ငါမရှိလည်း ဖြစ်ပါတယ်

- “ငါမရှိရင် မဖြစ်ဘူး”လို့ မပြောပါနဲ့။ ငါမရှိလည်း သူ့အတိုင်းအတာနဲ့ သူကတော့ ဖြစ်သွားကြမှာပါပဲ။
- ငါ့ကိုယ်ငါတောင် ဘယ်လိုနေလို့ ဘယ်လိုသေရမယ် မသိသေးတဲ့ ဘဝမှာ ငါတွေတအားများလို့ မဖြစ်ပြန်ပါဘူး။
- ငါလို့ပြောတဲ့ အဲဒီငါကရော တကယ်ရှိလို့လားလို့ စဉ်းစားကြည့်တော့ တကယ်မရှိပါဘူး။ ဝေါဟာရ ပညတ်တစ်ခု အနေနဲ့ ငါလို့ ပြောနေရပေမယ့် ငါ့ရုပ်၊ ငါ့အသံ၊ ငါ့အနံ့၊ ငါ့အရသာ၊ ငါ့အတွေ့အထိ၊ ငါ့အတွေးအကြံ စတာတွေဟာ ဘာတစ်ခုမှ ငါ့သဘောအတိုင်း မဖြစ်ဘူးဆိုတာ သတိပြုကြရမှာပါ။
- ဆိုတော့ကား အရာရာမှာ တငါငါနဲ့ ငါတွေရှေ့ထား ငါတွေများနေကြတဲ့ ငါလောကကြီးမှာ “ငါ့သဘောအတိုင်း မဖြစ်လို့၊ ငါပြောတဲ့အတိုင်း မလုပ်လို့၊ ငါ့ကို ဒီလို မဆက်ဆံလို့၊ ငါ့ကို မထီမဲ့မြင် ပြုလို့” စတဲ့ ငါကိုရှေ့တန်းတင်တဲ့ အတွေးတွေ ဖြစ်လာခဲ့ရင် ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး “ငါကိုယ်တိုင်ရော ငါ့သဘောအတိုင်း ဖြစ်လို့လား”လို့ မေးခွန်းထုတ် ငါမဟုတ်ဘူးဆိုတာ သိအောင်လုပ်ကြရမှာပါ။
- အားလုံးက နေရာတိုင်းမှာ ငါပါမှဖြစ်မယ်၊ ငါမရှိရင် မဖြစ်ဘူးလို့ ထင်နေကြပေမယ့် တကယ်တမ်းကြတော့ ငါဆိုတာ မရှိတဲ့အတွက် ငါဆိုတာလည်း မလိုပါဘူး။ ငါလိုလာရင်၊ ငါပါလာရင် ဖြစ်လာဖို့မရှိ ပျက်ဖို့သာရှိတဲ့အတွက် ငါကိုဘေးထုတ် အမှန်အလုပ် လုပ်ကြဖို့ပါ။
- အချုပ်ကြည့်တော့ ငါလည်းငါမဟုတ်၊ သူလည်း သူမဟုတ် အားလုံးဟာ နာမ်နဲ့ရုပ်ပါပဲ။

Read more »

လူငယ်ဆိုတာ အဖြူထည်လေးတွေပါ

တစ်ခါတလေ အွန်လိုင်းမှာ စာတွေရေးနေတဲ့ ဘုန်းဘုန်းကို တစ်ချို့က လူငယ်တွေနဲ့ ပတ်သက်ပြီး ဆုံးမစာတွေ များများလေး ရေးပေးဖို့ လျှောက်ထားတောင်းဆိုတာတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာလူငယ်များအကြောင်း၊ မြန်မာတွေရဲ့ အသောက်အစား၊ လောင်းကစားနဲ့ အပျော်အပါးတွေမှာ အလွန်အကျွံ ဖြစ်နေတဲ့အကြောင်း၊ ကိုယ့်ကျင့်တရားတွေ ပျက်ပြားနေပြီး ဘာသာတရားနဲ့ ဝေးကွာနေတဲ့အကြောင်း စသဖြင့် သူတို့သိနေတာလေးတွေ ပြောပြရင်း ဘုန်းဘုန်းရဲ့ ကလောင်အားနဲ့ တားဆီးပေးဖို့ လျှောက်ထားလာကြပါတယ်။ လူတွေဆိုတာက လူအချင်းချင်းပြောရင် လက်မခံချင်တဲ့ သဘောတွေရှိတဲ့အတွက် ဘုန်းဘုန်းတို့လို သာသနာ့ဝန်ထမ်း ရဟန်းတော်တွေရဲ့အားနဲ့ အမှားလေးတွေကို ပြုပြင်ပေးစေချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ကောင်းစေချင်တဲ့ စေတနာ အရင်းခံ လျှောက်ထားလာတာဖြစ်လို့ ဘုန်းဘုန်းတို့ အနေနဲ့လည်း အမှန်ကိုပြောရင် မကြိုက်တတ်တဲ့ လောကကြီးမှာ မကြိုက်တာကို ဘေးဖယ်ပြီး ကောင်းတာလေးတွေနဲ့ ပြောင်းစရာလေးတွေကို ပေးနိုင်အောင် ကြိုးစားရတာ ဖြစ်ပါတယ်။

အမှန်တော့ အကျင့်ပျက် ချစားပြီး မကောင်းမှုတွေမှာ အားပါကာ ဘာသာတရားနဲ့ ဝေးလာနေကြတဲ့ သူတွေဟာ လူငယ်တွေချည်းပဲ မဟုတ်ပါဘူး။ လူရွယ်လူကြီးတွေလည်း အများကြီး ရှိနေတတ်ပါတယ်။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက ပိုလို့တောင် ဆိုးနေမလားပဲ။ တစ်ခါတလေ လူငယ်တွေ ပြောင်းလဲပျက်ဆီး စေတဲ့အကြောင်းတွေထဲမှာ အဲဒီလူရွယ်၊ လူကြီးတွေရဲ့ နည်းပေးလမ်းပြမှုတွေက အများကြီး ပါနေတာကို တွေ့ရတတ်ပါတယ်။ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း နည်းပေးလမ်းပြမှု ကောင်းထဲမှာ မပါဝင်တဲ့ လူရွယ်လူကြီးတွေနဲ့ တွေ့ဆုံပေါင်းသင်းမိကြတဲ့ လူငယ်များဟာ အဲဒီ စီနီယာကြီးတွေရဲ့ အားပေးအားမြောက် ပြုမှုတွေကြောင့် တစ်ခါမှမလုပ်ဖူးတဲ့ အသောက်အစား၊ အလောင်းအစားနဲ့ အပျော်အပါးတွေမှာ လုပ်လာတတ်တော့တာ ဖြစ်ပါတယ်။ အလုပ်ပင်ပန်းတာရယ်၊ စိတ်ဖိစီးမှု များနေတာရယ်၊ လွတ်လပ်တာရယ်၊ ဘာသာတရား၊ အသိပညာ အခြေမခိုင်တာတွေရယ်၊ မကောင်းတဲ့ မိတ်ဆွေအပေါင်း အသင်းကို ပေါင်းမိတာတွေရယ် စတာတွေက လူငယ်တွေကို မကောင်းတဲ့ဘက်မှာ ရုန်းမထွက်နိုင်အောင် ဖြစ်စေတတ်တဲ့ သဘောတွေ အများကြီးရှိပါတယ်။

တကယ်တမ်း ပြောရရင် လူငယ်လေးတွေဟာ အဖြူထည်လေးတွေပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းရင်၊ မိတ်ဆွေအပေါင်းအသင်းကောင်းရင်၊ ပင်ကိုသဒ္ဓါတရား အားကောင်းရင် အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်တဲ့ အဖြူထည်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။ တစ်ခါတလေ သူတို့ကို ဆုံးမဖို့ ပြောကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဘုန်းဘုန်းတို့ ဆုံးမတဲ့ အဆုံးအမ၊ အသိပညာပေးမှု အပိုင်းတွေမှာ မသိကြလို့ မဟုတ်ကြပါဘူး။ လူငယ်အတော်များများ သိကြပါတယ်။ သူတို့လေးတွေရဲ့ လုပ်ရပ်လေးတွေ မကောင်းဘူးဆိုတာလည်း သူတို့ကိုယ်တိုင် သိကြပါတယ်။ ခက်တာက အဲဒီ အသိနောက်ကို ကိုယ်ကိုယ်တိုင်ကလိုက်ပြီး ရုန်းမထွက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ ရုန်းထွက်မယ်လို့ ကြံမိရင်လည်း ခုနပြောခဲ့တဲ့ စီနီယာကြီးတွေရဲ့ အဆွယ်အပြောလေးတွေကြောင့် မရုန်းထွက်နိုင်ဘဲ ဖြစ်နေတာလည်း ရှိနေတတ်ပါတယ်။

ဘုန်းဘုန်းအနေနဲ့ ဘာဖြစ်လို့ လူငယ်တွေဟာ အဖြူထည်လေးတွေပါလို့ ပြောရတာလည်းဆိုရင် လူငယ်လေးတွေဟာ ကလျာဏမိတ္တကောင်းတွေကိုသာ ပေါင်းသင်းဆည်းကပ်မိလိုက်ရင် အပြောင်းအလဲကောင်းတွေနဲ့ အားအင်တွေကို ဖြစ်ထွန်းစေလို့ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းမြန်မာပြည်မှာ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တရားပွဲတွေမှာရော၊ လူမှုကူညီရေး အသင်းတွေမှာရော၊ အများအကျိုးပြု လုပ်ငန်းလေးတွေမှာရော တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တွေကို အများကြီး တွေ့ကြုံခဲ့ရပါတယ်။ သူတို့လေးတွေကိုလည်း အားပေးစကား၊ ဆုံးမစကားလေးတွေ အများကြီး ပြောခဲ့ဖူးပါတယ်။ အဲဒီ ကလေးတွေဟာ အသက်အရွယ်ပိုင်းအရ ကြည့်မယ်ဆိုရင် အခုပြည်ပမှာ အလုပ်လာလုပ်နေကြတဲ့ လူငယ်တွေ အရွယ်လောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နေတဲ့ ပတ်ဝန်းကျင် သူတို့တွဲနေတဲ့ ကလျာဏမိတ္တ၊ သူတို့ကိုယ်တိုင်ရဲ့ ခံယူလုပ်ဆောင်ချက်တွေကြောင့် ငယ်ပေမယ့် အတော်အားရှိကြတဲ့ လူငယ်လေးတွေ ဖြစ်နေတာကို တွေ့နေရတာ ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ လူငယ်လေးတွေထဲမှာလည်း အဲဒီလို မိတ်ကောင်းဆွေကောင်း၊ အပေါင်းအသင်းကောင်းနဲ့၊ ပင်ကိုယ်သဒ္ဓါတရား အခြေခံကောင်း ရှိနေကြတဲ့ လူငယ်လေးတွေ အများကြီး ရှိနေတတ်ပါတယ်။ အလုပ်ပင်ပန်းတဲ့ကြားက အမျိုးဘာသာ၊ သာသနာတော်အတွက် အားကျိုးမာန်တက် ဆောင်ရွတ်နေကြတဲ့ လူငယ်လေးတွေဟာလည်း အများကြီးပဲ ဖြစ်ပါတယ်။

ဆိုတော့ကား လူငယ်လေးတွေဟာ အဖြူထည်လေးတွေ ဖြစ်တဲ့အတွက် ဘဝမှာ ပြုပြင်လိုက်မယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ကြပေမယ့် ကိုယ့်ရဲ့အပျော်အပါးကို အလွန်အကျွံ မဖြစ်စေဖို့ ကိုယ်ကိုယ်တိုင် ပြုပြင်နိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အဖြူထည်ဆိုတဲ့ ငယ်ရွယ်တဲ့ဂုဏ်ကို အရင်းပြုပြီး ကိုယ့်ရဲ့ငယ်ရွယ်တဲ့ အချိန်တွေကို အကျိုးရှိအောင် အသုံးချဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အပျော်အပါးများပြီး အချိန်ကုန်တာတွေ၊ ဘဝမှာ ဆုံးရှုံးတာတွေ ရှိနေတယ်ဆိုရင်လည်း အချိန်မီ ရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မမှားသော ရှေ့နေ မသေသော ဆေးသမားဆိုတာ မရှိတဲ့အတွက် အမှားတစ်ခုခုကို လုပ်မိတဲ့အခါမှာလည်း အဲဒီအမှားကို မှားမှန်းသိသိနဲ့ ဆက်လျှောက်နေတဲ့ အဖြစ်မျိုး မဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပျက်အစဉ် ပြင်ခဏဆိုသလို အပျက်တွေရှိနေရင်လည်း ကိုယ့်ကိုယ်ကို ပြင်နိုင်အောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ဒီနေ့ခေတ် လူငယ်အတော်များများ လိုအပ်နေတာက ကိုယ့်ကိုယ်ကို ပြုပြင်နိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ ဘယ်သူတွေဘာပြောပြော လူဟာ ကိုယ့်ကိုယ်ကို အသိဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်မှာဘာဖြစ်နေတယ်၊ ကိုယ့်မှာဘာရှိနေတယ်၊ မရှိဘူးဆိုတာ၊ ကိုယ်ဘာလုပ်တယ်၊ မလုပ်ဘူးဆိုတာ ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ကို အကောင်းဆုံး ပြုပြင်ထိန်းကျောင်းဖို့ဟာလည်း ကိုယ့်မှာပဲ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ အဓိကက ကိုယ့်ကိုယ်ကို သိအောင်ကြိုးစား၊ ပြီးရင် ပြုပြင်နိုင်အောင် အားထုတ်၊ နောက် ဒီအကောင်းဆုံး အခြေအနေကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း။ ဒါဆိုရင် လူငယ်တိုင်းဟာ တန်ဘိုးရှိတဲ့ အဖြူထည် လူငယ်လေးတွေ ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုမှ ကိုယ့်ကိုယ်ကို မသိဘူးဆိုရင် ဒါဟာ ဘာဝမှာ ကျရှုံးဖို့နဲ့ မထူးဇာတ်ခင်းဖို့အတွက် တွန်းအားတွေပဲ ဖြစ်စေတော့တာ ဖြစ်ပါတယ်။

လူအတော်များများက ပြောတတ်ကြပါတယ်။ ပြည်ပရောက် လူငယ်အတော်များများဟာ ပျက်ဆီး နေတတ်ကြတယ်တဲ့။ ပျက်ဆီးတတ်တာကတော့ ပြည်တွင်းမှာ ရှိနေတဲ့သူတွေလည်း ပျက်ဆီးနေတာပါပဲ။ အဓိကကတော့ ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ဆိုတာကလည်း ထိန်းသိမ်းပြုပြင်နိုင်တဲ့ အသိပညာရှိဖို့ပဲ ဖြစ်ပါတယ်။ အသိရှိဖို့ဆိုတာ ဒီအတိုင်း နေလို့ကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အသိရှာမှ အသိရမှာဖြစ်ပါတယ်။ အသိရှာချင်ရင် စာများများဖတ်ဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် မြန်မာလူမျိုးတွေဟာ စာဖတ်အလွန် အားနည်းတာကို တွေ့ရတတ်ပါတယ်။ စာဖတ်အားနည်းတဲ့သူဟာ အသိပညာ အားနည်းတတ်ပြီး အသိပညာ အားနည်းရင် ဆင်ခြင်တုံတရားနဲ့ ထိန်းသိမ်းပြုပြင်မှု တရားပါ အားနည်းတတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ အမှားအမှန်ကို ခွဲခြားနိုင်မှုဟာလည်း လျော့နည်းလာနေတော့တာ ဖြစ်ပါတယ်။ ဒီတော့ကား လူငယ်တွေ ကိုယ့်ကိုယ်ကို ပြုပြင်နိုင်စွမ်းတွေ ရှိလာအောင် အသိပညာ ဗဟုသုတ များများ ရှာကြဖို့ပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အသိပညာရှာဖို့ဆိုတာ နိုင်ငံခြား ရောက်နေသူတွေအတွက် အလွန်လွယ်ကူတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အိုင်တီခေတ်ကြီးမှာ အင်တာနက်ကို အသုံးပြုပြီး အသိပညာ ဗဟုသုတ ရှာဖွေကြမယ်ဆိုရင် လိုချင်တဲ့ ပညာရပ်ကို အကုန်လုံး ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသဖြင့် ဘယ်လိုပညာရပ်မျိုး မဆို လူငယ်တွေအနေနဲ့ ငယ်တုန်းမှာ၊ အခွင့်အရေးရှိတုန်းမှာ ကြိုးစား ရှာဖွေကြရမှာ ဖြစ်ပါတယ်။ အပျော်အပါးတွေကို လျော့ပြီး ကိုယ့်ဘဝအတွက် ရသင့်ရထိုက်တာ၊ ရှိသင့်ရှိထိုက်တာကို အချိန်ပေးပြီး ရှာဖွေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လွန်းတဲ့ ခေတ်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာနောက်ကိုပဲ လိုက်မနေဘဲ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာတွေ နောက်ကိုလည်း လိုက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ အကျင့်တရားပိုင်းဆိုင်ရာ တိုးတက်စေဖို့အတွက် ဘာသာရေး အသိဟာလည်း သိပ်ကို အရေးကြီးလှတာ ဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ တို့အရွယ်ဟာ ငယ်ပါသေးတယ်၊ ဘာသာရေးဟာ တို့အတွက် မလိုအပ်ဘူးလို့ မတွေးလိုက်ပါနဲ့။ ငယ်ရွယ်သူတွေ အတွက်လည်း ဘဝမှာ တရားလေးတွေနဲ့ တွဲထားနိုင်မှ အချိန်မရွေး ပြောင်းလဲနေတဲ့ ဘဝအပြောင်းအလဲကို ခံလာနိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေရဲ့ ဘဝမှာ တရားဓမ္မ တွဲထားခိုင်းတာဟာ တောထွက်ပြီး လွှတ်မြောက်ရာကို ရှာဖို့မဟုတ်ပါဘူး။ ရှေ့ဆက်ပြီး ဘဝမှာ ဖြတ်သန်းရမယ့် အချိန်တွေအတွက် ဘဝအတက်အကျ အနိမ့်အမြင့်ကို ခံနိုင်ရည်ရှိအောင်နဲ့ ဘဝတစ်ခု ယိမ်းယိုင်မှု မပြုနိုင်အောင် ဘာသာတရားနဲ့ အားပြုထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေဟာ အရွယ်တိုင်းမှာ လိုအပ်နေတဲ့ တရားတော်တွေ ဖြစ်တဲ့အတွက် လူငယ်တွေအတွက်လည်း ဘုရားအဆုံးအမတွေကို နှလုံးသားမှာ အသုံးချ ဘာသာရပ် တစ်ခုအနေနဲ့ ထည့်သွင်းတည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ ဒီလို တရားဓမ္မနဲ့ နေနိုင်ဖို့အတွက်လည်း အဓိက လိုအပ်တာက ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းနိုင်မှုပဲ ဖြစ်ပါတယ်။

အချုပ်ပြောရရင်တော့ လူငယ်တွေ ပျက်ဆီးနေကြတယ်လို့ ပြောနေကြတာတွေ ရှိနေပေမယ့် ဘုန်းဘုန်းအနေနဲ့ကတော့ အဲဒီလို မပြောလိုပါဘူး။ လူငယ်တွေ ကိုယ့်ကိုယ်ကို ပြုပြင်မှု အားနည်းနေကြတယ်လို့ပဲ ကောက်ချက်ပေးလိုတာ ဖြစ်ပါတယ်။ လူငယ်ဆိုတာ ငယ်ရွယ်တဲ့ ဂုဏ်ပိုင်ရှင်တွေ ဖြစ်တဲ့အတွက် အဖြူထည်ဖြစ်နေတဲ့ လူငယ်တွေမှာ လိုအပ်နေတာက ပြုပြင်နိုင်မှုပဲ ဖြစ်ပါတယ်။ အဲဒီလို ပြုပြင်နိုင်ဖို့အတွက် အဓိကက ကိုယ်ကိုယ်တိုင် ပြုပြင်ချင်တဲ့ စိတ်ရှိဖို့နဲ့ ကိုယ့်ကို ပြုပြင်လာနိုင်အောင် အထောက်အကူ ပြုပေးမယ့် ကလျာဏ မိတ္တလို့ခေါ်တဲ့ အပေါင်းအသင်းကောင်း ရှိဖို့ပဲ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် အောင်မြင်မှုကို လမ်းပြပေးနိုင်တဲ့သူနဲ့ ပေါင်းသင်းရမှာ ဖြစ်တဲ့အတွက် ကိုယ့်အပေါင်းအသင်းဟာ အရက်သမားလား၊ ဖဲသမားလား၊ တကယ့်စစ်မှန်တဲ့ မိတ်ကောင်းဆွေကောင်းလား၊ ကိုယ့်ကိုအကျိုးပြုမယ့်သူလား၊ ကိုယ့်ကို ချောက်တွန်းမယ့်သူလား စတာတွေကိုလည်း ကိုယ်ကိုယ်တိုင် ရွေးချယ်ပေါင်းသင်းကြရမှာ ဖြစ်ပါတယ်။ ကိုယ်လည်းပြုပြင်မယ်၊ အပေါင်းအသင်းကလည်း ပြုပြင်ပေးတယ်ဆိုရင် လူငယ်တွေဟာ အမှန်တကယ်ပဲ တန်ဘိုးရှိတဲ့ အဖြူထည်တွေဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ လူငယ်တွေပဲ ဖြစ်ဖြစ်၊ လူရွယ်တွေပဲ ဖြစ်ဖြစ်၊ အိုပယ်တွေပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိတဲ့အတွက် လူငယ်မှသည် အဖြူထည်၊ လူရွယ်မှသည် အဖြူထယ်၊ အိုပယ်မှသည် အဖြူထည်ဆိုတဲ့ အပြစ်ကင်းဆုံး၊ အဖြူစင်ဆုံး ဘဝတွေကို ပိုင်ဆိုင်ကြတဲ့ အဖြူထည် လူသူကြွယ်တွေဖြစ်အောင် ကိုယ့်ကိုယ်ကို အသိသတိ အမြဲရှိပြီး အကောင်းဆုံး ပြုပြင်ထိန်းကျောင်း နိုင်တဲ့သူများ ဖြစ်အောင်သာ အချိန်ရှိခိုက် ကြိုးစားလိုက်ကြဖို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

အကောင်းဆုံး ဖြေဆည်ရာ

 ဘဝမှာ အဆိုးတွေနဲ့ ကြုံတွေ့တဲ့အခါ၊ မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ၊ ဖြစ်နေတာတွေ ပျက်ပြယ်သွားတဲ့အခါ၊ ရှိနေတာတွေ မရှိပဲ ဖြစ်သွားတဲ့အခါ၊ တစ်စုံတစ်ယောက်နဲ့ပဲ ဖြစ်ဖြစ် တစ်စုံတစ်ခုနဲ့ပဲ ဖြစ်ဖြစ် စိတ်တိုင်းမကျ ဖြစ်တဲ့အခါ၊ ဖြစ်ချင်တာက တစ်ခြား ဖြစ်သွားတာက တစ်ခြား ဖြစ်သွားတဲ့အခါ၊ ဖြစ်အောင်ကြိုးစားပေမယ့် ဖြစ်မလာတဲ့ အခါ စတဲ့အခါ မျိုးတွေမှာ ဘုရားရှင် မိန့်တော်မူထားတဲ့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ- အရာအားလုံးဟာ အမြဲမရှိ၊ သဗ္ဗေ သင်္ခါရာ အနတ္တာ- အရာအားလုံးဟာ အစိုးရခြင်း သဘောမရှိ၊ ဥပ္ပါဒ ဝယ ဓမ္မိနော- ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောရှိ၏၊ ဥပ္ပဇ္ဇိတွာ နိရုဇ္ဇန္တိ- ဖြစ်ပြီးရင်လည်း ချုပ်ပျောက်သွားတဲ့ သဘောရှိ၏” စတဲ့ သဘဝဓမ္မ တရားတော်တွေနဲ့ ဖြေဆည်တာဟာ အကောင်းဆုံး ဖြေဆည်ရာပဲ ဖြစ်ပါတယ်။ ဘဝမှာ ဘယ်လိုအခက်အခဲမျိုးတွေပဲ ကြုံနေပါစေ ကိုယ့်ကိုယ်ကို သတိပြု ဆင်ခြင်ပြီး ဘုရားရှင်ရဲ့ ဒီစကားတော်လေးတွေကို အာရုံပြု ကြည့်လိုက်မယ်ဆိုရင် တဒင်္ဂ အခိုက်အတန့်လေးမှာ ငြိမ်းအေးမှုကို တကယ်ရသွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံး စိတ်ဖြေရာလေးကို ရရှိသွားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ အခက်အခဲ အားလုံးအတွက် အကောင်းဆုံး ဖြေဆည်ရာကတော့ ဒုက္ခအားလုံး ငြိမ်းအေးတော်မူပြီးတဲ့ ဘုရားရှင်ရဲ့ အနှိုင်းမဲ့ အဆုံးအမတော်များပဲ ဖြစ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။

Read more »

ကိုယ့်စိတ်ကိုစစ် စိတ်မညစ်နဲ့

လူအတော်များများနဲ့ တွေ့ဆုံမိတဲ့အခါတိုင်း သူတို့ဆီက မကြာမကြာ ကြားရတတ်တဲ့ စကားလေးတွေက “စိတ်မကောင်းဘူး၊ စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ပင်ပန်းတယ်၊ စိတ်ဖိစီးတယ်၊ စိတ်ရှုတ်တယ်” စတာတွေပဲ များနေတတ်ပါတယ်။ ဟုတ်ပါတယ်လေ။ ကောင်းနေတယ်ဆိုရင်လည်း ဒီအကြောင်းတွေက ပြောစရာမှ မဟုတ်တော့တာ။ ပြောရမယ်ဆိုရင် အားလုံးကောင်းနေရင် အတော်များများက ဘုရားကျောင်းကန်နဲ့ ဘုန်းကြီးအနား ကပ်ဖို့ကို သတိတောင်မှ မရတတ်ဘူး မဟုတ်လား။ ဒီလို စိတ်ဒုက္ခလေးတွေ၊ သောကလေးတွေရှိမှပဲ အားကိုရာ ကျောင်းကန်ဘုရား၊ ဆရာသမားများကို ရှာတတ်ကြတာ ဆိုတော့ ကျန်တာတွေနဲ့ မဖြေဘဲ ဘာသာတရား အဆုံးအမနဲ့ ဖြေဆည်ဖို့ ချည်းကပ်လာတာကိုပဲ ရှာကြံပြီး ကျေးဇူးတင်ရပါဦးမယ်။

ဟုတ်ပါတယ်။ လူတော်တော်များများရဲ့ ဒုက္ခမှန်သမျှဟာ စိတ်ကို အခြေခံပြီးပဲ ဖြစ်လေ့ရှိကြတာဆိုတော့ ပြောရင်လည်း စိတ်အကြောင်းကိုပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ အဆိုးအကောင်း ရလာဘ်အားလုံးရဲ့ တရားခံဟာ စိတ်ကြောင့်ပဲဖြစ်သလို အရာအားလုံးကို ဦးဆောင်ထားလည်း ဒီစိတ်ပဲဖြစ်တဲ့အတွက် ကောင်း၊ မကောင်းတဲ့ ရလာဘ်တွေ အပေါ်မှာ လိုက်ခံစားတာလည်း စိတ်ကပဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ရှိသမျှ လိုက်ခံစားမိတဲ့အတွက်ကြောင့်လည်း ခုနပြောခဲ့တဲ့ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပင်ပန်းတာ၊ စိတ်ဖိစီးတာ စတာတွေလည်း ဖြစ်လာကြတော့ ဖြစ်ပါတယ်။ အရင်းစစ်တော့ အရာအားလုံးဟာ စိတ်ကြောင့်ပဲ ဖြစ်တယ်ဆိုတာ အထင်အရှား တွေ့မြင်ရတာ ဖြစ်ပါတယ်။

“စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု” ဆိုတဲ့ စကားအတိုင်း စိတ်ဟာရုပ်တရားကိုလည်း ပြောင်းလဲထောက်ပံ့ ပေးနိုင်တာ ဖြစ်ပါတယ်။ ရုပ်ကိုဖောက်ပြန်စေတတ်တဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ဒီအကြောင်းတရား လေးပါးမှာ စိတ်ကြောင့် ရုပ်တရား ပြောင်းလဲဖောက်ပြန်မှုဟာလည်း သတ္တဝါအများ အများဆုံး ကြုံတွေ့ကြရတတ်တဲ့ အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်ခံစားမှု များတဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့ သူတွေ၊ စိတ်သောကတွေနဲ့ မပြတ်ကြုံနေရတဲ့ သူတွေဟာ သူတို့ရဲ့ မျက်နှာပေါ်မှာ သူတို့ရဲ့ ခံစားမှုတွေက အလိုလို ထင်ဟပ်ပြနေသလို ဖြစ်နေတတ်ပါတယ်။ ဒီလိုပဲ စိတ်အစဉ် ကြည်လင်နေတဲ့သူတွေ၊ စိတ်ပျော်ရွှင်နေတဲ့ သူတွေ၊ စိတ်မှာ အပူအပင် ကင်းနေတဲ့သူတွေရဲ့ မျက်နှာအမူအရာတွေကျပြန်တော့ အေးချမ်းကြည်လင်နေတဲ့ အသွင်ကို ဆောင်နေတတ်တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ဆောင်လို့ ရုပ်ပြောင်တဲ့သဘော၊ စိတ်ထောင်းလို့ ရုပ်ပြောင်းတဲ့ သဘောပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က “စိတ္တေန နိယျတေ လောကော = စိတ်ဟာ လောကကို ဆောင်တယ်”လို့ ဟောတော်မူပါတယ်။ သက်ရှိသက်မဲ့ အရာအားလုံးမှာ စိတ်ကအခရာကျပြီး လောကကြီးတစ်ခုလုံးကို စိတ်ကရှေ့ဆောင် ပြုထားကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ လောကတစ်ခု အနေနဲ့ ပြောရင် သတ္တဝါ တစ်ဦးဦးရဲ့ ရုပ်နာမ်အစု ခန္ဓာကိုယ် တစ်ခုလုံးဟာ လောကတစ်ခုပဲ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ အားလုံးမှာ စိတ်ကအဓိက ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒီအမူအရာ အားလုံးမှာ စေတနာကောင်းပါတဲ့စိတ်၊ စေတနာဆိုးပါတဲ့ စိတ်တွေက အကျိုးသက်ရောက်မှုကို ဖြစ်စေတာ ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ စိတ်စေတနာကို အထူးသတိပြု လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

စိတ်ရဲ့သဘောကလည်း အာရုံနဲ့ ထိတွေ့တဲ့အခါ အလွယ်တကူ ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အာရုံတွေနဲ့တွေတဲ့အခါ အဲဒီအာရုံတွေနောက်ကို စိတ်က အလွယ်တကူ လိုက်သွားတတ်ပြီး ခံစားမှုကိုလည်း အလွယ်တကူ ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။ ကောင်းတဲ့အာရုံ တစ်ခုခုမှာ စိတ်အစဉ် တည်တံ့နေအောင် ကြိုးစားအားထုတ်ဖို့ ခက်ခဲတတ်ပေမယ့် မကောင်းတဲ့ အာရုံမှာဆိုရင်တော့ အလိုလိုကို ပျော်နေမိတော့တာ ဖြစ်ပါတယ်။ ကောင်းတဲ့အာရုံတွေဟာ သီးသန့်ကြိုးစား အားထုတ်ယူမှ ရတတ်ပေမယ့် မကောင်းတဲ့ အာရုံတွေကတော့ တစ်ယောက်တည်းနေလည်း ဖြစ်နေတတ်သလို အများနဲ့နေလည်း ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အကောင်းအဆိုး အမျိုးမျိုးဟာ အာရုံတွေမှာ စိတ်ကပါနေကြလို့ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား စိတ်ညစ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ စိတ်ဖိစီးတာတို့ စတာတွေဟာ ကိုယ့်စိတ်ကို အာရုံတွေမှာ လိုက်ပြီး ခံစားနေမိကြလို့ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ မြင်ရတဲ့အာရုံ၊ ကြားရတဲ့အာရုံ စတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတွေမှာ စိတ်ကလိုက်ပြီး ခံစားနေမိတတ်တဲ့အတွက် မမြင်ချင်တာကို မြင်ရတဲ့အခါ၊ မကြားချင်တာကို ကြားရတဲ့အခါ၊ မခံစားချင်တာကို ခံစားရတဲ့အခါ စတာတွေမှာ အဲဒီအာရုံတွေရဲ့ ဆွဲရာကို ပါသွားတဲ့ စိတ်အစဉ်မှာလည်း မကျေနပ်မှုတွေ၊ မကြည်လင်မှုတွေ၊ မပျော်ရွှင်မှုတွေ စသဖြင့် ဖြစ်လာတော့တာ ဖြစ်ပါတယ်။ အာရုံတွေရဲ့ ဆွဲရာနောက်ကို စိတ်ကာ ကြာကြာလိုက်သွားမိလေ ကိုယ့်မှာစိတ်ခံစားမှုတွေ ကြာကြာဖြစ်လေ၊ အာရုံတွေနောက်ကို စိတ်က များများလိုက်ပြီး ခံစားလေလေ ကိုယ့်မှာ စိတ်ခံစားမှုတွေ များလေပဲ ဖြစ်ပါတယ်။ စိတ်ဟာ ကောင်းတဲ့အာရုံတွေကို လိုက်ဖို့ခက်ပေမယ့် မကောင်းတဲ့ အာရုံတွေဆိုရင်တော့ အလျဉ်အမြန် ထုတ်ပစ်ဖို့ ခက်တတ်ပါတယ်။ ဒါကြောင့်လည်း လူအတော်များများမှာ စိတ်နဲ့ပတ်သက်ပြီး မကောင်းတဲ့ ခံစားမှုတွေ များများဖြစ်နေတတ်ကြတာ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ အဖြေက ရှင်းပါတယ်။ စိတ်ညစ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ စိတ်ဖိစီးတာတို့ စတာတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်စိတ်ကို အာရုံတွေနောက်မှာ လိုက်မခံစားမိဖို့၊ အာရုံတွေရဲ့ ဆွဲရာနောက်ကို ပါမသွားမိဖို့ပဲ လေကျင့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေကျင့်ဖို့ဆိုတာကလည်း ကိုယ့်စိတ်ကို သိမှပဲ လေ့ကျင့်လို့ ရမှာ ဖြစ်ပါတယ်။ သိဖို့ဆိုတာကလည်း သတိရှိမှပဲ ဖြစ်မှာပါ။ သတိရှိဖို့အတွက်ကတော့ သမာဓိကို အခြေခံတဲ့ အာရုံကောင်းတွေမှာ စိတ်အစဉ် တည်နေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စိတ်ဟာ မကောင်းတက်ဘက်မှာပဲ ပျော်မွေ့တတ်တာများတဲ့အတွက် အာရုံကောင်းတွေနဲ့ ပျော်မွေ့နိုင်ဖို့ ကိုယ့်ကိုယ်ပြုပြင်နိုင်တဲ့၊ ပြုပြင်ချင်တဲ့ စိတ်စေတနာ၊ ထက်သန်တဲ့ သဒ္ဓါတရား၊ ကြိုးစားအားထုတ်လိုတဲ့ ဝိရီယတရား၊ အကြောင်းအကျိုးကို ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့ အရာအားလုံးမှာ အချုပ်ဖြစ်တဲ့ သတိတရားတွေ ပိုမိုတိုးပွားလာအောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ မမေ့မလျော့ သတိရှိနေဖို့ပဲ ဖြစ်ပါတယ်။ သတိရှိနေရမယ်ဆိုတာက ကိုယ့်စိတ်ကို သိနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

အမှန်တော့ စိတ်မှာမကောင်းတဲ့ ခံစားချက် အမျိုးမျိုးဖြစ်နေကြတာ၊ အဲဒီခံစားမှုနောက်ကို အချိန်အကြာကြီး လိုက်ခံစားနေကြတာတွေဟာ ကိုယ့်သန္တာမှာ သတိမရှိလို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်မှာရှိတဲ့ ခံစားချက်ကို မသိလို့ဘဲ ဖြစ်ပါတယ်။ ခံစားချက်ရဲ့ သဘောကလည်း အဲဒီခံစားချက်ကို မသိဘူးဆိုရင် ဆက်ကာဆက်ကာ လိုက်ပြီးခံစားနေတတ်တာ ဖြစ်ပါတယ်။ ဘယ်လိုအာရုံမျိုးလေးပဲ ဖြစ်ဖြစ်၊ ဘယ်လိုစကားမျိုးပဲ ဖြစ်ဖြစ် ထစ်ခနဲဆို လိုက်ခံစားနေတတ်တဲ့အတွက် ခံစားလွယ်တာနဲ့အမျှ စိတ်ပင်ပန်းမှုတွေလည်း ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ အာရုံတွေနောက်ကို စိတ်ကလိုက်ခံစားနေတာကို သတိမမူမိဘဲ ပြင်းပြင်းထန်ထန် လိုက်ခံစားနေမိတဲ့အခါ ကိုယ့်သန္တာန်မှာ စိတ်ရဲ့ပင်ပန်းမှုတွေဟာလည်း ပိုမိုပြင်းထန်နေတော့တာ ဖြစ်ပါတယ်။ သတိကင်းလေး ခံစားမှုပြင်းလေ၊ မသိမှုများလေ ခံစားမှုများလေပဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသဘောတွေ လျော့နည်းလာဖို့ ခံစားချက်ကို သိအောင်ကြိုးစားကြစို့လို့ ဆိုခြင်းဖြစ်ပါတယ်။

ခံစားမှုနဲ့ ပတ်သက်ပြီး တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ တစ်ချို့ စိတ်ရဲ့မကောင်းတဲ့ ခံစားချက်တွေဟာ သိလို့ဖြစ်တာလား၊ မသိလို့ ဖြစ်တာလားဆိုရင် မသိလို့ကို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ မသိလို့ဘဲ “ဘယ်သူကတော့ ငါ့ကို ဘယ်လိုပြောလိုက်တာ၊ ဘယ်သူကတော့ ငါ့ကို ဘယ်လိုဆက်ဆံလိုက်တာ၊ ငါ့ကိုမှ ဒီလိုလာပြီး လုပ်ရက်ပါပေ့” စသဖြင့် တနုံ့နုံ့တွေးရင်း တစိမ့်စိမ့် လိုက်ခံစားနေမိတာ ဖြစ်ပါတယ်။ အဲဒီလို လိုက်ခံစားနေသမျှ ကိုယ့်စိတ်ရဲ့ အတွေးခံစားချက်တွေဟာ ပျောက်ပျက်မသွားဘဲ ခံစားချက်ကို ပိုမိုပြီး အားကောင်းနေစေမှာ ဖြစ်ပါတယ်။

အကယ်၍ အဲလိုခံစားချက်ကို မသိလိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်မှာ ခံစားသမျှကို ခံစားတဲ့အခိုက်မှာ အသိကပ်ပြီး ဘာခံစားတယ်ဆိုတာ သိလိုက်မယ်ဆိုရင်တော့ အဲဒီခံစားချက်ဟာ ပျောက်သွားပြီး သိတယ်ဆိုတဲ့ သိစိတ်လေးက ရောက်လာတော့တာ ဖြစ်ပါတယ်။ အဲဒီသိစိတ်ကိုလည်း နောက်နောက်စိတ်လေးတွေက သတိကပ်ပြီး လိုက်လိုက်သိပေးနေရင် စိတ်မှာအစွဲဆိုတာလည်း လျော့လျော့လာတော့တာ ဖြစ်ပါတယ်။ ဘယ်သူက ဘာပြောလိုက်တာ ဆိုတဲ့ မသိမှုအစွဲလေးတွေကို စိတ်မှာခံစားတာနဲ့ ချက်ချင်းသိလိုက်မယ်ဆိုရင် အဲဒီအစွဲဟာလည်း ချက်ချင်းပျောက်သွားတော့တာ ဖြစ်ပါတယ်။ အဲဒီလို စိတ်မှာတစ်ခုခု ခံစားတိုင်း အသိစိတ်က လိုက်ပြီး သိနေနိုင်မယ်ဆိုရင် ဘယ်ခံစားမှုမျိုးမှ ကိုယ့်စိတ်ကို လွှမ်းမိုးပြီး အကြာကြီး ခံစားနေမှာ မဟုတ်ပါဘူး။ စိတ်မှာ အကောင်းအဆိုး ခံစားမှုတွေ ကင်းနေမယ်ဆိုရင် ခံစားမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်အစဉ် ပင်ပန်းမှု ဆိုတာတွေလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ခံစားမှု ကင်းနေတဲ့စိတ်ဟာ အခိုက်အတန့် အားဖြင့်တော့ ငြိမ်းချမ်းနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ သတ္တဝါတိုင်း၊ သတ္တဝါတိုင်း စိတ်အစဉ် မငြိမ်းချမ်းကြခြင်းဟာ သတိမရှိကြလို့၊ ခံစားမှုကို မသိကြလို့ဘဲ ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ အဲဒီမသိမှုဟာ သူများကို မသိမှုထက် ကိုယ့်ကိုယ်ကို မသိကြလို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မသိတာဟာ ကိုယ့်စိတ်ကို မစစ်မိကြလို့ဘဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကို မစိစစ်ဘဲ သူများကို လိုက်ပြီးစိစစ်နေ၊ ကိုယ့်ကိုယ်ကို မမြင်ဘဲ သူများကို လိုက်မြင်နေ၊ ကိုယ့်ခံစားချက်ကို မဆင်ခြင်ဘဲ သူများခံစားချက်ကို လိုက်ပြီးထင်မြင်နေကြလို့ဘဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုမမြင်၊ ကိုယ့်ခံစားချက်ကို မပြင်၊ ကိုယ့်စိတ်ကို မဆင်ခြင်၊ ကိုယ့်သန္တာန်မှာ အသိမဝင်ဘဲ နေမိနေသမျှ စိတ်အစဉ် ပင်ပန်းမှုတွေဟာ ရှိကိုရှိနေကြတော့မှာ ဖြစ်ပါတယ်။ ပြောင်းပြန်အနေနဲ့ ဒီလို စိတ်ပင်ပန်းမှုတွေ မရှိချင်ရင်၊ လျော့နည်းသွားစေချင်ရင်တော့ ကိုယ့်ကိုယ်ဆင်ခြင်၊ ကိုယ့်ကိုယ်ကို အသိဝင်ပြီး ကိုယ့်စိတ်ကို ကိုယ်ပြင်နိုင်အောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ကိုအကြောင်းပြုပြီး စိတ်ခံစားမှု အမျိုးမျိုး ကြုံနေကြရတဲ့ သူတွေအနေနဲ့ ဒီစိတ်ခံစားချက်ကို ကုစားရာမှာ စိတ်ကို စိတ်နဲ့ပဲ ကုစားနိုင်တာ ဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ခံစားခံစား အဲဒီခံစားမှုများကို သတိကပ်ပြီး ကိုယ့်ရဲ့ခံစားချက်ကို မြင်အောင်ကြည့်ကာ ကိုယ့်ကိုယ်ကိုစစ်ပြီး ကောင်းတဲ့စိတ်၊ ဖြူစင်သန့်ရှင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် ညစ်နွမ်းတဲ့စိတ်ကို အစားထိုးနိုင်အောင် ကြိုးစားရင်း သူများကို မစစ်ဘဲ ကိုယ့်ကိုယ်ကို စစ်နိုင်အောင်သာ အပ္ပမာဒတရား လက်ကိုင်ထားကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ရပါတယ်။

Read more »

သေသူအတွက် ကုသိုလ်လုပ်တဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုပြုလုပ်သင့်ပါသလဲ

မင်္ဂလာပါ အရှင်ဘုရား
နှစ်သစ်မင်္ဂလာ ဖြစ်ပါစေရယ်လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဘုရား။

နှစ်သစ်မင်္ဂလာမှာ တပည့်တော်နဲ့ ထပ်တူ သိလိုကြတဲ့သူတွေအတွက် တပည့်တော်ကို မေးလျှောက်ခွင့်ပြုပါဦးဘုရား။
မေး။ ။ မိဘတစ်ယောက်ယောက် ဆုံးသွားလို့ ရည်စူးပြီး ကုသိုလ်ပြုကြတဲ့အခါ ထားအပ်တဲ့ စိတ်နေစိတ်ထားနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးရင် သွားလေသူအတွက် အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ ရှင်းလင်းပြောပြပေးစေချင်တာပါဘုရား။

ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို သံဃာတော်တွေကို ဆွမ်းကပ်၊ တရားနာပြီး လူပရိသတ်ကို ဧည့်ခံကျွေးမွေးပါ့မယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ ဘယ်လိုစိတ်ထားမျိုးန လုပ်ဆောင်ရမှာပါလဲဘုရား။ ကောင်းမှုအစုစုအတွက် ဘယ်လိုအမျှပေးရမယ်ဆိုတာမျိုး၊ ကွယ်လွန်သူအတွက် ထိရောက်စေတဲ့ အလှူမျိုးကို ညွှန်ပြပေးစေချင်ပါတယ်ဘုရား.... ။ ဒါ့အပြင် ဘုရားဟော နိပါတ်တော်တွေမှာလည်း ရက်လည်၊ လလည်၊ နှစ်လည်လုပ်ခဲ့တဲ့ အလေ့တွေရှိပါသလား၊ ဘုရားက ဘယ်လိုညွှန်ပြသွန်သင်ခဲ့တယ်ဆိုတာမျိုး ရှင်းလင်းညွှန်ပြ ဆုံးမပေးစေချင်ပါတယ်ဘုရား ....
အရှင်ဘုရားရေးသားတဲ့စာတွေကို အဆက်မပြတ် လေ့လာအားပေးရင်း မှတ်သားနာယူနေသူပါဘုရား ...
ရိုသေစွာရှိခိုးလျှက်

တပည့်တော်
ကိုသန့်
(ကလေး)

မင်္ဂလာပါ ဒကာ ကိုသန့်
အလုပ်တွေ မအားတာနဲ့ ဒကာတော်ရဲ့ သိလိုတာလေးတွေကို ဖြေကြားပေးဖို့ နောက်ကျသွားပါတယ်။ နားလည်ပေးစေချင်ပါတယ်။

ဖြေ။ ။ သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တာကို စာပေကတော့ မတကဘတ္တလို့ ခေါ်ပါတယ်။ သေသွားတဲ့သူက သွားပြီဖြစ်ပေမယ့် ကျန်ခဲ့တဲ့သူတွေမှာ သေသူအတွက် ကုသိုလ်ကောင်းမှုလေးတွေ လုပ်ပြီး အမျှအတမ်း ပေးဝေတဲ့ အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားဟောနဲ့အညီ ပြုလုပ်ကြတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးတွေမှာဆိုရင် မိဘတွေကို ရည်စူးပြီး သားသမီးတွေအနေနဲ့ လုပ်ကိုလုပ်ပေးရမယ်ဆိုပြီး သားသမီး ဝတ္တရား တစ်ခုအဖြစ်တောင် ဘုရားက ဟောတော်မူပါတယ်။ အဲဒီ သားသမီး ဝတ္တရာတွေထဲမှာ လှူမျှဝေ၍ဆိုတဲ့ ဝတ္တရားတစ်ခုလည်း ပါဝင်ပါတယ်။ အလှူကို အမျှဝေပေးရမယ်ဆိုတဲ့အချက်ပါ။

အမျှဝေပေးရမယ်ဆိုတဲ့ စကားအရ သေသူတွေအတွက် တိုက်ရိုက်ချမ်းသာအောင် ပစ္စည်းဝတ္ထုတွေ ဘာတွေညာတွေ စတာတွေ ပေးပို့လို့မရဘဲ ကုသိုလ်ကောင်းမှု လုပ်ပြီး အဲဒီ ကုသိုလ်ရဲ့ အဖို့ဘာဂကိုသာ အမျှဝေပေးလို့ ရတာဖြစ်တဲ့ အတွက် အဓိက အချက်နှစ်ချက်ကို သတိပြုကြရမှာ ဖြစ်ပါတယ်။
တစ်အချက်က ကုသိုလ်ကောင်းမှုကို အရင်လုပ်
နှစ်အချက်က အဲဒီလို လုပ်ပြီးရရှိလာတဲ့ အကျိုးတရားကို တစ်ခါမျှဝေပေးဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဒီအချက်နှစ်ချက်လုံးမှာ ကုသိုလ်လုပ်နေတဲ့ ကိုယ်ကိုယ်တိုင်ပဲ အဓိက ကျနေတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကုသိုလ်ကောင်းမှုကို အပြည့်အဝ ရနိုင်အောင် အရင်လုပ်ဖို့ ပိုအရေးကြီးပါတယ်။ အပြည်အဝ ရဖို့အတွက် ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ ဖြူစင်တဲ့ ပစ္စည်းဝတ္ထု၊ ပြည့်စုံတဲ့ ကိုယ်ကျင့်သီလ၊ အကျင့်သီလ ပြည့်စုံလှတဲ့ အလှူခံပုဂ္ဂိုလ် စတဲ့ အချက်လေးတွေနဲ့ အညီ လုပ်နိုင်မယ်ဆိုရင် ကောင်းမှုအကျိုးကို အပြည့်အဝ ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကအရင် ပြည့်စုံအောင် ကုသိုလ်တွေလုပ်၊ ကိုယ်ကိုယ်တိုင် ရပြီးပြီဆိုရင် ကိုယ်ရထားတာကို ကိုယ်မျှဝေချင်တဲ့ ပုဂ္ဂိုလ်ကို ရည်စူးပြီး အမျှပေးဝေရမှာ ဖြစ်ပါတယ်။ အဲဒီအမျှပေးဝေတာကို ရည်စူးတဲ့ ပုဂ္ဂိုလ် ရနိုင်၊ မရနိုင်ဆိုတာက ဘဝပြောင်းသွားသူရဲ့ ရောက်ရှိနေတဲ့ ဘုံဘဝအပေါ်မှာ မူတည်နေတာရယ်၊ ရောက်ရှိတဲ့ ဘုံဘဝကနေ သာဓုခေါ်နိုင်၊ မခေါ်နိုင် အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဒါက သေသူဘက်က အပိုင်းပဲ ဖြစ်ပါတယ်။ သေချာတာက သေသူမရလည်း ကိုယ်ကတော့ ရအောင်ယူထားနိုင်ရင် ရပြီးသားပဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းဘုန်းရေးထားပြီး ဖြစ်တဲ့ သေသူရည်မှန်း ကုသိုလ်စွမ်း ဆိုတဲ့ ဒီပို့စ်လေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။

ဆိုလိုတာက သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တဲ့ အခါမှာ သေသူအတွက် လိုအပ်နိုင်တဲ့ နေစရာ၊ ဝတ်စရာ၊ စားစရာ စတဲ့ အရာတွေကို အာရုံပြုပြီး အဝတ်သင်္ကန်း၊ ဆွမ်းကျောင်းဆေး စတဲ့ ပစ္စည်းအလှူတွေကို ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ သန့်ရှင်းတဲ့ ပစ္စည်းဝတ္ထု၊ ပြည့်စုံတဲ့ အလှူခံပုဂ္ဂိုလ် စတာတွေကို အကောင်းဆုံး ပြင်ဆင်ပြီး ကိုယ်ကိုယ်တိုင် အရင်ဆုံး ကုသိုလ်ကို အပြည့်အဝရအောင် ကြိုးစားကာ အမျှဝေတဲ့ အခါမှသာ အဲဒီရရှိလာတဲ့ ရလာဘ်ကို သေသူအတွက်လည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ စိတ်ထားနဲ့ ပြုလုပ်ပေးဖို့လိုကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ကုသိုလ်ကောင်းမှုကို စိတ်ပါလက်ပါ သန့်သန့်ရှင်းရှင်း ပြုလုပ်ပြီး အမျှဝေမယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးကြီးသလို သွားလေသူအတွက်လည်း အကယ်၍ လိုအပ်နေတဲ့ ဘုံဘဝမှာ ဖြစ်နေခဲ့မယ်ဆိုရင် အကောင်းဆုံး အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်

Read more »

ဘုရားရှိနေလို့သာပေါ့


၂၀၁၂ခု ကတော့ ဘုန်းဘုန်းအတွက် အမတန်ကို အလုပ်များပြီး အကျိုးကြီးတဲ့နှစ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ဓမ္မဒူတအလုပ်တွေ၊ ကျောင်းအလှူ၊ စာကြည့်တိုက်အလှူ၊ တရားတော်အလှူ စတဲ့ အဘိုးမဖြတ်နိုင်တဲ့ အမြတ်ဆုံး အလှူတွေနဲ့ တကယ့်ကိုပဲ ကုသိုလ်ထူးတွေ လုပ်ဖြစ်နေတော့တာ ဖြစ်ပါတယ်။ လုပ်တဲ့အလုပ်တွေမှာ ပိုပြီးခွန်အားတွေ ဖြစ်စေတဲ့ အချက်တစ်ခုက အဖဘုရား ပွင့်ထွန်းတော်မူရာ မဇ္ဈိမဒေသကို ကြွရောက်ပြီး သံဝေယဇနိယ လေးဌာနအပြင် မမေ့သင့် မမေ့အပ်တဲ့ အမွန်အမြတ် နေရာတွေကိုပါ သွားရောက်ဖူးမျှော်ခွင့် ရခဲ့တဲ့ ကုသိုလ်ထူးပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ပွင့်ထွန်းတော်မူခြင်း နှစ် ၂၆၀၀၀ပြည့်နဲ့လည်း ကြုံကြိုက်နေတဲ့အတွက် ဗုဒ္ဓဘုရားရှင်ရဲ့ ထူးခြားဖြစ်စဉ် နေရာဒေသတွေကို ရောက်တိုင်းရောက်တိုင်း အနိုင်းမဲ့ဘုရားရှင်ရဲ့ မဟာကရုဏာတော်တွေ၊ မေတ္တာတော်တွေ၊ မနားမနေ အလုပ်တွေ လုပ်တော်မူခဲ့တာတွေကို အာရုံပြု ကြည်ညိုရင်း ဘုရားရှင်လောက် မလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့အလုပ်တွေကိုတော့ အချိန်ရှိတုန်း၊ အရွယ်ရှိတုန်း၊ အားအင်တွေရှိတုန်း လုပ်ထားမှဆိုတဲ့ ခွန်အားပြည့်တဲ့ အဓိဋ္ဌာန်တွေကို ထပ်ခါထပ်ခါ ချမိနေတော့တာ ဖြစ်ပါတယ်။

မြန်မာပြည်ကို ပြန်ကြွတုန်း နယ်လှည့်တရားပွဲလေးတွေ လိုက်ဟောနေရင်း ဗုဒ္ဓဂယာကို ဘုရားဖူးကြွမယ်ဆိုတဲ့ ဘုန်းဘုန်းကို နောင်တော်ကြီး အရှင်သုမင်္ဂလ (ဝေါဆရာတော်)က “ညီတော် ဗုဒ္ဓဂယာက ပြန်ကြွလာပြီးရင် တရားဟောရတာ ပိုပြီး အရသာရှိ၊ ပိုပြီး အနှစ်သာရတွေ ရှိသွားလိမ့်မယ်” လို့ မိန့်ဖူးပါတယ်။ နောင်တော်ကြီး စကားက အမှန်ပါပဲ။ မြေမြတ်မဟာ ဗုဒ္ဓဂယာက ပြန်ကြွလာပြီးတော့မှ တရားပွဲတွေမှာ ဘုရားအကြောင်းတွေ ပြောစရာပိုများလာ၊ ဘုရားဂုဏ်တော်တွေကို ဖွင့်ပြစရာတွေ ပိုများလာတာကို လက်တွေ့ခံစားမိခဲ့ပါတယ်။ သမိုင်းကြောင်း အထောက်အထား ခိုင်မာတဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဖြစ်တော်စဉ်နဲ့ ငြိမ်းချမ်းမှု အမှန်ကို ပေးစွမ်းနိုင်တဲ့ ရှင်တော်မြတ်ရဲ့ ဓမ္မရေစင်တွေဟာ သတ္တဝါတွေအတွက် ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတဲ့ အဆိုနဲ့ ဘဝမှာ တရားနဲ့အညီ နေထိုင်ခြင်းကသာ အကောင်းဆုံး ဘဝနေနည်းပဲဆိုတဲ့ အဆိုကို လက်တွေ့ကျကျ ထင်ဟပ်ပြနေတော့တာ ဖြစ်ပါတယ်။

ဘုန်းဘုန်းတို့ရဲ့ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ကို နီလာဘုရားဖူး အဖွဲ့နဲ့ပဲ သွားဖြစ်ခဲ့ပါတယ်။ ၂၅-၂-၂၀၁၂ရက်နေ့ကနေ ၁၀-၃-၂၀၁၂ရက်နေ့ အထိ ၁၄ညအိပ် ၁၅ရက် ခရီးကြာမြင့်ခဲ့တဲ့ ဒီဘုရားဖူးအဖွဲ့မှာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်ပေါင်း ၁၀၀ကျော်ရှိခဲ့ပါတယ်။ မြန်မာ့လေကြောင်းလိုင်းကို တစ်စင်းလုံး ငှါးရမ်းပြီးသွား ဖြစ်ကြတာဆိုတော့ လေယာဉ်ပေါ်မှာ ဘုန်းဘုန်းတို့ ဘုရားဖူးအဖွဲ့တွေချည်းပဲ ဖြစ်နေပါတယ်။ မနက် ၆နာခွဲလောက်မှာ ရန်ကုန်လေဆိပ်ကနေ ဂယာလေဆိပ်ကို တိုက်ရိုက်ပြန်သန်းတဲ့ ဘုရားဖူးလေယာဉ်ဟာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာလေဆိပ်ရောက်တော့ မနက် ၉နာရီခွဲ ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဂယာလေဆိပ်ရောက်တော့ အဆင်သင့်လာစောင့်နေတဲ့ နီလာဘုရားဖူးအဖွဲ့ တာဝန်ခံတွေရဲ့ အစီအစဉ်နဲ့ မူလဗုဒ္ဓဂယာ မြန်မာကျောင်းကို ထွက်လာခဲ့ပါတယ်။ ကျောင်းကိုသွားရာလမ်းမှာ တာဝန်ခံကလေးက ကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းဘုန်းတို့ ဘုရားဖူးအဖွဲ့ကို ကြိုတင်ပြောထားတဲ့ စကားတစ်ခွန်းကတော့ အိန္ဒိယကိုရောက်လာခဲ့ရင် ကကြီးသုံးမျိုးကိုတော့ မုန်းသွားကြတာပဲလို့ ပြောပါတယ်။ ကကြီးသုံးမျိုးက ကားရယ်၊ ကုလားရယ်၊ ကြက်သားရယ်တဲ့။

သူပြောတဲ့ စကားကို အစကတော့ ဘာရယ်မသိခဲ့ပါဘူး။ နောက်ဘုရားဖူးခရီးစဉ် ရက်တော်တော်ကြာလာတော့မှ ကောင်းကောင်း သဘောပေါက်သွားပါတယ်။ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ဟာ ဘုရားဖူးရတဲ့ အချိန်က နည်းနည်း၊ ကားစီးရတဲ့ အချိန်က များများရယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သံဝေဇနီယ လေးဌာနလို့ခေါ်တဲ့ ဘုရားရှင် ဖွားတော်မူရာ၊ ဘုရားရှင် ဘုရားဖြစ်တော်မူရာ၊ ဘုရားရှင် တရားဦးဟောတော်မူရာနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ နေရာတွေဟာ ဒီနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံနဲ့ နီပေါနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အလွန်ကျယ်ပြန့်တဲ့ အိန္ဒိယနိုင်ငံကြီးမှာတောင်မှ တစ်နေရာနဲ့ တစ်နေရာ၊ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် အတော်သွားနေရတာဆိုတော့ အဲဒီနေရာအနှံ့ ကားနဲ့သွားရတာဟာ အတော်ကို ခရီးရှည်လွန်းလှပါတယ်။ ဂယာလေဆိပ်ကို ရောက်ပြီးကတည်းက ကားပေါ်က မဆင်းရတာ မြန်မာပြည်အပြန် လေယာဉ်ပေါ် ရောက်မှပဲ အဲဒီကားကြီးပေါ်က အပြီးဆင်းလိုက်ရသလို ဖြစ်နေပါတယ်။ ကားစီးရတဲ့ ခရီးစဉ်ကလည်း ကြည့်ပါဦး။ ဘုရားပွင့်တော်မူရာ ဗီဟာပြည်နယ် ဂယာကနေ၊ တရားဦး ဟောတော်မူရာ ဗာရာဏသီ၊ အဲဒီကနေ ဘုရားရှင် တာဝတိသာကနေ အဘိဓမ္မာ ဒေသနာတော် ဟောတော်မူပြီး ပြန်လည်ဆင်းသက်တော်မူတဲ့ သင်္ကဿနဂိုရ်ပြည်၊ သင်္ကဿကနေ အာဂရာ (တပ်ခ်ျမဟာ)၊ အာဂရာကနေ နယူးဒေလီ၊ နယူးဒေလီကနေ တစ်ခါသင်္ကဿ၊ အဲဒီကမှ သာဝတ္ထိ၊ သာဝတ္ထိကနေ ဘုရားလောင်း ဖွားမြင်တော်မူရာ နီပေါနိုင်ငံ လုမ္ဗနီဒေသ၊ လုမ္ဗနီကနေ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူရာ ကုဿိနာရုံ၊ ကုဿိနာရုံကနေ ဝေသာလီ၊ ဝေသာလီကနေ ရာဇဂြိုဟ်၊ ရာဇဂြိုဟ်မှ တစ်ခါဗုဒ္ဓဂယာ ပြန်ရောက်၊ အဲဒီကနေ မြန်မာပြည်ပြန်ထွက် ဆိုတော့ ခရီးစဉ်ဟာ တစ်ကွေ့တစ်ပတ်ကြီးပါပဲ။ အဲဒီလို ပတ်လိုက်တာ ၁၄ညအိပ်၊ ၁၅ရက်ကို ကြာသွားတော့တာ ဖြစ်ပါတယ်။ ၁၅ရက်လုံးလုံး စီးနေရတဲ့ ကားကို ကြာလာတော့ မစီးချင်လောက်အောင်ကို ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် ကားမုန်းသွားမယ်လို့ သူတို့က ပြောတာဖြစ်မှာပါ။

နောက် ကကြီးတစ်ခုက ကုလားတဲ့။ အိန္ဒိယပြည်ကြီးဆိုတာ ကျယ်ဝန်းသလောက် လူဦးရေကလည်း အလွန်များပြားလှပါတယ်။ ဘယ်နေရာရောက်ရောက် လူမတွေ့ရတဲ့နေရာ မရှိသလောက်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေကတော့ ဈေးရောင်းလည်းသူတို့၊ တက္ကစီမောင်းလည်း သူတို့၊ လန်ချားပေါ်လည်း သူတို့နဲ့ အမျိုးသမီးတွေကို မတွေ့ရသလောက်ပါပဲ။ ကြားရတာတော့ အမျိုးသမီး ဖိနှိပ်ရေး ဝါဒတွေက လွှမ်းမိုးထားဆဲဆိုတော့ မိန်းမတွေကို ယောက်ျားတွေက အလုပ်သွားရင် အိမ်သော့ခတ်ပြီး ထားခဲ့ကြတယ်လို့ ဆိုတာပါပဲ။ သေချာတာကတော့ မင်္ဂလာဆောင်ရင် အမျိုးသမီးက အမျိုးသားကို တင်တောင်းရတယ်ဆိုတဲ့ အချက်ပါပဲ။ အိန္ဒိယရောက်တုန်းက ညဘက်ဆိုင်းသံ ဘုံသံတညံညံတွေ ခဏခဏ ကြားနေရတဲ့အတွက် ဘာလုပ်တာလဲလို့ မေးကြည့်တော့ သတို့သား သွားတောင်းတာလို့ ပြောပါတယ်။ ထားပါတော့။ ကုလားပြည်သွားပြီး နေရာတကာ ကုလားတွေ တွေ့ရတာ မထူးဆန်းပေမယ့် ထူးဆန်းတာကတော့ ကုလားတွေ ညစ်ပတ်တဲ့အချက်ပါပဲ။ စိတ်ဓာတ်လည်း မကောင်းသလို အနေအထိုင်လည်း ပတ်စက်လွန်းလှပါတယ်။ ဇာတ်ခွဲခြားတာလား၊ ဘာလားလို့ မပြောနိုင်ပေမယ့် သူတို့တွေမှာ အပေါ့အလေး သွားဖို့ သီးသန့်အိမ်သာ မရှိတာက နေရာတိုင်းမှာ ညစ်ပတ်နံဆော်မှုကို ဖြစ်စေတော့တာပါပဲ။ လေထုညစ်ညမ်း၊ ရေထုညစ်ညမ်းနဲ့ မနက်စောစောလေးများ ကွင်းပြင်ထွက်လိုက်ရင် လမ်းဘေးတစ်လျှောက်နဲ့ ကွင်းပြင် ဟိုဟိုဒီဒီမှာ အပေါ့အလေးသွားနေသူတွေကို မမြင်ချင် အဆုံးပါပဲ။ ဒီလို အညစ်အကြေး စွန့်ပစ်မှုတွေ၊ ဟိုနေရာသေးပန်း၊ ဒီနေရာ သေးပန်းလုပ်တာတွေက နေရာတိုင်းကို ညစ်ပတ်နံစော်နေတော့တာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ မြို့တွေရှိတယ်လို့ ပြောကြပေမယ့် နယူးဒေလီလို မြို့တော်ကြီးမှာကိုပဲ အဲဒီအနံ့တွေနဲ့ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေတာ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ ဘုရားဖူးအဖွဲ့ထဲက တစ်ချို့ဆို ကားမှတ်တိုင်မှာ ကားစောင့်နေရင်း အဲဒီအပေါ့အလေး အနံ့အသက်တွေကြောင့် ပျို့အန်တာတွေတောင် ဖြစ်ခဲ့ကြပါတယ်။ အိန္ဒိယ နိုင်ငံကြီး ရောက်သွားမှပဲ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံဟာ အတော်သန့်ပါလားလို့ ခံစားမိလိုက်ပါတယ်။ အဲဒီလို နေရာတိုင်းမှာ ကုလားတွေနဲ့ နေရာတိုင်းမှာ ညစ်ပတ်နံစော်နေတာတွေကြောင့် ကုလားဆိုရင် ကြာတော့မကြည့်ချင်လောက်အောင် ဖြစ်လာတယ်လို့ ဆိုကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ ဘုရားဖူး ခရီးသည်အားလုံး ခရီးစဉ်အတွင်းမှာ အဲဒီလို ညစ်ညမ်းမှုတွေနဲ့ ပင်ပန်းမှုတွေကြောင့် ကျန်းမာရေးတွေ ချို့တဲ့ကုန်ကြတာတော့ပါပဲ။

နောက်ထပ် ကကြီးတစ်လုံးက ကြက်သားပါတဲ့။ ဘုရားဖူး ခရီးစဉ် ၁၅ရက်လုံးလုံး ဘုရားဖူး အဖွဲ့တွေကို ကျွေးတဲ့ဟင်းက ကြက်သားတွေပဲ များပါတယ်။ ကြက်သားဟင်း၊ ကြက်သားကျော်၊ ကြက်သားသုပ် စတာတွေပဲ စားနေရတဲ့အပြင် ချက်ထားတာကလည်း ခရီးမထွက်ခင် ညဘက်ချက်ပြီးတော့ အဲဒါကို အိုးနဲ့ထည့်ယူလာ၊ လမ်းမှာရေလေးဘာလေး ရတဲ့ ဆိုင်လေးတွေမှာ ဖြစ်သလို စားတာဆိုတော့ အရသာလည်းမရှိ၊ အေးစက်မာကြော နေတဲ့ ကြက်ကျော်ရယ် ကုလားပဲဟင်းလေး တွေရယ်နဲ့ပဲ နှစ်ပါးသွားရတာ ဆိုတော့ ကြက်သားဟင်းနဲ့ ထမင်းစားရတဲ့ ဒုက္ခကလည်း ကြာတော့ မခံနိုင်ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။ ဒါတောင် တစ်ချို့ဘုရားဖူး ခရီးသည်တွေက အခြောက်အခြမ်းလေးတွေ ယူလာကြလို့ ဦးဦးဖျားဖျား ဘုန်းကြီးတွေကို ကပ်တာလေးတွေ ရှိနေလို့ တော်သေးတာ။ ဘာပဲဖြစ်ဖြစ် အိန္ဒိယ ဘုရားဖူး ခရီးစဉ်မှာ ဘုရားဖူးတိုင်း ပြောတတ်တာကတော့ ကြက်သားကိုလည်း မုန်းလာတယ်တဲ့လေ။

ရှိစေတော့။ အဲဒီလို ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်မှာ ကားရယ်၊ ကုလားရယ်၊ ကြက်သားရယ်ဆိုတဲ့ ကကြီးသုံးမျိုးကို မုန်းသွားတတ်ကြပေမယ့် အကောင်းဆုံး ဖြေဆည်ရာတစ်ခုကတော့ ဘုရားပဲ ဖြစ်ပါတယ်။ ဘုရားရှိနေလို့၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ မြေမြတ်မဟာ ဖြစ်နေလို့ အမြတ်ဆုံးအဖြစ် သွားရောက်ဖူးမျှော်ခွင့်ရကြတာ ဖြစ်လို့ ကျန်တဲ့အရာတွေ ဘယ်လို အခက်အခဲမျိုးပဲ ရှိရှိ ဘုရားရှိနေတော့ အားလုံးဟာ ဘုရားတန်ခိုးတော်မြတ်နဲ့ ခွင့်လွှတ်သီးခံ နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီလို ကျန်တဲ့ အခက်အခဲတွေ ရှိနေပေမယ့် ဘယ်သူမဆို မေးကြည့်ရင် အိန္ဒိယ ဗုဒ္ဓဂယာ ဘုရားဖူးကို နောက်ထပ် လာဖြစ်အောင် လာဦးမယ်ဆိုတဲ့ သူတွေချည်းပဲဆိုတာပါ။ ဘုန်းဘုန်းကိုယ်တိုင်လည်း ဘုရားဖူးရတာ အားမရလို့၊ အများနဲ့ဆိုတော့ အေးအေးဆေးဆေး ဖူးခွင့်မရလို့ အကြောင်းညီညွတ်ရင် ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နောက်ထပ် လာဖူးဦးမယ်ဆိုတဲ့ စိတ်အကြံဟာ မကြာမကြာ ဖြစ်ပေါ်နေတော့တာ ဖြစ်ပါတယ်။ ဒုက္ခတွေ ရှိနေပေမယ့် အဖဘုရားက ရှိနေလေတော့ ဒုက္ခအားလုံးကို မေ့ပျောက်လို့ နောက်ထပ်တစ်ခေါက် အရောက်ပေါက်အောင် သွားကိုသွားလိုက်ဦးမှာ ဖြစ်ပါတယ်။ အော်… အဖဘုရားတန်ခိုး၊ အဖဘုရားကျေးဇူး ကြီးမားလှပါပေစွ။ ဘုရားရှိနေတယ်ဆိုတော့ ကကြီးသုံးမျိုးကို မကြိုက်ပေမယ့် ဗုဒ္ဓဂယာ ဘုရားဖူးဆိုရင်တော့ လိုက်ဖြစ်အောင် လိုက်ကြရပေမယ်ပေါ့။

Read more »

ဘဝနဲ့ ဝယ

ဘဝအမျိုးမျိုးနဲ့ အခြေအနေ အမျိုးမျိုးမှာ ရှိနေကြတဲ့ သတ္တဝါ အမျိုးမျိုးကိုကြည့်ပြီး ဘဝအကြောင်းကို ဓမ္မကြောင်းနဲ့ညှိရင်း ဘဝအရေးလေးတွေ တွေးနေမိပါတယ်။ အထူးသဖြင့် လူအတော်များများ ပြောနေကြတဲ့ ဘဝရဲ့ အတက်အကျ အနိမ့်အမြင့် သဘောတွေ၊ အဖြစ်မြန်ပြီး အပျက်မြန်တဲ့ သဘောတွေကို မကြာမကြာ ဆင်ခြင်နေဖြစ်ခဲ့ပါတယ်။ အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါ ဘဝရဲ့ သဘာဝအမှန်ကို ရှင်းရှင်းလင်းလင်း တွေ့လာရပြီး ဘယ်လိုဘဝမျိုး၊ ဘယ်အခြေအနေမျိုးမှာမဆို ရင်ဆိုင်လာနိုင်၊ ခံနိုင်ရည် ရှိလာနိုင်၊ ကျော်လွှားနိုင်လာတာကို သတိပြုလာမိပါတယ်။

တကယ်တော့ ဘဝဆိုတဲ့ စကားလုံးရဲ့ ဖွင့်ဆိုချက်မှာ အဓိပ္ပါယ်အမျိုးမျိုး ရှိနေပေမယ့် အဲဒီအထဲ လေးနက်တဲ့ အဓိပ္ပါယ်တစ်ခုက ဘဝဆိုတာ “ဖြစ်ခြင်း”ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဘဝဆိုတာ ဖြစ်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ အတွက် အဲဒီဘဝရဲ့နောက်မှာ ဝယဆိုတဲ့ “ပျက်ခြင်း”ကလည်း ထပ်ကြပ်မကွာ ပါလာနေတော့တာ ဖြစ်ပါတယ်။ ဘဝနောက်မှာ ဝယရောက်နေတာ ဖြစ်တဲ့အတွက် အဖြစ်ရဲ့နောက်မှာ အပျက်ဆိုတာလည်း ရောက်လာနေမှာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဘယ်လိုဘဝမျိုးပဲ ပိုင်ဆိုင်ထား၊ ပိုင်ဆိုင်ထား အားလုံးဟာ အဖြစ်ကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် ဘဝတိုင်းမှာ အပျက်ဆိုတာ ရှိနေတယ်ဆိုတာ အထူးသတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။

သဘာဝဓမ္မအရ သတ္တဝါ တစ်ဦးတစ်ယောက်ရဲ့ ဘဝကိုကြည့်ရင် မွေးတဲ့အချိန်ကစပြီး သေတဲ့အချိန်အထိ ကြားကာလလေးဟာ ဘဝတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကြားကာလလေးဟာ သက်ရှိပုဂ္ဂိုလ်တွေရဲ့ အဖြစ်ကလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖြစ်လေးဟာလည်း အမြဲမပြတ် အပျက်လေးတွေနဲ့ စပ်နေတာ ဖြစ်တဲ့အတွက် ထာဝရမဟုတ်ဘဲ တဒင်္ဂ ခဏလောက်ပဲ ဖြစ်နေတာ ဖြစ်ပါတယ်။ ဖြစ်ခြင်းရဲ့နောက်မှာ ပျက်ခြင်းတွေ ရောက်နေတတ်တာ ဖြစ်တဲ့အတွက် ဘဝရဲ့နောက်မှာ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ဝယလေးတွေ ရောက်လာနေတတ်တယ်ဆိုတာ မမေ့ကြဖို့ပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန်စံတော်မူးခါနီးမှာ နောက်ဆုံးအနေနဲ့ “ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ = ပြုပြင်စီရင်ထားတဲ့ သက်ရှိသက်မဲ့ ရုပ်တရား နာမ်တရား မှန်သမျှ ပျက်ဆီးခြင်းသာ အဆုံးရှိတဲ့အတွက် ဘာပဲဖြစ်ဖြစ် မမေ့ကြပါနဲ့” လို့ မိန့်တော်မူသွားခဲ့တာ ရှိပါတယ်။ သက်ရှိပဲဖြစ်ဖြစ် သက်မဲ့ပဲဖြစ်ဖြစ် အားလုံးဟာ ပြုပြင်ထားတာတွေပဲ ဖြစ်တဲ့အတွက် နောက်ဆုံးမှာ အားလုံးပျက်ဆီးသွားမှာပဲ ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ အဖြစ်ရှိရင် အပျက်ဆိုတာ ရှိနေမှာ ဖြစ်တဲ့အတွက် ဖြစ်လို့ပျက်တတ်တဲ့ သဘောမှာ တုန်လှုပ်ခြောက်ခြားမှု မဖြစ်ကြဘဲ မမေ့မလျော့တဲ့ သတိနဲ့ အပျက်ကလေးတွေ ရောက်မလာခင် တဒင်္ဂ အဖြစ်အပေါ်မှာ အကောင်းဆုံး ရှုမျှော်နိုင်အောင် စားသတိ၊ သွားသတိ၊ ပြောသတိ၊ ဆိုသတိ၊ တွေးသတိ၊ ကြံသတိ၊ လုပ်သတိ၊ ကိုင်သတိ စသဖြင့် အရာရာတိုင်းမှာ သတိကပ်ပြီး နေကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် သတ္တဝါအားလုံးဟာ ဘဝဆိုတဲ့ တဒင်္ဂ အဖြစ်ကလေး တစ်ခုကို ရရှိထားကြတဲ့ သူတွေဖြစ်တဲ့အတွက် အဲဒီဘဝလေးရဲ့နောက်မှာ ဝယဆိုတဲ့ အပျက်ကလေးတွေ ရောက်လာတတ်တယ်ဆိုတာ မမေ့ကြဖို့၊ သတိပြုဆင်ခြင်ကြဖို့ လိုပါတယ်။ ဘဝကလေးတစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတာ အခိုက်အတန့် အဖြစ်ကလေး တစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် အဲဒီဖြစ်တည်မှုလေးဟာ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ပျက်ပျယ်သွားတတ်တယ်ဆိုတာ နှလုံးသွင်းနေရမှာ ဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ အချိန်လေးဟာ ဖြစ်တည်မှုလေး တစ်ခုသာ ဖြစ်တဲ့အတွက် အခုဖြစ်နေပေမယ့် တော်ကြာ ဖြစ်ချင်မှဖြစ်တော့မှာ မဟုတ်သလို၊ ဒီမှာရှိနေပေမယ့် ဟိုရောက်ရင် ရှိချင်မှာ ရှိတော့မှာ မဟုတ်ဘူးဆိုတာ ဆင်ခြင်နေရမှာ ဖြစ်ပါတယ်။ ဒီလို တဒင်္ဂ ဖြစ်တည်မှု ဘဝရဲ့နောက်မှာ ထပ်ကြပ်မကွာ ကပ်ပါနေတဲ့ ပျက်ပျယ်မှု ဝယဆိုတာ ရောက်လာနေတတ်တာ ဖြစ်တဲ့အတွက် ငယ်ရွယ်တဲ့ ဘဝ၊ အလယ်အလတ် ဘဝ၊ ကြီးရင့်တဲ့ ဘဝ စတဲ့ ဘဝအမျိုးမျိုးမှာလည်း အချိန်မရွေး ပျက်ဆီးခြင်းဆိုတာ ရောက်လာနေတတ်တာ ဖြစ်လို့ ငယ်ရွယ်တဲ့ သူတွေရော၊ အလယ်အလတ် ပုဂ္ဂိုလ်တွေရော၊ အကြီးပုဂ္ဂိုလ်တွေပါ ဒါကို မမေ့မလျော့ သတိပြုနေကြရမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလို သတိပြု ဆင်ခြင်နေရတာလဲဆိုရင် “အဖြစ်ရှိရင် အပျက်ရှိတယ်” ဆိုတဲ့ ဒီအသိလေးသာ သိရှိလက်ခံထားရင် ဘဝမှာ အပျက်တွေကြုံတိုင်း ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြေဆည်ရာလေးတွေ ရနေတတ်လို့ပဲ ဖြစ်ပါတယ်။ ဒီအသိလေးနဲ့ နေတတ်တဲ့ အကျင့်လေးတွေ ရှိနေမယ်ဆိုရင် ငယ်ရွယ်တဲ့ သူတွေလည်း ဘဝမှာ စိတ်တိုင်းမကျ ဖြစ်တဲ့အခါ ဖြေဆည်လာတတ်မှာ ဖြစ်သလို အလယ်အလတ်ပုဂ္ဂိုလ်တွေနဲ့ အကြီးပိုင်း ပုဂ္ဂိုလ်တွေလည်း ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့ အခါမျိုးမှာ ကိုယ့်ကိုယ်ကို သက်သောင့် သက်သာဖြစ်အောင် ဖြေဆည်လာနိုင်ကြမှာ ဖြစ်ပါတယ်။ ဖြစ်တာရှိလို့ ပျက်တာရှိတယ်ဆိုတာ သိလာတဲ့အခါ အဲဒီအသိက ပုဂ္ဂိုလ်သတ္တဝါ အပေါင်းကို အကောင်းဆုံး ဖြေဆည်ရာလေးတွေပေးပြီး ဘဝရဲ့ အတက်အကျ သဘောကို တရားသဘောနဲ့ ခံနိုင်ရည်ရှိအောင် အကောက်အကူ ပေးနေတော့တာ ဖြစ်ပါတယ်။

ဘုန်းဘုန်းကိုယ်တိုင်လည်း ဘဝမှာ ဒီအသိလေးတွေနဲ့ ဖြေဆည်ရာလုပ်ရတာတွေလည်း အများကြီးပါပဲ။ တစ်ခါတလေ ဖြစ်ချင်တဲ့အရာလေးတွေ ဖြစ်မယ်ကြံကာရှိသေး ပျက်ပျယ်သွားတာလေးတွေ၊ ဖြစ်ပြီးကာမှ ပျောက်ပျက်သွားတာလေးတွေ ကြုံနေရတတ်ပါတယ်။ ကြုံလည်းကြုံနေဦးမှာပါပဲ။ တစ်လောကပဲ ကိုယ့်မှာရှိထားတဲ့ အရာလေးတွေ၊ ကိုယ့်မှာဖြစ်နေတဲ့ အရာလေးတွေဟာ တစ်စုံတစ်ဦးကြောင့် ပျက်ဆီးသွားခဲ့တာ ကြုံခဲ့ရပါသေးတယ်။ ရည်ရွယ်ထားတာလေးတွေ လုပ်ဖို့ ဖြစ်တည်လာတဲ့ အရာလေးတွေ ပျောက်ပျက်သွားတာဖြစ်လို့ စိတ်ထဲမှာ အတော်ကို မခံချိမခံသာ ဖြစ်ခဲ့ပေမယ့် “ကိစ္စတစ်ခုဆိုတာ အကြောင်းအကျိုး မညီညွတ်ရင်၊ အချိန်မတန်ရင်၊ ကိုယ်နဲ့မထိုက်ရင်၊ ကိုယ့်ရဲ့အတိတ်ကံ ပါမလာခဲ့ရင် ဖြစ်ချင်ပေမယ့် ဖြစ်မလာဘဲ ပျက်သွားတတ်တယ်”ဆိုတာ အချိန်မီ နှလုံးသွင်း ဆင်ခြင်မိလိုက်မှပဲ သက်သောင့်သက်သာ ဖြေဆည်ရာ ရခဲ့ပါတယ်။ တော်သေးတယ် ဘုရားစကား၊ ဘုရားအားနဲ့ ဖြေဆည်ရာ တရားလေးတွေ ရှိနေလို့။

အမှန်တော့ ဒီလို ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်ဘဲ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်ဖြစ်သွားတာတွေဟာ သဘာဝဓမ္မ၊ အနတ္တဓမ္မပဲ ဖြစ်ပါတယ်။ အနတ္တဆိုတာ အစိုးမရခြင်းလို့ အဓိပ္ပါယ်ဆောင်တဲ့အတိုင်း ကိုယ့်မှာ အစိုးရတယ်ဆိုတာ ဘာတစ်ခုမှ မရှိတာ အသေအချာပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အရှိတရား၊ အဖြစ်တရား၊ ပိုင်ဆိုင်မှုတရားတွေ မပြောနဲ့ ရုပ်နာမ်အစုနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အစုတွေတောင်မှ တည်မြဲတယ်ဆိုတာ ဘာမှမရှိလေတော့ တဒင်္ဂဖြစ်တည်မှု ဖြစ်တဲ့ သက်ရှိသက်မဲ့ အရာမှန်သမျှ အားလုံးဟာ အချိန်တန်ရင်တော့ ဝယနဲ့ အဆုံးသတ်ကြရမယ်ဆိုတာ မလွဲဧကန် အမှန်ပဲ ဖြစ်ပါတယ်။ ဒီသဘောတရားကိုတော့ ဘယ်သူမှ လွန်ဆန်လို့ရမှာ မဟုတ်ပါဘူး။ ဒီလို သဘာဝဓမ္မကို သိထားမယ်ဆိုရင် လူတိုင်းလူတိုင်းဟာ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ အကောင်းဆုံး ဖြေဆည်နိုင်ကြမှာ ဖြစ်ပေမယ့် ဒီအသိ မရှိထားဘူးဆိုရင်တော့ ခဏခဏ ကြုံနေရမယ့် အပျက်အဆီးတွေ အပေါ်မှာ မခံမရပ်နိုင်အောင် ခံစားမိကြမှာပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဘဝဆိုတဲ့ တဒင်္ဂ ဖြစ်တည်မှုကို ပိုင်ဆိုင်ထားတဲ့ သူတွေအနေနဲ့ အဲဒီဖြစ်တည်မှု ဘဝရဲ့နောက်မှာ ဝယဆိုတဲ့ ပျောက်ပျက်မှုဟာလည်း အစဉ်အမြဲ ကပ်ပါလာနေတာ ဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေ ဘယ်လိုဘဝမျိုးမှာပဲ ဖြစ်ဖြစ် ဖြစ်တာရှိရင် ပျက်တာရှိနေမယ်ဆို သတိပြုဆင်ခြင်ကြဖို့၊ အတိတ်ကံကောင်းလို့ပဲ ဖြစ်ဖြစ်၊ ကြိုးစားအားထုတ်မှုကြောင့်ပဲ ဖြစ်ဖြစ် ရရှိဖြစ်ပေါ်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ စတာတွေဟာ အခိုက်အတန့် ဖြစ်တည်မှုများ ဖြစ်တဲ့အတွက် အဲဒီအဖြစ်ရဲ့နောက်မှာ အပျက်ဆိုတာ အချိန်မရွေး ရောက်လာတတ်တယ်ဆိုတာ မမေ့ကြဖို့၊ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဝတ္ထုများ မဆိုထားနဲ့ အဲဒီရုပ်တရားတွေကို ဖန်တီးပြုလုပ်နိုင်စွမ်း ရှိကြတဲ့ သတ်ရှိသတ္တဝါ လူပုဂ္ဂိုလ်တွေတောင်မှ ဘဝဆိုတဲ့ ဖြစ်တည်မှုလေးကို ရရှိထားတာဖြစ်လို့ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး အပျက်တွေနဲ့ ကြုံကြရမယ်ဆိုတာ နှလုံးသွင်းထားကြဖို့နဲ့ တကယ်လို့များ ကိုယ်ဖြစ်ချင်တဲ့အရာလေးတွေ ဖြစ်မလာခဲ့ရင်၊ ဖြစ်ပြီးသား အရာလေးတွေ ပျောက်ပျက်သွားခဲ့ရင် ဘဝရဲ့နောက်မှာ ဝယရောက်တတ်တယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ့်ကိုယ်ကို ဖြေဆည်နိုင်အောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဘဝဆိုတဲ့ ဖြစ်ခြင်းရဲ့နောက်မှာ ဝယဆိုတဲ့ ပျက်ခြင်းလေးတွေ ရောက်တတ်တယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ ဖြစ်ချင်တိုင်းမဖြစ်ဘဲ မဖြစ်ချင်တာတွေ ဖြစ်ဖြစ်လာ၊ ဖြစ်နေတာတွေ ပျက်ပျက်လာတာတွေနဲ့ ကြုံနေကြရတဲ့ သူတွေအနေနဲ့ ဘဝဆိုတာ လက်ရှိဖြစ်တည်နေတဲ့ တဒင်္ဂအခိုက်အတန့် ဖြစ်တည်မှုသာ ဖြစ်ပြီး အဲဒီဖြစ်တည်မှုရဲ့နောက်မှာ ဝယဆိုတဲ့ ပျက်ပျယ်မှု၊ အနတ္တဆိုတဲ့ ကိုယ့်စိတ်တိုင်းကျ မဖြစ်မှုတွေနဲ့ အမြဲမပြတ် ဆက်ဆံနေတာ ဖြစ်တဲ့အတွက် အချိန်မရွေး ရောက်လာတတ်တဲ့ အပျက်တွေ၊ အလိုမကျမှု၊ ဆင်းရဲမှုတွေ၊ အမြဲမရှိမှုတွေကို ကြုံတွေ့တဲ့အခါ ဘုရားစကား၊ ဘုရားအားကိုသာ လက်ကိုင်ထားပြီး “ဘဝရဲ့နောက်မှာ ဝယဆိုတာ ရောက်နေမှာ အသေအချာပဲ” ဆိုတဲ့ အချက်ကို နှလုံးသွင်းဆင်ခြင်ရင်း ကိုယ့်ကိုယ်ကိုသာ ဘဝနဲ့ဝယ ကင်းလွတ်ရာကို ရရှိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

Read more »

မြန်မာပြည်မှအပြန်…

မနေ့ (၉-၄-၂၀၁၂)က ဘုန်းဘုန်း ကိုရီးယားကို ပြန်ကြွဖြစ်ခဲ့ပါတယ်။ မြန်မာပြည်တွင်း အလုပ်တွေ ပြီးပြတ်သွားလို့ မဟုတ်ပေမယ့် ကိုရီးယားမှာ ရှိနေရမယ့်အချိန် ဖြစ်တဲ့အတွက် မဖြစ်မနေ ပြန်လာခဲ့ရခြင်း ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူး ပိတ်ရက်မှာ တစ်ပတ်လောက် ကိုရီးယားကို ပြန်လာပြီးကတည်းက အွန်လိုင်းပေါ်ကပျောက်ပြီး မြန်မာပြည်ရောက်သွားလိုက်တာ နှစ်လကျော်ကျော်လောက်ကို ဖြစ်သွားတော့တာပါပဲ။ မအားတဲ့ အချိန်တွေ များနေတာကြောင့် အင်တာနက်နဲ့ အဆက်အသွယ် ပြတ်သလောက်ကို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလောက်တောင် မအားမလပ် ဖြစ်ရအောင် ဘာတွေလုပ်နေခဲ့လို့လဲလို့ မေးစရာရှိပါတယ်။ အလုပ်တွေကတော့ အစုံပါပဲ။ အထူးသဖြင့် စိတ်တိုင်းကျ ပုံဖော်နေတဲ့ “မနာပဒါယီ ပညာဒါန ကျောင်းတော်ကြီး” တည်ဆောက်နေတဲ့အပိုင်းမှာ အချိန်ပြည့် ကြီးကြပ်ညွှန်ကြားနေတဲ့ အလုပ်ကတော့ နေပူမရှောင်၊ မိုးရွာမရှောင် တစ်စိုက်မတ်မတ်ကို လုပ်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အတော်ခရီးပေါက်လာပြီဖြစ်တဲ့ ဒီကျောင်းတော်ကြီး တည်ဆောက်မှုဟာလည်း မကြာခင်မှာ ပရဟိတ ပညာဒါန အလုပ်တွေ စတင်နိုင်ဖို့ တဖြည်းဖြည်း အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ နောက်ထပ် အချိန်ပေးရတဲ့ အလုပ်က အနယ်နယ် အရပ်ရပ်ကိုကြွရောက်ပြီး တရားဓမ္မ ဟောပြောပေးဖြစ်ခဲ့တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တရားဟောရတာ မပင်ပန်းပေမယ့် ၂နာရီလောက် တရားဟောဖို့ ၁၉နာရီလောက် ကားစီးရတာကတော့ ခန္ဓာကိုယ်ကို ပိုပြီးပင်ပန်းစေတာ အမှန်ပါပဲ။ ကုသိုလ်ရေးဆိုတော့လည်း လိုလိုလားလား ဝမ်းသာအားရကို ကြွနေဖြစ်ခဲ့ပါတယ်။ တရားပွဲက ကိုရီးယားကို ပြန်ကြွခါနီးအထိ ရှိနေခဲ့တာဆိုတော့ နေ့တိုင်းနီးပါး ကြွဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ပင်ပန်းပေမယ့် စိတ်ရွှင်လန်းစေတဲ့ အလုပ်တွေနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချရလို့ ပီတိတွေ ဖြစ်နေတဲ့ကြားက ၁၅ရက်ကြာ ဗုဒ္ဓဂယာ ဘုရားဖူးခရီးပါ ကြွသွားဖြစ်လိုက်ပါသေးတယ်။ ဘုရားရှင်ရဲ့ ဇာတိမြေကို ကိုယ်တိုင်ကြွရောက် ဖူးမျှော်ကြည်ညို ဖြစ်ခဲ့တဲ့အတွက် တရားပွဲတွေမှာ ဘုရားအားနဲ့ ဘုရားစကားတွေကို တရားနာပရိတ်သတ်ကြား ပိုပြီးကြည်ညိုသဒ္ဓါပွားအောင် ဟောပြောဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ မဟာကရုဏာ ကြီးမားမှု၊ မေတ္တာဓာတ် ပြည့်ဝမှုနဲ့ မနားမနေ အလုပ်လုပ်ခဲ့မှုတွေကို အိန္ဒိယနိုင်ငံရောက်ပြီး ကိုယ်ကိုယ်တိုင် ကားပေါ်က အခန့်သားကြွ၊ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတော့မှပဲ ကိုယ့်အလုပ်တွေဟာ ဘာမှမဟုတ်သေးပါလား၊ ကိုယ့်ပင်ပန်းမှုတွေဟာ ဘာမှမရှိသေးပါလား၊ ကိုယ့်မှာအများကြီး လိုနေသေးပါလား စတဲ့အတွေးတွေ အထပ်ထပ် ဖြစ်ပေါ်စေခဲ့တဲ့အပြင် ကိုယ့်တော့်အတွက်မပါ သတ္တဝါတွေ အတွက်သာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်တော်မူခဲ့ရှာတဲ့ ဘုရားရှင်ရဲ့ ပါရမီ ဖြည့်ဆည်းတော်မူရာ အခါကာလတွေကိုပါ ပြန်လည်သတိပြုမိရင်း ဘုရားရှင်အပေါ် အတိုင်းအထက်အလွန် ကြည်ညိုနေမိခဲ့ပါတယ်။

အိန္ဒိယကအပြန် မြန်မာပြည်ပြန်တော့လည်း တရားပွဲတွေက ထပ်ပြီးကြွနေရ ပြန်ပါတယ်။ ကျောင်းလည်းဆောက်၊ တရားလည်းဟောရင်း အများအကျိုးပြု လုပ်ငန်းလေးတွေမှာလည်း တစ်နိုင်တစ်ပိုင် ပါဝင်အားဖြည့် ဖြစ်ခဲ့ပါတယ်။ အဲဒီအားဖြည့် အလုပ်တွေထဲမှာ အားရစရာ ကောင်းတာတွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မျိုးဆက်သစ် လူငယ်များအတွက် ဓမ္မစကူးလ် (Dhamma School)များ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးပဲ ဖြစ်ပါတယ်။ ဘာသာတရား အခြေခံ အားနည်းလာနေကြတဲ့ မျိုးဆက်သစ် မြန်မာဗုဒ္ဓဘာသာများအတွက် ဘာသာရေးအခြေခံ ကောင်းအောင်နဲ့၊ စာရိတ္တပညာ မယိမ်းယိုင်အောင် ဘာသာရေးကို ပညာရေး အသွင်တစ်ခု အနေနဲ့ သင်ကြားပို့ချ ပေးနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရင်း ဓမ္မစကူးလ် ဖောင်ဒေးရှင်းရဲ့ ပထမခြေလှမ်းကို စတင်လျှောက်လှမ်း နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ဘုန်းဘုန်းတို့လည်း စွမ်းနိုင်တဲ့ဘက်က အားဖြည့်ခွင့် ရနေခဲ့တာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းတွေ ထွက်ပေါ်လာပြီး မကြာခင် နှစ်များအတွင်းမှာ အနယ်နယ်အရပ်ရပ်မှာ ဓမ္မစကူးလ်များ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုစရိုက်များဟာ ပိုမိုတိုးတက် ခိုင်မာလာတော့မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတုန်း ဘုန်းဘုန်းကိုယ်တိုင် ပါဝင်အားဖြည့်ခဲ့တဲ့ နောက်ထပ်အကျိုးပြု အဖွဲ့လေးတစ်ခုကတော့ တက္ကသီလဟိတဓရ (ရန်ကုန်)လို့ အဓိပ္ပါယ်ရတဲ့ တက္ကသိုလ် အကျိုးဆောင် အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာလည်း ဘုန်းဘုန်းက အကျိုးဆောင်နေရာမှာရော၊ ပြန်ကြားရေးမှာရော၊ ဘဏ္ဍာငွေ ရှာဖွေရေးမှာပါ အားဖြည့်ပေးရတာ ဖြစ်ပါတယ်။ တက္ကသိုလ် အကျိုးဆောင်အဖွဲ့ကို နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ကနေ ကျောင်းပြီးသွားကြတဲ့ ပြည်တွင်းပြပရောက် တက္ကသိုလ် ကျောင်းတော်သားများက ဦးဆောင်ပြီး ကျောင်းတွင်းကျောင်းတော်သားများနဲ့ ချိတ်ဆက်က အချင်းချင်း စည်းလုံးညီညွတ်စွာ လိုအပ်သည်များကို ကူညီပံ့ပိုးနိုင်ရေး၊ တက္ကသိုလ်ရဲ့ အကျိုးကို စုပေါင်းအားနဲ့ ဆောင်ရွက်ပေးနိုင်ရေး၊ ဆရာများရဲ့ ကျေးဇူးဂုဏ်ကို ပူဇော်ပေးနိုင်ရေးနဲ့ အခြားအခြား ပရဟိတ လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံး ဖွဲ့စည်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့လေးဟာလည်း ကျေးဇူးတင်ထိုက်တဲ့ ကျေးဇူးတရားတွေအပေါ် အစဉ်သတိရစေမှုနဲ့ အကျိုးပြု လုပ်ငန်းတစ်ခုခုကို ပြုလုပ်ပေးနိုင်မှုတွေကို ရှေးရှုနေတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ အနေနဲ့ မဖြစ်မနေ ပါဝင်အားဖြည့် ပေးရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှိနေတဲ့အချိန် လုပ်ရမယ့်အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း တစ်ဘက်ကလည်း တိုင်းပြည်ရဲ့ တိုးတက်ဖြစ်ထွန်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေမှာပါ မျက်ခြေမပြတ် အကဲခတ်နိုင်အောင် ကြိုးစားရပါတယ်။ အစိုးရအနေနဲ့ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလို သာသနာရေးပိုင်း ဆိုင်ရာတွေမှာလည်း ပြုပြင်ပြောင်းလဲနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အခွင့်ကြုံရင် ကြုံသလို အကြံပြုတာပါ လုပ်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ဌာနဆိုင်ရာ အပိုင်းတွေမှာ အောက်ခြေပိုင်း ဝန်ထမ်းတွေ အထိုက်အလျောက် သတိထား ပြုပြင်လာတာတွေ ရှိနေပေမယ့် သာသနာရေးဆိုင်ရာ ဌာနတွေမှာတော့ အောက်ခြေပိုင်း အဆင့်တွေမှာ ထူးထူးခြားခြား ပြောင်းလဲမှုကို မတွေ့ရသေးဘဲ ယူမြဲ၊ စားမြဲ၊ အခက်အခဲ ရှိနေမြဲပဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ အနေနဲ့ကတော့ ဌာနဆိုင်ရာဆို အထူးသဖြင့် သာသနာရေးဆိုင်ရာ ဌာနတွေဆိုရင် အတတ်နိုင်ဆုံး ရှောင်နိုင်သမျှ ရှောင်နိုင်အောင် ကြိုးစားနေမိတာ ဖြစ်ပါတယ်။ တစ်ခါတလေ ဌာနဆိုင်ရာတွေက အကူအညီ မရတဲ့အပြင် အဲဒီဌာနတွေကို အကြောင်းရှိလို့ သွားမိရင်လည်း လျစ်လျူရှုမှုတွေနဲ့အတူ ဂုဏ်သိက္ခာပါ ကျကျလာတတ်တဲ့ အခါတွေ ရှိနေလေတော့ ဌာနဆိုင်ရာဆို လန့်ကိုလန့်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တိုးတက်ပြုပြင် ပြောင်းလဲမှုတွေထဲမှာ အပေါ်ပိုင်းမှာသာ သိသာထင်ရှားမှုတွေ ရှိနေပေမယ့် အောက်ခြေအဆင့်တွေကတော့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေနဲ့ ပြုပြင်ပြောင်းလဲမှု အားနည်းနေသေးတယ်ဆိုတာ ပြနေတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းကတော့ တခါတလေ တစ်ချို့တရားပွဲတွေမှာ ဒီအကြောင်းအရာလေးတွေကို ထည့်ပြီး ပြောဖြစ်တတ်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့၊ ဒီမိုကရေစီ ကျကျ ဖြတ်သန်းကြဖို့ဆိုရာမှာ အစိုးရပိုင်းက အဓိကကျနေပေမယ့် တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းသူပြည်သား တစ်ဦးချင်းစီရဲ့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေကိုပါ ပြုပြင်ပြောင်းလဲဖြစ်ဖို့ လိုကြောင်း၊ တစ်ဦးချင်းရဲ့ ပြုပြင်ပြောင်းလဲမှု၊ စည်းကမ်းရှိမှု၊ စာရိတ္တကောင်းမှု၊ ဝိုင်းဝန်းဖေးမမှု စတာတွေကနေ တစ်မိသားစု၊ အဖွဲ့အစည်းတစ်ခုခု၊ ဌာနဆိုင်ရာ တစ်ခုခုနဲ့ နောက်ဆုံး တစ်တိုင်းပြည်လုံး အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ကြောင်း၊ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်သွားမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိကြောင်း စသဖြင့် ကြုံရင်ကြုံသလို ပြောဆိုဟောပြော ပေးဖြစ်ပါတယ်။ ဒါက နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံသားတွေရဲ့ အရေး၊ ဒါမှမဟုတ် နိုင်ငံရေးကို လုပ်နေခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင် ဒီလို နိုင်ငံရေး အလုပ်ကို စွမ်းနိုင်သမျှ လုပ်နေဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ အရေးတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများ အနေနဲ့ နိုင်ငံရေးကို များများလုပ်ကြဖို့ တိုက်တွန်းနေခဲ့ခြင်း ဖြစ်ပါတယ်။

ရှိပါစေတော့။ ဘုန်းဘုန်းအနေနဲ့ ဒီနေရာမှာ ပြောပြချင်တာက ဒုတိယအကြိမ် မြန်မာပြည် ပြန်ရောက်သွားတဲ့အချိန်မှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ကြုံလုပ်ဆောင် ခဲ့တာလေးတွေကို တစ်ဆင့်ပြန်လည် မျှဝေပေးရင်း ဝမ်းမြောက်နုမော် သာဓုခေါ်စေချင်တာ ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကြီးတွေ မဟုတ်ပေမယ့် မြန်မာပြည် ပြန်သွားတဲ့အခိုက် လုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကတော့ တကယ့်ကို သူနေရာနဲ့သူ အကျိုးပြုခဲ့တာတွေ ဖြစ်နေတဲ့အတွက် ဒီကုသိုလ်တွေကို သာဓုခေါ်ရင်း ထပ်ဆင့်သဒ္ဓါ ပွားနိုင်ကြဖို့ ပြန်လည်မျှဝေကာ ဖောက်သည်ချနေရခြင်း ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ အချိန်တွေနဲ့ ကုန်ခဲ့တဲ့ ဝတ္ထုကြေးငွေတွေဟာ ကုန်တာနဲ့အမျှ အကျိုးသက်ရောက်မှုတွေလည်း အမြောက်အများ ရှိနေခဲ့တဲ့အတွက် ဒီအပေါ်မှာ ထပ်တူထပ်မျှ အနုမောဒနာ ပြုနိုင်ဖို့အရေး အသိပေးရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုရီးယားမှ မြန်မာ၊ မြန်မာမှ အိန္ဒိယ၊ အိန္ဒိယမှ တစ်ခါမြန်မာ၊ မြန်မာမှ ကိုရီးယားသို့ ပြန်လည်ထွက်ခွါခဲ့တဲ့ ဘုန်းဘုန်းရဲ့ Domestic Mission လုပ်ငန်းစဉ်တွေဟာ အချိန်လည်းကုန်၊ ငွေလည်းကုန်၊ လူလည်း ပင်ပန်း၊ ခရီးလည်း နွမ်းခဲ့ပေမယ့် ကုန်ကျသွားတာနဲ့ အမျှ ဖြစ်ထွန်းသွားတဲ့ အကျိုးတရားတွေကလည်း အဆအထောင်မက ရှိသွားကြတာ ဖြစ်တဲ့အတွက် ဒီတစ်ခေါက် မြည်မာပြည် ခရီးတစ်ထောက်ဟာ တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်ဆုံး ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါကြောင်း ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ် အပေါင်းအား တစ်ဆင့်ပြန်လည် မျှဝေပြရင်း အတော်ကြာ အဆက်ပြတ်သွားတဲ့ အွန်လိုင်းစာရေးခြင်း အလုပ်ကို ပုံမှန်အတိုင်း ရေးသားတင်ပြ ပေးမည့်အကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ