ဒီလိုလေး ကြိုးစားကြည့်ပါ


အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှားစိတ်မှာ၊ မရှိရာဘူး။
ပညာချင့်ထောက်၊ မာန်မမောက်နှင့်။
ကိုယ့်အောက်တန်းတူ၊ အထက်သူဟု၊ မှတ်ယူမြဲသို၊ သုံးပုဂ္ဂိုလ်တွင်
အောက်ကိုသနား၊ တန်းတူအားမူ၊ မြှောက်စားအမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏။
(မန်လည်ဆရာတော်ကြီး၊ မဃဒေဝလင်္ကာသစ်)

လူအမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး ရှိနေကြတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သတိပြုရမှာက ကိုယ့်သဘောနဲ့ မကိုက်ညီလို့၊ ကိုယ့်အလိုအတိုင်းမဖြစ်လို့ ဆိုပြီး တဘက်သားအပေါ်မှာ ကိုယ်ကအမှား မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်အမှားလုပ်မိရင် ကိုယ့်အပြစ်ဖြစ်ပြီး သူအမှားလုပ်ရင် သူ့အပြစ်ပဲ ဖြစ်တဲ့အတွက် ဘယ်သူမှားမှား၊ မမှားမှား ကိုယ်မပြစ်မှားမိဖို့ လိုပါတယ်။ 

မတူညီတဲ့သူတွေကို တူအောင်ညှိကြတဲ့အပိုင်းမှာ မြန်မာစကားပုံလေးအတိုင်း ကြီးသူကို ရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကို လေးစားပြီး ဆက်ဆံကြည့်ကြ၊ ညှိကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ မရတဲ့သူတွေ အပေါ်မှာတော့ အမုန်းလည်းမပွား၊ အချစ်လည်းမထားတဲ့ ဥပေက္ခာတရား လက်ကိုင်ထားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ဘက်က လေ့ကျင့်ကြည့်ရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ 

ကိုယ့်အနေနဲ့က ကိုယ့်ထက်အသက် သိက္ခာ၊ ဂုဏ်ဝါကြီးတဲ့သူတွေအပေါ်မှာ ရိုသေရမှာ၊ ကိုယ့်အောက်နိမ့်ကျတဲ့ သူတွေအပေါ်မှာ သနားရမှာ၊ ကိုယ်နဲ့တန်းတူသူတွေအပေါ်မှာ လေးစားရမှာဖြစ်ပြီး အဲဒီသူတွေ ကောင်းတာမကောင်းတာ ကိုယ်နဲ့မဆိုင်ပါဘူး။ သူတို့မကောင်းတာ သူ့တို့အပြစ်ပဲ ဖြစ်တဲ့အတွက် ကိုယ်မကြိုက်လို့ မဆက်ဆံချင်ရင် အပြစ်တော့ အဖြစ်အခံပါနဲ့။ ဥပေက္ခာပြုပြီး နေနိုင်အောင်ပဲ ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ မကင်းရာ မကင်းကြောင်း ပတ်သက်ဆက်ဆံ နေရတယ်ဆိုရင်လည်း ကိုယ့်စိတ်ကိုယ်ရှင်းအောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် စောင့်ထိန်းကြဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဆိုတာ အာရုံတွေနောက်ကိုလိုက်ပြီး ခံစားမိတဲ့အခါ အပြစ်ကင်းနေရာကနေ အပြစ်တွေ ဖြစ်ပေါ်စေတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လိုက်ပြီးမခံစားဖြစ်အောင် လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ 

Read more »

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့


လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာ အခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှုတစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလ ကျွတ်လွတ်ပြီးဆုံးခြင်းကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြားချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်တစ်ခု အနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ ဥပုသ်သီလလေးဆောက်တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမှုကုသိုလ် အသေးလေးတောင် မလုပ်ဖြစ်တဲ့ သူတွေအနေနဲ့ တစ်ခါတလေ စဉ်းစားကြည့်သင့်ပါတယ်။ မအားတာဟာ ဘာတွေကြောင့် မအားတာလဲ၊ စားရေးအတွက်လား၊ နေရေးအတွက်လား၊ ဒါဆိုရင် သေရေးအတွက်နဲ့ ဘဝသံသရာ အရေးအတွက်ကော ဘယ်လိုလုပ်မလဲပေါ့၊ သေဖို့တောင် မအားဘူး ဆိုရင်တော့ သေမင်းက အားတဲ့အချိန်ကို စောင့်ခေါ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်မအားလည်း သူကအားအောင် လုပ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်ဆိုတာ တစ်နေကုန် အချိန်ပေးပြီး လုပ်မှရတာ မဟုတ်ပါဘူး။ ဘဝအရေးအတွက် မအားဘူးဆိုရင်လည်း ဒီလို နေ့ထူးနေ့မြတ်လေးတွေမှာတော့ မနက်အိပ်ယာထ၊ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဂုဏ်တော် တစ်ခုခု ပွားများတာတို့။ မေတ္တာလေးတွေ ပွားများတာတို့ စသဖြင့် ပေါပေါ့ပါးပါးလေးနဲ့ မှတ်မှတ်ရရလေး ဖြစ်အောင် လုပ်ယူလို့ ရတာတွေ အများကြီးပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်မှာ သဒ္ဓါတရားလေးတွေ တိုးပွားအောင် ကြိုးစားပြီး ကောင်းတဲ့စိတ်လေးတွေနဲ့ နေ့ထူးနေ့မြတ် တစ်ခုမှာ မှတ်မှတ်ရရ ကုသိုလ်တစ်ခုခုကို ရအောင်လုပ်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် နေ့စဉ်သောက်နေတဲ့ အရက်ကလေးကို ဒီလိုနေ့မျိုးမှာ မသောက်ဘူးဆိုပြီး သန္ဒိဋ္ဌာန်ချကာ နေလိုက်နိုင်ရင်ကိုပဲ ဒါဟာ ကိုယ့်အတွက် ကုသိုလ်တစ်ခု ရယူလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ 

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကိုဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြားအနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူအညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက် (၃၀-၁၀-၂၀၁၂)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြပါရန် အသိပေးတိုက်တွန်းရင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အဖြစ် အမှတ်တရ  အသိမျှလိုက်ရပါတယ်။

Read more »

ဥပုသ်စောင့်တယ်ဆိုတာ


တစ်လောက စာဖတ်ပရိတ်သတ် ဒကာလေးတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပည့်တော် ဒိအသက်ဒီအရွယ်အထိ ဥပုသ်တစ်ခါမှ မစောင့်ဖူးဘူးဘုရား၊ စောင့်ရကောင်းမှန်းလည်း မသိဘူး။ ဘယ်လိုစောင့်ရတယ်ဆိုတာလည်း မသိဘူး။ ပြောရရင် ဥပုသ်ဆိုတဲ့ အဓိပ္ဗါယ်ကိုတောင် ကောင်းကောင်းမသိဘူးဘုရား။ အဲဒါကြောင့် တပည့်တော်ကို ဥပုသ်စောင့်တာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါဘုရား” ဆိုပြီး မေးလျှောက်လာပါတယ်။ ဒါနဲ့ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းက သိသင့်တာလေးတွေ ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဥပုသ်ဆိုတဲ့ စကားလုံးက ဥပေါသထဆိုတဲ့ ပါဠိကို မြန်မာမှု ပြုထားတာပဲ ဖြစ်ပါတယ်။ ဥပေါသထဆိုတာ စောင့်ထိန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုလုပ်ခြင်းပဲ ဖြစ်ပြီး ကိုယ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေ၊ နှုတ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေကို သီလသိက္ခာပုဒ်တွေနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် လတစ်လရဲ့ လဆန်း (၈)ရက်၊ လဆုတ် (၈)ရက်နဲ့ လပြည့်၊ လကွယ်နေ့တွင်မှာ ပုံမှန်စောင့်ထိန်းနေကျဖြစ်တဲ့ ငါးပါးသီလထက် ကျော်လွန်ပြီး ရှစ်ပါး၊ ကိုးပါးစတဲ့ သီလတွေကို စောင့်ထိန်းနေထိုင်ခြင်းမျိုးကို ဥပုသ်စောင့်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ 

မှန်ပါတယ်။ သာမန်ပုထုဇဉ်တွေ အနေနဲ့ ကောင်းတဲ့အလုပ်တွေထက် မကောင်းတဲ့ အလုပ်တွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုမကောင်းတဲ့ အလုပ်တွေကို လက်တွေ့ကျူးလွန်တဲ့ အထိဖြစ်မသွားရအောင် သီလသိက္ခာပုသ်များနဲ့ အထိန်းအကွပ် ပြုပြီး နေထိုင်ကြရတာ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်ဆိုတာ စိတ်နဲ့တောင် မကျူးလွန်မိတာ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို အခြေအနေမျိုးအထိ မထိန်းနိုင်တာတောင်မှ စိတ်ထဲရှိတဲ့ အကုသိုလ်ကို နှုတ်နဲ့ကျူးလွန်တဲ့အထိ မဖြစ်လာအောင်၊ ကိုယ်ထိလက်ရောက် လုပ်လိုက်တဲ့အထိ ဖြစ်မသွားရအောင် သီလတရားတွေနဲ့ အထူးပြု စောင့်ထိန်းကြရခြင်း ဖြစ်ပါတယ်။ ဒီလို စောင့်ထိန်းရာမှာလည်း အပါယ်ကို လားစေနိုင်တဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင် ဗုဒ္ဓဘာသာတွေအနေနဲ့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံအောင် ထိန်းသိမ်းကြဖို့ ညွန်ပြကြတာဖြစ်ပြီး နေ့စဉ်စောင့်ထိန်းနေတဲ့ ငါးပါးသီလကို အထူးပြုပြီး ကာမဂုဏ်မေထုန်အမှုကို မလုပ်ဖြစ်အောင်၊ ကိလေသာဖြစ်စေနိုင်တဲ့ အာရုံတွေအပေါ်မှာ သာယာလုပ်ဆောင်မှု မဖြစ်ရအောင် အပိုသီလတွေ စောင့်ထိန်းစေဖို့ ဥပုသ်သီလစောင့်ထိန်းစေကြတာ ဖြစ်ပါတယ်။ 

အရာရာမှာ စိတ်ကသာ အဓိကကျတယ်ဆိုပေမယ့် ကိုယ့်စိတ်ကို ကိုယ့်စိတ်တိုင်းကျ အနိုင်မယူနိုင်၊ မထိန်းသိမ်းနိုင်သေးတဲ့ သာမန်ပုထုဇဉ်တွေ အနေနဲ့ကတော့ စိတ်မှာရှိနေတဲ့ အကုသိုလ်၊ ကိလေသာတွေကို လက်တွေ့ကျူးလွန်တဲ့အထိ မဖြစ်အောင် သီလတရား၊ ကိုယ့်ကျင့်တရားတွေနဲ့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ နှုတ်ကိုစောင့်စည်းခြင်း၊ ကိုယ်ကိုစောင့်စည်းခြင်း သီလတွေကို လုံခြုံအောင် ထိန်းထားလာနိုင်ရင် စိတ်မှာလည်း ယုံကြည်မှုတွေတိုးလား၊ စိတ်သန့်ရှင်းမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် စိတ်နဲ့ကျူးလွန်နိုင်တဲ့ မနောကံကိုလည်း တဖြည်းဖြည်း ထိန်းသိမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။ သီလလုံရင် စိတ်လည်းလုံနေမှာဖြစ်ပြီး စိတ်လုံနေရင် သမာဓိလည်း အဖြစ်လွယ်ကာ သမာဓိတည်ရင် ပညာလည်း ဖြစ်ဖို့အားကောင်းလာကာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိလေသာကုန်ရာ မဂ်ဖိုလ်ပညာများအထိ ရရှိစေနိုင်တဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ သီလစောင့်ခြင်းကို သံသရာမှ လွတ်မြောက်လိုသူတိုင်း ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဥပုသ်စောင့်ထိန်းခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံမြောက် ကျူးလွန်နိုင်တဲ့ အကုသိုလ်အလုပ်တွေ၊ ဝစီကံမြောက် လွန်ကျူးနိုင်တဲ့ အကုသိုလ်အလုပ်တွေနဲ့ ကိလေသာတိုးပွားစေနိုင်တဲ့ အပြုအမူတွေကို မလုပ်ဖြစ်အောင် သီလသိက္ခာပုဒ်များကို အထူးပြု စောင့်ထိန်းခြင်း ဖြစ်တဲ့အတွက် ဘဝမှာ အကုသိုလ် အလုပ်တွေမှာသာ အချိန်ကုန်များနေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ကောင်းတဲ့ထိန်းသိမ်းမှုတွေ ဖြစ်လာအောင် ဥပုသ်စောင့်ခြင်း၊ သီလထိန်းခြင်း စတဲ့ ကောင်းမှုတွေကို အရင်က တစ်ခါမှ မလုပ်ဘူးရင်လည်း လုပ်ဖြစ်အောင် လုပ်ကြည့်ကြရမှာ ဖြစ်သလို ပုံမှန်ဥပုသ်စောင့်နေကျ သူတွေအနေနဲ့လည်း မပျက်မကွက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ 

Read more »

ဧည့်သည်


“လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း…”

ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ ဆရာတော်ကြီး သီတင်းသုံး နေထိုင်တော်မူသွားသည့် နေရာ၊ ဆရာတော်ဘုရားကြီး ရေးသားပူဇော်သွားသည့် စာပေများကို ကြည့်ရှုလေ့လာ ရှင်းလင်းပြောကြားပေးရင်း ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ရေးစပ်ထားသည့် အထက်ပါ ကဗျာလေးကို အထူးသတိထားမိခဲ့၏။ ယခင်ကတည်းက ရထားပြီး ဖြစ်သော်လည်း အမှတ်တမဲ့သာ ရှိခဲ့သည့် ထိုကဗျာလေးသည် ယခုတစ်ခါ ပြန်လည်ဖတ်မှတ်မိသည့် အချိန်တွင်ကား အနှစ်သာရရှိသည့် ကဗျာတစ်ပုဒ်အဖြစ် စိတ်ထဲတွင် စွဲထင်သွားခဲ့တော့၏။ အထပ်ထပ် ရွတ်ဖတ်ရင်း ဆိုလိုရင်း အဓိပ္ပါယ်ကိုပါ ကိုရီးယား ဧည့်သည်များအား ရှင်းပြပေးဖြစ်ခဲ့၏။ မြန်မာပြည်သို့ ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့ကြသည့် ကိုရီးယား ဧည့်သည်များအား ဆရာတော်ကြီး ဆိုလိုသည့် ဧည့်သည်အကြောင်း ပြန်လည်ဟောကြားပေးဖြစ်ခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် တရားပွဲကြွစဉ် ဝေါမြို့၊ အဗျားဗိုလ်တဲရွာရှိ နောင်တော်ကြီးတစ်ပါး၏ ကျောင်းသို့ ခေတ္တဝင်ကာ ဆွမ်းစားနေစဉ် ဆွမ်းစာကျောင်းတွင် ရေးသားချိတ်စွဲထားသည့် ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ကဗျာကို နောက်ထပ်တစ်ဖန် ဖတ်မှတ်ခဲ့ရပြန်ပါ၏။ နောင်တော်ကြီးက “ဧည့်သည်တိုင်း၏ လမ်းခရီး” ဟူသော ခေါင်းစဉ်ဖြင့် မင်းကွန်းဆရာတော် ဘုရားကြီး၏ သီးကုံးရေးသားမှုကို အောက်ပါအတိုင်း စုစည်းပူဇော်ထား၏။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။ (မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

ဆရာတော်ကြီး၏ အထက်ပါ ကဗျာများကို ဖတ်မှတ်ပြီး နောင်တော်ကြီးကျောင်းမှ အပြန်ခရီးတွင် ဟိုကြွဒီကြွဖြင့် ဧည့်သည်လာ ဧည့်သည်သွား ဖြစ်နေသည့် မိမိဘဝကိုမိမိ ပြန်လည်သတိပြု ဆင်ခြင်မိနေခဲ့၏။ ထို့အတူ သံဝေဂဉာဏ်လည်း ဖြစ်နေခဲ့၏။ အထူးသဖြင့် စာရေးသူ လျှောက်လှမ်းနေသည့် ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် အခိုက်အတန့်ဆုံကာ ကွဲကွာသွားခဲ့ကြသည့် ဧည့်သည်များ အကြောင်းကိုလည်း သတိတရ ဖြစ်နေခဲ့ပြန်၏။ မခေါ်ဘဲနှင့်ရောက်လာပြီး မနှင်ဘဲနှင့် ပြန်သွားခဲ့ကြသည့် ဧည့်သည်များအကြောင်းကိုလည်း အတွေးနယ်ချဲ့နေမိ၏။

မှန်၏။ စာရေးသူ အပါအဝင် ပုထုဇဉ်သတ္တဝါမှန်သမျှ အားလုံးဧည့်သည်ချည်းသာ ဖြစ်ပါ၏။ အိမ်ပိုင်ယာပိုင်မရှိ ဟိုဟိုဒီဒီ ကျင်လည်နေကြရသည့် သတ္တဝါများ ဖြစ်သဖြင့် ဧည့်သည်လာ၊ ဧည်သည်သွား အဖြစ်နှင့်သာ အချိန်ကုန်နေကြရ၏။ ထိုသို့ ဧည့်သည်အဖြစ်နှင့် ဟိုဟိုဒီဒီ အတည်တကျမရှိ ဖြစ်နေသဖြင့်လည်း တစ်ခါတရံ အိမ်ကောင်းများတွင် လည်ပတ်ခဲ့ရသည်များ ရှိခဲ့ကြသကဲ့သို့ တစ်ခါတရံ အိမ်စုတ်များတွင် နေခဲ့ရသည်များလည်း ရှိခဲ့ကြ၏။ တစ်ခါတရံ အိမ်ရှင်ကောင်းများနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ခါတရံ အိမ်ရှင်ဆိုးများနှင့်လည်း ကြုံခဲ့ကြ၏။ မည်သို့သော အခြေအနေမျိုးတွင် ရှိခဲ့ပါစေ ဧည့်သည်များ ဖြစ်နေသဖြင့် အချိန်တန်လျင် အိမ်ပြန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည့်သည်အဖြစ်ဖြင့် သွားရောက်လည်ပတ်စဉ် ကြုံတွေ့ခဲ့ရသည့် သံယောဇဉ် မှန်သမျှသည်လည်း အချိန်တန်သည့်အခါ ချန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည်သည်များ ဖြစ်နေသမျှ အချိန်တန်လျင် အိမ်ပြန်ကြရမည်မှာ ဓမ္မတာပင် ဖြစ်ပါ၏။ သို့သော် မိမိပြန်မည့်အိမ်သည် မည်သို့သော အိမ်ဖြစ်မည် ဆိုသည်ကိုကား မိမိကိုယ်တိုင်မှတပါး၊ မိမိ၏ တည်ဆောက်မှုများမှတပါး၊ မိမိ၏ ဖန်တီးမှုများမှတပါး အခြားမရှိသည်သာ ဖြစ်ပါ၏။

ဤကား ခေတ်စကားနှင့် ပြောသည့် ဧည့်သည်အကြောင်းပင် ဖြစ်ပါ၏။ ဓမ္မစကားဖြင့် ပြောလျှင်ကား အရိယာ မဖြစ်သေးသည့် ပုထုဇဉ်များသည် သံသရာ ခရီးသွားနေကြသည့် ဧည့်သည်များ ဖြစ်နေပြီး ထိုဧည်သည်များ၏ အိမ်ဟူသည်ကား (၃၁) ဘုံ၊ တစ်နည်းအားဖြင့် သွားရာဂတိ (၅)မျိုးသာ ဖြစ်နေပါ၏။ သံသရာခရီး သွားနေကြသည့် ခရီးသွား ဧည့်သည်မှန်သမျှ အချိန်တန် အိမ်ပြန်ကြသည့်အခါ လူတို့နေရာ ဘုံဌာနခေါ် လူ့အိမ်၊ နတ်တို့စံရာ ဘုံဌာနခေါ် နတ်အိမ်၊ တိရစ္ဆာန်တို့သွားရာ ဘုံဌာနခေါ် တိရစ္ဆာန်အိမ်၊ ပြိတ္တာတို့ ကျင်လည်ရာ ဘုံဌာနခေါ် ပြိတ္တာအိပ်နှင့် ငရဲသားများ ခံစားရာဘုံဌာနခေါ် ငရဲအိမ်ဟူသည့် အိမ်များသို့သာ ပြန်ကြရမည် ဖြစ်ပါ၏။ ထိုအိမ်ငါးမျိုးတွင် လူ့အိမ်နှင့် နတ်အိမ်တို့သည် အိမ်ကောင်းများဟု ဆိုနိုင်ပြီး တိရစ္ဆာန်အိမ်၊ ပြိတ္တာအိမ်၊ ငရဲအိမ်တို့ကား အိမ်ဆိုးများဟု ဆိုရမည်သာ ဖြစ်ပါ၏။ မည်သို့ပင် အိမ်ဆိုးအိမ်ကောင်း ကွဲပြားနေသော်လည်း သံသရာခရီးသွား ဧည့်သည်များသည်ကား အချိန်တန်လျင် မိမိတို့ ဖန်တီးတည်ဆောက်ထားသည့် အတိုင်းသာ မိမိတို့နှင့်သင့်လျော်သည့် မိမိတို့အိမ်သို့သာ ပြန်ကြရမည် ဖြစ်ပါ၏။

သို့ဆိုလျင် သံသရာ ခရီးသွား ဧည့်သည်များအဖို့ အိမ်ပြန်သည့်အခါ မည်သည့်အိမ်သို့သွား၍ မည်သည့်အရာကို ယူဆောင်သွားမည်နည်းဟူသည့် အချက်ကို စဉ်းစားဖွယ် လိုအပ်လာပေ၏။ နောင်ထပ်လယ်စရာ အိမ်မရှိအောင် ယခုလက်ရှိ ဧည့်သည်အဖြစ် နေရသည့်အဖြစ်ကို အဆုံးသတ်ထားနိုင်လျင်ကား အိမ်ဆိုးအိမ်ကောင်း ရွေးစရာမလိုဘဲ အိမ်လယ်ရသည့် အလုပ်မှ ကင်းလွတ်သွားမည် ဖြစ်သော်လည်း ထိုသို့မလုပ်နိုင်သည့် ဧည့်သည်တစ်ယောက်အဖြစ်သာ နေထိုင်သွားမည်ဆိုပါက မကောင်းသည့် အိမ်များသို့လည်း သွားရောက်နေရမည် ဖြစ်ပါ၏။ ထို့ကြောင့် အိမ်စဉ်လှည့်လည် နေရသည့် ဧည့်သည်အဖြစ်မှ ကင်းလွတ်စေရန် အိမ်ပိုင်ယာပိုင်လေးရှိထားရန် လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ သံသရာခရီးသွား ဧည့်သည်အဖြစ်မှ ကုသိုလ်ကောင်းမှုများဖြင့် တည်ဆောက်ထားသည့် ကိုယ်ပိုင်အိပ်ပိုင်ရှင်၊ သစ္စာဉာဏ်ဖြင့် အရယူထားသည့် တည်မြဲသည့် သွားရာဂတိပိုင်ရှင်များအဖြစ် ယခုလက်ရှိအချိန်ကို အသုံးချကာ ကြိုးစားတည်ဆောက် ထားသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

သို့သော် ပုထုဇဉ်သတ္တဝါတို့သည်ကား ဧည့်သည်အဖြစ် နေနေရသည့် မိမိတို့၏ ဘဝအမှန်ကို မေ့လျော့ကာ ငါဟူသော အတ္တများကြောင့် ခဏတာဘဝတွင် အစအရာ မကစွာဖြင့် ချစ်ကြမုန်းကြဖြစ်ကာ မလိုသည့်အခါ ဒေါသဖြစ်လိုက်၊ လိုသည့်အခါ လောဘဖြစ်လိုက်ဖြင့် ဧည့်သည်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ တစ်အိမ်မှတစ်အိမ်သို့ ကူးပြောင်းလို့သာ နေနေကြပေ၏။ ဧည့်သည်အဖြစ်ဖြင့် ခဏတာ ရောက်လာခဲ့သည့် မိမိတို့၏ အဖြစ်ကို မေ့လျော့ကာ ငါ့သား၊ ငါးသမီး၊ ငါ့ဇနီး၊ ငါ့ဥစ္စာ စသည်များ အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေလေ ကြတော့၏။ အမှန်အားဖြင့် မိမိကိုယ်တိုင် ဧည့်သည်အဖြစ် ရောက်လာခဲ့စဉ်ကပင် ဘယ်ကလာ၍ ဘယ်အိမ်တွင် နားရမည်ကို မသိနိုင်သည့်အပြင် ရောက်လာချိန်ကတည်းကလည်း မည်သည့်အရာမျှ ပါလာခဲ့သည် မဟုတ်သည်မှာ သတိပြုရမည့် အချက်ပင်ဖြစ်၏။

ထို့အတူ ဧည့်သည်လုပ်ရင်း အချိန်တန် အိမ်ပြန်သွားသည့် အခါတွင်လည်း ကုသိုလ်ကောင်းမှုမှလွဲ၍ ဘာတစ်ခုမျှ ယူဆောင်မသွားနိုင် ကြသည်ကို အထူးသတိ ပြုသင့်ပေ၏။ အကောင်းဆုံးကား ယခုလက်ရှိ အချိန်မှာပင် ဟိုအိမ်ဒီအိမ် လယ်နေရသည့် သံသရာ ခရီးသွား ဧည့်သည်များအဖြစ်မှ ရုန်းထွက်ကာ တစ်ယောက်တည်းလာ တစ်ယောက်တည်း သွားမှုများကင်းရာ သံသရာအဆုံးဖြစ်သည့် နိဗ္ဗာန်သို့သာ အရောက်သွားနိုင်ရန် ကြိုးစားသင့်လှပေ၏။ သို့မဟုတ်လည်း လားရာဂတိ မြဲမြံသွားသည့် အရိယာအဖြစ်သို့ရောက်အောင် ကြိုးစားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် လက်ချည်းဗလာ လာခဲ့ရပြီး လက်ချည်းဗလာ ပြန်သွားရမည့် ဧည့်သည်အဖြစ်ဖြင့် ရောက်ရှိနေသည့် မိမိတို့၏ လက်ရှိဧည့်သည်ဘဝကို အဆုံးသတ်ကာ လားရာဂတိ အမှန်ရှိသည့် အိမ်ပိုင်ယာပိုင် အိမ်ရှင်များအဖြစ် ကုသိုလ်တရား ကြိုးစားပွားရင်း သုဂတိဘဝမှသည် နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်စေရန် အချိန်ရှိခိုက် လုံ့လစိုက်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။

Read more »

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ်



တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ် မျှော်လင့်နေရတဲ့ အလုပ်ဟာ အလွန်စိတ်ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးလေ၊ ပင်ပန်းမှုကြီးလေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ဒုက္ခက ပိုဆိုးလှပါတယ်။ သေချာတွေးကြည့်ရင် မျှော်လင့်နေရတာကိုက ဒုက္ခတစ်ခုလို ဖြစ်နေတာပါ။ မျှော်လင့်ချက်ရှိနေရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အပေါ်မှာ လွတ်လပ်သန်းရှင်းတဲ့ လုပ်ရပ်မျိုး မဖြစ်နိုင်သလို မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်လည်း ကိုယ့်ဒုက္ခကိုယ် လုပ်ယူလိုက်သလို ဖြစ်နေတတ်ပါတယ်။

အကောင်းဆုံးကတော့ မျှော်လင့်ချက်ကို လျော့ချလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အရာဆိုရင်လည်း အကျိုးသက်ရောက်မှုကို မမျှော်မှန်းဘဲ သန့်သန့်ရှင်းရှင်း လုပ်ပေးနိုင်အောင် ကြိုးစားပြီး ကိုယ့်အနေနဲ့လည်း ဘယ်သူအပေါ်ကမှ မျှော်လင့်နေတာမျိုး မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ရှိမှ ကိုယ်စားရမယ့် ခေတ်ကြီးမှာ ကိုယ့်အားကိုယ်ကိုးလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မတတ်သာလို့ မျှော်လင့်နေရတယ်ဆိုရင်လည်း အများကြီးတော့ မမျှော်လင့်မိကြဖို့လိုပါတယ်။ မျှော်လင့်နေရတဲ့ဘဝဟာ ကျားသနားမှ နွားချမ်းသာရာရသလို သူပေးမှ ကိုယ်ရမယ့် သဘောမျိုး ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင်တော့ မမျှော်လင့်တာဟာ စိတ်အသက်သာဆုံးပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် အကျိုးတရားကို မျှော်မှန်းတဲ့အလုပ်ဟာ အကြောင်းတရားကို ပေါ့ပျက်သွားစေတဲ့ သဘောရှိတဲ့အတွက် ကိုယ်ကလုပ်ပေးရတဲ့ အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် လုပ်ပေးလာကြတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အကျိုးတရားကို မျှော်လင့်နေတာမျိုး မဖြစ်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းကောင်းထားရင် သူ့သက်ရောက်မှုနဲ့သူ ရှိလာနေမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ကိုယ့်အကြောင်းတရားကိုပဲ ကိုယ်ကောင်းအောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အကြောင်းမကောင်းဘဲ အကျိုးကောင်းကို မျှော်လင့်နေတဲ့အလုပ်ဟာ ကိုယ့်ကံတရားကို မျက်ကွယ်ပြုရာရောက်နေသလို ဖြစ်တတ်တဲ့အတွက် မျှော်လင့်ချက်မထားတဲ့ စိတ်စေတနာကောင်းနဲ့သာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ အကျိုးမပြီး အချည်းနှီး ဖြစ်သွားရတယ်ဆိုတဲ့ ခံစားမှုမျိုး မဖြစ်ရအောင် ကိုယ်ကလုပ်ရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက် လုပ်ပေးလာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို  မျှော်လင့်ချက်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်အောင် ကြိုးစားပြီး အကျိုးကို မျှော်မှန်းနေတာထက် အကြောင်းကို ကောင်းအောင်လုပ်လိုက်ကြဖို့ပဲ ဖြစ်ပါကြောင်း အသိတစ်ခု မျှဝေမှု ပြုလိုက်ရပါတယ်။ 

Read more »

အချစ်အကြောင်း ပြောကြည့်ခြင်း


အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အချစ်ခံလိုက်ရတာပဲ ဖြစ်ဖြစ် ကြာတော့ အဲဒီအချစ်တွေက ငြိမ်းချမ်းမလာဘဲ ပူလောင်မှုတွေသာ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ကို မချစ်တဲ့သူတွေကို ကိုယ်က ချစ်မိတဲ့အခါ၊ ကိုယ်မချစ်တွေသူရဲ့ အချစ်ကို ခံရတဲ့အခါတွေမှာ ဒီအချစ်ရဲ့ ပူလောင်မှု သဘောကို ကောင်းကောင်းခံစားကြရတာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် မြတ်စွာဘုရားရှင်က “အချစ်တွေနဲ့ လွဲရခြင်း၊ အမုန်းတွေနဲ့ တွဲရခြင်းဟာ ဆင်းရဲခြင်းပဲ”လို့ ဟောတော်မူတာ ဖြစ်ပါတယ်။ 

တစ်ချို့က အချစ်စစ်အချစ်မှန်ဆိုတာ ရယူလိုမှု မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အချစ်လို့ ပြောရင်တော့ ရယူချင်တာ၊ ပိုင်ဆိုင်ချင်တာကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရယူချင်မှု၊ ပိုင်ဆိုင်ချင်မှု ရှိနေသမျှ ဒီအချစ်ဟာ ဘယ်လိုမှကို ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ အဲ ရယူပိုင်ဆိုင်မှု မရှိဘဲ အကျိုးလိုလားခြင်း သက်သက်ပဲဆိုရင်တော့ ဒါဟာ အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ သဘောမျိုးပဲ ဖြစ်ပါတယ်။ မေတ္တာဆိုရင်တော့ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် သူချမ်းသာလေ ကိုယ်ဝမ်းသာလေပဲ ဖြစ်ပါတယ်။ ဒီလို အချစ်မဟုတ်တဲ့ မေတ္တာသဘောမျိုး ဆိုရင်တော့ မေတ္တာများလေ ငြိမ်းချမ်းမှု အားကောင်းလေပဲ ဖြစ်ပါတယ်။ 

ခက်တာက ပုထုဇဉ် သဘာဝ မေတ္တာထားဖို့ထက် ချစ်စရာပွားဖို့ပဲ လိုလားကြတာ ဖြစ်တဲ့အတွက် သားသမီးအပေါ် အချစ်ကြီးတဲ့ မိဘတွေ၊ မိဘအပေါ် အချစ်များတဲ့ သားသမီးတွေ၊ ဇနီးမယားအပေါ် အချစ်ပိုတဲ့ လင်ယောက်ျားတွေ၊ လင်ယောက်ျားအပေါ် အချစ်လိုတဲ့ ဇနီးမယားတွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ကြီးတဲ့ သမီးရည်းစားတွေ စသဖြင့် ဘယ်လိုအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် အချစ်ကြီးလေ အပြစ်ကြီးလေ၊ အချစ်များလေ အပြစ်များလေ၊ အချစ်ကြီးလေ အမျက်ကြီးလေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အချစ်တွေများတော့ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ ဖြစ်စေချင်တာတွေ၊ မျှော်လင့်တာတွေ စသဖြင့် များနေပြီး အဲဒီအတိုင်း ဖြစ်မလာတဲ့အခါမှာလည်း အပြစ်တွေ၊ အမျက်တွေအထိ ပွားလာစေတော့တာ ဖြစ်ပါတယ်။ အချစ်ကို အခြေခံရာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဟာ ငြိမ်းချမ်းဖို့ထက် ပူလောင်ဖို့က ပိုများနေတတ်တာ ဖြစ်ပါတယ်။

ဆိုတော့ကား အကောင်းဆုံးကတော့ အချစ်တွေ မကင်းသေးတဲ့ ပုထုဇဉ်တွေ အနေနဲ့ အချစ်တွေကနေ မေတ္တာအဖြစ် မပြောင်းနိုင်သေးရင်လည်း ပူလောင်ခံစားမှုတွေ သက်သာအောင် အချစ်တွေကို လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အချစ်အစား မေတ္တာထားလာနိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုအရာ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာပဲ ဖြစ်ဖြစ် အချစ်တွေနဲ့ နွေးထွေးစေတာထက် အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ နွေးထွေးနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်သောင့်သက်သာ ရှိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် အချစ်ဆိုရင် ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို အချစ်ခံရတာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ငြိမ်းအေးမှုထက် ပူလောင်မူကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အစား မေတ္တာမထားနိုင်သေးတောင်မှ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အချစ်တွေကို လျော့နိုင်သမျှ လျော့ချစ်ကြပြီး အချစ်အစား အမုန်းမပွားနိုင်အောင်လည်း မေတ္တာတရား၊ ဥပေက္ခာတရားလေးထားပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အချစ်အကြောင်း တစ်စေ့တစောင်း အသိပေးတင်ပြလိုက်ရပါတယ်။ 

Read more »

ဘယ်သူပြိုင်လို့ နိုင်ပါ့မယ်


သူငယ်ချင်း နှစ်ယောက်…
တစ်ယောက်က အသောက်အစား အပျော်အပါးမှာ ဝါသနာထုံပြီး တစ်ယောက်ကတော့ အေးအေးဆေးဆေး နေတတ်ကာ စာဖတ်၊ သူချင်းနားထောင်၊ အင်တာနက်ထိုင်၊ တစ်ခါတလေ တရားနာ၊ တရားစာဖတ် နေလေ့ရှိတတ်သူ။ မတူညီတဲ့ စရိုက်တွေနဲ့ အတူတွဲနေတတ်ကြသူ အချင်းချင်း တစ်ခါတလေ ကိုယ့်ဝါသနာ သူ့ဝါသနာမှာ အတူပါလာအောင် ပြောဆိုကြ၊ အဖော်ဆွယ်တတ်ကြပါတယ်။ သူတို့နှစ်ယောက်လည်း ဒီလိုပါပဲ။

အသောက်အစား အားသန်တဲ့ သူငယ်ချင်းက အတူသောက်ဖို့ အဖော်ညှိပါတယ်။ “ငါ့ကို ခင်ရင် တစ်ခွက်လောက်တော့ ချကွာ” စတဲ့ အပြောတွေနဲ့ စည်းရုံးတတ်ပါတယ်။ တစ်ယောက်ကလည်း “ဟာ… ဒါတော့ ကျွန်တော်မလုပ်ပါရစေနဲ့၊ ခင်တာနဲ့ သောက်တာတခြားစီပါဗျာ” ဆိုပြီး ပြန်လည်ငြင်းဆန် တတ်ပါတယ်။

အေးအေးဆေးဆေးနဲ့ စာဖတ်ဝါသနာပါသူ၊ တရားနာတတ်သူ သူငယ်ချင်းကလည်း တစ်ခါတလေ “အစ်ကို ဒီတရားလေးကောင်းတယ် နာကြည့်ပါလား”လို့ တိုက်တွန်းတဲ့အခါ တစ်ယောက်က “ဟာ ကွာ တရားဘာလို့ နာမှာလဲ၊ ဒို့အသက်အရွယ်က တရားနာရမယ့် အရွယ်မဟုတ်ဘူး” ဆိုပြီး တိုက်တွန်းတဲ့သူကိုတောင်မှ အထူးအဆန်းသဖွယ် မြင်တတ်ကြည့်တတ် ပြန်တယ်တဲ့လေ။ 

မတူညီတဲ့ သူနှစ်ယောက်ရဲ့ ဆုံမှတ်မှာ ဘယ်သူက ဘယ်ဘက်ကို ပါသွားပြီး ဘယ်သူက ဘယ်လိုပြောင်းသွား မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကောင်းတဲ့အလုပ်တွေမှာ စိတ်ထက်သန်နေတဲ့ သူငယ်ချင်းကပဲ သူ့စိတ်ကို ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်မလား၊ ဒါမှမဟုတ် သူပါသောက်ဖြစ်သွားလေမလား၊ သိပ်သောက်တတ်တဲ့ သူငယ်ချင်းကပဲ အသောက်တွေလျော့ပြီး အေးအေးဆေးဆေးလေးနဲ့ စာဖတ်တရားနာတဲ့ အလုပ်တွေမှာ စိတ်ဝင်စားလာလေမလား။ ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။

သေချာတာကတော့ စိတ်ဟာ မကောင်းတဲ့ဘက်မှာ ပိုပျော်တတ်တယ်ဆိုတာ သေချာသလို ပြုပြင်မှု အားကြီးတဲ့သူဟာလည်း မကောင်းကနေ အကောင်းဘက်ကို ပြောင်းလဲလာတတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပျက်အဆင် ပြင်ခဏဆိုတဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို အသိဝင်ပြီး ပြုပြင်နိုင်တဲ့သူဟာ ဘယ်သူမှ ပြိုင်ဖို့မလိုတဲ့ ကိုယ်ကိုယ်ကို အနိုင်ရတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေ၊ အထူးသဖြင့် ပြည်ပရောက်တဲ့ လူငယ်တွေကြားမှာ အသောက်အစား၊ အပျော်အပါး လိုက်စားလွန်းတဲ့ သူတွေများလာတာကို တွေ့ရတတ်သလို ငယ်ပေမယ့်လည်း ဘာသာတရားနဲ့ လူမှုရေးများမှာ ကြိုးစားလုပ်ကိုင်လာကြတဲ့ လူငယ်တွေလည်း တဖြည်းဖြည်း တိုးပွားလာနေတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာရင်း ပြည်တွင်းမှာ မရှိတဲ့ လွတ်လပ်မှု၊ အထိန်းအကွပ်မဲ့မှု၊ ငွေတွေလက်ထဲမှာ ရှိလာမှု၊ အပေါင်းအသင်းတွေရဲ့ စည်းရုံးမှု၊ စိတ်ဖိစီးမှု စတာတွေကြောင့် တစ်ချို့လူငယ်တွေဟာ လောကဓံကို မခံနိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဘဝကို နေချင်သလို နေပစ်ရင်း အသောက်အစား အပျော်အပါးဘက်ကို ရောက်သွားတတ်တာတွေ ရှိသလို တစ်ချို့လည်း အဆင်မပြေမှုတွေ၊ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ မကောင်းတာနဲ့ မဖြေဘဲ ကောင်းတာတွေနဲ့ ဖြေနိုင်အောင် အားကိုးရာကို ရှာရင်း တရားနာဖြစ်၊ တရားစာဖတ်ဖြစ်၊ တရားထိုင်ဖြစ်ရာက လောကဓံကို ခံနိုင်ရည်ရှိလာကာ ဘဝမှာ ဓမ္မလေးတွေ တွဲပြီး နေလာကြတဲ့ သူတွေလည်း ရှိနေကြတော့တာ ဖြစ်ပါတယ်။

ဒီလို မတူညီတဲ့ ဆုံမှတ်တွေဘက်ကို ရောက်သွား၊ ပြောင်းသွားကြတဲ့ သူတွေဟာ များသောအားဖြင့် အပေါင်းအသင်းကြောင့် ဖြစ်သွားတတ်တာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ အပေါင်းအသင်းကြောင့် သောက်တတ် စားတတ်သွားတတ်တဲ့ သူတွေရှိသလို အပေါင်းအသင်းကြောင့် ဘာသာတရား အဆုံးအမများမှာ နေတတ်ထိုင်တတ်သွားတဲ့ သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အပေါင်းအသင်းဟာ လူတစ်ယောက်ရဲ့ ပြောင်းလဲမှုမှာ အများကြီး အရေးကြီးလှတာ ဖြစ်ပါတယ်။ 

အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာတော့ “မကောင်းတဲ့ အလုပ်တွေမှာ အပေါင်းအပါ ဖြစ်စေတဲ့ သူဟာ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း မဖြစ်နိုင်ကြောင်းနဲ့ ကောင်းတဲ့အလုပ်တွေမှာ အပေါင်းအဖော်ဖြစ်မှသာ မိတ်ကောင်းဆွေကောင်း အစစ်ဖြစ်နိုင်ကြောင်း” စသဖြင့် ဆိုထားတာရှိပါတယ်။ ဒီအဆိုအရဆိုရင်တော့ တစ်ချို့အပေါင်းအသင်းတွေဟာ မသောက်တတ်တဲ့သူကို သောက်တတ်လာအောင်၊ မကောင်းတာ မလုပ်တတ်တဲ့သူကို လုပ်တတ်လာအောင် နည်းပေးလမ်းပြ စည်းရုံးကြတာ ဖြစ်တဲ့အတွက် မိတ်ဆွေကောင်း မဟုတ်ဘူးလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်မပြောင်းနိုင်လို့၊ ကိုယ်ကြိုက်လို့၊ ကိုယ်ရုန်းမထွက်နိုင်သေးလို့ မကောင်းတာတွေ လုပ်ဖြစ်နေရင်လည်း သူများတွေ ပါလာအောင်၊ ကိုယ်နဲ့အဖော်ရှိလာအောင်တော့ မလုပ်သင့်ပါဘူး။ 

တစ်ချို့ ဒကာလေးတွေကို တွေ့ဖူးပါတယ်။ ဘာသာရေးနဲ့ အလွန်အကျွမ်းဝင်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ တရားနာတာ၊ တရားထိုင်တာ၊ တရားမေးလျှောက်တာ စသဖြင့် လုပ်နေကြတာတွေပါ။ သူတို့အပြောအရ သူတို့ထဲက တစ်ချို့ဟာ အရင်က အလွန်သောက်တတ်စားတတ် အပျော်အပါးတွေမှာ လိုက်စားတတ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ ဘဝဟာ တည်ငြိမ်နေကြောင်း၊ လောကဓံကို ကောင်းကောင်းကြီး ခံနိုင်ရည် ရှိလာနေကြောင်း စသဖြင့် သိခဲ့ရပါတယ်။ သူတို့တွေရဲ့ အပြောင်းအလဲကတော့ အပေါင်းအသင်းကောင်းအပေါ် အမှီပြုခဲ့ရတဲ့ ကျေးဇူးကြောင့်ဆိုတာ သက်သေပြုစရာပဲ ဖြစ်ပါတယ်။ 

ဒါတွေကိုကြည့်ရင် ဘဝမှာ ဘယ်သူပဲ ဖြစ်ဖြစ် ကောင်းချင်ရင်လည်း ခဏ၊ မကောင်းချင်ရင်လည်းခဏပဲ ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ပြုပြင်လိုက်နိုင်မှုပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် အားလုံးဟာ ဘာမှအကြာကြီး မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ရုန်းထွက်နိုင်တဲ့ အခိုက်ဟာ ပြောင်းလဲမှုရဲ့  အောင်မြင်မှု တစ်ဝက်ပဲဖြစ်ပါတယ်။ မကောင်းတဲ့သူဟာလည်း ပြောင်းလိုက်ရင် ကောင်းသွားမှာ ဖြစ်သလို ကောင်းနေတဲ့သူဟာလည်း အမှားလိုက်ရင် မကောင်းဘက်ကို အလွယ်တကူ ပြောင်းသွားစေတော့တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ ကောင်းခြင်းမကောင်းခြင်း၊ ပြောင်းခြင်းမပြောင်းခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့  ပြုပြင်မှုနဲ့ ကိုယ်ပေါင်းသင်းတဲ့ အပေါင်းအသင်းရဲ့ အားပြုမှုဟာ အခရာပဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြုပြင်မယ်ဆိုတဲ့ စိတ်ရယ်၊ လက်တွေ့အကောင်အထည်ဖော်တဲ့ ဝီရိယရယ်၊ အကောင်းဘက်မှာ အထောက်အကူ ပေးနိုင်မယ့် မိတ်ကောင်းဆွေကောင်းကို ရှာဖွေပေါင်းသင်းမှုရယ် စတာတွေနဲ့ ပူးတွဲပြီး ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး။ လက်တွေ့မလုပ်သေးလို့ မဖြစ်သေးတာပဲ ရှိရင်ရှိမယ်၊ လုပ်လို့နောက်ကျသွားတာ၊ ပြောင်းပေမယ့် မကောင်းတာ၊ ပြုပြင်ပေမယ့် မဖြစ်တာဆိုတာ အဆုံးအထိသွားရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဖြစ်ကိုဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုပါအောင် အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ပြိုင်ဆိုင်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းတာတွေကနေ ရုန်းထွက်နိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းတဲ့ အမှုအကျင့်တွေကနေ ကောင်းတဲ့အမူအကျင့်တွေအဖြစ် ပြောင်းနိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ စိတ်ကို ကောင်းမှုမှာ ပျော်နိုင်အောင် ပြိုင်ဆိုင်တာ၊ လုပ်နေကျ မကောင်းတဲ့ အလုပ်တွေကနေ မလုပ်ဘဲ နေနိုင်အောင် ပြိုင်ဆိုင်တာ၊ မလုပ်ဖူးသေးတဲ့ ကုသိုလ်အလုပ်တွေမှာ လုပ်နိုင်အောင် ပြိုင်ဆိုင်တာ စတာတွေဟာ ဘယ်သူပြိုင်လို့မှ မနိုင်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အပြိုင်အဆိုင်မျိုးကသာ အကောင်းဆုံးနဲ့ အမြတ်ဆုံး ပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ 

ဆိုလိုတာက ဘဝမှာ အပေါင်းအသင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အာရုံတွေနဲ့ အပြိုင်အဆိုင် ပြုလာကြတဲ့ အပေါ်မှာ သူပြိုင်ကိုယ်ပြိုင်၊ သူဆွဲကိုယ်ဆွဲ သူလုပ်ကိုယ်လုပ် စတဲ့ မဟုတ်တရုတ် အားပြိုင်မှုတွေနဲ့ ဆွဲရာနောက်ကို ပါသွားပြီး မကောင်းတဲ့ အလုပ်တွေကို လုပ်ဖြစ်ကြတာထက် ဒီလို အလုပ်တွေကို မလုပ်ဖြစ်အောင်၊ လုပ်ဖြစ်နေရင်လည်း အမြန်ရုန်းထွက်နိုင်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ်လိုသလို ပြိုင်ဆိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းကသာ ဘယ်သူမှ မနိုင်နိုင်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပင်ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် လူငယ်သဘာဝ၊ ပုထုဇဉ်အစဉ်အလာအရ စိတ်ဟာ မကောင်းတဲ့ အာရုံတွေမှာ သာယာပျော်ရွှင်လေ့ ရှိတတ်ပေမယ့် ဒီအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ ပြုပြင်မှု အပိုင်းမှာ ကိုယ့်စိတ်ကို ထိန်းကျောင်းနိုင်မှုဟာလည်း အရေးပါလှတာ ဖြစ်တဲ့အတွက် ပြုပြင်လိုတဲ့စိတ်ရယ်၊ လက်တွေ့ အကောင်အထည်ဖော်တဲ့ ဝီရိယရယ်ကို အရင်းတည်ကာ အပေါင်းအသင်းကောင်းတွေရဲ့ ကူညီမှုနဲ့ မကောင်းတာကနေ ကောင်းလာအောင် ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းကသာ ဘယ်သူပြိုင်လို့မှ နိုင်မည်မဟုတ်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပဲ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်၊ ကိုယ့်ကိုယ်ကို သိပြီး ကိုယ့်အသိနဲ့ကို ညှိကြဖို့ အသိပေးတင်ပြရင်း မှားနေရင်လည်း ပြင်ဆင်ကြဖို့ စေတနာထား မေတ္တာအားဖြင့် အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

သံသရာအဆက် ဖြတ်ကြည့်ခြင်း



တစ်လောက မေးခွန်းတစ်ခု ရောက်လာပါတယ်။ တစ်ဘက်သူက ဘယ်လိုမှကို ကိုယ့်အပေါ်မှာ မကောင်းတဲ့အတွက် အဲဒီသူအပေါ်မှာ လောကကြောင်းအရ ပြုကျင့်ပေးရမယ့် ဝတ္တရားတွေ မလုပ်ပေးဘဲ နေခြင်းဟာ ဝတ္တရားပျက်ရာ ရောက်ပါသလား၊ သူမကောင်းလို့ ကိုယ်အကောင်းမလုပ်ပေးတဲ့အတွက် မကောင်းတဲ့၊ တာဝန်မကျေတဲ့ သူထဲမှာ ကိုယ်လည်းအကျုံးဝင်သွား ပါသလားတဲ့…။ 

ကိုယ်ချင်းစာမိပါတယ်။ ပုထုဇဉ် သဘာဝ ခံရပါများတော့လည်း အဲဒီလို အတွေးတွေ ဝင်မိကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းစိတ်၊ သူတော်ကောင်း နှလုံးသားဆိုရင်တော့ သူမကောင်းလို့ ကိုယ်ပါလိုက်ပြောင်းပြီး မကောင်းလုပ်တာ၊ သူမဟုတ်လို့ သူ့အပေါ်မှာ ပြုကျင့်ရမယ့် ဝတ္တရားတွေ ပျက်ကွက်တာ စတာတွေ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့ သူတစ်ယောက်ဟာ သူ့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင် လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သူမကောင်းတာ သူ့အကြောင်းပဲ ဖြစ်တဲ့အတွက် ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံးကောင်းအောင် ကြိုးစားဖြစ်ကြမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခြင်းဟာ သံသရာကို အဆက်ဖြတ်ခြင်းပဲ ဖြစ်တဲ့အတွက် လိုက်နာလေ့ကျင့်သင့်ကြတာ ဖြစ်ပါတယ်။

တကယ်တော့ သံသရာရှည်စေမှုဟာ သူတပြန် ကိုယ်တပြန်တွေကြောင့် ရှည်စေကြတာ ဖြစ်တဲ့အတွက် ဝဋ်ကြွေးရှိလို့ ပေးဆပ်နေရတဲ့ အပိုင်းမှာ ကိုယ်ပါလိုက်ပြီး သူ့လို ပြုကျင့်မိလို့ သံသရာ ထပ်ရှည်မယ်ဆိုရင် အကြွေးတွေက ဆပ်ပြီးရင် ဆပ်နေကြရတော့မှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သူ့အမှားဟာ ကိုယ့်အမှားမဖြစ်အောင်၊ သူပျက်ပေမယ့် ကိုယ်မပျက်ဘဲ နေနိုင်အောင် ကြိုးစားခြင်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။   သံသရာအဆက်ကို သူမဖြတ်လည်း ကိုယ်ဖြတ်နိုင်အောင် ကြိုးစားခြင်းဟာ အမှန်ဆုံးပဲ ဖြစ်ပါတယ်။ 

Read more »

ဘဝအစာ ဓမ္မကဗျာများ



ကုသိုလ်တစ်ခု နေ့စဉ်ပြု
ကြီးသည်သေးသည် ရွေးမစီဘဲ
ကုသိုလ်တစ်ခု နေ့စဉ်ပြုက
ပြုဖန်ပါများ ထိုကံများကား
ကုသိုလ်ပြုသူ များထိုသူကို
အခုချမ်းသာ နောင်ချမ်းသာအောင်
ကောင်းမှုအစွမ်း အံ့မခမ်းဖြင့်
အကြောင်းအစု အကောင်းပြုမည်
မုချအမှန် မလွဲတည်း။ ။

ဘဝနဲ့ ဓမ္မ
ဘဝမှာ ဓမ္မမပါရင်
အလှဆိုတာ ခဏပါပဲ။

အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ
အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
တွေ့ကြုံလာရ တက်အကျနဲ့
အကောင်းအဆိုး ကြောင်းအကျိုးကို
ဓမ္မစကား၊ ဓမ္မအားနဲ့
အလှတရား ရသွားစေမှာ အမှန်ပါပဲ။

တွေကာမနှေး အသေအချာတွေးရင်
ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
အသိသတိ ထပ်တူရှိမယ့်
အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

ဒါကြောင့်...
အစနဲ့အဆုံး
ဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့
ခဏမကြည့် ဓမ္မနဲ့ညှိပြီး
အသိအကျင့် ထပ်တူဆင့်လျက်
ဘဝထဲမှာ ဓမ္မတွဲကာ
လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။

မဇ္ဈိမလမ်း အကျင့်စွမ်း
မြင်အောင်ကြည့်ပါ ထင်ယောင်မမိပါနဲ့
သိအောင်တွေးပါ ထိအောင်မတွေးပါနဲ့
မှန်အောင်ပြောပါ ကြံဆောင်မပြောပါနဲ့
ကောင်းအောင်လုပ်ပါ စောင်းအောင်မလုပ်ပါနဲ့
ဖြောင့်အောင်မွေးပါ မှောင့်အောင်မမွေးပါနဲ့
ဟုတ်အောင်ထုတ်ပါ ပုတ်အောင်မထုတ်ပါနဲ့
ကြိုကြိုသိပါ အပိုအလိုမရှိပါနဲ့
ငြိမ်အောင်လုပ်ပါ တိမ်တောင်မလုပ်ပါနဲ့
စတဲ့စကားများ အခမဲ့ကြားနေငြားလည်း
အခမဲ့နေလို့လားမသိ အမှတ်တမဲ့ပင် များနေဘိ၏။

အများတကာ မသိလို့ မှားတာတွေ ရှိပေမယ့်
အမှားတွေကြား အများတကာလို မမှားရအောင်
အမှန်အသိနဲ့ ပြန်ညှိကြဖို့
မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အတွေး
မှန်ကန်တဲ့အပြော၊ မှန်ကန်တဲ့အလုပ်
မှန်ကန်တဲ့အသက်မွေးမှု၊ မန်ကန်တဲ့ အားထုတ်မှု
မှန်ကန်တဲ့ သတိရှိမှု၊ မှန်ကန်တဲ့ တည်ကြည်မှုတွေနဲ့
အသိပညာ အကျင့်ပါအောင်
မြင့်ရာရည်မှန်း အရောက်လှမ်းဖို့
အလယ်အလတ်လမ်း အကျင့်စွမ်းဖြင့်
လိုရာပန်းတိုင် သင်စွဲကိုင်လော့...။ ။

မချစ်မမုန်း အကောင်းဆုံး
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ 
အချစ်များက အပြစ်များ၍
အမုန်းများက အရှုံးပွား၏။ 
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍
မေတ္တာ (ဥပေက္ခာ) နှလုံး ကျင့်ကာသုံးသည့်
အဖြူစင်ဆုံး ဤကျင့်ထုံးကား
အပြစ်လည်းကင်း အရှုံးကင်းမည့်
မချစ်မမုန်း အကောင်းဆုံးတည်း။ ။

ကောင်းမှုအစု ကြိုးစားပြုလော့
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။

Read more »

စေတနာအဟုတ်နဲ့ အမှန်လုပ်ပါ


လူအတော်များများက အလုပ်လုပ်တဲ့အခါ ဟန်ပြလုပ်တာတွေ၊ ဟန်ဆောင်လုပ်တာတွေကို လုပ်ပြလေ့ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင်လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့လည်း သူ့အလိုလို လဲသွားကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ကိုယ်လုပ်တဲ့အလုပ်ဟာ သူများအထင်ကြီးဖို့၊ သူများချီးကျူးခံရဖို့ အဓိကမကျပါဘူး။ ကိုယ့်စေတနာ မှန်ဖို့ပဲ အရေးကြီးလှတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်တွေမှာ စေတနာမှန်နဲ့သာ လုပ်သွားကြမယ်ဆိုရင် ဘယ်သူအထင်ကြီးကြီး မကြီးကြီး၊ ဘယ်သူလေးစားစား မစားစား ကိုယ့်ကိုယ်ကိုတော့ ကိုယ်ကိုယ်တိုင် အထင်ကြီးလေးစားနိုင်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်စောင့်နတ်နဲ့ သူတော်ကောင်းတွေကတော့ သာဓု ခေါ်နေကြမှာ ဖြစ်ပါတယ်။

အဓိကကတော့ စေတနာ အဟုတ်နဲ့ အမှန်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ စေတနာမှန်မယ်၊ ရိုးသားမယ်ဆိုရင် အကျိုးတရားဆိုတာ အချိန်တန်ရင် ကိုယ်ကမမျှော်လည်း သူ့အလုပ်သူလုပ်၊ သူ့အကျိုးသူပေးသွားမှာ ဖြစ်ပါတယ်။ 

သေချာတာကတော့ ဘာပဲဖြစ်ဖြစ် စေတနာမမှန်ရင် ကြာကြာမခံဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

Read more »

နေတတ်အောင် ကြိုးစားကြည့်ခြင်း


တစ်ချို့က တစ်ယောက်တည်းဆိုရင် မနေတတ်ဘူး။ တစ်ချို့က အများနဲ့ဆို မနေတတ်ဘူး။
တစ်ချို့က တစ်ယောက်တည်းနေလည်း ပြဿနာဖြစ်တယ်။ အများနဲ့နေလည်း ပြဿနာ ဖြစ်တယ်။ ဘယ်မှာ ဘယ်သူနဲ့ နေနေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ပြုပြင်မှု၊ ကိုယ့်စိတ်ကို ဆင်ခြင်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ဘဝမှာ အထီးကျန်ခြင်း၊ မကျန်ခြင်းဆိုတာဟာ အမြဲမြောင်းလဲနေတဲ့ လောကဓံ သဘောပဲ ဖြစ်တဲ့အတွက် တစ်ယောက်တည်းရှိနေလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်သလို၊ အများနဲ့ဆိုလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

 နေတတ်အောင် ကြိုးစားတယ်ဆိုတာက အပြစ်မဖြစ်အောင် ထိန်းသိမ်းနေထိုင်းခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ခဲ့ရင်လည်း အကုသိုလ် မဖြစ်အောင် ကြိုးစားပြီး သတိနဲ့ နေထိုင်ကြည့်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်း နေတဲ့အခါ ဖြစ်တတ်တဲ့ အကုသိုလ် အတွေးအကြံ၊ အပြောအဆို အလုပ်အကိုင်တွေကို သတိပြုဆင်ခြင်ကာ မဖြစ်အောင် ကြိုးစားနေထိုင်ခြင်းမျိုး၊ အများနဲ့နေတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အပြစ်ဖြစ်စရာ အမူအရာတွေမှာ သတိနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး စတာတွေဟာ အပြစ်ကင်းတဲ့ နေထိုင်ခြင်းမျိုးတွေပဲ ဖြစ်ပါတယ်။ 

တစ်ယောက်တည်း ရှိနေတဲ့အခါမှာ အထီးကျန်ဆန်တယ်ဆိုတဲ့ အတွေးမထားဘဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အပြစ်ကင်းတဲ့ အလုပ်တွေနဲ့ အချိန်တွေကို ကုန်လွန်စေကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ အလုပ်မရှိရင် စိတ်က မကောင်းတဲ့ အရာတွေမှာ ရှာကြံပြီး တွေးတောကြံစည်ကာ မကောင်းတဲ့ အလုပ်တွေကို လုပ်မိတဲ့အထိ ဖြစ်တတ်တဲ့အတွက် အဲဒီလို အခါမျိုးမှာ ကိုယ့်ကိုယ်ကို လုပ်စရာအလုပ်တစ်ခုခုကို ရှာပြီး လုပ်နေနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ 

ဒီလိုပါပဲ။ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ အများကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အများနဲ့နေလို့ အများမဟုတ်တာ ကိုယ်ကလိုက်လုပ်ဖို့ မဟုတ်ပါဘူး။ အများမဟုတ်တာလုပ်နေပေမယ့် ကိုယ့်က မသိမသာ အပြစ်ကနေ ရှောင်ကြဉ်ပြီး နေထိုင်နိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ မဟုတ်တာလုပ်တဲ့ သူတွေကြားမှာ ကိုယ်က မလုပ်လို့ အများနဲ့ အန်ဝင်ခွင်ကျ မဖြစ်ဘူးဆိုရင်လည်း ဒါဟာ စိတ်မှာခံစားရမယ့် အရာတွေ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အကျိုးမယုတ်ဖို့နဲ့ အများအကျိုး မထိခိုက်ဖို့ပဲ ဖြစ်ပါတယ်။ 

အချုပ်ကြည့်တော့ နေတတ်ထိုင်တတ်တယ်ဆိုတာ တစ်ယောက်တည်းနေနေ၊ အများနဲ့ပဲ နေနေ ကိုယ့်အတွက်လည်း အကျိုးမယုတ်၊ အများအတွက်လည်း မထိခိုက်တဲ့ အပြစ်ကင်းတဲ့ နေထိုင်မှုမျိုးနဲ့ နေထိုင်ခြင်းမျိုးကို ဆိုလိုတာဖြစ်ပြီး တစ်ယောက်တည်း ရှိနေတဲ့အခါမှာလည်း အပြစ်ကင်းတဲ့ အလုပ်တွေနဲ့ အထိးမကျန်အောင် နေထိုင်မှုမျိုး၊ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကောင်းတဲ့အရာတွေမှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခြင်း၊ မကောင်းတဲ့အရာတွေမှာ လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ခြင်း စတဲ့ အပြစ်ကင်းတဲ့ နေထိုင်မှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ 

ဆိုတော့ကား ပုထုဇဉ် သဘာဝ အပြောလွယ်သလောက် အလုပ်ကတော့ ခက်တတ်ပါတယ်။ ဒါပေမယ့် ခက်တယ်ဆိုပြီး ဖြစ်ချင်သလို လွှတ်ထားလို့ မရပါဘူး။ လွှတ်ထားရင် လွတ်သွားတတ်ပါတယ်။ သတိကပ်ပြီး ထိန်းနိုင်သလောက် ထိန်းကြည့်ကြရမှာ ဖြစ်ပါတယ်။ အလေ့အကျင့်များလာရင် စိတ်ဆိုတာက ထိန်းလို့ရလာမှာ ဖြစ်ပါတယ်။ အဓိကကတော့ သတိမလွတ်ကြဖို့ပဲ ဖြစ်ပါတယ်။ 

Read more »

အသတ်လွဲနေကြသူများ


သက်မဲ့တစ်ခုကြောင့် သက်ရှိအစုကို သတ်ဖြတ်ကြသူများ
ပညတ်တစ်ခုကြောင့် အပြစ်မဲ့တစ်စုကို သတ်ဖြတ်ကြသူများ
အစွဲတစ်ခုကြောင့် အလွဲအမှုကို ပြုလုပ်ကြသူများ
ကိုးကွယ်ရာမှားလို့ ဒို့ဘာသာတရားကို ထိုးနှက်ကြသူများ
စသည်စသည်ဖြင့် ဒေါသသမားတွေက ကိုယ့်တရား ကိုယ်မစီရင်၊ ကိုယ့်ကိုယ်ကို မဆင်ခြင်ဘဲ အသတ်တွေ လွဲနေကြပေပေါ့။

အပြင်ပိုင်းအသွင်ကို အထင်အတိုင်း အမြင်တွေနဲ့ ဖြစ်ချင်ရာဖြစ် ရက်စက်ပစ်ကြပေမယ့် ကိုယ့်အတွင်းပိုင်းမှာတော့ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ မာနမီးတွေကြောင့် ထင်တိုင်းတောက်ကာ အပူလှိုင်းအောက်မှာ လူရိုင်းသဘောက်ပုံပေါ်ပြီး မြင်သမျှသူတွေအပေါ်မှာ ချမ်းသာမဖြစ် နွမ်းစရာညစ်ပင် ဖြစ်နေကြပေပေါ့။

လောဘအပူမီး၊ ဒေါသအပူမီး၊ မောဟအပူမီးတွေနဲ့ မြင်မြင်သမျှမဆင်ခြင် ထင်သမျှသူတွေကို သတ်ဖို့ကြိုးစားနေကြပေမယ့် ကိုယ့်အပူမီး ကိုယ်မညိမ်းနိုင်၊ ကိုယ်ဒေါသမီး ကိုယ်မသတ်နိုင်တော့ မြင်ရသူမှာ မအေးချမ်း ဘေးမသန်းပါစေနဲ့လို့ပဲ မေတ္တာရှေ့ထား တွေ့ရာကို ပွားနေကြရပြန်ပေါ့။ 

တွေကာမနှေး အသေအချာတွေးရင် မြင်မြင်တကာ မသတ်ခင် ကိုယ့်ကိုယ်ကိုဆင်ခြင် ကိုယ့်အသွင် ကိုယ်ပြင်ပြီး ကိုယ့်အတွင်းရန် ကိုယ်တွန်းလှန်နိုင်အောင် ကြိုးစားရမှာပါ။ 
ကိုယ့်အပူမီး ကိုယ်အရင်ညိမ်းပြီး ကိုယ့်မီးကိုယ်သတ် ကိုယ့်ကိုယ်ကို အရင်ဖြတ်ကြရမှာပါ။ 
ကိုယ့်ဒေါသကို ကိုယ်ဆင်ခြင် ကိုယ့်ကိုယ်ကို ပြင်ပြီး အပြင်မရောက် ထင်သလို မဖောက်နိုင်အောင် အားထုတ်ကြရမှာပါ။ 
ကိုယ့်လောဘ၊ ကိုယ့်မောဟနဲ့ ကိုယ့်မာနပါ ကိုယ့်ဣဿာတွေဟာ သူ့ကိုမသတ် ကိုယ့်ကိုသတ်နေတဲ့ အတွင်းမီးလျှံ အတွင်းရန်တွေပဲ ဖြစ်တဲ့အတွက် မှတ်လိုသပ သတ်လိုကြရင်ဖြင့် တခြားမသတ် အတွင်းရန်ကိုပဲ သတ်ကြရမှာပါ။ 

ဒါကြောင့် ဟိုယိုးဒီယိုး ထင်အငြိုးတွေနဲ့ ဟိုဖြတ်ဒီဖြတ် အသွင်သတ်နေကြတဲ့ သူတွေအနေနဲ့ ရတက်မစွဲ အသတ်မလွဲရအောင် သူ့ကိုမသတ် ကိုယ့်ကိုသတ်နေတဲ့ အတွင်းအပူစာ ကိလေသာတွေကိုသာ အချိန်ရှိခိုက် လုံ့လစိုက်ပြီး သတ်လိုက်ကြပါ အို လူတကာတို့…။ 

Read more »

အမျက်ပြေ၍ အခက်ဝေစေရန်


မည်သူမဆို ဘ၀တွင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများသည်လည်း များပြားလာနေမည်သာ ဖြစ်၏။ ထိုအတွေ့အကြုံများတွင် အကောင်းများရှိသကဲ့သို့ အဆိုးများလည်း ရှိတတ်၏။ အမှန်များရှိသကဲ့သို့ အမှားများလည်း ရှိတတ်၏။ အကောင်းနှင့် အမှန်ဖြစ်ခဲ့သည့် အတွေ့အကြုံများသည် ကောင်းနေပြီးသား ဖြစ်သဖြင့် အထွေအထူး ပြောင်းစရာ မရှိသော်လည်း အဆိုးများနှင့် အမှားများကား မကောင်းသဖြင့် ပြောင်းပစ်ရန်လိုအပ်၏။ မမှန်သဖြင့် ပြင်ရန်လိုအပ်၏။ ထိုအမှားများသည် ကိုယ်ထိလက်ရောက် လုပ်ခဲ့သည့် အမှားများ၊ နှုတ်ဖြင့်ပြောဆိုခဲ့သည့် အမှားများ၊ စိတ်ဖြင့် ပြစ်မှားခဲ့သည့် အမှားများဟူ၍ အမျိုးမျိုးရှိတတ်ရာတွင် မည်သည့်အမှားမျိုးပင် ဖြစ်စေ အချိန်မီ သတိဝင်၍ ပြုပြင်နိုင်လျှင် အမှန်ဖြစ်လာပြီး အကောင်းအဖြစ် ပြောင်းသွားမည်သာ ဖြစ်၏။ အမျက်ပြေ၍ အခက်ဝေမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ အချိန်မနှောင်းခင် ပြောင်းပြင်နိုင်မှုသည်သာ အဓိကဖြစ်၏။

မှန်၏။ ဘ၀တွင် မည်သူမဆို တစ်ခါတစ်ရံ သတိလက်လွတ် လုပ်လိုက်မိသည့် လုပ်ရပ်များ ရှိတတ်၏။ သတိလက်လွတ် ပြောလိုက်မိသည်များ၊ အကြောင်းအရင်း အစစ်အမှန်ကို မသိဘဲ မိမိစိတ်အထင်ဖြင့် ပြစ်မှားမိတတ်သည်များလည်း ရှိတတ်၏။ သတိလက်လွတ် လုပ်လိုက်မိတတ်သော်လည်း စေတနာပါသွားသည့် အခါ ထိုလုပ်ရပ်များသည် တစ်ဖန်အကျိုး ပြန်ထင်လာတတ်၏။ ပုထုဇင်များ ဖြစ်နေ၍လည်း တစ်ခါတစ်ရံ ပုထုဇင်တို့ သဘောသဘာဝအတိုင်း စိတ်ထင်သည့်အတိုင်း ပြုလုပ်ပြောဆိုကြံစည်မိတတ်၏။ တစ်စုံတစ်ယောက်ကို အကြောင်းပြု၍သော် လည်းကောင်း၊ တစ်စုံတစ်ခုကို အကြောင်းပြု၍သော် လည်းကောင်း အပြုမှား၊ အပြောမှား၊ အကြံအစည်မှားများ ဖြစ်ပေါ်တတ်၏။ ပြုလုပ်သူ မိမိသည် ဘာမျှမသိလိုက်သော်လည်း မိမိလုပ်ခဲ့သည့် အလုပ်၏ အကျိုးရလာဘ်က တန်ပြန်အကျိုး ပေးမှုကို ဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သူနှင့်မဆို တဒင်္ဂပဲဖြစ်ဖြစ် အတူတကွ ရှိနေကြသည့် အခိုက်တွင် မသိနိုင်သည့် လုပ်ရပ်များကြောင့် တစ်ဦးအပေါ်တစ်ဦး သတိလက်လွတ် ပြုမူပြောဆိုကြံစည်မှုများ ရှိနိုင်ကြသဖြင့် အကယ်၍ အပြစ်တစ်စုံတစ်ရာ ရှိခဲ့ပါက ကျေပါစေကြောင်း ၀န်ခံတောင်းပန်မှုများ၊ ခွင့်လွတ်သီးခံမှုများနှင့် သံသရာအစဉ်အဆက် ပါမသွားရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်၏။

မိမိ၏ မကောင်းမှု လုပ်ရပ်များသည် ကာယကံမြောက် ကျူးလွန်မိသည်အထိ ရောက်မသွားသေးပါက ယခုဘ၀မှာပင် တစ်ဦးအပေါ်တစ်ဦး ၀န်ချတောင်းပန်မှုများ ပြုလုပ်ကြခြင်းဖြင့် အပြစ်များ ပြေငြိမ်းသွားကာ ကောင်းကျိုးများကို ဖြစ်နိုင်ပေ၏။ မိမိသည် ပုထုဇင်ဖြစ်သဖြင့် တစ်စုံတစ်ယောက်အပေါ်တွင် အလုံးစုံ ပြည့်စုံစွာ မသိနိုင်တတ်ပေ။ မသိနိုင်သဖြင့်လည်း မိမိစိတ်နှင့် အခန့်မသင့်သည့်အခါ မိမိမအလိုအတိုင်း မဖြစ်သည့် အခါမျိုးတွင် အနည်းဆုံး နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်ဖြင့်သော်လည်းကောင်း အပြစ်ဖြစ်ဖွယ် အပြောအဆို ကြံစည်မှုများ ပြုလုပ်တတ်ပေ၏။ အကယ် ထိုတစ်စုံတစ်ယောက်သည် မိမိထက် အကျင့်သီလပြည့်စုံသူ ဖြစ်ခဲ့ပါက မိမိပြောဆိုကြံစည်မှုများသည် အပြစ်တစ်စုံတစ်ရာ ဖြစ်ပေါ်တတ်ပေ၏။ တစ်ဘက်သူက မသိနိုင်သော်လည်း မိမိလုပ်ရပ်ကို မိမိက သိနိုင်သဖြင့် တန်ပြန်သက်ရောက်မှုလည်း မိမိထံသို့သာ ရောက်လာတတ်ပေ၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက် အပေါ်တွင် အပြစ်ရှိက ခွင့်လွတ်ကြရန် တောင်းပန်သမှု ပြုကြသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓလက်ထပ်က သောရေယျ အမည်ရသည့် သာဝတ္ထိပြည်သား သူဋ္ဌေးသား တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူဋ္ဌေးသားသည် အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ ရေကစားရန် ရေချိုးဆိပ်သို့ ထွက်လာခဲ့၏။ ထိုအချိန်သည် အရှင်မဟာကစ္စည်း မထေရ်သည်လည်း မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ရေချိုးဆိပ်တွင် ရေသပ္ပါယ်တော်မူနေသည့် အချိန်ဖြစ်၏။ သောရေယျ သူဋ္ဌေးသားသည် ရေးချိုးဆိပ်သို့ ရောက်သည့်အခါ ရေးချိုးနေသည့် အရှင်မဟာကစ္စည်း မထေရ်ကို မြင်ပြီး မထေရ်၏ ရွှေအဆင်းကဲ့သို့ ၀င်းဝါနေသည့် အသားအရေကို ကြည့်ကာ “ဤမထေရသည် ငါ့ဇနီးဖြစ်မူကား ကောင်းလေစွ၊ ငါ့ဇနီး၏ အသားအရေ အဆင်းသည် ဤမထေရ်ကဲ့သို့ ဖြစ်ပါမူကား ကောင်းလေစွ…” ဟု ကြံစည်မိလေ၏။ ထိုသို့ ကြံစည်သည့်အခိုက်မှာပင် သောရေယျသူဋ္ဌေးသားသည် ယောက်ျားအသွင်ပျောက်ကာ မိန်းမအသွင်ဖြင့် ကိုယ်လက်အင်္ဂါများ အကုန်ပြောင်းသွားလေတော့၏။ မိန်းမတစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားသည် အသွင်ပြောင်းသွားသည့် မိမိကိုယ်ကိုကြည့်ကာ အလွန်ရှက်လှသဖြင့် သာဝတ္ထိပြည်မှ ထွက်ပြေးသွားကာ နောက်ဆုံးတွင် ကုန်သည်များနှင့်အတူ တက္ကသိုလ်ပြည်သို့ ရောက်သွားလေ၏။ ထိုတက္ကသိုလ်ပြည်မှာပင် သူဋ္ဌေးသားတစ်ယောက်နှင့် ပေါင်းဖက်မိကာ ကလေးနှစ်ယောက်ပင် ရခဲ့လေတော့၏။ သာဝတ္တိပြည်တွင်လည်း သူဋ္ဌေးသားဘ၀ဖြင့် အိမ်ထောင်ကျကာ ကလေးများ ရရှိခဲ့သေး၏။ ယခုတစ်ဖန် မိန်းမဘ၀ဖြင့် ကလေးနှစ်ယောက် ထပ်ရပြန်၏။ တစ်ဘ၀တည်း၌ပင် ယောက်ျားဘ၀၊ မိန်းမဘ၀ဖြင့် သားသမီးများ ရရှိခဲ့သည့် သောရေယျ၏ ဘ၀သည် လက်တွေ့ဆန်သည့် ကံအကျိုးပေးသဘောကို ထင်ဟပ်စေလေ၏။

တစ်နေ့တွင် သာဝတ္ထိပြည်မှ သောရေယျ၏ သူငယ်ချင်းတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ ရောက်လာခဲ့၏။ ထိုသူငယ်ချင်းကို မြင်သည့်အခါ မိန်းမတစ်ဖြစ်လဲ သောရေယျသည် ကောင်းစွာမှတ်မိပြီး ထိုသူငယ်ချင်းနှင့် တွေ့ဆုံကာ သူ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေ၏။ သောရေယျ၏ သူငယ်ချင်းသည် အဖြစ်အပျက်အားလုံးကို သိရပြီး “ယခုအခါ အရှင်မဟာကစ္စည်း မထေရ်သည်လည်း တက္ကသိုလ်ပြည်ကိုပင် အမှီပြု၍ သီတင်းသုံး နေတော်မူကြောင်း၊ သောရေယျအနေဖြင့် အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ အပြစ်ကို ၀န်ချတောင်းပန်သင့်ကြောင်း…” စသဖြင့် အကြံပြုလိုက်၏။ သောရေယျလည်း သူငယ်ချင်း အကြံပြုသည့်အတိုင်း အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ မိမိပြစ်မှားခဲ့သည့် အပြစ်ကို ခွင့်လွတ်ရန် ၀န်ချတောင်းပန်လိုက်သဖြင့် မိန်းမအသွင်မှ မူလသူဋ္ဌေးသား အသွင်သို့ ပြန်ရောက်သွားခဲ့၏။ သောရေယျသည် မိမိ၏ ဘ၀ဖြစ်သန်းမှု၊ မိမိ၏ ပြစ်မှားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကံတရား၏ တန်ပြန်အကျိုးသက်ရောက်မှု စသည်များကို ကောင်းစွာသဘောပေါက် သိမြင်ပြီး နောက်ဆုံးတွင် အရှင်မဟာကစ္စည်းမထေရ်ထံတွင် ရဟန်းအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့လေ၏။ ရဟန်းဘ၀ဖြင့် ရဟန်းတရားကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်းပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့လေတော့၏။ ဤကား သီလသမာဓိပညာ မြင့်မားသည့် သူများအပေါ်တွင် ကာယကံမြောက်၊ ၀စီကံမြောက်ပြစ်မှားခြင်းမျိုး မဟုတ်ဘဲ မနောကံမျှဖြင့် ပြစ်မှားမိခဲ့သည့် အမှားတစ်ခု၏ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရသည့် သောရေယျ သူဋ္ဌေးသား၏ လက်တွေ့ဘ၀အကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။

အထက်ပါ သောရေယျမထေရ် တစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားအကြောင်း အဖြစ်အပျက်ကို ကြည့်ပါက အမှားလုပ်ခဲ့သည့် ကံတရား၏ တန်ပြန်သက်ရောက်မှု သဘောကို ကောင်းစွာသိမြင်နိုင်ပေ၏။ ရုတ်တရက် ပြစ်မှားခဲ့သည့် အပြစ်၏ အကျိုးသက်ရောက်မှုသည် ကြီးမားပြီး ရှည်ကြာလှသည်ကို သတိပြုနိုင်မည်ဖြစ်၏။ မကောင်းမှု အကုသိုလ်အပြစ်သည် ဘာမျှမဖြစ်လောက်ပါဘူး၊ အသေးအဖွဲလေးပါဟု တွေးကာ အထင်သေးပြီး လုပ်မိတတ်ပေမယ့် ပေးဆပ်ရသည့်အခါ အပြစ်ကြီးမားပြီ့း အချိန်ကြာလှသည်ကို နားလည်နိုင်ပေ၏။ ထို့သို့ ဆိုးကျိုးကြီးများကို ဖြစ်စေနိုင်သဖြင့် ပညာရှိများက မည်သို့သော မကောင်းမှု ဒုစုရိုက်မျိုးကိုမျှ မပြုလုပ်မိကြရန် သတိပေးတော်မူကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်တရက် လုပ်ခဲ့မိသည့် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများ ရှိလျှင်လည်း အချိန်မီ အသိဝင်ကာ ပြုပြင်နိုင်သမျှ ပြုပြင်ကြ၍ တောင်းပန်ခြင်း၊ ခွင့်လွတ်ခြင်းများဖြင့် သံသရာရှည်ကြာမည့် အပြစ်များကို ဖြတ်တောက်ကြရန် တိုက်တွန်းတော်မူကြခြင်း ဖြစ်၏။

မြတ်စွာဘုရားရှင်၏ သာသနာတော်တွင်လည်း ဘုရားရှင်သည် ရဟန်းတော်များ အချင်းချင်း အကယ်၍ အပြစ်များ ရှိခဲ့လျှင် ရှိခဲ့သည့် အပြစ်များကို ၀န်ခံခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်စေသည့်အပြင် အပြစ်မြင်ကလည်း ပြောဆိုဆုံးမရန် အချင်းချင်း ဖိတ်ကြားကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ၀ါတွင်းကာလပြီးဆုံး၍ ၀ါကျွတ်ကြသည့်အခါ ရဟန်းတော်များအချင်းချင်း သိမ်အတွင်း စုရုန်းကာ အပြစ်များဝန်ချတောင်းပန် ဖိတ်ကြားခြင်း အလေ့ကို ထေရ၀ါဒ ရဟန်းတော်များ အနေဖြင့် ယနေ့တိုင်အောင် လုပ်ဆောင်နေကြခြင်း ဖြစ်၏။ ရဟန်းတော်များ ၀ါကျွတ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်လေ့ရှိကြသည့် ပ၀ါရဏာပွဲသည် ထိုဓလေ့ကို လက်တွေ့အကောင်အထည် ဖော်ပေးနေသည့်ပွဲပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘုရားရှင် မိန့်တော်မူသည့်အတိုင်း နေရသည့်အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အမျက်ပြေ၍ အခက်ဝေစေရန် ၀န်ချတောင်းပန်ခြင်း၊ ခွင့်လွတ်သီးခံခြင်းများဖြင့် သံသရာအဆက် တိုစေရန် ကြိုးစားကြဖို့ သတိပေးတော်မူခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ အလုပ်တစ်ခု၏ အကျိုးသက်ရောက်မှုသည် ပြုလုပ်သူ၏ စေတနာသို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွဲပြားနိုင်သဖြင့် မည်သို့ပင်ဖြစ်စေ ခဏတာ တွေ့ကြုံဆုံကြ ပေါင်းဖော်ကြသည့် အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်မဖြစ်စေရန် တောင်းပန်သူကလည်း စေတနာအရင်းခံဖြင့် တောင်းပန်ပြီး ခွင့်လွတ်သူကလည်း မေတ္တာအပြည့်ဖြင့် ခွင့်လွတ်ကြရန် ဖြစ်ပါ၏။ သံသရာတွင် ကျင်လည်ခဲ့ရသည့် ဘ၀ပေါင်းများစွာတွင် အမျိုးမတော်စပ်ဖူးသူ မရှိနိုင်သဖြင့် ယခုဘ၀ တွေ့ဆုံကြသည့် အခိုက်တွင်လည်း မိမိတို့၏ အမျိုးများကို ပြန်တွေ့ကြရသည်ဟု သဘောထားကာ မှားခဲ့သည့်သူကလည်း အမှားများကို ၀န်ချတောင်းပန်ပြီး အတောင်းပန်ခံရသူကလည်း ခွင့်လွတ်သီးခံခြင်းဖြင့် မေတ္တာ ထားနိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါ၏။ အမှားမလုပ်မိလျှင် အကောင်းဆုံး ဖြစ်သော်လည်း မှားမိလာပြီဆိုလျှင်ကား အပြစ်ကျေရန် အလွတ်တကူ ၀န်ချတောင်းပန်ခြင်းကိုလည်း ပြုလုပ်သင့်ပေ၏။ သို့မှသာ အပြစ်ရှိသူလည်း အပြစ်ကျေ၍ ခံရသူလည်း အမျက်ပြေမည် ဖြစ်ပါ၏။

အချုပ်အားဖြင့် အကုသိုလ်အပြစ်ဖြစ်ရန် အလွယ်လွယ်လှသည့် ယနေ့ခေတ်တွင် ကာယကံ၊ ၀စီကံ၊ မနေကံတို့ကို အကြောင်းပြု၍ မကောင်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဖြစ်ပေါ်လာသည့် အပြစ်များ အမျက်ပြေ၍ အခက်ဝေစေရန်၊ အဖြစ်နည်း၍ အပြစ်စဲစေရန် တွေ့ကြဆုံကြ ကြုံကြရသည့် အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်များကို ၀န်ချတောင်းပန်ခြင်း။ အပြစ်ရှိက ပြောဆိုဆုံးမကြရန် ဖိတ်ခေါ်ခြင်း၊ အပြစ်ပြ၍ ဆုံးမလာလျှင် လက်ခံပြုပြင်ခြင်း၊ အမှားသိ၍ တောင်းပန်လာလျှင်လည်း ခွင့်လွတ်ပေးခြင်းများဖြင့် အကြောင်းဆုံ၍ ပေါင်းဆုံကြသည့် အမျိုးများအပေါ် အကောင်းဆုံးမျှော်ကာ ပေါင်းဖော်ကြပါဟု အလေးဂရု တိုက်တွန်းမှု ပြုလိုက်ရပါ၏။ အားလုံး အမျက်ပြေ၍ အခက်ဝေနိုင်ကြပါစေ…

Read more »

ရချင်ရင် ပေးပါ



မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေးခြင်းမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် အနေအထား အားလုံးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်က အပြုံးလိုချင်ရင် ကိုယ်ကအရင် ပြုံးပြရမှာဖြစ်သလို ကိုယ်က အကောင်းကြားချင်ရင်လည်း ကိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် ကိုယ်ကအရင် အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင် ဆက်ဆံပြရမှာ ဖြစ်ပါတယ်။ 

အဲ… အဲဒီလို ကိုယ်ကောင်းရဲ့သားနဲ့ သူကမကောင်းဘူးဆိုရင်တော့ ဒါဟာ သူ့အကြောင်းပဲ ဖြစ်ပါတယ်။ သူ့အကြောင်းဟာ သူ့အကျိုးပဲ ဖြစ်တဲ့အတွက် သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ဖို့ ကိုယ်ကောင်းအောင် ကိုယ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကောင်းချင်ရင် ကိုယ်ပြောင်းပြင်ရမှာ ဖြစ်ပြီး ကိုယ်ကောင်းပြရင်လည်း ကိုယ်ကောင်းရမှာဖြစ်တဲ့အတွက် အကောင်းတွေကို ရချင်ရင် ကိုယ်ကအရင် အကောင်းပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ စေတနာနဲ့ပေးရင် ပေးတာနဲ့အမျှ ရနေကြမှာပဲ ဖြစ်ပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ