဲဖြစ်နေသော ချစ်နှမအား ချမ်းသာမှုဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ အင်္ဂုလိမာလ မထေရ်ကြီး၏ ထိုသစ္စာစကားမှာ မိမိကိုယ်တိုင် အကျင့်သီလပိုင်းကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းပြီး ထိုအကျင့်သီလ ကောင်းကိုသက်သေပြု့ကာ အများတကာ ချမ်းသာရေး သစ္စာဆိုပေးထားသည့် စကားဖြစ်သဖြင့် ထိုအကျင့်သစ္စာ အစွမ်းအားများသည်လည်း လက်တွေ့တွင် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ခြင်း ဖြစ်၏။ အရင်းစစ်သော် အကျင့်သိက္ခာကောင်းသည် သစ္စာအားအဖြစ် ကောင်းမြတ်သည့် သြဇာကို သက်ရောက်ပေးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိသူတပါး ချမ်းသာရေးအတွက် အကောင်းဆုံး သက်ရောက်မှုကို ပေးလိုသူများသည် ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိမ်းခြင်းဟူသည့် ကတိသစ္စာကို တည်တံ့အောင်သာ ကြိုးစားကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ကတိသစ္စာတရားသည် အကျင့်သိက္ခာ အားကောင်းနေသမျှ အစွမ်းအာနိသင်များလည်း တိုးပွားနေမည်သာ ဖြစ်ပါ၏။ ထိုအချက်ကို ဘုရားလက်ထက်မှစ၍ ရှေးရှေးသူတော်ကောင်းများ၏ အဖြစ်အပျက်များကို ကြည့်ပါက လက်တွေ့အားဖြင့် သိနိုင်မည်သာ ဖြစ်၏။ အကျင့်သီလ အားကောင်းစွာဖြင့် ဆိုခဲ့ကြသည့် သစ္စာစကားများသည် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ အထံသို့ပင် ပြန့်နှံ့ကာ ထိုထိုသူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုဖြင့် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ ကတိသစ္စာတည်ခြင်းဟူသော အကျင့်သီလကောင်းသည် သက်ရှိသက်မဲ့များအပေါ်တွင် သက်ရောက်မှုဖြစ်ကာ ယုတ်စွာအဆုံး နွယ်မြက်သစ်ပင်များသည်ပင် အစွမ်းထက်သည်အထိ အကျိုးရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့သော် သဒ္ဓါတရား၊ သီလတရား၊ ဝီရိယတရား၊ ပညာတရား၊ သတိတရားများ ယုတ်လျော့လာသည့် ယနေ့ခေတ်ကာလတွင်ကား လူအတော်များများသည် ကတိတရားများ ဖောက်ဖျက်နေကြသကဲ့သို့ သစ္စာတရားများလည်း ပျောက်ပျက်နေကြသဖြင့် ထိုကတိသစ္စာတရား၏ စွမ်းပကားများမှာ ထင်သလောက် အစွမ်းမရောက်ဘဲ ဖြစ်နေကြသည်ကို တွေ့နေရ၏။ လူအတော်များများသည် ကတိကို အလွယ်ပေးကာ အလွယ်ဖျက်နေတတ်ကြသကဲ့သို့ စောင့်ထိန်းရမည့် သစ္စာတရားများကိုလည်း မစောင့်ထိန်းဘဲ အလွယ်တကူပင် ဖောက်ဖျက်နေတတ်ကြ၏။ တဒင်္ဂအခိုက်အတန့် အရေးကိုသာ ဦးစားပေးနေပြီး ထိုအခိုက်အတန့် အဆင်ပြေရေးအတွက်ဆိုလျှင် လိမ်ပြောရမှာလည်း ဝန်မလေး၊ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးဝှက်ရမည်ကိုလည်း မကြောက်လန့်၊ အိမ်ထောင်ရှိနေသူရော၊ မရှိသူများပါမကျန် အိမ်ထောင်ရေး ဖောက်ပြန်ကာ သစ္စာဖျက်ရမည်ကိုလည်း အလေးမထား၊ သောက်သောက်စားစား လုပ်ရမှာလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေတတ်ကြ၏။ ထိုသို့အကျင့်တရားကို အခြေခံထားသည့် ကတိသစ္စာတရားများ မတည်ဘဲ သွားနေကြသဖြင့် သတ္တဝါများအား ဒုက္ခတရားများ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သစ္စာတရား၏ အစွမ်းအာနိသင် အကျိုးသက်ရောက်မှုမှာလည်း ထင်သလောက် အစွမ်းမထက်ဘဲ ဖြစ်နေကြခြင်း ဖြစ်၏။

အရင်းစစ်သော် သစ္စာတရားက အစွမ်းမထက်ခြင်းမဟုတ်၊ မိမိတို့၏ အကျင့်တရားများက အစွမ်းထက်အောင် မထောက်ပံ့နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍သာ အကျင့်တရားကို ကောင်းအောင်နေထိုင်ကြမည်ဆိုလျှင် အကျင့်ကောင်းသဖြင့် ကတိလည်းကောင်းမည်ဖြစ်ပြီး သစ္စာလည်းကောင်းနေမည်ဖြစ်ကာ ကတိသစ္စာ ကောင်းလာလျှင် ထိုအကောင်းများ၏ အကျိုးသက်ရောက်မှုသည်လည်း သြဇာကောင်းများအဖြစ် အပြောင်းအလဲဖြစ်ကာ သက်ရှိသက်မဲ့များအထိ သက်ရောက်မှုဖြစ်စေလျက် အကျိုးကောင်းများကို ဖြစ်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ယနေ့ခေတ်တွင် လူအတော်များများသည် ကိုယ်ကျင့်သိက္ခာအပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်နှင့်အမျှ ကတိမတည်ခြင်း၊ သစ္စာမရှိခြင်းများသည်လည်း ပိုမိုများပြားလာကာ ထိုကတိသစ္စာ ဖောက်ဖျက်မှုများကို အကြောင်းပြု၍ သက်ရှိသက်မဲ့များ၏ အစွမ်းသတ္တိများသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြခြင်း ဖြစ်သဖြင့် ထိုအချက်ကို သတိပြုဆင်ခြင်ကာ လောကသားများ အနေဖြင့် မိမိတို့၏ သန္တာန်တွင် ကတိသစ္စာတည်တံ့စေလျက် သက်ရှိသက်မဲ့များအထိ သြဇာသက်ရောက်မှု ဖြစ်စေကာ အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ကြစေရန် မိမိတို့၏ အကျင့်သိက္ခာကိုသာ ကောင်းမွန်အောင် စောင့်ထိန်းကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဘုံသား လူအများအနေဖြင့် အပျက်တရားများ များများလာသည့် ယနေ့ခေတ်တွင် မည်သူ တရားပျက်ပျက် မိမိတို့မပျက်အောင်၊ မည်သူ ကတိသစ္စာပျက်ပျက် မိမိတို့မပျက်အောင် ကတိသစ္စာတည်တံ့ခြင်း၏ အခြေခံအကြောင်းဖြစ်သည့် အကျင့်သိက္ခာပိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိတို့ကိုယ်တိုင်သာ သဒ္ဓါ၊ သီလ၊ သတိ၊ ပညာ၊ ဝိရီယတရားများဖြင့် မိမိတို့၏အစွမ်းကို ထုတ်နိုင်အောင် လေ့ကျင့်ကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါသည်။

Read more »

သဿတပိုင်ရှင် (သို့) ဗကဗြဟ္မာ

မြတ်စွာဘုရားရှင်၏ ထူးခြားသည့် အောင်မြင်ခြင်းများတွင် ဗကဗြဟ္မာကြီးအား အောင်မြင်ခဲ့သည့် အောင်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ အောင်မြင်ခြင်းဟု ဆိုသည်ထက် အယူမှားကို ချေဖျက်ပေးခဲ့ခြင်းဟု ဆိုက ပို၍သင့်လျော်မည် ဖြစ်၏။ မြတ်စွာဘုရားရှင်သည် အယူလွဲနေသည် ဗကဗြဟ္မာကြီးကို မှန်ကန်သည့် အယူဝါဒဖြင့် တည့်မှတ်ပေးခဲ့ခြင်းသာ ဖြစ်၏။ ဗကဗြဟ္မာကြီး ဆွဲကိုင်ထားသည့် အယူဝါဒမှာ သဿတဝါဒ ဖြစ်၏။ သဿတဝါဒဟူသည် “အရာအားလုံးသည် ဖောက်ပြန်ပျက်စီးခြင်း မရှိ၊ အမြဲတည်တံ့နေသည်”ဟု ယူဆသည့် ဝါဒမျိုးဖြစ်၏။ ဗကဗြဟ္မာကြီး ယူဆမည်ဆိုလျှင်လည်း ယူဆချင်စရာပင်။ ဗြဟ္မာကြီး၏ သက်တမ်းသည် အလွန်ရှည်လွန်းလှ၏။ နှစ်ကာလရှည်ကြာစွာ မြင်နေရသည့်အာရုံများ၊ ကျင်လည်နေရသည့် အရာများသည် တသတ်မတ်တည်းဖြစ်ကာ မပြောင်းလဲသည့် သဘောကဲ့သို့ ဖြစ်နေသဖြင့်လည်း အရာအားလုံးသည် အမြဲတည်နေသည်ဟု ထင်မှတ်နေခြင်း ဖြစ်ပေ၏။ ဗကဗြဟ္မာကြီးသည် ဗြဟ္မာ့ဘုံ အဆင့်ဆင့်တွင် ဖြစ်ခဲ့သော်လည်း နှစ်ပရိစ္ဆေဒ ကြာညောင်းလှသဖြင့် စုတေရသည့် နာမ်ရုပ်အစဉ်ကိုလည်း မမှတ်မိ၊ ပဋိသန္ဓေလည်း မထင်ဖြစ်ကာ ပကတိဖြစ်မြဲတိုင်းသော ကိုယ်အထည်ဒြပ် ရှိနေသည်ဟု ထင်မှတ်မိနေခြင်း ဖြစ်၏။

ဗကဗြဟ္မာကြီးသည် ဗြဟ္မာဇာတ်သည် မြတ်သောမြဲသော နိစ္စဓူဝဖြစ်သော ချမ်းသာဖြစ်ပြီး ထိုထက်သာလွန်သည့် နိဗ္ဗာန်ချမ်းသာဟူသည် မရှိ၊ မိမိပိုင်ဆိုင်ထားသည့် ဗြဟ္မာ့ကိုယ်သည်လည်း အိုခြင်းနာခြင်း သေခြင်းစသည့် ဆင်းရဲမရှိဘဲ အတိသုခဖြစ်သည့် ချမ်းသာသာ ဖြစ်သည် စသည်ဖြင့် အယူသည်းနေသူဖြစ်၏။ သူသာလျှင်မဟုတ် သူ၏မိတ်ဆွေ အပေါင်းအသင်းဖြစ်သည့် ဗြဟ္မာပေါင်း (၇၀)တို့သည်လည်း ဤနည်းအတူပင် အရာအားလုံးသည် မြဲသည်ဟု ယူဆနေသည့် သဿတပိုင်ရှင်များပင် ဖြစ်နေပေ၏။ ထို့ကြောင့် အကြောင်းလည်းစုံ၊ ကျွတ်ချိန်လည်းကြုံသည့် အခါတွင် မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာနှင့်တကွ သဿတပိုင်ရှင်များ၏ အယူမှားကို ချေဖျက်ပေးရန် ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူပြီး အမှန်တရားကို ဟောကြားပေးတော်မူခဲ့ခြင်း ဖြစ်၏။

ဘုရားရှင် ကြွတော်မူလာသည်ကို မြင်မြင်ချင်း ဗကဗြဟ္မာကြီးက ဝမ်းသာအားရဖြင့် “အို အရှင်ဂေါတမ ကောင်းသောလာခြင်းပါပဲ၊ ခဏခဏ မလာဘဲ ဘာကြောင့် အခုလို အကြာကြီးနေမှ ကြွတော်မူလာရပါသလဲ ဘုရား၊ တကယ်တော့ မြတ်စွာဘုရား အနေနဲ့လည်း မပျက်စီးဘဲ အမြဲတည်တံ့နေတဲ့ ဒီဗြဟ္မာဘုံကိုရောက်အောင် လုပ်သင့်ပါတယ်၊ တကယ့်နိဗ္ဗာန်ဘုံဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဒီဗြဟ္မာ့ဘုံကိုပဲ ပြောတာဖြစ်ပါတယ် ဘုရား”ဟု လျှောက်ထားရင်း မိမိကိုယ်နှင့် မိမိဘုံဌာန၏ မြဲမြန်စွာတည်နေခြင်း သဘောကို ညွှန်းဆိုနေပေတော့၏။

ထိုအခါ မြတ်စွာဘုရားရှင်က “အို ဗကဗြဟ္မာ သင့်အဖြစ်ကလည်း သနားစရာ ကောင်းပေစွ၊ မသိမှု အဝိဇ္ဇာက အားကြီးနေပေစွ၊ သင့်အဖြစ်က မြှုံးတွင်းမှာရှိနေတဲ့ ငှက်က အပြင်မှာလွတ်ထွက်နေတဲ့ သတ္တဝါတွေကို ချမ်းသာချင်ရင် ဒီမြှုံးထဲကို လာခဲ့ကြလို့ ဆိုနေသလို ဖြစ်နေပါတကား၊ သင့်အဖြစ်က ကိုယ်ဖြစ်မယ့်ဘေးကို မမြင်ဘဲ မမြဲတာကို မြဲတယ်၊ မချမ်းသာတာကို ချမ်းသာတယ်လို့ ထင်နေပြီး ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ဟာ အမှန်ရှိနေပါရဲ့နဲ့ ဗြဟ္မာ့ပြည်ကိုမှ နိဗ္ဗာန်လို့ ထင်နေပါတကား၊ သနားစဖွယ်အဖြစ်ပါလား” စသည်ဖြင့် ပြန်လည် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် မိမိနှင့်အယူဝါဒတူ အခြားဗြဟ္မာများရှေ့တွင် ထိုသို့အပြောခံလိုက်ရသဖြင့် အလွန်ရှက်သွားပြီး “အို အရှင်ဂေါတမ အရာအားလုံးဟာ မြဲတယ်လို့ ယူထားတဲ့ ကျွန်ုပ်တို့ ဗြဟ္မာတွေဟာ အရှင်ဂေါတမရဲ့ မမြဲခြင်း အနတ္တဝါဒကို ဘယ်လိုမှ လက်မခံနိုင်တဲ့အပြင် ကျွန်ုပ်တို့ ဟောဒီဗြဟ္မာဘုံကသာ တကယ့်ထာဝရတည်တံ့နေတဲ့ နိဗ္ဗာန်အစစ် ဖြစ်ပါတယ်” ဟု ဆက်လက်လျှောက်ထားပြန်၏။

မြတ်စွာဘုရားရှင်က “အချင်း ဗကဗြဟ္မာ သင့်အနေနဲ့ ဒီဗြဟ္မာဘုံမှာ ထာဝရတည်တံ့နေတယ်လို့ ဘယ်လိုပဲ ထင်ထင် ဒီဗြဟ္မာဘုံမှာ သင့်အနေနဲ့ ကြာကြာနေရမှ နောက်ထပ် အန္တရကပ် (၁၃၆၃၄၅)ကပ်လောက်ပဲဖြစ်ပြီး၊ သင်ဟာ ဇာတိဇရာမရဏကိုလည်း မလွန်ဆန်နိုင်သေးဘဲ သေချာပေါက် သေရဦးမှာဖြစ်တယ်၊ သင့်အနေနဲ့ အသိပညာနဲ့ သတိပြု ဆင်ခြင်ဖို့ လိုပါတယ်” စသည်ဖြင့် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် ဘုရားရှင်က သူ့အား ထိုသို့မိန့်တော်မူသဖြင့် အလွန်ဒေါသထွက်သွားပြီး “အို လူသားဘုရား အရှင်ဂေါတမ ကျွန်ုပ်ကဲ့သို့သောသူကို ထာဝရမတည် သေရမည်လို့ ဆိုနေပေမယ့် ဒီစကားကို ကျွန်ုပ်လက်မခံနိုင်ပါဘူး၊ တကယ်လို့ အရှင်ဂေါတမဆိုတဲ့အတိုင်း အမှန်ဖြစ်တယ်ဆိုရင် ကျွန်ုပ်ကို သက်သေပြပါ၊ ကျွန်ုပ်သည် အတိတ်ဘဝက ဘာဖြစ်ခဲ့ပြီး၊ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုအလုပ်တွေကြောင့် ကျွန်ုပ်ဒီလိုဘုံဘဝမှာ ဖြစ်ခဲ့တယ်ဆိုတာ သက်သေပြပါ၊ အဲဒီလို ပြောနိုင်မယ်ဆိုရင်တော့ ကျွန်ုပ်အနေနဲ့ အရှင်ဂေါတမဟာ ကျွန်ုပ်ထက်သာလွန်သူအဖြစ် လက်ခံပြီး သင့်ထံမှာကျွန်ုပ် ဒူးထောက်အရှုံးပေးကာ အရှင်ဂေါတမကို ဆည်းကပ်ကိုးကွယ်ပါမယ်၊ ကျွန်ုပ်အတိတ်ကိုသာ ပြောပြပါ”ဟု တောင်းဆိုလိုက်၏။

မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ အမှန်အားဖြင့် ငါသည် သင်၏လားရာကို လည်းကောင်း၊ သင်၏ဆိုက်ရောက်ရာကို လည်းကောင်း၊ သင်၏ တန်ခိုးစွမ်းပကားကိုလည်းကောင်း၊ ဗကဗြဟ္မာသည် မည်သည့်ဘဝမှလာပြီး မည်သည့်ဘဝသို့ သွားမည်၊ မည်မျှတန်ခိုးရှိသည်ကို အားလုံးသိ၏၊ သင်သည် လွန်လေပြီးသော အတိတ်ဘဝတစ်ခုက ဗာရာဏသီပြည်၌ ကေသဝအမည်ရှိသည့် ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တောထွက်ကာ ရသေ့ပြုလျက် တရားအားလုပ် အားထုတ်ခဲ့သူဖြစ်ကြောင်း၊ ထိုကေသဝ ရသေ့ဘဝတွင် တစ်ခါက သဲကန္တာရသို့ ရောက်လာသည့် လှည်းကုန်သည်ငါးရာတို့အား အစာရေစာပေးကာ အသက်ကို ကယ်တင်ဖူးခဲ့ကြောင်း၊ တစ်ခါတွင်လည်း သူခိုးဓားပြများကြောင့် ဒုက္ခရောက်နေခဲ့သည့် ကျေးရွာတစ်ခုရှိ ကလေးသူငယ်များနှင့် ဒုက္ခသည်များအား ထိုသူခိုးဓားပြများလက်မှလွတ်စေလျက် အသက်ကို ကယ်တင်ပေးခဲ့ဖူးကြောင်း၊ တစ်ခါတွင်လည်း ဆင်ဖမ်းသမား ငါးရာတို့ကို ဖမ်းဆီးသတ်ဖြတ်မည့် နဂါးမင်း၏ လက်မှအသက်ကိုလုကာ ထိုဆင်ဖမ်းသမားများအား ကယ်တင်ပေးခဲ့ဖူးကြောင်း၊ ဗကဗြဟ္မာ သင်သည် ကေသဝရသေ့ ဘဝဖြစ်စဉ်က ငါဘုရားသည်လည်း သင်၏တပည့် ကပ္ပရရသေ့ အနေဖြင့် အတူတရားကျင့်ခဲစဉ် တပည့်ဖြစ်တဲ့ ကပ္ပရ ရသေ့ကို ကူညီစောင့်ရှောက်မှု၊ ငဲ့ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စင်စစ် သင်သည် လူ့ဘဝရစဉ် ကေသရ ရသေ့အဖြစ်ဖြင့် အသက်ကယ်ခဲ့သည့် ကောင်းမှုအမျိုးမျိုးကို ပြုလုပ်ခဲ့မှုကြောင့် ယခုကဲ့သို့ ဗြဟ္မာပြည်တွင် အသက်ရှည်ရှည် နေခဲ့ရခြင်း ဖြစ်ကြောင်း” စသည်ဖြင့် ဗကဗြဟ္မာကြီး၏ အတိတ်ကို ပြန်လည်ဟောကြားပေတော်မူ၏။

ထို့အပြင် မြတ်စွာဘုရားရှင်က ဆက်လက်၍ “ဗကဗြဟ္မာ ဤအတိတ်အကြောင်းတွင်မဟုတ်၊ ငါဘုရားသည် သင်မသိနိုင်သည့် သင်၏ အတိတ်ဗြဟ္မာ ဘဝများကိုလည်း သိကြောင်း၊ သင်သည် ယခု ဗကဗြဟ္မာအဖြစ်ဖြင့် ဤဘုံသို့ မရောက်မီက အာဘဿရာ အမည်ရှိသည့် ဗြဟ္မာဘုံတွင် ဖြစ်ခဲ့သေးကြောင်း၊ ထိုဘုံမှစုတေပြီး ယခုဘုံသို့ သင်ရောက်လာခြင်းဖြစ်ကြောင်း၊ သင်သည်ကား ယခုလက်ရှိဘုံဘဝတွင် အချိန်ကြာမြင့်စွာ နေရသဖြင့် သင်၏ဘဝအစစ်ကို မေ့လျော့နေခြင်း ဖြစ်ကြောင်း၊ ငါဘုရားသည် သင်မသိသည့်အရာ အားလုံးကို သိနေ၏၊ ထို့ကြောင်းသင်သည် ငါနှင့်တုပြိုင်၍ မည်သို့မျှ မတတတ်နိုင်သည်သာ ဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူလိုက်၏။

သို့သော် ဗကဗြဟ္မာသည် အလွယ်တကူ လက်မခံသေးဘဲ “ အရှင်ဂေါတမ ရှိပါစေ၊ ယခုကျွန်ုပ်သည် အရှင်ဂေါတမ မမြင်ရအောင် ချက်ချင်းကွယ်ပျောက်ပြပါမည်၊ အရှင်ဂေါတမ စောင့်ကြည့်ပါ၊ ကျွန်ုပ်သည့် သင့်ထက်တန်ခိုးအရာ၊ စွမ်းပကားအရာ သာလွန်သည်ကို ပြပါမည် စောင့်ကြည့်ပါ”ဟု ဆိုကာ မိမိကိုယ်ကို ကွယ်ပျောက်ရန် အားထုတ်ပြသော်လည်း မရဘဲ ဖြစ်နေလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ သင်မည်သို့ပင် ကွယ်ပျောက်အောင် အားထုတ်သော်လည်း ငါဘုရားမျက်စိအောက်က ပျောက်သွားအောင် မလုပ်နိုင်ပေ၊ ငါဘုရားသည် သင်မည်သည့်နေရာ၊ မည်သို့သော အနေအထား ရှိပါစေ၊ မြင်နိုင်၏၊ စင်စစ် သင်သည်ကား ငါဘုရားကို မမြင်နိုင်အောင် ငါဘုရားသည် လက်တွေ့ကွယ်ပျောက်အောင် လုပ်နိုင်၏” စသည်ဖြင့် မိန့်တော်မူကာ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်၏ အသံကိုသာ ကြားစေပြီး ရုပ်ကိုမမြင်နိုင်အောင် ဖန်ဆင်းပြတော်မူလိုက်၏။

ထိုအခါမှသာ ဗကဗြဟ္မာကြီးလည်း လက်တွေ့သဘောပေါက် လက်ခံလာပြီး မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ အရှင်ဘုရား၏ တန်ခိုးစွမ်းပကားကား ကြီးမားလှပေစွ၊ ကျွန်ုပ်တို့ ဗြဟ္မာများထက် အဆအရာအထောင်မက သာလွန်လှပါ၏၊ အရှင်ဂေါတမသည် ကျွန်ုပ်တို့ ဗြဟ္မာများ၏ ဘဝအသီးသီးနှင့် ရှေ့နောက်အဖြစ်အပျက်များ၊ လွဲမှားနေသည့် အယူဝါဒများကိုလည်း ထုတ်ဖော်ဟောကြားတော် မူနိုင်ပါ၏၊ ကျွန်ုပ်တို့ အရှုံးပေးပါပြီ၊ ယခုအချိန်မှစ၍ ကျွန်ုပ်တို့၏ အယူလွဲကိုပယ်ကာ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးကာ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါတော့မည် ဘုရား” ဟု လျှောက်ထားလိုက်လေတော့၏။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ ဗြဟ္မနိပန္တိယသုတ်)

ဤကား အရာရာကို မြဲသည်ဟု ထင်မှတ်နေသည့် သဿတပိုင်ရှင် ဗကဗြဟ္မာကြီးအား ချေချွတ်တော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် ဗကဗြဟ္မာအကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။ ဤ၌ အဓိကပေးလိုသည့် အသိမှာ သဿတအယူဝါဒနှင့် စပ်လျဉ်းသည့် အချက်ပင် ဖြစ်၏။ သဿတဝါဒသည် ယနေ့ခေတ်တွင်လည်း လက်ခံလိုက်နာ ကျင့်သုံးနေသူများ အများအပြား ရှိနေပေ၏။ မမြဲခြင်းတရားကို မြဲသည်ဟုထင်ကာ အယူလွဲနေသူများ အလွန်များပြားလှ၏။ တိုတောင်းလှသည့် အခိုက်အတန့်နှင့် တဒင်္ဂရှိသည့် ခဏအရှိများတွင် မြဲသည်ဟု ထင်နေကြသူများလည်း ပေါများလှ၏။ စင်စစ် ယနေ့လိုသက်တမ်းမျိုး မဆိုထားနှင့် မရေမတွက်နိုင်အောင် များပြားလှသည့် သက်တမ်းရှိသည့် ဗြဟ္မာများသည်လည်း နောက်ဆုံးတွင် ပျက်ဆီးကြရမည်သာ ဖြစ်သည်ကို သတိပြုမိပါက သိနိုင်ကြမည် ဖြစ်၏။

ထို့ကြောင့် ယနေ့ခေတ် သဿတပိုင်ရှင်များ အနေဖြင့်လည်း သဿတပိုင်ရှင် ဗကဗြဟ္မာကြီးကဲ့သို့သော အယူလွဲသူများပင် နောက်ဆုံးတွင် မှန်ကန်သည့်လမ်းကို ရွေးချယ်သွားကြသည်ကို သတိပြုဆင်ပြီး မိမိတို့ ထင်မြင်ယူဆနေသကဲ့သို့ အရာရာမြဲသည်ဟူသည့် အယူအဆများသည် အမှန်အားဖြင့် မမြဲသည့် အနိစ္စသဘောများသာ ဖြစ်ကြောင်း၊ အရာအားလုံးသည် ပျက်ဆီးခြင်းလျင် အဆုံးရှိကြောင်း ကောင်းစွာ သဘောပေါက်ကာ ယခုလက်ရှိအချိန်တွင်သာ အကောင်းဆုံးဖြစ်သည့် အလုပ်များကို ပြုလုပ်ရင်း မှန်ကန်သည့် အယူဝါဒအတိုင်း လျောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အသိပေးတိုက်တွန်း လိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ