ဘာရွေးမလဲ

ငွေရယ်၊ ဂုဏ်ရယ်၊ လူရယ်၊ သိက္ခာရယ် ဒီထဲက ဘာကိုရွေးကြမလဲ
ငွေကိုရွေးရင် လူကိုသေးငယ်စေတယ်
ဂုဏ်ကိုရွေးရင် လူကိုဘေးဖယ်စေတယ်
လူကိုရွေးရင် အပူကိုပေးစေတယ်
သိက္ခာကိုရွေးရင် ဣစ္ဆာကိုပေးစေတယ်
သိက္ခာရွေးလို့ ဣစ္ဆာပေးရင် စိတ်ပါအေးပြီး မိစ္ဆာဝေးစေမယ်။

ဟုတ်တယ်။ ငွေးကိုရွေးမိရင် လူဟာအဲဒီငွေကြောင့် အလိုလိုပဲ သေးသိမ်သွားရ၊ သိမ်ငယ်သွားရတတ်သလို ကိုယ့်သဘောအတိုင်း မဖြစ်ဘဲ ငွေသဘောအတိုင်း ဖြစ်စေတတ်တော့တာ ဖြစ်ပါတယ်။ ငွေရှိရင်ဘာမဆို ဖြစ်တယ်လို့ ဆိုတတ်ကြပေမယ့် ငွေရှိအောင် လုပ်ရတဲ့ဒုက္ခရယ်၊ ငွေရှိလာလို့ ဖြစ်ရတဲ့ ဒုက္ခရယ်တွေကလည်း မရှိတောင့်တ ရှိကြောင့်ကျရတဲ့ သဘောကို အပြည့်အဝ ပုံပေါ်စေတော့တာ ဖြစ်ပါတယ်။ ငွေကိုရွေးရင် လူကိုပါ အရေးထားနေရတာတွေ ရှိတတ်တဲ့အတွက်ကြောင့် မလုပ်ချင်တဲ့ အလုပ်တွေအောက်က ရုန်းမထွက်နိုင်အောင် ဖြစ်တတ်တာလည်း အများကြီး ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ငွေမျက်နှာကြောင့် အမှန်တရားပျောက်ပြီး အမှားလမ်းလျှောက်ရတဲ့ သူတွေလည်း အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ ငွေကြောင့် အမှန်ပျောက်ပြီး အမှားရောက်လာတာဟာ ဘဝဟာ သေးသိမ်လာတာပဲ ဖြစ်ပါတယ်။

ဂုဏ်ကိုရွေးမိရင်လည်း လူကိုဘေးဖယ်စေတတ်တာတွေ ရှိပါတယ်။ လောကသတ်မှတ်ချက် ဂုဏ်ပကာသနတွေဟာ အသိတရားမပါရင် ခဏအရှိတရားကို အဟုတ်ထင် လူကိုလူလို့ မမြင်ဘဲ ကိုယ်ကိုယ်ကို မာနဝင်ကာ အများတကာကို မတူသလို မတန်သလို ဆက်ဆံချင်တာတွေလည်း ရှိတတ်ပါတယ်။ ဂုဏ်ကိုခင်ပြီး လူကိုမထင်သလို ပြုမူတာတွေ၊ ဂုဏ်ကိုရွေးချယ်ပြီး လူကိုဘေးဖယ်တာ စသဖြင့် ပြုလုပ်မိတတ်ပါတယ်။ ဂုဏ်ကိုရွေးချယ်မိပြီး နားထင်သွေးရောက်မိတဲ့အခါ အဲဒီသူကို လူတွေက တစ်ခါပြန်ပြီး ဘေးဖယ်ကာ ရှောင်ကြဉ်လာတာတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ တဒင်္ဂ အရှိတရား လောကသတ်မှတ်ချက် ဂုဏ်ပကာသနများကို ရွေးချယ်လွန်းအားကြီးရင် ဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

နောက် လူကိုရွေးချယ်တဲ့ အခါမှာလည်း အပူကို ပေးဝယ်သလို ဖြစ်တတ်တာတွေ ရှိတတ်ပါတယ်။ လူကိုရွေးချယ်မိရင် မူကိုလည်း ဘေးဖယ်မိတတ်ပါတယ်။ လူကိုရွေးချယ်မိတဲ့ သူတွေဟာ အချစ်အမုန်း သံယောဇဉ်ကို အကြောင်းပြုကာ ဆန္ဒာဂတိ၊ ဒေါသာဂတိတွေအထိ လိုက်မိတတ်ပြီး အချစ်ကြောင့် ဖြစ်တဲ့အပူ၊ အမုန်းကြောင်း ဖြစ်တဲ့အပူတွေကို ခံစားရတတ်တာ ဖြစ်ပါတယ်။ သံယောဇဉ်မှန်သမျှ ပင်ပန်းမှုကို ဖြစ်စေတတ်ပေမယ့် လူကိုရွေးချယ်မိတဲ့ သံယောဇဉ်ကတော့ တခြားအပူတွေထက် ပိုပြီး ခံစားရတတ်တာ ဖြစ်ပါတယ်။ လူကိုရွေးချယ်မိတဲ့အတွက် အပူကို ပေးဝယ်မိသလို ဖြစ်တယ်ဆိုတာ အဲဒီလူအပေါ် တွယ်တာမိတဲ့ သံယောဇဉ်ကြောင့်ပဲ ဖြစ်ပါတယ်။ သံယောဇဉ်ဟာ တွယ်တာလေ ပူလောင်လေ ဖြစ်တဲ့အတွက် ရွေးချယ်မှားရင် လေးပါယ် (အပါယ်လေးပါး)သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူကိုရွေးချယ်တာဟာ သံယောဇဉ်ကို ရွေးတွယ်စေသလို ဖြစ်တဲ့အတွက် အပူဆိုတာကိုလည်း ပေးဝယ်နေသလို ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

ရွေးချယ်မှုတွေထဲမှာ သိက္ခာကို ရွေးချယ်မှုကတော့ အခက်ခဲဆုံးနဲ့ အဖိုးတန်ဆုံးပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာကို ရွေးချယ်မှုဟာ ဒီနေ့လိုခေတ်ကြီးမှာ တကယ့်ကိုပဲ မလွယ်ကူတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အကျင့်ပျက် ချစားမှုတွေ များပြားလာတဲ့ ကာလကြီးမှာ အကျင့်သိက္ခာ မြင့်မာအောင် ကြိုးစားရွေးချယ်မှုဟာ ဘာနဲ့မှ နှိုင်းပြလို့မရတဲ့ အတိုင်းအဆမရှိတဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာပိုင်းကို ရွေးချယ်တဲ့သူတွေဟာ ဒီလိုခေတ်ကြီးမှာ အများက အထင်ကြီး တပ်မက်တတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု အပိုင်းနဲ့ ပတ်သက်ပြီး အားနည်းကောင်း အားနည်းနိုင်ပေမယ့် ဒီရွေးချယ်မှုကြောင့် ဘဝမှာ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှု၊ ယုံကြည်စေနိုင်မှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုကတော့ ဖော်မပြနိုင်အောင် ပြည့်စုံစေတာ ဖြစ်ပါတယ်။ အကျင့်သိက္ခာပိုင်းကို အလေးထားသူတွေဟာ အကြောက်တရားလည်း ကင်းဝေးစေပြီး ဘယ်လိုပရိတ်သတ်ထဲမဆို လိုသလို ကျင်လည်ကျက်စားနိုင်တာ ဖြစ်ပါတယ်။ အကျင့်ကောင်းရင် အဆင့်လည်းပြောင်းပြီး အသွင်လည်း ကောင်းစေတော့တာ ဖြစ်ပါတယ်။ အကျင့်သိက္ခာ ပြည့်စုံလာတဲ့ သူတွေအနေနဲ့ လိုချင်တဲ့ အလိုဆန္ဒတွေကို လိုသလို ရရှိခံစားလာနိုင်၊ ဖန်တီးတည်ဆောက်လာနိုင်တာလည်း လက်တွေ့အားဖြင့် အများအပြား ရှိနေကြတာ ဖြစ်ပါတယ်။ အကျင့်သိက္ခာတည်တံ့မှုဟာ ခက်ခဲမှုတွေ ရှိနေပေမယ့် တည်တံ့ရင် တည့်တံ့သလောက် အလိုဆန္ဒတွေလည်း ရောက်လာတော့တာ ဖြစ်ပါတယ်။ တဒင်္ဂ အရှိတရားကို မကြည့်ဘဲ သံသရာနဲ့ ချိန်ထိုးပြီးကြည့်လိုက်မယ်ဆိုရင် အကျင့်သိက္ခာကို ရွေးချယ်ထားသူတွေအတွက် သံသရာဘဝတွေမှာ လိုရာဆန္ဒမှန်သမျှ အမှန်ရနေနိုင်ကြတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တဒင်္ဂအရှိတရားနဲ့ သံသရာနဲ့ချီတဲ့ အရှိတရား ချိန်ထိုးပြီး အကျင့်သိက္ခာပိုင်းကို ရွေးချယ်တာကတော့ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ရွေးချယ်စရာတွေ များလွန်းလှတဲ့ ဒီနေ့ခေတ်ကြီးမှာ ငွေကိုရွေးချယ်မလား၊ ဂုဏ်ကိုရွေးချယ်မလား၊ လူကိုရွေးချယ်မလား၊ အကျင့်သိက္ခာပိုင်းကို ရွေးချယ်မလားဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပြီး အဲဒီရွေးချယ်မှုရဲ့ တန်ပြန်သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရရှိခံစားကြရမှာ ဖြစ်တဲ့အတွက် ဘာရွေးမလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကာ သံသရာနဲ့ချီတဲ့ အမှန်ရွေးချယ်မှုကို လုပ်ကြရမှာ ဖြစ်ပါကြောင်း စစ်မှန်တဲ့ စေတနာနဲ့ အရွေးမှန်အောင် အသိပေးတင်ပြလိုက်ရပါတယ်။

Read more »

အားလုံးဟာ ခဏလေးပါ

- ဘဝဆိုတာ ခဏပါ ဓမ္မပါအောင် လုပ်ရမှာ။
- အလှဆိုတာ ခဏပါ မာနမပါအောင် လုပ်ရမှာ။
- ဓနဆိုတာ ခဏပါ ဒါနပါအောင် လုပ်ရမှာ။
- ဂုဏဆိုတာ ခဏပါ သိက္ခာပါအောင် လုပ်ရမှာ။
- အရာရာဟာ မမြဲပါ အားလုံးခဏပါ။
- ခဏအသိ ဓမ္မရှိ သိညှိကျင့်ရမှာ။

ဘာပဲဖြစ်ဖြစ် အားလုံးဟာ ခဏလေးပဲ ဖြစ်နေတော့ အဲဒီခဏလေးမှာ ဓမ္မလေးနဲ့ တွဲထားမှ အလှလေးတွေလည်း အမြဲပါနေမှာ ဖြစ်ပါတယ်။
ဘဝကပေးတဲ့ အပူကို ဓမ္မကပေးတဲ့ အအေးနဲ့ ရွေးနေနိုင်မှ အပူသက်သာမှာ ဖြစ်ပါတယ်။
အလှကပေးတဲ့ မာနကို ဓမ္မကပေးတဲ့ နိမ့်ချမှုနဲ့ ရွေးနေနိုင်မှ မာနလျော့လာမှာ ဖြစ်ပါတယ်။
ဓနကပေးတဲ့ လောဘကို ဓမ္မကပေးတဲ့ ရောင့်ရဲမှုနဲ့ ရွေးနေနိုင်မှ အလိုကျလာမှာ ဖြစ်ပါတယ်။
ဂုဏ(ဂုဏ်)ကပေးတဲ့ မောက်မာမှုကို ဓမ္မကပေးတဲ့ ထောက်စာမှုနဲ့ ရွေးနေနိုင်မှ အကျင့်သိက္ခာ မြင့်လာမှာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အားလုံးဟာ ခဏလေးဆိုတာပါပဲ။ အဲဒါကို သိအောင်ကြိုးစား၊ ပြီးရင် တရားနဲ့ညှိပြီး လက်တွေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

Read more »

ငါလည်းတစ်နေ့

တစ်ခါတလေ လူငယ်တွေနဲ့ ဟိုစပ်စပ်ဒီစပ်စပ် ပြောကြတဲ့အခါ တစ်ချို့လူငယ်လေးတွေက “အရှင်ဘုရား တပည့်တော် အသိတွေထဲမှာ ဘယ်သူကတော့ ဘယ်လိုအဆင်ပြေသွားတာ၊ ဘယ်သူကတော့ ဘယ်လိုအောင်မြင်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဖြစ်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဒုက္ခရောက်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုမှကို ထင်မထားတာတွေ ဖြစ်သွားတာ” စသဖြင့် သူတို့သူတို့လေးတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုလာတာကိုလည်း နားထောင်ဖြစ်ခဲ့ရပါတယ်။ အဲဒီအလို အခါမျိုးမှာ သူတို့ရဲ့ စကားကိုလိုက်ပြီး သူများတွေကိုပြောရင်း ကိုယ့်ကိုယ်ကိုလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ခံယူချက်နဲ့ ဖြေဆည်ရာကို အမြဲနှလုံးသွင်းထားကြဖို့ ပြောဖြစ်ခဲ့ပါတယ်။ ဘဝမှာ “ငါလည်းတစ်နေ့”ဆိုတာကို မမေ့ဖို့ သတိပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့နောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို အားပေးတဲ့အခါ၊ ကိုယ့်ကိုယ်ကို ဆင်ခြင်တဲ့အခါတွေမှာ တကယ့်ကိုပဲ အားပေးရာ၊ ဖြေဆည်ရာတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့ ထောက်ကူမှုဟာ အသုံးချတတ်မယ်ဆိုရင် အခြေအနေတိုင်းမှာ အသုံးတည့်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့သူ၊ အဆင်ပြေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးနဲ့ ကိုယ့်ကိုယ်ကို အားယူနိုင်သလို၊ ကျရှုံးသူများ၊ နိမ့်ကျသူများ၊ ပျက်ဆီးသွားသူများကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတာလေးကို သတိပြုဆင်ခြင်ရင်း ကိုယ့်ကိုယ်ကို ရင်ဆိုင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ဖြေဆည်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဆိုတော့ကား ဘဝမှာ ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာဟာ အသေအချာပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လူတိုင်းလူတိုင်းမှာ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း၊ အဆင်ပြေခြင်းနဲ့ မပြေခြင်း၊ ရှိခြင်းနဲ့ မရှိခြင်း၊ ဖြစ်ခြင်းနဲ့ ပျက်ခြင်း စတဲ့ ဆန့်ကျင်ဘက် လောကဓံတွေဟာ အမြဲရှိနေတတ်ကြတာ ဖြစ်ပါတယ်။ သူ့မှာရှိသလို ကိုယ့်မှာလည်း ရှိနေကြတာ ဖြစ်ပါတယ်။ သူအောင်မြင်သလို ကိုယ်လည်းအောင်မြင်နိုင်၊ သူကျရှုံးသလို ကိုယ်လည်းကျရှုံးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ လောကရှိလူသားတိုင်း၊ သတ္တဝါတိုင်း မလွဲမသွေ ကြုံတွေ့ကြရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ ဘယ်သူမှ တစ်သမှတ်တည်း ရှိနေတာ မဟုတ်ကြပါဘူး။ အောင်မြင်သူတွေလည်း အောင်မြင်မှုရဲ့နောက်မှ ကျရှုံးမှုတွေ ရောက်လာတတ်သလို မအောင်မြင်သေးသူတွေ အနေနဲ့လည်း ကြိုးစားရင် အောင်မြင်မှုဆိုတာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေအတွက် အဓိကတာဝန် အရှိဆုံးကတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုဟာ ကိုယ့်ဘဝရဲ့ အတက်အကျကို ဖန်တီးတည်ဆောက် ပေးနိုင်တာ ဖြစ်တဲ့အတွက် အောင်မြင်နေတဲ့သူတွေကို တွေ့တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို ခိုင်မှာတဲ့စိတ်ဓာတ်နဲ့ “ငါလည်းတစ်နေ့”ဆိုတဲ့ အတွေးနဲ့ သူတို့လိုဖြစ်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ အတိတ်ကံကို ဘေးဖယ်ထားပြီး ဒီပစ္စုပ္ပန်ဘဝမှာပဲ မှန်ကန်တဲ့လမ်းကို မဆုတ်မနစ်တဲ့ ဝိရိယနဲ့ အားသွန်ခွန်စိုက် ကြိုးစားလိုက်မယ်ဆိုရင် အတိတ်ကံကောင်းသူတွေလောက် အများကြီး အောင်မြင်မှု မရနိုင်တာတောင်မှ ဝိရိယအကျိုးနဲ့ အထိုက်အလျောက် အောင်မြင်မှုကတော့ ရောက်လာကြမှာပဲ ဖြစ်ပါတယ်။ “သူဖြစ်သလို ငါလည်း ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ စိတ်နဲ့ ဇွဲမလျော့ဘဲ ကြိုးစားနိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာတွေတောင် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဘဝတစ်ခု အောင်မြင်မှုရှိဖို့အတွက် လူတိုင်းလူတိုင်းမှာ “ငါလည်းတစ်နေ့”ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကိုလက်ကိုင်ထားပြီး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ သူလည်းဖြစ်သလို ငါးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ နိယမတစ်ခုပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က အောင်မြင်သူများရဲ့ ကျရှုံးမှုပဲ ဖြစ်ပါတယ်။ အောင်မြင်နေရာကနေ ကျဆုံးသွားတဲ့သူတွေကို ကြည့်ရင် တစ်ချို့ကတော့ လမ်းလွဲသွားကြလို့ ဖြစ်သလို၊ တစ်ချို့ကျတော့ ဘဝင်မြင့်ပြီး ဘဝမေ့သွားကြလို့ပဲ ဖြစ်ပါတယ်။ တစ်ချို့လည်း ကံမကောင်း အကြောင်းမလှလို့ ဖြစ်ကြသလို တစ်ချို့လည်း ပြုပြင်လို့မရတဲ့ အကြောင်းအကျိုး ဆက်စပ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာသာတရား ရှုထောင့်ကကြည့်ရင် ဘယ်အရာမှ အမြဲမရှိဘူးဆိုတဲ့ အချက်ကို ကောက်ချက်ချလို့ ရနိုင်ပါတယ်။ ဘဝဆိုတဲ့ ဖြစ်တည်မှုတစ်ခုဟာ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းဆိုတဲ့ သဘာဝဓမ္မတွေနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် ဖြစ်နေ၊ ရှိနေ၊ ရနေ၊ အောင်မြင်နေတာတွေဟာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောတွေက ကိုယ်ရော၊ သူများရော အားလုံး ရင်ဆိုင်ထားရမယ့် သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ တကယ်လို့ ဒီသဘောတွေ မရောက်သေးပေမယ့် ရောက်လာတဲ့သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့” ဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။ အဲလို အသိလေးကို အမြဲနှလုံးသွင်းထာမယ်ဆိုရင် ကိုယ့်ဆီကို အဆိုးတွေ ရောက်လာတဲ့အခါ စိတ်မှာသက်သောင့်သက်သာ ခံနိုင်ရည် ရှိလာမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဘဝတစ်ခုတောင် ပျက်ဆီးသွားနိုင်တဲ့အထိ လောကဓံရဲ့ ရိုက်ပုတ်မှုအောက်ကို ရောက်သွားနိုင်တာ ဖြစ်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့လက်တွေ့ဘဝထဲမှာ ဒီသဘောတရားတွေကို အများကြီး တွေ့ကြုံဖူးကြမှာ ဖြစ်ပါတယ်။ မရှိရာကနေ ရှိနေသူများ၊ အဆင်မပြေရာကနေ ပြေသွားသူများ၊ ဆင်းရဲနေရာကနေ ချမ်းသားသွားသူများ၊ ကျရှုံးနေရာကနေ အောင်မြင်သွားသူများ ရှိနေကြသလို ရှိနေရာကနေ မရှိဘဲ ဖြစ်သွားသူများ၊ အဆင်ပြေနေရာကနေ မပြေဘဲ ဖြစ်သွားသူများ၊ ချမ်းသာနေရာကနေ မွဲသွားသူများ၊ အောင်မြင်နေရာကနေ ကျရှုံးသွားသူများလည်း ရှိနေကြမြဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အဆိုးဆုံးပြောရမယ်ဆိုရင် အကောင်းပကတိ ရှိနေရာကနေ ခြေလက်အင်္ဂါ၊ ပျက်ဆီးသွားသူများ၊ အသက်ရှင်နေရာကနေ ရုတ်တရက် အသက်ဆုံးသွားသူများအထိ အမျိုးမျိုးရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေကောင်းသူများနဲ့ အခြေအနေ ဆိုးသွားသူများကို မြင်သိကြားရတဲ့အခါမှာ ကိုယ့်ကိုယ်ကို အားပေးဖို့နဲ့ ဖြေဆည်ဖို့၊ ပြီးတော့ သတိပြု ဆင်ခြင်ဖို့ကတော့ “ငါးလည်းတစ်နေ့”ဆိုတာပဲ ဖြစ်ပါတယ်။

တစ်လောကတောင် နိုင်ငံခြားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာဒကာအချို့အကြောင်း ကြားသိလိုက်ရပါသေးတယ်။ အထိုက်အလျောက် ဝတ္ထုကြေးငွေလေးတွေ စုဆောင်းမိလို့ ပြန်မယ်လုပ်ထားပြီးမှ စက်ထဲလက်ညှက်လို့ မပြန်နိုင်သေးဘဲ ဆေးကုနေရတဲ့သူတွေ၊ ရုတ်တရက် အသက်ထွက်သွားသူတွေ စသည်ဖြင့် အစုံပါပဲ။ မကြာသေးခင်က သက်ပျောက်ဆွမ်းပင့်လို့ သွားပြီး ဟောပြောပေးခဲ့ရတဲ့ ဒကာလေးဆိုရင် ထင်တောင်မထင်ရက်စရာပဲ ဖြစ်ပါတယ်။ သူ့ဦးလေး စက်ထဲမှာ လက်ညက်လို့ လက်သုံးချောင်းပျက်ပါသွားပြီး ဆေးရုံတက်နေတဲ့အတွက် ဆေးရုံမှာ လူနာစောင့်အနေနဲ့ လာစောင့်ပေးနေရာက အဲဒီလူနာစောင့်လုပ်တဲ့ တူတော်မောင်ဟာ ဆေးရုံဧည့်ခန်းမှာ တီဗီကြည့်နေရင်း အသက်ပါပျောက်သွားတာတဲ့လေ။ ဘဝမှာ အသက်အရွယ်အရ ကြည့်ရင် အရင်မွေးပြီး အသက်အရွယ် ကြီးနေတဲ့သူက အရင်သေရမှာ ဖြစ်ပေမယ့် ဦးလေးအရင် တူတော်မောင်က ဘဝခရီးကို စောစောစီးစီး ထွက်သွားတဲ့ အဖြစ်ဟာ ကြောက်တတ်မယ်ဆိုရင် သေခြင်းတရားရဲ့ မမြင်နိုင်တဲ့ သဘောကို ကောင်းကောင်းတွေ့ရမှာ ဖြစ်ပါတယ်။

လူတွေဟာ ကိုယ့်အလှည့် မရောက်သေးလို့ အကြောက်တရားတွေ ပျောက်နေတတ်ကြပေမယ့် ကြောက်တတ်မယ်ဆိုရင် ကိုယ့်ရှေ့မှာ ဖြစ်သွားကြတဲ့ သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့”ဆိုတာလေးကို တွေးမိရုံနဲ့တင် ကြောက်စရာ ကောင်းနေတော့တာ ဖြစ်ပါတယ်။ သူဖြစ်သလို ငါလည်းမဖြစ်နိုင်ဘူးလို့ ဘယ်သူမှ ပြောလို့မရတဲ့အဖြစ်ကို သတိပြုမိရင်ကိုပဲ တကယ်ကြောက်ဖွယ် အဖြစ်တွေပဲ ဖြစ်ပါတယ်။ ပျက်ဆီးခြင်းတရား၊ သေခြင်းတရားဆိုတာ သူမှာမှ ဖြစ်ရမယ်၊ ငါ့မှာမဖြစ်ရဘူး၊ ဟိုမှာမှ ဖြစ်ရမယ် ဒီမှာမဖြစ်ရဘူး၊ ဘယ်အချိန်မှာ ဖြစ်ရမယ်၊ ဘယ်အချိန်မှာ မဖြစ်ရဘူး၊ ဘယ်လိုဖြစ်ရမယ်၊ ဘယ်လိုမဖြစ်ရဘူး စသဖြင့် သတ်မှတ်ထားလို့၊ ကျိန်းသေပြောလို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်ရင်၊ ဖြစ်ချိန်တန်ရင် ဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့သာ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ငါလည်းတစ်နေ့”ဆိုတဲ့ အသိနဲ့ သတိမလွတ်ဘဲ နေနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

သတိမလွတ်ဘဲ နေဖို့တင် မဟုတ်ပါဘူး။ နေတုန်းအခိုက်မှာ မကောင်းတဲ့အလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး ကောင်းတဲ့အလုပ်တွေကို ဆောင်ထားနိုင်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီအသိနဲ့ အဲဒီ တစ်နေ့လေး ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘဝကိုယ် ဖန်တီးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ ဒီဘဝအတွက် ကြိုးစားဖန်တီးကြသလို နောင်သံသရာအတွက်လည်း ပြုလုပ်ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် တစ်ဘဝ ကောင်းစားရေးကိုသာ မကြည့်ဘဲ ပစ္စုပ္ပန် သံသရာနှစ်ခုလုံး ကောင်းစားရေးအတွက်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီဘဝကောင်းစားရေးအတွက် ဖန်တီးတဲ့အခါ “ငါလည်းတစ်နေ့ ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ ခံယူချက်နဲ့ အပြစ်ကင်းအောင် ကြိုးစားဖန်တီးကြရမှာ ဖြစ်သလို နောင်သံသရာ ကောင်းစားရေးအတွက်လည်း “ပျက်ဆီးခြင်းဟာ ငါ့အတွက်လည်း အချိန်မရွေး ရောက်လာတတ်တယ်”ဆိုတဲ့ အသိနဲ့ အခုလက်ရှိအချိန်မှာ ကောင်းမှုကုသိုလ်ကို များများလုပ်ထားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ “ငါလည်းတစ်နေ့”ဆိုတဲ့ အချက်လေးကပေးတဲ့ ပစ္စုပ္ပန်သံသရာ ကောင်းစားရေး အသိပေးစကားလေးပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ငါတွေပေါနေကြတဲ့ လောကကြီးမှာ အတော်များများက ငါကိုအစွဲပြုပြီး မာနထောင်တာ၊ မဟုတ်တာလုပ်တာ၊ ယုတ်မာတာတွေကို လုပ်နေကြပေမယ့် တကယ်တမ်းကျတော့ အဲဒီငါအားလုံးဟာ ဘာမှအသုံးမကျဘဲ တစ်နေ့တော့ သူဟာနဲ့သူ၊ သူ့ဘဝကို သူဖန်တီး တည်ဆောက်သွားတတ်ကြတာ ဖြစ်တဲ့အတွက် သူများတွေကို အသာထား ကိုယ့်ကိုယ်ကို သတိစကား ပါးနေရမှာက ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့” ဆိုတာလေးပဲ ဖြစ်ကြောင်း၊ “သူဖြစ်သလို ငါလည်း တစ်နေ့မဖြစ်ဘူးလို့ မပြောနိုင်၊ သူပျက်သလို ငါလည်း တစ်နေ့မပျက်ဘူးလို့ မပြောနိုင်”တဲ့အချက်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ရဲ့လုပ်ရပ်တိုင်းမှာ အပြစ်မပါအောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ဘာပဲ ဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာလေးကို မမေ့ကြဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ သူများကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်တဲ့ အနေနဲ့ အောင်မြင်နေသူတွေကို တွေ့တဲ့အခါ “ငါလည်းတစ်နေ့…”၊ မထင်မှတ်တာတွေ ဖြစ်သွားတဲ့သူတွေကို တွေ့တဲအခါ “ငါလည်းတစ်နေ့…” ဆိုတဲ့ အသိတရားလေးနဲ့ အားပေးဖို့ လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို အားပေး၊ ဖြေဆည်ဖို့လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို ဖြေဆည်၊ သံဝေဂယူဖို့ လိုအပ်တဲ့အခါ သံဝေဂယူရင်း အဲဒီတစ်နေ့တွေ ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံး ဖန်တီးတည်ဆောက်ကြမှာ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »

အလိုမကျ ဖြစ်ကြရာဝယ်

ဘုန်းဘုန်းအပါအ၀င် သတ္တ၀ါတွေဟာ တစ်ခုမဟုတ် တစ်ခုတော့ အလိုမကျ ဖြစ်နေတတ်ကြသလို ဖြစ်လည်းဖြစ်ဖူးကြပါတယ်။ ပုထုဇဉ်တွေ ဖြစ်နေတဲ့အတွက်လည်း အလိုပြည့်တယ်ဆိုတာ မရှိနိုင်ပါဘူး။ တစ်မျိုးမျိုးနဲ့ အလိုမကျ ဖြစ်နေကြမှာပါ။ ခုလည်းဖြစ်နေကြသလို နောင်လည်း ဖြစ်နေဦးမှာပါပဲ။ ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်တဲ့အခါ ရှိကြသလို သူများကိုကြည့်ပြီး အလိုမကျ ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရှိတဲ့ အရာတွေအပေါ်မှာ အလိုမကျ ဖြစ်တတ်သလို သူ့ရှိတဲ့ အရာတွေကြောင့်လည်း အလိုမကျ ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ကြောင့် အလိုမကျတဲ့အခါ ရှိတတ်သလို သူ့ကြောင့်အလိုမကျတဲ့ အခါလည်း ရှိတတ်ပါတယ်။ သေချာတာကတော့ ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခမငြိမ်းသေးသမျှ အလိုမကျမှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ ဒီရုပ်နာမ်နှစ်ခုကြောင့် အပူစုတွေနဲ့အတူ အလိုမကျမှုတွေက မပြတ်ဖြစ်နေမှာ အမှန်ပါပဲ။ နောက်ဆုံးတော့ နေရတဲ့အခိုက်မှာ ဒီအလိုမကျမှုတွေ အခိုက်အတန့်ဖြစ်ဖြစ် သက်သာဖို့အတွက် အကောင်းဆုံး ကုစားဖို့ပဲ ကြိုးစားရတော့မှာပါ။ အလိုမကျတဲ့အခါ ဖြေဆည်နိုင်ဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သေချာတွေးကြည့်ရင် ဘုန်းဘုန်းတို့တတွေဟာ နေ့တိုင်းနေ့တိုင်း အမျိုးမျိုး ပြောင်းလဲနေတဲ့ စိတ်ကြောင့် ခံးစားချက်အမျိုးမျိုးနဲ့ တစ်မျိုးပြီးတစ်မျိုး အလိုဆိုးတွေပဲ ဖြစ်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်း နေရင်းတောင် အလိုလို အလိုမကျ ဖြစ်နေတာတွေ ရှိတတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဖြေက တိတိကျကျ မရှိပြန်ပါဘူး။ အလိုမကျ ဖြစ်တတ်တာတော့ အသေးအဖွဲလေးက အစပါပဲ။ တစ်ခါတစ်လေ မြင်ရတဲ့ အဆင်းကြောင့် ဖြစ်ရသလို တစ်ခါတစ်လေ ကြားရတဲ့ အသံကြောင့် ဖြစ်ရပြန်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း အနံ့ကြောင့်၊ တစ်ခါတစ်လေကျတော့ အရသာကြောင့်၊ ပြီးတော့ အတွေ့အထိစတာတွေကြောင့် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ကို အလိုမကျ ဖြစ်နေရတာပါ။ ကိုယ့်ရဲ့ အဆင်း၊ အသံ၊ အနံ့ စတာတွေကြောင့် အလိုမကျ ဖြစ်ရသလို သူများရဲ့ အဆင်း၊ အသံ စတာတွေကြောင့်လည်း ဖြစ်ရပြန်ပါတယ်။ အရင်းစစ်တော့ ဘုရားစကားတော် အတိုင်းဆိုရင် ခန္ဓာအစုကြောင့်ပဲ ဖြစ်ပါတယ်။ စွဲလန်းတတ်တဲ့ ဥပါဒါနက္ခန္ဓာကြောင့်ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက အနတ္တလက္ခဏသုတ်မှာ ပဉ္စ၀ဂ္ဂီငါးဦးကို အလိုမကျ ဖြစ်တတ်တာတွေနဲ့ ပတ်သက်ပြီး ဟောတော်မူထားပါတယ်။ အလိုမကျဖြစ်နေခြင်းဟာ အရာရာ အနတ္တဖြစ်တယ်ဆိုတဲ့ သဘောကို မေ့နေပြီး အတ္တလို့ ထင်နေတဲ့အတွက်ကြောင့် ဆိုတာကို ဒီသုတ်တော်မှာ ပြတော်မူထားပါတယ်။ အရာရာဟာ အလိုရှိတဲ့အတိုင်းသာ ဖြစ်နေမယ်ဆိုရင် အနတ္တဆိုတာ မရှိဘဲ အတ္တပဲ ရှိနေတတ်ပေမယ့် အမှန်တကယ် အတ္တဆိုတာ မရှိကြောင်းကို ဒီသုတ်တော်က ထင်ရှားစေပါတယ်။ ဘုရားရှင်က “ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ ရရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ မရအပ်..” စသည်ဖြင့် ရုပ်သည်အတ္တမဟုတ် အနတ္တဖြစ်ကြောင်း ဟောတော်မူပါတယ်။ ပြီးတော့ “ခံစားခြင်းဝေဒနာ၊ မှတ်သိခြင်း သညာ၊ ပြုပြင်စီရင်ခြင်း သင်္ခါရ၊ သိစိတ်ဖြစ်ခြင်း ၀ိညာဏ်တို့သည်လည်း အလားတူပင် အတ္တမဟုတ်၊ အနတ္တဖြစ်ကြောင်း၊ အနတ္တဖြစ်သဖြင့်လည်း မမြဲခြင်းဖြစ်ကြောင်း၊ ဆင်းရဲခြင်းဖြစ်ကြောင်း၊ မမြဲဆင်းရဲပြီး ဖောက်ပြန်ခြင်း သဘောရှိသဖြင့် ထိုရုပ်ဝေဒနာ စသည်တို့၌ ငါ၊ ငါ့ဥစ္စာ၊ င့ါအတ္တဟု ရှုမြင်ရန် မသင့်ကြောင်း ထိုအရာများအား ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ပညာဖြင့် သိမြင်နိုင်မှသာ ရုပ်၌လည်း ငြီးငွေ့လာ၊ ဝေဒနာစသည်တို့၌လည်း ငြီးငွေ့လာကာ ကိလေသာကင်း၍ မဂ်ကိစ္စပြီးမည်ဖြစ်ကြောင်း…” စသဖြင့် ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီဟောကြားချက်များကို ကြည့်ရင် အလိုမကျတာတွေအတွက် ဖြေဆည်ရာ ရစေမှာ အမှန်ပါပဲ။ တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ကိုယ့်ရဲ့အလိုမကျမှုတွေကို “အရာရာဟာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ အတ္တမဟုတ် သူဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အနတ္တသဘောပဲ”ဆိုတဲ့ အသိနဲ့ ဖြေကြည့်မယ်ဆိုရင် အထိုက်အလျောက် ဖြေဆည်ရာရမှာပါ။ မှန်ပါတယ်။ တစ်ခါတစ်လေ လက်တွေ့ဘ၀မှာလည်း ဒီလို ဘာမဟုတ်တဲ့ အလိုမကျမှုတွေနဲ့ စိတ်ဒုက္ခဖြစ်ခဲ့ကြတာ မနည်းလှပါဘူး။ ဘုန်းဘုန်းအပါအ၀င် ပုထုဇဉ်မှန်သမျှ အလိုမကျမှုတွေကြောင့် ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အဆင်မမြေမှုတွေ အများကြီး ဖြစ်ခဲ့ကြ၊ တွေ့ခဲ့ကြ၊ ခံစားခဲ့ကြပါတယ်။ ပြီးတော့ သူတစ်ပါးကို အမှီပြုပြီး ဖြစ်ကြရတဲ့ အလိုမကျမှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေကလည်း မရေတွက်နိုင်အောင်ကို များခဲ့ကြပါသေးတယ်။ တကယ်တော့ ဖြေဆည်တတ်မယ်ဆိုရင် ငါ၊ ငါ့ဟာဆိုတာ အမှန်မရှိပေမယ့် အမှန်လို့ထင်နေတတ်တဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့ဟာကို ကိုယ်နဲ့ဘာမှ မပတ်သက်တဲ့ သူများတွေကို ကိုယ့်အလိုကျ ဖြစ်စေဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲပေါ့။ တစ်နေ့ကပဲ ဘုန်းဘုန်းကိုယ်တိုင် ဖြစ်လိုက်ပါသေးတယ်။ ဒကာလေးတစ်ယောက် ဝေယျာဝစ္စလာလုပ်ရင်း အလွဲလေးလုပ်မိလို့ စိတ်ထဲမှာ အလိုမကျ ဖြစ်ခဲ့မိသေးတယ်။ နောက်တော့ အချိန်မီပဲ “ငါ့နဲ့ ဘာမှသွေးမတော် သားမစပ်ဘဲ ဘုရားသားတော် တစ်ပါးအနေနဲ့ ကြည်ညိုလို့ လာပြီးကုသိုလ်ယူတာကို ငါက ဘာဖြစ်လို့ အလိုမကျ ဖြစ်နေရတာလဲ၊ သူ့နေရာမှာ ငါသာဆိုရင် ဒီလိုပဲ ဖြစ်မိမှာပဲ၊ ငါ့ကိုယ်ငါတောင် စိတ်တိုင်းမကျ ဖြစ်နေတာ သူတစ်ပါးကို ငါ့စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…” စသဖြင့် စိတ်ကိုဖြေနိုင်၊ အတွင်းမှာဖြစ်နေတဲ့ အလိုမကျမှုကို အပြင်မထွက်အောင် ထိန်းလိုက်နိုင်ပါတယ်။ ဘုန်းဘုန်းလိုပဲ အားလုံးလည်း ဖြစ်ဖူးကြမှာပါ။ အလိုမကျမှုတွေကိုလည်း ဖြေဖူးကြမှာပါ။ ဖြေလည်း ဖြေကြည့်စေချင်ပါတယ်။

သေချာတွေးကြည့်တော့ အလိုမကျတာတွေဟာ အမှန်မမြင်မိပဲ အတ္တဆန်တဲ့ ငါစွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။ အနတ္တဆိုတာကို မေ့နေပြီး အတ္တလို့ ထင်နေကြတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် အမိန့်ရှိသလို ငါ့ရုပ်င့ါခန္ဓာ ငါ့စိတ်ဆိုရင် ငါဖြစ်ချင်သလို ဖြစ်စေရမှာ ဖြစ်ပေမယ့် ငါ့ဖြစ်စေချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေတယ်ဆိုတာ သတိမပြုမိကြတော့ ဆရာသမားတွေကရော၊ မိဘတွေကပါ ပြီးတော့ ရာထူးကြီးတဲ့သူတွေ၊ ပညာတတ်တဲ့သူတွေ၊ အသက်အရွယ် ဂုဏ်ပကာသန ကြီးတဲ့သူတွေပါမကျန် အားလုံးက ကိုယ့်စိတ်တိုင်းကျ မတွေ့တဲ့အခါ၊ ကိုယ့်အလိုမကျတဲ့အခါ စိတ်ဆိုးစိတ်တိုပြီး တစ်ဘက်သားကို ဒုက္ခဖြစ်စေတတ်ကြပါတယ်။ တစ်ခြားသူတွေကို ဒုက္ခဖြစ်စေရုံတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခဖြစ်စေပါတော့တယ်။ တစ်ဘက်သူ ဘယ်လိုဖြစ်တယ်ဆိုတာ အသာထား ကိုယ်ကိုယ်ကိုတော့ ဒီလိုအလိုမကျ၊ စိတ်တိုင်းမကျ ဖြစ်လိုက်ရတဲ့အတွက် စိတ်ဒုက္ခဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ အရင်းစစ်တော့ အနတ္တဆိုတာမေ့ပြီး အတ္တလို့ ထင်မိကာ အလိုမကျ ဖြစ်ခဲ့မိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သူတစ်ပါးကို အကြောင်းပြုပြီး အလိုမကျ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အရင်ပြန်ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ရဲ့လားဆိုတာ သတိပြုမိကြဖို့ လိုပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်မိတယ်ဆိုတာပါပဲ။

တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ မလိုချင်ရင် အလိုမကျဖြစ်တယ် ဆိုတာ မရှိတော့ပါဘူး။ မလိုချင်တဲ့အတွက် ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ အလိုတွေ မရှိတော့ပါဘူး။ ဒါဆိုရင် အလိုမရှိတဲ့အတွက် လိုချင်လို့ တောင့်တပြီး တောင့်တတိုင်း မရတဲ့အခါ ဖြစ်တတ်တဲ့ အလိုမကျမှုဆိုတာလည်း မရှိနိုင်တော့ပါဘူး။ အကယ်၍ ပုထုဇဉ်တွေ ဖြစ်နေတဲ့အတွက် လိုချင်မှုကိုတော့ ထင်သလို ပြုပြင်ထိန်းသိမ်းလို့ မရသေးဘူးဆိုရင်လည်း အလိုမကျမှုတွေနည်းအောင်၊ အလိုမကျမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်သောက ခံစားမှုတွေ သက်သာအောင် ဖြေနိုင်ဖို့၊ ဖြေတတ်ဖို့တော့ လိုပါတယ်။ ဒီလို ဖြေတတ်ဖို့အတွက် ဘုရားရှင် အမိန့်ရှိသလို အရာရာဟာ ငါမဟုတ်၊ အတ္တမဟုတ်ဘဲ ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရတဲ့ အနတ္တပဲဆိုတာ နားလည်သဘောပေါက်လို့ ကိုယ်ကိုယ်တိုင်တောင် ဖြစ်ချင်တိုင်းဖြစ်လို့မရ၊ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာ သူများကိုအမှီပြုပြီး ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုတဲ့ အသိတရားနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သိစေချင်တာက အလိုမကျမှုတွေ ဖြစ်တဲ့အခါ ကိုယ်နဲ့ ချိန်ထိုးပြီး ဖြေနိုင်အောင် ကြိုးစားကြဖို့ပါ။ အနတ္တလက္ခဏသုတ်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့ အရာရာဟာ အတ္တမဟုတ်၊ အနတ္တဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး မမြဲတဲ့ သဘော၊ အစိုးမရတဲ့ သဘောကို မပြတ်အောက်မေ့ကာ အလိုမကျမှုတွေကို ဖြေကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်မရှိ ပညတ်ဝေါဟာရများနဲ့ ဖြေဆည်ကြည့်မယ်ဆိုရင်လည်း အလိုမကျ ဖြစ်တဲ့အခါ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်စိတ်နဲ့ကိုယ့်ကို အလိုမကျ ဖြစ်နေတာ သူတစ်ပါးကို ကိုယ်နဲ့ထပ်တူဖြစ်ဖို့၊ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်နဲ့ ဖြေကြည့်ကြဖို့ လိုပါတယ်။ အဲဒီလို ဖြေနိုင်မယ်ဆိုရင် အလိုမကျမှုတွေ ဖြစ်တိုင်းဖြစ်တိုင်း အရင်ဆုံးခံစားရတဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ လျော့နည်းသွားမှာ သေချာပါတယ်။ နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ချိန်ထိုး၊ ကိုယ်နဲ့ကိုယ်ချင်းစာပြီး မကြာမကြာဖြစ်တတ်တဲ့ အလိုမကျတတ်တာတွေကို ဖြေကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ အားလုံး အလိုမကျမှုတွေ နည်းနိုင်ကြပါစေ…

Read more »

တရားနဲ့ဖြေကြည့်ခြင်း

မြန်မာအတော်များများဟာ တစ်ယောက်ယောက် ဒုက္ခတွေ့တဲ့အခါ၊ စိတ်ဖိစီးမှုများ၊ စိတ်သောကတွေများ နေတဲ့အခါမျိုးမှာ “တရားနဲ့သာဖြေပါ”ဆိုတဲ့ အားပေးစကားကို မကြာမကြာ ပြောဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် သူတို့နဲ့ ပတ်သက်တဲ့သူ တစ်ယောက်ယောက် ဘဝခရီးမှာ အဆိုးဆုံးနဲ့ ကြံတွေ့တဲ့အခါ၊ ကိုယ့်ကိုစွန့်ခွါပြီး ဘဝခရီးကို အရင်သွားနှင့်တဲ့အခါ၊ ဘယ်လိုမှ ဖြေဆည်လို့ မရတဲ့ အဆိုးဆုံး ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါမျိုးတွေမှာ “တရားနဲ့ဖြေပါ”ဆိုတဲ့ ဒီစကားကို ပြောဖြစ်ကြတာ ဖြစ်ပါတယ်။ ခက်တာက သူများအတွက်မို့သာ ဒီစကားကို ပြောလိုက်ကြရပေမယ့် တစ်ခါတလေ ပြောတဲ့သူတွေ ကိုယ်တိုင်လည်း ဒုက္ခကိုယ်စီလေးတွေ ရှိနေတတ်ကြတယ် ဆိုတာကိုတော့ သူတို့ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မသိနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ အခု ဒီစာကို ရေးနေတဲ့ ဘုန်းဘုန်းကိုယ်တိုင်လည်း ဒုက္ခဆိုတာ ရှိနေမြဲပဲ ဖြစ်ပါတယ်။ ကိုယ့်ဒုက္ခနဲ့ယှဉ်ရင် သူတို့ဒုက္ခတွေက ပိုနေလို့သာ ကိုယ့်ဒုက္ခအကြောင်း မပြောဖြစ်တာ ဖြစ်ပါတယ်။ ပြီးတော့ ဘုန်းဘုန်းတို့ကျတော့ ဘုရားကျေးဇူး၊ တရားကျေးဇူး၊ သံဃာကျေးနဲ့ စာပေကျေးဇူးတွေကြောင့် ဒုက္ခလေးတွေကြုံတိုင်း ဘုရားအား၊ တရားအား၊ သံဃာအားကို အရင်းတည်ကာ သူတော်ကောင်းတွေရဲ့ သူတော်ကောင်းစကားတွေနဲ့ ဖြေဆည်နည်းလေးတွေ သိနေတဲ့အတွက်ကြောင့် ဒုက္ခရှိပေမယ့် ဓမ္မအသိနဲ့ ဒုက္ခမရှိသလို နေထိုင်နိုင်ကြတဲ့ သဘောပဲ ဖြစ်ပါတယ်။

အမှန်တော့ ဘယ်သူတွေ ဘယ်လိုဒုက္ခမျိုးပဲရှိရှိ အမှန်တကယ် ဖြေဆည်ကြည့်သင့်တာက ကိုယ့်ကိုယ်ကို ဓမ္မအသိနဲ့ အကြေအလည် ညှိကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓမ္မဆိုတဲ့ တရားဟာ အဓမ္မဆိုတဲ့ မတရားတာတွေကို တရားစေနိုင်လို့၊ ဓမ္မဆိုတဲ့အလင်းဟာ အဓမ္မဆိုတဲ့ အမှောင်တွေကို လင်းပြောင်စေလို့၊ ဓမ္မဆိုတဲ့ ချမ်းသာဟာ ဒုက္ခဆိုတဲ့ ဆင်းရဲတွေကို သုခလေးတွေအဖြစ် ထွန်းပြောင်စေလို့ပဲ ဖြစ်ပါတယ်။ တရားဆိုတဲ့ စကားကိုက အမှားတွေကို ခွါထားနိုင်တဲ့ အားတွေကို ပါစေနိုင်တဲ့အတွက်ကြောင့် ဘဝမှာ တရားနဲ့သာ ဖြေတတ်ကြမယ်ဆိုရင် အမှားတွေလည်းကွာပြီး ဒုက္ခတွေကိုပါ ခွါစေနိုင်တော့တာ ဖြစ်ပါတယ်။ တရားအသိနဲ့ အမှားတွေကြည့်ပြီး မမှားအောင် ညှိစေနိုင်တာ ဖြစ်ပါတယ်။ တရားရှိထားရင် အများတွေသိထားတဲ့ အသိတွေထက် အစစအရာရာ အသိသာပြီး ကိုယ့်ကိုယ်ပါ ပြန်သိလာတော့တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်သိလာရင် သတ္တဝါတွေဟာ ဘဝမှာ ဖြစ်ပေါ်လာနေတဲ့ ဒုက္ခတွေအပေါ်မှာလည်း အမှန်သိလာပြီး “ဒါဟာ ဒီလိုအကြောင်းကြောင့် ဒီလိုအကျိုးဖြစ်တာ၊ ဒါရှိနေလို့ ဒါရှိနေတာ” စသဖြင့် အကြောင်းအကျိုးကို ဆင်ခြင်ကာ ဘဝကို ဓမ္မနဲ့ညှိရင်း ဖြေကြည့်သွားတတ်တော့ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် သတ္တဝါမှန်သမျှ မွေးဖွားလာတာကိုက ဒုက္ခအစုတစ်ခုအဖြစ် ရှိနေကြတာ ဖြစ်ပါတယ်။ မွေးပြီးနောက်မှာလည်း ဘဝတစ်လျှောက် ခန္ဓာဝန်ဒုက္ခတွေနဲ့ လျှောက်နေရပြီး ဘဝအဆုံး သံသရာခရီး တစ်ခုလုံးမှာလည်း ဒုက္ခဆိုတာ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ဒုက္ခဆိုတဲ့ စကားလုံးနဲ့ သတ္တဝါအားလုံးဟာ ယဉ်ပါးနေကြပြီး ဖြစ်ကြပေမယ့် တကယ်ဆင်းရဲတွေ ကြုံတွေ့လာတဲ့အခါ၊ သောကတွေနဲ့ ရင်ဆိုင်လာကြတဲ့ အခါမျိုးမှာ မခံစားနိုင်အောင် ဖြစ်တတ်ကြတာလည်း တရားအသိ မရှိကြသေးတဲ့ သူတွေအတွက် အမှန်တွေပဲ ဖြစ်နေတတ်ပါတယ်။ တစ်ခါတလေ သိပ်ပြီးဒုက္ခကြီးတွေနဲ့ ကြုံတွေ့တဲ့အခါ တရားအသိ ရှိထားတဲ့သူတွေတောင်မှ တုန်လှုပ်တတ်ကြသေးတာဆိုတော့ တရားအသိ ဘာမှမရှိသေးတဲ့ သူတွေအနေနဲ့ ဖြေဆည်မရအောင် ဖြစ်တတ်တယ်ဆိုတာ သဘာဝပဲ ဖြစ်ပါတယ်။

သဘာဝဟာ သဘာဝပဲ ဖြစ်ပေမယ့် အားလုံးဟာ ထာဝရမမြဲတဲ့ အဖြစ်တွေပဲ ဆိုတာကိုတော့ သတိပြုဆင်ခြင်ပြီး ဘဝမှာဒုက္ခတွေနဲ့ ကြုံတဲ့အခါမှာ ဘဝထဲမှာ ဓမ္မလေးတွေ တွဲထားနိုင်အောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘဝထဲမှာ ဓမ္မတွဲနိုင်ဖို့အတွက်လည်း တရားတော်လေးတွေကို ဖတ်တတ်တဲ့အကျင့်၊ နာတတ်တဲ့အကျင့်၊ နာပြီးသုံးသပ် ဆင်ခြင်တတ်တဲ့အကျင့်၊ သိရှိလာတဲ့အသိကို ဘဝမှာ လက်တွေ့ အသုံးချတတ်တဲ့ အကျင့်လေးတွေ လုပ်ပေးဖို့တော့ လိုပါတယ်။ အဲဒီလိုအခါမျိုးမှာ တရားနဲ့တော့ ဖြေချင်ပါတယ် ဘယ်လိုဖြေရမှန်းမသိ၊ တရားနဲ့တော့ ပြင်ဆင်ခြင်ပါတယ် ဘယ်လိုပြင်ဆင်ရမှန်းမသိ မဖြစ်ရလေအောင် တရားလေးတွေ အပေါ်စိတ်ဝင်တစား ရှိတတ်တဲ့ အကျင့်လေးတွေလည်း လုပ်ကြည့်ကြရမှာ ဖြစ်ပါတယ်။

တရားဆိုတဲ့ သဘောကလည်း အရသာတစ်မျိုး ဖြစ်တဲ့အပြင် အရသာအားလုံးမှာ တရားအရသာဟာ အကောင်းဆုံး ဖြစ်တဲ့အတွက် တရားတော်အပေါ်မှာ စိတ်ဝင်တစားနဲ့ ဖတ်ရှုနာယူ မှတ်သားကြမယ်ဆိုရင် တရားတွေကို နာယူမှတ်သားချင်တဲ့ စိတ်လေးတွေ ကိုယ့်သန္တာန်မှာ တဖြည်းဖြည်း တိုးပွားလာတတ်ပါတယ်။ စိတ်ဆိုတဲ့ သဘောက မကောင်းတဲ့အလုပ်တွေမှာဆို မတိုက်တွန်းရပဲ လုပ်တတ်ပေမယ့် ကောင်းတဲ့ အလုပ်တွေမှာတော့ သီးသန့်ကိုအားယူပြီး လုပ်ကြည့်မှ ရတတ်တဲ့ သဘောရှိတဲ့အတွက် တရားနာတတ်တဲ့ အကျင့်လေးကိုလည်း သီးသန့်အနေနဲ့ လုပ်ကြည့်သင့်ကြပါတယ်။ ဒီလိုအလေ့အကျင့်လေးတွေဟာ လုပ်ပါများလာရင် ကိုယ့်သန္တာန်မှာ တရားအသိလေးတွေ တဖြည်းဖြည်း တိုးပွားလာပြီး ဘဝမှာ အခက်အခဲတွေ ကြုံတဲ့အခါ၊ ဒုက္ခလေးတွေ ကြုံတဲ့အခါ ကိုယ့်သန္တာန်မှာ အလိုလိုပဲ တရားနဲ့ ဖြေတတ်တဲ့ အကျင့်လေးတွေ ရလာမှာ ဖြစ်ပါတယ်။ တရားများများ နာယူထားလေလေ၊ တရားအသိများများ ရှိထားလေလေ အဲဒိအသိတွေက ကိုယ့်ဘဝမှာ ကြုံလာရမယ့် ဆင်းရဲတွေ၊ ကြုံလာရမယ့် လောကဓံတွေကို ခံနိုင်ရည်ရှိအောင် သင့်လျော်တဲ့ ဖြေဆည်မှုတွေ ပေးနေတော့တာ ဖြစ်ပါတယ်။



မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေဟာ သတ္တဝါတိုင်း ကြုံတွေ့ရတတ်တဲ့ ကိုယ်ဆင်းရဲခြင်း ကာယိကဒုက္ခ၊ စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခတွေကို သက်သောင့်သက်သာဖြစ်အောင်၊ ဒီဒုက္ခတွေ ထာဝရ ပေါ်မလာတော့အောင် လမ်းညွှန်ပေးထားတဲ့ တရားတော်တွေပဲ ဖြစ်တဲ့အတွက် ကိုယ်ဆင်းရဲခြင်းနဲ့ပဲ ဖြစ်ဖြစ်၊ စိတ်ဆင်းရဲခြင်းနဲ့ပဲဖြစ်ဖြစ် ကြုံတွေ့ကြတဲ့အခါ ဘုရားရှင်ရဲ့ တရားရေအေး အမြိုက်ဆေးကိုပဲ သောက်သုံးပြီး ဖြေဆည်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စေတသိကဒုက္ခဆိုတဲ့ စိတ်ဆင်းရဲခြင်းတွေနဲ့ ကြုံတွေ့တဲ့အခါမှာ စိတ်အညစ်အကြေး စိတ်နဲ့ဆေးတတ်တဲ့ အကျင့်လေးတွေနဲ့ ကိုယ့်စိတ်ကိုမြင်အောင်ကြည့်ပြီး ကိုယ့်မှာအကုသိုလ် ဖြစ်စေမယ့်အရာတွေဆိုရင် အမြန်ဆုံးထုတ်နိုင်အောင်ကြိုးစား၊ ကုသိုလ်ဖြစ်စေမယ့် အရာတွေဆိုရင် အကြိမ်ကြိမ် တိုးပွားအောင် ကြိုးစားရင်း တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးကြည့်ကြရမှာ ဖြစ်ပါတယ်။ ကာယိကဒုက္ခဆိုတဲ့ ကိုယ်ဆင်းရဲခြင်းကတော့ ရုပ်တရားရလာရင် ရုပ်ဖောက်ပြန်မှုဆိုတာလည်း ရှိနေမှာဖြစ်ပြီး ရုပ်ဖောက်ပြန်ခြင်းဟာ ရုပ်ဆင်းရဲခြင်းပဲ ဖြစ်တဲ့အတွက် ဒီရုပ်ဝေဒနာအပေါ် ခံစားချက်ကို ရှုမြင်တတ်တဲ့ အကျင့်လေးတွေနဲ့ ဖြေဆည်နိုင်ရင် နာနေတာကတခြား၊ နာနေတာကို သိနေတာကတခြား စသဖြင့် ရုပ်နာမ်သဘောကို သီးသန့်မြင်ပြီး သူ့အလိုလို ခံနိုင်ရည်ရှိကာ ဖြေဆည်လာနိုင်ကြမှာပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်စိတ်ဆင်းရဲခြင်းတွေ ဖြစ်တဲ့အခါ တရားနဲ့ ဖြေဆည်ကြည့်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

တကယ်တော့ ဘဝမှာ တရားနဲ့ ဖြေတတ်တဲ့ အကျင့်လေးတွေနဲ့ နေထိုင်တတ်ဖို့ဆိုတာ သီးသန့်ဟန်ဆောင်ပြီး တရားအလုပ် လုပ်နေရမယ့် သဘောမျိုး မဟုတ်ပါဘူး။ တရားအသိ များများရှိအောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်တတ်တဲ့ အကျင့်၊ ကိုယ့်ကိုယ်ကို မြင်တတ်တဲ့ အကျင့်၊ ကိုယ်ကိုယ်ကို ပြင်တတ်တဲ့ အကျင့်လေးတွေ ရှိအောင် ကြိုးစားနေထိုင်နိုင်ရင်ကိုပဲ ဘဝမှာ ကိုယ့်ကိုယ်ကို တရားနဲ့ ဖြေတတ်သွားတော့တာ ဖြစ်ပါတယ်။ မမေ့မလျော့တဲ့ သတိနဲ့ တရားအသိ များများရှိထားတဲ့ ဘုရားတပည့် တစ်ယောက်ဟာ ဘဝမှာ ဘယ်လို ဒုက္ခမျိုးပဲလာလာ အဲဒီဒုက္ခတွေကို ဘုရားစကားတော်နဲ့ ဖြေဆည်သွားတတ်တော့တာ ဖြစ်ပါတယ်။ တရားအသိရှိပြီး အဲဒီအသိနောက်ကို အကျင့်လိုက်ထားတဲ့သူဟာ ကိုယ့်ကိုယ်ကိုလည်း သက်သောင့်သက်သာ ဖြစ်အောင် ဖြေဆည်သွားတတ်သလို သူတပါးအပေါ်မှာလည်း အကုသိုလ် အပြစ်မဖြစ်အောင် ဖြေကြည့်ပေးသွားတော့တာ ဖြစ်ပါတယ်။

တစ်လောက နိုင်ငံခြားမှာရောက်နေတဲ့ အသိဒကာတစ်ယောက်က လျှောက်ဖူးပါတယ်။ “အရှင်ဘုရား အခုတလော တပည့်တော် သိသိသာသာ ပြောင်းလဲလာတာကို သတိပြုမိလာပါတယ်ဘုရား၊ တရားစာတွေဖတ်၊ တရားတွေနာ၊ မေတ္တာများများပွား၊ တရားလေးတွေ ထိုင်လာတတ်တဲ့ တပည့်တော်အနေနဲ့ အခုနောက်ပိုင်းမှာ တပည့်တော်နဲ့ ပတ်သက်တဲ့ အကောင်းအဆိုး၊ အတက်အကျ အနိမ့်အမြင့် လောကဓံတွေကို ခံနိုင်ရည် ရှိလာတာကို လက်တွေ့သိလာရပါတယ်ဘုရား၊ တရားအလုပ်ကို မလုပ်ဖြစ်ခင်တုန်းကဆိုရင် တပည့်တော်မှာ ထစ်ကနဲဆို ဒေါသဖြစ်လိုက်၊ ထစ်ကနဲဆို စိတ်ဆိုးစိတ်တိုလိုက်၊ ဘာလေးဖြစ်ဖြစ် လိုက်ခံစားလိုက်နဲ့ ခဏခဏ ဒုက္ခဖြစ်တတ်ပေမယ့် အခုဆိုရင် ဒီအတိုက်အခိုက်တွေ၊ ဒီလောကဓံတွေ ဖြစ်လာမယ်ဆိုတာ သိနေတာတောင် တုန်လှုပ်မှု မရှိတော့တာကို သတိ ထားမိလာပါတယ်ဘုရား၊ တစ်လောကတောင် အလုပ်ရှင်က အလုပ်ဖြုတ်တော့မယ်လို့ ဆိုတော့ အဲဒါကို သိသိနဲ့ ဘယ်လိုမှ မခံစားမိဘဲ တရားသဘောနဲ့ ဖြေဆည်သွားတတ်တာကို တပည့်တော် ကျေနပ်နေမိပါတယ်ဘုရား” စသဖြင့် သူ့ရဲ့ တရားနဲ့ ဖြေလာတတ်တဲ့ လက်တွေ့ဘဝ အခြေအနေကို ပြောဆိုလျှောက်ထားဖူးပါတယ်။

ဟုတ်ပါတယ်။ ဒါဟာ တရားတော်ကပေးတဲ့ လက်တွေ့ကျတဲ့ ဖြေဆည်ရာပဲ ဖြစ်ပါတယ်။ တရားကိုစောင့်တဲ့သူကို တရားက ပြန်စောင့်တယ်ဆိုသလိုပဲ တရားအသိနဲ့နေ၊ တရားအလုပ်နဲ့ နေတဲ့သူတွေကို တရားက အကောင်းဆုံး ပြန်လည်စောင့်ရှောက်မှုကိုပေးရင်း အကောင်းဆုံး ဖြေဆည်ရာကိုလည်း ပေးနေတတ်တာ ဖြစ်ပါတယ်။ ဘဝမှာ အခက်အခဲတွေကို သီးသန့်ဖြေဆည်ဖို့ တရားအလုပ်ကို လုပ်တာမဟုတ်ပေမယ့် တရားအလုပ်ကို လုပ်လာတဲ့သူတွေကို တရားက အကောင်းဆုံး ဖြေဆည်မှုကို ပေးနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဆိုလိုတာက သတ္တဝါတိုင်း သတ္တဝါတိုင်းဟာ ဘဝမှာ အကောင်းအဆိုး လောကဓံတွေနဲ့ ကြုံတွေ့ရတတ်ပြီး ဒုက္ခပေါင်းစုံကိုလည်း ခံစားရတတ်တာ ဖြစ်တဲ့အတွက် အဲဒီလောကဓံတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့တဲ့အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိဖို့နဲ့ သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်နိုင်ဖို့အတွက် အကောင်းဆုံး ဖြေဆည်ရာဆိုတာ တရားကလွဲပြီး တခြားဘာမှ မရှိကြောင်း၊ တရားနဲ့ ဖြေဆည်ခြင်းကသာ အကောင်းဆုံး ဖြေဆည်ရာဖြစ်ကြောင်း၊ အဲဒီလို တရားနဲ့ဖြေတတ်ဖို့အတွက် တရားအသိလည်း ရှိဖို့လိုကြောင်း၊ တရားအသိ ရှိဖို့အတွက် တရားစာဖတ်ခြင်း၊ တရားနာခြင်း၊ တရားအလုပ်လုပ်ခြင်းတို့ကို ပြုလုပ်ကြရမှာ ဖြစ်ကြောင်း၊ အဲဒီလို တရားအလုပ်ကို လုပ်ထားနိုင်သူတွေဆိုရင် ဘဝမှာ ဘယ်လိုဆင်းရဲ ဒုက္ခမျိုးပဲလာလာ ကိုယ့်ကိုယ်ကို တရားနဲ့ ဖြေဆည်နိုင်သွားမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ အကျမနာဘဲ အလှဖြာလိုသူများ အနေနဲ့ တရားအသိ များများရှိစေဖို့ တရားအလုပ်များများ လုပ်ရင်း တရားကပေးတဲ့ အသိတွေနဲ့ ကြုံလာသမျှ ဒုက္ခတွေကို တရားနဲ့ဖြေကာ ဘဝထဲမှာ ဓမ္မတွဲနိုင်အောင် တရားစာဖတ်ခြင်း၊ တရားနာခြင်း၊ တရားဆွေးနွေးခြင်း၊ တရားထိုင်ခြင်း စတဲ့အလုပ်တွေကို အရွယ်မရွေး စွမ်းနိုင်သမျှ ကြိုးစားအားထုတ်ကြည့်ကြဖို့ အလေးအနက် တိုက်တွန်းရင်း ဘာပဲဖြစ်ဖြစ် တရားနဲ့သာ ဖြေကြည့်ကြပါစို့လို့ အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »

စေတနာနှင့် ကံ

“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”

(ဂေါတမမြတ်စွာဘုရား)

“ရဟန်းတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ)” ဟူသော ဘုရားစကားရှိ၏။ ကံကံဟူ၍ အများပြောနေကြရာတွင် ကံဟူသည် အခြားမဟုတ်။ အလုပ်ကိုသာ ဆိုခြင်းဖြစ်၏။ အလုပ်ဟူသည်မှာလည်း စေတနာကို ဆိုခြင်းဖြစ်၏။ စေတနာပါသည့် အလုပ်သည် ကံမြောက်ပြီး စေတနာမပါသည့် အလုပ်သည် ကံမမြောက်ပေ။ ကံမြောက်လျှင် အကျိုးသက်ရောက်မှုလည်း ရှိမည်ဖြစ်ပြီး ကံမမြောက်လျှင်ကား အကျိုးသက်ရောက်မှုလည်း ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းသည့်အလုပ်ဖြစ်စေ၊ မကောင်းသည့် အလုပ်ဖြစ်စေ စေတနာပါပါဖြင့် လုပ်သည့်အလုပ်သည်သာ ကောင်းကံ၊ မကောင်းကံများ ဖြစ်တတ်သဖြင့် အလုပ်လုပ်သည့်အခါ စေတနာကို အလေးထားကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အထူးသဖြင့် မကောင်းသည့် အလုပ်များတွင် စေတနာ မပါမိကြစေဘဲ ကောင်းသည့်အလုပ်များတွင်ကား စေတနာထား လုပ်ကြရန် အသိစကား ပါးကြခြင်း ဖြစ်ပါ၏။

စင်စစ် သတ္တ၀ါမှန်သမျှသည် ဘဝနေရေးများအတွက် လှုပ်ရှားနေကြရ၏။ လှုပ်ရှားနေခြင်းသည် အလုပ်လုပ်နေခြင်းလည်း ဖြစ်၏။ အလုပ်လုပ်သည့်အခါ ကိုယ်ဖြင့်လည်း လုပ်တတ်ကြ၏။ နှုတ်ဖြင့်လည်း လုပ်တတ်ကြ၏။ စိတ်ဖြင့်လည်း လုပ်တတ်ကြ၏။ မည်သည့်အမူအရာ မည်သည့်အသွင်ဖြင့် ပြုလုပ်သည်ဖြစ်ပါစေ ထိုလုပ်သည့်အလုပ်များတွင် စေတနာက ခြယ်လှယ်ပေးထားတတ်၏။ ထိုစေတနာသည် အလုပ်လုပ်သူများအား အမြဲခြယ်လှယ် နေတတ်သဖြင့် ကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက ထောက်ပံ့ပေးနေပြီး မကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက အားပြုပေးနေပေ၏။ ထို့ကြောင့် တစ်ခါတရံ ကောင်းသည့်အလုပ် လုပ်နေသော်လည်း မကောင်းသည့်စေတနာက လွှမ်းမိုးထားသဖြင့် လုပ်ရပ်မှန်သော်လည်း အကျိုးပေး မမှန်ဘဲ ဖြစ်တတ်သကဲ့သို့ မကောင်းသည့် အလုပ်လုပ်နေသော်လည်း ကောင်းသည့်စေတနာက လွှမ်းမိုးထားသည့်အခါ လုပ်ရပ်မှားသော်လည်း အကျိုးပေးမမှားဘဲ ဖြစ်နေတတ်၏။ အရင်းစစ်သော် ပြုလုပ်သူ၏ စေတနာကြောင့်သာ အကျိုးသက်ရောက်မှု ကွဲပြားကြခြင်း ဖြစ်ပေ၏။

ထိုစေတနာ၏ သဘောတရားသည် အလုပ်လုပ်သူများ လက်တွေ့ခံစား သိရှိနိုင်သည့် သဘောတရားမျိုး ဖြစ်၏။ အထူးသဖြင့် မကောင်းကျိုးများ ဖြစ်ပေါ်လာသည့် အခါမှသာ အလွန်အကြောက်ကြီးတတ်သည့် ပုထုဇဉ်သတ္တဝါများ အနေဖြင့် ပို၍ထင်လွယ်မြင်လွယ်သည့် သဘောတရားမျိုး ဖြစ်ပါ၏။ မကောင်းမှုလုပ်သည့်အခါ စေတနာအား ကောင်းကောင်းဖြင့် လုပ်မိတတ်သူများသည် အကျိုးတရား ဖြစ်ပေါ်လာသည့်အခါ အကြီးအကျယ် ခံရသည်များ ရှိတတ်၏။ တစ်ခါတရံ မကောင်းမှု တစ်ခုခုကို လုပ်ဖြစ်နေသော်လည်း စေတနာမပါဘဲ ပြုလုပ်တတ်သည်များ ရှိတတ်၏။ ထိုအခါ မကောင်းမှုကံလည်း မရှိ၊ မကောင်းကျိုး မလာသည်များလည်း ရှိတတ်၏။ ဤသဘောသည် အနာမရှိသော လက်ဖြင့်အဆိပ်ကို ကိုင်သည့်သဘောမျိုး ဖြစ်၏။ အဆိပ်သည် အနာရှိသည့်လက်ဖြင့်ကိုင်လျှင် ကိုင်သူကို စပ်ပူခြင်း၊ နာကျင်ခြင်းကို ဖြစ်စေနိုင်သော်လည်း အနာမရှိသည့်လက်ဖြင့် ကိုင်လျှင်ကား မည်သည့်ခံစားမှုမျိုးမှ မဖြစ်ပေါ်စေနိုင်သကဲ့သို့ မကောင်းမှု အကုသိုလ် အလုပ်ကို လုပ်နေရသူပင် ဖြစ်သော်လည်း လုပ်သည့်အခါ စေတနာမပါလျှင် မကောင်းမှုကံ၏ အကျိုးသက်ရောက်မှုသည် ဖြစ်ပေါ်ခြင်း မရှိနိုင်သည့် သဘောမျိုးဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ် လက်ထပ်တော်က ကုက္ကုဋမိတ္တ အမည်ရသည့် မုဆိုးတစ်ဦးရှိ၏။ ထိုမုဆိုးသည် သားသမင်များကို ဖမ်းဆီးသတ်ဖြတ်ကာ လှည်းဖြင့်လှည့်လည် ရောင်းချရင်း တစ်ချိန်တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာခဲ့၏။ ရာဇဂြိုဟ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မုဆိုးကို ရာဇဂြိုဟ်ပြည်ရှိ သူဌေးသမီး တစ်ဦးသည် မြင်မြင်ချင်းပင် ချစ်ခင်နှစ်သက်မှုကိုဖြစ်ကာ မိဘများမသိစေဘဲ လိုအပ်သည် လက်ဝတ်တန်ဆာများ ယူဆောင်လျက် မုဆိုးနောက်သို့ လိုက်လေတော့၏။ မုဆိုးသည် သူဌေးသမီးကို မလိုက်ရန် ပြောသော်လည်း သူဌေးသမီးက သူမအနေဖြင့် မုဆိုးအပေါ် ချစ်ခင်နှစ်သက်မှု ရှိသူဖြစ်ပြီး ယခုလို မုဆိုးနောက်ကို လိုခြင်းသည် အရှင်ကခေါ်၍ လိုက်ခြင်းမဟုတ်ဘဲ မိမိသဘောဖြင့်သာ လိုက်ခြင်းဖြစ်သဖြင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် မုဆိုးကြီးလည်း သဘောတူ လက်ခံကာ သူဌေးသမီး၏ မိဘများ မသိရာအရပ်တွင် အတူတကွ ပေါင်းသင်းနေထိုင်ကြလေ၏။

မုဆိုးကြီးသည် ရာဇဂြိုဟ်သူဌေးသမီးနှင့် အိမ်ထောင်ကျပြီး သား (၇)ယောက်အထိ ထွန်းကားခဲ့၏။ မုဆိုးနှင့် သူဌေးသမီးတို့၏ ဘဝသည် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးသူနှင့် မုဆိုးကြီး ခိုင်းသမျှကို လုပ်ပေးရသည့် ဇနီးမယား အဖြစ်ဖြင့်သာ နှစ်ပေါင်းမြောက်များစွာ နေထိုင်လာခဲ့ကြ၏။ သားများ အရွယ်ရောက်ပြီး အိမ်ထောင်အသီးသီးပင် ကျသွားပြီဖြစ်သော်လည်း မုဆိုးကြီး၏ မုဆိုးအလုပ်ကား အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ ဇနီးဖြစ်သူ ရာဇဂြိုဟ်သူဌေး သမီး၏ မုဆိုးခိုင်းသမျှ အလုပ်ကို လုပ်ပေးနေရခြင်းသည်လည်း အဆုံးမသတ်နိုင်သေးပေ။ မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသော မုဆိုးကြီးအား တစ်နေ့တွင် သားများနှင့်အတူ တရားရရန် အကြောင်းဖြစ်လာခဲ့၏။ မြတ်စွာဘုရားရှင်၏ ရွှေဉာဏ်တော်တွင်လည်း မုဆိုးနှင့်သားများ၏ တရားရမည့်အကြောင်း ထင်မြင်တော်မူလာ၏။ ထို့ကြောင့် ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် မုဆိုးကြီးထောင်ထားသည့် ကျော့ကွင်း၌ ခြေတော်ရာကို ချထားလိုက်ပြီး သားသမင် မမိစေရန် ဖန်တီးထားလိုက်၏။ သားသမင်ထောင်ထားသည့် ကျော့ကွင်းသို့ ရောက်ရှိလာသည့် မုဆိုးကြီးသည် မိနေကျကျော့ကွင်းတွင် မည်သည့်သားကောင်မျှ မရှိဘဲ ခြေရာကိုသာ တွေ့ရသဖြင့် ဤခြေရာကြောင့်သာ သားသမင် မမိခြင်းဖြစ်ရမည်ဟု တွေးမြင်ကြိမ်းမောင်းကာ ခြေရာပိုင်ရှင်ကို လိုက်ရှာလေ၏။

ထိုသို့ရှာရင်း မနီးမဝေး သစ်ပင်အောက်တွင် သီတင်းသုံးနေတော်မူသည့် ဘုရားရှင်ကို တွေ့မြင်သွားပြီး မြတ်ဗုဒ္ဓအား မြားဖြင့်ခွင်းရန် လေးကိုတင်လေ၏။ သို့သော် မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် အလွယ်တကူ တင်နေကျလေးမှာ တင်မရဘဲဖြစ်နေခဲ့၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း မည်သို့မျှ တင်မရဖြစ်နေပြီး အချိန်သာ ကုန်လာခဲ့၏။ အိမ်တွင်ကျန်နေခဲ့သည့် ဇနီးနှင့် သားများ၊ ချွေးမများသည် အချိန်တန်သော်လည်း ပြန်မလာသေးသည့် ဖခင်နောက်သို့ လိုက်လာရင်း ဖခင်နှင့်ဘုရားရှင်တို့၏ အခြေအနေကို သိရှိသွားခဲ့၏။ ထိုအခြေအနေကို မြင်တွေ့ရသည့် ရာဇဂြိုဟ်သူဌေးသမီးသည် မိဘအိမ်တွင် နေစဉ်ကပင် သောတာပန်တစ်ယောက် ဖြစ်ခဲ့ပြီးဖြစ်သဖြင့် ဘုရားရှင်အပေါ် အလွန်ကြည်ညိုရင်း ရှိသည့်အလျောက် အဖဘုရားဟု နှုတ်တော်မှထုတ်ဖော်ကာ ရိုသေတုပ်ဝပ်စွာ ရှိခိုးကန်တော့လေ၏။ မုဆိုးနှင့်သားသမီးများသည် ဘုရားကို ဘုရားဟုမသိဘဲ မိခင်၏ အဖဟူသည့် အသံအရ အမှန်ပင် သူဌေးသမီး၏ အဖေဟု ထင်မှတ်ကာ အားလုံးရိုသေသမှုဖြင့် ဦးညွတ်လိုက်ကြ၏။ ထိုအခါမှ ဘုရားရှင်သည် မုဆိုးနှင့်သားများ၊ ချွေးမများအား တရားစကား မိန့်ကြားတော်မူ၏။ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် မုဆိုးနှင့်သားများ၊ ချွေးမများသည် သောတာပတ္တိဖိုလ်၌ တည်သွားကြ၏။

မုဆိုးကြီးနှင့် ဇနီးမယားမိသားစု အားလုံး တရားရသွားပြီးနောက် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘုရားတပည့်သား ရဟန်းတော်များကြားတွင် ဆွေးနွေးပြောဆိုမှုများ ရှိလာကြ၏။ “မိဘအိမ်တွင် ရှိစဉ်ကပင် သောတာပန်တည်ပြီးသော အမျိုးသမီးသည် မုဆိုးနှင့် အိမ်ထောင်ကျပြီးနောက်တွင် နှစ်ပေါင်းများစွာ မုဆိုးခိုင်းသည့် အလုပ်များဖြင့် အသက်မွေးရမည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ မုဆိုးကြီး တောလိုက်ရန်အတွက် မြားယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ လေးယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ ဓားလှံလက်နက် စသည်ယူခဲ့ဆိုလျှင်လည်း ဆောင်ယူပေးရမှာ ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရသည့် ဇနီးမယားသည်လည်း တစ်နည်းအားဖြင့် သူ့အသတ်ကို သတ်နေခြင်းပင်ဖြစ်ကြောင်း၊ သို့ဆိုလျှင် သောတာပန်လည်း ပါဏာတိပါတကံ ကျူးလွန်ရာ ရောက်နေကြောင်း” စသည်ဖြင့် ဆွေးနွေးပြောဆို နေကြ၏။

ထိုရဟန်းတော်များ၏ ဓမ္မသာကစ္ဆာဝိုင်းသို့ ဘုရားရှင် ရောက်တော်မူလာသည့်အခါ မြတ်ဗုဒ္ဓက ထိုအကြောင်းနှင့် စပ်လျဉ်း၍ “ ချစ်သားရဟန်းတို့ သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောက်ျားစကားကို လိုက်နာရုံသက်သက်သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊ ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစသည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊ လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ “လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”
(ဓမ္မပဒ၊ ပါပဝဂ်၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု) ဟူ၍ အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။

ဤကား စေတနာသာ ကံမည်ကြောင်း ဘုရားဟောသည့် အထောက်အထား သာဓက တစ်စိတ်တဒေသပင် ဖြစ်ပါ၏။ ကံဟူသည် အလုပ်ဟုဆိုသော်လည်း ထိုအလုပ်သည် စေတနာအပေါ်တွင် တည်မှီနေသည့် သဘောပင် ဖြစ်ပါ၏။ ထို့ကြောင့် ကံဟူသည် စေတနာပင်ဖြစ်ကြောင်း တိုက်ရိုက်ကောက်ယူ ပြောဆိုကြခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် စေတနာဖြင့် လုပ်သည့်အလုပ်သည် ကံဖြစ်လာပြီး ကံဖြစ်လာလျှင် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သဖြင့် လုပ်သည့်အလုပ်မှန်သမျှတွင် စေတနာကို အထူးသတိပြုကြရန် ပြောဆိုကြခြင်း ဖြစ်၏။ အဘိဓမ္မာ သဘောအရဆိုလျှင် စေတနာစေတသိက်သည် ကုသိုလ်အကုသိုလ် နှစ်မျိုးလုံးတွင် စပ်ယှဉ်နေပြီး စိတ်ကို ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်ရန် စေ့ဆော်နိုင်သဖြင့် စေတနာကို မကောင်းသည့် အကုသိုလ်တွင် မစပ်ယှဉ်မိစေရန် သတိပြုဆင်ခြင်သင့်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ တစ်ခါတရံ လက်တွေ့ဘဝများတွင် အလုပ်လုပ်နေကြသည့် လူအများကို သတိထားကြည့်ပါက စေတနာ၏ တန်ပြန်သက်ရောက်မှုကို ကောင်းစွာသိရှိနိုင်ကြ၏။ အချို့သည် ကောင်းသည့်အလုပ်များကို လုပ်နေသော်လည်း စေတနာမပါဘဲ လုပ်နေကြသူများ ရှိတတ်သကဲ့သို့ အချို့သည် မကောင်းသည့် အလုပ်များကို မဖြစ်မနေ လုပ်နေရသော်လည်း စိတ်စေတနာ မပါဘဲ လုပ်နေကြရသူများ ရှိတတ်၏။ ကောင်းသည့်အလုပ်ကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် ကောင်းသည့် အကျိုးတရား မထင်ရှားဘဲ ဖြစ်နေကြသူများ၏ အဖြစ်နှင့် မကောင်းသည့် အလုပ်များကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် မကောင်းကျိုးကို မခံစားရဘဲ ဖြစ်နေကြသူများ၏ အဖြစ်သည် စေတနာပါခြင်း၊ မပါခြင်း၏ ကွဲပြားခြားနားမှု တစ်ခုအဖြစ် အထင်အရှား တွေ့မြင်နိုင်ကြမည်ဖြစ်ပါ၏။ မည်သို့ဆိုစေ အလုပ်လုပ်သူများ၏ အကျိုးသက်ရောက်မှုသည် စေတနာအပေါ်မူတည်၍ ကွဲပြားခြားနားကြသည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ဆိုလိုသည်မှာ စေတနာသည် ကံဖြစ်စေသည့် သဘောရှိသဖြင့် မည်သည့်ကိစ္စတွင်မဆို စေတနာကို အလေးဂရုပြုကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ စေတနာကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်သဖြင့် ကံကောင်းလိုလျှင် စေတနာကောင်းရန် လိုကြောင်း၊ အထူးသဖြင့် ကောင်းသည့်အလုပ်များတွင် စေတနာအပြည့်ထားလုပ်ရင်း ကောင်းကံအပြည့်ရအောင် ကြိုးစားပြီး မကောင်းသည့် အလုပ်များတွင်ကား မလုပ်ဘဲနေနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း မဖြစ်မနေလုပ်ရသည့် အခါ စေတနာမပါမိကြရန် သတိပြုဆင်ခြင်ရင်း မကောင်းကံ မမြောက်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ စေတနာမပါဘဲ လုပ်ရသည့် အလုပ်များသည် ကံမမြောက်သဖြင့် အကျိုးသက်ရောက်မှုလည်း မရှိနိုင်သဖြင့် မကောင်းမှုတွင် စေတနာကြဉ်ပြီး ကောင်းမှုတွင် စေတနာယှဉ်နိုင်အောင် အားထုတ်သင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လူချင်းတူသော်လည်း ကံခြင်းမတူဟု ပြောဆိုကြရာတွင် ကံဟူသည် ပြုလုပ်သူ၏ စေတနာသာ ဖြစ်ပြီး ကံမတူခြင်းသည် စေတနာမတူခြင်း ဖြစ်သဖြင့် အကျိုးပေးလည်း မတူခြင်းဖြစ်သည်ကို ကောင်းစွာသဘောပေါက် ဆင်ခြင်ကာ အလုပ်လုပ်သည့်အခါ စိတ်စေတနာကို အရင်းပြု၍ ကောင်းသည့်အလုပ်များတွင် စေတနာအပြည့်ထားလျက် မကောင်းသည့် အလုပ်များတွင်ကို စေတနာမပါမိအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အလုပ်ကောင်းတွင် စေတနာကောင်းဖြင့်လုပ်ကာ ကံကောင်းသူများအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကြီးပွားသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

အားလုံး အလုပ်ကောင်းတွင် စေတနာကောင်းဖြင့် လုပ်နိုင်ကြသဖြင့် ကံကောင်းသူများ အလျဉ်အမြန် ဖြစ်နိုင်ကြပါစေ…

Read more »

သူခိုးလူမိသွားခြင်း

မှတ်မှတ်ရရ အဲဒီနေ့က ၁၅-၁-၂၀၁၂ရက်နေ့ ဘုန်းဘုန်းရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ မွေးနေ့အလှူအဖြစ် သီရိဓမ္မာ သီလရှင်စာသင်တိုက်နဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ရခိုင်ပြည်နယ် ကျောင်းဆောင်မှာ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ ပစ္စည်းလေးပါး ဒကာမတစ်ဦးက မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားကြွဖို့ လာပင့်တာနဲ့ လိုက်သွားဖြစ်ပါတယ်။ ဘုရားရောက်တော့ ကားပါကင်လွယ်တဲ့နေရာ မြောက်ဘက်မုခ်က တက်ဖြစ်ခဲ့ကြပါတယ်။ လူတွေက သူတို့ဖိနပ်ကို ကားထဲမှာ ထားခဲ့ပေမယ့် ဘုန်းဘုန်းကတော့ ဓာတ်လှေခါးနားအထိ စီးသွားပြီး နီးစပ်ရာ အတက်အဆင်း တစ်နေရာမှာ ဖိနပ်ကို ချွတ်ထားဖြစ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ဒီလိုချွတ်ထားနေကျဆိုတော့ ဖိနပ်အပ်တဲ့နေရာမှာ မအပ်ဘဲ အဆင်ပြေတဲ့ နေရာမှာပဲ ထားဖြစ်ခဲ့ပါတယ်။ ဘုရားဖူးပြီး ပြန်အဆင်းမှာ ဖိနပ်စီးဖို့ ချွတ်ထားခဲ့တဲ့ နေရာကို သွားခဲ့ပေမယ့် ဖိနပ်က မရှိတော့ပါဘူး။ အဲဒါ အတူပါလာတဲ့ ဒကာမတွေက ဟိုမေးဒီမေး ဟိုရှာဒီရှာ လုပ်ကြပါတယ်။ ဘုရားလာဖူးတဲ့ သူတွေကြားမှာ ဘုန်းကြီးတစ်ပါးရဲ့ ဖိနပ်ပျောက်ရှာပုံတော်ဟာ လူတွေအတွက် အာရုံကျစရာ ဖြစ်လာပါတယ်။

ဟိုကကြည့်ဒီကကြည့်နဲ့ ကြာတော့ဘုန်းဘုန်းတို့တွေ ရှက်လာပါတယ်။ “ကဲ…ကဲ… ရှာမနေပါနဲ့ အသစ်သာ ဝယ်လိုက်ကြပါတော့” ဆိုပြီး နီးစပ်ရာ သင်္ကန်းဆိုင်တစ်ဆိုင်မှာ ဖိနပ်အသစ်တစ်ရံ ဝယ်စီးပြီး ဖိနပ်အသစ်နဲ့ကျောင်းကို ပြန်လာဖြစ်ခဲ့ပါတယ်။ အတူပါလာတဲ့ ဒကာမတစ်ယောက်က အရှင်ဘုရားကလည်း ကိုယ့်ဖိနပ်ကိုယ်ရှာတာ ဘာဖြစ်လို့ ရှက်ရမှာလဲလို့ မေးပါတယ်။ “ရှက်တာက ဖိနပ်ပျောက်သွားလို့ မဟုတ်ဘူး ဒကာမရေ၊ သူခိုးလူမိသွားလို့ ရှက်တာပါ”လို့ ဘုန်းဘုန်းကပြောတော့ ဒကာမက နားမလည်ဘဲ ဖြစ်သွားပါတယ်။ ဒီတော့ ဘုန်းဘုန်းက “ဟုတ်တယ် ဒကာမရေ ဘုန်းဘုန်းဖိနပ် သူများယူသွားတာဟာ ပြောမယ်ဆိုရင် ကိုယ်လည်းသူများဖိနပ်ကို တစ်ချိန်ချိန်က ယူခဲ့လို့ နေမှာပေါ့။ ကိုယ်လုပ်ခဲ့တဲ့ ကံတွေဟာ အကြောင်းတိုက်ဆိုင်ရင် တစ်ချိန်ချိန်မှာ ပြန်အကျိုးပေးတတ်တဲ့ သဘောဖြစ်တဲ့အတွက် ဘုန်းဘုန်းလုပ်ခဲ့တဲ့ အကျိုးသက်ရောက်မှု တစ်ခုအနေနဲ့ ဘုန်းဘုန်းပြန်ပေးဆပ်ရတဲ့ သဘောပဲလေ။ ယူတဲ့သူကလည်း သူ့ပစ္စည်း သူပြန်ယူသွားတာ ဖြစ်ကောင်းဖြစ်နိုင်သလို သူ့ကံကိုသူ အသစ်ဖန်တီးလိုက်တာလဲ ဖြစ်ကောင်းဖြစ်မှာပါ။ သေချာတာကတော့ ဘုန်းဘုန်းအနေနဲ့ ဒါဟာ ပိုင်ရှင်ပြန်ပေါ်သွားတဲ့သဘော၊ ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို ကိုယ်ပြန်ခံရတဲ့ သဘောဖြစ်တဲ့အပြင် ဒီလုပ်ရပ်ဟာ အများသူငါရှေ့မှာ သူခိုးလူမိသွားတဲ့ သဘောပဲ ဖြစ်ပါတယ်” စသဖြင့် ပြောပြဖြစ်ခဲ့ပါတယ်။ ဘုရားက အပြန်လမ်းမှာတော့ အားလုံးဟာ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်ငြိမ်သက်စွာပဲ ကျောင်းကိုပြန်ရောက်လာခဲ့ပါတယ်။ ဘုန်းဘုန်းကတော့ ဒီအကြောင်းကို တွေးမိတိုင်း ကိုယ့်ကိုယ်ကို သူခိုးလူမိသွားသလို ခံစားမိရင်း ရှက်နေမိပါတယ်။

တစ်ခါတုန်းက ဆရာတော်ကြီးတစ်ပါး အကြောင်းကို ဖတ်လိုက်မိပါတယ်။ တစ်နေ့ အဲဒီဆရာတော် သီးတင်းသုံးနေတဲ့ကျောင်းကို သူခိုးကဝင်ခိုးပြီး ဆရာတော်ရဲ့ နဝကမ္မအလှူတော်တွေနဲ့ အသုံးအဆောင်ပစ္စည်း အချို့ကို ခိုးယူသွားတယ်လို့ ဆိုပါတယ်။ ဒါကို ဆရာတော်နဲ့ အတူနေတဲ့ ကပ္ပိယက ဆရာတော်ကျောင်း သူခိုးတက်ခိုးသွားတဲ့အကြောင်း ကျောင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ ကျောင်းကိုလာတဲ့ ဒကာဒကာမတွေကိုပါ လိုက်ပြောဖြစ်နေတယ်တဲ့လေ။ အဲဒါကို ဆရာတော်ကြီးက သိတော့ ရှက်လွန်းလွန်းလို့ဆိုပြီး ကပ္ပိယကို အဲဒီအကြောင်း လိုက်မပြောဖို့နဲ့ ကပ္ပိယကြီးလုပ်တာနဲ့ ဘုန်းကြီးတောင် သူခိုးမှန်း လူသိကုန်ပြီလို့ ပြောဆိုရှင်းပြ ဖြစ်တယ်လို့ အဲဒီစာအုပ်မှာ ရေးသားထားပါတယ်။

ဆရာတော်ကြီး အကြောင်းကို ဖတ်လိုက်မိတုန်းက သိပ်ပြီး သတိမထားမိခဲ့ပေမယ့် အခုလို ဘုန်းဘုန်းကိုယ်တိုင် ကြုံတွေ့ရတော့မှ ကိုယ်ကိုယ်တိုင် သူခိုးဖြစ်မှန်းမသိ ဖြစ်သွားရတဲ့အဖြစ်ကို သတိပြုမိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘုန်းဘုန်းကိုယ်တိုင် ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်သွားတဲ့အခါ၊ သူများက ကိုယ့်ပစ္စည်းတစ်ခုခု ချေးငှါးပြီး ပြန်မပေးတဲ့အခါ၊ ကိုယ့်ဆီက တစ်စုံတစ်ခုကို လိမ်လည်ယူဆောင်သွားတာမျိုးနဲ့ ကြုံတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုပဲ သံဝေဂယူကာ ဖြေဆည်ရင်း ဒီဘဝရဲ့ လုပ်တဲ့အလုပ်တွေမှာ အပြစ်ကင်းအောင် ကြိုးစားပြီး လုပ်ဖြစ်နေခဲ့ပါတယ်။ ကိုယ်ခံရတဲ့ အကြောင်းအရာတွေကို သူများတွေကို လိုက်ပြောနေရင် ကိုယ်လည်းပဲ တစ်ချိန်ချိန်က ဒီလိုအလုပ်တွေကို လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြရာ ရောက်နေသလို ခံစားမိတဲ့အတွက် တော်ရုံကိစ္စကို ဘယ်သူ့ကိုမှ မပြောဖြစ်ဘဲ ကိုယ့်ရဲ့ကံအကျိုးကို ကိုယ်ကိုယ်တိုင်ပဲ ခံနိုင်အောင် ကြိုးစားနေဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဘဝမှာ လူတိုင်းလူတိုင်း ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်သွားဖူးတာ၊ ကိုယ့်ကိုသူများက လိမ်သွားဖူးတာ စတာတွေကို အနည်းနဲ့အများ ကြုံဖူးကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ကြုံတဲ့အခါ လူအတော်များများက ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်တတ်တဲ့ သဘောမရှိဘဲ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဆိုကာ သူများကိုပဲ အပြစ်ပုံချတတ်တဲ့ သဘောတွေ ရှိတတ်ပါတယ်။ အမှန်တော့ ဒါဟာ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ နိယမအတိုင်း အကောင်းအဆိုး တစ်မျိုးမျိုးရဲ့ အကျိုးသက်ရောက်မှုဟာ ကိုယ်ကိုယ်တိုင်ရဲ့ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှုဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်ချိန်က ကိုယ်လုပ်ခဲ့တဲ့ ကံတွေရဲ့ အကျိုးသက်ရောက်မှုဟာ အခုအချိန်မှာ အကျိုးပေးချိန်တန်လို့ အကျိုးပေးတဲ့ သဘောမျိုးကို သုံးသပ်ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ပစ္စည်းဥစ္စာရဲ့ သဘောဟာ ထိုက်မှရတတ်တဲ့ သဘောရှိသလို ကိုယ့်ဥစ္စာမှန်ရင်လည်း ဘယ်လိုနေရာမျိုးမှာပဲ ထားထား ပျောက်သွားတတ်တဲ့ သဘောမရှိတတ်ပါဘူး။ ဘယ်သူက ယူသွားယူသွား ကိုယ့်ရဲ့ အတိတ်လုပ်ရပ် မပါဘူးဆိုရင် အချိန်တန် ကိုယ့်ဆီကို ပြန်ရောက်လာတတ်တဲ့ သဘော ရှိတတ်ပါတယ်။ အဲ ကိုယ့်ဥစ္စာမဟုတ်ဘူး၊ ကိုယ်နဲ့မထိုက်တန်တော့ဘူး ဆိုရင်လည်း ဘယ်နေရာ၊ ဘယ်လောက်ကောင်းတဲ့ အရာမျိုး ဖြစ်ပါစေ အချိန်တန်ရင် တစ်နည်းနည်းနဲ့ ပျောက်ပျက်သွားကြတာတွေပဲ ဖြစ်ပါတယ်။ တစ်ခုခုကို ရယူပိုင်ဆိုင်ဖို့ လုပ်ကြတဲ့ အခါမှာလည်း ဒီဘဝလုပ်နေတဲ့ အလုပ်ဆိုတဲ့ ကံတရားရယ်၊ တစ်ချိန်ချိန်က လုပ်ခဲ့တဲ့ အလုပ်ဆိုတဲ့ ကံတရားတွေရဲ့ ဖေးမမှုတွေက အများကြီး အထောက်အကူ ပြုထားတာတွေ ရှိနေတတ်တဲ့အတွက် ပစ္စည်းဥစ္စာ တည်တံ့တာ၊ ပျောက်ဆုံးတာတွေနဲ့ ကြုံတွေ့တဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဘာပဲလုပ်လုပ် အဖတ်မတင် ဖြစ်နေတဲ့သူတွေ၊ ဘယ်သူ့ကိုပဲ ပေးပေး ပြန်မရဘဲ ပျောက်ပျက်သွားတဲ့သူတွေ၊ သူများခိုးတာ၊ သူများလိမ်တာကို ခဏခဏ ခံရတဲ့သူတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ဖူးပါတယ်။ သူတို့တွေဟာ ဒီဘဝမှာ သူများတွေအပေါ်မှာလည်း ယုတ်မှာတဲ့ လုပ်ရပ်တွေ၊ လိမ်ညာကောက်ကျစ်တတ်တဲ့ သဘောတွေ မရှိဘဲနဲ့ သူတို့ကိုကျတော့ သူများက အမျိုးမျိုး ပြုမူဆက်ဆံ သွားတာတွေ ရှိနေကြတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ သူတို့ဘက်ကပြောရရင် ဒါဟာ အလွန်ခံပြင်းစရာ၊ ကံတရားရဲ့ မျက်နှာသာပေးမှုဟာ သံသယ ဖြစ်စရာ ဖြစ်နေပေမယ့် သေချာတွေးကြည့်ရင် အခုဘဝမှာ သူတို့မဟုတ်တာ မလုပ်ခဲ့ပေမယ့် အတိတ်တစ်ချိန်ချိန်က သူတို့လုပ်ခဲ့ဖူးတဲ့ အလုပ်တွေရဲ့ သက်ရောက်မှုဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ကံကို ပုံချတာ မဟုတ်ပေမယ့် ကံတရားရဲ့ ဆန်းကြယ်မှုကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။

ဘဝမှာ ဒီဘဝရဲ့ ကြိုးစားအားထုတ်မှုဟာ အဓိကကျပေမယ့် အတိတ်ဘဝ တစ်ခုခုက လုပ်ခဲ့တဲ့ ကံတရားရဲ့ သက်ရောက်မှုဟာလည်း လျစ်လျူရှုလို့ မရတာကို ထည့်တွက်ကြရမှာ ဖြစ်ပါတယ်။ ကံရယ်၊ ဉာဏ်ရယ်၊ ဝိရိယရယ် ဆိုတဲ့ ဒီအကြောင်းတရား သုံးမျိုးဟာ သတ္တဝါ တစ်ဦးဦးရဲ့ အကျိုးပေးသက်ရောက်မှုကို အထူးပြု ပေးတာဖြစ်တဲ့အတွက် ဝီရိယကို ဉာဏ်နဲ့ယှဉ်ပြီး ကံတရားအပေါ် သတိထားကာ ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုသလို ကံတရားရဲ့ သက်ရောက်မှုတွေဟာလည်း ဘဝမှာ အများကြီး ပဲ့ကိုင်ထားတာ ဖြစ်တဲ့အတွက် လက်တွေ့ဘဝမှာ လုပ်ရမယ့် ဉာဏ်နဲ့ယှဉ်တဲ့ ကြိုးစားအားထုတ်မှုကို အရင်းတည်ပြီး ကြိုးစားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်လည်း ကိုယ့်ရဲ့ကံတရားကို ဆင်ခြင်ကာ ပြုပြင်နေထိုင်နိုင်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘဝမှာ တစ်ခုခုကို ဆုံးရှုံးသွားတဲ့ အခါတိုင်း ကိုယ့်ကံကိုဆင်ခြင် ကိုယ့်ကိုယ်ကိုပဲ သက်သောင့်သက်သာ ဖြစ်အောင် ပြုပြင်ကြရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက “လူအတော်များများဟာ ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ၊ ရှိထားတာတွေ ပျောက်ပျက်သွားတဲ့အခါ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် စသဖြင့် သူများကို အပြစ်ပုံချကာ အလွန်အကျွံ စိတ်ဒုက္ခ ခံစားမှုတွေ ရှိတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုတော့ ပြန်ပြီးဆင်ခြင်မှု အားနည်းတတ်ကြောင်း၊ ဒီလို အကျိုးသက်ရောက်မှုတွေဟာ တစ်ချိန်ချိန်က ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေရဲ့ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိပြုဆင်ခြင်မှု အားနည်းတတ်ကြောင်း၊ အဲဒီလို ကိုယ့်ကိုယ်ကို သတိမပြုမိတဲ့အတွက်ကြောင့် ဘဝမှာ တစ်ခုခုပျောက်ပျက်သွားတဲ့အခါ မကောင်းတာတွေနဲ့ ကြုံတွေ့တဲ့အခါ အရမ်းခံစားမှု ဖြစ်ကြခြင်း ဖြစ်ကြောင်း၊ အမှန်ဖြစ်သင့်တာက အဲဒီလို ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်ဘဲ ကိုယ့်ရှိတာတွေ ပျောက်ပျက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ကံကိုမြင်ကာ ကိုယ်ကိုယ်တိုင်ပဲ ပြင်ကြရမှာ ဖြစ်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့လည်း ဘဝမှာ ကိုယ့်ကိုသူများက ယုတ်မာသွားတဲ့အခါ၊ ကိုယ့်ပစ္စည်းကို သူများက ခိုးယူသွားတဲ့အခါ၊ ကိုယ့်ရှိတာကို လိမ်ညာပြီး ယူသွားတာကို ခံရတဲ့အခါ စတဲ့အခါမျိုးတွေမှာ ဒီဘဝမှာ ဥပဒေအကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုအပ်ပေမယ့် တစ်ဖက်ကလည်း အတိတ်ဘဝတစ်ခုခုက ကိုယ်လုပ်ခဲ့ လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုအဖြစ် ကိုယ့်ကိုယ်ကိုဆင်ခြင်ပြီး ကိုယ့်စိတ်ကိုကိုယ် သက်သောင့်သက်သာဖြစ်အောင် ကြိုးစားရင်း ကိုယ်ကိုယ်တိုင် သူခိုးဖြစ်ခဲ့ဖူးတာ၊ ကိုယ်ကိုယ်တိုင် လူလိမ်ဖြစ်ခဲ့ဖူးတာ စတာတွေနဲ့ ဖြေတွေးတွေးကာ နောက်နောင်မှာ ဒါမျိုးအဖြစ်တွေ မကြုံရအောင် ခုအချိန်မှာပဲ လုပ်သမျှအလုပ်တွေမှာ အပြစ်ကင်းအောင်း လုပ်ကြရမှာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၅)

 ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ

မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တစ်ချို့ဒေသက တရားပွဲ ဦးဆောင်ဒကာဒကာမတွေက သူတို့ကြုံတွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်းကို လျှောက်ထားကြပါတယ်။ သူတို့က “အရှင်ဘုရား တပည့်တော်တို့အရပ်မှာ တစ်ချို့က တပည့်တော်တို့ တရားပွဲသွားဖိတ်တဲ့အခါ တို့က ဘယ်ဆရာတော် တရားမှ နာလို့ရတာ၊ ဘယ်ဆရာတော်တရားဆို နာလို့မရဘူး၊ ဝိပဿနာ တရားမှ နာလို့ရတယ်၊ သုတ္တန်တရားဆို ပေါ့လွန်းလို့ နာလို့ကို မရဘူးဆိုပြီး တရားနာဖို့ကို ငြင်းပယ်တတ်ကြပါတယ်ဘုရား၊ တရားဆိုတာ ဘယ်တရားမှ နာကောင်းတယ်၊ ဘယ်တရားတော့ မနာကောင်းဘူးဆိုတာ ရှိလို့လားဘုရား၊ ဘုရားတရားတွေကို စာပေနဲ့အညီ ဟောတော်မူနေတဲ့ ဆရာတော်တွေဆိုရင် ဘယ်ဆရာတော်မှ၊ ဘယ်ပုဂ္ဂိုလ်မှ ဆိုတာတွေ ရှိလို့လားဘုရား” စသဖြင့် မေးလျှောက်တတ်ကြပါတယ်။ သူတို့အမေးကို ဘုန်းဘုန်းက “ဟုတ်ပါ့၊ အဲဒီလို ပုဂ္ဂိုလ်စွဲနဲ့ ဒါမှဒါဆိုတဲ့ အကျင့်လွဲတွေကြောင့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘာတရားမှ မရဘဲ လောကနဲ့ပါ အန်ဝင်ဂွင်ကျ မဖြစ်ဘဲ ကိုးလို့ကန့်လန့် ဖြစ်ကုန်ကြတာပေါ့” စသဖြင့် နိဒါန်းချီပြီး တရားစကား ပြောဖြစ်ခဲ့ပါသေးတယ်။ ဒီလို အသံတွေကြောင့်လည်း လွဲနေတတ်တဲ့ အလွဲလေးတွေအပေါ် မီးမောင်းထိုးပြစရာ ဖြစ်လာရတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာပြည် နေရာဒေသ အတော်များများမှာ အဲဒီလို အစွဲအားကြီးတဲ့သူတွေ၊ အလွဲအားကြီးတဲ့ သူတွေကို မကြာခဏ ကြုံဖူးတတ်ပါတယ်။ တစ်ချို့ဆိုရင် တရားတော်တွေကို တော်တော်လေးလည်း နားထားကြသလို၊ တော်တော်လေးလည်း အားထုတ်ထားတဲ့သူတွေ ပါနေတာကို တွေ့ရတတ်ပါတယ်။ ခက်တာက ဒီလောက်တရားလည်းနာ တရားလည်း အားထုတ်ထားတာတောင်မှ အစွဲမပြုတ်ဘဲ အလွဲလုပ်နေတယ်ဆိုတော့ သေချာတယ် ဒါဟာ တစ်ခုခုတော့ လွဲနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ တရားအလုပ်ဆိုတာက စစ်မှန်တဲ့ နည်းစနစ်နဲ့ စနစ်တကျ ကြိုးစားအားထုတ်မယ်ဆိုရင် မှန်ကန်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အသေအချာ ဖြစ်ပေမယ့် အဲလိုဖြစ်မလာဘဲ ဘယ်ပုဂ္ဂိုလ်ဟောမှ၊ ဘယ်လိုတရားမျိုးမှ ဆိုတာတွေ ဖြစ်လာတာဆိုရင်တော့ မဟုတ်မှလွဲရော သဒ္ဓါနဲ့ ပညာချိန်ခွင်လျာ မညီမညွတ်ဖြစ်နေတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

တစ်ခါတလေ ပုထုဇဉ်တွေမှာ ဖြစ်တတ်တာက အဲဒီ ယုံကြည်မှု သဒ္ဓါတရားကို ဆင်ခြင်သုံးသပ်မှု ပညာတရားနဲ့ မတွဲမိတဲ့အတွက် အလွဲဖြစ်ကုန်တာမျိုးတွေပဲ ဖြစ်ပါတယ်။ အစကတော့ ကြည်ညိုမှု သက်သက်ပါပဲ။ နောက်တော့ အဲဒီသဒ္ဓါတရားက ပညာအားနည်းလာပြီး သဒ္ဓါကနေ တဏှာအဖြစ်ကို ရောက်ကုန်ကာ ဘယ်ပုဂ္ဂိုလ်မှ၊ ဘယ်လိုတရားမျိုးမှ၊ ဘယ်နည်းစနစ်မှ ဆိုတာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ သဘောကလည်း စွဲမိပြီဆိုရင် အသက်အသေခံပြီး စွဲမိတတ်တာဆိုတော့ ရုန်းမထွက်နိုင်အောင်ကို ဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမြင်တာမျိုး၊ သူဝေနေယျနဲ့သူမှ ကျွတ်တမ်းဝင်တတ်တဲ့ သဘောမျိုး ရှိတတ်ပေမယ့် ပုဂ္ဂိုလ်ကို သိပ်ခင်သွားတဲ့အခါ တရားလည်းမမြင် ကျွတ်တမ်းလည်း မဝင်ဘဲ အလွဲဖြစ်ကုန်တဲ့ သဘောမျိုးပါ ရှိလာတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်မှုအပိုင်းမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့တွဲပြီး ညီမျှအောင် ကြိုးစားမှ အလွဲတွေနည်းစေကြောင်း ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ ဘုရားဟောတရားတော်တွေ မှန်သမျှ ကောင်းစွာဟောကြားထားတဲ့ သွာက္ခတာ ဂုဏ်တော်တွေနဲ့ ပြည့်စုံနေတာတွေပဲ ဖြစ်တဲ့အတွက် ဘယ်တရားတော်ကတော့ ပေါ့တယ်၊ ဘယ်တရားတော်ကတော့ အနှစ်ရှိတယ်စတဲ့ သဘောမျိုးတွေ မရှိပါဘူး။ သေသေချာချာ သဒ္ဓါတရားနဲ့ နားကြားမယ်ဆိုရင် တရားတိုင်းမှာ အနှစ်သာရဆိုတာ ပါပြီးသားပဲ ဖြစ်ပါတယ်။ ဒီတရားတော်တွေကို ဘုရားဟောက သွေဖယ်ပြီးမဟောဘဲ အရှိအတိုင်း ပြန်ဟောတဲ့ တရားဟော ဆရာတော်တွေဆိုရင်လည်း ဘယ်ဆရာတော်ဟောမှ၊ ဘယ်ပုဂ္ဂိုလ်ဟောမှ ဆိုတာတွေ မရှိဘဲ တရားတော်အပေါ်မှာ နားတော်လေးစိုက်ပြီး နားကြားလိုက်မယ်ဆိုရင် တစ်လုံးတစ်ပါဒ အသိတစ်ခုခုကတော့ ရသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ်စွဲထားတဲ့ ပုဂ္ဂိုလ်၊ ကိုယ်စွဲထားတဲ့ တရား၊ ကိုယ်စွဲထားနဲ့ နည်းတွေကို ရှေ့တန်းတင်ထားမယ်ဆိုရင်တော့ အဲဒီအစွဲတွေရဲ့နောက်မှာ အလွဲတွေက ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဓိကကတော့ နှလုံးသွင်းမှန်ကန်ဖို့က အဓိကပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် တရားအလုပ်ကို သဒ္ဓါတရားအပြည့်၊ စေတနာတရားဖြည့်ပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့သာ လုပ်ထားကြမယ်ဆိုရင် ပုဂ္ဂိုလ်စွဲ၊ တရားစွဲ၊ နည်းစွဲဆိုတာမျိုး ရှိကိုရှိလာနိုင်စရာ အကြောင်းမရှိပါဘူး။ တရားအလုပ်ဟာ စနစ်သာ မှန်မယ်ဆိုရင် များများလုပ်ထားလေ၊ များများ သဒ္ဓါတရားတိုးလေ ဖြစ်ပြီး ဘုရား၊ တရား၊ သံဃာနဲ့ ကံကံရဲ့ အကျိုးတရားတွေ အပေါ်မှာရှိနေတဲ့ သံသယတွေ၊ အစွဲတွေဟာလည်း ပိုပိုပြီး နည်းလာတတ်တာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ဝိနည်းတရားတွေနာလည်း သူ့အတွက်ကတော့ သဒ္ဓါတိုးပြီး ကုသိုလ်ဖြစ်နေမှာ ဖြစ်သလို၊ သုတ္တန်တရားနဲ့ အဘိဓမ္မာတရားတွေနာလည်း ပီတိတရားနဲ့ ကုသိုလ်တရားတွေ တိုးတိုးနေမှာပဲ ဖြစ်ပါတယ်။ ဘယ်ဆရာတော်၊ ဘယ်ပုဂ္ဂိုလ်ဆိုတာတွေ မရှိတော့ဘဲ တရားရဲ့ အနှစ်ကိုပဲ ရအောင် နာယူသွားနေမှာပဲ ဖြစ်ပါတယ်။ တရားတော်ရဲ့ လက်တွေ့အကျိုးတွေမှာ တကယ်သာ နာယူကျင့်ကြံထားမယ်ဆိုရင် ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့ အသံလေးတွေကို ကြားလိုက်ရတာနဲ့တင် သူ့အတွက်ကတော့ သဒ္ဓါတရားတိုးပြီး ကုသိုလ်တွေ ရနေတော့တာပဲ ဖြစ်ပါတယ်။ အဲလို မဟုတ်ဘဲ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲဘဲ ပုဂ္ဂိုလ်ကိုစွဲတာတွေ၊ အကျင့်မှန်နဲ့ စနစ်မှန်ကို မသိဘဲ တစ်ယူသန်တွေ တွဲနေတာတွေ ရှိလာမယ်ဆိုရင်တော့ ပုဂ္ဂိုလ်လည်းစွဲ၊ အကျင့်လည်း လွဲလာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘယ်ဆရာတော်ဟောတာ မဟုတ်ရင်၊ ဘယ်လိုတရားမျိုးမှ မဟုတ်ရင် မနာဘူး၊ ဘယ်နည်း မဟုတ်ရင်၊ ဘယ်စနစ် မဟုတ်ရင် အားမထုတ်ဘူးလို့ ဆိုလာတတ်သူတွေဟာ ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေကို မစွန့်လွတ်နိုင်ဘဲ ယုံကြည်မှုနောက်မှာ၊ စူးစမ်းဆင်ခြင်မှု ဉာဏ်တွေမရောက်ကြလို့ပဲလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တရားတော်ရဲ့ အနှစ်သာရကို မမြင်ဘဲ ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်အပေါ်မှာ တဏှာရောက်သွားကြလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို ညီမျှစေမယ့် သတိတရား မရှိကြလို့ပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေအပေါ်မှာ ရုန်းမထွက်နိုင်ဘဲ စွဲပြီးရင်းစွဲနေကြတဲ့၊ တရားနာ၊ တရားအားထုတ်ပြီး သဒ္ဓါတရားမတိုးဘဲ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလွဲဟာလည်း သံသရာနဲ့ချီပြီး ကြောက်စရာကောင်းတဲ့ အလွဲမျိုး ဖြစ်နေတတ်တဲ့အတွက် အဲဒီလို အလွဲမျိုးမဖြစ်ရအောင် တရားနာတဲ့အခါ အနှစ်သာရကို ရအောင်နာ၊ တရားအားထုတ်တဲ့အခါ စစ်မှန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ အကျင့်ကို ရောက်အောင်အားထုတ်ပြီး ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်နဲ့ တီထွင်တဲ့ ကျင့်စဉ်တွေမှာ ဒါမှဒါဆိုတဲ့ အစွဲမျိုးမဖြစ်အောင်သာ ကိုယ့်ကိုယ်ကို သတိပြုဆင်ကာ ယုံကြည်မှု သဒ္ဓါတရားကို အကြောင်းအကျိုး ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့ပေါင်းစပ်လို့ ကောက်မြတ်တဲ့ ညီမျှခြင်းတွေနဲ့ ညီမျှအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

Read more »

ဂင်းနစ်မှတ်တမ်းနှင့် မင်းကွန်းဆရာတော်


ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကို စုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာ အိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊ အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည်အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။

သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင် အချက်(၂)ချက်သည် အရေးပါ ပါသည်။ ပထမ အချက်မှာ ဂင်းနစ်ဘီယာသည် အရည် သက်သက်မဟုတ်ဘဲ အနည်းငယ် စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကို ငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံး သူကို စွဲဆောင်နိုင်ခဲ့ပါသည်။ ဒုတိယ အချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင် ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။

ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့် နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။
ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက်လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသပင် ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်းကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်းဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါသည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက်ကို ပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင့်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။

ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။

ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။

ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)

Read more »

လင်းလက်နေတဲ့ အလင်းစက် (သို့) မနာပဒါယီ စာကြည့်တိုက်


ပြီးခဲ့တဲ့ ၁-၁-၂၀၁၂ရက်နေ့က ဘုန်းဘုန်းရဲ့ မွေးဖွားရာ ဇာတိဖြစ်တဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာမှာ နှစ်သက်ဖွယ်ကို ပေးလှူခြင်းလို့ အဓိပ္ပါယ်ရတဲ့ မနာပဒါယီ ကျေးရွာစာကြည့်တိုက်ကို ဖွင့်လှစ်လှူဒါန်းဖြစ်ခဲ့ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် သိန်းခြောက်ဆယ်ကျော် တန်ဘိုးရှိခဲ့တဲ့ ဒီစာကြည့်တိုက် အလှူတော်ကို ဘုန်းဘုန်းရဲ့ သီးသန့် နဝကမ္မအလှူတော်များ၊ ဓမ္မပူဇာအလှူတော်များကို အရင်းတည်ပြီး ကိုရီးနိုင်ငံ၊ ဒယ်ဂူးမြို့ အနီးဝန်းကျင်မှာ ရောက်ရှိနေကြတဲ့ မြန်မာဒကာဒကာမများရဲ့ စာကြည့်တိုက် အဆောက်အအုံ အလှူအပါဝင် အများပေါင်းစုပြီး လှူဒါန်းကြတဲ့ စာအုပ်ပေါင်းစုံနဲ့ တန်ဆာဆင်ကာ ဖွင့်လှစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ အဲဒီစာကြည့်တိုက်ရှေ့ ကွင်းပြင်မှာ မဏ္ဍပ်ထိုးပြီး အကြိုတရားပွဲ (၃)ရက်ပြုလုပ်ပေးရင်း သံဃာတော်အပါး (၂၀)အား ဆွမ်း၊ သင်္ကန်းစတဲ့ အလှူပစ္စည်းများ ဆက်ကပ်လှူဒါန်းတဲ့ သံဃာ့ပူဇော်ပွဲနဲ့ ကျေးရွာတစ်ရွာလုံးမှာရှိတဲ့ အသက် (၆၅)နှစ်အထက် အဘိုးအဖွား အယောက် (၅၅)ယောက်အား ပူဇော်တဲ့ သက်ကြီးပူဇော်ပွဲ အပါအဝင် ဖွင့်ပွဲနေ့မှာ တစ်ရွာလုံးကို မုန်းဟင်းခါးအလှူများလည်း ကျွေးမွေးလူဒါန်းမှု ပြုလုပ်ပြီး စာကြည့်တိုက်အလှူတော်ကို တခြားကုသိုလ်တော်များနဲ့ပါ အချိုပေါ်သကာလောင်း ကုသိုလ်အပေါင်းတွေ လောင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကုသိုလ်တွေပေါင်းရံပြီး အများသူငါကို ပညာအလင်းနဲ့ နှစ်သက်မှုကို ဖြစ်စေခဲ့တဲ့ ဒီ“မနာပါဒယီ” စာကြည့်တိုက်အလှူတော်ဟာ အခုတော့ ဒီစာကြည့်တိုက် ကျေးဇူးကြောင့် အုတ်ဝင်းကျေးရွာအပါအဝင် အနီးအနားဝန်းကျင်မှာရှိတဲ့ ကျေးရွာအတော်များများအထိ ပညာနဲ့အကျိုးပြုရင်း အသိပညာ အလင်းစက်တွေ ပေးဝေလျှက် ရှိနေပြီ ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း စာလာဖတ်သူတွေ၊ စာအုပ်လာငှါး၊ စာအုပ်လာအပ်သူတွေ၊ သတင်းစာ၊ ဂျာနယ်လာကြည့်သူတွေ၊ ရွာမှာရှိတဲ့ မူလတန်းလွန် ကျောင်းသားတွေရဲ့ အတန်းလိုက် အထွေထွေ ဗဟုသုတအဖြစ် နေ့စဉ်နေတိုင်း စာကြည့်တိုက်က စာအုပ်တစ်ခုခုကိုဖတ်ပြီး အတန်းထဲမှာ ပြောဆိုဆွေးနွေးစေတဲ့ အစီအစဉ်တွေ စသဖြင့် စာကြည့်တိုက်တံခါးဟာ အမြဲတမ်းကို ပိတ်မထားနိုင်အောင်ပဲ ဖြစ်နေပြီ ဖြစ်ပါတယ်။

စာကြည့်တိုက်ဖွင့်ပွဲနေ့က ရွာသူရွာသားတွေကို ဘုန်းဘုန်းပြောခဲ့တဲ့ “စာကြည့်တိုက်ဖွင့်တယ်ဆိုတာ ပိတ်ထားဖို့မဟုတ်၊ အလှပြဖို့ မဟုတ်ဘဲ ဖွင့်ထားပြီး ဖတ်ရှုကြဖို့သာ ဖြစ်တဲ့အတွက် အမြဲတမ်း ဖွင့်ကာ အမြဲဖတ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်” ဆိုတဲ့ ဒီအမှာစကားကို လက်တွေ့အားဖြင့် အကောင်အထည် ဖော်သွားနေကြတာကို သိလိုက်ရတဲ့အတွက် ဘုန်းဘုန်းမှာ ဒီပီတိတွေနဲ့ “အော်… အများသူငါအတွက် အကောင်းဆုံး နှစ်သက်စေမှုကို ပေးဖြစ်ခဲ့ပါလား၊ တကယ့်ကိုပဲ မနာပဒါယီ ဆိုတဲ့ ကလောင်အမည်နဲ့ အန်ဝင်ခွင်ကျ ဖြစ်နေပါရော့လား”လို့ တွေးရင်း ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူဖြစ်ခဲ့သလို ကိုယ့်ရဲ့အလှူတွေ အတွက် အားဖြည့်ပေးခဲ့တဲ့ ဒကာဒကာမအပေါင်းကိုလည်း ကုသိုလ်ကောင်းမှုတွေအတွက် အမျှပေးဝေကာ မေတ္တာရေများ အထပ်ထပ် သွန်းလောင်းနေဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ စာကြည့်တိုက်ဖွင့်တယ်ဆိုတာ ပိတ်ထားဖို့ မဟုတ်ပါဘူး။ ဒီစာကြည့်တိုက်ကနေ အများသူငါ၊ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ အသိဉာဏ်ပညာတွေကို ဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာရှိတဲ့ ပြန်ဆက်က ဖွင့်တဲ့စာကြည့်တိုက်တွေကိုကြည့်ရင် အများအားဖြင့် ပိတ်ထားတာကိုပဲ တွေ့နေရတော့ တစ်ချို့ကလည်း ဘုန်းဘုန်းတို့ စာကြည့်တိုက်လည်း ဒီလိုပဲလို့ ထင်ကြတာတွေ ရှိပါတယ်။ တစ်ချို့ အမြင်ကျဉ်းတဲ့ ရွာသူရွာသားတွေကဆိုရင် ဒီလောက်အကုန်အကျများတဲ့ စာကြည့်တိုက်ကို လုပ်မယ့်အစား တစ်အိမ်ကို ဘယ်လောက်ဆိုပြီး ပေးလိုက်တာက ပိုအကျိုးရှိမယ်လို့တောင် မကြားတကြား ပြောကြတာတွေ ရှိပါတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့ သူတွေအနေနဲ့ လက်တလောအနေအထားအရ ဒီလိုပြောကြတာ ဖြစ်ပေမယ့် စာပြီးရင် မစင်ဖြစ်သွားမယ့် အစီအစဉ်ထက် အများသူငါကို ရေရှည်အကျိုးပြုမယ့် စာကြည့်တိုက်အစီအစဉ်ကို ပိုပြီးအလေးပေး ဆောင်ရွတ်ရတာ ဖြစ်တယ်လို့ သူတို့တွေကြားအောင် ဖွင့်ပွဲနေ့ကလည်း ဘုန်းဘုန်းထည့်ပြော ဖြစ်ခဲ့ပါသေးတယ်။

ပြောချင်တာက မြန်မာပြည်မှာ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိပေမယ့် အဲဒီအထဲက လိုအပ်အချက်တစ်ခု ဖြစ်တဲ့ မျိုးဆက်သစ်တွေရဲ့ အသိပညာ ဗဟုသုတ တိုးတက်ဖြစ်ထွန်းရေးဟာလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ကိုယ့်တစ်နိုင်တစ်ပိုင် ကိုယ့်ဝန်းကျင်မှာ ဖြည့်ပေးသင့်တာလေးတွေ ဖြည့်ပေးနိုင်အောင် ကြိုးစားတဲ့ အနေနဲ့ လိုအပ်တဲ့နေရာလေးတစ်ခုမှာ ပညာရေး အထောက်အကူ ဖြစ်စေမယ့် စာကြည့်တိုက် အလှူကို အများပေါင်းစုပြီး ကောင်းမှုပြုလိုက်တဲ့အကြောင်းနဲ့ ဒီကောင်းမှုရဲ့ အကျိုးရလာဘ် အနေနဲ့ မျိုးဆက်သစ် ကလေးသူငယ်တွေ စာပေအပေါ် ဝါသနာပါကာ စာကြည့်တိုက်မှာ ပျော်နေကြတယ်ဆိုတဲ့ အကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး ဝမ်းသာစရာကောင်းတာက ဘုန်းဘုန်းတို့ စာကြည့်တိုက်ဟာ တခြားတခြား စာကြည့်တိုက်တွေလို ဖွင့်ပြီးပိတ်ထားတဲ့ စာကြည့်တိုက်မျိုး မဟုတ်ဘဲ ပိတ်ဖို့အားနာရလောက်အောင် စာဖတ်သူများနဲ့ အထူးစည်ပင်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေ ပညာအလင်းရောင် ရစေဖို့ ဖွင့်လှစ်ပေးခဲ့တဲ့ ဒီစာကြည့်တိုက်ဟာ အခုအချိန်မှာ တကယ့်ကိုပဲ အလင်းစက်လေးတွေနဲ့ လင်းလက်နေမယ့် ပုံရိပ်တွေ တွေ့လာရတာ ဖြစ်တဲ့အတွက် ဦးဆောင်သူရော၊ လူဒါန်းသူတွေ အနေနဲ့ပါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာဖြစ်ပြီး ဒီအလှူဟာလည်း အမှန်ပဲ လိုအပ်နေတဲ့နေရာမှာ လိုအပ်တဲ့ အလှူကို လှူဒါန်းရာရောက်တဲ့အတွက် အကျိုးသက်ရောက်မှုဟာလည်း ဖော်မပြနိုင်အောင် တိုးတက်ကောင်းမွန်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဒီလိုအကျိုးရှိတဲ့ အရာလေးတွေ မပျောက်ပျက်အောင် ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရမှာ ဖြစ်သလို လိုအပ်နေတဲ့ စာအုပ်စာတမ်း၊ ရံပုံငွေ စတာတွေကိုလည်း အဆက်မပြတ် ပံ့ပိုးနေကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘုန်းဘုန်းတို့ စာကြည့်တိုက်အတွက်သာ မဟုတ်ဘဲ လုပ်ပြီးရင် ပြီးပြီးရောထားကာ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘဲ ပစ်ထားတတ်တဲ့ မြန်မာပြည် တစ်ဝန်းလုံးမှာရှိတဲ့ လူအတော်များများရဲ့ အကျင့်စရိုက်တွေအတွက်လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နေရာဒေသ အတော်များများမှာ ဒီလိုထိန်းသိမ်းစောင့်ရှောက်မှု မရှိလို့ ပျက်ဆီးနေတာတွေဟာလည်း အများကြီး ရှိနေတတ်ပါတယ်။ စတော့စလိုက်တာ ဖြစ်ပေမယ့် ကောက်ရိုးမီးလို တစ်ဟုန်းဟုန်းတောက်ပြီး ခဏလေးညိမ်းသွားတဲ့ ပုံစံမျိုး မဖြစ်အောင်၊ အစကောင်းပြီး အနှောင်းသေချာအောင်လည်း လုပ်ဖို့လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်တစ်ခု လုပ်တဲ့အခါ မလုပ်ခင် အကျိုးသက်ရောက်မှု ရှိမရှိ အရင်စဉ်းစားပြီး ရှိတဲ့အရာကို လုပ်ပြီးရင်လည်း ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ကြိုးစားကြရမယ်ဆိုတာ မနာပဒါယီ စာကြည့်တိုက်အလှူက သက်သေပြလိုက်တာကို စံနမူနာယူပြီး နောက်နောင်လည်း အကျိုးရှိမယ့်နေရာတွေမှာ အတတ်နိုင်ဆုံး ရွေးချယ်ကူညီပံ့ပိုးရင်း နောက်ထပ်အလင်းစက်တွေကို ပိုပိုပြီး လင်းလက်ပေးနိုင်အောင် ပါရမီဖြည့်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း မနာပဒါယီ စာကြည့်တိုက်အလှူမှာ အားဖြည့်လှူဒါန်းကြတဲ့ ကိုရီးယားရောက် စိတ္တသုခ ရွှေညီအစ်ကိုများနဲ့ အလှူအပေါ် သာဓုခေါ်လိုကြတဲ့ သူတော်ကောင်းအပေါင်း ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်စေဖို့ အဆက်မပြတ် လင်းလက်နေတဲ့ အလင်းစက်လေးတစ်ခုအကြောင်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ရပါတယ်။

မနာပဒါယီ စာပန်းချီ ရှည်တည်ကာလ တိုင်စေသော်။ ။

Read more »

၂၅၅၅နှစ်ပြည့်နေ့ (သို့) နှစ်၂၆၀၀ပြည့်နေ့

လာမယ့် ၁၃၇၄ခုနှစ်၊ ကဆုန်လပြည့် (၅-၅-၂၀၁၂)၊ စနေနေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးကြီးတဲ့ မမေ့အပ်တဲ့နေ့လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနှစ် ကဆုန်လပြည့်နေ့မှာဆိုရင် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးချိန်မှ စတင်ပြီး ရေတွက်လာခဲ့တဲ့ သာသနာတော် ၂၅၅၅နှစ် ပြည့်တဲ့နေ့လည်း ဖြစ်သလို ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးချိန်မှ စတင်ရေတွက်လာခဲ့တဲ့ ရှင်တော်ဗုဒ္ဓ ပွင့်ထွန်းတော်မူလာခြင်း နှစ်ပေါင်း၂၆၀၀နှစ် ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ရှင်တော်ဗုဒ္ဓ တည်ထောင်တော်မူသွားတဲ့ သာသနာတော်မြတ်ကြီးရဲ့ ကြာမြင့်လာတဲ့ သက်တမ်းဆိုရင်လည်း မမှားပါဘူး။ နှစ်ပေါင်း ၂၅၀၀ကျော် ယနေ့ကာလတိုင်အောင် သာသနာတော်မြတ်ကြီး အရှည်တည်တံ့အောင် ၄၅နှစ်လုံးလုံး မနေမနား သာသနာပြုတော်မူသွားတဲ့ အနှိုင်းမဲ့ အရှင်မြတ်ကြီးရဲ့ မှတ်ကျောက်ကာလလို့ ဆိုရင်လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။

ကြည်ညိုတတ်မယ်ဆိုရင် ဒီလိုနေ့ထူးနေမြတ်ကြီးမှာ ဘုရားရှင်ရဲ့ မေတ္တာ၊ ကရုဏာတော်နဲ့ ဘုန်းတော်၊ ကံတော်၊ ဉာဏ်တော်တွေကို အာရုံပြုရင်း ဗုဒ္ဓဂုဏ်ကို အထပ်ထပ်ပွားများဖို့ သိပ်ကောင်းတာ ဖြစ်ပါတယ်။ အတိတ်ကို ပြန်ကြည့်ရင် ဂေါတမမြတ်စွာဘုရားရှင်ဟာ သက်တမ်းအတိုဆုံး ကာလမှာ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင် ဖြစ်တော်မူတာကြောင့် သက်တော်ထင်ရှား နေခွင့်ရတဲ့ ၄၅နှစ်တာ ဒီကာလလေးမှာ တကယ့်ကိုပဲ ကိုယ့်တော်မြတ်ရဲ့ ခန္ဓာဝန်ကို မငဲ့ကွက် သတ္တဝါတွေအတွက် အလုပ်လုပ်တော်မူလာခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကိုတော်မြတ် ပရိနိဗ္ဗာန်ပြုပြီးနောက်မှာ ကိုယ်တော်မြတ်ကိုယ်စား သွန်သင်လမ်းညွှန်ပေးသွားမယ့် တရားတော်မြတ်များကို ဆရာစားမချန် အကုန်အစင် ဟောတော်မူသွားတာဟာလည်း သက်တမ်းတိုတဲ့ ဘုရားရှင်များရဲ့ နောက်ပိုင်း သာသနာတော်ကြီး အရှည်တည်တံ့စေရေးကို ရှေးရှုတော်မူသွားတဲ့ ပုံရိပ်များအဖြစ် ထင်ကျန်နေတော့တာ ဖြစ်ပါတယ်။

ဘုရားဖြစ်တော်မူပြီးချိန်ကစလို့ ပရိနိဗ္ဗာန် စံတော်မူသွားချိန်အထိ ဝေနေယျ သတ္တဝါတွေအတွက် တဖွဖွ မှာတော်မူသွားတဲ့ အပ္ပမာဒေန သမ္ပာဒေထ (မမေ့မလျော့ သတိရှိကြ)ဆိုတဲ့ အမှာစကားဟာလည်း ကြာလေမေ့လေ့ ဖြစ်နေကြတဲ့ ဒီနေခေတ် သတ္တဝါတွေအတွက် အလွန်အဖိုးထိုက်လှတာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးအချိန်မှာ အရှင်အာနန္ဒာ မထေရ်ကို မိန့်တော်မူသွားတဲ့ “ငါဘုရား မရှိတဲ့နောက်ပိုင်းမှာ ငါဘုရားဟောတော်မူထားတဲ့ တရားတော်တွေဟာ သင်တို့ရဲ့ ဆရာပဲ”ဆိုတဲ့ စကားတော်မြတ်ဟာလည်း ဆရာ့စကားလိုက်နာထားပြီး တရားအလုပ်အားထုတ်ကာ အကျိုးသက်ရောက်မှု ရှိနေကြတဲ့ ဒီနေ့ခေတ် ယောဂီတွေအတွက် အမှန်ပဲ ဆရာအဖြစ် ထင်ထင်ရှားရှား ဖြစ်နေတော့တာ ဖြစ်ပါတယ်။

ရှင်တော်မြတ်ဘုရားဟာ သက်ရှိထင်ရှားရှိတုန်းမှာလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို အကုန်လုပ်တော်မူခဲ့တဲ့အပြင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းကာလ အတွက်လည်း ကြိုတင်စီမံ အပ်နှင်းတော်မူတာတွေကိုလည်း လုပ်တော်မူခဲ့တာ ဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓဟာ ကိုယ့်တော်ကိုယ်စား သံဃာ့အားကို အထူးကိုးစားတော်မူသလို သံဃာထုကိုလည်း အလွန်လေးစား တန်ဘိုးထားကာ ရှိသမျှအကုန် အပ်နှံတော်မူသွားခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ရဲ့ သာသနာတော်ကြီး တစ်ခုလုံးကိုလည်း သံဃာတော်များထံ အပ်နှံပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ မှာတော်မူသွားခဲ့ပါတယ်။ ကိုယ်တော်မြတ် မရှိတော့တဲ့ နောက်ပိုင်းသာသနာတော်ကြီးဟာ ဘယ်ရွေ့ဘယ်မျှ အတိအကျ တည်မယ်ဆိုတာကို မိန့်တော်မမူဘဲ ကိုယ်တော်မြတ် ဟောတော်မူထားတဲ့အတိုင်း မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို စံထားပြီး ကျင့်ကြံပွားများမယ်ဆိုရင် သာသနာတော်မှာ အရိယာသူတော်သူမြတ်များ မဆိတ်သုဉ်းဘဲ ပို၍ကြာကြာ တည်တံ့နိုင်မှာ ဖြစ်ပေမယ့် သာသနာတော် ပျက်ဆီးဆုတ်ယုတ်စေနိုင်တာလည်း ဘုရားတပည့် သာဝကများကပဲ လုပ်နိုင်တာ ဖြစ်တဲ့အတွက် သာသနာတော် အရှည်တည်ရေး၊ မတည်ရေးဟာ သာဝကများရဲ့ အကျင့်မြတ်များကို ကျင့်ရေးမကျင့်ရေးအပေါ် အဓိကကျကြောင်း မိန့်တော်မူသွားတာလည်း ရှိနေတာ ဖြစ်ပါတယ်။

ကံကောင်းထောက်မစွာပဲ ရှင်တော်မြတ်ဘုရား ယုံကြည်ကိုးစားပြီး အပ်နှံတော်မူသွားတဲ့ သာသနာတော်မြတ်ကြီးကို ကိုယ်တော်မြတ်ရဲ့ တပည့်သား သံဃာတော်များက ခေတ်အဆက်ဆက် အဓမ္မဝါဒများကို တွန်းလှန်ကာ ဓမ္မအမှန်တရားနဲ့ သန့်ရှင်းသုတ်သင် ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြတဲ့အတွက် ယနေ့ဆိုရင် နှစ်ပေါင်း ၂၅၀၀ကျော်ကြာအောင် ပြောင်းလဲခြင်းမရှိ တည်တံ့နေခဲ့တာ ဖြစ်ပါတယ်။ သွေးနဲ့ရင်းခဲ့ရတဲ့ ရှင်တော်မြတ်ရဲ့ သွေးနဲ့ရေးထားတဲ့ သာသနာတော်ကြီးဟာ နောက်နောင်လည်း ပိုပြီးသန့်ရှင်း တည်တံ့ပြန်ပွားဖို့ ကျန်ရစ်ခဲ့တဲ့ ရှင်တော်မြတ်ရဲ့ တပည့်သာဝကများအပေါ်မှာ တည်မှီနေတော့တာ ဖြစ်ပါတယ်။ ၂၅၅၅နှစ်နဲ့ ၂၆၀၀နှစ်တွေဟာ ရှင်တော်မြတ်ဘုရားရဲ့ အတ္ထုပ္ပတ်နဲ့ ရှင်တော်မြတ်ရဲ့ လုပ်ရပ်ကို ထင်ဟပ်ပြနေတာဖြစ်ပြီး ရှင်တော်မြတ်ကျေးဇူးနဲ့ အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ သာဝကများရဲ့ ကျေးဇူးကြောင့် ယနေ့ကာလတိုင်အောင် စစ်မှန်တဲ့ဓမ္မနဲ့ မှန်ကန်တဲ့ သစ္စာတရားတွေကို သိရှိခံစားခွင့်ရနေတာ ဖြစ်တဲ့အတွက် ကျေးဇူးသိတတ်မယ်ဆိုရင် သတ္တဝါတွေအနေနဲ့ ကျေးဇူးဆပ်စရာတွေဟာ ရေတွက်လို့တောင်ကုန်မှာ မဟုတ်ပါဘူး။

ဆိုတော့ကား ဗုဒ္ဓဘာသာတွေအနေနဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတွေကို မဆပ်နိုင်တာတောင်မှ သာသနာတော် ၂၅၅၅နှစ်ပြည့်တဲ့နေ့နဲ့ ဗုဒ္ဓပွင့်ထွန်းတော်မူခြင်း နှစ်၂၆၀၀ပြည့်တဲ့ လာမယ့်ကဆုန်လပြည့်နေမှာတော့ ဘုရားအလို ရှိတော်မူတဲ့ ကုသိုလ်တရားလေးနဲ့ ကျေးဇူးဆပ်နိုင်မယ်ဆိုရင် ဒါဟာ အလွန်အမတန် အဖိုးတန်တဲ့ ကျေးဇူးဆပ်နည်းတစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားက သတ္တဝါတွေကို ဖြစ်စေချင်တာက ပစ္စည်းတွေပေးကမ်း ထောက်ပံ့စေတာထက် မကောင်းမှုတွေရှောင်ပြီး ကောင်းမှုလေးတွေ ဆောင်စေချင်တာ အဓိကဖြစ်တဲ့အတွက် တတ်နိုင်သမျှ မကောင်းမှု အကုသိုလ်လေးတွေ မလုပ်ဘဲ ကုသိုလ်အလုပ်လေး တစ်ခုခုလောက် လုပ်ဖြစ်သွားရင် ဒီနေ့ကဆုန်လပြည့်နေ့ဟာ သွေးနဲ့ရင်းခဲ့တဲ့ ဘုရားရှင်ကို ကျေးဇူးဆပ်ရာ အမှန်ရောက်စေမှာ ဖြစ်ပါတယ်။ သွေးနဲ့ရေးခဲ့တဲ့ သာသနာတော်ကြီး အရှည်တည်တံ့စေဖို့ အထိုက်အလျောက် အထောက်အကူရောက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်း ထူးခြားတဲ့ နေ့လေးတစ်ခုမှာ ထူးခြားတဲ့ ကုသိုလ်လေးတစ်ခု လုပ်ဖြစ်ခဲ့မယ်ဆိုရင် ထူးခြားတဲ့ ရလာဘ်တစ်ခုခုကို အမှန်ရစေမှာ ဖြစ်တဲ့အတွက် အကျိုးရတာ မရတာ နောက်ထား ကိုယ့်ဘဝအတွက်တော့ ထူးခြားတဲ့ ကုသိုလ်လေးတစ်ခုတော့ မှတ်မှတ်ရရ လုပ်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုဟာ နေ့စဉ်လုပ်နိုင်ရင် ကောင်းပေမယ့် မလုပ်နိုင်တဲ့ သူတွေအတွက်တော့ ဒီလိုနေ့ထူး နေ့မြတ်မျိုးမှာ ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြု ကောင်းမှုတစ်ခုခုတော့ လုပ်ကြည့်သင့်ကြပါတယ်။ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ဒီနှစ်ထူးခြားတဲ့ ကဆုန်လပြည့်နေ့ဟာ ကိုယ့်ဘဝအတွက်လည်း ထူးခြားမှုတစ်ခု ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ကျန်တာတွေ မလုပ်နိုင်တာတောင် လာမယ့်ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာတွေ အနေနဲ့ ရှစ်ပါးသီလလေး ဆောက်တည်၊ တတ်နိုင်သမျှ အလှူဒါနလေးလုပ်၊ မေတ္တာလေးပို့၊ ဘုရားဂုဏ်တော်တစ်ခုခု ပွားများ၊ တစ်ပိုင်တစ်နိုင် သမထ၊ ဝိပဿနာ အလုပ်လေးတွေလုပ်နိုင်အောင် ကြိုးစားပြီး လုပ်နေကျ အလုပ်တွေဖြစ်တဲ့ အရက်သေစာ သောက်စားပျော်ပါးတာကို မလုပ်ဘဲ ရှောင်လိုက်တာ၊ လုပ်နေကျ မကောင်းတဲ့ အလုပ်လေးတွေ မလုပ်ဘဲ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေလိုက်တာ၊ ဘဝမှာ မှတ်မှတ်ရ ကောင်းမှုတစ်ခု လုပ်ဖြစ်အောင် ကြိုးစားလိုက်တာ စတာတွေဟာ ထူးခြားတဲ့ နေ့လေးအတွက် ထူးခြားဖြစ်စဉ်လေးတစ်ခု ကိုယ့်အတွက်တော့ ဖြစ်စေသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ရောက်နေတဲ့ အသိဒကာတစ်ယောက်ကတော့ ဘုန်းဘုန်းဆီကို ဖုန်းဆက်ပြီး “အရှင်ဘုရား တပည့်တော် လာမယ့် ကဆုန်လပြည့်နေ့ကစပြီး နေ့စဉ်တစ်နေ့ တစ်နာရီ အနည်းဆုံး အချိန်ပေးပြီး ဘုရားရှင်ရဲ့ ပဋ္ဌာန်းကျမ်းကြီးကို ပူဇော်ဖို့ အဓိဋ္ဌာန်ပြုထားပါတယ်၊ ပဋ္ဌာန်းစာအုပ် ငါးအုပ်လည်း တပည့်တော် လက်ထဲရောက်နေပါပြီ ဘုရား”လို့ မနေ့ကပဲ လှမ်းလျှောက်လာပါတယ်။ သူ့အတွက် ရင်ထဲမှာ သာဓုအကြိမ်ကြိမ်ခေါ်ရင်း သူလိုလူတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိလိုက်ပါသေးတယ်။ ကုသိုလ်ကောင်းမှုဆိုတာက သီးသန့်လုပ်ယူမှ ရတတ်တာ ဖြစ်တဲ့အတွက် အဲဒီဒကာလေးလိုပဲ ကျန်တဲ့သူတွေလည်း အဓိဋ္ဌာန်တစ်ခုခုဝင်ပြီး ကုသိုလ်ကောင်းမှု တစ်ခုခုတော့ လုပ်သင့်ကြပါတယ်။ ကျန်တဲ့နေ့တွေ မလုပ်ဖြစ်ရင်တောင်မှ လာမယ့်ကဆုန်လပြည့်နေ့မှာတော့ အထူးအနေနဲ့ လုပ်ကြည့်သင့်ကြပါတယ်။

ဒါကြောင့် သွေးနဲ့ရင်းခဲ့တဲ့ ရှင်တော်ဗုဒ္ဓရဲ့ ဘဝသက်တမ်း ၂၆၀၀ပြည့်နေ့နဲ့ သွေးနဲ့ရေးခဲ့တဲ့ သာသနာတော်မြတ်ကြီး နှစ်ပေါင်း ၂၅၅၅ပြည့်တဲ့နေ့ဖြစ်တဲ့ လာမယ့် ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ သွေးနဲ့ရင်းပြီး ကုသိုလ်တွေ မလုပ်နိုင်တာတောင်မှ ထူးခြားတဲ့ နေ့လေးမှာ သွေးအေးအေးနဲ့ ကုသိုလ်လေးတစ်ခုခုတော့ လုပ်ဖြစ်အောင် လုပ်ကြဖို့နဲ့ သွေးဆူစေတဲ့ မကောင်းတဲ့ အကုသိုလ်အမှုတွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ကြဖို့ အထူးတိုက်တွန်းရင်း ရှင်တော်မြတ်နဲ့ သာသနာတော်ကြီးရဲ့ အံ့ဖွယ်တည်တံ့မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာစုလေးနဲ့ ဓမ္မအလှူပြုလိုက်ရပါတယ်။

ဣဒံ မေ ပုညံ မဂ္ဂဖလဉာဏဿ ပစ္စယော ဟောတု။

Read more »

စကားလုံးများရဲ့ နောက်ကွယ်ဝယ်

ဘုန်းဘုန်းအပါအဝင် လူအတော်များများဟာ စကားလုံး အသုံးအနှုန်းများအပေါ် အလွန်ခံစား လွယ်တတ်ကြတဲ့ သဘောရှိပါတယ်။ အကောင်းပြောရင်လည်း အကောင်းပြောတဲ့အပေါ်မှာ ကျေနပ်နေတတ်ကြသလို အဆိုးပြောခံရရင်လည်း အဲဒီစကားများအပေါ်မှာ လိုက်ပြီးခံစားနေကြတော့တာ ဖြစ်ပါတယ်။ ပုထုဇဉ် သဘာဝ ကောင်းတာပြောရင် ကျေနပ်သဘောကျတတ်ပေမယ့် မကောင်းအပြောခံရတဲ့ အပေါ်မှာတော့ ရင်ထဲအသည်းထဲအထိ တစိမ့်စိမ့် ခံစားနေမိပြီး အဲဒီခံစားချက်နဲ့အတူ အိပ်မပျော်၊ စားမဝင်တဲ့အထိတောင် ဖြစ်သွားတတ်ကြပါသေးတယ်။ စကားလုံးတွေကို လိုက်ခံစားရင်း တစ်ခါတလေ ကောင်းတဲ့စကားလေးတွေ ပြောလာတဲ့သူကို သဘောကျ နှစ်သက်တတ်ကြသလို မကောင်းတဲ့ စကားပြောလာတဲ့ သူကိုတော့ မကျေနပ်ချက်လေးတွေနဲ့ အညှိုးအတေးလေးတွေပင် ထားလာတတ်ပြန်ပါတယ်။ စိတ်ကိုက စကားလုံးဆိုရင် ဘယ်လိုစကားလုံးမျိုးလေးပဲ ဖြစ်ဖြစ် အလွယ်တကူ လိုက်ပြီး ခံစားနေမိတတ်တဲ့အတွက် အဲဒီစကားလုံးများရဲ့ နောက်ကွယ်မှာ ထွက်ပေါ်လာတတ်တဲ့ အကျိုးရလာဘ်ကတော့ စိတ်ရောကိုယ်ပါ ပြောင်းလဲသွားတတ်ခြင်းပါပဲ။

လူ့လောက အသိုင်းအဝိုင်းမှာ ဒီစကားလုံး အသုံးအနှုန်းပြဿနာကလည်း အတော်ကို သတိပြုကြရမယ့် ကိစ္စဖြစ်ပါတယ်။ ပြောတဲ့သူကလည်း လက်လွတ်စပယ် ပြောတတ်ကြသလို ခံစားတဲ့သူကလည်း ဘာလေးပဲ ဖြစ်ဖြစ် အလွယ်တကူ လိုက်ခံစားတတ်ကြတဲ့အတွက် တစ်ခုခုဖြစ်ကြပြီဆိုရင် ဒီစကားလုံးတွေနဲ့ပဲ ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ လူ့ရဲ့သဘောကလည်း စကားလုံးဆိုရင် တိုက်ရိုက်အပြောခံရတာပဲ ဖြစ်ဖြစ်၊ တစ်ဆင့်ကြားရတဲ့ စကားပဲ ဖြစ်ဖြစ် စိတ်ထဲမှာအတည်ယူပြီး လိုက်ခံစားနေတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်း အပြောခံရတဲ့အခါ ပြောသွားတဲ့ စကားလုံးကိုရော၊ ပြောတဲ့ပုဂ္ဂိုလ်ကိုပါ မကျေနပ်စိတ်တွေနဲ့ မကြာမကြာ သတိတရ ခံစားနေမိတတ်တာ ဖြစ်ပါတယ်။ “ဘယ်သူကတော့ ငါ့ကိုဘယ်လို ပြောသွားတာ၊ ဘယ်သူကတော့ ငါ့ကို ဘယ်လိုခေါ်လိုက်တာ၊ ဘယ်သူကတော့ ငါ့အပေါ် သုံးနှုန်းသွားတဲ့ စကားလုံးတွေ ရင့်သီးရိုင်းစိုင်းလွန်းတာ” စသဖြင့် စကားလုံးကို အကြောင်းပြုပြီး ပုဂ္ဂိုလ်ကိုပါ မကောင်းရှုတတ်တဲ့အထိ ဖြစ်တတ်ကြတာ ဖြစ်ပါတယ်။


တစ်လောကပဲ ဒကာလေး သုံးလေးယောက်နဲ့ စကားပြောမိကြတော့ အရင်တုန်းက တရင်းတနှီး ရှိခဲ့ဖူးတဲ့ ဆရာတော်တစ်ပါးက တစ်ဆင့်စကားအကြားနဲ့ သူတို့အပေါ် နားလည်မှုလွဲပြီး ယိသဲ့သဲ့ စကားတွေ ပြောလာတဲ့အတွက် သူတို့မှာ စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း၊ တကယ်ဆိုရင် ဆရာတော် အနေနဲ့ ဒီလိုစကားမျိုး မပြောင်သင့်တဲ့အကြောင်း၊ ဘုန်းကြီးဆိုတာ ဒီစကားဟိုပို့၊ ဟိုစကားဒီပို့ မလုပ်သင့်တဲ့အကြောင်း၊ သူ့လိုပြောကြေးဆိုရင် တပည့်တော်တို့မှာလည်း ပြောစရာတွေ အများကြီးရှိကြောင်း စသဖြင့် စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မကျေနပ်ချက်လေးတွေကို ပြောဖြစ်ခဲ့ကြပါသေးတယ်။ အဲဒီမှာ ပြဿနာက သူတို့ရဲ့ စကားလုံးတွေနောက်မှာ ဘုန်းဘုန်းကိုယ်တိုင် ပါဝင်ပြီး လိုက်ခံစားနေမိတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မကျေနပ်ချက်တွေဟာ ကိုယ်နဲ့ပါ ဆက်စပ်လာနေတာ ဖြစ်တဲ့အတွက် ကိုယ်ပါလိုက်ပြီး မကျေမနပ် ဖြစ်လာတော့တာ ဖြစ်ပါတယ်။ မကျေမနပ် ဖြစ်ပြီဆိုရင် သိတဲ့အတိုင်း ချီးမွမ်းစကားတွေ၊ ကုသိုလ်ဖြစ်စရာ စကားတွေ ပါလာမှာ မဟုတ်တော့ဘဲ မကောင်းတဲ့စကားတွေ၊ အားနည်းချက်တွေ၊ အပြစ်တင်စရာတွေ စတာတွေပဲ ရှာဖွေပြောဆို ဖြစ်ကြတော့တာ ဖြစ်ပါတယ်။ နောက်ဆုံး သူတို့စကားဝိုင်းက ထွက်လာပြီး ကိုယ်ကိုယ်တိုင် အေးအေးဆေးဆေး ရှိတော့မှ “ဟာ ငါအလွန်အကျွံတွေ ပြောဆိုမိလိုက်ပါလား”ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်စကားရဲ့နောက်ကွယ်မှာ ကိုယ်ကိုယ်တိုင်ပဲ နောင်တလေးတွေ ဝယ်လာမိသလို ခံစားလိုက်ရတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်လိုက်တော့ အားလုံးဟာ စကားအသုံးအနှုန်းမှာလိုက်ပြီး ကောင်းတာမကောင်းတာ ခံစားရင်း ကျေနပ်ရင်လောဘဖြစ်လိုက် မကျေနပ်ရင် ဒေါသဖြစ်လိုက်၊ ကျေနပ်ရင် ဆန္ဒာဂတိလိုက်လိုက်၊ မကျေနပ်ရင် ဒေါသာဂတိလိုက်လိုက် စသဖြင့် အလွယ်တကူ ပြောင်းလဲဖြစ်ပျက်နေကြတော့တာ ဖြစ်ပါတယ်။ ကိုယ့်ကိုကောင်းတာပြောရင် ကျေနပ်နှစ်သက်လိုက်၊ ကိုယ့်ကို မကောင်းတာပြောရင် မကျေမနပ်ဖြစ်လိုက်၊ ကိုယ်ကကျေနပ်ရင် ကောင်းတဲ့စကားလေးတွေ ပြောလိုက်၊ ကိုယ်က မကျေနပ်ရင် မကောင်းတဲ့ စကားလေးတွေ ပြောလိုက်၊ ကိုယ်နှစ်သက်တဲ့ စကားဆိုရင် ပြုံးပြုံးရွှင်ရွှင် ခံစားလိုက်၊ ကိုယ်မနှစ်သက်တဲ့ စကားဆိုရင် စိတ်မကောင်းစွာ ခံစားလိုက်နဲ့ နောက်ဆုံး စကားလုံးတွေနောက်မှာ လိုက်ခံစားရင်း စကားလုံးတွေအောက်က ရုန်းမထွက်နိုင်အောင် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ စကားလုံးဆိုတာဟာ လောကပညတ်ချက်ပဲ ဖြစ်ပါတယ်။ ပညတ်ဆိုတာ အမြဲမှန်ကန်နေတဲ့ အရာမဟုတ်တဲ့အတွက် လိုရင်လိုသလို၊ မလိုရင် မလိုသလို ပြောင်းလဲသတ်မှတ် သမုတ်ကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်တဲ့အခါ တဒင်္ဂအရှိတရားနဲ့ ခဏတာ အသိတရား၊ အခိုက်အတန့် အမြင်တရားနဲ့ အပေါ်ယံ အသွင်များကိုလိုက်ပြီး အကောင်းအဆိုး အမျိုးမျိုးဖြစ်ကာ ခံစားချက်လည်း တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲဖြစ်ပေါ် နေတတ်ကြတာ ဖြစ်ပါတယ်။ လောကီဘုံသား လူအများဟာလည်း ဒီလိုဝေါဟာရ ပညတ်အပေါ်မှာလိုက်ပြီး ခံစားမိနေတတ်တဲ့အတွက် ဘယ်လိုနေရာ၊ ဘယ်လိုလူမျိုးတွေနဲ့ပဲ တွေ့တွေ့ လူတိုင်းလူတိုင်းဟာ ကိုယ်နှစ်သက်တဲ့စကား၊ ကိုယ်နှစ်သက်တဲ့ အသံကိုသာ သဘောကျ ခံစားနေတတ်ပြီး ကိုယ်မနှစ်သက်တဲ့ အရာ၊ ကိုမနှစ်သက်တဲ့ စကားဆိုရင် အသွင်ပါပြောင်းပြီး မကောင်းမှန်းသိရဲ့နဲ့ ထပ်ခါထပ်ခါကို တွေးတောခံစား နေတတ်ကြတာ ဖြစ်ပါတယ်။ အဲဒီလို အတွေးပေါင်းစုံနဲ့ စကားလုံးပေါင်းစုံမှာ လိုက်ပြီး ခံစားနေရာက နောက်ဆုံးမှာ ကိုယ့်အတွက် ရလိုက်တာက စိတ်ဖိစီးမှုများ၊ စိတ်မချမ်းသာမှုများ၊ စိတ်သောက ဖြစ်စရာများပဲ အဖြစ်များနေကြတော့တာ ဖြစ်ပါတယ်။

အရင်းစစ်တော့ စကားလုံးကို စကားလုံး အနေနဲ့ သဘောထား၊ ပညတ်ကို ပညတ် အနေနဲ့သာ သဘောထားပြီး ကိုယ့်အတွက် အကျိုးမရှိမယ့် စကားမျိုး၊ အကုသိုလ်ဖြစ်မယ့် အသံမျိုး၊ ကိုယ့်စိတ်ကို ပင်ပန်းစေမယ့် အဆိုမျိုး၊ ကိုယ့်ကို စိတ်မချမ်းမသာ ဖြစ်စေမယ့် ပညတ်မျိုးကို လိုက်ပြီးမခံစားမိစေဖို့၊ ခေါင်းထဲရောက်လာရင်လည်း အမြန်ဆုံး ထုတ်ပယ်နိုင်အောင် ကြိုးစားကြဖို့နဲ့ ကိုယ်ကြားလိုက်တဲ့ အရာ၊ ကိုယ်ကြားလိုက်တဲ့ စကားလုံးဟာ တွေးတိုင်းတွေးတိုင်း ကိုယ့်အတွက် ကုသိုလ်ဖြစ်စေမယ်၊ ကိုယ့်ရဲ့စိတ်ခွန်အားကို တိုးပွားစေမယ်၊ ကိုယ့်အတွက် တစ်စုံတစ်ခု အကျိုးတရား ဖြစ်ပွားနေမယ်ဆိုရင်တော့ ဒီလို ပညတ်ချက်၊ စကားလုံး၊ အသံတွေကို ကိုယ့်ဘဝ ခွန်အားတစ်ခုအဖြစ် ခံစားလိုက ခံစားနိုင်ပါတယ်။ ဒါတောင်မှ လွှတ်မြောက်မှုနဲ့ ယှဉ်လာရင်တော့ ဒီလို ကောင်းတဲ့ခံစားမှုမျိုးကိုလည်း ရှုမှတ်နိုင်အောင် ကြိုးစားရပါတယ်။

အဓိကကတော့ ကိုယ့်အတွက် ဘာမှအကျိုး မပြုတဲ့ ဘယ်လိုစကားမျိုးကိုမဆို လိုက်မခံစားမိဖို့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကားကို အကြောင်းပြုပြီး ခံစားမှုပြင်းရင်း ဝေဒနာလည်း ပြင်းလာတတ်တဲ့ သဘောရှိလို့ပဲ ဖြစ်ပါတယ်။ အမှန်တော့ ဝေဒနာဆိုတဲ့ စကားလုံးကိုက ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်၊ မကောင်းမဆိုးတာပဲဖြစ်ဖြစ် ခံစားမှုအားလုံးကို ဝေဒနာလို့ ပြောတာဖြစ်တဲ့အတွက် များများခံစားလေ၊ များများဝေဒနာ များလေပဲ ဖြစ်ပါတယ်။ ဝေဒနာများရင် မရေမရာတာတွေလည်း များလာတတ်သလို မရေမရာတာတွေရဲ့နောက်မှာ ဝေဒနာတွေလည်း ထပ်ပြီးရောက်လာတတ်တဲ့ သဘောရှိတဲ့အတွက် စကားလုံးကို အကြောင်းပြုပြီး ဝေဒနာတွေ ပြင်းထန်တဲ့အထိ မဖြစ်စေဖို့ စကားလုံးကို စကားလုံးအတိုင်း၊ အသံကို အသံအတိုင်း၊ ပညတ်ကို ပညတ်အတိုင်းပဲ ထားနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

တစ်ချို့ကိစ္စလေးတွေ၊ တစ်ချို့စကားလေးတွေ၊ တစ်ချို့ အသံလေးတွေ ဆိုတာက မသိရင် ဘာမှမခံစားရသလို သိရင်လည်း မသိချင်ယောင်ဆောင်လိုက်တာ၊ ကြားပေမယ့်လည်း မကြားချင်ယောင် ဆောင်လိုက်တာမျိုးဟာ ခံစားမှုကို သက်သာစေတဲ့ သဘောလေးတွေ ရှိတတ်ပါတယ်။ မသိချင်ယောင်ဆောင်တာ၊ မကြားချင်ယောင်ဆောင်တာတွေဟာ အမှန်တော့ ဒီလိုကိစ္စမျိုးတွေကို လိုက်ပြီးမခံစားတာ၊ ခေါင်းထဲမှာ ကြာကြာထည့်မထားတာမျိုးကို ပြောတာဖြစ်ပါတယ်။ အကုသိုလ်ဖြစ်စေမယ့် စကားမျိုး၊ ကိုယ့်အတွက် အကျိုးမရှိတဲ့ စကားမျိုးဆိုတာ ကြားကိုမကြားသင့်သလို၊ သိလည်းမသိသင့်တဲ့ အရာမျိုးပဲ ဖြစ်ပါတယ်။ မကြားရင်၊ မသိရင် အကုသိုလ်အဖြစ်ဟာ အလွန်သက်သာတဲ့ သဘောရှိပါတယ်။ မသိတော့ မခံစားမိ၊ မခံစားမိတော့ အပြစ်မဖြစ်တော့တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

ဟိုတုန်းက ကိုရီးယားမှာ အလုပ်လာလုပ်တဲ့ ဒကာလေး တစ်ယောက်က ပြောဖူးပါတယ်။ သူ ကိုရီးယားကို စရောက်ခါစက ကိုရီးယား စကားကို ဘာတစ်လုံးမှ မသိတော့ သူဋ္ဌေး ဆဲနေတာကိုလည်း သူ့ကိုချီးကျူးနေတယ်ထင်ပြီး စိတ်ထဲမှာ ကျေနေတတ်ကြောင်း၊ အခုတော့ ဆဲတာကို ဆဲမှန်းလည်း သိသွားရော အရမ်းမကျေမနပ်ဖြစ်၊ ငါ့ကိုဒီလို ပြောရကောင်းလားဆိုပြီး စိတ်ဆိုးဒေါသလည်းထွက်၊ အဲဒီဒေါသကြောင့်ပဲ သူဋ္ဌေးကို ပြောချင်ရာ ပြောချလိုက်တော့ သူနဲ့သူဋ္ဌေးနဲ့ အဆင်မပြေဖြစ်ဖြစ်ပြီး အလုပ်ကတောင် ထွက်လိုက်ရတဲ့အကြောင်း စသဖြင့် သူ့ရဲ့ကိုယ်တွေ့အကြောင်းလေးကို ပြောပြဖူးပါတယ်။ သူ့စကားနဲ့ ဆက်စပ်ပြီး ကောက်ချက်ချကြည့်တော့ တစ်ချို့စကားလေးတွေဟာ မသိလိုက်တာက အကုသိုလ်အဖြစ်သက်သာပြီး၊ သိရင်လည်း အဲဒီစကားလုံးမှာ လိုက်မခံစားပဲနေလိုက်တာဟာ အကောင်းဆုံး စိတ်သက်သာရာတစ်ခုဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ မြင်ပေမယ့်၊ မမြင်ချင်ယောင်ဆောင်တာ၊ ကြားပေမယ့် မကြားချင်ယောင်ဆောင်တာတွေဟာ ဟန်ဆောင်တာ မဟုတ်ဘဲ အကုသိုလ်အဖြစ် သက်သာအောင် ကိုယ့်ကိုယ်ကို ခံစားချက်တွေမှာ လေ့ကျင့်တဲ့ သဘောလေးတွေဖြစ်တဲ့အတွက် ကြိုးစားလေ့ကျင့်သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

ရှိပါစေတော့။ ပြောချင်တာက စကားလုံးတွေ၊ အသံတွေဟာ လိုက်ပြီးခံစားမိရင် အဲဒီစကားလုံးတွေ၊ အသံတွေရဲ့နောက်မှာ ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့သဘော၊ ကိုယ်စိတ်ကို လေးလံစေတဲ့သဘော၊ ကိုယ့်စိတ်ကို ထိုင်းမှိုင်းစေတဲ့ သဘောလေးတွေ ရှိတတ်တဲ့အတွက် စကားလုံးကို စကားလုံးအတိုင်းထားနိုင်အောင်၊ ပညတ်ကို ပညတ်အတိုင်း ထားနိုင်အောင်၊ ကြားရင်ကြားတဲ့အခိုက်မှာပဲ ထားပြီး အာရုံနောက်ကို လိုက်မခံစားဘဲ နေနိုင်အောင် ကိုယ့်စိတ်ကို မြင်အောင်သတိပြုပြီး ဆင်ဆင်ခြင်ခြင် နေထိုင်ကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အာရုံနောက်ကို စိတ်ကလိုက်ပြီး မခံစားမိကြဖို့နဲ့ ခံစားမိရင်လည်း စိတ်ထဲမှာ ကြာကြာမထားဘဲ အမြန်ဆုံး ထုတ်ပစ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူက ဘာပြောလို့၊ ဘယ်သူထံက ဘာကြားလိုက်လို့ စတဲ့ စကားလုံး၊ အသံတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ကာ စိတ်ပင်ပန်းနေကြသူများ အနေနဲ့ ဘယ်သူထံက ဘယ်လိုစကားမျိုးပဲ ကြားကြား အားလုံးဟာ တဒင်္ဂ အခိုက်အတန့် သတ်မှတ်ထားတဲ့ ပညတ်တွေသာ ဖြစ်တဲ့အတွက် ဘာမှအကြာကြီး မဟုတ်ဘူးဆိုတာ သတိပြု ဆင်ခြင်ပြီး ဘယ်လိုစကားမျိုးကိုမှ လိုက်ပြီးခံစားတတ်တဲ့ အကျင့်မျိုး မဖြစ်အောင်သာ ကိုယ့်ကိုယ်ကို ကြိုးစားလေ့ကျင့်ကြပါလို့ သတိပေးစကား ပြောကြားရင်း စကားများရဲ့ နောက်မှာ အမှားများလည်း ရောက်တတ်တယ်ဆိုတာ မမေ့ကြဖို့လည်း အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ