အလှကိုယ်စီ

“လူဆိုတာ အဖွဲ့အစည်းနဲ့ နေတဲ့သတ္တ၀ါ တစ်မျိုးပဲ”လို့ဆိုတဲ့ စကားလေးကို စာအုပ်တစ်အုပ်မှာ ဖတ်လိုက်ရတော့ ကိုယ်ကိုယ်တိုင် အဖွဲ့အစည်းနဲ့ နေနေရတဲ့ အဖြစ်ကို စဉ်းစားနေရင်း အဖွဲ့အစည်းနဲ့ နေတဲ့သူအချင်းချင်း အဆင်မပြေလို့ အဖွဲ့အစည်း အပြင်ရောက်နေသူတွေကိုပါ သတိရမိပါတယ်။ တကယ်တော့ အဖွဲ့အစည်းလို့ ဆိုကတည်းက တစ်ဦးတစ်ယောက်တည်းနဲ့ ရပ်တည်လို့ ရတာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့၊ အဖွဲ့အစည်းတစ်ခု မပျက်စီးဖို့ ဆိုတာဟာ အဲဒီအဖွဲ့အစည်းမှာ ရှိနေကြတဲ့သူတွေရဲ့ ညီညွတ်မှုအပေါ် မူတည်ပါတယ်။ အဖွဲ့အစည်းမှာ ပါဝင်တဲ့သူ တစ်ဦးစီရဲ့ နားလည်ပေးမှု၊ ခွင့်လွှတ်တတ်မှု၊ ကူညီစောင့်ရှောက်တတ်မှု စတာတွေအပေါ်မှာ အဓိကကျပါတယ်။ အဖွဲ့အစည်းဆိုတဲ့အတွက် တစ်ဦးတစ်ယောက်ကောင်းနဲ့ မဖြစ်သလို တစ်ဦးတစ်ယောက် အပေါ်မှာပဲ မှီခိုနေလို့ မဖြစ်ပါဘူး။ အားလုံးကိုယ့်တာဝန်၊ ကိုယ့်အသိ၊ ကိုယ့်လုပ်ဆောင်ချက်နဲ့ပဲ ပူပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ်မရှိရင် မဖြစ်သလို သူမရှိလို့လည်း မဖြစ်ပြန်ပါဘူး။ ကိုယ်လုပ်နိုင်တာ သူမလုပ်နိုင်ပေမယ့် သူလုပ်နိုင်တာ ကိုယ်မလုပ်နိုင်တာတွေလည်း ရှိကောင်းရှိနေမှာပါ။ သေချာတာကတော့ သူ့အားသာချက်နဲ့သူ အလှကိုယ်စီ ရှိနေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

“သံဃာအား ဘုရားမလွန်ဆန်သာ” ဆိုတဲ့ စကားလေးတစ်ခု ရှိပါတယ်။ ဘုရားရှင်ပင်ဖြစ်ပေမယ့် သံဃာ့ပရိတ်သတ်နဲ့ ယှဉ်လာရင် သံဃာအင်အားကို အလေးထားကာ သံဃာ့အလိုဆန္ဒနောက်ပဲ လိုက်လေ့ရှိတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ တကယ်တော့ သံဃာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုက အစုအဖွဲ့လို့ အဓိပ္ပါယ်ရပါတယ်။ အစုအဖွဲ့ဖြစ်တဲ့အတွက် အစုအဖွဲ့ ညီညွှတ်ရင် ချမ်းသာကြောင်းလည်း ဗုဒ္ဓက မိန့်မှာတော်မူလေ့ရှိပါတယ်။ သမဂ္ဂါနံ တပေါ သုခေါ- ညီညွတ်တဲ့ အဖွဲ့အစည်းဟာ ချမ်းသာကြောင်း ဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ယောက်တည်းနဲ့ မစွမ်းသာ အများပါမှ ချမ်းသာရလို့ ဆိုသလို တစ်ယောက်ချင်း စုစည်းထားတဲ့ အစုအဖွဲ့ရဲ့ အားဟာ နဲနဲနဲနဲ ပေါင်းထားတဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ အားပါပဲ။ တစ်ဦးချင်းမှာ ရှိနေတဲ့ အရည်အချင်းဟာ သူတစ်ဦးတည်းဆို ဘာမှမဖြစ်လာပေမယ့် သူလိုတစ်ခုခု အားသာချက်ရှိတဲ့ သူတွေစုလိုက်တော့လည်း အားအင်တစ်ခု ဖြစ်သွားတော့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းမှာ သူ့အားသာချက်နဲ့သူ အလှကိုယ်စီတော့ ရှိနေကြတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ စကားစပ်လို့ ဆရာကြီး ဦးတင်မိုး ရေးတဲ့ ကဗျာလေးတောင် သတိရမိပါသေးတယ်။ ဆရာကြီးက သူ့ကဗျာလေးကို “အလှကိုယ်စီ” လို့ အမည်ပေးပြီး

“ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်
စပါယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း
သူ့အခါနှင့် ငုဝါနှင့်
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းဂယှက်နှင့်
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းရေနှင့်
မည်သည့်အရာ မဆိုသာသည့်
သူ့မှာကိုယ့်မှာ အလှသာတည့်
သဘာဝလျှင်
အစွမ်းကိုယ်စီ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏
အလှဝန်တို မငြင်ငြိုနှင့်
အချိန်အခါ နေရာဒေသ
ဌာနအလျောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား…။ ။
(တင်မိုး)” လို့ ရေးသားစပ်ဆိုခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဆရာကြီး စပ်ဆိုခဲ့သလို အားလုံးဟာ ကိုယ်စီအလှ ကိုယ်စီအစွမ်းလေးတွေ ရှိနေကြတယ်ဆိုတာ သူ့နေရာနဲ့သူ အသုံးတည့်လာတဲ့အခါမှာ ပိုပြီးသိသာလှပါတယ်။ ဆရာကြီးရဲ့ ကဗျာလေးက လူတိုင်းစွမ်းအားကိုယ်စီ၊ အလှကိုယ်စီ ရှိနေကြတဲ့အတွက် ဘယ်သူ့ဘယ်သူကိုမှ အထင်မသေးကြဖို့နဲ့၊ ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို မနှိမ့်ချမိစေဖို့ သတိပေးနေသလို ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းတို့ မြန်မာ့အသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေမှာတော့ ဆရာကြီး သတိပေးနေသလို မဟုတ်ကြဘဲ သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်တဲ့ အကျင့်လေးတွေက ရှိနေပြန်တော့ ပညာရှင်ကြီးများရဲ့ အဆုံးအမလေးတွေကိုတောင် တစ်ခါတစ်လေ အားနာမိသလို ဖြစ်မိပါသေးတယ်။ လူဟာ အဖွဲ့အစည်းနဲ့ နေတဲ့ သတ္တ၀ါလို့ ဆိုကြပေမယ့် အဖွဲ့အစည်း ဖြစ်လာရင် ကွဲကြပြဲကြ တိုက်ကြခိုက်ကြတဲ့ အစဉ်အလာတွေ ရှိနေတတ်တဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွက်တော့ မြန်မာဟာ အဖွဲ့အစည်းနဲ့ မနေတတ်တဲ့ သတ္တ၀ါလို့တောင် ပြောရမလို ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့အဖွဲ့အစည်းဟာ ဘုရားဟောတဲ့ “ညီညွတ်တဲ့ အဖွဲ့အစည်းဟာ ချမ်းသာတယ်”ဆိုတဲ့ သုခကို မခံစားရတာ ဖြစ်မှာပါ။

သိတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့ မြန်မာများကတော့ အဖွဲ့အစည်း မလုပ်နဲ့ လုပ်လိုက်တာနဲ့ တိုက်မယ်ခိုက်မယ် ဆိုတာတွေပဲ ဆိုတော့ ဘယ်အဖွဲ့အစည်း ဖြစ်ဖြစ် ထူးထူးခြားခြား ကြီးကြီးမားမား ပေါက်ရောက် အောင်မြင်တယ်ဆိုတာ မရှိလောက်အောင်ပါပဲ။ ဘာသာရေး အဖွဲ့အစည်းရော၊ လူမှုရေး အဖွဲ့အစည်းတွေရော အကုန်ပြဿနာတွေနဲ့ သူအုပ်စုနဲ့သူ ဖြစ်ကုန်ကြပါတယ်။ အဆိုးဆုံးက ဘာသာရေး အဖွဲ့အစည်းတွေ ကွဲကြပြဲကြတာက အဆိုးဆုံးပါပဲ။ လုပ်တာက ဘာသာရေးအလုပ် လုပ်ရပ်နဲ့ စိတ်ဓာတ်တွေက မနာလိုမှု၊ ၀န်တိုမှု၊ အထင်သေးမှု၊ မာနကြီးမှုတွေနဲ့ ဆိုတော့ ဘယ်လိုညီညွတ်မှုမှ မရဘဲ နောက်ဆုံးတော့ ကွဲတာ၊ ပျက်တာ၊ ပျောက်တာနဲ့ပဲ အဆုံးသပ်သွားရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ ကြည့်လိုက်ရင် မြန်မာဘုန်းကြီးကျောင်း၊ မြန်မာအဖွဲ့အစည်းဆိုရင် ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား မရှိကြပဲ ဟိုတစ်စု ဒီတစ်စု ဖြစ်ကုန်ကြတော့တာပါ။ ဒါဟာ တစ်ဦးချင်း တစ်ယောက်ချင်းမှာ ရှိကြတဲ့ အလှလေးတွေကို ဂရုမစိုက်မိဘဲ သူရှိမှဖြစ်မယ်၊ ငါရှိမှဖြစ်မယ်၊ သူမှမှန်တယ်၊ ငါမှမှန်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ သူတစ်ပါးအပေါ် နှိမ့်ချမှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရှိနေသမျှတော့ မြန်မာ့အဖွဲ့အစည်းဟာ ညီညွတ်မှုနဲ့ ချမ်းသာမှုကို မရနိုင်ဘဲ ငြိမ်းချမ်းရေးနဲ့ ဝေးနေကြဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ လူတိုင်းလူတိုင်းဟာ အလုံးစုံ ပြည့်စုံတဲ့ လူတွေမဟုတ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း ကတော့ ဘယ်ကိစ္စမှ ပြီးမြောက်အောင်မြင်မှာ မဟုတ်ပါဘူး။ အများပေါင်းစုပြီး သူ့နေရာ၊ သူ့ကျွမ်းကျင်ရာနဲ့ ပေါင်းစပ်လုပ်နိုင်မှ ကောင်းမြတ်တဲ့ အကျိုးရလာဘ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလို သူ့အစွမ်းနဲ့ သူ့အားသာချက် ရှိနေတဲ့အတွက်လည်း လိုအပ်တဲ့နေရာမှာ လိုအပ်သလို လုပ်နိုင်ကြဖို့ အဖွဲ့အစည်းဆိုတာ ဖွဲ့လာကြတာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့လာပြီးမှ ကိုယ်မရှိရင် မဖြစ်ဘူး၊ သူမရှိရင် မဖြစ်ဘူးဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။ သေချာတာကတော့ သူမပါလို့ မဖြစ်သလို ကိုယ်မပါလို့လည်း မဖြစ်ပါဘူး။ သူ့ချည်းပဲ မပြီးသလို ကိုယ့်ချည်းပဲလည်း မပြီးပါဘူး။ သူရောကိုယ်ရော ပေါင်းစုမှ အားအင်းဆိုတာ ဖြစ်လာကြတာပါ။ ထီးဆောင်ဆရာတော်ကြီးရဲ့
“မင်းမပါ ဘာမပြီး
မင်းချည်သော်လည်း ဘာမှမပြီး
သူမပါ ဘာမပြီး
သူ့ချည်းသော်လည်း ဘာမှမပြီး
ငါမပါ ဘာမပြီး
ငါ့ချည်းသော်လည်း ဘာမှမပြီး
မင်း သူ ငါ ညီညာစုံမှ
လုံးစုံအကုန်ပြီး
ဖွဲ့ကြစုစည်း။ ။
(ထီးဆောင်းဆရာတော် ဘဒ္ဒန္တစက္ကပါလ)”ဆိုတဲ့ အဆုံးအမလိုပဲ မင်း၊ သူ၊ ငါ အစုံပါမှ အားလုံးအောင်မြင်လာကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အားလုံးဟာ အလှကိုယ်စီ ရှိနေကြတယ်ဆိုတာ အသေအချာပါပဲ။

ဒါကြောင့် အလှကိုယ်စီ ရှိနေကြတဲ့ အဖွဲ့အစည်းနဲ့ နေတဲ့သူအချင်းချင်း သူ့ကိုယ်နှိမ် ကိုယ့်သူနှိမ့်တဲ့ သဘောမျိုး၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတဲ့ သဘောမျိုး မထားကြဘဲ အဖွဲ့အစည်းတစ်ခု ညီညွတ်မှုရကာ ချမ်းသာကြစေဖို့ သူ့အလှလည်း ကိုယ်အသိအမှတ်ပြု၊ ကိုယ့်အလှလည်း သူအသိအမှတ်ပြုရင်း သူ့အပေါ်ကိုယ်နားလည်၊ ကိုယ့်အပေါ်သူနားလည်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ချင်းစာတရား၊ နားလည်မှုတရား၊ အရိုအသေပြုမှုတရား၊ နှိမ့်ချမှုတရားလေးတွေနဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ဆံကြည့်ကြမယ်ဆိုရင်တော့ မြန်မာ့အဖွဲ့အစည်းမှ မဟုတ်ပါဘူး၊ တစ်ခြားဘယ်အဖွဲ့အစည်းမှာ မဆို အောင်မြင်မှုနဲ့ ငြိမ်းချမ်းမှုကို ရကြမှာ မလွဲဧကန်ပဲ ဖြစ်ပါတော့ကြောင်း…။ အားလုံး အလှကိုယ်စီနဲ့ အလှပိုနိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ