တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့


မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တော်သလင်းလပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ကို ဘာသာရေးဆိုင်ရာ နေ့အဖြစ် ဂရုဓမ္မ အခါတော်နေ့လို့ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ ကုရုတိုင်းသားတို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။ တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။ အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါးရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။ ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊ လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊ အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ ရှောင်ကြဉ်တာတွေကို ပျောက်ပြက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။ တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင် အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်းကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊ လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ် အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

အပေါင်းအသင်း


အတူတကွ သွားလာနေထိုင် စားသောက်လေ့ရှိတဲ့သူကို မိတ်ဆွေအပေါင်းအသင်းလို့ ခေါ်ပါတယ်။ ဒီအပေါင်းအသင်းဟာလည်း ကောင်းတဲ့အပေါင်းအသင်း မကောင်းတဲ့အပေါင်းအသင်းလို့ နှစ်မျိုးရှိပါတယ်။ စာလိုပြောရင်တော့ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)တို့ပါပဲ။ လူတစ်ယောက်ရဲ့ ဘ၀အကောင်းအဆိုးဟာ သူပေါင်းတဲ့အပေါင်းအသင်းနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ သူပေါင်းသင်းတဲ့ အပေါင်းအသင်းကို ကြည့်ပြီး သူဘယ်လိုသူဆိုတာလည်း အကဲခက်လို့ ရပါတယ်။ ခဏတစ်ဖြုတ်ပေါင်းသင်းတဲ့ အပေါင်းအသင်းမဟုတ်ရင် လူတစ်ဦးနဲ့တစ်ဦး ၀ါသနာစရိုက်တူမှပဲ ရေရှည်လက်တွဲ ပေါင်းသင်းလို့ရပါတယ်။ ကောင်းတဲ့အကျင့်စရိုက် အလေ့အကျင့် ရှိတဲ့သူနဲ့ပေါင်းရင် ကိုယ်လဲကောင်းတဲ့ အကျင့်စရိုက်လေးတွေ ကူးစက်လာတတ်ပြီး မကောင်းတဲ့ အကျင့်စရိုက်ရှိတဲ့သူနဲ့ ပေါင်းရင်တော့ မကောင်းတဲ့ အကျင့်လေးတွေ ကူးစက်ခံရမှာ သေချာပါတယ်။ ဒီနေရာမှာ စရိုက်နဲ့ ပတ်ဝန်းကျင်ဆိုတာကို သတိပြုရပါမယ်။ မွေးလာတဲ့စရိုက်တွေ ဘယ်လောက်ပဲကောင်းကောင်း ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် မကောင်းတဲ့ စရိုက်လေးတွေ ကူးစက်ခံရပါတယ်။ ဒီလိုပဲ မွေးလာတဲ့စရိုက်က မကောင်းပေမယ့် ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က ကောင်းနေရင်လည်း ကောင်းတဲ့အကျင့်လေးတွေ ရလာတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့ ဘ၀အတက်အကျတွေမှာ ပေါင်းသင်းတဲ့ အပေါင်းအသင်းဟာ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ 

တစ်ခါက တရားပွဲတစ်ခုကို ကြွတုန်းက ဖြစ်ပါတယ်။ တရားပွဲမစခင် ဘုန်းဘုန်းကို ပင့်တဲ့ဒကာလေးက အခန်းထဲမှာ သီတင်းသုံးဖို့ လျှောက်လို့ အခန်းထဲမှာ နေနေတဲ့အချိန် အပြင်မှာ သူငယ်ချင်းတွေဆုံတော့ ပြောကြဆိုကြတာလေးတွေကို အခန်းထဲမှာ ရှိနေတဲ့ ဘုန်းဘုန်းအနေနဲ့ ကြားမိနေပါတယ်။ သူတို့ကတော့ ဘုန်းကြီးအခန်းထဲမှာ ရှိနေတာကို သတိထားမိဟန် မတူပါဘူး။ ဒကာလေးတွေထဲက တစ်ယောက်က ကျန်တဲ့ ဒကာတစ်ယောက်နဲ့ စကားအပြန်အလှန် ငြင်းခုံပြောဆိုနေပါတယ်။ သူက “ကျွန်တော်ဒီနိုင်ငံကို ရောက်ခါစက ဘာမှမလုပ်တတ်ဘူး.. အရက်လည်း မသောက်တတ်ဘူး.. ဖဲလည်းမရိုက်တတ်ဘူး.. ဘောလုံးလည်း မလောင်းတတ်ဘူး.. ခင်ဗျားနဲ့တွေ့မှ၊ ခင်ဗျားနဲ့ ပေါင်းမိမှပဲ အခုဆို ဖဲလည်းရိုက်တတ်နေပြီ၊ အရက်လည်းသောက်တတ်နေပြီ၊ ဘောလုံးလည်း လောင်းတတ်နေပြီ“ ဆိုပြီး အမူးသမားလေသံနဲ့ အားရပါးရ ပြောဆိုနေတာကို ကြားလိုက်ရပါတယ်။ တစ်လောကလည်း အရက်အလွန်သောက်တဲ့ ဒကာလေးနဲ့တွေ့လို့ အရက်လျှော့သောက်ဖို့ အကြောင်းပြောဖြစ်တော့ သူက “တပည့်တော် ဖြတ်ဖို့ကြိုးစားနေပါတယ်၊ အမှန်တော့ တပည့်တော် ရောက်ခါစက အရက်မသောက်တတ်ပါဘူး… တပည့်တော်နဲ့အတူ အလုပ်လုပ်တဲ့ စီနီယာအစ်ကိုကြီးနဲ့ တွဲဖြစ်ရာက သူကြိုက်တဲ့အရက်ကို နည်းနည်းစလုပ်မိရင်းက ခုလိုအများကြီး သောက်မိသွားတာပါ၊ ခွင့်လွှတ်တော်မူပါ ဘုရား..“ လို့ တောင်းပန်ရှာပါတယ်။

နောက်တရားပွဲ တစ်ခုမှာဖြစ်ပါတယ်။ တရားပွဲပြီးတော့ အပေါ်ထပ်အခန်းမှာ ခဏအနားယူနေချိန် အခန်းထဲကို ဒကာလေး လေးယောက်လောက် စာရွက်လေးကိုယ်စီနဲ့ ၀င်လာပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးပါတယ်။ အရွယ်ငယ်ပြီး ရုပ်ရည်သန့်ပြန့်လှတဲ့ ဒီကလေးတွေကို ကြည့်ရတာ စိတ်ထဲမှာ အားရမိပါတယ်။ မိရိုးဖလာလွန် ဗုဒ္ဓဘာသာအဖြစ်မှ အနှစ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များအဖြစ် ပြောင်းလဲလာတဲ့ သူတို့လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း သူတို့လေးတွေဘာကြောင့် စိတ်တူကိုယ်တူနဲ့ ဒီအရွယ်လေးမှာ ဘာသာရေးတွေ လုပ်ဖြစ်တာလဲ…၊ တစ်ယောက်တည်းမဟုတ်ဘဲ ဘာကြောင့် စိတ်တူကိုယ်တူ လေးယောက်လုံး တစ်ပြိုင်တည်း တစ်စိတ်တည်း ဖြစ်သွားကြတာလဲ မေးတော့ သူတို့ထဲက တစ်ယေက်က “တပည့်တော်တို့လည်း အရင်က ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူးဘုရား..၊ သူများနိုင်ငံမှာ အလုပ်လာလုပ်ရင်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်လို့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်၊ ဟိုတရားနာ ဒီတရားနာလုပ်ရင်း နောက်ဆုံး မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကို နာလိုက်ရတော့ တပည့်တော်စိတ်ထဲမှာ အရမ်းကိုသဘောကျ ကျေနပ်သွားမိပြီး နောက်ပိုင်းဆရာတော်ကြီး တရားတွေ ဆက်တိုက်နာဖြစ်ပါတယ်။ တရားများများ နာမိလေလေ လောကရဲ့ ဆင်းရဲဒုက္ခတွေကို ခံနိုင်လာလေလေဖြစ်ကာ နောက်ပိုင်း တရားပါ အားထုတ်လာမိတော့ စိတ်ဟာပိုပြီး အေးချမ်းလာပါတယ်။ ဒါနဲ့ တပည့်တော်လည်း တပည့်တော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို တပည့်တော် နာရတဲ့ တရားတွေ ပြန်ပြောပြကာ သူတို့ကိုလည်း တရားတွေ နားခိုင်းတော့ သူတို့လည်း တပည့်တော်လို ဘာသာရေးအပေါ် စိတ်ဝင်စားခဲ့ပါတယ်။ အခုဆို တပည့်တော်တို့ အချိန်အားတာနဲ့ တရားနာ၊ တရားထိုင်ပဲ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သာသနာ့ဘောင် ၀င်ဖို့အထိတောင် စဉ်းစားထားပါတယ်ဘုရား..“ စသဖြင့် သူတို့ရဲ အကြောင်းကို ပြောပြလျှောက်ထားပါတယ်။

ဒီအကြောင်းလေးတွေကတော့ လက်တွေ့ဘ၀မှာ တွေ့ရတဲ့ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့လေးတွေပါ။ ဘုန်းဘုန်းအနေနဲ့ ဒီအကြောင်းလေးတွေ ပြန်ပြောပြနေတာက အပေါင်းအသင်းကြောင့် ပြောင်းလဲသွားတဲ့ သူတွေရဲ့ ဘ၀လေးတွေကို လက်တွေ့နဲ့ ယှဉ်ပြီးထင်ရှားစေလိုတဲ့ အတွက်ကြောင့်ပါ။ အပေါင်းအသင်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ သိစေလိုတာပါ။ သံသရာမှာမပြောနဲ့ ဒီဘ၀ အခိုက်လေးမှာကိုပဲ အပေါင်းအသင်းကောင်းတော့ ကိုယ်လည်းကောင်းလာပြီး အပေါင်းအသင်းဆိုးတော့ ကိုယ်ပါဆိုးလာတာကို လက်တွေ့တွေ့နိုင်ပါတယ်။ တစ်ချို့ဆို အပေါင်းအသင်းမကောင်းတော့ ဘ၀မှာ မလုပ်ဖူးတဲ့ အကုသိုလ်အပြစ် မရှိသလောက်အောင် လိုက်လုပ်နေတာကို တွေ့ရပါတယ်။ တစ်ချို့ကြပြန်တော့ အပေါင်းအသင်းအများကြီး မရှိဘဲ ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက်နဲ့ ကိုယ့်ကျိုးလည်းလုပ် အများအကျိုးလည်း လုပ်နေတာကို တွေ့ရပါတယ်။

မှန်ပါတယ်။ အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ တစ်ချို့က ပြောတတ်ပါတယ်။ “ဒီနိုင်ငံမှာက မသောက်မစား နေရင်အပေါင်းအသင်း မရှိဘူး“တဲ့။ ဒါက သောက်တတ်စားတတ်သူတွေရဲ့ အကြောင်းပြလေးပါ။ မသောက်မစားဘဲ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိနေတဲ့အပြင် မသောက်မစား တည်တည်ကြည်ကြည် ရှိတဲ့အတွက် အများရဲ့ ရိုသေလေးစားမှုကို ရနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ သောက်တဲ့သူတွေက အများစုဖြစ်တဲ့အတွက် မသောက်မစားတဲ့သူတွေဟာ အပေါင်းအသင်းမရှိ နည်းနေရင်နည်းနေနိုင်ပေမယ့် သူတို့လို စိတ်တူကိုယ်တူရှိသူ အပေါင်းအသင်းတော့ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့ဘ၀မှာတော့ ဒီအနည်းစုဟာ အကျိုးတွေ အများကြီးဖြစ်ထွန်းနေတာကို တွေ့ရမှာပါ။ မသောက်မစား၊ အလောင်းအစား မလုပ်တဲ့အတွက် ရှာသမျှငွေကြေးလေးတွေကို စုမိစောင်းမိဖြစ်ကာ အိမ်မှာလည်း ချောင်ချောင်လည်လည်ရှိ၊ ကုသိုလ်ရေးအတွက်လည်း လှူချင်သလို လှူနိုင်တမ်းနိုင်နေတာကို တွေ့ရပါတယ်။ အသောက်အစား အလောင်းအစား လုပ်နေသူတွေကတော့ တစ်လနဲ့တစ်လ အလျဉ်မမီသလို အကြွေးတွေသာဝိုင်းနေပြီး အိမ်လည်မပို့ဖြစ်၊ ဘာမှလည်း လက်ဆုတ်လက်ကိုင်မရှိ ဖြစ်နေကြပါတယ်။ အဲလို ဒုက္ခလေးတွေ ဖြစ်လာတော့ ရှိတုန်းက ပေါင်းသင်းလာတဲ့ ကောင်းပါတယ်ဆိုတဲ့ အပေါင်းအသင်းဆိုတာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ အပေါင်းအသင်းကောင်း မဟုတ်တဲ့အတွက် သာတဲ့အချိန်မှာပေါင်းပြီး နာတဲ့အချိန်ကျတော့ ဂျောင်းကုန်တော့တာပါ။ ဒါကြောင့် အပေါင်းအသင်းဟာ သာပေါင်းညာစား အပေါင်းအသင်းတွေ အများကြီးရှိတာထက် မရှိအတူ ရှိအတူ ဖြစ်တဲ့အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုကောင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အားလုံးထက် အကောင်းဆုံး အပေါင်းအသင်းကတော့ မကောင်းတာတွေ မလုပ်ဖြစ်အောင် ကိုယ့်ကိုပြုပြင် တည့်မတ်ပေးပြီး ကိုယ်ဒုက္ခရောက်ချိန်မှာ တတ်နိုင်သမျှ ကူညီပေးတဲ့ အပေါင်းအသင်းပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ အပေါင်းအသင်းနဲ့ ပတ်သက်တဲ့ မိန့်တော်မူချက်လေးကို သတိရမိပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဘုရားရှင်က မင်္ဂလာတရားတော်များမှာ အစဆုံးမင်္ဂလာများအဖြစ် “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ= လူမိုက်ကို မပေါင်းသင်းရန်နှင့် ပညာရှိသူတော်ကောင်းကိုသာ ပေါင်းသင်းရန်“ မိန့်တော်မူပါတယ်။ ဒါ့အပြင် လူမိုက်ကို မပေါင်းသင်းဖို့အတွက် ဓမ္မပဒမှာ ဟောကြားထားချက်လေးကလည်း မှတ်သားဖွယ်ဖြစ်ပါတယ်။ အဲဒီဟောကြားချက်လေးက “လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက်သာလွန်သူ မိမိနှင့်တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာ မြဲမြံစွာ ပြုကျင့်ရာ၏“ တဲ့။ အပေါင်းအသင်းဟာ အဲလောက်ကို အရေးကြီးတာပါ။ အပေါင်းအသင်းဟာ အလွန်အရေးကြီးတဲ့အတွက် အပေါင်းအသင်းကောင်းကို ရွေးချယ်ပေါင်းသင်းဖို့ အကြိမ်ကြိမ် ဆုံးမတော်မူခြင်းဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းကို ပေါင်းမိကြလို့ ပစ္စုပ္ပန် ကောင်းကျိုးမှ နိဗ္ဗာန်အထိ အကျိုးဖြစ်သွားကြသူများ ရှိသလို မကောင်းတဲ့အပေါင်းအသင်းကြောင့် အပါယ်ငရဲကျသွားသူများလည်း ရှိပါတယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်နှစ်ပါးအကြောင်းနှင့် အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်ဘုရင်တို့ အကြောင်းကတော့ အပေါင်းအသင်း အကောင်းအဆိုးရဲ့ စံပြုစရာတွေ ဖြစ်ပါတယ်။ မထေရ်နှစ်ပါးဟာ လူ့ဘ၀မှာတည်းက အပေါင်းအသင်း သူငယ်ချင်းကောင်းများ ဖြစ်တဲ့အတွက် တစ်ဦးတရားသိတဲ့အခါလည်း တစ်ဦးကို ပြန်လည်ခေါ်ဆောင် မျှဝေကာ နောက်ဆုံးဘုရားသာသနာမှာ အမြင့်မြတ်ဆုံး အဂ္ဂသာဝဘွဲ့ထူးများနဲ့အတူ နိဗ္ဗာန်အထိ မျက်မှောက်ပြုသွားကြတဲ့ အပေါင်းအသင်းကောင်းများရဲ့ ပြယုဂ်အဖြစ် စံတင်စရာဖြစ်ပါတယ်။ ဒါပေမယ့် အရှင်ဒေ၀ဒတ်လို မကောင်းတဲ့ဆရာ၊ မကောင်းတဲ့အပေါင်းအသင်းကို ပေါင်းမိတဲ့ အဇာတသတ်ဘုရင်ကတော့ အဖေကိုသတ်တဲ့ ပိတုဃာတကကံကို ကျူးလွန်မိတဲ့အတွက် ငရဲလားရတဲ့အထိ ဆိုးကျိုးကိုဖြစ်စေကာ မကောင်းတဲ့ အပေါင်းအသင်းကို ပေါင်းရခြင်းရဲ့ မကောင်းတဲ့ ပြယုဂ်အဖြစ် ထင်ကျန်စေခဲ့ပါတယ်။

အချုပ်အားဖြင့် အပေါင်းအသင်းဆိုတာ လူတွေအတွက် လိုအပ်လှတဲ့ အဖော်ဖြစ်တာကြောင့် အပေါင်းအသင်း ရှိဖို့လိုအပ်လှပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အပေါင်းအသင်းတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ အပေါင်းအသင်းပါ။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။ ဒါကြောင့် ဘ၀မှာ အပေါင်းအသင်းဟာ ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းကျိုး ဆိုးကျိုးကို ပြုလုပ်ဖန်တီးပေးနိုင်တဲ့အတွက် ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေနိုင်တဲ့ အပေါင်းအသင်းမျိုးကိုသာ ရွေးချယ်ပေါင်းသင်းကြဖို့ ဒီစာစုလေးဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။ 

Read more »

ဖိအားနဲ့ အသိတရား


ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ “ဘုန်ုးဘုန်းဘုရား တပည့်တော် အခုတလော ကိုယ့်ကိုယ်ကို စိတ်တွေအရမ်း ကြမ်းလာတယ်လို့ ခံစားမိပါတယ်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ထစ်ခနဲဆို ပါးစပ်က ဆဲလိုက်ဆိုလိုက် စတာတွေ အလွယ်တကူကို လုပ်ဖြစ်လာတယ်လို့ ထင်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် တပည့်တော် စိတ်ရိုင်းတွေ ဝင်နေတယ်ဆိုတာ သတိပြုမိလာပါတယ်၊ သတိပြုမိတဲ့အလျောက် ထိန်းနိုင်အောင် ကြိုးစားကြည့်ပေမယ့် မရဘူး ဖြစ်နေပါတယ်ဘုရား၊ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာ တပည့်တော်ကို အကြံပြု မိန့်ကြားပေးပါး ဘုရား”ဆိုပြီး သူကအကြံဉာဏ် တောင်းခံရင်း လျှောက်ထားလာပါတယ်။

သူ့လျှောက်ထားချက်ကို နားထောင်ပြီး “အင်း ဒါဆိုရင်တော့ ဒကာ့မှာ စိတ်ဖိစီးမှုတွေ များနေပြီး ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေက မကောင်းဘဲ ဖြစ်နေတဲ့ သဘောရှိပါတယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်တွေရယ်၊ အလုပ်မှာရှိတဲ့ သူတွေရဲ့ အပြုအမူတွေရယ်၊ အလုပ်မှာရှိတဲ့ ဖိအားတွေရယ် စတာတွေက ဒကာ့ကို စိတ်အစဉ်ကြမ်းတမ်းအောင်၊ အလိုမကျ ဖြစ်အောင် လုပ်နေတဲ့ သဘောရှိပါတယ်၊ ပိုဆိုးတာက အဲဒီလို ဖိအားတွေ ရှိနေတဲ့အချိန်မှာ ဘာသာတရားနဲ့ ဝေးကွာပြီး မထူးပါဘူးဆိုကာ ဖြစ်သလို နေပစ်လိုက်တာက စိတ်ကိုပိုပြီး ကြမ်းတမ်းစေတတ်တဲ့ သဘောရှိပါတယ်၊ စိတ်အစဉ်ကို နူးညံ့သိမ်မွေ့အောင် လုပ်ပေးနိုင်တဲ့ တရားနားတဲ့အလုပ်၊ တရားစာဖတ်တဲ့ အလုပ်၊ တရားမှတ်တဲ့ အလုပ်၊ မေတ္တာပို့ ဂုဏ်တော်ပွားတဲ့ အလုပ်၊ ကိုယ်ကျင့်တရားကောင်းအောင် ထိန်းသိမ်းတဲ့ အလုပ်တွေနဲ့ ဝေးကွာစေမှုဟာလည်း ဘဝမှာ စိတ်အစဉ်ကို ပိုမိုပြီး ရိုင်းစိုင်းစေတတ်တာ ဖြစ်ပါတယ်” စသဖြင့် ပြောပြရင်း စိတ်ကိုပြောင်းလဲစေတတ်တဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ကိုနူးညံ့စေတတ်တဲ့ ဓမ္မအားတွေအကြောင်း ပြောကြားပေးဖြစ်ခဲ့ပါတယ်။ စိတ်ရဲ့ဖိအားနဲ့ အဲဒီဖိအားကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အသိတရားအကြောင်း အကြံပြု ပြောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုက အဓိကကျပေမယ့် ပုထုဇဉ်တွေအတွက် အဲဒီလို စိတ်ထိန်းကြောင်းမှု အပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှု၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေဟာ အများကြီး သက်ရောက်မှု ရှိနေတတ်တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဗီဇကောင်းတဲ့ သူတွေတောင်မှ ပတ်ဝန်းကျင် မကောင်းရင် မကောင်းတဲ့ လွှမ်းမိုးမှုတွေ ကူးစက်ခံရတတ်သလို မွေးလာတဲ့ ဗီဇက မကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းရင် ကောင်းတဲ့အမူအကျင့်တွေဘက်ကို အထိုက်အလျောက် ပြောင်းသွားတတ်တာလည်း ရှိတတ်ပါတယ်။ ဒီသဘောတရားကို နိုင်ငံခြားမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ သူတွေက ပိုပြီးသိရှိ ခံစားမိကြမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာကတော့ ပိုက်ဆံရတာ တစ်ခုကလွဲပြီး ကျန်တဲ့အပိုင်းမှာ ဖိအားတွေနဲ့ပဲ လွှမ်းမိုးခံနေကြရတာ ဖြစ်ပါတယ်။ အလုပ်ရဲ့ ဖိအားက တစ်မျိုး၊ အလုပ်ရှင်ရဲ့ ဖိအားကတစ်မျိုး လုပ်ဖော်ကိုင်ဖတ်တွေရဲ့ ဖိအားကတစ်မျိုး စသဖြင့် အမျိုးမျိုး ရှိနေတဲ့ကြားက အိမ်ကိုလွှမ်းလို့ ဖုန်းဆက်မိပြန်တော့ အိမ်ကကြားရတဲ့ သတင်းစကားတွေက ဖိအားကို မတွန်းလှန်နိုင်ဘဲ စိတ်အစဉ်ကို ပိုပြီး ပိပြားသွားစေတတ်ကြ ပြန်ပါတယ်။ 

အဲဒီလို အကြောင်း အမျိုးမျိုးကြောင့် ဖိအားတွေဝင်ပြီး စိတ်အစဉ်မှာ ပင်ပန်းနေတဲ့ သူတွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းဟာ သိပ်ကိုအဓိက ကျလှပါတယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းတွေရဲ့ ထောက်ပံ့မှုအားဟာ ကျနေတဲ့ စိတ်ကို ပြန်လည်တက်ကြွ စေတတ်ပြီး ခွန်အားတွေကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မကောင်းလို့ ဖိအားတွေကို ဖြစ်ပေါ်စေတတ်ပေမယ့် အကောင်းဘက်ကို ညွန်ပြပေး၊ အားပြုပေးမယ့် ကလျာဏမိတ္တရဲ့ ပံ့ပိုးမှုဟာ ဖိအားတွေကနေ ရုန်းထွက်နိုင်တဲ့အထိ ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီလို ကလျာဏမိတ္တရဲ့ အားတွေအပြင် မြတ်ဗုဒ္ဓရဲ့ ဓမ္မအားတွေနဲ့ပါ တွဲပြီး ဘဝကိုဓမ္မနဲ့ ယှဉ်လာနိုင်မယ်ဆိုရင်တော့ ဒါဟာ ဖိအားကို အသိတရားနဲ့ ကျော်လွှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဖိအားတွေကြောင့် စိတ်အစဉ်တွေ ကြမ်းတမ်းလာပြီး အသိတရားပါ ပျောက်လာတဲ့အခါမှာ တရားဓမ္မအားနဲ့ ပြန်လည်ပြုပြင်နိုင်ခြင်းဟာ ဘာနဲ့မှမတူတဲ့ အကောင်းဆုံး ပြုပြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲခြင်းတွေထဲမှာ ဘဝကို ဓမ္မနဲ့ ပြုပြင်ပြောင်းလဲခြင်းဟာ တကယ့်ကို နူးညံ့သိမ်မွေ့တဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။ 

သေချာတွေးကြည့်ရင် စိတ်ကြမ်းတွေဝင်လာတယ်၊ စိတ်အစဉ်ရိုင်းလာတယ်၊ စိတ်မှာ အလိုမကျတာတွေ၊ စိတ်ဆိုးစိတ်တိုတာတွေ ဖြစ်လာနေတယ်ဆိုတာဟာ တကယ်တော့ စိတ်မှာ အသိတရားတွေ နည်းလာ၊ ကိုယ်ကျင့်တရားတွေ လျော့လာ၊ မေတ္တာအားတွေကျလာလို့ပဲ ဖြစ်ပါတယ်။ သာမန်ကြည့်ရင်တော့ အခုလို စိတ်ရိုင်းစိတ်ကြမ်းတွေ ဖြစ်လာတယ်ဆိုတာဟာ စိတ်ဖိစီးမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ လောကဓံတွေကြောင့်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း အဓိက အခရာကျတာက အသိတရား၊ အကျင့်တရားတွေနဲ့ ကိုယ်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အားနည်းလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အတက်အကျ အနိမ့်အမြင့် အဆိုးအကောင်းစတဲ့ လောကဓံဆိုတာကတော့ အားလုံးအတွက် အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေကြမှာပဲ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲတွေအပေါ်မှာ အသိတရားလက်ကိုင်ထားပြီး ရင်ဆိုင်ကျော်လွှားနိုင်မှု အားနည်းတဲ့သူဟာ ဒီဒဏ်တွေကို ပိုပြီးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖိအားနဲ့ အပြောင်းအလဲ တရားတွေကို ခံနိုင်ရည်ရှိဖို့အတွက် အသိတရားနဲ့ အကျင့်တရားက သိပ်အရေးကြီးတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား အသိတရားတွေ၊ အကျင့်တရားတွေ ပိုမိုတိုးတက် လာဖို့အတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးက တရားနှလုံးသွင်းကြဖို့ပဲ ဖြစ်ပါတယ်။ တရားအသိရှိတဲ့သူ၊ တရားအကျင့် ရှိတဲ့သူဟာ တရားနဲ့အညီ နေထိုင်ကျင့်သုံး လာတတ်တဲ့အတွက် အမူအရာတွေဟာ သိသိသာသာကို ပြောင်းလဲလာတတ်တာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အပြုအမူ၊ အပြောအဆို၊ အကြံအစီတွေဟာ တရားအားနဲ့ တဖြည်းဖြည်း ပါးပါးလာပြီး စိတ်အစဉ်ဟာ နူးညံ့သိမ်မွေ့လာတော့တတ်တာ ဖြစ်ပါတယ်။ အားလုံးဟာ မမြဲဘူးဆိုတဲ့ ဓမ္မအသိကို နှလုံးသွင်းထားတဲ့အတွက်ကြောင့်လည်း ငါဆိုတဲ့ မာနတွေဟာ ခဝါကျလာပြီး လူအများအပေါ် ကိုယ်ချင်းစာတရားတွေ ထားတတ်လာတော့တာ ဖြစ်ပါတယ်။ တရားတကယ်သိလာပြီဆိုရင် အသိတရားနဲ့ အကျင့်တရားတွေပါ တိုးတက်လာပြီး အဲဒီအသိအကျင့်ကပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားနိုင်လာတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ တရားနဲ့အညီ ကျင့်သုံးနေထိုင်လာတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဖိအားတွေများပြီး စိတ်ပင်ပန်းကာ စိတ်ကြမ်းလာကြတဲ့ သူတွေအနေနဲ့ ဒီလိုဖြစ်လာတာဟာ ကိုယ့်သန္တာန်မှာ အသိတရား၊ အကျင့်တရားနဲ့ ဓမ္မအားတွေ လျော့နည်းလာလို့ ဖြစ်တယ်ဆိုတာ သတိပြု ဆင်ခြင်ပြီး ကြမ်းတမ်းရိုင်းစိုင်းလာတဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေကို နူးညံ့သိမ်မွေ့ပြီး လောကဓံကို သည်းခံနိုင်တဲ့ စိတ်အစဉ်တွေ တိုးတက်လာဖို့အတွက် တရားများများနာ၊ ကိုယ်ကျင့်သီလကို လုံအောင်စောင့်ထိန်း၊ မေတ္တာလည်းပို့ ဂုဏ်တော်လည်းပွားကာ ဝိပဿနာ တရားပါ အားထုတ်ရင်း တရားအလုပ်နဲ့ အတူ ကိုယ့်ကိုယ်ကို အုပ်ချုပ်နိုင်အောင် ပြုပြင်ထိန်းသိမ်း နေထိုင်ကြရမှာ ဖြစ်ပါကြောင်း ဖိအားနဲ့ အသိတရားအကြောင်း သတိထားနိုင်အောင် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။ 

Read more »

ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်း


လူဟာ အပြိုင်အဆိုင်ရှိမှ တိုးတက်မှု ပိုအားကောင်းလာတတ်ပါတယ်။
ပြေးလမ်းကိုယ်စီနဲ့ သူပြိုင်ကိုယ်ပြိုင် အပြိုင်ကြဲနိုင်မှ အားကြိုးမာန်တက် ပြုလုပ်တတ်ကြတာ ဖြစ်ပါတယ်။
တစ်ခုတော့ ရှိတယ် ကိုယ်လမ်းကိုယ်လျှာက်ပြီး ပြိုင်နိုင်အောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကိုယ်အနိုင်ရရေး သူများလမ်းကို ဝင်ပြေးတာတို့ သူများမပြေးနိုင်အောင် လုပ်တာတို့၊ ကိုယ့်လမ်းကိုယ်မလျှောက်ဘဲ သူများကိုမှောက်အောင် လုပ်တာတို့ ဆိုရင်တော့ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုမျိုး မဟုတ်ဘဲ နည်းလမ်းမကျတဲ့ ပြိုင်ဆိုင်မှုမျိုးပဲ ဖြစ်ပါတယ်။ ဒီလို သဘောမျိုးဆိုရင်တော့ မကောင်းတဲ့ ဘက်ကို ဦးတည်သွားတတ်ကြကာ မကောင်းမှုရဲ့ အပြစ်က အချိန်တန်ရင် ကိုယ့်ဆီပြန်ရောက်လာတတ်တာ ဖြစ်ပါတယ်။ 

သေချာတွေးကြည့်ရင် ကိုယ့်လမ်းကိုယ်မလျှောက်ဘဲ သူများလမ်းကိုလျှောက်ပြီး သူများလဲအောင် ခြေထိုးခံတဲ့သူဟာ အဲဒီခြေထိုးခံနေတဲ့ အချိန်မှာတော့ သူလည်းရှေ့ကို မလျှောက်နိုင်ဘူးဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်သူ့ကိုယ်မှ မထိခိုက်တဲ့ ကိုယ်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်တတ်တဲ့ စိတ်နဲ့ ကြိုးစားခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အတိတ်ကံမကောင်းလို့ အောင်မြင်မှုတွေ ထင်သလောက် မရနိုင်တာတောင်မှ ဝီရိယအကျိုးကတော့ သေချာပေါက် ခံစားကြရမှာ ဖြစ်ပါတယ်။ 

ပြိုင်ဆိုင်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ အမူအရာတွေ၊ အပြောအဆိုတွေ၊ အတွေးအကြံတွေနဲ့ ပြိုင်ဆိုင်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းနေတဲ့ ကိုယ့်ရဲ့အမူအရာတွေကို နူးညံ့လာအောင်၊ အပြစ်များတဲ့ ကိုယ့်ရဲ့အလုပ်တွေကို အပြစ်နည်းလာအောင်၊ မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ် ကုသိုလ်ဖြစ်တာချင်း၊ နူးညံ့သိမ်မွေ့လာတာချင်း မတူညီအောင်၊ ဒီနေ့ကိုယ်ဟာ ဒီလောက်ပဲ ပြုပြင်နိုင်သေးရင် မနက်ဖြန်ကိုယ်ဟာ ဒီထက်ပိုပြီး အကောင်းဘက်ကို ပြုပြင်နိုင်အောင် ပြိုင်ဆိုင်ကြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်အမူအရာတွေကို အကောင်းဘက်ကို ဦးတည်စေတဲ့ ပြိုင်ဆိုင်မှု၊ ကုသိုလ်ဘက်ကို ဦးတည်နေတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ကြိုးစားလေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

ဒီလို တစတစ ကိုယ့်ကိုယ်ကို သတိတရနဲ့ ပြုပြင်နိုင်အောင် ပြိုင်ဆိုင်နိုင်ခြင်းဟာ ကိုယ့်ဘဝရဲ့ ပစ္စုပ္ဗန် သံသရာ နှစ်ဖြာတိုးတက်ရေးအတွက် အကောင်းဆုံးပြိုင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။

Read more »

တရားဖက်တော့ အမျက်ပြေ


ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေ၊ သံဃာဖက်တော့ အခက်ဝေ” 
ဆိုတဲ့ ရတာနာသုံးပါး ကိုးကွယ်ရခြင်း အကျိုးဆက်တွေမှာ အားလုံးဟာ တကယ်လက်တွေ့ဘဝမှာပဲ ခံစားနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် “တရားဖက်တော့ အမျက်ပြေ” ဆိုတဲ့ စကားကတော့ မကျေနပ်မှုတွေ၊ အလိုမကျမှုတွေ၊ အမျက်ဒေါသတွေ ဖြစ်တိုင်း ဘုရားစကား၊ တရားအားကို အာရုံပြုမိတဲ့ သူတွေအနေနဲ့ လက်တွေ့ ပြေပျောက်သွားကြတာဟာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင် မိန့်တော်မူတဲ့ လမ်းညွှန်တွေထဲမှာ ကိုယ်နှုတ်စိတ် သုံးမျိုးလုံး သတိထားပြီး ပြုမူပြောဆိုကြံစီကြဖို့ ဆိုတဲ့အချက်ဟာ အထူးပြုထားတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ 

သတိလွတ်သွားရင် စိတ်ဆိုးတာတို့၊ စိတ်တိုတာတို့၊ အလိုမကျတာတို့၊ မကျေနပ်တာတို့၊ မနာလိုတာတို့၊ ဝန်တိုတာတို့ စသဖြင့် ဖြစ်ပေါ်လာပြီး အဲဒီစိတ်တွေနဲ့ပဲ ကိုယ့်မှာ ပူလောင်ခံစားနေကြရတာ ဖြစ်တဲ့အတွက် ဒီစိတ်တွေ မဖြစ်ပေါ်အောင် သတိနဲ့ ပြောဆိုနေထိုင်လုပ်ကိုင် ကြံစီကြရမှာ ဖြစ်ပါတယ်။ 

ပုထုဇဉ် သဘာဝ စိတ်ဆိုတာကို ထပ်ကြပ်မကွာ လိုက်ပြီးထိန်းသိမ်းဖို့ ဆိုတာ မလွယ်လှတဲ့အတွက် ပထမဆုံး အချက်အနေနဲ့ သတိမလွတ်အောင်ထိန်းပြီး စိတ်မှာ မကောင်းတဲ့ အကြံအတွေးတွေ မပေါ်လာအောင် ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ထိန်းသိမ်းနေတဲ့ကြားကမှ စိတ်မှာပေါ်ပေါ်လာနေတယ်ဆိုရင်တော့ နှုတ်နဲ့လက်တွေ့ လွန်ကျူးသွားတဲ့ အထိမရောက်အောင် ဆက်ပြီးထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ အဲဒီလို ထိန်းသိမ်းနေတဲ့ကြားက ပါးစပ်နဲ့ လက်တွေ့ပြောဆို ကျူးလွန်မိတဲ့အထိ ဖြစ်သွားရင်လည်း ကိုယ်ထိလက်ရောက် ကျူးလွန်မိတဲ့အထိ မဖြစ်အောင် နောက်ဆုံးအဆင့် အနေနဲ့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်းကြည့်ခြင်းဟာ ကိန်းနေတဲ့ ကိလေသာ၊ တိုက်ဆိုင်ရင် ပေါ်လာတတ်တဲ့ ကိလေသာ၊ ကျူးလွန်တဲ့အဆင့်အထိ ရောက်သွားတတ်တဲ့ ကိလေသာတွေကို ကိုယ်သန္တာန်မှာ သတိကပ်ပြီး တစ်ဆင့်ချင်း ထိန်းသိမ်းနေထိုင်ကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။ 

အားလုံးသိတ်တဲ့အတိုင်း စိတ်ဆိုတာက အလွန်ထိန်းဖို့ ခက်တဲ့အတွက် အစအဆုံး မထိန်းသိမ်းနိုင်တာတောင်မှ ထိန်းလို့ရတဲ့ အဆင့်မှာ၊ ထိန်းလို့ရတဲ့အချိန်မှာ ချက်ချင်းထိန်းလိုက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကောင်းတဲ့စိတ်တွေ ပြန်ဝင်လာဖို့၊ ဝင်လာရင်လည်း ထိန်းသိမ်းနိုင်ဖို့ အတော်မလွယ်လှတာ ဖြစ်ပါတယ်။ 

စိတ်နဲ့ပတ်သက်ပြီး “အရာရာမှာ စိတ်ကဦးဆောင်၊ စိတ်ကဖန်တီး၊ စိတ်ကကြီးမှုပြီး စိတ်နဲ့သာပြီး စေတဲ့အတွက် အဲဒီစိတ်ကို သတိကပ်ပြီး မမေ့မလျော့ မပေါ့မဆဘဲ ထိန်းသိမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း” စသဖြင့် မိန့်တော်မူထားတဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်မှာတော်မူချက်များကို ဘုရားတရား အတော်များများမှာ ထုတ်နှုတ်မှတ်သား ကောက်ချက်ချထားနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ဟိုဟိုဒီဒီတွေမှာ အကြောင်းတိုက်ဆိုင်ရင် တိုက်ဆိုင်သလို ဟောကြားတော်မူထားတဲ့ ဘုရားတရားတော်များ အထင်အရှား ရှိနေတဲ့အတွက် ကိုယ့်စိတ်မှာ တစ်ခုခု ဖြစ်ရင် ဒီတရားတော်တွေကို ဖတ်ကြားနာယူမှတ်သားရင်း လက်တွေ့အသုံးချ နိုင်တဲ့သူတွေဟာ ဖြစ်ပေါ်နေတဲ့ ဒုက္ခခံစားချက်၊ အမျက်ရမက် စတာတွေကို ဖြေလျော့သွားနိုင်ကြတော့တာ ဖြစ်ပါတယ်။ အဓိကကတော့ တရားတော်အပေါ်မှာ နာယူနိုင်တဲ့နားနဲ့ တရားစကားတွေကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်တဲ့ အားတွေ ရှိနေဖို့ပဲ ဖြစ်ပါတယ်။

အဲဒီလို သူတော်ကောင်းစိတ်နဲ့ သဒ္ဓါနား၊ သဒ္ဓါအားတွေ ရှိပြီး ဓမ္မတရားတော်တွေကို တကယ်နာယူမှတ်သား နိုင်မယ်ဆိုရင် သေချာပါတယ် အမျက်ပြေရုံတင်မက အခက်ပါဝေပြီး အသက်လည်း ရှည်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

Read more »

အဆိပ်ပင် ရေလောင်းမှုမျိုးတော့ မဖြစ်သင့်ပေ


တစ်ခါက ဒကာမကြီးတစ်ယောက်နဲ့ တွေ့တော့ အလှူဒါနအကြောင်း၊ အလှူခံပုဂ္ဂိုလ်အကြောင်း စကားစပ်ပြီး ပြောဖြစ်ကြပါတယ်။ “အလှူဒါနဆိုတာ စေတနာပြတ်ရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုပဲ လှူလှူ အကျိုးတရားကတော့ ရနေကြောင်း၊ ဒါပေမယ့် အလှူခံ ပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေးတော့ ကွာခြားကြောင်း” ဘုန်းဘုန်းက ပြောဖြစ်ခဲ့ပါတယ်။ ဒကာမကြီးကလည်း သူဘယ်လို လှူဖြစ်တဲ့အကြောင်း၊ ဘယ်လောက်လှူဖြစ်ကြောင်း ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို လှူဖြစ်ကြောင်း ပြောပြရင်း နောက်ဆုံး သူပြောတဲ့ စကားက “တပည့်တော်မကတော့ သံဃာဆိုရင် သင်္ကန်းပတ်ထားရင် ပြီးရော ဘယ်လိုသံဃာမျိုးဖြစ်ဖြစ် လှူလိုက်တာပဲ ဘုရား”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီတော့ ဘုန်းဘုန်းက “ကောင်းပါတယ် ဒကာမကြီး အဲဒီလို သံဃာကိုရည်မှန်းပြီး လှူဒါန်းတာ အမတန်ကို အကျိုးကြီးပါတယ်၊ ဒါပေမယ့် ဒကာမကြီးရေ ဒီနေ့ခေတ်မှာ၊ အထူးသဖြင့် ထေရဝါဒ ဓမ္မကို အားကောင်းအောင် မနဲရုန်းနေရတဲ့ ဘုန်းဘုန်းတို့လို ထေရဝါဒ နိုင်ငံမျိုးမှာ သံဃာဆိုပြီးရော ဘာဖြစ်ဖြစ် လှူလိုက်တဲ့ ပုံစံမျိုးတော့ အခြေအနေအရ မဖြစ်သင့်လှပါဘူး၊ အလှူရှင်တွေ အနေနဲ့ စေတနာပြတ်ရင် ဒါနက မြတ်လှပေမယ့် သာသနာ အားနည်းလာနေတဲ့ အခုလို ကာလမျိုးမှာ သာသနာကို ခုတုံးလုပ်ပြီး လုပ်စားနေကြတဲ့ သင်္ကန်းခြုံ လုပ်စားတွေကို ပေးကမ်းလှူဒါန်း ချီးမြှောက်မှုမျိုးကတော့ အဆိပ်ပင် ရေလောင်းသလိုမျိုး ဖြစ်တတ်တဲ့အတွက် ဒီအပိုင်းမှာတော့ ဒကာမကြီးတို့လို သဒ္ဓါတရား ကောင်းတဲ့သူတွေ အနေနဲ့ အလှူခံ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူအပ်တဲ့ နေရာမျိုးတွေမှာ လှူနိုင်အောင် ကြိုးစားသင့်ပါတယ်” စသဖြင့် သာသနာအရေးတွေးလို့ အကြံလေးတွေ ပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့ ဒီနေ့ခေတ် သာသနာဟာ အပြင်ကကြည့်တော့ သာသာယာယာလေးတွေ ရှိလှပေမယ့် အတွင်းမှာတော့ အနည်းငယ် ခြစားလာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သာသနာကို ခုတုံးလုပ်ကာ လုပ်စားနေကြတဲ့ သင်္ကန်းဝတ်ထားတဲ့ သာသနာအလုပ် မလုပ်သူတွေဟာ သာသနာတော်တွင်းကို အမျိုးမျိုး ဝင်ရောက်နေရာ ယူလာတာတွေကြောင့် သာသနာတော်မှာ အားနည်းချက်တွေ၊ ထောက်ပြစရာတွေ၊ ဝေဘန်စရာတွေ တစတစ များပြားလာနေတော့တာ ဖြစ်ပါတယ်။ သဒ္ဓါပညာ တရားတွေ ယုတ်လျော့လာနေတဲ့ ခေတ်ဖြစ်တဲ့အတွက်လည်း သာသနာတော်ကို သဒ္ဓါနဲ့ ကြည်ညိုတဲ့ ပုဂ္ဂိုလ်များ နည်းပါးလာပြီး သာသနာတော်ကို ခုတုံးလုပ်ကာ အနေအစားချောင်လို့ ဝင်လာကြသူတွေ များလာကာ ကိုယ်အနေအစားချောင်ရင်ပြီးရော သာသနာဘာဖြစ်ဖြစ်၊ သံဃာအများစု ဘာဖြစ်ဖြစ် ထည့်မတွက်ကြတဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့လာနေရတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက အဲဒီလို ပုဂ္ဂိုလ်တွေက သာသနာပြု နေပါတယ်လို့ ဂုဏ်ဖော်၊ ဘုရားတရားတော်တွေကို လိုသလို ပုံဖော်ပြီး ဘုရားသာသနာကို ခုတုံးလုပ်၊ ကိုယ့်အတွက် မဟုတ်တရုတ်တွေ လုပ်နေကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တစ်ချို့ဆိုရင် အခြေအနေအရ ဝင်လာကြတဲ့ အခြေအနေ ပဗ္ဗဇ္ဇိတတွေ ဖြစ်နေကြတဲ့အတွက် စာလည်းမတတ်၊ တရားလည်း မကျင့်ဘဲ လာဘ်လာဘ ရရေးကို ဦးစားပေးပြီး သာသနာ့ဝန်ထမ်းတွေနဲ့ မအပ်စပ်တဲ့ အသက်မွေးမှုတွေနဲ့ ပညာအားနည်းလှတဲ့ ဒကာဒကာမတွေအပေါ်မှာ လွဲချော်အောင် လုပ်နေကြတာတွေလည်း ရှိနေပြန်ပါတယ်။ ဗေဒင်လေးဟောပေးလိုက်၊ ချဲဂဏန်းလေးပေးလိုက်၊ ယတြာလေးချေပေးလိုက်၊ ငွေးတိုးလေးချေးပေးလိုက် စသဖြင့် လူအကြိုက်လိုက်ကာ သာသနာကို ခုတုံးလုပ်ပြီး သာသနာပြုနေပါတယ်လို့ ဆိုနေကြသူတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ ခက်တာက အဲဒီလို ပုဂ္ဂိုလ်တွေကိုမှ တကယ့် သာသနာပြု သူတော်ကောင်းတွေလို့ ထင်ပြီး ရက်ရက်ရောရော ပေးလှူနေကြတဲ့ ပညာအားနည်းလှတဲ့ ဒကာဒကာမတွေကလည်း ရှိနေပြန်လေတော့ ပြောသာပြောရတယ် ဘုန်းဘုန်းတို့က မနာလိုလို့ ပြောတယ်ထင်သူတွေက ရှိကောင်းရှိနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောသင့်တာတော့ ပြောရမှာပဲ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ သာသနာ တကယ်ပြုနေကြတဲ့ သာသနာ့ဝန်ထမ်းတွေဟာ ပရိယတ္တိ စာသင်တိုက်တွေနဲ့ ပဋိပတ္တိ ရိပ်သာတွေမှာ အများကြီးပဲ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာပြည် သာသနာကိုကြည့်ရင် ဒီနေ့အချိန်အထိ မြတ်စွာဘုရားရှင်ရဲ့ ဓမ္မတွေ တသွေမသိမ်း ထိန်းသိမ်းထားနေနိုင်ခြင်းဟာ ပရိယတ္တိက အားကောင်းနေလို့ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သာသနာမှာ အခြေခံဖြစ်တဲ့ ပရိယတ်အားကောင်းနေတဲ့အတွက် ကျင့်ကြံအားထုတ်မှု ပဋိပတ်ဟာလည်း ပြောင်းလဲမှုမရှိ တည်တံ့နေကာ ပဋိပတ်သာသနာ မှန်ကန်နေတဲ့အတွက်လည်း ပဋိဝေဓဆိုတဲ့ အကျိုးသာသနာက ရှိနေရခြင်းဖြစ်ပါတယ်။ အဲဒီ အခြေခံ ပရိယတ်သာ အားနည်းလာမယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ဓမ္မအဖြာဖြာဟာလည်း တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ပရိယတ်ဝန်ဆောင် သာသနာပြု ခေါင်းဆောင်တွေဟာ သာသနာအတွက် တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေကြရတာ ဖြစ်ပါတယ်။ 

သာသနာပြုလို့ ပြောရင် ဒီလို ပရိယတ်၊ ပဋိပတ်ဝန်ဆောင်တွေကသာ အစစ်အမှန် သာသနာပြုတွေလို့ ပြောရမှာ ဖြစ်ပါတယ်။ သာသနာကို တကယ်ချီးမြောက်ချင်တယ်ဆိုရင် ဒီလိုအရှင်တွေကို ပိုပြီးချီးမြှောက် ထောက်ပံ့ကြရမှာ ဖြစ်ပါတယ်။ ခုတော့ အဲလိုမဟုတ်။ သာသနာ အလုပ်မလုပ်တဲ့ သူတွေကို အဟုတ်လုပ်ပြီး ထောက်ပံ့တဲ့ အလုပ်တွေ လုပ်နေကြတဲ့အတွက် တကယ်သာသနာပြု အရှင်တွေမှာ ပစ္စည်းလေးပါးအပိုင်းမှာ ဆင်းရဲချို့တဲ့ နေကြတော့တာ ဖြစ်ပါတယ်။ စာသင်တိုက်မှာ အပင်ပန်း အဆင်းရဲခံပြီး စာဝါပို့ချနေကြတဲ့ စာချဘုန်းကြီးတွေမှာ တစ်နှစ်နေလို့ သင်္ကန်းသုံးစုံ ပြည့်စုံအောင် မရနိုင်ကြတာတွေ ရှိနေပေမယ့် ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ချဲ့ဂဏန်းပေးတဲ့ ပုဂ္ဂိုလ်တွေမှာတော့ သင်္ကန်းတွေ ရာနဲ့ချီကာ ပုံနေတော့တာ ဖြစ်ပါတယ်။ ကျောင်းတွေဆိုလည်း ရွှေကျောင်းငွေကျောင်း စသဖြင့်ပေါ့။ မနာလိုလို့ ပြောတာမဟုတ်ပါဘူး။ သာသနာအတွက် အားမလို အားမရဖြစ်လို့ ပြောနေရတာ ဖြစ်ပါတယ်။ 

တကယ်ဖြစ်သင့်တာက သာသနာကို တကယ်ချီးမြှောက်ထောက်ပံ့ချင်ရင် အဲဒီလို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ သာသနာပြုနေကြတဲ့ ပရိယတ်ဝန်ဆောင် စာသင်တိုက်က အရှင်မြတ်များကို အများကြီးအားပြုကာ ထောက်ပံ့ပေးကြရမှာ ဖြစ်ပါတယ်။ ပဋိပတ်ရိပ်သာမှာ ရှိနေကြတဲ့ သာသနာပြု အရှင်သူမြတ်များဟာလည်း သာသနာကို အမှန်တကယ်ပြုနေကြတဲ့ အရှင်မြတ်များဖြစ်ပေမယ့် ရိပ်သာတွေမှာကတော့ ဒကာဒကာမများ ကိုယ်တိုင်ပါဝင် အားထုတ်ကာ သံဃာတော်များနဲ့ နီးစပ်ခွင့်ရနေကြတဲ့ အတွက် ပရိတ်ယတ်ဝန်ဆောင် အရှင်မြတ်များထက်စာရင် ပစ္စည်းလာဘ်လာဘက ပိုပြီးပြည့်စုံလှပါတယ်။ မရှိတာက ပရိယတ်ဝန်ဆောင် အရှင်မြတ်များဖြစ်ပါတယ်။ ပိုပြီးရှိနေတာက ပရိတ်ယတ်လည်းမဟုတ်၊ ပဋိပတ်လည်း မလုပ်တဲ့ မအပ်တဲ့နည်းတွေနဲ့ သာသနာကို ခုတုံးလုပ်ကာ လုပ်စားနေကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ထောက်ပံ့တဲ့သူတွေကလည်း အဲဒီပုဂ္ဂိုလ်တွေကိုပဲ ပိုပြီးထောက်ပံ့လှူဒါန်းနေကြလေတော့ တကယ်အလုပ်အလုပ်နေကြတဲ့ သာသနာပြုများမှာ အားနည်းလာပြီး ခုတုံးလုပ်သာသနာပြုတွေက ပိုပြီးအားကောင်းလာကာ ကြာရင် အဆိပ်ပင်ရေလောင်း ဖြစ်လာကြတော့မှာ ဖြစ်ပါတယ်။ 

ပြောချင်တာက လှူတာက ကောင်းပေမယ့် လှူတဲ့အခါ ခေတ်ကာလအနေအထားအရ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး တကယ်လိုအပ်တဲ့၊ တကယ်သာသနာပြုနေတဲ့ အရပ်တွေမှာ လူဒါန်းတာက သာသနာအတွက်လည်း အကျိုးရှိ အလှူအတွက်လည်း အကျိုးရှိပြီး အဆိပ်ပင် ရေလောင်းမှုတွေကနေ ရှောင်ကြဉ်နိုင်ကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ သင်္ကန်းဝတ်ထားရင်ပြီးရော ဆိုပြီး ရက်ရက်ရောရော လှူဒါန်းတာဟာ လှူတဲ့သူအတွက် စေတနာပြတ်ရင် ဒါနဟာ မြတ်ပေမယ့် အလှူခံ ပုဂ္ဂိုလ်တွေအတွက်တော့ သာသနာမှာ လုပ်ချင်ရာလုပ်ဖို့ အားပေးအားမြောက်ပြုရာ ရောက်တဲ့အပြင် သူတို့လုပ်နေတဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ ပိုပြီးအားကောင်းစေရာ ရောက်တာကြောင့် ဒါမျိုးကတော့ အဆိပ်ပင် ရေလောင်းတဲ့ သဘောမျိုး သက်ရောက်နေတဲ့အတွက် ဒီလိုမျိုး အလှူတွေကို အတတ်နိုင်ဆုံး ဆင်ခြင်ပြုပြင်ကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။ အားနည်းလာတဲ့ သာသနာတော်မှာ ဆရာနဲ့ ဒကာ အတူလက်တွဲပြီး ဆရာလည်း ဆရာအလုပ်လုပ်၊ ဒကာလည်း ဒကာအလုပ်လုပ်ကာ ညီညီညာညာ သာသနာပြုကြမှ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးဟာ အရှည်ခန့်၍ တည်တံ့နိုင်မယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အလှူဒါန လုပ်ရတဲ့အပေါ်မှာ သဒ္ဓါတရား အားကောင်းလှတဲ့ ဗုဒ္ဓဘာသာ သူတော်စင်များအနေနဲ့ အလှူဒါန ပြုလုပ်တဲ့အခါမှာ ခေတ်ကာလ အနေအထားအရ သဒ္ဓါတရားကို ပညာလေးနဲ့တွဲပြီး အမှန်တကယ် သာသနာပြုနေတဲ့ သံဃာနဲ့ အစစ်အမှန် လိုအပ်နေတဲ့ နေရာမှာတွေမှာ ရွေးချယ်ပြီး လှူဒါန်းနိုင်အောင် ကြိုးစားကြဖို့နဲ့ သာသနာကို ခုတုံးလုပ်ကာ သာသနာနဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ အသက်မွေးမှု ပြုနေကြတဲ့ သာသနာပြုအမည်ခံတွေကို ချီးမြှောက်ထောက်ပံ့ကြတဲ့ အဆိပ်ပင်ရေလောင်းတဲ့ အလုပ်တွေမှာ ရှောင်ရှားကြဖို့ တိုက်တွန်းရင်း ဆရာဒကာ ညီညွတ်စွာ ဘုရားသာသနာ အရှည်ကြာအောင် ကြိုးစားကြဖို့ အထူးမေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ 

Read more »

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း


ဗျသနဟူသော ပါဠိစကားလုံးကို ပျက်စီးခြင်းဟု မြန်မာပြန်ဆိုကြ၏။ ဤစကားလုံးသည် ဗုဒ္ဓဘာသာအများစုနှင့် ရင်နှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်၏။ ဘာသာရေးပွဲများရှိတိုင်း၊ နေ့စဉ်အိမ်မှာ ဘုရားရှိခိုင်းတိုင်း ရွတ်ဆိုရှိခိုးနေသည့် သြကာသ ကန်တော့ချိုး၏ ဒုတိယပိုင်းတွင် ပါဝင်သည့် ဆုတောင်းများမှ တစ်ခုသာ ဖြစ်၏။ သြကာသ ကန်တော့တိုင်း ၀န်ချတောင်းပန်ပြီးနောက် ဆိုလေ့ရှိသည့် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ကုန်သည်ဖြစ်၍…” စသည်ဖြင့် ဆုတောင်းကြသည့် ဆုတောင်းများတွင် ပါဝင်သည့် စကားဖြစ်၍လည်း မသိသော်လည်း သိနေ၏၊ နားမလည်သော်လည်း ကြားနေကျဖြစ်၏ဟု ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရွတ်ဆိုဆုတောင်းလေ့ ရှိကြသည့် ဤဗျသနတရား ငါးပါးကို နိဒါန၀ဂ္ဂသံယုတ်တွင် ဖော်ပြထား၏။ ယင်းဗျသန တရားငါးပါးမှာ
(၁) ဉာတိ ဗျသန = ဆွေးမျိုးပျက်စီးခြင်း
(၂) ဘောဂ ဗျသန= စည်းစိမ်ဥစ္စပျက်စီးခြင်း
(၃) ရောဂ ဗျသန = အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
(၄) သီလ ဗျသန = ကိုယ်ကျင့် သီလပျက်စီးခြင်း နှင့်
(၅) ဒိဋ္ဌိ ဗျသန = မှန်ကန်သော အယူဝါဒ ပျက်စီးခြင်းဟူ၍ ဖြစ်၏။ ဤငါးပါးတို့တွင် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါ နှိပ်စက်သဖြင့် ပျက်စီးခြင်းများကြောင့် သတ္တ၀ါတို့အား အပါယ်လေးပါးသို့ လားရောက်စေမှု၊ ကျရောက်စေမှု မရှိနိုင်သော်လည်း ကိုယ်ကျင့်သီလပျက်စီးခြင်းနှင့် အယူဝါဒပျက်စီးခြင်း များကြောင့်ကား အပါယ်လေးပါးသို့ ကျရောက်စေနိုင်ပေ၏။ ဤနေရာတွင် အထူးနားလည် ထားသင့်သည်မှာ ပျက်စီခြင်းနှင့် ဖျက်စီးခြင်း မတူညီသည့် အချက်ပင်ဖြစ်၏။

မှန်၏။ ပျက်စီးခြင်းသည် အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်သည့် သဘောဖြစ်ပြီး ဖျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်နှင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် ဖြစ်ပေါ်တတ်သည့် သဘောဖြစ်၏။ ပယောဂပါလာလျှင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာလျှင် စေတနာလည်း ရှိလာနိုင်၏။ စေတနာပါသည့် အလုပ်ဖြစ်လျှင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာလျှင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပေ၏။ ပျက်စီးတတ်သည့် သဘောဖြစ်သဖြင့် ပျက်စီးခြင်းတွင် တစ်စုံတစ်ခု ထိခိုက်မှု မရှိနိုင်သော်လည်း ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့် သဘောဆိုလျှင်ကား တန်ပြန်သက်ရောက်မှုကို ခံရမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် ဗျသနတရားငါးပါးတွင် ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသနများကြောင့် သတ္တ၀ါတို့အား အပါယ်ငရဲစသည် ကျရောက်မှုကို မဖြစ်စေနိုင်သော်လည်း သီလဗျသန၊ ဒိဋ္ဌိဗျသနများကြောင့်ကား အပါယ်ငရဲ စသည်တို့သို့ ကျရောက်စေနိုင်ကြောင်း ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးခြင်းတို့သည် ဖျက်စီးခြင်းကြောင့် ပျက်စီးခြင်း မဟုတ်သဖြင့် တန်ပြန်အကျိုးတရား မရှိသော်လည်း သီလပျက်စီခြင်း အယူဝါဒပျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ဖျက်စီးသဖြင့် ပျက်စီးခြင်း ဖြစ်သဖြင့် တန်ပြန်အကျိုး သက်ရောက်မှု ရှိကြောင်း ဆိုခြင်းဖြစ်၏။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် ကောင်းစွာနာလည် သဘောပေါက်ဟန် မရှိကြပေ။ သို့ဖြစ်၍လည်း ပျက်စီးချိန်တန်၍ ပျက်စီးသွားကြသည့် အရာများအပေါ် အလွန်စိုးရိမ်သောက ဖြစ်ကာ ယူကြုံးမရ ဖြစ်နေတတ်ပြီး မပျက်စီးသင့်သည့် အရာများကိုကား လစ်လျူရှုကာ ဖျက်စီးနေကြသကဲ့သို့ ဖြစ်နေပေ၏။ အမျိုးများ ပျက်စီးသည့်အခါ၊ စည်းစိမ်ဥစ္စာများ ပျက်စီးသည့်အခါ၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးသည့်အခါများတွင်သာ အလွန်တုန်လှုပ်ပြီး မအိပ်နိုင် မစားနိုင် တမှိုင်မှိုင် ဖြစ်တတ်ကြသော်လည်း သီလပျက်စီးသည့်အခါ၊ အယူဝါဒပျက်စီးသည့် အခါတွင်ကား ဘာမှမဖြစ်သကဲ့သို့ နေတတ်ကြ၏။ တဒင်္ဂပျက်စီးမှုအပေါ်တွင်သာ စိုးရိမ်မှု လွန်ကဲတတ်ကြပြီး သံသရာနှင့်ချီကာ ခံရမည့် ပျက်စီးမှု အပေါ်တွင်ကား ကြောက်ရွံ့တုန်လှုပ်မှု မရှိကြပေ။ နောင်ခါလာ နောင်ဈေးဆိုသကဲ့သို့ နောင်ခံရမည့် အရေးအပေါ် အလေးမမူမိကြဘဲ တဒင်္ဂခဏ ယခုဘ၀အတွက်သာ အာရုံထားနေလေကြ၏။ ဤသို့သာဆိုလျှင် နောင်ခံရသည့်အခါတွင်ကား ပြန်ရစရာ မရှိအောင်ပင် ဖြစ်နေကြပေတော့၏။

စင်စစ် ဗျသနတရားငါးပါးတို့တွင် ဉာတိဗျသနခေါ် အမျိုးများ ပျက်စီးသည့်အခါ တုန်လှုပ်ဖွယ် မရှိလှပေ။ သံသရာနှင့် ချီသည့် ဘ၀များစွာတွင်လည်း ဤကဲ့သို့ ပျက်စီးခြင်းများနှင့် ကြုံခဲ့ကြရပြီးသည်သာ ဖြစ်၏။ နိဗ္ဗာသို့ မျက်မှောက်မပြု နိုင်သေးသမျှ ဤကဲ့သို့သော အမျိုးအဆွေများ၏ သေဆုံးပျက်စီးခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာ ဖြစ်၏။ မိမိကိုယ်တိုင်လည်း လွန်ဆန်၍ မရနိုင်ပေ။ မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်း ဖြစ်သဖြင့် မွေးလာခဲ့ပြီ ဆိုကတည်းက သေဆုံးရန် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ထိုသေဆုံးပျက်စီးမှုသည် တံဆိပ်ကပ်ထားခြင်း မရှိသဖြင့် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် မိဘထက် အရင် သေဆုံးသွားသည့် သားသမီးများ ရှိသကဲ့သို့ ဆရာ့ရှေ့က သေသွားသူများလည်း ရှိ၏။ သားသမီးများ၏ အသုဘကို လိုက်ပို့ပေးရသည့် မိဘများရှိသကဲ့သို့ တပည့်၏ နောက်ဆုံးခရီးတွင် အသုဘ ရှုခဲ့ရသည့် ဆရာသမားများလည်း ရှိ၏။ သားသမီးအတွက် ရက်လည်ဆွမ်းသွပ်ပြီး ကုသိုလ်ပြုပေးနေရသည့် မိဘများရှိသကဲ့သို့ တပည့်အတွက် သက်ပျောက်ဆွမ်းကပ်ကာ သရဏဂုံတင်ပေးရသည့် ဆရာသမားများလည်း ရှိ၏။ ဤသည်မှာ မိမိတို့အလိုအတိုင်း မဖြစ် သူ့သဘောအတိုင်း သူဖြစ်နေသည့် ပျက်စီးခြင်း၏ နိယာမပင် ဖြစ်၏။ အမြဲမရှိ ပြောင်းလဲဖြစ်ပေါ်နေတတ်သည့် ပျက်စီးခြင်းသဘောတွင် အမျိုးဟူသည်မရှိ သတ္တ၀ါအားလုံးမှာပင် ထိုပျက်စီးခြင်းက ရှိနေ၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသည့် သတ္တ၀ါ စာရင်းဝင် မိမိသည်ပင် သေဆုံးပျက်စီးခြင်းကို မလွန်ဆန်နိုင်သည့် အပေါ်တွင် အမျိုးများပျက်စီးမှုနှင့်စပ်၍ကား မည်သို့မျှ မတတ်နိုင်သည့် သဘ၀မျှသာ ဖြစ်သဖြင့် ဉာတိဗျသနနှင့် ကြုံကြရာတွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ထို့အတူ ဘောဂဗျသနခေါ် စည်းစိမ်ဥစ္စာများ ပျက်စီးမှုအပေါ်တွင်လည်း သဘာဝ နိယာမကို နားလည်သဘောပေါက်ရန် လိုအပ်ပေ၏။ စည်းစိမ်ဥစ္စာဟူသည် ထိုက်မှရသည့် သဘောရှိသည့်အပြင် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့နှင့် အမြဲမပြတ် ဆက်စပ်နေသဖြင့် အချိန်မရွေး ပျက်စီးပျောက်ပျက် သွားနိုင်ပေ၏။ ပျက်စီးချိန်တန်လျှင် မည်သည့်နေရာတွင် မည်မျှလုံခြုံအောင် ထားပါသော်လည်း ပျက်စီးသွားတတ်ပေ၏။ မိမိက မည်မျှပင် ကြိုးစားရှာဖွေ စုဆောင်းနေပါသော်လည်း အချိန်တန်သည့်အခါ မိမိနှင့်မဆိုင် အများပိုင် ဖြစ်သွားသည်များ ရှိသကဲ့သို့ မိမိရှာဖွေထားမှုများအား မိမိမစားရဘဲ ထားခဲ့ရသည်များလည်း ရှိ၏။ ဤသဘောကို မျက်မှောက်ခေတ် အဖြစ်အပျက်များက မီးမောင်းထိုးပြ ပေးနေပေ၏။ မြန်မာပြည်အပါအ၀င် ကမ္ဘာတစ်ဝှန်းတွင် နေ့စဉ်ကြားနေရသည့် သတင်းများက မီးလောင်မှုများ၊ ရေကြီးမှုများ၊ ငလျင်လှုပ်မှုများ စသည့် သဘာဝဘေး အန္တရာယ်များကြောင့် လူမည်မျှသေသည်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု မည်မျှရှိသည် စသည်ဖြင့် ပျက်စီးမှုကို သက်သေပြနေပေ၏။ မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။ စည်းစိမ်ဥစ္စာအပြည့်ဖြင့် ချမ်းသာခဲ့သူများသည် သဘာဝ နိယာမ သဘောများကြောင့် ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်ခဲ့ကြရ၏။ စင်စစ်ဤသည်မှာ ရှာဖွေစုစောင်းထားသည့် စည်းစိမ်ဥစ္စာများ၏ မမြဲခြင်း သဘောများပင် ဖြစ်၏။ ပျက်စီးခြင်းနှင့် အမြဲမပြတ် ဆက်စပ်နေသည့် စည်းစိမ်ဥစ္စာများ၏ အဆုံးပင်ဖြစ်၏။ ထို့ကြောင့် အဖြစ်ရှိလျှင် အပျက်ရှိတတ်သကဲ့သို့ ပိုင်ဆိုင်မှုရှိလျှင် ဆုံးရှုံးမှု ရှိတတ်သည့် လောကသဘာဝအရ ပျက်စီးတတ်သည့် စည်းစိမ်ဥစ္စာများအပေါ်တွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ရောဂဗျသနခေါ် အနာရောဂါကြောင့် ပျက်စီးသည့်အပေါ်တွင်လည်း အလားတူ သတိပြု ဆင်ခြင်ကြရန် လိုအပ်ပေ၏။ စင်စစ် အနာရောဂါဟူသည် အခြားမဟုတ် မိမိတို့ အသီးသီး ရရှိထားသည့် ခန္ဓာကိုယ်ကြီးကပင် အနာရောဂါ အစုကြီး ဖြစ်နေပေ၏။ ရုပ်တရားကြီးကပင် အနာရောဂါကြီး ဖြစ်နေပေ၏။ အနာရောဂါဟူသည် ရုပ်တရားအပေါ် အမှီပြုပြီး ဖြစ်ပေါ်တတ်သည့် ဖောက်ပြန်မှုပင် ဖြစ်၏။ ထို့ကြောင့် ရောဂါဟူသည် ရုပ်ပင်ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ သို့ဖြစ်၍ ရုပ်တရားရှိ၍ ဖောက်ပြန်မှုသဘောအဖြစ် ထင်ရှားလာသည့် ရောဂါကြောင့် ပျက်စီးတတ်သည့် သဘောကို ကောင်းစွာနာလည်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကြိုးစားရန်သာ ရှိပေ၏။ ရုပ်တရားရှိ၍ ဖောက်ပြန်မှု ရှိခြင်းကို ရောဂါဖြစ်ခြင်းဟု ဆိုသဖြင့် ရောဂါစုဖြစ်သည့် ရုပ်တရား၊ တစ်နည်းအားဖြင့် ရောဂါကြောင့် ပျက်စီးတတ်သည့် ရုပ်တရားများ ဖောက်ပြန်ပျက်စီးမှု အပေါ်တွင် သတိပြုဆင်ခြင်ကာ ဖောက်ပြန်ခြင်းကို ဝေဒနာနုပဿနာ ရှုမှတ်ပွားများခြင်းဖြင့်သာ ရင်ဆိုင်ကြရမည် ဖြစ်ပါ၏။

ဗျသနတရား ငါးပါးတွင် ဗုဒ္ဓဘာသာဝင်များ အထူးပြု ဆင်ခြင်ရမည့် ဗျသနများကား သီလဗျသနနှင့် ဒိဋ္ဌိဗျသနများပင် ဖြစ်၏။ ပျက်စီးခြင်းတရားငါးပါးတို့တွင် အမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါကြောင့် ပျက်စီးခြင်းများသည် တုန်လှုပ်ဖွယ်၊ ကြောက်လန့်ဖွယ် မလိုသည့် ဗျသနများ ဖြစ်သော်လည်း သီလဗျသနခေါ် သီလပျက်စီးသည့်အခါ၊ ဒိဋ္ဌဗျသနခေါ် အယူဝါဒ လွဲမှားသည့် အခါများတွင်ကား အလွန်ကြောက်လန့် တုန်လှုပ်ဖွယ် ကောင်းပေတော့၏။ သီလပျက်လျှင် အခြားအခြား ဒါနစသည့် ကုသိုလ်များကို မည်မျှပင် ကြိုးစားလုပ်ဆောင်သော်လည်း အပါယ်လားမှုဘေးမှ မလွန်မြောက်နိုင်သည်အထိ ဖြစ်ရတတ်၏။ ကိုယ်ကျင့်သီလဖြစ်သဖြင့်လည်း ကိုယ်ကျင့်ရမည့်အပြင် သီလပျက်လျှင်လည်း ကိုယ်ကဖျက်ခြင်း ဖြစ်သဖြင့် ခံရလျှင်လည်း ကိုယ်သာပင် ဖြစ်နေပေ၏။ ထို့ကြောင့် သီလပျက်စီးသည့်အခါ မတုန်မလှုပ်ဘဲ နေ၍မဖြစ် အလွန်ပင် တုန်လှုပ်ဖွယ် ဖြစ်ပေသည်ဟု ဆိုခြင်းဖြစ်ပြီး တုန်လှုပ်ခြောက်ခြားမှု မဖြစ်စေဖို့် သီလမပျက်စေရန်သာ ကြိုးစားအားထုတ်ရမည်ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ ဒိဋ္ဌိဗျသနခေါ် အယူဝါဒ ပျက်စီးမှုသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ပင် ဖြစ်ပါ၏။ အယူတစ်ပါးလွဲချော်သွားပါက အပါယ်မှတစ်ပါး လားရာမရှိ ဖြစ်တတ်ပေ၏။ အယူဝါဒ အစွဲတရားဟူသည်ကလည်း အခက်သားပင် ယုံကြည်မိပြီ စွဲလန်းမိပြီဆိုလျှင် အသက်ပင် အသေခံသည်အထိ စွဲကိုင်ထားတတ်၏။ ထိုသို့သာ အယူမှားကို စွဲကိုင်ထားမိလျှင် မှန်ကန်သည့် အယူဝါဒ ပျက်စီးပြီး အမှန်လမ်းကြောင်းနှင့် လွဲကာ နိဗ္ဗာန်နှင့် ဝေးသထက် ဝေးနေပေတတ်၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက နိဗ္ဗာန်သွားရာလမ်းဖြစ်သည့် မဂ္ဂင်လမ်းစဉ်တွင် သမ္မာဒိဋ္ဌိဟူသည့် အယူဝါဒမှန်ကန်ရေး လမ်းစဉ်တစ်ခုကို အဦးပြုကာ ဟောကြားသမှု ပြုတော်မူခဲ့ခြင်း ဖြစ်ပေ၏။ အယူဝါဒ မှန်ကန်မှုရှိမှ အတွေးအခေါ် အကြံအစီ၊ အပြောအဆို၊ အလုပ်အကိုင်နှင့် အားထုတ်မှု စသည်တို့သည်လည်း မှန်ကန်နိုင်မည် ဖြစ်သဖြင့် ထိုအယူဝါဒ မမှားကြရန်နှင့် အယူဝါဒ မပျက်စီးကြရန် အထူးတိုက်တွန်းတော်မူခြင်း ဖြစ်၏။ အကယ်၍ မိမိသည် ထိုအယူဝါဒသာ ပျက်စီးခဲ့ပြီဆိုပါက အလွဲအမှားလမ်းစဉ်များနှင့် သံသရာဝဲသြဃတွင် အမှန်ပင် မျှောနေပြီး အောက်အောက်ဘုံဝတွင် ကျင်လည်နေရသဖြင့် နိဗ္ဗာန်နှင့် ဝေးပြီးရင်းဝေးနေမည် ဖြစ်ပါသောကြောင့် အယူဝါဒ ပျက်စီးသည့်အခါ အလွန်တုန်လှုပ်ဖွယ် ဖြစ်ကြောင်း၊ ထိုကြောင့် ထိုအယူဝါဒကို မပျက်စီးစေရန် အထူးသတိပြု ဆင်ခြင်ကာ မှန်ကန်သည့် အယူဝါဒဖြင့် နေနိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုကြခြင်း ဖြစ်ပါ၏။

ဤ၌ ဆိုလိုသည်မှာ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် အထူးသတိပြု ဆင်ခြင်ကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ ပျက်စီးခြင်းသည် သဘာဝ နိယာမတစ်ခု ဖြစ်ပြီး ဖျက်စီးခြင်းသည်ကား လုပ်ဆောင်ဖန်တီးခြင်း ဖြစ်သဖြင့် ပျက်စီးချိန်တန်သည့် ပျက်စီးမှုအပေါ်များတွင် စိုးရိမ်ဖွယ် မရှိသော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများ အပေါ်တွင်ကား အလွန်ကြောက်မက် တုန်လှုပ်ဖွယ် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်၏။ ပျက်စီးတတ်သည့် အမျိုး၊ ဥစ္စာ၊ ရောဂါများသည် သဘာဝ တရားများဖြစ်သဖြင့် ပျက်စီးမည်မှာ ဧကန်ဖြစ်သော်လည်း ဖျက်စီးမှသာ ပျက်စီးတတ်သည့် အကျင့်သီလနှင့် အယူဝါဒများသည်ကား ပျက်စီးရန် မသင့်သည့်အရာ၊ မပျက်စီးစေရန် ထိန်းသိမ်းရမည့် အရာဆိုသည်မှာလည်း အမှန်ပင် ဖြစ်ပါပေ၏။ သဘာဝအလျောက် ပျက်စီးမှုများတွင် တန်ပြန်သက်ရောက်မှုသည် အခိုက်အတန့်သာ ဖြစ်သော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများတွင်ကား တန်ပြန်သက်ရောက်မှုသည် အပါယ်လားစေနိုင်သည် အထိ ကြီးလေးတတ်ပေ၏။

ထို့ကြောင့် နေရသည့် ဘ၀အခိုက်အတန့်၌ မဖြစ်မနေ ကြုံတွေ့ရမည့် ပျက်စီးမှုများတွင် ဖျက်စီးမှုကြောင့် ပျက်စီးသွားသည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် လိုအပ်ပေ၏။ ရုပ်ပိုင်းဆိုင်ရာများ ပျက်စီးမှုတွင် မတုန်မလှုပ်ရင်ဆိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်သီလ အယူဝါဒများ ပျက်စီးမှုတွင်ကား သတိတရားနှင့် မပျက်စီးအောင် ထိန်းသိမ်းရန် ကြိုးစားသင့်ပေ၏။ အကယ်၍ ထိုပျက်စီးမှုများ ရောက်လာသည့်အခါတွင်လည်း အခြားအရာများထက် သီလနှင့်အယူဝါဒကိုသာ မပျက်စီးစေရန် အားထုတ်သင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသည် သဘာဝတရားဖြစ်သည့်အပြင် အပါယ်လားစေနိုင်သည့် အရာများ မဟုတ်ကြသော်လည်း သီလအကျင့်နှင့် အယူဝါဒ ပျက်စီးမှုသည်ကား အပါယ်လားစေနိုင်သည့် အရာများ ဖြစ်သောကြောင့်ပင် ဖြစ်ပါ၏။ သို့ဖြစ်၍ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းတွင် ပျက်စီးတတ်သည့် အရာများအပေါ် ခံနိုင်ရည် ရှိအောင်ကြိုးစားပြီး ဖျက်စီးမှသာ ပျက်စီးကာ အဖျက်ခံရသဖြင့် ပျက်စီးတတ်သည့် အရာများအပေါ်တွင်ကား မပျက်စီးစေရန် မိမိကိုယ်တိုင်သာ ပဓာနကျသဖြင့် မိမိ၏ အကျင့်သီလ အယူဝါဒများကို ဖျက်စီးခြင်းဖြင့် မပျက်စီးအောင် အထူးသတိပြု ဆင်ခြင်ကာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ ဖြစ်ပါပေတော့ကြောင်း…

Read more »

သဒ္ဓါနဲ့ တဏှာ



“သဒ္ဓါလွန်ရင် တဏှာကျွန် ဖြစ်တတ်တယ်”တဲ့။ ဟုတ်ပါတယ်။  လွန်လာရင် ဘာမှမကောင်းလှပါဘူး။ လွန်ရင်ကျွံတတ်ပြီး ကျွံရင်တော့ နွံနစ်ဖို့ပဲ များသွားတတ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာလည်း ဒီအတိုင်းပါပဲ။ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာ ဉာဏ်မပါရင် အကြည်ညိုလွန်သွား၊ ယုံကြည်မှု လွန်သွားကာ အမှားဘက်ကို ရောက်သွားတတ်ပါတယ်။ အမှားပါရင် တရားမပါဘဲ တဏှာနယ်ထဲကို ရောက်သွားစေတတ်ပါတယ်။ 

သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ ပညာမပါရင် အလွဲတွေကို ယုံကြည်မိတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ကိုယ်ပိုင်စဉ်းစားတတ်တဲ့ ဉာဏ်မပါတော့ ဟိုလူပြောလည်းယုံ၊ ဒီလူပြောလည်းယုံ၊ ဟိုနေရာဆိုလည်းရောက်၊ ဒီနေရာဆိုလည်းရောက်၊ ဟိုပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ်၊ ဒီပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ် စသဖြင့် လိုက်လုပ်မိရာက မကိုးကွယ်သင့်တာ၊ မဆည်းကပ်သင့်တာတွေကို ကိုးကွယ်ဆည်းကပ်မိပြီး နောက်တော့ အဲဒီ ယုံကြည်မှုအလွဲ၊ ယုံကြည်မှု အစွဲတွေကနေ ရုန်းမထွက်နိုင်အောင်ဖြစ်ကာ လွဲပြီးရင်းလွဲနေကြတော့တာ ဖြစ်ပါတယ်။ 

သဒ္ဓါတရားနဲ့ ပတ်သက်ပြီး တစ်ချို့က ပထမတော့ တကယ်ကြည်ညိုတာပါပဲ။ နောက်တော့ အဲဒီကြည်ညိုမှုကနေပြီး တဖြည်းဖြည်းနဲ့ ပုဂ္ဂိုလ်ကို စွဲလာတာတို့၊ အသံကို စွဲလာတာတို့၊ အဟောအပြောကို စွဲလာတို့ စသဖြင့် ဖြစ်ပေါ်လာကာ ရဟန်းတော်ဆိုရင်လည်း သူ့ရဟန်း၊ သူ့ဘုန်းကြီး၊ သူ့ကိုယ်တော် စသဖြင့် သူပိုင်လုပ်လာကာ သူ့ကိုပဲ ဦးစားပေးမှ၊ သူပဲ ချည်းကပ်ရမှ၊ သူပဲ အနီးကပ်နေရမှ ဆိုတာတွေ ဖြစ်ပေါ်လာတဲ့အပြင် သူများတွေအပေါ် အရေးပေးရင်လည်း မနာလိုစိတ်၊ မကျေနပ်စိတ်တွေအထိ ဖြစ်ပေါ်လာတော့တာ ဖြစ်ပါတယ်။ နောက်တော့ သူ့အလိုအတိုင်း မဖြစ်တဲ့အခါမှာလည်း အမုန်းတရားနဲ့ အငြိုးထားတဲ့အထိ ဖြစ်လာကာ အပုတ်ချတာတွေအထိ လုပ်လာကြတော့တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ သဒ္ဓါတရားနောက်မှာ ပညာအားတွေ မကပ်ရောက်တဲ့အခါကျတော့ သဒ္ဓါလွန်လာတာတွေဖြစ်ပြီး အဲဒီနောက်မှာ တဏှာဆိုတာတွေအထိ ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို မညှိနိုင်တဲ့အခါကျတော့ သဒ္ဓါကလွန်ပြီး ပညာမပါဖြစ်ကာ အလွဲတွေဖြစ်ကုန်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ သတိတရား အားနည်းခြင်းကြောင့်လို့လည်း ပြောနိုင်တာ ဖြစ်ပါတယ်။ သတိက သဒ္ဓါနဲ့ ပညာကို ညီမျှအောင် ညှိသွားမယ်ဆိုရင် သဒ္ဓါလွန်ပြီး တဏှာကျွန်အဖြစ် ရောက်သွားမှာ မဟုတ်ပါဘူး။ 

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကြည်ညိုရာကနေပြီး ပိုင်ဆိုင်လိုတဲ့အထိ ချည်နှောင်မှု မဖြစ်ရအောင် ကြည်ညိုမှုနောက်မှာ အစွဲမပါသွားဖို့ သဒ္ဓါနဲ့ ပညာကို ညီမျှအောင် သတိဆောင်ပြီး ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ 

Read more »

ဘုရားပေးတဲ့ ငြိမ်းချမ်းရေး


ပိဋကတ်တော်လာ မြတ်စွာဘုရားရှင်နဲ့ သိကြားမင်း မေးဖြေထားချက်များကို မှတ်တမ်းတင်ထားတဲ့ သက္ကပဥှသုတ်တော်ကို ဖတ်မှတ်ကြည်ညိုရင်း ငြိမ်းချမ်းရေးလို့ အော်နေကြတဲ့ ဒီနေ့ခေတ်လူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို ချိန်ထိုးနေဖြစ်ခဲ့ပါတယ်။ ဒီသုတ်တော်နဲ့ ပတ်သက်ပြီး အရင်တုန်းက သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးဖူး၊ တရားတွေလည်း ဟောဖူးပေမယ့် ဒီတစ်ခါတော့ ခေါင်းစဉ်ပြောင်း၊ တင်ပြပုံပြောင်းပြီး ငြိမ်းချမ်းရေးကို လိုလားနေကြတဲ့ သူတွေအနေနဲ့ ဘုရားအလိုတော်ကျ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုငြိမ်းချမ်းရေးမျိုးဖြစ်ကြောင်း တစေ့တစောင်း တင်ပြဖြစ်ခဲ့ပါတယ်။ 

မြတ်စွာဘုရားရှင် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ရဲ့ အရှေ့ဘက်၊ အမ္ဗသဏ္ဍအမည်ရတဲ့ ပုဏ္ဏားရွာရဲ့ မြောက်အရပ်၊ ဝေဒိယကတောင် ဣန္ဒသာလဂူမှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ နတ်တို့သနင်း သိကြားမင်းဟာ ရှင်တော်ဗုဒ္ဓ ဣန္ဒသာလမှာ သီးတင်းသုံးနေတော်မူတဲ့ သတင်းကြားသိပြီး မြတ်စွာဘုရားရှင်ထံ ချည်းကပ်ကာ သိလိုတဲ့ မေးခွန်းတွေကို မေးလျှောက်ပါတယ်။ 

သိကြားမင်း - 
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား... လောကရှိ လူနတ်ဗြဟ္မာ၊ အသုရာနဲ့ နဂါးဂန္ဓဗ္ဗစတဲ့ သတ္တဝါတွေဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းစေဖို့၊ ဒဏ်ထားခြင်းကင်းစေဖို့၊ ဘေးရန်ကင်းစေဖို့၊ အမျက်ထွက်ခြင်း ကင်းစေဖို့၊ ငြိမ်းချမ်းစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ် ဘုရား၊ ဒါပေမယ့် အဲဒီလို လိုလားတောင့်တကြပေမယ့် သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး ရန်ငြိုးဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ ကိုယ်စိတ်ဆင်းရဲအောင် လုပ်ကြ၊ အမျက်ဒေါသထွက်အောင် လုပ်ကြပါတယ်ဘုရား၊ ဒီလို တောင့်တပေမယ့် တောင့်တတိုင်း မဖြစ်တာဟာ ဘယ်လိုအနှောင်အဖွဲ့ အကြောင်းတရားကြောင့်ပါလဲ မြတ်စွာဘုရား”။

မြတ်စွာဘုရား -
“နတ်တို့အရှင် သိကြားမင်း... လောကရှိ ပုဂ္ဂိုလ်သတ္တဝါ အမျိုးမျိုးဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တကြပေမယ့် တောင့်တတဲ့အတိုင်း မဖြစ်ကြတာဟာ အဲဒီပုဂ္ဂိုလ်သတ္တဝါ အသီးသီးမှာ ရှိနေကြတဲ့ ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန် နှစ်ပါးကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿာဆိုတာ သူတပါးကြီးပွားချမ်းသာတဲ့ အပေါ်မှာ မနာလို ဖြစ်တတ်တဲ့ သဘောဖြစ်ပြီး၊ မစ္ဆရိယဆိုတာက ကိုယ့်မှာရှိတဲ့ မရှိမဲ့ရှိမဲ့ အရာလေးတွေ အပေါ်မှာ ဝန်တိုတတ်တဲ့ သဘောမျိုး ဖြစ်ပါတယ် သိကြားမင်း”

သိကြားမင်း -
“အရှင်မြတ်ဘုရား... ဒီလိုဆိုရင် အဲဒီ ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန်နှစ်ပါးဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်လိုတရားမျိုး ရှိရင်ဒီတရားတွေ ဖြစ်ပေါ်ကာ ဘယ်လိုတရားမျိုး မရှိရင် ဒီအတွင်းရန်တွေ မဖြစ်ပေါ်နိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန်တွေဟာ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ သံယောဇဉ်တရားကြောင့် ဖြစ်ပေါ်လာခြင်းပြီး ဒီအချစ်အမုန်း သံယောဇဉ်မရှိရင် မနာလိုခြင်း ဝန်တိုခြင်း အတွင်းရန်တွေလည်း မဖြစ်ပေါ်နိုင်တော့ပေ သိကြားမင်း” 

သိကြားမင်း -
“အရှင်မြတ်ဘုရား... အဲလိုဆိုပါက ဒီအချစ်အမုန်းဆိုတဲ့ သံယောဇဉ်တရားကရော ဘာကြောင့်ဖြစ်ပြီး ဘယ်လိုတရားမျိုး ရှိရင် ဒီသံယောဇဉ်တရား ဖြစ်ပေါ်တတ်ကာ ဘယ်လိုတရားမျိုး မရှိရင် သံယောဇဉ်တရား မဖြစ်ပွားနိုင်ပါသလဲဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... အချစ်အမုန်း သံယောဇဉ်တရားဟာ လိုချင်ခြင်း၊ ဖြစ်ချင်ခြင်း၊ ရချင်ခြင်းဆိုတဲ့ ဆန္ဒတရားကြောင့် ဖြစ်ပေါ်လာတတ်ပြီး ဒီဆန္ဒမရှိရင် သံယောဇဉ်ဆိုတာလည်း ဖြစ်ပေါ်ဖို့ အကြောင်းမရှိနိုင်ပါဘူး သိကြားမင်း”

သိကြားမင်း -
“ရှင်တော်မြတ်ဘုရား... အဲဒီလိုဆိုရင် အဲဒီဆန္ဒတရားကရော ဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုတရားမျိုး မရှိရင် ဒီဆန္ဒတရားဟာ မဖြစ်ပွားနိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... လိုချင်ခြင်း ဆန္ဒတရားဟာ ကြံစည်ခြင်းဆိုတဲ့ ဝိတက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အဲဒီ ဝိတက်ဆိုတဲ့ ကြံစည်ခြင်း မရှိပါက ဆန္ဒဆိုတာလည်း ဖြစ်ပေါ်လာနိုင်စရာ မရှိပါဘူး သိကြားမင်း”

သိကြားမင်း -
“အရှင်မြတ်ဘုရား... ဒီလိုဆိုရင် အဲဒီဝိတက်တရားဟာ ဘယ်လိုတရားမျိုးကြောင့် ဖြစ်ပေါ်လာရပြီး ဘယ်လိုတရားမျိုး မရှိရင် ဝိတက်တရား မဖြစ်ပွားနိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... ကြံစည်ခြင်း ဝိတက်တရားဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရား သုံးပါးကြောင့် ဖြစ်ပေါ်လာတတ်ပြီး လိုချင်တပ်မက်မှု တဏှာ၊ ထောင်လွှားခြင်း မာန၊ အယူလွဲမှားခြင်း ဒိဋ္ဌိဆိုတဲ့ ဒီပပဉ္စတရား သုံးပါးမရှိရင် ကြံစည်ခြင်း ဝိတက်လည်း မရှိနိုင်ပါဘူး သိကြားမင်း“

သိကြားမင်း -
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… ဒီလိုဆိုတော့ သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ ဆိုတဲ့ ပပဉ္စတရား သုံးပါးကို အခြေခံရာက ကြံစည်မှုတွေဖြစ်၊ ကြံစည်မှုကို အကြောင်းပြုပြီး ဆန္ဒတွေဖြစ်၊ ဆန္ဒကို အခြေခံပြီး အချစ်အမုန်းတွေဖြစ်၊ အချစ်အမုန်းကို အကြောင်းပြုပြီး မနာလိုခြင်း ဝန်တိုခြင်းတွေ ဖြစ်ရာက တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းနိုင်ဖြစ်ရတယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ပါပြီ ဘုရား၊ သို့ဆိုလျင် အဲဒီ သံသရာချဲ့ထွင်တတ်တဲ့ တရားတွေ မဖြစ်ပေါ်အောင်ဆိုရင် ဘယ်လိုတရားမျိုးကို အားထုတ်ရတယ်ဆိုတာလည်း မိန့်ကြားတော်မူပါဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း… ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားတွေ မဖြစ်ပေါ်ချင်ရင်တော့ ဝေဒနာကမ္မဋ္ဌာန်းကို ပွားများရမှာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကို ပြောတာဖြစ်တဲ့အတွက် ငြိမ်းချမ်းချင်ရင်၊ ချမ်းသာချင်ရင် ခံစားချက်မှန်သမျှကို သိအောင်ကြိုးစားပြီး ဘယ်လိုခံစားမှုမျိုးကိုမှ လိုက်မခံစားမိဖို့ပဲ ဖြစ်ပါတယ်။ သောမနဿ ဝေဒနာလို့ ခေါ်တဲ့ ဝမ်းမြောက်တဲ့ ခံစားချက်၊ ဒေါမနဿ ဝေဒနာလို့ ခေါ်တဲ့ မနှစ်သက်တဲ့ ခံစားချက်၊ ဥပေက္ခာ ဝေဒနာလို့ ခေါ်တဲ့ ဝမ်းမြောက်တာလည်း မဟုတ်၊ ဝမ်းမမြောက်တာလည်း မဟုတ်တဲ့ လျစ်လျူရှုကာ ကြားချထားတဲ့ ခံစားချက်တွေကို အရှိအတိုင်း သိမှတ်ပြီး ဘယ်လို ခံစားချက်မျိုးပဲ ဖြစ်ဖြစ် အကုသိုလ်ဖြစ်မယ့် ခံစားချက်မျိုးကိုရှောင်ပြီး ကုသိုလ်ဖြစ်မယ့် ခံစားချက်ကို ဆောင်ကာ ဝေဒနာ ကမ္မဋ္ဌာန်း အဖြစ်နဲ့ နိုင်အောင်ပွားများထားမယ်ဆိုရင် ဒီတဏှာ၊ မာန၊ ဒိဋ္ဌဆိုတဲ့ သံသရာချဲ့ထွင်ကြောင်း တရားတွေ လျော့နည်းလာကာ သတ္တဝါတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်လာနိုင်ကြမှာ ဖြစ်ပါတယ် သိကြားမင်း”

သိကြားမင်း -
“မှန်ပါ မြတ်စွာဘုရား… သင့်လျော်ကောင်းမြတ်လှကြောင်းပါ ဘုရား၊ တပည့်တော် အလွန်ကျေနပ် အားရလှပါတယ် ဘုရား၊ သာဓု သာဓု သာဓုပါ ဘုန်းတော်သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရား” (သုတ္တန္တပိဋက၊ ဒီဃနိကာယ၊ သက္ကပဥှသုတ္တ)

ဒါကတော့ သက္ကပဥှသုတ်တော်လာ သိကြားမင်းနဲ့ ဘုရားရှင် မေးဖြေတော်မူကြတဲ့ ငြိမ်းချမ်းရေးတရားအကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ ဒီသုတ်တော်မှာ မြတ်စွာဘုရားရှင်က ဆက်လက်ဟောကြားတော်မူထားတဲ့ အချက်များ၊ အကျယ်တဝင့် မိန့်ကြားတော်မူထားတဲ့ မိန့်တော်မူချက်များ ရှိနေသေးပေမယ့် ဒီနေရာမှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဟောကြားချက်လောက်ကိုပဲ လိုရင်းချုပ်ကာ အများနားလည်နိုင်အောင် ကိုးကားတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ 

ဒီဒေသနာတော်အရ သတ္တဝါတွေ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းနိုင်ကြတာဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာချဲ့ထွင်တတ်တဲ့ တရားသုံးပါးကို အခြေခံရာက ကြံစည်မူတွေ၊ ဆန္ဒတွေ၊ အချစ်အမုန်းတွေ၊ မနာလိုဝန်တိုမှုတွေအထိ အဆင့်အဆင့်ဖြစ်ပွားက နောက်ဆုံးအဲဒီ မနာလိုခြင်း၊ ဝန်တိုခြင်းဆိုတဲ့ အတွင်းရန်နှစ်ပါးက သတ္တဝါများကို တစ်ဦးနဲ့တစ်ဦး မငြိမ်းချမ်းအောင် လုပ်ဆောင်သွားစေတော့တာဖြစ်ကြောင်း မှတ်သားနာယူနိုင်ကြမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုမငြိမ်းချမ်းမှုတွေကို ပြေပျောက်စေချင်ရင် ဝေဒနာကမ္မဋ္ဌာန်းကို ပွားများဖို့ ရှင်တော်ဗုဒ္ဓ ညွန်ပြတော်မူကြောင်းလည်း သိမှတ်နိုင်ကြမှာ ဖြစ်ပါတယ်။ 

အချုပ်ဆိုတော့ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းကြတာဟာ တဏှာမာနဒိဋ္ဌိကို အခြေခံရာက ဝိတက်စတဲ့ တရားတော်များ အဆင့်ဆင့်ဖြစ်ပေါ်လာပြီး နောက်ဆုံးဖြစ်တဲ့ မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ တရားနှစ်ပါးကြောင့်ဆိုတာ လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒါကိုလက်ခံပြီး ဒီတရားတွေ လျော့နည်းသွားအောင် ခံစားချက်မှန်သမျှကို ရှုမှတ်ရမယ့် ဝေဒနာကမ္မဋ္ဌာန်းကိုပဲ နိုင်အောင်ပွားများကြရမှာ ဖြစ်ပါတယ်။ ခံစားချက်မှန်သမျှကို အရှိအတိုင်း ရှုမှတ်ထားနိုင်ပါက ခံစားချက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဒုက္ခဆိုတာလည်း ငြိမ်းချမ်းသွားမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းချင်ရင် ဘာပဲဖြစ်ဖြစ် လိုက်ပြီးမခံစားပစ်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ သတ္တဝါတွေ ငြိမ်းချင်ပေမယ့် မငြိမ်းနိုင်တာဟာ ဘာလေးပဲဖြစ်ဖြစ် လိုက်လိုက်ပြီး ခံစားနေကြလို့ပဲ ဖြစ်ပါတယ်။ ခံစားရာက စွဲမိသွားပြီး စွဲမိရာက အဲဒီအစွဲရဲ့ ချဲ့ထွင်မှုနောက်ကို တကောက်ကောက် ပါသွားကြတော့တာ ဖြစ်ပါတယ်။ အစွဲနောက်ကိုလိုက်ရင်း ကိုယ့်အစွဲနဲ့ကိုယ် အမှန်ထင်ကာ အလွဲတွေနဲ့ ငြိမ်းချင်ပေမယ့် မငြိမ်းနိုင်ကြတော့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ငြိမ်းချမ်းရေးကို အလိုရှိကြတဲ့ သူတွေအနေနဲ့ သူတပါးနဲ့ မငြိမ်းချမ်းကို ကိုယ့်ကိုကိုယ် အရင်ငြိမ်းချမ်းအောင် လုပ်ရမှာဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို လိုက်နာကျင့်သုံးကာ ခံစားချက်မှန်သမျှကို အရှိအတိုင်း ရှုပွားရင်း အစွဲမပါအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း ဘုရားပေးတဲ့ ငြိမ်းချမ်းရေးအကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။ 

Read more »

စိတ်ဖိစီးမှုတွေ များနေတဲ့အခါ


တစ်နေ့က နိုင်ငံခြားမှာ ရောက်နေတဲ့ အရင်းနှီးဆုံး ဒကာမတစ်ယောက်နဲ့ အွန်လိုင်းမှာ တွေ့ဖြစ်ခဲ့ပါတယ်။ တွေ့တွေ့ချင်းသူက “အရှင်ဘုရား မကျိန်းသေးဘူးလားဘုရား၊ တပည့်တော်တို့ဆီမှာ သန်းခေါင်ကျော်လို့ (၁)နာရီတောင် ထိုးပြီးသွားပြီဘုရား” ဆိုပြီးမေးရင်း နှုတ်ဆက်စကားပြောလာပါတယ်။ ဘုန်းဘုန်းလည်း အတော်အံ့သြသွားတယ်။ “အင်… ဒကာမရေ ဘုန်းဘုန်းက မအိပ်သေးတာမဟုတ်ဘူး၊ အိပ်ပြီးလို့ အရုဏ်တောင် ဘုဉ်းပေးပြီးသွားပြီ”လို့ ပြန်ပြောတော့မှ “OH MY BUDDHA”လို့ဆိုကာ သူ့ကိုယ်သူ ဘုရားတပါတယ်။ ဒါနဲ့ ဘုန်းဘုန်းကပဲ “ ဒကာမက ခုချိန်ထိ မအိပ်သေးဘဲ ဘာလုပ်နေတာလဲ”လို့ ထပ်ပြီးမေးလိုက်တော့ “တပည့်တော် အိပ်မရလို့ဘုရား၊ စိတ်ဖိစီးမှုတွေက အရမ်းများပြီး အလုပ်နဲ့ ပတ်သက်တဲ့ ဖိအားတွေနဲ့ အိပ်လို့မရဘူးဘုရား၊ တပည့်တော်မလေ တစ်ခါတခါ ကိုယ့်ကိုယ်ကို ဒီဘဝမှာ နေတောင်မနေချင်လောက်အာင်ကို ဖြစ်ရပါတယ်ဘုရား” စသဖြင့် ပြန်ပြောလာပါတယ်။ ဒကာမရဲ့ ခံစားချက်အတွက် ကိုယ်ချင်းစာမိသလို ဒီခံစားချက်တွေ သက်သာအောင် ဘုန်းဘုန်းလည်း တတ်နိုင်သလောက် အားပေးစကား၊ အားပေးတရား ဟောဖြစ်ခဲ့ရပါသေးတယ်။

ဒါက ဘုန်းဘုန်းနဲ့ နီးစပ်သူတွေရဲ့ လက်တွေ့ခံစားချက်လေးတွေအကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ ဒီနေမှာ ဘုန်းဘုန်းပြောချင်တာက အဲဒီဒကာမလို ခံစားချက်တူ၊ စိတ်ဖိစီးမှု အပူတွေနဲ့ တငူငူဖြစ်နေကြတဲ့ သူသူငါငါ ပုဂ္ဂိုလ်အဖြာဖြာရဲ့ ခံစားမှုလေးတွေအကြောင်း၊ စိတ်ဖိစီးမှုလေးတွေ အကြောင်းပဲ  ဖြစ်ပါတယ်။ ဟုတ်တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဲဒီဒကာမနဲ့ ပြောဖြစ်တုန်းက ဘုန်းဘုန်းက ဘဝဒုက္ခဆိုတာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်လို့ ပြီးသွားမယ်ဆိုရင် ဒုက္ခကိုယ်စီ ရှိနေကြတဲ့ သတ္တဝါအားလုံး ဒီလိုပဲ လုပ်နေကြမှာပေါ့။ အရှင်ဘုရားတို့ ကိုယ်တိုင်လည်း အဲဒီလို ဖြေရှင်းမှာပေါ့။ ဒါပေမယ့် ဘဝသံသရာဆိုတာ ဒီလို မပြီးဘူးလေ။  ဒုက္ခဆိုတာ ဒီဘဝရုပ်ရလို့ ဖြစ်ရတာဆိုပြီး ရုပ်အကောင်ကို အဟုတ်ပြောင်အောင် အဆုံးစီရင်ပေမယ့် တကယ်မပြတ်သေးတဲ့ ကိလေသာတွေက နောက်ဘဝ နောက်ခန္ဓာမှာလည်း ဒီလိုပဲ ထပ်ဖြစ်နေမှာဆိုတော့ အဲဒီလို ဘဝသစ်ဖြစ်တိုင်း ကိုယ့်ကိုယ်ကို အဆုံးစီရမယ်ဆိုရင် ဆုံးမှာကို မဟုတ်တော့ပါဘူး၊ တကယ်ဖြစ်သင့်တာက ဒုက္ခကိုရင်ဆိုင်၊ စိတ်ဖိစီးမှုကို ယှဉ်ပြိုင်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားနေထိုင် လေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ်” စသဖြင့် အားပေးနှစ်သိမ့် ဖြစ်ခဲ့ပါတယ်။ 

အမှန်တော့ စိတ်ဖိစီးမှု ဖြစ်တယ်ဆိုတာ စိတ်ကအာရုံတွေရဲ့ ဆွဲရာကို ပါသွားပြီး အဲဒီအစွဲတရားတွေမှာ လိုက်ခံစားနေမိလို့ပဲ ဖြစ်ပါတယ်။ အာရုံဆိုတာကလည်း သိတဲ့အတိုင်းပဲ အဆင်းပဲဖြစ်ဖြစ်၊ အသံပဲဖြစ်ဖြစ်၊ အနံ့ပဲဖြစ်ဖြစ်၊ အရသာပဲ ဖြစ်ဖြစ်၊ အတွေ့အထိပဲ ဖြစ်ဖြစ် ကောင်းရင်လည်းစွဲ၊ မကောင်းရင်လည်း စွဲနေတတ်တဲ့ သဘောရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စွဲသွားတယ်ဆိုရင် အဲဒီအစွဲဟာ ကိုယ့်စိတ်ကို သက်သောင့်သက်သာ ဘယ်တော့မှ ဖြစ်စေတဲ့ သဘောမရှိပါဘူး။ အစွဲရဲ့ သဘောက အစွဲများလေ အလွဲများလေပဲ ဖြစ်ကာ စွဲရာနောက်မှာ ခံစားမှုလည်း ရောက်လာနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို စွဲရာခံစားရာက ကိုယ်မနှစ်သက်တဲ့အရာ၊ ကိုယ်မကြိုက်တဲ့အရာ၊ ကိုယ်သဘောမကျတဲ့ အရာတွေမှာ ခံစားမိတဲ့အခါ စိတ်မှာအနာရတဲ့အထိ ဖြစ်သွားတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးတယ်ဆိုတာ တစ်နည်းအားဖြင့် ပြောရင်စိတ်အနာ ရသွားခြင်းပဲ ဖြစ်ပါတယ်။ စိတ်မှာနာသွားပြီဆိုရင် သတ္တဝါတွေဟာ ကျန်တဲ့အနာတွေထက်ကို ပိုပြီးခံစားရတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ စိတ်ဖိစီးတယ်ဆိုတာ အာရုံတွေရဲ့ စွဲရာနောက်ကို စိတ်ကလိုက်မိရာက အဲဒီအစွဲတရားက ကိုယ့်စိတ်ကို ပြန်ဖိစီးရင်း စိတ်ခံစားချက်ဖြစ်ကာ စိတ်မှာအနာရသွားခြင်းပဲ ဖြစ်ပါတယ်။ 

ဒီလိုဆိုတော့ အဲဒီစိတ်ခံစားမှု အစွဲတွေဟာ ဘာကြောင့်ဖြစ်ရတာလဲလို့ ဆိုရင် မသိလို့ ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ စိတ်မှာဖြစ်ပေါ်လာတဲ့ အာရုံတွေ၊ အတွေးတွေ၊ ခံစားမှုတွေကို သတိနဲ့ယှဉ်ပြီး မသိတဲ့အတွက် အဲဒီမသိမှုက အစွဲတရားကို ဖြစ်ပွားစေတာဖြစ်ပါတယ်။ စိတ်ဆိုတဲ့သဘောက သိရင်စွဲစရာအကြောင်းမရှိဘဲ မသိလို့ စွဲသွားကြခြင်းပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ အသံဆိုတဲ့ အာရုံတစ်ခုခုကို အသံဆိုတဲ့ သဘောသဘာဝလို့ မသိတဲ့အခါကျတော့ အဲဒီအသံပေါ်မှာလိုက်စွဲသွားပြီး ကောင်းတဲ့အသံ၊ မကောင်းတဲ့အသံ၊ ကြိုက်တဲ့အသံ၊ မကြိုက်တဲ့ အသံ၊ ချီးမွန်းသံ၊ ကဲ့ရဲ့သံ စသဖြင့် ခံစားမိသွားတော့တာ ဖြစ်ပါတယ်။ ခံစားမိပြီဆိုရင် ကောင်းရင်လိုချင်မှုတွေဖြစ်ပြီး မကောင်းရင် မလိုချင်မှုတွေ ဖြစ်စေကာ လိုချင်တဲ့သဘော၊ မလိုချင်တဲ့ သဘောဆိုတာ လောဘ၊ ဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဒီသဘောအတိုင်းပဲ စိတ်ဖိစီးမှု ဖြစ်တယ်ဆိုတာဟာလည်း အာရုံအပေါ်မှာ စွဲလန်းမိရာက အဲဒီအစွဲကို မသိဘဲ လိုက်ခံစားရာက ဒီခံစားချက်က ကိုယ့်စိတ်ကို ပင်ပန်းစေကာ ဖိအားတွေဖြစ်သွားခြင်းပဲ ဖြစ်ပါတယ်။  အရင်းစစ်တော့ အားလုံးဟာ မသိလို့ စွဲကြတော့တာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား အာရုံနောက်ကို စိတ်ကလိုက်မိရာက ဖြစ်ပေါ်လာတဲ့ ခံစားချက် အစွဲတရားကြောင့် စိတ်မှာဖိအားတွေ၊ အနာတွေ ဖြစ်လာကြတဲ့ သဘောမှာ ဒီဖိအားတွေက ရုန်းထွက်နိုင်အောင် အမြန်ဆုံး ကြိုးစားကြရမှာဖြစ်ပါတယ်။ ပုထုဇဉ် သဘာဝ မသိလို့ စွဲကြတာ၊ ခံစားကြတာတွေဟာ ဖြစ်တတ်ပေမယ့် ဒီသဘောကို သိလာရင်တော့ အဲဒီဖိအားတွေ၊ ခံစားမှုတွေကနေ သက်သောင့်သက်သာ ဖြစ်အောင်တော့ လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးလို့ ဒုက္ခဖြစ်လို့ဆိုပြီး ရုန်းမထွက်ဘဲ ဒီအတိုင်း လိုက်ပြီးခံစားနေမယ်ဆိုရင်တော့ အဲဒီခံစားမှုက ကြာရင်ကိုယ့်ကို အနိုင်ယူသွားမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီဖိအားတွေ၊ ခံစားမှုတွေကနေ အမြန်ရုန်းထွက်ကြည့်ကြရမှာ ဖြစ်ပါတယ်။ 

ရုန်းထွက်ကြမယ်ဆိုတော့ အကောင်းဆုံးနည်းက တရားသဘောနဲ့ ဖြေဆည်ရာကိုရှာရင်း ရုန်းထွက်ကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းကြုံတွေ နေကြရတဲ့ စိတ်ဖိစီးမှုတွေ ကိုယ့်မှာကြုံတွေ့ ခံစားနေရပြီးဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ကိုယ်လတ်သန့်ရှင်းပြီး တိတ်ဆိတ်ညိမ်သက်တဲ့ နေရာတစ်ခုခုကို ရွေးချယ်ကာ သက်သောင့်သက်သာ ရှိတဲ့ ဣရိယာပုတ်နဲ့ မျက်လွှာလေးချပြီး ကိုယ့်ရဲ့အမူအရာလေးကို မြင်အောင်ကြည့်ကြည့်လိုက်ပါ။ အဲဒီအခိုက်အတန့်မှာ အရင်းတုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ စိတ်မှာဘယ်လို ခံစားမှုမျိုးတွေ၊ ဖိအားတွေပဲ ရှိခဲ့ရှိခဲ့ မေ့ပစ်ထားလိုက်ပါ။ ခန္ဓာကိုယ်နဲ့ စိတ်ကို သက်သောင့်သက်သာ ဖြစ်တဲ့ အနေအထားလေးနဲ့ ပြင်ဆင်ပြီး ဝင်လေထွက်လေလေးကို အရှိအတိုင်းလေးပဲ လိုက်သိနိုင်အောင် သတိကပ်ထားပေးလိုက်ပါ။ အဲဒီလို လိုက်ပြီးသိမှတ်နေတဲ့အခိုက်မှာ သေချာပါတယ် အတွေးတွေ အများကြီးရောက်လာပါလိမ့်မယ်။ စိတ်ဓာတ်မကျပါနဲ့။ ဒါဟာ သမာဓိနည်းနေသေးလို့ ဖြစ်တဲ့သဘောမျိုးပဲ ဖြစ်တဲ့အတွက် လွတ်သွားလိုက်၊ ပြန်မှတ်လိုက်၊ ပြန်သိလိုက် စသဖြင့် ထပ်ခါထပ်ခါ ဝီရိယလေးတွေထားပြီး ကြိုးစားပွားများဖို့ပါပဲ။ ဒါဆိုရင် တဖြည်းဖြည်း သမာဓိလေးတွေ တည်လာပြီး စိတ်အဆင်လည်း ငြိမ်လာကာ ကြာတော့ ငြိမ်လာရာကနေ ကြည်လာမှာ ဖြစ်ပါတယ်။ စိတ်ကြည်လာရင် ခုနကဖြစ်နေတဲ့ စိတ်အစွဲဖိအားတွေ၊ ခံစားချက်တွေဟာလည်း အလိုလို ပျောက်ပျက်သွားတော့တာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ကတော့ သတိမလွတ်အောင် သိမှတ်နေဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း စိတ်မှာဖြစ်ပေါ်လာသမျှ ခံစားချက်ကို သတိကပ်ပြီး သိမှတ်ပေးနိုင်ပြီဆိုရင် သေချာပါတယ်။ စိတ်ဖိစီးမှုဆိုတာ တဖြည်းဖြည်းနဲ့ လျော့နည်းသွားတော့တာ ဖြစ်ပါတယ်။ 

အချုပ်ပြောချင်တာက စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ ဖြစ်ကြတယ်ဆိုတာ ကိုယ့်စိတ်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို မသိလို့ဖြစ်ပြီး မသိရာကနေ အာရုံတွေနောက်ကို စိတ်ကလိုက်မိကာ စွဲမိရာက ဖိတ်အားတွေဖြစ်၊ ခံစားချက်တွေဖြစ်ရင်း စိတ်မှာအနာလေးတွေ ဖြစ်သွားတဲ့ သဘောမျိုးပဲ ဖြစ်တဲ့အတွက် ဒီလိုဖိစီးမှုတွေ၊ ခံစားမှုတွေ မဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိကပ်ပြီး ဘယ်သူကဘာပြောပြော၊ ဘယ်လိုအသံပဲကြားကြား၊ ဘယ်လိုအာရုံမျိုးပဲလာလာ လိုက်ခံစားပြီး လိုက်မစွဲဖို့ပဲ ကြိုးစားရမှာဖြစ်ကြောင်း၊ အရာအားလုံးဟာ ခဏလေးဖြစ်ပေမယ့် စွဲနေသမျှ လွဲနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုအလွဲ သံသရာမရှည်အောင် အားလုံးဟာ အချိန်တန်တော့လည်း ပြီးသွားမှာပါပဲလို့ နှလုံးသွင်းကာ ခံစားမှုကို ဖြေဆည်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ ဒီလိုဆိုရင် စိတ်ဖိစီးမှုတွေဟာလည်း သက်သောင့်သက်သာဖြစ်ကာ ခံနိုင်ရည် ရှိလာမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အစွဲတရားကြောင့် အလွဲများကာ ဖိအားတွေအောက် စိတ်တွေရောက်ပြီး စိတ်မှာနာနေကြတဲ့ စိတ်ဝေဒနာရှင်တွေအနေနဲ့ ဒီဖိအားတွေ၊ ခံစားမှုတွေကနေ သက်သောက်သက်သာ ရုန်းထွက်နိုင်ကြဖို့ ကိုယ့်စိတ်ကို ပြန်မတ် စိတ်မှာ သတိကပ်ပြီး ဘယ်လိုအာရုံမျိုးမှာပဲ ဖြစ်ဖြစ် အစွဲတရားနဲ့ မခံစားမိအောင် ကြိုးစားပြီး ကိုယ့်စိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု မှန်သမျှကို ဖြစ်ပေါ်လာဆဲ အခိုက်မှာ သိနိုင်အောင် ရှုမှတ်ပွားများ နေထိုင်ကြရမှာ ဖြစ်ပါကြောင်း စေတနာထား၊ မေတ္တာအားနဲ့ အသိစကား ပါးလိုက်ရပါတယ်။   

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၈)


 ဗုဒ္ဓဘာသာနဲ့ စုံမပြဿနာ
 တစ်လောက အွန်လိုင်းစာမျက်နှာ တစ်ခုပေါ်မှာ တက်လာတဲ့ ဘုရားစင်နဲ့ ဘုရားပုံလေးကိုကြည့်ပြီး အောက်မှာရေးထားတဲ့ မှတ်ချက်လေးတစ်ခုကို သတိပြုမိလိုက်ပါတယ်။ စာဖတ်သူ တစ်ဦးက ပုံတင်သူကို ဘုရားစင်မှာ ဘုရားပန်းအိုးက နှစ်အိုးတည်းပါလားလို့ မှတ်ချက်ပြုထားတာကို ပုံပိုင်ရှင်က နှစ်အိုးမဟုတ်ပါဘူး၊ သုံးအိုးပါ မမြင်ရလို့ပါဆိုပြီး ပြန်ပြောထားကြပါတယ်။ ဒီမှတ်ချက်လေးတွေကိုကြည့်ပြီး တချို့တချို့ ဗုဒ္ဓဘာသာဝင်တွေမှာ ဒီလို စုံမအယူအဆလေးတွေ ရှိနေတာကို သတိပြုမိပြန်ပါတယ်။ တစ်ခါတုန်းကလည်း ရဟန်းဒကာမတစ်ဦးက ကျောင်းကဘုရားခန်းမှာ ဘုရားပန်းအိုးကြီးတွေလှူမလို့ အဲဒါနှစ်အိုးပဲ ရှိနေတဲ့အတွက် အဆင်ပြေရဲ့လားဘုရားလို့ လျှောက်ထားဖူးပါတယ်။ လှူကောင်းပါတယ်လို့ပြောရင်း စိတ်ထဲမှာလည်း နှစ်အိုးတည်းဆိုရင် မလှူကောင်းဘူး၊ ကုသိုလ်မရဘူး၊ အပြစ်ဖြစ်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်လို့များ ထင်နေသလား မသိပါဘူးလို့ ကိုယ့်ဖာသာကိုယ် စဉ်းစားနေမိခဲ့ပါသေးတယ်။ 

စကားစပ်လို့ ဘုန်းဘုန်းတို့ ရောက်နေတဲ့နိုင်ငံရဲ့ မြန်မာသံရုံးက အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါသေးတယ်။ သံရုံးကနေပြီး ဆရာတော်တစ်ပါးထံကို သံဃာသုံးပါး ဆွမ်းစားပင့်ပါတယ်။ အဲဒီတုန်းက သံဃာတော်တွေလည်း မအားတော့ သုံးပါးမကြွနိုင်ဘဲ နှစ်ပါးပဲ ကြွနိုင်မယ့်အကြောင်း ပြန်ပြောတော့ နှစ်ပါးတည်းဆိုရင်တော့ မထူးပါဘူးဘုရား ဆရာတော် တစ်ပါးတည်းပဲ ကြွပါဘုရားလို့ အဲဒီဆရာတော်ကို ပင့်လိုက်တဲ့အကြောင်း ဆရာတော်က ဘုန်းဘုန်းကို ပြန်ပြောပြပါတယ်။ သံရုံးမှာရှိတဲ့ ပညာတတ်ဆိုသူတွေက ဘုန်းကြီးပင့်တာတောင် သုံးပါးဖြစ်စေ၊ ငါးပါးဖြစ်စေပင့်ချင်တဲ့ သဘောရှိပြီး နှစ်ပါးလေးပါးစတဲ့ စုံအရေအတွက်တွေကို မကြိုက်တဲ့ သဘောရှိပါတယ်။ နောက်ဆုံးတော့ နှစ်ပါးပဲ ကြွနိုင်မယ်ဆိုရင်တော့ တစ်ပါးပဲ ကြွပါဘုရားဆိုပြီး ပင့်ကြသတဲ့လေ။ စုံမကြိုက်ဘဲ မမှကြိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘယ်လို အဓိပ္ဗါယ်ကြောင့် ဆိုတာ မသိပေမယ့် သေချာတာကတော့ သူတို့စိတ်ထဲမှာ နှစ်ပါးလေးပါး စတဲ့ စုံအရေအတွက်တွေကို သိပ်သဘောမကျတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ 

အဲဒီလို စုံမသတ်မှတ်မှုဟာ သိပ်အရေးပါတယ်ဆိုရင် ဗုဒ္ဓတရားတော်များမှာ စုံအရေအတွက်တွေနဲ့ ဟောထားတဲ့ အင်္ဂါရပ်တွေ၊ အချက်အလတ်တွေ အများကြီးပါပဲ။ ဥပမာ သစ္စာ (၄)ပါး၊ မဂ္ဂင် (၈)ပါး၊ ပဋိစ္စသမုပ္ဗါဒ် အင်္ဂါ (၁၂)ပါး၊ ပဋ္ဌာန်း (၂၄) ပစ္စည်းတရားများ စတာတွေဟာ စုံအရေအတွက်တွေပဲ ဖြစ်ပါတယ်။ စုံအရေအတွက်ဆိုရင် မလုပ်ကောင်းဘူး၊ မလှူကောင်းဘူး၊ မကျင့်ကောင်းဘူးဆိုရင် ဒီတရားတော်တွေလည်း ကျင့်ဖို့မလိုတဲ့ သဘောကို ဆောင်သွားနိုင်ပါတယ်။ မအရေအတွက်တွေမှ ကောင်းတယ်ဆိုတဲ့သူတွေ ကပ်ပြောရရင် သရဏဂုံး သုံးပါးနဲ့ ငါးပါးသီလကိုကျတော့ ဘာဖြစ်လို့ လုံအောင်မထိန်းနိုင်ကြသလဲဆိုတာလည်း ထောက်ပြစရာ ဖြစ်နေပြန်ပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ အဓိကကတော့ အရေအတွက်ထက် စေတနာ ရည်ရွယ်ချက်က ပိုပြီးအခရာကျတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ 

တကယ်တော့ ဒီစုံမ အယူအဆဟာ ဗုဒ္ဓတရားတော်တွေနဲ့ ဘာမှသက်ဆိုင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဒီလို စုံမအယူအဆလေးတွေဟာ ဗုဒ္ဓဘာသာတွေ ကြားမှာ ဘာမှမဖြစ်လောက်ပေမယ့် မသိမသာ များနေတာကို သတိပြုမိပါတယ်။ ကုသိုလ်ကောင်းမှု လုပ်တဲ့အပိုင်းမှာ သဒ္ဓါတရားနဲ့ စေတနာကို အလေးမထားဘဲ အသွင်အပြင်ပိုင်းကို ဦးစားပေးပြီး ဘယ်နှစ်ပါးမှ၊ ဘယ်နှစ်မျိုးမှ၊ ဘယ်လောက်မှ၊ ဘယ်ရက်မှ စတဲ့ သတ်မှတ်ချက်တွေမှာ ပိုပြီးအလေးထားနေကြတာတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ လွဲနေသလို ဖြစ်နေပြန်ပါတယ်။ စုံအရေအတွက်ဆိုရင် ဘာဖြစ်တတ်တယ်၊ မအရေအတွက်ဆိုရင် ဘယ်လိုဖြစ်မယ် စတဲ့ အစဉ်အလာ ယုံကြည်ချက်တွေဟာ ဗုဒ္ဓဘုရား ဟောကြားချက်တွေနဲ့တော့ လွဲနေတော့တာ ဖြစ်ပါတယ်။ ပညတ်သတ်မှတ်ချက်တွေ မကင်းလှတဲ့ လောကကြီးမှာ ပညတ်ကို ပယ်ဖို့မဖြစ်နိုင်ပေမယ့် ကောင်းမှုကုသိုလ် လုပ်တဲ့အပိုင်းမှာတော့ ပညတ်အရေအတွက် သတ်မှတ်ချက်တွေထက် စေတနာသဒ္ဓါတရားက အဓိကဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ လောကီဗေဒင်လက္ခဏာ ဆရာတွေကြောင့် ဒီလို စုံမသတ်မှတ်ချက်တွေ ဖြစ်ရတယ်ဆိုရင်လည်း လောကီရေးနဲ့ ကုသိုလ်ရေးမှာ တွဲသွားနေတာတော့ မကောင်းလှပါဘူး။ 

ဆိုလိုတာက အလှူဒါန ပြုတဲ့အပိုင်း၊ ကုသိုလ်လုပ်တဲ့ အပိုင်းတွေမှာ ဘယ်နှစ်ပါးမှ၊ ဘယ်နှစ်မျိုးမှ၊ ဘယ်နှစ်ခုမှ စတဲ့ သတ်မှတ်ချက်တွေကို ဦးစားပေးပြီး လုပ်နေကြတာတွေဟာ ဘုရားအလိုအကျ စေတနာ၊ သဒ္ဓါတရားကို အဓိကထားတဲ့ အယူအဆနဲ့ လွဲနေကြတဲ့အတွက် ဒီလိုစုံမ အယူအဆလေးတွေကို အလေးမထားဘဲ ကိုယ်လုပ်တဲ့ ကောင်းမှုအလုပ်အပေါ်မှာ အရေအတွက်ထက် စေတနာ သဒ္ဓါတရားကိုသာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဘယ်နှစ်မျိုး၊ ဘယ်နှစ်ပါး စသဖြင့် လှူနိုင်တာထက် လှူတဲ့အခိုက်မှာ စေတနာသုံးတန် ပြဌာန်းပြီး ကုသိုလ်အကျိုးကို အပြည့်အဝ ရအောင် လှူနိုင်ကြဖို့ လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သတ်မှတ်ချက်တွေကို ဦးစားပေးပြီး အနှစ်သာရထက် အသွင်အပြင်ပိုင်းကို အလေးထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလှူဒါန ပြုကြတဲ့အခါ စေတနာ သဒ္ဓါတရားထက် သုံးပါးငါးပါး စတဲ့ မအရေအတွက်မှာ အလေးထားနေကြတာတွေဟာ ကုသိုလ်ရေးထက်၊ လောကီရေးတွေကို ဦးစားပေးနေသလို ဖြစ်တဲ့အတွက် ဒီအယူအဆတွေဟာ ဘုရားအလိုအကျ အယူအဆတွေ မဟုတ်ဘဲ ကုသိုလ်ရေးမှာ အဓိကနဲ့ သာမညလွဲသလို ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ရင်း အရေအတွက် သတ်မှတ်ချက်ထက် စေတနာသဒ္ဓါတရား အားကောင်းပြည့်ဝအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ