ဆရာတော် မြန်မာပြည်တွင် ရှိနေမည်

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့၊ စိတ္တသု မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံ ကျောင်းတို့၏ ပဓာန နာယကဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တသည် (၁၆-၁၁-၂၀၁၂)ရက်၊ သောကြာနေ့မှစ၍ မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကာ ပြည်တွင်းသာသနာပြု လုပ်ငန်းများကို ဆောင်ရွတ်တော်မူမည် ဖြစ်ပါသည်။ 

 ဆရာတော် မရှိခိုက် ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ကျောင်းအကျိုး ဆောင်များက တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ထားကြမည် ဖြစ်သဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ဘာသာရေး၊ သာရေးနာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွတ်လိုသူ မြန်မာဒကာဒကာမများ အနေဖြင့် အောက်ဖော်ပြပါ ကျောင်းအကျိုးဆောင် အဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ အတူတကွ ပူပေါင်းပါဝင် ဆောင်ရွတ်နိုင်ကြမည် ဖြစ်ပါသည်။ 
၁။ ကိုမင်းနိုင် (010 2201 8388) 
၂။ ကိုမျိုးညွန့်သိန်း (010 6868 2988) 
၃။ ကိုဘုန်းနိုင် (010 5658 2250) 
၎။ ကိုဝင်းနိုင်ဦး (010 5785 3015) 
၅။ ကိုလင်းထိန်ဝင်း (010 4345 1980) 

ဆရာတော် မြန်မာပြည်တွင် သီတင်းသုံးနေတော်မူစဉ်ကာလ ဆရာတော်ထံ ဆက်သွယ်လိုကြသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းများသို့ ကြိုတင်ဆက်သွယ်ကာ တွေ့ဆုံဖူးမျှော်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 

မနာပဒါယီဆရာတော် အရှင်ဝိစိတ္တ 
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက် 
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ 
ကျောင်းဖုန်း = ၃၈၃-၇၉၆ 
လက်ကိုင်ဖုန်း = ၀၉၄၃-၁၆၂-၃၁၂

Read more »

မနာပဒါယီသုတ် ကောက်နှုတ်ချက်


မနာပဒါယီ လဘတေ မနာပံ၊
 အဂ္ဂဿ ဒါတာ လဘတေ ပုနဂ္ဂံ။
 ဝရဿ ဒါတာ ဝရလာဘိ ဟောတိ၊
 သေဋ္ဌံ ဒဒေါ သေဋ္ဌမုပေတိ ဌာနံ။
 ''ယော အဂ္ဂဒါယီ ဝရဒါယီ၊ သေဋ္ဌဒါယီ စ ယော နရော။
 ဒီဃာယု ယသဝါ ဟောတိ၊ ယတ္ထ ယတ္ထူပပဇ္ဇတီ''တိ။

'နှစ်သက်ဖွယ်ကို ပေးလှူသူသည် နှစ်သက်ဖွယ်ကို ရ၏၊ မွန်မြတ်သည်ကို ပေးလှူသူသည် တစ်ဖန့်မွန်မြတ်သည်ကို ရ၏၊ တောင့်တအပ်သည်ကို ပေးလှူသူ သည် တောင့်တအပ်သည်ကို ရ၏၊ ချီးမွမ်းအပ်သည်ကို ပေးလှူသူသည် ချီးမွမ်း အပ်သည့် (ဌာန)သို့ ရောက်ရလေ၏၊ အကြင်သူသည် အထွတ်အမြတ် ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ တောင့်တအပ် သော ဝတ္ထုကိုပေးလှူလေ့ရှိ၏၊ အကြင်သူသည် ချီးမွမ်းအပ်သော ဝတ္ထုကို ပေး လှူလေ့ရှိ၏၊ ထိုသူသည် ဖြစ်လေရာရာဘုံဘဝ၌ အသက်ရှည်ခြင်း အခြံအရံများ ခြင်း ဖြစ်ရ၏'' 
(အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မနာပဒါယီသုတ်)

Read more »

အသွင်လောက


အသွင်လောက
**********
အသွင်လောက အထင်ပြောရရင်
အဆင်မချောလှချင်ဘူး။

သဘောမကျမရင် မနောပါမလှချင်တာကြောင့်
ပြောတာကအစ ဒေါသပုံထနေသလိုပါပဲ။

ကြိုက်တဲ့သူဆို အလိုက်တူလို့
မကြိုက်တဲ့သူဆို မမိုက်ဘူးလို့ ဆိုသူကဆို
ချစ်တဲ့သူဆို အပြစ်မဆိုဘဲ
မချစ်လို့ကတော့ အပြစ်ဖို့ကြဖို့ လုပ်သူကလုပ်
အလိုမကျရင် မလိုကြချင်ပေမယ့်
အလိုကျလို့ကတော့ လိုသမျှရော့လို့ ပေးသူကပေး
နှစ်သက်တဲ့အခါ အချစ်အတွက်ပါလို့ ပြောကြပေမယ့်
မနှစ်သက်တဲ့အခါ နင့်အတွက်မပါဘူးလို့ ငြင်းသူကငြင်း
အင်း… အတင်းအဖျင်းတွေကလည်း အများသား။

အတွင်းအပြင် နှစ်ခုလုံး အဝိဇ္ဇာဆိုတဲ့ မြူတွေနဲ့ဖုံးနေတော့
အမှားကိုမမြင် အနှစ်ကို အပြစ်လို့ ထင်နေကြ
ပြင်ရန်ခက်လှတဲ့
အို… အသွင်လောကပါတကား။ 

by မနာပဒါယီ အရှင်ဝိစိတ္တ

Read more »

အကြောင်းချုပ်မှ အကျိုးချုပ်မယ်


သတ္တဝါတွေဟာ ဒုက္ခတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ အလွန်ခံစားလွယ်ပြီး ဒီဒုက္ခတွေကို ပယ်ဖို့ကြိုးစားလေ့ ရှိတတ်ပါတယ်။ ဒါပေမယ့် အပယ်လွဲနေတော့ ဒုက္ခကပယ်မရဘဲ ပိုပြီးတောင် တွယ်နေကြရတာ ဖြစ်ပါတယ်။ 

တကယ်တော့ ဒုက္ခဆိုတာ ကြောင်းကျိုးစကားနဲ့ ပြောရရင် အကျိုးတရားပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းတရားကြောင့် ဖြစ်လာတာ ဖြစ်တဲ့အတွက် အကျိုးကို ပယ်လို့မရပါဘူး။ နောက်ထပ်အဲဒီ အကျိုးတရား မဖြစ်အောင်သာ အကြောင်းကို ကောင်းအောင်ကျိုးစားရမှာပဲ ဖြစ်ပါတယ်။ ဒုက္ခဖြစ်လို့ ဒီဒုက္ခကို မခံစားနိုင်လို့ဆိုပြီး ရရှိလာတဲ့ အကျိုးဆက်ကို ကျိုးပျက်သွားအောင် လုပ်ပေမယ့် အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအကျိုးတရားကတော့ ဆက်ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ တကယ်ဒုက္ခငြိမ်းချင်ရင်တော့ ဒီဒုက္ခတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းတရားကိုပဲ ပယ်ကြရမှာ ဖြစ်ပါတယ်။ ဒုက္ခကို ဖြစ်ပေါ်စေနိုင်တဲ့ ကံအကြောင်းတရားတွေကို ကောင်းစေမယ်ဆိုရင် အကျိုးတရားကိုလည်း ကောင်းစေမှာ ဖြစ်တဲ့အတွက် ဖြစ်ပေါ်ပြီးသား အကျိုးဒုက္ခများကို အသားထား၊ နောင်ဖြစ်ပေါ်လာမယ့် အကျိုးတရား ကောင်းအောင်သာ အခုလက်ရှိ လုပ်ဆောင်နေတဲ့ အကြောင်းတရားကို ကောင်းအောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဒါတောင်မှ တကယ်ဒုက္ခငြိမ်းစေတဲ့ သဘောမျိုး မဟုတ်သေးပါဘူး။ အကြောင်းကောင်းလို့ အကျိုးကောင်းတွေ ဖြစ်နေပေမယ့် အကြောင်းရှိနေသမျှ အကျိုးကလည်း ရှိနေမှာဖြစ်ပြီး ဒီလို ကြောင်းကျိုးဆက်နေသမျှ သံသရာ ရှည်ကြာမှုကလည်း ရှိနေကြဦးမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အကြောင်းကို ချုပ်ပျောက်သွားအောင် လုပ်နိုင်မှ အကျိုးတရားပါ ချုပ်ပျောက်သွားမှာ ဖြစ်ပြီး သံသရာလည်မှုလည်း အဆုံးသတ်သွားမှာ ဖြစ်တဲ့အတွက် သံသရာလည်စေတဲ့ ကံတွေကို ဉာဏ်နဲ့ဖြတ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်၊ မကောင်းတဲ့ အလုပ်တွေဆိုတာ ဝိပဿနာဉာဏ်ကို အခြေခံတဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေနဲ့ မဖြတ်နိုင်သေးသမျှ အကျိုးသက်ရောက်မှုတွေလည်း ရှိနေဦးမှာ ဖြစ်တဲ့အတွက် အဲဒီကံတွေကို ဉာဏ်နဲ့ဖြတ်နိုင်အောင် အားထုတ်ကြဖို့ပဲ ဖြစ်ပါတယ်။ 

ကံတွေကို ဉာဏ်နဲ့ဖြတ်နိုင်ပြီဆိုရင် အကြောင်းကိုလည်း သတ်လိုက်နိုင်ပြီ ဖြစ်တဲ့အတွက် သံသရာလည်မှုလည်း အဆုံးသတ်သွားတော့တာ ဖြစ်ပါတယ်။ သံသရာလည်မှု မရှိတော့ဘူးဆိုရင် ဒုက္ခခံစားမှုဆိုတာလည်း မရှိနိုင်တော့တဲ့အတွက် ဘဝနိဂုံးလည်း အဆုံးသတ်သွားတော့တာပဲ ဖြစ်ပါတယ်။ 

Read more »

ပျက်စီးခြင်း နှင့် ပြည့်စုံခြင်း (သို့) ဗျသနသုတ်


ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -
အဆွေအမျိုးတို့၏ ပျက်စီးခြင်း
စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း
အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း
အကျင့်သီလ၏ ပျက်စီးခြင်း
အယူ၏ ပျက်စီးခြင်းတို့တည်း။

ရဟန်းတို့ သတ္တဝါတို့သည် အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့် ဖြစ်စေ၊ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊ အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်းကြောင့် ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ မဖြစ်ရကုန်။

ရဟန်းတို့ သတ္တဝါတို့သည် အကျင့်သီလ၏ ပျက်စီးခြင်းကြောင့် ဖြစ်စေ၊ အယူ၏ ပျက်စီးခြင်းကြောင့် ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ ဖြစ်ကုန်ရာ၏။
ရဟန်းတို့ ပျက်စီးခြင်းတရားတို့သည် ဤငါးမျိုးတို့တည်း။
---------------------------
ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -
အဆွေအမျိုးတို့၏ ပြည့်စုံခြင်း
စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်း
အနာကင်းမှု၏ ပြည့်စုံခြင်း
အကျင့်သီလ၏ ပြည့်စုံခြင်း
အယူ၏ ပြည့်စုံခြင်းတို့တည်း။

ရဟန်းတို့ သတ္တဝါတို့သည် ဆွေမျိုးတို့၏ ပြည့်စုံခြင်းကြောင့် ဖြစ်စေ၊ စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်းကြောင့် ဖြစ်စေ၊ အနာကင်းမှု၏ ပြည့်စုံခြင်းကြောင့် ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်၌ မဖြစ်ကုန်။

ရဟန်းတို့ သတ္တဝါတို့သည် အကျင့်သီလ၏ ပြည့်စုံခြင်းကြောင့် ဖြစ်စေ၊ အယူ၏ ပြည်စုံခြင်းကြောင့် ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။
ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်း။ 
(အင်္ဂုတ္တိုရ် ပါဠိတော်၊ ဂိလာနဝဂ်၊ ဗျသနသုတ်)
*******************

ကောက်ချက်
ကိုယ့်အမျိုးတွေ ပျက်စီးသွားတဲ့အတွက်၊ ကိုယ့်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေ ပျောက်ပျက်သွားတဲ့အတွက်၊ အနာရောဂါ နှိပ်စက်လို့ ကိုယ့်ရုပ်တရား ပျက်စီးသွားတဲ့အတွက်ကြောင့်တော့ သေပြီးနောက်ဘဝမှာ အပါယ်ဘုံဘဝမှာ မဖြစ်နိုင်ပါဘူး။ အကျင့်သီလ ပျက်စီးသွား၊
 အယူဝါဒ ပျက်စီးသွားတဲ့ အခါမှာသာ အပါယ်ဘုံဘဝကို ရောက်ရှိသွားကြရမှာ ဖြစ်ပါတယ်။

ဒါလိုပါပဲ ဒီဘဝမှာ အဆွေအမျိုးတွေ တောင့်တင်းပြည်စုံနေ၊ စည်းစိမ်းဥစ္စာတွေ များပြားပြည့်စုံနေ၊ အနာရောဂါကင်းပြီး ကျန်းမာရေးနဲ့ ပြည့်စုံနေပေမယ့် ဒီပြည့်စုံမှုတွေဟာ အပါယ်ဘေးက ကယ်တင်ပြီး ကောင်းတဲ့ဘုံဘဝတွေကို ရောက်အောင်ပို့ပေးနိုင်တာ မဟုတ်ပါဘူး။ အကျင့်သီလပြည့်စုံမှ၊ အယူဝါဒ မှန်ကန်ပြည့်စုံနေမှသာ ကောင်းတဲ့သုဂတိဘဝကို ရောက်ရှိနေနိုင်ကြမှာ ဖြစ်ပါတယ်။

Read more »

ကထိန်အကြောင်း သိကောင်းစရာ


သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာ
ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာ
ဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများ
ဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရ
ကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှု
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရား
ဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

Read more »

လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ


“လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ”
ဓမ္မကထိက ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ တရားခေါင်းစဉ်လေးတစ်ခုပါ။ ဒီခေါင်းစဉ်လေးကို ကြိုက်လွန်းလို့ ကိုယ့်ဘဝနဲ့ချိန်ထိုးထားတဲ့ အတွေးလေးတွေကို စာတစ်ပုဒ်အဖြစ် ရေးထုတ်ဖြစ်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မကြာခင် အသက် (၃ဂ)နှစ်ပြည့်ကာ (၄၀)နားကို တဖြည်းဖြည်းကပ်လာတဲ့ ဘဝရဲ့ ဖြတ်သန်းမှုတွေကို စဉ်းစားရင် လေးဆယ်ကျော်လာရင် ဘဝကို ဘယ်လိုဖြတ်သန်းမလဲ၊ ဘဝကို ဘယ်လိုချစ်ကြည့်မလဲ၊ သက်တမ်းတစ်ဝက်ကျိုးလာနေတဲ့ ဘဝဖြတ်သန်းမှုမှာ ကျန်တဲ့အချိန်တွေကို ဘယ်လိုနေထိုင်ကြည့်မလဲ စတဲ့ မေးခွန်းတွေလည်း အတွေးတွေနဲ့ မေးထုတ်ဖြစ်ခဲ့ပါတယ်။ 

တကယ်တော့ ပုထုဇဉ် သတ္တဝါ မှန်သမျှ အတ္တကတော့ ရှိနေကြတာ ဖြစ်ပါတယ်။ အဲဒီအတ္တကို အခြေခံထားတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြဲဦးစားပေးနေလေ့ ရှိတတ်ပါတယ်။ အချစ်ဆိုရင်လည်း ကိုယ်လိုချင်သလို ချစ်ပစ်လိုက်ကြသလို ကိုယ့်ကိုလည်း ချစ်စေချင်တတ်ကြပါတယ်။ ကိုယ်ချစ်ခဲ့ရတဲ့ အချစ်တွေအကြောင်း ပြန်တွေးကြည့်ရင် ငယ်ငယ်ကလေးဘဝတုန်းကလည်း အမေကိုချစ်လိုက်ရတာ၊ အဖေကိုချစ်လိုက်ရတာ၊ အဖိုးအဖွားတွေကို ချစ်လိုက်ရတာနဲ့ ချစ်လို့ကို မဆုံးနိုင်သလို အရွယ်လေး ရောက်လာပြန်တော့လည်း ကိုယ်နှစ်သက်တဲ့ သူတွေကို အရူးအမူးချစ်လိုက်ကြပြန်ပါတယ်။ အသက်အရွယ်တွေ ရလာပြန်တော့လည်း အချစ်တွေက မကုန်သေးဘဲ ဟိုမြေးကိုချစ်လိုက်ရ၊ ဒီမြေးကိုချစ်လိုက်ရ၊ ဟိုဟာစိတ်မချလို့ ပူလိုက်ရ၊ ဒီဟာစိတ်မချလို့ စိုးရိမ်လိုက်ရနဲ့ အချစ်တွေဟာ အဆုံးကို မသတ်နိုင်တော့အောင်ပဲ ဖြစ်ပါတယ်။ ကလေးငယ်ဘဝမှာလည်း ကလေးဘဝ၊ ကလေးအတွေးနဲ့ ကိုယ့်ကိုဦးစားပေးတဲ့အချစ်၊ ဆယ်ကျော်သက်အရွယ်မှာလည်း ကိုယ့်ဆန္ဒကို ဦးစားပေးတဲ့အချစ်၊ လေးဆယ်ကျော်လို့ အရွယ်လွန်ဘဝကို ရောက်လာတဲ့အခါမှာလည်း ကိုယ့်အတ္တကို ဦးစားပေးတဲ့ အရွယ်လွန် အချစ်တွေနဲ့ ချစ်ပြီးရင်းချစ်နေကြရတဲ့ ဘဝဖြတ်သန်းမှုမှာ ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့ အချစ်တွေနဲ့ ချစ်ခဲ့ကြဖူးလားဆိုတော့ ပြောရတာ အတော်ခက်လှပါတယ်။ 

အချစ်တွေနဲ့ မကင်းနိုင်သေးတဲ့ အနေအထားမှာ ဘဝကို အသက်အရွယ်အလိုက် အချစ်တွေနဲ့ ဖြတ်သန်းခဲ့ကြပေမယ့် လေးဆယ်ကျော်လာတဲ့ ဘဝနောက်ပိုင်းအချိန်တွေမှာ ချစ်တဲ့အချစ်တွေကိုတော့ ပုံစံတစ်မျိုးနဲ့ ပြောင်းချစ်နိုင်အောင် ကြိုးစားသင့်လှပါတယ်။ အရွယ်တိုင်းမှာ ကိုယ့်ကိုယ်ကို ဦးစားပေးတဲ့ အတ္တတွေနဲ့ ပုံစံအမျိုးမျိုး ချစ်ခဲ့ကြပေမယ့် လေးဆယ်ကျော်လာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်တွေ ပြောင်းသင့်လှပါတယ်။ ကိုယ်ကချစ်လိုက်ရတာ၊ ကိုယ့်ကိုအချစ်ခံရတာတွေဟာ ကိုယ့်အကျိုးကို လိုလားတဲ့ချစ်ခြင်းတွေလို့ ထင်ရပေမယ့် တကယ်တမ်းကြတော့ အဲဒီအချစ်တွေဟာ ကိုယ့်အတ္တကို ဦးစားပေးပြီး ချစ်ခဲ့ကြတဲ့ အချစ်တွေဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့ အချစ်တွေလို့ ပြောလို့မရပါဘူး။ ကိုယ့်ကိုနစ်မွန်းစေမယ့် အချစ်တွေပဲ ဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ချစ်ခဲ့ကြတဲ့ အချစ်တွေဟာ တွယ်တာမှု သမုဒယ တဏှာကို ဦးစားပေးပြီး ချစ်ခဲ့ကြတဲ့ အချစ်တွေ ဖြစ်တဲ့အတွက် အချစ်ကြီးလေး ဘဝသံသရာမှာ အပြစ်ကြီးလေပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ဘဝသံသရာအရေး ဦးစားပေးတဲ့ အချစ်တွေနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘဝသံသရာ နစ်မွန်းစေမယ့် အချစ်တွေကို ရှောင်ရှားပြီး ဘဝသံသရာ လွတ်မြောက်ရာကို ရွေးချယ်ပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တဒင်္ဂ ခံစားချက်ကို ဦးစားပေးပြီး သံသရာနဲ့ချီတဲ့ ပေးဆပ်မှုမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။  တွယ်တာမှု သံယောဇဉ်ကို ဦးစားပေးတဲ့ အချစ်တွေကနေ ရုန်းထွက်ဖြစ်ပြီး အကျင့်တရားကို ဦးစားပေးတဲ့ လေ့ကျင့်နေထိုင်မှုမျိုးနဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ကျင့်တရားမကောင်း၊ အပြစ်မကင်းတဲ့ ပုံစံမျိုးနဲ့ ဘဝကို ပုံဖော်နေတဲ့ အနေအထားကနေ ကိုယ်ကျင့်တရား ကောင်းအောင်ထိန်းသိမ်း စောင့်ရှောက်ပြီး အပြစ်ကင်းတဲ့ အလုပ်တွေမှာ အားထုတ်နေတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းက လုပ်နေကျဖြစ်တဲ့ မကောင်းတဲ့ အလုပ်တွေကနေ ရှောင်ရှားပြီး မလုပ်ဖူးသေးတဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အလုပ်တွေမှာ လုပ်လာနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလို နေထိုင်မှုမျိုးကသာ ကိုယ့်ကိုယ်ကို တကယ်ချစ်ရာ ရောက်မှာဖြစ်ပါတယ်။ 

မြတ်စွာဘုရားရှင်က “မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတွင် တစ်ပါးပါးသော အရွယ်၌ (လုံ့လပြုကာ) သုတ်သင်ရာ၏”လို့ ဟောကြားဆုံးမရင်း ကိုယ့်ကိုယ်ကို ချစ်ရင် ကိုယ့်ကိုယ်ကို ပြင်ဆင်ကြဖို့၊ ကိုယ့်ကိုယ်ကို အရွယ်အလိုက် အပြစ်ကင်းအောင် နေထိုင်ကြဖို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော်အတိုင်း ဆိုရင်တော့ လေးဆယ်ကျော်မှ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကုသိုလ်တရားတွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ သူများကိုချစ်ဖို့ထက် ကိုယ့်ကိုယ်ကို အရွယ်တိုင်းမှာ သန့်ရှင်းအောင် ကြိုးစားရင် ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်လာတတ်တဲ့ သေခြင်းတရားကို ခဏထားပြီး လက်ရှိသက်တမ်းအရ ပြောကြမယ်ဆိုရင် လေးဆယ်ကျော်ဆိုတာ ဘဝရဲ့ သက်တမ်းတစ်ဝက် ကျော်လာနေတော့တာ ဖြစ်ပါတယ်။ ဒီလို အသက်အရွယ်အထိ ကိုယ့်ကိုယ်ကို မချစ်နိုင်သေးဘဲ သူများကိုချည်း ချစ်နေလို့ကတော့ ကိုယ်သေရင် အဲဒီအချစ်တွေက ကောင်းရာကို တွန်းပို့ပေးမှာ မဟုတ်ပါဘူး။ လေးဆယ်ကျော်အချစ်နဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်ဖို့ဆိုတာ ကိုယ်အသက်အရွယ်အရ ပြုပြင်နေထိုင်၊ ဆင်ခြင်လိုက်နာ၊ ကျင့်သုံးရမယ့် အရာတွေအပေါ်မှာ ကြိုးစားနေထိုင် ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အသက်အရွယ် ရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ချစ်လာနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကိုယ်ကျင့်တရားလေးတွေ ကောင်းအောင်ထိန်းသိမ်းပြီး စွမ်းနိုင်သမျှ ဒါနလုပ်တာ၊ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ အားထုတ်တာတွေကို လုပ်ကြရမှာ ဖြစ်ပါတယ်။ ဟိုသံယောဇဉ်၊ ဒီသံယောဇဉ်တွေနဲ့ ကိုယ့်ကိုယ်ကို မေ့ပြီး သူများတွေအပေါ်မှာ အချစ်တွေနဲ့ သမုဒယပိုနေတာတွေကို လျော့ချပြီး ကိုယ့်ရဲ့သံသရာ အရေးကိုတွေးကာ ကောင်းတဲ့အလုပ်တွေမှာ အချိန်ပေးခြင်းဟာ ကိုယ့်ကိုယ်ကို ချစ်တာပဲ ဖြစ်တဲ့အတွက် ဒီလိုအချစ်မျိုးနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

တစ်ခါတလေ တစ်ချို့တချို့ သူတွေနဲ့ ဆုံဖူးပါတယ်။ သူတို့အရွယ်တွေကြည့်တော့လည်း ငယ်တော့တဲ့ အရွယ်တွေ မဟုတ်ဘူး။ လုပ်နေတဲ့အလုပ်တွေက မဟုတ်တာတွေပဲ များနေပြီး ဟိုသံယောဇဉ်၊ ဒီသံယောဇဉ်၊ ဟိုအချစ်ဒီအချစ်တွေနဲ့ လုံးချာလိုက်နေတဲ့ အဖြစ်ပါ။ ကိုယ့်အသက်အရွယ်အရ ကိုယ့်ကိုယ်ကို ဆင်ခြင်ဖို့ စိတ်ကူးမရှိသေးဘဲ ဘယ်လိုပျော်လိုက်မယ်၊ ဘယ်လိုစားလိုက်မယ်၊ ဘယ်လိုသောက်လိုက်မယ်၊ ဘယ်လိုကဲလိုက်မယ် စသဖြင့် အပျော်အပါးတွေမှာပဲ လိုက်စားလို့ ကောင်းနေကြတဲ့ အဖြစ်တွေပါ။ ဒီလို အရွယ်လေးရလာလို့မှ ကိုယ့်ကိုကိုယ် သတိဝင်ကာ မပြုပြင်ဘဲ နေကြမယ်ဆိုရင် ဘယ်အချိန်ကျမှ ပြုပြင်ကြ၊ ဆင်ခြင်ကြမလဲဆိုတာ စဉ်းစားစရာပဲဖြစ်ပြီး အချိန်နှောင်းမှ သံဝေဂရလို့ ပြုပြင်မယ်ဆိုတဲ့အခါ နောက်ကျသွားတတ်တာကိုလည်း သတိပြု ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ 

အသက်အရွယ်ဆိုတာ သေချာပေါက် ပြောလို့မရသလို ဘယ်အရွယ်မှာ ဘယ်လိုနေလိုက်ကြမယ်ဆိုတာလည်း ကွတ်တိတွက်လို့ မရတဲ့ သဘောတွေ ရှိနေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ကြီးရင့်လာတဲ့ ကိုယ်အဖြစ်ကို သတိပြုဆင်ခြင် ပြုပြင်နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း အသက်အရွယ်ရလာကြတဲ့ အပိုင်းမှာ သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူဘာပြောပြော ပြင်စရာဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပဲ ပြင်ကြရမှာ ဖြစ်တဲ့အတွက် အချိန်မရလို့ ငယ်ဘဝက မပြင်မိကြရင်လည်း လေးဆယ်နားကပ်လာ၊ လေးဆယ်ကျော်လာတဲ့ အခါမှာတော့ သတိတရနဲ့ကို ပြင်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကို ချစ်ဖို့ထက် သူများကို ချစ်ဖို့ပဲ ကြိုးစားနေရကနေ လေးဆယ်ကျော် အရွယ်ချည်းကပ်လာတဲ့ အခါမှာတော့ သူများကိုချစ်ဖို့ထက် ကိုယ်ကိုယ့်ကို ကုသိုလ်တရားတွေနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် တဖြည်းဖြည်း အကျပိုင်းကို ချည်းကပ်လာတဲ့ ကိုယ့်အသက်အရွယ်အရ သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ချစ်နိုင်ကြဖို့ ကြိုးစားကြရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကို်ယ်ကို တကယ်ချစ်ရာရောက်အောင် ကိုယ့်ရဲ့လက်ရှိ သူများတွေအပေါ်မှာ၊ အခြားခြား သံယောဇဉ် ဖြစ်စရာအပေါ်မှာ တွယ်တာမှုများ၊ အချစ်တွေ ပွားနေကြရာကနေ ရုန်းထွက်ပြီး ကိုယ်မလုပ်ဖူးသေးတဲ့ ကုသိုလ်အလုပ်တွေ၊ မထိန်းဖူးသေးတဲ့ သီလတွေ၊ မလှူဖူးတဲ့ အလှူတွေ၊ မကျင့်ဘူးတဲ့ သမထ၊ ဝိပဿနာ အကျင့်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်ပြီး အရွယ်လွန်အချစ်ကနေ သံသရာလွန်မြောက်ရာ အဖြစ်များအထိ ကိုယ်ကိုယ်ကို ချစ်ကြည့်ကြရမှာ ဖြစ်ပါကြောင်း လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲဆိုတဲ့အပေါ် အရွေးတော်အောင် အသိစကား ပါးလိုက်ရပါတယ်။ 

Read more »

ပဝါရဏာက ပေးတဲ့ မက်စေ့ခ်ျ (message)


ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ (၃၀-၁၀-၂၀၁၂)ရက်နေ့က ဘုန်းဘုန်းတို့ ကိုရီးယားရောက် ထေရဝါဒ မြန်မာရဟန်းတော်များ စုပေါင်းပြီး သံဃာ့ပဝါရဏပွဲကို ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ တစ်နိုင်ငံတည်းမှာ ရှိနေပမယ့် မတူညီတဲ့ အရပ်ဒေသတွေမှာ ဖြစ်နေကြတဲ့အတွက် ရဟန်းတော်အချင်းချင်းလည်း မတွေ့ဆုံဖြစ်ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်နှစ်မှာအနည်းဆုံး တစ်ခါလောက်တော့ ပဝါရဏာပွဲမှာ မဖြစ်မနေ တွေ့ဆုံပြီး ဘာသာရေး၊ သာသနာရေး၊ လူမှုရေးတွေ အတွက်လည်း ညှိနှိုင်းအဖြေရှာကြဖို့ ကတိကဝတ်ပြု ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနှစ်သီတင်းကျွတ် လပြည့်နေမှာလည်း မအားတဲ့ကြားက ပဝါရဏပွဲကို သံဃာအများ တက်ရောက်ပြီး ပဝါရဏ ပြုဖြစ်ခဲ့ကြပါတယ်။ ပဝါရဏပြုပြီးတော့ ဘုန်းဘုန်းတို့ထေရဝါဒ ရဟန်းတော်များ လစဉ်စုဆောင်းလာခဲ့ကြတဲ့ ပညာပဒေသာပင် ထောက်ပံ့ပေးရေး အစီအစဉ်ကိုလည်း ဝိုင်းဝန်းဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ 

ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက ပဝါရဏနဲ့ ပတ်သက်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပဝရဏာပွဲမှာလည်း ဒကာတစ်ယောက်က ပဝါရဏနဲ့ ပတ်သက်တဲ့ အကြောင်းကို မေးမြန်းခဲ့လို့ အကြီးဆုံးမထေရ်တစ်ပါးက ဖြေကြားပေးဖြစ်ခဲ့ပါသေးတယ်။ ပဝါရဏာဟာ ဘုရားရှင်ရဲ့ ပညတ်ချက်နဲ့အညီ ပြုလုပ်ရတဲ့ ဝိနည်းတော်ဆိုင်ရာ လိုက်နာစောင့်ထိန်းမှု တစ်ခုဖြစ်တဲ့အတွက် ဘုရားတပည့်သား သံဃာတော်များအတွက် အရေးကြီးတဲ့ တွေ့ဆုံပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ပဝါရဏက ချမှတ်ပေးလိုက်တဲ့ မှတ်ချက်ကလည်း မျက်မှောက်ခေတ်မှာ ရဟန်းသံဃာများအတွက်သာ မဟုတ်ဘဲ လူပုဂ္ဂိုလ်များအတွက်ပါ လိုက်နာကျင့်သုံး နေထိုင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ရဟန်းတော်များ ပ၀ါရဏာပြုကြဖို့ မြတ်စွာဘုရား ခွင့်ပြုခဲ့ရတဲ့ အကြောင်းကလည်း အတော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါတယ်။ ကောသလတိုင်း၊ ဇနပုဒ်တစ်ခုရဲ့ တောကျောင်းမှာ ၀ါဆိုဝါကပ်ပြုကြတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ အချင်းချင်း ချမ်ချမ်းသာသာ သီတင်းသုံးပြီး ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြပါတယ်။ ဘယ်လိုနေထိုင်ကြရင် ငြိမ်းချမ်းမှုကို ရနိုင်တယ်၊ ချမ်းသာမှုကို ရနိုင်တယ်၊ ငြင်းခုံခိုက်ရန်မရှိဘဲ နေထိုင်နိုယ်တယ် စတဲ့ အကြံအစည်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးမှာ ရဟန်းတော်များဟာ ၀ါတွင်းသုံးလ ကာလပတ်လုံး အချင်းချင်း စကားတစ်လုံးမှ မပြောကြဘဲ ဆွမ်းခံဝတ်၊ ခြေဆေးဝတ်စတဲ့ ၀တ္တရားတွေကို ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး နေထိုင်ကြဖို့၊ တာဝန်ဝတ္တရားတွေကိုသာ ကျေပွန်အောင်လုပ်ပြီး စကားမပြောဘဲ နေကြမယ်ဆိုရင် ချမ်းချမ်းသာသာ နေနိုင်ကြမှာဖြစ်လို့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း စကားမပြောဘဲ နေကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကာ ၀ါတွင်းကာလကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီရဟန်းတော်များဟာ စကားမပြောဘဲ နေခဲ့ကြတဲ့အတွက် တစ်ပါးနဲ့တစ်ပါး အကောင်းလည်း မသိခဲ့ကြသလို အဆိုးလည်း မသိခဲ့ကြပါဘူး။ အပြစ်လည်း မသိကြသလို အနှစ်လည်း မသိခဲ့ကြပါဘူး။ ဒီလိုနဲ့ ၀ါတွင်းကာလ ကုန်ဆုံးခဲ့ကြပါတယ်။

ဝါကျွတ်လို့ ဘုရားရှင်ထံ အဖူးအမျှော်သွားတဲ့အခါ ဘုရားရှင်က အဲဒီရဟန်းတော်များကို ၀ါတွင်းကာလ ချမ်ချမ်းသာသာ နေခဲ့ရမှု ရှိမရှိ မေးမြန်းတော်မူပါတယ်။ ဒီအခါ ရဟန်းတော်များက မိမိတို့ အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့အညီ ၀ါတွင်းကာလမှာ တစ်ပါးနဲ့တစ်ပါး စကားမပြောကြဘဲ ချမ်းချမ်းသာသာ နေထိုင်ခဲ့ပါကြောင်း လျှောက်ထားပါတယ်။ ရဟန်းတော်များရဲ့ လျှောက်ထားချက်ကို နားထောင်ပြီး မြတ်ဗုဒ္ဓက “ရဟန်းတို့ သင်တို့နေထိုင်ခဲ့သည့် အကျင့်သည် မဂ်ဖိုလ်မပြီး အချည်းနှီးသော အကျင့်ဖြစ်၏၊ နွားဆိတ်စသော သတ္တ၀ါများ၏ အကျင့်ဖြစ်သကဲ့သို့ တိတ္တိတို့၏ အကျင့်လည်းဖြစ်၏၊ ဤသို့သော အကျင့်နှင့် နေထိုင်သော သင်တို့သည် ချမ်းသာစွာ နေထိုင်ခဲ့ခြင်း မဟုတ်၊ မချမ်းမသာ နေထိုင်ခဲ့ခြင်းသာ ဖြစ်၏..” စသဖြင့် ပြစ်တင်ကဲ့ရဲ့ကာ “ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း' ငှါ ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း လိုက်လျောခြင်း အာပတ်မှ ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့။” စသည်ဖြင့် မိန့်တော်မူပြီး ပ၀ါရဏာ ပြုဖို့ပါ ခွင့်ပြုတော်မူခဲ့ပါတယ်။

ပ၀ါရဏာပြုနည်းကိုလည်း မြတ်စွာဘုရားရှင်က ၀ါစဉ်အလိုက် ''အရှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည် ရှိသော် ကုစားပါအံ့။”လို့ ဆိုကာ ပြုကြဖို့ မိန်ကြားတော်မူခဲ့ပါတယ်။ ဒါက ပ၀ါရဏာပြုဖို့ ခွင့်ပြုခြင်း အကြောင်းးနဲ့ ပ၀ါရဏာပြုနည်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းအနေနဲ့ ပဝါရဏာနဲ့ ပတ်သက်တဲ့ မက်စေ့ခ်ျတစ်ခုကို စာဖတ်ပရိတ်သတ်တွေကို ပေးလိုတာ ဖြစ်ပါတယ်။ ပ၀ါရဏာဆိုတာ ဖိတ်ကြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရဟန်းတော်များ အချင်ချင်း တစ်ပါးနဲ့တစ်ပါး အပြစ်ကို မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယဖြစ်တာပဲ ဖြစ်ဖြစ် တိုက်ရိုက်ပြောဆို ဖိတ်ကြားကာ အပြစ်ကိုမြင်တဲ့ ပုဂ္ဂိုလ်က အပြစ်ကို ပြောဆိုကြဖို့၊ အပြစ်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း အပြစ်ကို ၀န်ချပြီး အဲဒီအပြစ်ကို ကုစားရင်း တစ်ပါးနဲ့တစ်ပါး ချမ်းချမ်းသာသာ နေထိုင်သီတင်းသုံးကြဖို့ စတဲ့စတဲ့ ကောင်းကျိုးချမ်းသာများ အတွက် ဒီလိုပ၀ါရဏာ ပြုခွင့်နဲ့ပြုနည်းများကို ဗုဒ္ဓမြတ်စွာ ညွန်ပြခြင်းဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီပ၀ါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ အနေနဲ့ အချင်းချင်း ချမ်းချမ်းသာသာ နေနိုင်မယ့် လမ်းညွှန်ကိုယူကာ လိုက်နာကျင့်သုံးကြဖို့ တင်ပြလိုရင်းလည်း ဖြစ်ပါတယ်။ ပ၀ါရဏာက ပေးတဲ့ လောကသား အချင်းချင်း ချမ်းသာစွာ နေထိုင်နိုင်မယ့် မက်စေ့ခ်ျလေးကို တစ်ဆင့်ပြန်လည် ပေးဝေလိုရင်း ဖြစ်ပါတယ်။

ဒီမှာပြောခဲ့တဲ့ ပ၀ါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့ ဖိတ်ကြားချက်လေးက လောကသားတွေအတွက် တကယ့်ကို အတုယူလိုက်နာ ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ “သံဃာတော်များ အနေနဲ့ တပည့်တော်ကို တပည့်တော်ရဲ့ အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ယုံမှားသံသယ ရှိတာပဲ ဖြစ်ဖြစ် ပြောဆိုကြပါ၊ တပည့်တော် အနေနဲ့လည်း အဲဒီအပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင်၊ သတိထားပြီး နေထိုင်ပါမယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ ယူတတ်မယ်ဆိုရင် ဘ၀မှာ ကူညီပြသ လမ်းညွန်မှုတွေနဲ့ တကယ့်ကို အောင်မြင်မှုနဲ့ ချမ်းသာမှုကို ဖြစ်စေတဲ့ ဖိတ်ကြားချက်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို မချမ်းသာမှုတွေ ရှိနေတဲ့အတွက်ကြောင့် ချမ်းသာမှုကို အလိုရှိတဲ့ ဘုရားရှင်က သူ့သားတော် ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပ၀ါရဏာပြုပြီး ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက ဘယ်လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ် ခံယူကာ လက်ခံပြုပြင်နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့ ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။ အဲဒီလို ခံယူမှုနဲ့ ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ အချိန်မရွေး လာနေမှာဖြစ်ပြီး ဒီလိုကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာကိုက အတ္တသမာ ပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ အညွန်အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း အပြစ်ကို ပ၀ါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့ အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေ အနေနဲ့လည်း အချင်းချင်း အပြစ်တွေကို ပ၀ါရဏာ ပြုကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင် ပြုပြင်နေထိုင်ကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေကို ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့် အမှားနည်းပြီး အများတွဲကြမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါကြောင်း ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျတစ်ခုအဖြစ် အတုယူပြုပြင်နိုင်ဖို့ စေတနာထား မေတ္တားအားဖြင့် တစ်လုံးတစ်ပါဒ တင်ပြလိုက်ရပါတော့တယ်။ အားလုံး ပ၀ါရဏာ ပြုနိုင်ကြပါစေ….

Read more »

ဒီလိုလေး ကြိုးစားကြည့်ပါ


အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှားစိတ်မှာ၊ မရှိရာဘူး။
ပညာချင့်ထောက်၊ မာန်မမောက်နှင့်။
ကိုယ့်အောက်တန်းတူ၊ အထက်သူဟု၊ မှတ်ယူမြဲသို၊ သုံးပုဂ္ဂိုလ်တွင်
အောက်ကိုသနား၊ တန်းတူအားမူ၊ မြှောက်စားအမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏။
(မန်လည်ဆရာတော်ကြီး၊ မဃဒေဝလင်္ကာသစ်)

လူအမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး ရှိနေကြတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သတိပြုရမှာက ကိုယ့်သဘောနဲ့ မကိုက်ညီလို့၊ ကိုယ့်အလိုအတိုင်းမဖြစ်လို့ ဆိုပြီး တဘက်သားအပေါ်မှာ ကိုယ်ကအမှား မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်အမှားလုပ်မိရင် ကိုယ့်အပြစ်ဖြစ်ပြီး သူအမှားလုပ်ရင် သူ့အပြစ်ပဲ ဖြစ်တဲ့အတွက် ဘယ်သူမှားမှား၊ မမှားမှား ကိုယ်မပြစ်မှားမိဖို့ လိုပါတယ်။ 

မတူညီတဲ့သူတွေကို တူအောင်ညှိကြတဲ့အပိုင်းမှာ မြန်မာစကားပုံလေးအတိုင်း ကြီးသူကို ရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကို လေးစားပြီး ဆက်ဆံကြည့်ကြ၊ ညှိကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ မရတဲ့သူတွေ အပေါ်မှာတော့ အမုန်းလည်းမပွား၊ အချစ်လည်းမထားတဲ့ ဥပေက္ခာတရား လက်ကိုင်ထားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ဘက်က လေ့ကျင့်ကြည့်ရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ 

ကိုယ့်အနေနဲ့က ကိုယ့်ထက်အသက် သိက္ခာ၊ ဂုဏ်ဝါကြီးတဲ့သူတွေအပေါ်မှာ ရိုသေရမှာ၊ ကိုယ့်အောက်နိမ့်ကျတဲ့ သူတွေအပေါ်မှာ သနားရမှာ၊ ကိုယ်နဲ့တန်းတူသူတွေအပေါ်မှာ လေးစားရမှာဖြစ်ပြီး အဲဒီသူတွေ ကောင်းတာမကောင်းတာ ကိုယ်နဲ့မဆိုင်ပါဘူး။ သူတို့မကောင်းတာ သူ့တို့အပြစ်ပဲ ဖြစ်တဲ့အတွက် ကိုယ်မကြိုက်လို့ မဆက်ဆံချင်ရင် အပြစ်တော့ အဖြစ်အခံပါနဲ့။ ဥပေက္ခာပြုပြီး နေနိုင်အောင်ပဲ ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ မကင်းရာ မကင်းကြောင်း ပတ်သက်ဆက်ဆံ နေရတယ်ဆိုရင်လည်း ကိုယ့်စိတ်ကိုယ်ရှင်းအောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် စောင့်ထိန်းကြဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဆိုတာ အာရုံတွေနောက်ကိုလိုက်ပြီး ခံစားမိတဲ့အခါ အပြစ်ကင်းနေရာကနေ အပြစ်တွေ ဖြစ်ပေါ်စေတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လိုက်ပြီးမခံစားဖြစ်အောင် လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ 

Read more »

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့


လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာ အခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှုတစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလ ကျွတ်လွတ်ပြီးဆုံးခြင်းကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြားချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်တစ်ခု အနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ ဥပုသ်သီလလေးဆောက်တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမှုကုသိုလ် အသေးလေးတောင် မလုပ်ဖြစ်တဲ့ သူတွေအနေနဲ့ တစ်ခါတလေ စဉ်းစားကြည့်သင့်ပါတယ်။ မအားတာဟာ ဘာတွေကြောင့် မအားတာလဲ၊ စားရေးအတွက်လား၊ နေရေးအတွက်လား၊ ဒါဆိုရင် သေရေးအတွက်နဲ့ ဘဝသံသရာ အရေးအတွက်ကော ဘယ်လိုလုပ်မလဲပေါ့၊ သေဖို့တောင် မအားဘူး ဆိုရင်တော့ သေမင်းက အားတဲ့အချိန်ကို စောင့်ခေါ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်မအားလည်း သူကအားအောင် လုပ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်ဆိုတာ တစ်နေကုန် အချိန်ပေးပြီး လုပ်မှရတာ မဟုတ်ပါဘူး။ ဘဝအရေးအတွက် မအားဘူးဆိုရင်လည်း ဒီလို နေ့ထူးနေ့မြတ်လေးတွေမှာတော့ မနက်အိပ်ယာထ၊ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဂုဏ်တော် တစ်ခုခု ပွားများတာတို့။ မေတ္တာလေးတွေ ပွားများတာတို့ စသဖြင့် ပေါပေါ့ပါးပါးလေးနဲ့ မှတ်မှတ်ရရလေး ဖြစ်အောင် လုပ်ယူလို့ ရတာတွေ အများကြီးပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်မှာ သဒ္ဓါတရားလေးတွေ တိုးပွားအောင် ကြိုးစားပြီး ကောင်းတဲ့စိတ်လေးတွေနဲ့ နေ့ထူးနေ့မြတ် တစ်ခုမှာ မှတ်မှတ်ရရ ကုသိုလ်တစ်ခုခုကို ရအောင်လုပ်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် နေ့စဉ်သောက်နေတဲ့ အရက်ကလေးကို ဒီလိုနေ့မျိုးမှာ မသောက်ဘူးဆိုပြီး သန္ဒိဋ္ဌာန်ချကာ နေလိုက်နိုင်ရင်ကိုပဲ ဒါဟာ ကိုယ့်အတွက် ကုသိုလ်တစ်ခု ရယူလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ 

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကိုဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြားအနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူအညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက် (၃၀-၁၀-၂၀၁၂)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြပါရန် အသိပေးတိုက်တွန်းရင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အဖြစ် အမှတ်တရ  အသိမျှလိုက်ရပါတယ်။

Read more »

ဥပုသ်စောင့်တယ်ဆိုတာ


တစ်လောက စာဖတ်ပရိတ်သတ် ဒကာလေးတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပည့်တော် ဒိအသက်ဒီအရွယ်အထိ ဥပုသ်တစ်ခါမှ မစောင့်ဖူးဘူးဘုရား၊ စောင့်ရကောင်းမှန်းလည်း မသိဘူး။ ဘယ်လိုစောင့်ရတယ်ဆိုတာလည်း မသိဘူး။ ပြောရရင် ဥပုသ်ဆိုတဲ့ အဓိပ္ဗါယ်ကိုတောင် ကောင်းကောင်းမသိဘူးဘုရား။ အဲဒါကြောင့် တပည့်တော်ကို ဥပုသ်စောင့်တာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါဘုရား” ဆိုပြီး မေးလျှောက်လာပါတယ်။ ဒါနဲ့ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းက သိသင့်တာလေးတွေ ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဥပုသ်ဆိုတဲ့ စကားလုံးက ဥပေါသထဆိုတဲ့ ပါဠိကို မြန်မာမှု ပြုထားတာပဲ ဖြစ်ပါတယ်။ ဥပေါသထဆိုတာ စောင့်ထိန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုလုပ်ခြင်းပဲ ဖြစ်ပြီး ကိုယ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေ၊ နှုတ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေကို သီလသိက္ခာပုဒ်တွေနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် လတစ်လရဲ့ လဆန်း (၈)ရက်၊ လဆုတ် (၈)ရက်နဲ့ လပြည့်၊ လကွယ်နေ့တွင်မှာ ပုံမှန်စောင့်ထိန်းနေကျဖြစ်တဲ့ ငါးပါးသီလထက် ကျော်လွန်ပြီး ရှစ်ပါး၊ ကိုးပါးစတဲ့ သီလတွေကို စောင့်ထိန်းနေထိုင်ခြင်းမျိုးကို ဥပုသ်စောင့်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ 

မှန်ပါတယ်။ သာမန်ပုထုဇဉ်တွေ အနေနဲ့ ကောင်းတဲ့အလုပ်တွေထက် မကောင်းတဲ့ အလုပ်တွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုမကောင်းတဲ့ အလုပ်တွေကို လက်တွေ့ကျူးလွန်တဲ့ အထိဖြစ်မသွားရအောင် သီလသိက္ခာပုသ်များနဲ့ အထိန်းအကွပ် ပြုပြီး နေထိုင်ကြရတာ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်ဆိုတာ စိတ်နဲ့တောင် မကျူးလွန်မိတာ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို အခြေအနေမျိုးအထိ မထိန်းနိုင်တာတောင်မှ စိတ်ထဲရှိတဲ့ အကုသိုလ်ကို နှုတ်နဲ့ကျူးလွန်တဲ့အထိ မဖြစ်လာအောင်၊ ကိုယ်ထိလက်ရောက် လုပ်လိုက်တဲ့အထိ ဖြစ်မသွားရအောင် သီလတရားတွေနဲ့ အထူးပြု စောင့်ထိန်းကြရခြင်း ဖြစ်ပါတယ်။ ဒီလို စောင့်ထိန်းရာမှာလည်း အပါယ်ကို လားစေနိုင်တဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင် ဗုဒ္ဓဘာသာတွေအနေနဲ့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံအောင် ထိန်းသိမ်းကြဖို့ ညွန်ပြကြတာဖြစ်ပြီး နေ့စဉ်စောင့်ထိန်းနေတဲ့ ငါးပါးသီလကို အထူးပြုပြီး ကာမဂုဏ်မေထုန်အမှုကို မလုပ်ဖြစ်အောင်၊ ကိလေသာဖြစ်စေနိုင်တဲ့ အာရုံတွေအပေါ်မှာ သာယာလုပ်ဆောင်မှု မဖြစ်ရအောင် အပိုသီလတွေ စောင့်ထိန်းစေဖို့ ဥပုသ်သီလစောင့်ထိန်းစေကြတာ ဖြစ်ပါတယ်။ 

အရာရာမှာ စိတ်ကသာ အဓိကကျတယ်ဆိုပေမယ့် ကိုယ့်စိတ်ကို ကိုယ့်စိတ်တိုင်းကျ အနိုင်မယူနိုင်၊ မထိန်းသိမ်းနိုင်သေးတဲ့ သာမန်ပုထုဇဉ်တွေ အနေနဲ့ကတော့ စိတ်မှာရှိနေတဲ့ အကုသိုလ်၊ ကိလေသာတွေကို လက်တွေ့ကျူးလွန်တဲ့အထိ မဖြစ်အောင် သီလတရား၊ ကိုယ့်ကျင့်တရားတွေနဲ့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ နှုတ်ကိုစောင့်စည်းခြင်း၊ ကိုယ်ကိုစောင့်စည်းခြင်း သီလတွေကို လုံခြုံအောင် ထိန်းထားလာနိုင်ရင် စိတ်မှာလည်း ယုံကြည်မှုတွေတိုးလား၊ စိတ်သန့်ရှင်းမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် စိတ်နဲ့ကျူးလွန်နိုင်တဲ့ မနောကံကိုလည်း တဖြည်းဖြည်း ထိန်းသိမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။ သီလလုံရင် စိတ်လည်းလုံနေမှာဖြစ်ပြီး စိတ်လုံနေရင် သမာဓိလည်း အဖြစ်လွယ်ကာ သမာဓိတည်ရင် ပညာလည်း ဖြစ်ဖို့အားကောင်းလာကာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိလေသာကုန်ရာ မဂ်ဖိုလ်ပညာများအထိ ရရှိစေနိုင်တဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ သီလစောင့်ခြင်းကို သံသရာမှ လွတ်မြောက်လိုသူတိုင်း ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဥပုသ်စောင့်ထိန်းခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံမြောက် ကျူးလွန်နိုင်တဲ့ အကုသိုလ်အလုပ်တွေ၊ ဝစီကံမြောက် လွန်ကျူးနိုင်တဲ့ အကုသိုလ်အလုပ်တွေနဲ့ ကိလေသာတိုးပွားစေနိုင်တဲ့ အပြုအမူတွေကို မလုပ်ဖြစ်အောင် သီလသိက္ခာပုဒ်များကို အထူးပြု စောင့်ထိန်းခြင်း ဖြစ်တဲ့အတွက် ဘဝမှာ အကုသိုလ် အလုပ်တွေမှာသာ အချိန်ကုန်များနေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ကောင်းတဲ့ထိန်းသိမ်းမှုတွေ ဖြစ်လာအောင် ဥပုသ်စောင့်ခြင်း၊ သီလထိန်းခြင်း စတဲ့ ကောင်းမှုတွေကို အရင်က တစ်ခါမှ မလုပ်ဘူးရင်လည်း လုပ်ဖြစ်အောင် လုပ်ကြည့်ကြရမှာ ဖြစ်သလို ပုံမှန်ဥပုသ်စောင့်နေကျ သူတွေအနေနဲ့လည်း မပျက်မကွက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ 

Read more »

ဧည့်သည်


“လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း…”

ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ ဆရာတော်ကြီး သီတင်းသုံး နေထိုင်တော်မူသွားသည့် နေရာ၊ ဆရာတော်ဘုရားကြီး ရေးသားပူဇော်သွားသည့် စာပေများကို ကြည့်ရှုလေ့လာ ရှင်းလင်းပြောကြားပေးရင်း ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ရေးစပ်ထားသည့် အထက်ပါ ကဗျာလေးကို အထူးသတိထားမိခဲ့၏။ ယခင်ကတည်းက ရထားပြီး ဖြစ်သော်လည်း အမှတ်တမဲ့သာ ရှိခဲ့သည့် ထိုကဗျာလေးသည် ယခုတစ်ခါ ပြန်လည်ဖတ်မှတ်မိသည့် အချိန်တွင်ကား အနှစ်သာရရှိသည့် ကဗျာတစ်ပုဒ်အဖြစ် စိတ်ထဲတွင် စွဲထင်သွားခဲ့တော့၏။ အထပ်ထပ် ရွတ်ဖတ်ရင်း ဆိုလိုရင်း အဓိပ္ပါယ်ကိုပါ ကိုရီးယား ဧည့်သည်များအား ရှင်းပြပေးဖြစ်ခဲ့၏။ မြန်မာပြည်သို့ ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့ကြသည့် ကိုရီးယား ဧည့်သည်များအား ဆရာတော်ကြီး ဆိုလိုသည့် ဧည့်သည်အကြောင်း ပြန်လည်ဟောကြားပေးဖြစ်ခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် တရားပွဲကြွစဉ် ဝေါမြို့၊ အဗျားဗိုလ်တဲရွာရှိ နောင်တော်ကြီးတစ်ပါး၏ ကျောင်းသို့ ခေတ္တဝင်ကာ ဆွမ်းစားနေစဉ် ဆွမ်းစာကျောင်းတွင် ရေးသားချိတ်စွဲထားသည့် ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ကဗျာကို နောက်ထပ်တစ်ဖန် ဖတ်မှတ်ခဲ့ရပြန်ပါ၏။ နောင်တော်ကြီးက “ဧည့်သည်တိုင်း၏ လမ်းခရီး” ဟူသော ခေါင်းစဉ်ဖြင့် မင်းကွန်းဆရာတော် ဘုရားကြီး၏ သီးကုံးရေးသားမှုကို အောက်ပါအတိုင်း စုစည်းပူဇော်ထား၏။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။ (မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

ဆရာတော်ကြီး၏ အထက်ပါ ကဗျာများကို ဖတ်မှတ်ပြီး နောင်တော်ကြီးကျောင်းမှ အပြန်ခရီးတွင် ဟိုကြွဒီကြွဖြင့် ဧည့်သည်လာ ဧည့်သည်သွား ဖြစ်နေသည့် မိမိဘဝကိုမိမိ ပြန်လည်သတိပြု ဆင်ခြင်မိနေခဲ့၏။ ထို့အတူ သံဝေဂဉာဏ်လည်း ဖြစ်နေခဲ့၏။ အထူးသဖြင့် စာရေးသူ လျှောက်လှမ်းနေသည့် ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် အခိုက်အတန့်ဆုံကာ ကွဲကွာသွားခဲ့ကြသည့် ဧည့်သည်များ အကြောင်းကိုလည်း သတိတရ ဖြစ်နေခဲ့ပြန်၏။ မခေါ်ဘဲနှင့်ရောက်လာပြီး မနှင်ဘဲနှင့် ပြန်သွားခဲ့ကြသည့် ဧည့်သည်များအကြောင်းကိုလည်း အတွေးနယ်ချဲ့နေမိ၏။

မှန်၏။ စာရေးသူ အပါအဝင် ပုထုဇဉ်သတ္တဝါမှန်သမျှ အားလုံးဧည့်သည်ချည်းသာ ဖြစ်ပါ၏။ အိမ်ပိုင်ယာပိုင်မရှိ ဟိုဟိုဒီဒီ ကျင်လည်နေကြရသည့် သတ္တဝါများ ဖြစ်သဖြင့် ဧည့်သည်လာ၊ ဧည်သည်သွား အဖြစ်နှင့်သာ အချိန်ကုန်နေကြရ၏။ ထိုသို့ ဧည့်သည်အဖြစ်နှင့် ဟိုဟိုဒီဒီ အတည်တကျမရှိ ဖြစ်နေသဖြင့်လည်း တစ်ခါတရံ အိမ်ကောင်းများတွင် လည်ပတ်ခဲ့ရသည်များ ရှိခဲ့ကြသကဲ့သို့ တစ်ခါတရံ အိမ်စုတ်များတွင် နေခဲ့ရသည်များလည်း ရှိခဲ့ကြ၏။ တစ်ခါတရံ အိမ်ရှင်ကောင်းများနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ခါတရံ အိမ်ရှင်ဆိုးများနှင့်လည်း ကြုံခဲ့ကြ၏။ မည်သို့သော အခြေအနေမျိုးတွင် ရှိခဲ့ပါစေ ဧည့်သည်များ ဖြစ်နေသဖြင့် အချိန်တန်လျင် အိမ်ပြန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည့်သည်အဖြစ်ဖြင့် သွားရောက်လည်ပတ်စဉ် ကြုံတွေ့ခဲ့ရသည့် သံယောဇဉ် မှန်သမျှသည်လည်း အချိန်တန်သည့်အခါ ချန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည်သည်များ ဖြစ်နေသမျှ အချိန်တန်လျင် အိမ်ပြန်ကြရမည်မှာ ဓမ္မတာပင် ဖြစ်ပါ၏။ သို့သော် မိမိပြန်မည့်အိမ်သည် မည်သို့သော အိမ်ဖြစ်မည် ဆိုသည်ကိုကား မိမိကိုယ်တိုင်မှတပါး၊ မိမိ၏ တည်ဆောက်မှုများမှတပါး၊ မိမိ၏ ဖန်တီးမှုများမှတပါး အခြားမရှိသည်သာ ဖြစ်ပါ၏။

ဤကား ခေတ်စကားနှင့် ပြောသည့် ဧည့်သည်အကြောင်းပင် ဖြစ်ပါ၏။ ဓမ္မစကားဖြင့် ပြောလျှင်ကား အရိယာ မဖြစ်သေးသည့် ပုထုဇဉ်များသည် သံသရာ ခရီးသွားနေကြသည့် ဧည့်သည်များ ဖြစ်နေပြီး ထိုဧည်သည်များ၏ အိမ်ဟူသည်ကား (၃၁) ဘုံ၊ တစ်နည်းအားဖြင့် သွားရာဂတိ (၅)မျိုးသာ ဖြစ်နေပါ၏။ သံသရာခရီး သွားနေကြသည့် ခရီးသွား ဧည့်သည်မှန်သမျှ အချိန်တန် အိမ်ပြန်ကြသည့်အခါ လူတို့နေရာ ဘုံဌာနခေါ် လူ့အိမ်၊ နတ်တို့စံရာ ဘုံဌာနခေါ် နတ်အိမ်၊ တိရစ္ဆာန်တို့သွားရာ ဘုံဌာနခေါ် တိရစ္ဆာန်အိမ်၊ ပြိတ္တာတို့ ကျင်လည်ရာ ဘုံဌာနခေါ် ပြိတ္တာအိပ်နှင့် ငရဲသားများ ခံစားရာဘုံဌာနခေါ် ငရဲအိမ်ဟူသည့် အိမ်များသို့သာ ပြန်ကြရမည် ဖြစ်ပါ၏။ ထိုအိမ်ငါးမျိုးတွင် လူ့အိမ်နှင့် နတ်အိမ်တို့သည် အိမ်ကောင်းများဟု ဆိုနိုင်ပြီး တိရစ္ဆာန်အိမ်၊ ပြိတ္တာအိမ်၊ ငရဲအိမ်တို့ကား အိမ်ဆိုးများဟု ဆိုရမည်သာ ဖြစ်ပါ၏။ မည်သို့ပင် အိမ်ဆိုးအိမ်ကောင်း ကွဲပြားနေသော်လည်း သံသရာခရီးသွား ဧည့်သည်များသည်ကား အချိန်တန်လျင် မိမိတို့ ဖန်တီးတည်ဆောက်ထားသည့် အတိုင်းသာ မိမိတို့နှင့်သင့်လျော်သည့် မိမိတို့အိမ်သို့သာ ပြန်ကြရမည် ဖြစ်ပါ၏။

သို့ဆိုလျင် သံသရာ ခရီးသွား ဧည့်သည်များအဖို့ အိမ်ပြန်သည့်အခါ မည်သည့်အိမ်သို့သွား၍ မည်သည့်အရာကို ယူဆောင်သွားမည်နည်းဟူသည့် အချက်ကို စဉ်းစားဖွယ် လိုအပ်လာပေ၏။ နောင်ထပ်လယ်စရာ အိမ်မရှိအောင် ယခုလက်ရှိ ဧည့်သည်အဖြစ် နေရသည့်အဖြစ်ကို အဆုံးသတ်ထားနိုင်လျင်ကား အိမ်ဆိုးအိမ်ကောင်း ရွေးစရာမလိုဘဲ အိမ်လယ်ရသည့် အလုပ်မှ ကင်းလွတ်သွားမည် ဖြစ်သော်လည်း ထိုသို့မလုပ်နိုင်သည့် ဧည့်သည်တစ်ယောက်အဖြစ်သာ နေထိုင်သွားမည်ဆိုပါက မကောင်းသည့် အိမ်များသို့လည်း သွားရောက်နေရမည် ဖြစ်ပါ၏။ ထို့ကြောင့် အိမ်စဉ်လှည့်လည် နေရသည့် ဧည့်သည်အဖြစ်မှ ကင်းလွတ်စေရန် အိမ်ပိုင်ယာပိုင်လေးရှိထားရန် လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ သံသရာခရီးသွား ဧည့်သည်အဖြစ်မှ ကုသိုလ်ကောင်းမှုများဖြင့် တည်ဆောက်ထားသည့် ကိုယ်ပိုင်အိပ်ပိုင်ရှင်၊ သစ္စာဉာဏ်ဖြင့် အရယူထားသည့် တည်မြဲသည့် သွားရာဂတိပိုင်ရှင်များအဖြစ် ယခုလက်ရှိအချိန်ကို အသုံးချကာ ကြိုးစားတည်ဆောက် ထားသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

သို့သော် ပုထုဇဉ်သတ္တဝါတို့သည်ကား ဧည့်သည်အဖြစ် နေနေရသည့် မိမိတို့၏ ဘဝအမှန်ကို မေ့လျော့ကာ ငါဟူသော အတ္တများကြောင့် ခဏတာဘဝတွင် အစအရာ မကစွာဖြင့် ချစ်ကြမုန်းကြဖြစ်ကာ မလိုသည့်အခါ ဒေါသဖြစ်လိုက်၊ လိုသည့်အခါ လောဘဖြစ်လိုက်ဖြင့် ဧည့်သည်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ တစ်အိမ်မှတစ်အိမ်သို့ ကူးပြောင်းလို့သာ နေနေကြပေ၏။ ဧည့်သည်အဖြစ်ဖြင့် ခဏတာ ရောက်လာခဲ့သည့် မိမိတို့၏ အဖြစ်ကို မေ့လျော့ကာ ငါ့သား၊ ငါးသမီး၊ ငါ့ဇနီး၊ ငါ့ဥစ္စာ စသည်များ အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေလေ ကြတော့၏။ အမှန်အားဖြင့် မိမိကိုယ်တိုင် ဧည့်သည်အဖြစ် ရောက်လာခဲ့စဉ်ကပင် ဘယ်ကလာ၍ ဘယ်အိမ်တွင် နားရမည်ကို မသိနိုင်သည့်အပြင် ရောက်လာချိန်ကတည်းကလည်း မည်သည့်အရာမျှ ပါလာခဲ့သည် မဟုတ်သည်မှာ သတိပြုရမည့် အချက်ပင်ဖြစ်၏။

ထို့အတူ ဧည့်သည်လုပ်ရင်း အချိန်တန် အိမ်ပြန်သွားသည့် အခါတွင်လည်း ကုသိုလ်ကောင်းမှုမှလွဲ၍ ဘာတစ်ခုမျှ ယူဆောင်မသွားနိုင် ကြသည်ကို အထူးသတိ ပြုသင့်ပေ၏။ အကောင်းဆုံးကား ယခုလက်ရှိ အချိန်မှာပင် ဟိုအိမ်ဒီအိမ် လယ်နေရသည့် သံသရာ ခရီးသွား ဧည့်သည်များအဖြစ်မှ ရုန်းထွက်ကာ တစ်ယောက်တည်းလာ တစ်ယောက်တည်း သွားမှုများကင်းရာ သံသရာအဆုံးဖြစ်သည့် နိဗ္ဗာန်သို့သာ အရောက်သွားနိုင်ရန် ကြိုးစားသင့်လှပေ၏။ သို့မဟုတ်လည်း လားရာဂတိ မြဲမြံသွားသည့် အရိယာအဖြစ်သို့ရောက်အောင် ကြိုးစားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် လက်ချည်းဗလာ လာခဲ့ရပြီး လက်ချည်းဗလာ ပြန်သွားရမည့် ဧည့်သည်အဖြစ်ဖြင့် ရောက်ရှိနေသည့် မိမိတို့၏ လက်ရှိဧည့်သည်ဘဝကို အဆုံးသတ်ကာ လားရာဂတိ အမှန်ရှိသည့် အိမ်ပိုင်ယာပိုင် အိမ်ရှင်များအဖြစ် ကုသိုလ်တရား ကြိုးစားပွားရင်း သုဂတိဘဝမှသည် နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်စေရန် အချိန်ရှိခိုက် လုံ့လစိုက်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။

Read more »

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ်



တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ် မျှော်လင့်နေရတဲ့ အလုပ်ဟာ အလွန်စိတ်ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးလေ၊ ပင်ပန်းမှုကြီးလေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ဒုက္ခက ပိုဆိုးလှပါတယ်။ သေချာတွေးကြည့်ရင် မျှော်လင့်နေရတာကိုက ဒုက္ခတစ်ခုလို ဖြစ်နေတာပါ။ မျှော်လင့်ချက်ရှိနေရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အပေါ်မှာ လွတ်လပ်သန်းရှင်းတဲ့ လုပ်ရပ်မျိုး မဖြစ်နိုင်သလို မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်လည်း ကိုယ့်ဒုက္ခကိုယ် လုပ်ယူလိုက်သလို ဖြစ်နေတတ်ပါတယ်။

အကောင်းဆုံးကတော့ မျှော်လင့်ချက်ကို လျော့ချလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အရာဆိုရင်လည်း အကျိုးသက်ရောက်မှုကို မမျှော်မှန်းဘဲ သန့်သန့်ရှင်းရှင်း လုပ်ပေးနိုင်အောင် ကြိုးစားပြီး ကိုယ့်အနေနဲ့လည်း ဘယ်သူအပေါ်ကမှ မျှော်လင့်နေတာမျိုး မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ရှိမှ ကိုယ်စားရမယ့် ခေတ်ကြီးမှာ ကိုယ့်အားကိုယ်ကိုးလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မတတ်သာလို့ မျှော်လင့်နေရတယ်ဆိုရင်လည်း အများကြီးတော့ မမျှော်လင့်မိကြဖို့လိုပါတယ်။ မျှော်လင့်နေရတဲ့ဘဝဟာ ကျားသနားမှ နွားချမ်းသာရာရသလို သူပေးမှ ကိုယ်ရမယ့် သဘောမျိုး ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင်တော့ မမျှော်လင့်တာဟာ စိတ်အသက်သာဆုံးပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် အကျိုးတရားကို မျှော်မှန်းတဲ့အလုပ်ဟာ အကြောင်းတရားကို ပေါ့ပျက်သွားစေတဲ့ သဘောရှိတဲ့အတွက် ကိုယ်ကလုပ်ပေးရတဲ့ အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် လုပ်ပေးလာကြတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အကျိုးတရားကို မျှော်လင့်နေတာမျိုး မဖြစ်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းကောင်းထားရင် သူ့သက်ရောက်မှုနဲ့သူ ရှိလာနေမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ကိုယ့်အကြောင်းတရားကိုပဲ ကိုယ်ကောင်းအောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အကြောင်းမကောင်းဘဲ အကျိုးကောင်းကို မျှော်လင့်နေတဲ့အလုပ်ဟာ ကိုယ့်ကံတရားကို မျက်ကွယ်ပြုရာရောက်နေသလို ဖြစ်တတ်တဲ့အတွက် မျှော်လင့်ချက်မထားတဲ့ စိတ်စေတနာကောင်းနဲ့သာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ အကျိုးမပြီး အချည်းနှီး ဖြစ်သွားရတယ်ဆိုတဲ့ ခံစားမှုမျိုး မဖြစ်ရအောင် ကိုယ်ကလုပ်ရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက် လုပ်ပေးလာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို  မျှော်လင့်ချက်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်အောင် ကြိုးစားပြီး အကျိုးကို မျှော်မှန်းနေတာထက် အကြောင်းကို ကောင်းအောင်လုပ်လိုက်ကြဖို့ပဲ ဖြစ်ပါကြောင်း အသိတစ်ခု မျှဝေမှု ပြုလိုက်ရပါတယ်။ 

Read more »

အချစ်အကြောင်း ပြောကြည့်ခြင်း


အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အချစ်ခံလိုက်ရတာပဲ ဖြစ်ဖြစ် ကြာတော့ အဲဒီအချစ်တွေက ငြိမ်းချမ်းမလာဘဲ ပူလောင်မှုတွေသာ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ကို မချစ်တဲ့သူတွေကို ကိုယ်က ချစ်မိတဲ့အခါ၊ ကိုယ်မချစ်တွေသူရဲ့ အချစ်ကို ခံရတဲ့အခါတွေမှာ ဒီအချစ်ရဲ့ ပူလောင်မှု သဘောကို ကောင်းကောင်းခံစားကြရတာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် မြတ်စွာဘုရားရှင်က “အချစ်တွေနဲ့ လွဲရခြင်း၊ အမုန်းတွေနဲ့ တွဲရခြင်းဟာ ဆင်းရဲခြင်းပဲ”လို့ ဟောတော်မူတာ ဖြစ်ပါတယ်။ 

တစ်ချို့က အချစ်စစ်အချစ်မှန်ဆိုတာ ရယူလိုမှု မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အချစ်လို့ ပြောရင်တော့ ရယူချင်တာ၊ ပိုင်ဆိုင်ချင်တာကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရယူချင်မှု၊ ပိုင်ဆိုင်ချင်မှု ရှိနေသမျှ ဒီအချစ်ဟာ ဘယ်လိုမှကို ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ အဲ ရယူပိုင်ဆိုင်မှု မရှိဘဲ အကျိုးလိုလားခြင်း သက်သက်ပဲဆိုရင်တော့ ဒါဟာ အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ သဘောမျိုးပဲ ဖြစ်ပါတယ်။ မေတ္တာဆိုရင်တော့ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် သူချမ်းသာလေ ကိုယ်ဝမ်းသာလေပဲ ဖြစ်ပါတယ်။ ဒီလို အချစ်မဟုတ်တဲ့ မေတ္တာသဘောမျိုး ဆိုရင်တော့ မေတ္တာများလေ ငြိမ်းချမ်းမှု အားကောင်းလေပဲ ဖြစ်ပါတယ်။ 

ခက်တာက ပုထုဇဉ် သဘာဝ မေတ္တာထားဖို့ထက် ချစ်စရာပွားဖို့ပဲ လိုလားကြတာ ဖြစ်တဲ့အတွက် သားသမီးအပေါ် အချစ်ကြီးတဲ့ မိဘတွေ၊ မိဘအပေါ် အချစ်များတဲ့ သားသမီးတွေ၊ ဇနီးမယားအပေါ် အချစ်ပိုတဲ့ လင်ယောက်ျားတွေ၊ လင်ယောက်ျားအပေါ် အချစ်လိုတဲ့ ဇနီးမယားတွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ကြီးတဲ့ သမီးရည်းစားတွေ စသဖြင့် ဘယ်လိုအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် အချစ်ကြီးလေ အပြစ်ကြီးလေ၊ အချစ်များလေ အပြစ်များလေ၊ အချစ်ကြီးလေ အမျက်ကြီးလေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အချစ်တွေများတော့ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ ဖြစ်စေချင်တာတွေ၊ မျှော်လင့်တာတွေ စသဖြင့် များနေပြီး အဲဒီအတိုင်း ဖြစ်မလာတဲ့အခါမှာလည်း အပြစ်တွေ၊ အမျက်တွေအထိ ပွားလာစေတော့တာ ဖြစ်ပါတယ်။ အချစ်ကို အခြေခံရာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဟာ ငြိမ်းချမ်းဖို့ထက် ပူလောင်ဖို့က ပိုများနေတတ်တာ ဖြစ်ပါတယ်။

ဆိုတော့ကား အကောင်းဆုံးကတော့ အချစ်တွေ မကင်းသေးတဲ့ ပုထုဇဉ်တွေ အနေနဲ့ အချစ်တွေကနေ မေတ္တာအဖြစ် မပြောင်းနိုင်သေးရင်လည်း ပူလောင်ခံစားမှုတွေ သက်သာအောင် အချစ်တွေကို လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အချစ်အစား မေတ္တာထားလာနိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုအရာ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာပဲ ဖြစ်ဖြစ် အချစ်တွေနဲ့ နွေးထွေးစေတာထက် အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ နွေးထွေးနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်သောင့်သက်သာ ရှိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် အချစ်ဆိုရင် ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို အချစ်ခံရတာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ငြိမ်းအေးမှုထက် ပူလောင်မူကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အစား မေတ္တာမထားနိုင်သေးတောင်မှ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အချစ်တွေကို လျော့နိုင်သမျှ လျော့ချစ်ကြပြီး အချစ်အစား အမုန်းမပွားနိုင်အောင်လည်း မေတ္တာတရား၊ ဥပေက္ခာတရားလေးထားပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အချစ်အကြောင်း တစ်စေ့တစောင်း အသိပေးတင်ပြလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ