ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်ခြင်း


ယုံကြည်မှုဟူသော စကားကို ဘာသာတရားတိုင်းက အထူးအလေးပေး ပြောဆိုကြ၏။ ယနေ့ခေတ်တွင် ထင်ရှားနေသည့် ဘာသာကြီးလေးခုတွင် ဟိန္ဒူဘာသာကလည်း ဗြဟ္မာကြီးကို ယုံကြည်ရန် ပြောထား၏။ ဗုဒ္ဓဘာသာကလည်း ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ရန် ညွန်ကြားထား၏။ ခရစ်ယန်ဘာသာကလည်း ယေရှုခရစ်တော်နှင့် တမန်တော်ကို ယုံကြည်ကြရန် အလေးအနက် တိုက်တွန်းထား၏။ အစ္စလာမ်ဘာသာကလည်း အလ္လာအရှင်မြတ်နှင့် တမန်တော်ကို ယုံကြည်ကိုးကွယ်ရန် အထူးတင်းကျပ်စွာ ဟောပြောထား၏။ ဘာသာတရား အားလုံးက ယုံကြည်မှုနှင့် ပတ်သက်၍ အရေးကြီးကြောင်း လမ်းညွှန်ထားပေ၏။ ကိုးကွယ်ရာတွင် ယုံကြည်မှုကို အခြေခံ၍ လိုက်နာကျင့်သုံးနိုင်မှ မိမိတို့၏ ဘဝသည်လည်း မှန်ကန်ကောင်းမြတ်သည့် ဘဝတစ်ခု ဖြစ်နိုင်ကြောင်း သင်ကြားပြသကြ၏။

သို့သော် ယုံကြည်မှုကို သင်ကြားမှု အပိုင်းတွင် အခြားအခြား ဘာသာများက သင်ကြားမှု အပိုင်းနှင့် ဗုဒ္ဓဘာသာ၏ သင်ကြားမှုအပိုင်း အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်၏။ ဗုဒ္ဓဘာသာတွင် ယုံကြည်မှုကို သဒ္ဓါဟုဆိုပြီး ထိုသဒ္ဓါဟူသည့် ယုံကြည်မှုသည် ရတနာသုံးပါးနှင့် ကံကံ၏ အကျိုးကို ယုံကြည်မှုမျိုး ဖြစ်ပြီး ထိုယုံကြည်မှုကို တည်ဆောက်မှုသည် မိမိ၏ ရွေးချယ်မှုဖြင့်သာ တည်ဆောက်ရခြင်း ဖြစ်၏။ ရတနာသုံးပါးကို ယုံကြည်ခြင်းဟူသည်မှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးများက “ငါဘုရားကိုယုံ၊ ငါဘုရားဟောသည့် တရားကိုယုံ၊ ငါဘုရား၏ တပည့်သား သံဃာတော်များကို ယုံ”ဟူသည့် ငါစွဲများဖြင့် ယုံကြည်စေမှုမျိုး မဟုတ်ဘဲ ဘုရား၊ တရား၊ သံဃာများ၏ ဂုဏ်တော်များကိုသာ ယုံကြည်စေခြင်းမျိုး ဖြစ်၏။ ကိုးကွယ်ယုံကြည်ရာတွင် ကိုးကွယ်ယုံကြည်ထိုက်သည့် ဂုဏ်အင်္ဂါများ ရှိမှသာ မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ထိုသက်ရောက်မှုကို ရတနာသုံးပါး၏ ဂုဏ်တော်များအား ဆည်းကပ်ပူဇော်ခြင်းဖြင့် ရရှိနိုင်သဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်များကို ယုံကြည်စေခြင်း ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်ဒြပ်များကို ယုံကြည်စေခြင်း မဟုတ်ပေ။ “ကံကံ၏ အကျိုးကို ယုံကြည်ခြင်း”သည်လည်း တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုနှင့် သက်ဆိုင်ခြင်း မရှိဘဲ မိမိ၏ စေတနာပါသည့် လုပ်ဆောင်ချက်များနှင့်သာ သက်ဆိုင်နေသဖြင့် ဘဝတစ်ခု တည်ဆောက်မှုတွင် အခရာကျသည့် အချက်အဖြစ် ယုံကြည်စေခြင်း ဖြစ်၏။ 

အချို့ဘာသာများတွင် မည်သည့်အကြောင်း အရာပင်ဖြစ်စေ ဟိန္ဒူကလည်း ဗြဟ္မာကြီးကို အပြည့်အဝယုံကြည်ရန်၊ ခရစ်ယန်ကလည်း ထာဝရ ဘုရားသခင်ကို အခိုင်အမာ ယုံကြည်ရန်နှင့် အစ္စလာမ်ကလည်း အလ္လာမ် အရှင်မြတ်ကို ဘာပဲဖြစ်ဖြစ် အလုံးစုံ ယုံကြည်ရန် တိုက်တွန်းကြ၏။ ထိုသို့ တိုက်တွန်းခြင်းမှာလည်း ထိုအရှင်မြတ်များသည် မိမိတို့၏ သက်ရှိသက်မဲ့ အရာအားလုံး ဘဝတစ်ခုလုံးကို ဖန်ဆင်းပေးထားသည့် ဖန်ဆင်းရှင်များ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ကြောင်း ကောက်ချက်ချနိုင်မည် ဖြစ်၏။

ဗုဒ္ဓဘာသာတွင်ကား ယုံကြည်မှုသည် အရေးကြီးသည့် အချက်ဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ယုံကြည်ရမည့် ယုံကြည်မှုမျိုး မဟုတ်ဘဲ မိမိ၏ ဝေဘန်ပိုင်းခြား စိစစ်လက်ခံမှုဖြင့်သာ ယုံကြည်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်၏ လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ရရှိလာသည့် အတွေ့အကြုံ အသိဉာဏ်ဖြင့်သာ မှားလျင်ပယ်ပြီး မှန်လျင်လက်ခံကာ ယုံကြည်ရမည်ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓက လမ်းညွှန်ပြသတော်မူခြင်း ဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားမှ ဘုရားဖြစ်လာသည့် မဟာလူသား တစ်ပါးသာဖြစ်သဖြင့် လူသားများ လက်တွေ့ကျင့်သုံးပြီး အမှန်တကယ် ရရှိနိုင်သည့် အကျိုးသက်ရောက်မှုကိုသာ ယုတ္တိကျကျ သင်ပြတော်မူ၏။ ကိုယ်တော်မြတ်ကိုယ်တိုင်ပင် မျက်စိမှိတ်ယုံကြည်သည့် မျက်ကန်းယုံကြည်မှုမျိုးကို အားမပေးဘဲ အရာအားလုံးကို တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်က ဖန်ဆင်းပေးသည်ဟူသည့် အယူအဆကိုလည်း မှန်ကန်ကြောင်း ထောက်ခံတော်မမူပေ။

အကယ်၍ မဖြစ်မနေ ဖန်ဆင်းရှင်ဟူသည့် စကားလုံးဖြင့် သုံးနှုန်းပြောဆိုရမည် ဆိုလျင်ကား ဗုဒ္ဓအလိုတော်အရ မိမိသည်သာ မိမိ၏ ဖန်ဆင်းရှင်ဖြစ်ပြီး မိမိ၏ လုပ်ဆောင်ချက်များသည်သာ မိမိဘဝကို ဖန်ဆင်းပေးသည့် ဖန်ဆင်းရှင်အဖြစ် ညွန်ပြရမည်သာ ဖြစ်၏။ မိမိ၏ ကံ ဉာဏ် ဝီရိယ သုံးမျိုးသည်သာ မိမိဘဝ၏ အကောင်းအဆိုးကို ပုံဖော်ပေးမည့် ဖန်ဆင်းရှင် (creator) အဖြစ် စိစစ်လက်ခံကြရမည်သာ ဖြစ်၏။ အနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည်ပင် သတ္တဝါတစ်ဦးဦး၏ ဘဝကို ပုံဖော်ဖန်တီးပေးလေ့ မရှိဘဲ ဤသည်က ကောင်းသည့်အရာ၊ ဤသည်က မကောင်းသည့်အရာ၊ မကောင်းသည်ကိုရှောင်ပြီး ကောင်းသည်ကို ဆောင်ရန် ဟုသာ လမ်းညွှန်ပေးလေ့ရှိ။ ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်ဘဲ၊ လမ်းညွှန်သူ သက်သက်သာ ဖြစ်သည်။

ထိုသို့ အကောင်းအဆိုးကို ညွှန်ပြလေ့ရှိသည့် မြတ်စွာဘုရားရှင်သည် ယုံကြည်မှုနှင့် ပတ်သက်၍လည်း ဘာပဲဖြစ်ဖြစ် ယုံကြည်လေ့ရှိသည့် မျက်ကန်းယုံကြည်မှုကို အားမပေးဘဲ မိမိယုံကြည် ကိုးကွယ်ရာတစ်ခုသည် မှန်လား၊ မှားလား၊ ကိုးကွယ်သင့်သလား၊ မကိုးကွယ်သင့်သလား ဟူသည့်အချက်ကို မိမိကိုယ်တိုင်သာလျှင် အသိဉာဏ်နှင့် ယှဉ်ကာ ယုံကြည်ကိုးကွယ်ရန် တိုက်တွန်းတော်မူလေ့ရှိ၏။ သဒ္ဓါဟူသည့် ယုံကြည်မှုကို ပညာဟူသည့် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်ပညာဖြင့် တွဲဖက်ကာ ကျင့်သုံးရန် မိန့်တော်မူလေ့ရှိ၏။ ယုံကြည်မှုအားကောင်းပြီး ဉာဏ်မပါလျင် အလွဲများကို ကိုးကွယ်မိတတ်ပြီး ယုံကြည်မှု မပါသည့် ဉာဏ်ပညာသက်သက် ဖြစ်နေပြန်လျင်လည်း ကောက်ကျစ်စဉ်းလဲ သွားတတ်သဖြင့် သဒ္ဓါနှင့်ပညာ အညီအမျှပါအောင် ကြိုးစားရန် ဟောပြတော်မူ၏။ ထိုအချက်ကို အခိုင်အမာ တည်ဆောက်နိုင်ရန်အတွက် အရေးကြီးသည့် အရာမှာ မမေ့မလျော့ခြင်းဟူသည့် သတိပင်ဖြစ်ကြောင်း ဗုဒ္ဓရှင်တော်မြတ်က အထပ်ထပ် မိန့်မှာတော်မူခဲ့၏။ 

မည်သူမဆို မိမိတို့၏ ဘဝကို တည်ဆောက်ရာတွင် ယုံကြည်မှုကို အခြေခံထားကာ တည်ဆောက်ရမည် ဖြစ်သော်လည်း ထိုအခြေခံ ဆောက်တည်မှု အားလုံး၏ အချုပ်မှာ သတိသာဖြစ်သဖြင့် သတိတရားသာ လက်ကိုင်ထားလျင် မှန်ကန်သည့် ယုံကြည်မှု၊ မှန်ကန်သည့် ရွေးချယ်မှုနှင့် မှန်ကန်သည့် လုပ်ဆောင်မှုများ ဖြစ်နေကြမည်ဖြစ်ပြီး ထိုမှန်ကန်မှုများကပင် မိမိတို့၏ ဘဝကို မှန်ကန်သည့် ဘဝများအဖြစ် ပုံဖော်ပေးသွားခြင်း ဖြစ်၏။ သတိရှိနေသူသည် အမှားကို မလုပ်မိစေဘဲ အမှန်ကိုသာ လုပ်မိနေသဖြင့် မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်နေစေပြီး ထိုအကျိုးသက်ရောက်မှုသည် မှန်ကန်သည့် ဘဝအဆက်ဆက်ကို ဖြစ်ပေါ်စေကာ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်အထိပင် ရောက်စေနိုင်ကြမည်သာ ဖြစ်၏။

ဆိုလိုသည်မှာ ဘဝတွင် မည်သည့်ကိစ္စမဆို ယုံကြည်မှုသည် အဓိကကျသဖြင့် ကိုးကွယ်မှုအပိုင်းတွင်လည်း ယုံကြည်မှုကို အခြေခံကာ မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်အောင် တည်ဆောက်ကြရာတွင် အရာရာကို ယုံကြည်လက်ခံသည့် မျက်ကန်းယုံကြည်မှုမျိုး မဖြစ်စေဘဲ စူးစမ်းဆင်ခြင်၊ ခွဲခြမ်းဝေဘန်တတ်သည့် ဉာဏ်ပညာနှင့် ပေါင်းစပ်ထားသည့် ယုံကြည်မှုမျိုးဖြင့် တည်ဆောက်ကြရမည် ဖြစ်ပြီးထိုသို့မှန်ကန်သည့် တည်ဆောက်မှုမျိုး ဖြစ်စေရန်မှာလည်း သဒ္ဓါနှင့်ပညာကို အလွန်အကျွံ မဖြစ်အောင် သတိတရား လက်ကိုင်ထားကာ ထိန်းညှိကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်၏။ သတိရှိနေလျင် သဒ္ဓါလည်းမှန်၊ ပညာမှန်ပြီး ကိုးကွယ်ရာအမှန်ကိုပါ တည်ဆောက်နိုင်မည်ဖြစ်သဖြင့် သတိပညာပါသည့် ယုံကြည်မှုမျိုးဖြင့် ဘဝကို တည်ဆောက်ရမည်ဖြစ်ကြောင်း သတိပြုရမည် ဖြစ်၏။ 

ထို့ကြောင့် ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်လိုကြသော သူများသည် မှန်ကန်သည့် ယုံကြည်မှုဖြင့် မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်စေရန် မိမိတို့၏ ယုံကြည်မှုကို သတိပညာတရားများဖြင့် ထိန်းညှိကာ အစွန်းမရောက်သည့် ယုံကြည်မှုမျိုးဖြစ်အောင် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာ ရှုထောင့်မှ ဖွင့်ဆိုပြသည့် သဒ္ဓါအကြောင်း တစ်စေ့တစောင်းကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါသည်။

အားလုံး မှန်ကန်သည့် ယုံကြည်မှုဖြင့် ဘဝမှန်ကို တည်ဆောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အသွင်မတူ အိမ်သူမဖြစ်


“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ အဆုံးအမများနဲ့ ပတ်သက်လာခြင်း၊ ကိုယ့်ကျင့်တရားဆိုင်ရာ လျော့နည်းလာမှုတွေနဲ့ ဆက်စပ်လာခြင်းတွေကြောင့် တိုက်ရိုက်မဆိုင်ပေမယ့် ဆိုင်သလောက်လေး ဝင်ပြောကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စေတနာကောင်းနဲ့ အသိပေးခြင်းဆိုလည်း မမှားပါဘူး။ ပြောချင်တာက ဘယ်နိုင်ငံ ဘယ်လူမျိုး အကြောင်းမှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်းကို ပြောချင်တာပါ။ အထူးသဖြင့် ပြည်ပရောက် ဘုန်းဘုန်းတို့ မြန်မာများအကြောင်း တစ်စေ့တစ်စောင်း ပြောချင်တာ ဖြစ်ပါတယ်။

အခုတစ်လော ပြည်ပရောက် မြန်မာအချို့ရဲ့ အိမ်ထောင်ရေး ပြဿနာလေးတွေကို မကြာမကြာ ကြားလာရပါတယ်။ တစ်ဆင့်စကားနဲ့ပဲ ဖြစ်ဖြစ်၊ လူကိုယ်တိုင် လာရောက်ပြောတာတွေကြောင့်ပဲ ဖြစ်ဖြစ် ကြားနေရတာတွေက စိတ်မသက်သာစရာတွေပါပဲ။ အိမ်ထောင်ရေး ပြဿနာဆိုတော့ တရားဝင် အိမ်ထောင်ကျပြီးသူတွေ အများစုပဲပေါ့။ “တစ်ချို့လည်း ပြည်ပမှာ အလုပ်လာလုပ်နေရင်း ပြည်တွင်းမှာ ကျန်ခဲ့တဲ့ အိမ်သူသက်ထားက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ ကုန်းရုန်းပြီး ကြိုးစားပန်းစား ရှာဖွေစုဆောင်း ပို့ပေးပေမယ့် ပြည်တွင်းမှာရှိတဲ့ မယ်တော်က ပို့သမျှတွေကို အမျိုးမျိုးသုံးစွဲကာ အပျိုလုပ်နေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပို့သမျှငွေကြေးတွေကို အိမ်သူသက်ထားက တစ်နေရာမှာ တစ်ခြားတစ်ယောက် နာမည်နဲ့ ဘာဝယ်ညာဝယ်လုပ်ပြီး ပြည်ပက ကိုရွှေချောဆီ ဘာလုပ်ထားလို့ ဘယ်လောက်ပို့ပေးပါဦး စသဖြင့် တောင်းဆိုလာလို့ စုံစမ်းကြည့်တဲ့အခါ မယ်တော်က တခြားတစ်ယောက်နဲ့ နောက်မီးလင်းနေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ နှစ်တွေကြာလာတော့ ပြည်တွင်းပြန်ပြီး မိသားစုနဲ့ နေဖို့အိမ်အပြန်မှာ ပြည်တွင်းမှာရှိတဲ့ အိမ်သူသက်ထားက ရပ်ကွက်ထဲက ငနဲတစ်ယောက်နဲ့ ဘာလိုလိုဖြစ်ပြီး လိုက်ပြေးလို့ ဟိုရောက်မှ ဒုက္ခဖြစ်ရတဲ့ ပြဿနာ” စသဖြင့် ကြားရတဲ့ သတင်းတွေက နားဝမှာခါးလှတဲ့အပြင် သူတို့အပူတွေကြောင့် နားထောင်ပေးရတဲ့ ဘုန်းဘုန်းမှာတောင် စိတ်မသက်မသာ ဖြစ်လာခဲ့ရပါတယ်။

တစ်လောကတောင် ဒကာတစ်ယောက် ကျောင်းကိုရောက်လာပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ လက်တွေ့ဇာတ်လမ်းလေးတွေကို ပြောပြသွားတာကို နားထောင်လိုက်ရပါသေးတယ်။ သူ့က “ပြောရရင် အရှင်ဘုရား… ပြည်ပမှာ အတော်ကြာနေတဲ့ သူအချို့ကျပြန်တော့ အိမ်ကိုလည်း ပြန်ပြီးအဆက် အသွယ်မလုပ်ဘဲ ပျော်သလို နေလိုက်ကြတာတွေ ရှိတယ်ဘုရား၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အိမ်ထောင်ရှင်မ အနေနဲ့ ယောက်ျားလုပ်သူထံက စာမလာ သတင်းမကြား၊ ပိုက်ဆံလည်းမပို့ဘဲ အဆက်ဖြတ်ထားတဲ့အတွက် ကလေးတစ်ယောက်နဲ့ ဒုက္ခဖြစ်ရတာတွေ ရှိနေပြန်တော့ မထူးပါဘူးဆိုပြီး မထူဇာတ် ခင်းသွားတဲ့ အဖြစ်တွေလည်း ရှိတတ်ပါတယ်၊ အရင်းစစ်တော့ ဟိုဘက်ကလည်း ဟိုဘက်အလွန်တွေ ရှိတတ်ပေမယ့် အပြင်ရောက်နေတဲ့ ဒီဘက်လူတွေရဲ့ အလွန်တွေလည်း ရှိတတ်ပါတယ်၊ အသွင်မတူ အိမ်သူမဖြစ်ဆိုသလို ဒီဘက်က ဒီလိုတွေရှိနေတဲ့အတွက် ဟိုဘက်ကလည်း လူ့သဘာဝအရ နေချင်သလို နေပစ်တာတွေလည်း ရှိနိုင်တဲ့ သဘောလို့ ကောက်ချက်ချမယ်ဆိုလည်း ချနိုင်ပါတယ်ဘုရား…” စသဖြင့် သူ့အတွေ့အကြုံနဲ့ သူ့အမြင်လေးကို ပြောပြသွားပါတယ်။

အဲဒီဒကာ ပြောပြသွားတာလေးတွေကို သေချာပြန်တွေးကြည့်တော့ ဟုတ်သင့်သလောက်လည်း ဟုတ်နေပြန်ပါတယ်။ အသွင်မတူရင် အိမ်သူမဖြစ်ဘူး ဆိုတဲ့သဘောမှာ အိမ်သူဖြစ်ပြီးမှ အသွင်မတူအောင် အိမ်ထောင်ရှင်ဘက်က စည်းဖောက်တာတွေ ရှိလာကြမယ်ဆိုရင်တော့ အိမ်သူဘက်ကလည်း စည်းဖောက်တာတွေ ရှိကောင်း ရှိနိုင်တတ်ပါတယ်။ တကယ်တော့ အိမ်ထောင်တစ်ခု တည်မြဲဖို့၊ ဖောက်လွဲဖောက်ပြန် မရှိဖို့မှာ အဓိက အကျဆုံးက တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အကျင့်သိက္ခာပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာကောင်းရှိကြတဲ့ အိမ်ထောင်ဖက်များ ဖြစ်နေကြမယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်နေရာပဲ ရောက်ရောက် နှစ်ဦးနှစ်ဖက် စည်းမပျက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိနေကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကျတော့ အကျင့်သိက္ခာကို တစ်ဘဝတစ်နပ်စာနဲ့ မလဲနိုင်တဲ့သူတွေအဖြစ် ကြိုးစားတတ်တဲ့အတွက် ဘယ်သူက ဘယ်လိုပဲ ဖောက်ပြန်ဖောက်ပြန် ကိုယ်မဖောက်ပြန်အောင် နေထိုင်တတ်တာလည်း ရှိပါတယ်။ အိမ်ထောင်ရှင် ယောက်ျားဘက်က အဝေးရောက်နေလို့ အဆက်အသွယ်တွေ ပြတ်နေ၊ ဘာသတင်း ညာသတင်း ကြားနေပေမယ့် အိမ်သူသက်ထားကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိဘဲ ထိန်းသိမ်းနေထိုင်တတ်တာတွေ ရှိသလို အဝေးရောက် လင်ယောက်ျားကလည်း အဝေးရောက်နေတဲ့အခိုက် ဇနီးမယားရဲ့ ဘာသတင်းညာသတင်းတွေ ကြားနေရပေမယ့် ကိုယ့်ဘက်က မဖောက်ပြန်မိအောင် ကြိုးစားတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ တစ်ဦးချင်းစီရဲ့ အကျင့်သိက္ခာအပေါ် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့လည်း သက်ဆိုင်သွားပါတယ်။

တစ်ချို့လည်း ကိုယ်ကိုယ်တိုင်က ပြည်ပမှာ နေချင်သလိုနေ၊ ပျော်ချင်သလိုပျော်နေပြီး ပြည်တွင်းမှာရှိတဲ့ သူကိုတော့ တာဝန်မကျေဘဲ လျစ်လျူရှုထားတာတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်းအဆက်အသွယ် ပြန်လုပ်တဲ့အခါ ပြည်တွင်းမှာရှိတဲ့ အိမ်ထောင်ရှင်မဘက်က ဘာအသံ ညာအသံ ကြားလာတော့မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာတွေ လုပ်လာသူတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ဖြစ်သလိုပျော်ပါးနေပြီး ဟိုဘက်ကလူနဲ့ ပတ်သက်တဲ့ အသံတွေ ကြားလာတဲ့အပေါ်မှာကျတော့ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့သဘောဟာ သေချာတွေးကြည့်တော့ အသွင်မတူအောင် ကိုယ်ကိုယ်တိုင်က အရင်စလုပ်ဖြစ်ခဲ့တာတွေ ရှိနေတယ်ဆိုတဲ့ အချက်က တန်ပြန်သက်ရောက်မှုရဲ့ သဘောတစ်ခုအဖြစ် မီးမောင်းထိုးပြနေသလို ဖြစ်နေပြန်ပါတယ်။

နောက် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေလည်း အများကြီးပါဝင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုမရှိ မြှောက်ပင့်ပေးတာတွေကြောင့် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရှိတတ်သလို ပတ်ဝန်းကျင်ရဲ့ ကူညီထိန်းသိမ်းမှု အထောက်အကူကောင်းတွေကြောင့် အနေဝေးနေပေမယ့် တော်ရုံတန်ရုံ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ မဖြစ်ဘဲ တည်မြဲနေတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က အိမ်ထောင်ကျပြီး နှစ်ဘက်မိဘတွေနဲ့ ခွဲနေတဲ့အချိန်မှာ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကျန်ခဲ့တဲ့သူဟာ နှစ်ဘက်အသိုင်း အဝိုင်းနဲ့ကင်းနေပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အထိမ်းအကွပ် မရှိဘဲ ကာလအတော်ကြာအောင် နေကြရတာတွေလည်း ရှိတတ်ပါတယ်။ လူ့သဘာဝအရ လွတ်လပ်လာရင် စိတ်ကဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့အလုပ်တွေ လုပ်လာတတ်ပါတယ်။ ပြီးတော့ တစ်ဘက်ကလည်း ရှာသမျှ ငွေကြေးတွေကို အထိန်းအကွပ်မရှိ ပို့ပေးနေတဲ့အခါမှာ ပိုက်ဆံကြောင့် မကောင်းတဲ့ဘက်မှာ ပျော်ပါးမှု များလာတာတွေအထိ ဖြစ်လာတတ်ပါတယ်။ လွတ်လပ်မှုရယ်၊ ပိုက်ဆံရယ်၊ အနေဝေးမှုတွေရယ်က လူ့စိတ်ကို ဖောက်ပြန်စေပြီး နောက်ဆုံးအိမ်ထောင်ရေး ဖောက်ပြန်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါဟာ အိမ်ထောင်ကျပြီး အဝေးရောက်နေကြတဲ့ သီးသန့်အိမ်ထောင်ခွဲများမှာ ကြုံရတတ်တဲ့ ပြဿနာအချို့ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ပြဿနာမှန်သမျှ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောတွေပဲများပါတယ်။ ပြဿနာကို ဖြစ်အောင်ဖန်တီးတဲ့ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှု သဘောမှာ ပြဿနာ ပြေလည်ကြောင်း အကြောင်းကိုရှာပြီး နှစ်ဦးနှစ်ဘက် ကြိုးစားနေထိုင်ကြမယ်ဆိုရင် ဒီအိမ်ထောင်ရေး ပြဿနာဟာလည်း အထိုက်အလျောက် ပြေလည်သွားနိုင်စရာ အကြောင်းရှိပါတယ်။ အဓိကကတော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားက အဓိကဖြစ်နေပြီး အိမ်ထောင်ရှင်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု တွေကလည်း တစ်ဘက်တလမ်း အထောက်အပံ့ကောင်းတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် နေမယ်ဆိုတဲ့ စိတ်ဓာတ်ကောင်းသာ နှစ်ဦးစလုံး လက်ကိုင်သုံးနိုင်မယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားကောင်းတွေ ဖြစ်လာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အဝေးရောက် ရွှေမြန်မာများနဲ့ ပြည်တွင်းနေ အိမ်ရှင်မများကြား အဖြစ်များလာတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေဟာ အတွင်းရော၊ အပြင်ကပါ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုလာပြီဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် အဓိကကြည့်ရမှာက နှစ်ဦးစလုံးရဲ့ ကိုယ်ကျင့်တရားပိုင်းကို အဓိကကြည့်ဖို့ လိုအပ်လာပြီး အသွင်တူတဲ့ အိမ်သူတွေဖြစ်ဖို့အတွက် အပြင်ရောက်နေသူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို အတွင်းမှာကျန်ခဲ့သူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတတ်တဲ့အတွက် ကိုယ်ကောင်းရင်သူလည်း ကောင်းမှာဖြစ်ပြီး ကိုယ်ဆိုးရင် သူလည်းဆိုးလာတတ်တဲ့ သဘောကို သတိပြုဆင်ခြင်ကာ ကိုယ်လည်းကောင်း သူလည်းကောင်းအောင် နေကြဖို့ လိုအပ်ပါတယ်။ ကိုယ်လည်းကောင်းအောင်နေ သူ့ကိုယ့်လည်း ကောင်းအောင်နေအောင် ပြုပြင်ထိန်းသိမ်းပေးဖို့လည်း လိုအပ်လှပါတယ်။ ကိုယ်ကောင်းရင်ပြီးတာပဲ သူ့ဟာသူ ဘာဖြစ်ဖြစ်ဆိုပြီး လွှတ်ထားတဲ့အခါ လွတ်သွားတာတွေလည်း ရှိတတ်တဲ့အတွက် ပြည်တွင်းမှာ ရှိနေတဲ့သူရော၊ ပြည်ပမှာရောက်နေတဲ့သူကပါ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ လိုပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး ထိန်းထိန်းသိမ်းသိမ်းနဲ့ မတူတာကို တူအောင်ညှိပြီး နေနိုင်ကြမယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားတွေ ဖြစ်လာမှာဖြစ်ကာ အသွင်တူလာရင် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေလည်း တဖြည်းဖြည်း နည်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အချုပ်ပြောချင်တာက အသွင်တူပါတယ်ဆိုကာ ယူလာကြပြီးမှ အိမ်ထောင်ရေးဖောက်ပြန်တဲ့အထိ အသွင်မတူ ဖြစ်လာကြတဲ့ ပြဿနာများမှာ အသွင်မတူအောင် လုပ်လာကြတဲ့ အိမ်ထောင်သည်များရဲ့ နှစ်ဦးနှစ်ဖက် အကျင့်သိက္ခာ လျော့နည်းလာခြင်းများက အဓိက အကြောင်းတစ်ရပ်လို ဖြစ်လာတဲ့အတွက် အိမ်ထောင်ရေး ဖောက်ပြန်မှုများ အဖြစ်နည်းလာအောင် တစ်ဦးချင်းစီက ကိုယ့်အကျင့်သိက္ခာကို ကိုယ်လုံအောင်ထိန်းကြရမှာ ဖြစ်ကြောင်း၊ ကိုယ်ပျက်ရင် သူလည်းပျက်လာတတ်တဲ့ သဘောရှိတဲ့အတွက် ဘယ်မှာပဲနေနေ ကိုယ်ကိုယ်တိုင်က မပျက်အောင် ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်းနဲ့ အဝေးရောက်နေသူတွေရော အတွင်းမှာ ရှိနေသူတွေပါ အလွယ်တကူ ဖောက်ပြန်မှုများ မဖြစ်ကြစေဖို့ ပတ်ဝန်းကျင်ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများရဲ့ အကူအညီကိုယူကာ ကိုယ်ကိုယ်တိုင်ရဲ့ လိမ္မာပါးနပ်မှုနဲ့ ထိန်းသိမ်းပေးမှုကောင်းတွေလည်း လိုအပ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး ထိန်းသိမ်းမှုလည်း ပြုကြရမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်စတစ အဖြစ်များလာကြတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုများဟာ အသွင်မတူတာတွေက စပြီး ဖြစ်လာကြတာ ဖြစ်တဲ့အတွက် အိမ်သူအိမ်သားအားလုံး အသွင်မတူတာတွေ မဖြစ်အောင် နှစ်ဦးနှစ်ဘက် အကျင့်မပျက်ကြဖို့ ကြိုးစားနေထိုင်ကြပါလို့ တိုက်တွန်းရင်း အကျင့်ကောင်းများနဲ့ ပေါင်းစပ်ထားတဲ့ အသွင်တူတဲ့ အိမ်ထောင်ဘက်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုကာ လူ့အလုပ်ကို ဝင်ရှုတ်မိတဲ့ ပို့စ်တစ်ခုအနေနဲ့ အသိပေး တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

လွတ်လပ်တဲ့ စိတ်



တစ်ခါတလေ စိတ်ဟာ တင်းကျပ်ပြီး လေးလံနေတတ်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ၊ အဆင်မပြေမှုတွေ များလာတဲ့အခါ၊ အခက်အခဲတွေ များလာတဲ့အခါ အဲဒီ ဖိအားတွေကြောင့် ကိုယ့်စိတ်မှာ လေးလံထိုင်းမှိုင်းနေပြီး လွတ်လပ်တဲ့ စိတ်မဖြစ်တော့ဘဲ တင်းကျပ်နေတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မလိုလားအပ်တဲ့ အတွေးတွေဟာ စိတ်ကိုပိုပြီး မွန်းကျပ်စေပါတယ်။ အတွေးတွေဟာ စိတ်ရဲ့လွတ်လပ်မှုကို လွှမ်းမိုးထားတဲ့အတွက် ထွက်ပေါက်ပျောက်ပြီး ကျဉ်းကြပ်နေတတ်တာ ဖြစ်ပါတယ်။ ဒါဟာ ဖိအားတွေက ဖြစ်ပေါ်ပြီးသွားခဲ့ပေမယ့် အဲဒီ ဖိအားတွေကို အကြောင်းပြုပြီး ကျန်နေခဲ့တဲ့ အတွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ အရင်းစစ်တော့ စိတ်ကိုလေးလံ ထိုင်းမှိုင်းစေတာဟာ မလိုလားအပ်တဲ့ အတွေးတွေကြောင့်ဆိုတာ ကောက်ချက်ချလို့ ရမှာဖြစ်ပါတယ်။

ဒါကြောင့် ပင်ကိုယ်အားဖြင့် အညစ်အကြေးကင်းပြီး သန့်ရှင်းနေတဲ့စိတ်ဟာ ဖိအားတွေ၊ အခက်အခဲတွေ၊ မလိုလားအပ်တဲ့ အတွေးတွေကြောင့် လေးလံထိုင်းမှိုင်းကာ လွပ်လပ်ပေါ့ပါးတဲ့ စိတ်မဖြစ်ဘဲ လူကိုပိုပြီး ပင်ပန်းနွမ်းနေစေတတ်တဲ့အတွက် အဲဒီလို စိတ်မှာတင်းကျပ်ပြီး ဖိအားတွေနဲ့ လေးလံထိုင်းမှိုင်းနေတဲ့အခါ ကိုယ့်ကိုကိုယ် သတိပြုဆင်ခြင်ပြီး အတွေးတွေကို အရင်ထုတ်ကာ ဘာမှအကြာကြီး မဟုတ်ဘူးဆိုတဲ့ မမြဲခြင်းရဲ့ သဘောကို မြင်အောင်ရှုရင်း ဖိအားဆိုတာ အသိတရား မပါရင် အခါခါ လာနေတတ်တာကို အမှတ်သတိ မပြတ်ရှိနေကြရမှာ ဖြစ်ပါတယ်။ 

သတိရှိနေတဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ်၊ ပေါ့ပါးတဲ့စိတ်၊ ဖိအားမရှိတဲ့စိတ်၊ အညစ်အကြေးကင်းပြီး သန့်ရှင်းတဲ့စိတ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

Read more »

ဘဝအစာ ဓမ္မကဗျာများ (၁)


အကြောင်းလှပြီး အကောင်းရစေဖို့
အကြောင်းမလှလို့ မကောင်းရခဲ့ရင်
အဟောင်းရတာလို့ သဘောထား
မနောလှအောင် ကြိုးစားပြီး
အတိုးပွားစေမယ့် ရိုးသားမှုနဲ့
သီလကို အခြေခံ
သမထကို ပုံမှန်ပွား
သတိပဋ္ဌာန်းအားကို မပြတ်ရှူ
အမှတ်ပြုရမှာက အနိစ္စ
အမှန်သိရမှာက ဒုက္ခ
ဆင်ခြင်ရမှာက အနတ္တ
အတ္တဆိုတာ ငါမဟုတ်
တဏှာအထုတ်ကို ခါကာထုတ်
မှန်ရာအလုပ်ကို အခါခါလုပ်ရင်း
ဝါသနာအရှုတ်ကို ဘာဝနာလုပ်ကာ
အကြောင်းလှအောင် အားထုတ်
ကောင်းမှုအဖြာဖြာ ကြိုးစားလုပ်လော့။ ။


ခဏလေးပါ
အခက်အခဲဆိုတာ တစ်သက်တွဲနေတာ မဟုတ်ပါဘူး။
ဘဝရဲ့ အလှည့်အပြောင်း၊ မမြဲခြင်းရဲ့  အလှည့်အပြောင်း
အကြောင်းအကျိုးရဲ့ အပြောင်းအလဲ၊ အကောင်းအဆိုးရဲ့  အပြောင်းအလဲပါပဲ။
မကောင်းတွဲလည်း ခဏ၊ အပြောင်းအလဲလည်း ခဏ
အဟောင်းတွဲလည်း ခဏ၊ အကောင်းတွဲလည်း ခဏ
ဘာပဲဖြစ်ဖြစ် အားလုံးဟာ ခဏလေးပါပဲ။
အစလေးမှာ လွဲနေပေမယ့် အထမနှေးအောင် တွဲနေရမှာက
သဒ္ဓါနဲ့ ပညာ၊ သမာဓိနဲ့ ဝီရိယ အညီမျှအောင် ကြိုးစား
တန်ခိုးအများဆုံးက သတိ၊ အားလုံးကို ညှိနေရမှာပါ။
သတိတွေရလို့ အသိတွေ မကျတော့ဘူးဆိုရင်
ရှိနေကြတဲ့ လောကဓံဟာ
ပြောင်းလဲခြင်းရဲ့ အသွင်သန္တာန်အဖြစ်
ကျန်နေရစ်မှာ အမှန်အစစ်ပါပဲ။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့


မနက်ဖြန် (21-8-2013)ဟာ မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ်နှစ်ရဲ့ ဝါခေါင်လပြည့်နေ့ အခါသမယပဲ ဖြစ်ပါတယ်။ ဝါခေါင်လပြည့်နေ့ကို မြန်မာဗုဒ္ဓဘာသာများက မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ထူးထူးခြားခြား ကုသိုလ်များ ပြုလုပ်လေ့ရှိကြပါတယ်။မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ်ကြသလို ၀ါခေါင်လပြည့်နေ့ကိုလည်း မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အထူးထူးကို ပြုလုပ်ကြပါတယ်။ ဒီဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ ဗုဒ္ဓလက်ထက်က ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာဗုဒ္ဓဘာသာများက ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီမေတ္တာသုတ်ကို ဟောရခြင်းရဲ့ အကြောင်းကို ဗုဒ္ဓစာပေတွေမှာ ဖော်ပြပါရှိပါတယ်။ စာပေအဖွင့်တွေအရ ဗုဒ္ဓလက်ထက်က ရဟန်းတော်များဟာ ၀ါဆိုခါနီး ရောက်တဲ့အခါ အားထုတ်စရာ ကမ္မဋ္ဌာန်း တစ်ခုခုကိုယူပြီး တောရွာတောအုပ် စတဲ့အရပ်တွေမှာ ၀င်ရောက်ပြီး ၀ါတွင်းကာလ တရားဓမ္မနဲ့ ကမ္မဋ္ဌာန်း အလုပ်များ အားထုတ်လေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီအစဉ်အလာအတိုင်း မထင်မရှား ရဟန်းငါးရာဟာလည်း ကမ္မဋ္ဌာန်းကိုယူပြီး ဟိမ၀န္တာအနီး တောအုပ်တစ်ခုသို့ ၀င်ရောက်ကာ နီးစပ်ရာ သစ်ပင်များအောက်မှာ ကမ္မဋ္ဌာန်း တရား အားထုတ်ကြပါတယ်။ ဒီအခါမှာ အဲဒီ သစ်ပင်အသီးသီးမှာရှိတဲ့ ဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ ရောက်လာတဲ့အတွက် သစ်ပင်တွေအပေါ်မှာ မနေသာတော့ပဲ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒုက္ခရောက်တော့ အဲဒီဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးနဲ့ ရဟန်းတော်များ နေလို့မရအောင် ချောက်လန့်တဲ့အတွက် ရဟန်းတော်များဟာ ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တရားလည်း အားထုတ်မရဖြစ်ပြီး နောက်ဆုံးဝါတွင်းကြီးမှာပဲ ဘုရားရှင်ထံ ပြန်ရောက်လာကာ အကျိုးအကြောင်း လျှောက်ပြကြပါတယ်။ ဘုရားရှင်က ရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်ကာ အဲဒီတောအုပ်ကို ပြန်စေပါတယ်။ ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။

ဘုရားရှင်ဟာ အဲဒီရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးရင်း မေတ္တာတရားတော်ကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေတ္တာရား ဟောကြားတော်မူတဲ့နေ့ကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာတွေဟာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ မေတ္တာသုတ်ဟာ ဒီနေ့ပရိတ်ကြီး ၁၁သုတ်မှာပါတဲ့ မေတ္တာသုတ်ပဲ ဖြစ်ပါတယ်။ ပိဋကတ်တော်မှာတော့ ခုဒ္ဒကနိကာယ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီမေတ္တာသုတ်လာ မေတ္တာပွားနည်းကိုပဲ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးက “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသဖြင့် အလွယ်တကူ မေတ္တာပွားနိုင်အောင် လင်္ကာဆောင်ပုဒ်လေးများနဲ့ လူအများကို ရွတ်ပွားစေခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ မေတ္တာပွားနည်းကိုယူပြီး ဘုန်းဘုန်းတို့လည်း တရားဟောတဲ့အခါ ငါးပါးသီလ ပေးပြီးတာနဲ့ ဒီမေတ္တာပွားနည်းကို ရှေ့ကချပေးရင်း ပွားစေခဲ့ပါတယ်။ အထူးသဖြင့်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ… ဆိုတဲ့ အပိုဒ်လေးတွေကို ထပ်ခါထပ်ခါ ရွတ်ပွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ် လူအတော်များများဟာ ဘယ်မှာနေနေ၊ ဘယ်သူနဲ့တွေ့တွေ့ ဒီမေတ္တာဓာတ်တွေ ကင်းနေကြတာကို တွေ့နေမြင်နေရလို့ပဲ ဖြစ်ပါတယ်။ လူအချင်းချင်း မေတ္တာထားဖို့ နေနေသာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ဘယ်လိုလှည့်ပတ်လိုက်ရမလဲ၊ ဘယ်လို နှိမ်ချလိုက်ရမလဲ၊ ဘယ်လို ဒုက္ခပေးလိုက်ရမလဲ… လို့ချည်းပဲ စဉ်းစားနေကြတော့ မေတ္တာတရားတွေလည်း ခေါင်းပါးပြီး၊ ရန်ငြိုးဖွဲ့ကြ၊ နိုင်ထက်စီးနင်းလုပ်ကြ၊ ညှင်းပန်းနှိပ်စက် လုပ်ကြတာတွေပဲ များနေတော့တာ ဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ ခေါင်းပါးလာကြတဲ့အတွက် လောကကြီးမှာ ဘယ်နိုင်ငံပဲကြည့်ကြည့် ငြိမ်းချမ်းမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ကြခိုက်ကြတာတွေပဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူအချင်းချင်း အတူတူ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြဖို့၊ လေးစားကြဖို့၊ ချမ်းသာကိုပေးကြဖို့ မေတ္တာတရား များများထားကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ဆောင်တဲ့အတွက် လူအသီးသီးမှာ ဒီမေတ္တာတရားတွေ များများရှိလေ တစ်ဦးနဲ့တစ်ဦး အကျိုးတရားတွေကို များများဆောင်လေ၊ တစ်ဦးချမ်းသာအောင် တစ်ဦးက စောင့်ရှောက်ကြလေ ဖြစ်ကြမှာပါ။ “မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်”ဆိုတဲ့ စကားလိုပဲ မေတ္တာဓာတ်ဟာ မမြင်နိုင်တဲ့ အစွမ်းတွေ ရှိတဲ့အတွက် ကိုယ်ကသူတပါးကို မေတ္တာထားလေလေ သူတပါးကလည်း ကိုယ်ကိုမေတ္တာနဲ့ ပြန်တုံ့ပြန်လေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်က အရင်ဆုံး မေတ္တာထားနိုင်မှ သူတပါးကလည်း ကိုယ့်ကိုပြန်ပြီး မေတ္တာထားလာမှာ ဖြစ်ပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မေတ္တာထားပြီး သူ့အကျိုး မပျက်စီးအောင်၊ သူတပါးဒုက္ခ မရောက်အောင် နေနိုင်ကြမယ်ဆိုရင် လောကကြီးမှာ ရန်သူဆိုတာ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုတွေနဲ့ အေးမြနေကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်ကြပါစေ။ ကိုယ်ကစပြီး သူတပါးအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာစိတ်လေးတွေနဲ့ နေထိုင်ပြောဆို ပြုမူဆက်ဆံနိုင်အောင် လေ့ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်ကမေတ္တာ အားကောင်းလာရင် ရန်သူတောင်မှ ကိုယ့်ကိုပြန်ပြီး မေတ္တာနဲ့ တုံ့ပြန်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို မေတ္တာအခါတော်နေ့မှာ အားလုံးရဲ့ သန္တာန်မှာ မေတ္တာစိတ်လေးတွေ ကိန်ပြီး ဒေါသလေးတွေ ငြိမ်းကြစေဖို့၊ တစ်ဦးနဲ့တစ်ဦး မေတ္တာလေးတွေ ထားကြည့်ကြဖို့၊ တစ်ဦးချင်းရဲ့ စိတ်မှာ ဘယ်သူ့ဘယ်သူ အပေါ်မှ လှည့်ပတ်ခြင်း၊ ညှင်းစဲခြင်း၊ ဒုက္ခပေးခြင်း စတဲ့ မကောင်းတာတွေ မကိန်းရအောင် ကောင်းတဲ့စိတ်ထားလေးတွေ ထားနိုင်ကြဖို့ မေတ္တာများများ ပွားကြည့်ကြပါလို့ မေတ္တာအခါတော်နေ့ကို သက်သေပြုကာ မေတ္တာတရား ပို့သပေးရင်း အသိပေးစကား ပါးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို မေတ္တာ အခါတော်နေ့လေးမှာတော့ မှတ်မှတ်ရရ အနေနဲ့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒီမေတ္တာပို့လေးကို ရွတ်နိုင်သမျှရွတ်ပွားရင်း ကိုယ့်သန္တာန်မှာ အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေတ္တာဓာတ်များ ကိန်းစေဖို့ မေတ္တာဘာဝနာ ပွားကြည့်ကြပါလို့ တိုက်တွန်းရင်း မေတ္တာသုတ်ကို မြန်မာဆောင်ပုဒ်ပြု သီးကုံးပေးထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့လေးကို တင်ပြလိုက်ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ…။

၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ပရိတ် (သို့) အရံအတား


မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။ ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ဘုရားရှင်နှင့် တပည့်ရဟန္တာထေရ်ရှင်များက ဘေးရန်အန္တရာယ်များ ကျရောက်နေသည့် အရပ်ဒေသ၊ ပုဂ္ဂိုလ်များထံ ကြွရောက်၍ ရွတ်ပွားချီးမြှင့်တော်မူကာ အန္တရာယ်များ ကင်းရှင်းစေရန် အရံအတားပြုပေးထားသည့် အစစ်အမှန် ဒေသနာတော်များပင် ဖြစ်၏။ ဆိုင်ရာ အခြေအနေသို့လိုက်ကာ သင့်လျော်သည့် ပရိတ်တော်ကို ရွတ်ပွားပေးတော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် တပည့်သား သံဃာတော်များ၏ ပရိတ်တော်များသည် ပိဋကတ်တော်များတွင် အခိုင်အမာ မှတ်တမ်းအဖြစ် ရှိနေပြီးဖြစ်၏။ ယနေ့ခေတ် မြန်မာဗုဒ္ဓဘာသာဝင်များ ရွတ်ပွားပူဇော်လျက်ရှိသည့် ပရိတ်ကြီး (၁၁)သုတ်ဟူသည် ပိဋကတ်တော်တွင် မှတ်တမ်းတင်ထားသည့် ပရိတ်တော်များအား ရွေးနှုတ်ကာ အလွယ်တကူ ပူဇော်နိုင်ရန် ပြုလုပ်ထားသည့် ဘုရားဟော မူရင်းများပင် ဖြစ်ပါ၏။

ပရိတ်တော်များ၏ အဓိက အချက်မှာ ရတနာသုံးပါး၏ ဂုဏ်တော်များနှင့် ကံစွမ်းများကို အထင်အရှား ထုတ်ဖော်ပူဇော်ရင်း သစ္စာပြုထားချက်များပင် ဖြစ်၏။ ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဟူသော စာဆိုအတိုင်း သစ္စာကို အခြေပြုကာ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ဂုဏ်တော်အစွမ်း၊ ကုသိုလ်အစွမ်း၊ သစ္စာအစွမ်းများဖြင့် အရံအတားပြု ကာကွယ်ပေးခြင်းပင်ဖြစ်၏။ ပရိတ်တော်များ၏ အကျိုးသက်ရောက်မှုသည် ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်စေရန်နှင့် ကျရောက်ပြီး ဘေးအန္တရာယ်များ ပပျောက်စေရန် အထူးအကျိုးပြုပေးခြင်းပင် ဖြစ်၏။ 

ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာများက မိမိတို့ အိမ်ဂေဟာများသို့ ပင့်ဖိတ်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူပူဇော်ပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေရန် ပရိတ်တော်များကို ရွတ်ပွားသရဇ္ဈယ်စေခြင်း ဖြစ်၏။ မိမိတို့ အိမ်ဂေဟာ အနီးဝန်းကျင် အတွင်းရှိ မြင်အပ်၊ မမြင်အပ်သည့် အနှောက်အယှက်များ၊ အန္တရာယ်များ မကျရောက်စေရန် ပရိတ်တရား ရွတ်ပွားစေကြခြင်း ဖြစ်၏။ 

သတိပြုရမည်မှာ အန္တရာယ်ဟူသည် အပြင်အန္တရာယ်နှင့် အတွင်းအန္တရာယ်ဟူ၍ နှစ်မျိုးရှိရာတွင် ပရိတ်တော်များကား အပြင်အန္တာရာယ်ကိုသာ အထူးသဖြင့် အရံအတားပြု ကာကွယ်ပေးခြင်း ဖြစ်ပြီး အတွင်းအန္တရာယ်များကိုကား မိမိ၏ သတိ၊ ပညာများဖြင့်သာ မိမိကိုယ်တိုင် အရံအတားပြု ကာကွယ်ကြရမည်သာ ဖြစ်ပါ၏။ အတွင်းအန္တရာယ်ဟူသည်ကား မိမိကိုယ်ကို ပူလောင်စေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည့် ကိလေသာတရားများပင် ဖြစ်ပါ၏။ ထိုအတွင်းအန္တရာယ်များ အတွက်ကား ပရိတ်တရားများထက် မိမိ၏ သတိပညာတရားများက ပို၍လိုအပ်လှသည်သာ ဖြစ်၏။ သို့သော် ပရိတ်ရွတ်ကာ သမထအကျင့်အဖြစ် သမာဓိများ တိုးပွားနေလျှင်ကား အတွင်းရန်ဖြစ်သည့် ကိလေသာ တရားမျးကို အတိုင်းအတာ တစ်ခုအထိ အရံအတား ပြုပေးနေမည်သာ ဖြစ်ပါ၏။ 

ပရိတ်တော်များ၏ ဖွင့်ဆိုမှုများသည် မေတ္တာတရားကို အခြေခံကာ ဂုဏ်တော်များဖြင့် ထုံလွှမ်းထားသည့် ဖွင့်ဆိုမှုများ ဖြစ်သဖြင့် ရွတ်ပွားပူဇော်သူများကို အပြင်အန္တရာယ်များဖြစ်သည့် မကောင်းသည့် နတ်များ၊ နာနာဘာဝများ၏ နှောက်ယှက်မှုများမှ တားဆီးပေးပြီး သူတော်ကောင်းများ၏ တန်ပြန်ချစ်ခင်နှစ်သက် မြတ်နိုးမှုကို ရရှိစေနိုင်ပေ၏။ ပရိတ်ဒေသနာတော်များသည် မည်သည့်သတ္တဝါကိုမျှ ဆင်းရဲဒုက္ခရောက်စေသည့် အကြောင်းအရာ ဖွင့်ဆိုချက်များ မပါရှိသဖြင့် ပရိတ်ရွတ်ခြင်းအားဖြင့် ရွတ်ဆိုသူများအား တစ်စုံတရာ ဆိုးကျိုးဖြစ်ပေါ်နိုင်ဖွယ်အကြောင်း မရှိလှပေ။ ထို့အပြင် ဤပရိတ်ဒေသနာတော်များ၏ ထူးခြားမှုအဖြစ် ရွတ်ဆိုပူဇော်သူ၏ စိတ်စေတနာနှင့် မေတ္တာတရားအပေါ်အခြေခံကာ သိသာသည့် တန်ပြန်အကျိုးပေး သက်ရောက်မှုများကိုပင် ရရှိခံစားနိုင်မည်မှာ အသေအချာပင် ဖြစ်၏။ ဤသည်မှာ လက်တွေ့ကျင့်ကြံသူများ လက်တွေ့ခံစားနိုင်သည့် တရားတော်၏ သန္နိဋ္ဌိကဂုဏ်တော် အဖွင့်အတိုင်းပင် ဖြစ်၏။ 

သို့သော် ပရိတ်တရား ရွတ်ပွားပူဇော်ခြင်းအားဖြင့် ဓမ္မာနုဿတိ ဘာဝနာဖြစ်နေပြီး အပြင်ရန်များကို မေတ္တာတရားဖြင့် အရံအတားပြုပေးနေမည် ဖြစ်သော်လည်း မိမိ၏ အတွင်းရန်များဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် ကိလေသာတရားများကိုကား ပရိတ်ရွတ်ပေးသည့် သံဃာတော်များ၊ ပရိတ်ရွတ်ပေးသည့် ပုဂ္ဂိုလ်များက ကင်းငြိမ်းသွားစေရန် အရံအတား အကာအကွယ် ပြုပေးနိုင်မည်မဟုတ်ဘဲ မိမိ၏ အတွင်းရန်များကို မိမိ၏ သတိတရား၊ ပညာတရား သမထ၊ ဝိပဿနာ ကျင့်စဉ်များဖြင့်သာ အရံအတားပြု ကားကွယ်ပေးနိုင်မည်ဖြစ်၏။ 

ဆိုလိုသည်မှာ ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်းနှင့် ပတ်သက်၍ ပရိတ်တော်ဟူသည် အပြင်ပမှ ကျရောက်လာမည့် မြင်အပ်မမြင်အပ်သည့် အန္တရာယ်များကို အရံအတားပြု တားဆီးကာကွယ်ပေးနိုင်သည့် ဓမ္မဒေသနာများ ဖြစ်သဖြင့် ရွတ်ပွားသူများ၊ ရွတ်ပွားပေးသူများ အနေဖြင့် အပြင်အန္တရာယ်များကို ပရိတ်တော်များဖြင့် အကာအကွယ် အရံအတား ပြုထားနိုင်သော်လည်း အတွင်းအန္တရာယ်များ ဖြစ်သည့် ကိလေသာရန်များကိုကား တစ်စုံတယောက်က မကျရောက်စေရန် အရံအတား ကာကွယ်မှုများ မလုပ်ပေးနိုင်ဘဲ မိမိကိုယ်တိုင်သာ သတိကို အခြေခံသည့် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားများဖြင့် အရံအတားပြု ကာကွယ်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိသည်သာ မိမိ၏ အတွင်းအန္တရာယ်များကို ကာကွယ်ရမည်သာ ဖြစ်ပါ၏။

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ပရိတ်တရား ဒေသနာတော်များကို ရွတ်ပွားပူဇော်ကာ အန္တရာယ်များမှ အရံအတားပြု ကာကွယ်လိုကြသည့် သူများအနေဖြင့် အတွင်းအပြင် အန္တရာယ်များကို ပရိတ်တရား ရွတ်ပွားပူဇော် နာယူခြင်း အားဖြင့်လည်းကောင်း သီလကို အခြေခံသည့် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာများကို ဆောက်တည်ကျင့်ကြံခြင်း အားဖြင့်လည်းကောင်း ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ပရိတ် (သို့) အရံအတားအကြောင်း တစ်စိပ်တဒေသ အသိမျှလိုက်ရပါသည်။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အကောင်းကြားက အဟောင်းများ ပေးဆပ်နိုင်သမျှ ပေးဆပ်သွား


ဒကာလေးတစ်ယောက်နဲ့ တွေ့ဖူးပါတယ်။ သူ့ဘဝလေးကလည်း ကျန်တဲ့သူတွေအတွက် သတိပြုဆင်ခြင်စရာပါ။ ဒီဒကာလေးက အရက်လည်းမသောက်၊ ဆေးလိပ်လည်းမသောက်၊ ကွမ်းမစား၊ မဟုတ်တာဆို ဘာမှမလုပ်တဲ့အပြင် မိဘအပေါ် သိပ်သိတတ်တဲ့သူပါ။ အလုပ်အားပြီဆိုရင် ကျောင်းကိုရောက်လာတဲ့သူပါ။ ဒါပေမယ့် သူ့ဘဝမှာ ရောက်တဲ့နေရာတိုင်း သိပ်အဆင်ပြေကြီး မဟုတ်လှပါဘူး။ တစ်ခုမဟုတ် တစ်ခုကတော့ အခက်အခဲကို ရှိနေတတ်တာ ဖြစ်ပါတယ်။ အကောင်းတွေလုပ်တာလည်း ကျန်တဲ့သူတွေနဲ့ယှဉ်ရင် အတော်လုပ်တဲ့ ကလေးတစ်ယောက်ပါ။ သူဒီလောက်ကောင်းတာတွေ လုပ်နေပေမယ့် သူ့ရဲ့အကျိုးသက်ရောက်မှုကတော့ အဆင်မပြေတာ၊ အခက်အခဲ ဖြစ်နေတာပဲ များတတ်ပါတယ်။ တစ်ခါတလေ သူ့အကြောင်းတွေ သိနေရတော့ သူ့ကို အားပေးစကား ပြောဖြစ်ခဲ့ပါတယ်။ ကိုယ့်ဘဝအနေအထားကို တအားကြီး စိတ်ပျက်လက်ပျက် မဖြစ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ပါ။ 

တစ်ချို့ကိစ္စတွေမှာ ကံအကြွေးတွေ ပါလာရင် ပြန်ပြီးပေးဆပ်ရပါတယ်။ ကံရဲ့သဘောက ဒီဘဝရဲ့ ကံကြီးပဲ သက်ရောက်မှု ရှိနေတာမဟုတ်ဘဲ အတိတ်အတိတ်ရဲ့ ကံအကျိုးပေး သက်ရောက်မှုတွေကလည်း ရှိနေပြန်တော့ ဒီဘဝမှာ အကောင်းတွေ လုပ်နေပေမယ့် အတိတ်ကံလက်ကျန်တွေရဲ့ အကျိုးပေးချိန်တွေကြုံနေရင် ကောင်းတာလုပ်နေရင်းနဲ့ကိုပဲ အဆင်မပြေတာတွေ ကြုံတတ်ပါတယ်။ အတိတ်ဘဝတွေမှာ တစ်ချို့ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေမှာ အကုသိုလ်လေးတွေ ကပ်ပါလာတဲ့အခါ အဲဒီကံရဲ့ သက်ရောက်မှုလေးတွေ အဖြစ် အကောင်းလေးတွေ လုပ်နေပေမယ့် အဆင်မပြေမှုတွေ၊ အခက်အခဲလေးတွေဟာ မကောင်းတဲ့ကံရဲ့ ကြားညှပ်မှုအနေနဲ့ ပါနေတတ်တာ ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက တစ်ချို့အတိတ်ကံရဲ့ မကောင်းကံကြွေးက အားကြီးနေပေမယ့် ဒီဘဝရဲ့ ကောင်းကံတွေက တန်ပြန်သက်ရောက်မှုတွေနဲ့ အားပြုပေးထားတဲ့အတွက် သေရမယ့်ကံမျိုးက ထိခိုက်ဒဏ်ရာ ရတဲ့အဆင့်လောက်ပဲ ဖြစ်သွားတတ်တာတွေလည်း ရှိတတ်တာ ဖြစ်ပါတယ်။  အဓိကကတော့ အကောင်းတွေလုပ်နေပေမယ့် အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ရှိနေတတ်တဲ့ ကိုယ့်ကိုကိုယ် သတိပြုဆင်ခြင်ပြီး ပေးဆပ်ဖို့ပါလာတဲ့ ကံတွေကို ပေးဆပ်နေတယ်လို့ သဘောထားကာ စိတ်ဓာတ်မကျအောင်၊ အပြစ်အဖြစ်သက်သာအောင် နေတတ်ဖို့ပဲ ဖြစ်ပါတယ်။ 

ဘဝမှာ အကောင်းတွေ လုပ်နေပေမယ့် အကောင်းကြားမှာ မကောင်းများနေတာဟာ အဟောင်းများရဲ့ သက်ရောက်မှုဆိုတာ အားလုံးက သတိပြုကြရမှာ ဖြစ်ပါတယ်။ အဟောင်းများကြောင့် မကောင်းကြားရောက်နေကြရင်လည်း စိတ်မပျက်၊ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုကိုယ် အကြွေးဆပ်နေရတယ်လို့ သဘောထားပြီး လက်ရှိအနေအထားမှာ အမှားတွေထပ်မများအောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကုသိုလ်တွေကြားမှာ အကုသိုလ်တွေ ရမသွားအောင်ပဲ ကိုယ့်ရဲ့ကံတွေကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ အဆင်မပြေမှုများ၊ အခက်အခဲများဆိုတာက လူတိုင်းကြုံနေကြတဲ့ လောကဓံရဲ့ အပြောင်းအလဲပဲ ဖြစ်တဲ့အတွက် လောကဓံပြောင်းတိုင်း ကိုယ့်စိတ်က လိုက်ပြောင်းလိုက်ခံစားနေမယ်ဆိုရင် ဒီအပြောင်းအလဲတွေနဲ့ပဲ ဘဝတစ်ခုဟာ အဆုံးသတ်သွားစရာ ဖြစ်နေပါလိမ့်မယ်။ 

ဒါကြောင့် ပေးဆပ်ဖို့ရှိနေတဲ့ အကျိုးဆက်တွေအပေါ်မှာ စိတ်ပျက်အားငယ်မဖြစ်စေဘဲ အကောင်းတွေကိုသာ ကြိုးစားလုပ်ရင်း ဖြစ်ပေါ်လာတဲ့ အဟောင်းတွေကို ကုသိုလ်စွမ်းအား အကျင့်တရားများနဲ့သာ ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »

အဋ္ဌာနကောပဒေါသ (သို့) မလိုအပ်ဘဲ ဒေါသထွက်ခြင်း


စာပေမှာလာတဲ့ အဋ္ဌာနကောပဒေါသ အကြောင်းကိုဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်ဆင်ကြည်မိပါတယ်။ အဋ္ဌာနကောပဒေါသဆိုတာ တိုက်ရိုက်ကတော့ အရာမဟုတ်တဲ့အရာတွေမှာ ဒေါသထွက်တာကို ပြောတာပါ။ အလွယ်ပြောရရင်တော့ မလိုအပ်ဘဲ ဒေါသထွက်ခြင်းပါပဲ။ နေပူရင်လည်း နေပူလို့၊ မိုးရွာရင်လည်း မိုးရွာလို့၊ လေတိုက်ရင်လည်း တိုက်လို့၊ အေးရင်လည်း အေးလို့ စသဖြင့် အလိုလိုနေရင်း သဘာဝ ဓမ္မတွေအပေါ်မှာ၊ မခိုင်လုံတဲ့ အာရုံတွေအပေါ်မှာ အလိုမကျဖြစ်တာ၊ စိတ်ဆိုးစိတ်တိုတာ စတဲ့ သဘောတွေကို စာလိုတော့ အဋ္ဌာနကောပဒေါသလို့ ပြောတာဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် လူအတော်များများဟာ တစ်ခါတလေ ဘာမဟုတ်တဲ့ အရာလေးတွေမှာလည်း အလိုမကျဖြစ်လိုက်၊ မကျေမနပ်ဖြစ်လိုက်၊ စိတ်ဆိုးစိတ်တိုဖြစ်လိုက်၊ စိတ်ကောက်လိုက် စတာတွေ ဖြစ်လေ့ရှိတတ်ကြပါတယ်။ သွေးဆူနေလို့ ကိုယ့်စိတ်ကို မသိလိုက်ပေမယ့် သွေးအေးသွားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ “ဘာကြောင့် မကျေမနပ်ဖြစ်တယ်၊ စိတ်ဆိုးစိတ်တိုတယ်၊ စိတ်ကောက်တယ်”ဆိုတဲ့ အကြောင်းပြချက်က ရည်ရည်ရာရာ ရှာမရဘဲ ဖြစ်နေတတ်ပါတယ်။ ပိုးဆိုးတာက ဘယ်သူမှကိုယ့်ကို ဘာမှမလုပ်ရဘဲနဲ့ကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အလိုမကျဖြစ်နေတာ၊ စိတ်တိုင်းမကျ ဖြစ်နေတာပါပဲ။ နောက်တော့ ကိုယ့်အလိုမပြည့်ရာက မိုးကိုအပြစ်တင်လိုက်၊ နေကိုအပြစ်တင်လိုက်၊ လေကိုအပြစ်တင်လိုက် စတာတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ တစ်ခါတလေ ဘာမှမဆိုင်တဲ့သူအပေါ်မှာ ကိုယ့်အလိုမကျတာတွေက ဒေါသအဖြစ် ရောက်သွားတတ်တာတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ့်ဒေါသကြောင့် ဘာမှမသိဘဲ အိပ်နေတဲ့ ခွေးတွေ၊ကြောင်တွေတောင်မှ ခြေထောက်နဲ့ အကန်ခံလိုက်ရတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။ 

စိတ်ရဲ့ဆန်းကြယ်မှုက တစ်ခါတလေ ကိုယ့်အလိုမပြည့်တာက တခြားအာရုံတွေနောက် ရောက်သွားပြီး အဲဒီအာရုံအပေါ်မှာ ပေါက်ကွဲသွားတဲ့ သဘောတွေလည်း ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်အလိုမကျ ဖြစ်မှုတွေက တပည့်တွေအပေါ်ရောက်သွားပြီး တပည့်တွေရဲ့ ပုံမှန်အလေ့အကျင့်တွေအပေါ်မှာကိုပဲ အပြစ်တွေမြင်ပြီး ဒေါသအလျောက် ဆူမိတာ၊ ဒေါသအလျောက် ဆုံးမမိတာတွေ ဖြစ်ကုန်တော့တာပါ။ တစ်ချို့မိဘတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်ရာက အဲဒီ အလိုမကျမှုဟာ သားသမီးတွေ၊ တူတွေတူမတွေအပေါ်မှာ ကျရောက်စေတော့တာ ဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာလည်း အလားတူပါပဲ။ တစ်ခါတလေ ကိုယ့်အိမ်မှာအဆင်မပြေတာတွေက ဘာမှမဟုတ်ဘဲ သူငယ်ချင်းတွေအပေါ်မှာ သွားပြီးပေါက်ကွဲနေတတ်တဲ့ အဖြစ်တွေပါ။ အရင်းစစ်တော့ ဒါတွေဟာ အဋ္ဌာနကောပဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဘာမှမဆိုင်တာတွေ အပေါ်မှာ လိုက်ပြီးစိတ်ဆိုးစိတ်တို အလိုမကျ မကျေမနပ် ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ပုထုဇဉ် သဘာဝ ဒေါသကတော့ ရှိနေကြတာ ဖြစ်ပေမယ့် တစ်ချို့ဒေါသတွေဟာ အကြောင်းပြ မခိုင်လုံဘဲ ထွက်နေတဲ့ သဘောတွေ အများကြီးရှိနေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ထွက်သင့်တဲ့ ဒေါသကို ထွက်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါသဆိုတာကတော့ ထိန်းနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပေမယ့် မထိန်းနိုင်လို့ ဒေါသတွေ ဖြစ်ကြမယ်ဆိုရင်လည်း အကြောင်းခိုင်လုံမှ ထွက်တာက ဖြေမယ်ဆိုရင် ရှာကြံပြီး ဖြေလို့ရသေးတာပေါ့။ ဘာမှမဟုတ်ဘဲ ထစ်ခနဲဆို စိတ်ဆိုးလိုက်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ဟိုဟာလည်းအလိုမကျ၊ ဒါလည်းအလိုမကျ၊ ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်၊ ဟိုလူလုပ်လည်း အဆင်မပြေ၊ ဒီလူလုပ်လည်း အဆင်မပြေ အလိုလိုနေရင်း မကျေမနပ် ဖြစ်နေတာတွေကတော့ ဒါဟာ အဋ္ဌာနကောပဒေါသပဲ ဖြစ်ပါတယ်။ 

တစ်ဖက်ကလည်း ဒီလိုဒေါသမျိုးတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်တာတွေက စတာတွေပါပဲ။ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ တရားမရှိမှုတွေ၊ သတိမကပ်တာတွေက မလိုအပ်ဘဲ ထွက်ပေါ်တတ်တဲ့ ဒေါသတွေအဖြစ် ပုံပေါ်လာကြခြင်းပဲ ဖြစ်ပါတယ်။ အဓိကကတော့ သတိမကပ်မိကြလို့ပါပဲ။ သတိမရှိတော့ စိတ်ကိုမသိတော့ဘဲ အဲဒီမသိမှုက ကာယကံမြောက်၊ ဝစီကံမြောက်၊ မနောကံမြောက် ကျူးလွန်တဲ့အထိ ရောက်သွားစေတော့တာ ဖြစ်ပါတယ်။ သတိပျောက်တော့ အသိပါပျောက်ပြီး မသိတာတွေ ရောက်လာရာက မရှိရင်လည်း ဒေါသဖြစ်၊ မကြည်ရင်လည်း ဒေါသဖြစ်၊ မကောင်းရင်လည်း ဒေါသဖြစ်၊ မပြောင်းရင်လည်း ဒေါသဖြစ်၊ မလိုရင်လည်း ဒေါသဖြစ်၊ လိုတာမရရင်လည်း ဒေါသဖြစ် စသဖြင့် ကာလ၊ ဒေါသ၊ ပုဂ္ဂလနဲ့ သဘာဝတွေပါမကျန် အားလုံးအပေါ်မှာ အဋ္ဌာနကောပဒေါသတွေ ဖြစ်နေကြတော့တာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ပုထုဇဉ်သဘာဝ ဒေါသထွက်တာတော့ ရှိကြတာ ဖြစ်ပေမယ့် အဲဒီဒေါသတွေကို ဘာပဲဖြစ်ဖြစ် ထွက်နေတတ်တဲ့ ဒေါသမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိလေးကပ်ပြီး ဆင်ခြင်တတ်၊ ကိုယ့်စိတ်ကို သတိလေးနဲ့ ထိန်းတတ်တဲ့ အကျင့်တွေရှိဖို့ လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ရာမှာလည်း တရားအသိတွေ ရှိလာအောင်၊ ကုသိုလ်တရားတွေမှာ ပျော်မွေ့လာအောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ကြည့်ရမှာ ဖြစ်ပါတယ်။ စိတ်ကိုဆင်ခြင်မှုအပိုင်းမှာ တရားတော်အပေါ် အခြေခံပြီး ဆင်ခြင်မှုဟာ အပြစ်ကင်းပြီး မှန်ကန်တဲ့ ဆင်ခြင်မှုပဲ ဖြစ်တဲ့အတွက် ဖိအားတွေများ၊ အသိတရားတွေပါးပြီး မတရားအားတွေ များလာတဲ့အခါတွေမှာ တခြားအရာတွေကို အားပြုတာထက် တရားတော်ကိုအားပြုပြီး တရားနဲ့ဆင်ခြင်နိုင်အောင် လေ့ကျင့်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ဆိုတာ လုပ်ချင်လည်းမလုပ် မလုပ်ချင်လည်း လုပ်ရမှာ ဖြစ်တဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီးလည်း မနာချင်လည်းနာ၊ မကြိုက်လည်းနာ၊ မကျင့်ချင်လည်းကျင့်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် တရားအသိတွေ တိုးလာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ တရားအသိတွေ များလာလို့ရှိရင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မှာ ယုံကြည်မှု သဒ္ဓါတရားတွေ တိုးလာပြီး သတိတရားတွေလည်း များလာမှာဖြစ်ပါတယ်။ သတိများရင် အသိများလာမှာဖြစ်ပြီး အသိများရင် အမှားလည်းနည်းလာမှာဖြစ်ကာ အမှားနည်းလာခြင်းဟာ မလိုအပ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အလိုမကျမှု ဒေါသတွေအထိ အမှန်ညှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သတိရှိနေခြင်းရဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒေါသဆိုရင် ဘယ်လိုဒေါသမျိုးမှ ကောင်းကျိုးပြုတာ မရှိပေမယ့် အကြောင်းအကျိုး သဘောနဲ့ ဖြစ်ပေါ်လာတဲ့ ဒေါသမျိုးဆိုရင် အဆိုးထဲက အကောင်းအနေနဲ့ အကြောင်းပြလို့ မဆိုးလှတာ ဖြစ်တဲ့အတွက် ဘာမှမဟုတ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဋ္ဌာနကောပ ဒေါသလို ဒေါသမျိုး မဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် ဓမ္မကို အခြေခံတဲ့ သတိတရားမျိုး၊ အသိတရားမျိုးနဲ့ ဆင်ခြင်ရင်း တရားဆိုရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာယူမှတ်သား သင်ယူလေ့ကျင့်နိုင်အောင် ကြိုးစားကြပြီး အဲဒီတရားအသိနဲ့ပဲ ဘဝမှာ မလိုအပ်တဲ့ အရာတွေမှာ ဖြေဆည်ရာရနိုင်အောင် လေ့ကျင့်နေထိုင်ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။ 

Read more »

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး


မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။ 

၁။ စိဉ္စမာဏ
စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ 

၂။ သုပ္ပဗုဒ္ဓ
သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့် သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။ 

၃။ အရှင်ဒေဝဒတ်
ဒေဝဒတ် မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံများအထိ ကျူးလွန်မိခဲ့သည်။ မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့် နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ် နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ် ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။ 

၎။ နန္ဒကဘီလူး
နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့် ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊ သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင်တွင် တရားအားထုတ်နေစဉ် နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။ 

၅။ နန္ဒလုလင်
နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ ဥပ္ပလဝဏ် ထေရီမဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမတစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။ 

ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။ ဓမ္မစာပေပရိတ်သတ် တစ်ဦးဖြစ်သည့် ဒကာမ ဒေါ်ယုလှိုင်မိုး၏ တောင်းဆိုချက်ကို အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်။ အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့



လောကမှာ တစ်ချို့က တစ်ခါတလေ ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊ ကိုယ်နဲ့မတည့်တဲ့ သူတွေ၊ မဟုတ်တာ လုပ်တဲ့သူတွေ ဒုက္ခရောက်သွားတဲ့အခါ၊ အဆိုးတွေ ကြုံသွားတဲ့အခါ ဝမ်းသာအားရ ဖြစ်တတ်ကြပါတယ်။ အမုန်းတရားနဲ့ ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာနေတတ်ပါတယ်။ “နည်းတောင်နည်းသေးတယ်”ဆိုပြီး စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်နေတာတွေ ရှိတတ်ပါတယ်။ 

အဲဒီလို သူများဒုက္ခရောက်သွားတဲ့ အပေါ်မှာ ကိုယ်က ဝမ်းမြောက်ဝမ်းသာဖြစ်မိတာဟာ ကောင်းတဲ့စိတ်မဟာပါဘူး။ ကိုယ်နဲ့တည့်တာ၊ မတည့်တာတွေ ခဏထား၊ သူကောင်းတာ မကောင်းတာ အသာထားပြီး ကိုယ့်ရှုထောင့်က ကိုယ်စဉ်းစားကြည့်ကြဖို့တော့ လိုပါတယ်။ သူမကောင်းလို့ သူ့အပြစ်နဲ့ သူခံရတာဟာ သူ့အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲဒါကို ကိုယ်ကသူများဒုက္ခရောက်တဲ့ အပေါ်မှာ ဝမ်းသာအားရ ဖြစ်မိတာတော့ ကိုယ့်ကိုကိုယ် အကုသိုလ် ဝင်ယူသလို ဖြစ်နေတတ်ပါတယ်။ အဘိဓမ္မာမှာ တော့ ဉာဏ်မယှဉ်တဲ့ ဝမ်းမြောက်မှုလုပ်ရပ်ဟာ အကုသိုလ်စိတ်တစ်မျိုးပဲလို့ ဆိုပါတယ်။ ဒါဟာ သတိပြုစရာ အချက်တစ်ခုပါ။

အမှန်တော့ ပုထုဇဉ်သဘာဝ ကိုယ့်အပေါ်မှာ မကောင်းတဲ့သူ၊ လောကကောင်းကျိုးမပြုတဲ့ သူတွေ သူတို့အပြစ် သူတို့ခံရတဲ့အခါ အများအတွက်ကြည့်ပြီး ကိုယ်က ဝမ်းမြောက်မိတတ်ပေမယ့် တကယ်ထားသင့်တဲ့ စိတ်ထားက အကုသိုလ် သောမနဿမျိုး မဟုတ်ဘဲ သဗ္ဗေသတ္တာ ကမ္မဿကာဆိုတဲ့ အတွေးမျိုးထားရမှာပါ။ သူတပါးဒုက္ခရောက်တဲ့ အပေါ်မှာ ဝမ်းမြောက်ဖို့ထက် “သူ့ကံ သူခံသွားတဲ့ သဘောပါလား”လို့ မချစ်မမုန်း ဥပေက္ခာနှလုံးနဲ့ ဆင်ခြင်တတ်ရမှာ ဖြစ်ပါတယ်။ ဒါမှ သူ့အပြစ်ဟာ ကိုယ့်အပြစ်မဖြစ်မှာပါ။ မဟုတ်ရင် သူများကိုကြည့်ပြီး ကိုယ့်မှာအပြစ်တွေ ဖြစ်နေတတ်ပါတယ်။ ဒါဟာလည်း ပုထုဇဉ်သဘာဝ ကိုယ့်စိတ်ကိုယ် ပြုပြင်ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

Read more »

အချိန်မတန်သေးလို့ပါ


- ကိုယ်ကောင်းရဲ့သားနဲ့ အခြေအနေတွေက မကောင်းသေးဘူး၊ မပြောင်းသေးဘူး၊ အဆိုးတွေပဲ ဆက်ဖြစ်နေသေးတယ် ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ ဇွဲမလျော့ပါနဲ့၊ ကိုယ့်ကံကိုယ် မယုံမကြည် မဖြစ်လိုက်ပါနဲ့။ ကောင်းတဲ့အလုပ်တွေကိုသာ ကြိုးစားပြီး ဆက်လုပ်နေလိုက်ပါ။

- မကောင်းတာလုပ်နေရဲ့သားနဲ့ အခြေအနေတွေကောင်းပြီး ဘဝမပြောင်း အလှတွေဆောင်းနေသေးတဲ့ သူတွေကို တွေ့ခဲ့ရင်းလည်း အားမကျမိပါစေနဲ့၊ စိတ်ခံစားမှု မဖြစ်မိပါစေနဲ့၊ ကံတရားက မျက်နှာလိုက်တယ်လို့ မတွေးမိပါစေနဲ့။ ကိုယ့်အလုပ်ကို ကောင်းအောင်ပဲ ဂရုစိုက်ပြီး ကြိုးစားနေလိုက်ပါ။

- ကောင်းမှု၊ မကောင်းမှုဆိုတာ အချိန်တန် အကျိုးပေးချိန်တန်မှ အကြောင်းကြောင့် အကျိုး ဖြစ်လာတဲ့သဘော ရှိတဲ့အတွက် ကံအကျိုးပေးချိန်တွေကို မမျှော်ဘဲ လက်ရှိအချိန်မှာ ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်ကြဖို့ပဲ အရေးကြီးပါတယ်။ ကံအကျိုးပေးဆိုတာ အချိန်တန်ရင် ကိုယ်ကမမျှော်လည်း သူ့အကျိုးသူပေးသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

“အကျိုးပေးရမှာက ကံရဲ့အလုပ်၊ စေတနာကောင်းနဲ့ အလုပ်ကောင်းအောင် ကြိုးစားရမှာက ကိုယ့်ရဲ့အလုပ်ပါ။”

Read more »

ဝိနည်းတတ်သူ များထိုသူသို့


ဝိနည်းနဲ့ ပတ်သက်လာရင် ခုနောက်ပိုင်းလူတွေဟာ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ်တွေကို တော်တော်သိလာနေတဲ့ သဘောရှိပါတယ်။ ရဟန်းတော်များ ဘာလေးပဲလုပ်လိုက်လုပ်လိုက် ဝိနည်းနဲ့ မညီဘူး၊ သံဃာ့ကျင့်ဝတ်နဲ့ မညီဘူး၊ သံဃာအလုပ် သံဃာမလုပ်ဘူး စသဖြင့် ဝေဘန်နိုင်လာတဲ့အထိ သူတို့တွေ ဝိနည်းတော်အပေါ်မှာ ကျွမ်းကျင်လာတော့တာပါ။ လူတွေဝိနည်းသိလာတာ ကောင်းပါတယ်။ ဒါမှလည်း ရဟန်းတော်များနဲ့ အပ်စပ်ရာရာကို အာပတ်လွတ်အောင် စီမံဆောင်ရွတ်နိုင်မှာ ဖြစ်ပါတယ်။ ရဟန်းတော်များနဲ့ ဒကာဒကာမ ဆက်ဆံရေးအပိုင်းမှာ ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးနိုင်တဲ့ ကပ္ဗိယကာရကတွေ အများကြီး လိုအပ်ပါတယ်။ လူများက ရဟန်းတော်များရဲ့ ဝိနည်းကို နားလည်ပြီး ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးတာတွေ ရှိလာရင် တစ်ချို့တချို့ ရဟန်းငယ်များလည်း ဝိနည်းတော်နဲ့ မညီတဲ့ အပြုအမူတွေ အပေါ်မှာ သတိပြု ဆင်ခြင်လာနိုင်တဲ့အထိ ကျေးဇူးများနိုင်တာဆိုတော့ လူပုဂ္ဂိုလ်များ ဝိနည်းတတ်လာတာဟာ ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် ခက်တာက တစ်ချို့ လူတွေက ဝိနည်းကို ဘာမှန်းမသိဘဲ သူများဝိနည်းနဲ့ မညီဘူးဆိုလို့ လိုက်ပြီးမညီရာက သံဃာတော်များရဲ့ ပေါ့ပါးတဲ့ အာပတ်လေးတွေ အပေါ်မှာကိုပဲ သံဃာမဟုတ်တော့သလို အပြစ်တင် ဝေဘန်လာရာကနေ ပုဂ္ဂိုလ်အကြောင်းပြုပြီး သံဃာကို ဆော်ကားတဲ့အထိ လွဲလာနေတော့တာ မကောင်းလှပါဘူး။ ဆိုကြပါစို့။ အင်တာနက်ပေါ်မှာ ဓာတ်ပုံတွေ တင်တဲ့ကိစ္စ၊ နိုင်ငံခြားရောက် ကျောင်းသားရဟန်းတော်များ ကိုယ်တိုင်ဈေးဝယ်ပြီး ချက်ပြုတ်နေတဲ့ ကိစ္စ၊ ရာသီဥတု ဆိုးလွန်းတဲ့ နိုင်ငံရောက် ရဟန်းတော်များ အဝတ်အစား ဝတ်တဲ့ကိစ္စ စတာတွေက အစ ဝေဘန်အပြစ် ပြောနေတာတွေဟာ အတော်အသင့် ဝိနည်းတော်အရ မညီညွတ်မှုများ ဖြစ်နေပေမယ့် ရဟန်းမဟုတ်တော့တဲ့အထိ ကျူးလွန်တဲ့ အာပတ်မျိုးမဟုတ်ဘူးဆိုတာ သတိပြုကြရမှာပါ။ 

အမှန်တော့ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ် (၂၂၇)ပါးမှာ ဂရုက အာပတ်လို့ခေါ်တဲ့ ကြီးလေးတဲ့ အာပတ်၊ လဟုက အာပတ်လို့ခေါ်တဲ့ ပေါ့ပါးတဲ့အာပတ်နဲ့ မကြီးမလေးတဲ့ အာပတ်စသဖြင့် အာပတ်အဆင့်တွေ အများကြီး ပညတ်ပေးထားပါတယ်။ အဲဒီအထဲကမှ ပါရာဇိက အာပတ် (ကျူးလွန်ရင် သာသနာတော်ကနေ ဆုံးရှုံးသွားတဲ့ အာပတ်မျိုး) လေးမျိုး (၁။ ရဟန်းဘဝဖြင့် မေထုန်မှီဝဲခြင်း၊ ၂။ ရဟန်းဘဝဖြင့် သူများပစ္စည်းကို ခိုးယူခြင်း၊ ၃။ ရဟန်းဘဝဖြင့် လူအသက်ကို သတ်ခြင်း၊ ၄။ ရဟန်းးဘဝဖြင့် ဈာန်မဂ်ဖိုလ်နဲ့ ပတ်သက်တဲ့ တရားတွေကို မရဘဲ ရတယ်ဟု လိမ်ညာပြောဆိုခြင်း)ကတော့ အဓိက အရေးကြီးဆုံး အာပတ်ကြီးဖြစ်ပြီး သံဃာဒိသိသ် အာပတ် (သံဃာတော်များ အနည်း ၂၀အထက် ရှိမှသာ ပြန်လည်ကုစားလို့ ရတဲ့အာပတ်မျိုး) ဆယ့်သုံးမျိုးကတော့ ဒုတိယ အကြီးဆုံး အာပတ်ဖြစ်ပါတယ်။ ပါရာဇိက အာပတ်လို့ခေါ်တဲ့ အာပတ်လေးမျိုးထဲက တစ်ခုခုကို မကျူးလွန်မိသေးရင် ကျန်တဲ့အာပတ်တွေကို ကျူးလွန်မိပေမယ့် အဲဒီ ရဟန်းဟာ ရဟန်းဘဝနဲ့ပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ ကျူးလွန်မိတာတောင်မှ ကာယကံရှင် ကိုယ်တိုင်က ဝန်မခံဘူးဆိုရင် ကျန်တဲ့သူတွေက ရဟန်းမဟုတ်ဘူးလို့ ဆုံးဖြတ်ဖို့ အတော်ခက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ 

ပါရာဇိက ကျထားတဲ့ ရဟန်းတော်ပင် ဖြစ်နေပေမယ့် လူပုဂ္ဂိုလ်များအပိုင်းက “သံဃဿ ဒေမ”ဆိုပြီး သံဃာ့ဂုဏ်ကို အာရုံပြုထားတယ်ဆိုရင် အကျိုးတရားက အပြည့်ရနေတာ ဖြစ်ပါတယ်။ ပါရာဇိကကျတဲ့ ရဟန်းဟာ သူဝိနည်းမကြောက်လို့ ဆက်ပြီးကျူးလွန်နေတယ်ထားဦး ဒါဟာ အဲဒီပုဂ္ဂိုလ်ပဲ ခံရမယ့် အပိုင်းဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုကြည့်ပြီး သံဃာတော်တွေအပေါ်မှာ ဝါးလုံးရှည်နဲ့သိမ်းရမ်းပြီး ဝေဘန်ပြစ်တင်နေတာဟာ သူ့အပြစ်ကို ကိုယ့်အပြစ် လုပ်တဲ့သဘောမျိုးပဲ ဖြစ်တဲ့အတွက် ဝိနည်းသိပ်တတ်တဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ သတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အကောင်းသဘော၊ အပြုသဘော၊ သာသနာကို သန့်ရှင်းစေချင်တဲ့ စေတနာမနောနဲ့ ဝေဘန်တာဟာ ဝေဘန်ပိုင်ခွင့် ရှိပေမယ့် ပုဂ္ဂိုလ်နဲ့ သံဃာတော်ကို ကွဲပြားအောင် ခွဲခြားပြီး အပြစ်မဖြစ်အောင် သတိပြုကြဖို့ အထူးလိုအပ်လှတာ ဖြစ်ပါတယ်။ 

တစ်ခါတလေ ရဟန်းတော်များရဲ့ ဝိနည်းသိက္ခာပုဒ်တွေမှာ လူတွေအမြင်ကကြည့်ရင် အတော်ကို အရုပ်ဆိုးပြီး ခွင့်မလွတ်နိုင်လောက်တဲ့ အပြုအမူမျိုး ဖြစ်နေပေမယ့် ဝိနည်းပညတ်ချက် အနေနဲ့တော့ ဒေသနာကြားရင် ပျောက်သွားတဲ့ ပေါ့ပါးတဲ့ လဟုက အာပတ်မျိုး ဖြစ်နေတတ်ပါတယ်။ ဥပမာ ညနေစာစားတာတို့၊ အင်တာနက်မှာ ဟိုကြည့်ဒီကြည့်ကြည့် ဟိုပြောဒီပြော လုပ်တာတို့၊ ယုတ်စွအဆုံး အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတို့ စတာတွေဟာ ဝိနည်းပညတ်ချက် ရှုထောင့်ကကြည့်ရင် ဒေသနာကြားပြီး အာပတ်ဖြေရင် ပျောက်တဲ့အာပတ်မျိုးတွေ ဖြစ်နေတာပါ။ ဒါတွေကို မသိတော့ အဲဒီအပြုအမူတွေ ရှိနေတဲ့ ရဟန်းတော် အချို့ကိုကြည့်ပြီး တစ်ချို့က ဇွတ်အတင်း ဝေဘန်ပြစ်တင် ပြောဆိုကာ သံဃာတော်များအထိ စော်ကားသလိုမျိုး လုပ်သွားမိတတ်ပါတယ်။ အဲဒါဆိုရင် လူပုဂ္ဂိုလ်တွေအနေနဲ့ သံဃာပြစ်မှားတဲ့ အပြစ်မျိုး ဖြစ်သွားတတ်တာကို သတိထားရမှာ ဖြစ်ပါတယ်။ 

ဒီလိုရေးလိုက်လို့ ရဟန်းတော်များဘက်က ကာကွယ်ပြီး ရေးတယ်လို့မထင်ပါနဲ့။ အရှိသဘော၊ အမှန်သဘောကို ပြောတာဖြစ်ပါတယ်။ ရဟန်းတော်များဘက်ကလည်း အထူးဆင်ခြင်ရမှာက ကိုယ့်ရဲ့အပြုအမူကြောင့် လူဒကာဒကာမများ အပြစ်ဖြစ်သွားစေတဲ့ အလုပ်မျိုးဆိုရင် ကိုယ်မကြောက်လို့ ကိုယ်လုပ်တယ်ပဲထားဦး လူရှေ့သူရှေ့ မှာ လူတွေအပြစ်တွေ့စေမယ့် အနေအထားမျိုး မဖြစ်အောင် ဘာပဲဖြစ်ဖြစ် ထိန်းသိမ်းသင့်လှပါတယ်။ မိမိကြောင့် အများသံဃာနဲ့ ဗုဒ္ဓသာသနာတော်ကို ညစ်နွမ်းစေမယ့် အပြုအမူမျိုး အထူးဆင်ခြင်သင့်လှပါတယ်။ လူဟာ လူ့အသိနဲလူညှိပြီး ဝေဘန်ပြစ်တင်တတ်ကြပေမယ့် ရဟန်းတော်များဘက်ကလည်း ကိုယ့်အပြုအမူကြောင့် လူတွေအပြစ်တွေ ဖြစ်စေမယ့် သဘောမျိုးကို ရှောင်ကြဉ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ မဟုတ်ရင် ကိုယ်လည်းမကောင်း သူတို့လည်း အပြစ်ရသွားတတ်ပါတယ်။ 

ထားပါတော့။ ပြောချင်တာက ဝိနည်းသိပ်တတ်ပြီး သိပ်တော်နေကြတဲ့ ဝေဘန်ရေး ဆရာတွေကို ပြောချင်တာပါ။ အပြုသဘောနဲ့ ပြောတာဟာ ကောင်းပေမယ့် ပုဂ္ဂိုလ်ရေးအစွဲ၊ မုန်းတီးရေး အစွဲ၊ ကိုယ့်အယူအဆနဲ့ မတူတဲ့အစွဲ စတဲ့စတဲ့ အစွဲတွေနဲ့ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲပြားဘဲ ရဟန်းတော်များအပေါ် အပြစ်ပြော ဝေဘန်နေတာတွေဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အမျိုးဘာသာ၊ သာသနာအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘဲ သံဃာတော်ကို စော်ကားတဲ့ သဘောမျိုး ဖြစ်နေခဲ့ရင် ဒါတွေကို သတိပြုဆင်ခြင်ပြီး ကိုယ်စွမ်းနိုင်တဲ့ဘက်က အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ အပြင်မှာ အပုတ်ချနေကြတဲ့ သရုပ်ပြတွေကြောင့် ဗုဒ္ဓဘာသာဟာ မဟုတ်မဟတ်တွေ ဖြစ်နေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အနေနဲ့ အများအမြင်မှာ ကိုယ်ကိုးကွယ်ရာကို ပိုပြီး အထင်မမှားရအောင် ဟုတ်နေသည်ထားဦး ကိုယ်တွေက ဖေးဖေးမမလေးနဲ့ ကာကွယ်ကြဖို့ပါ။ အဆိပ်ပင်ရေလောင်းဖို့ ပြောနေတာမဟုတ်ပါဘူး။ နိုင်ငံလူမျိုးဘာသာနဲ့ ပတ်သက်လာတဲ့ အပိုင်းတွေမှာ ကိုယ့်ဘာသာကို ကိုယ်ကအပုတ်ချနေတာတွေ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ပါ။ အရေးကြီးနေတဲ့ အချိန်မှာ ဆရာဒကာ ညီညွတ်စွာနဲ့ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ကိုယ့်အထုတ် ကိုယ်ဖြေပြတဲ့ အပြုအမူမျိုး အထူးရှောင်ကြဉ်ကြဖို့ အကြံပြုလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆုတ်ကပ်ရောက်လာတဲ့ အခုလိုခေတ်ကြီးမှာ သာသနာတော်နဲ့ အမျိုးဘာသာကို နှစ်ပေါင်း (၂၅၀၀)ကျော်လာတဲ့အထိ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့၊ အမျိုးသားရေးအပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်လေ့မရှိတဲ့ သံဃာတော်များအပေါ်မှာ ဝိနည်းသိပ်တတ်၊ စာသိပ်တတ်တဲ့ ပညာရှင် ဗုဒ္ဓဘာသာဝင် ဒကာဒကာမများ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်တွေကို လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ဝေဘန်အပြစ်တင်နေကြမယ့်အစား ဒါတွေကို သိုသိုသိပ်သိပ်နဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုသာ အဖြေရှာပြီး ဆရာနဲ့ဒကာ၊ ဒကာနဲ့ဆရာ ညီညီညာညာနဲ့ အမျိုးဘာသာ သာသနာတော်ကို အတူလက်တွဲပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းရင်း “ငါတို့ အဓိဋ္ဌာန်” ဆိုတဲ့ အဓိဋ္ဌာန်ချက်လေးနဲ့ပဲ ဘုန်းဘုန်းရဲ့ အပြုသဘော ဝေဘန်ချက်ကို အဆုံးသတ်လိုက်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

“ငါတို့အဓိဋ္ဌာန်”
- ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၊ မှန်စွာငါတို့ ချမ်းသာဖို့။
- တရားဒေသနာ၊ ဟောညွန်တာ၊ မှတ်စွာငါတို့ ငြိမ်းချမ်းဖို့။
- တပည့်သားသံဃာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ အကျိုးများဖို့။
- ရတနာသုံးဖြာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ ဆည်းကပ်စို့။
- အမျိုးဘာသာ၊ စောင့်ရှောက်ကာ၊ မှန်စွာငါတို့ ကာကွယ်စို့။ ။

Read more »

ကျေနပ်တတ်တဲ့ စိတ်ဟာချမ်းသာမှု တစ်မျိုးပါ


ဘဝမှာ ချမ်းသာအစစ်ဟာ ဘာလဲလို့မေးရင် “ကျေနပ်အောင် နေတတ်တဲ့ စိတ်ပဲ”လို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်တော့ ချမ်းသာမှုဆိုတာဟာ ငွေရှိတိုင်းလည်း ချမ်းသာတာမဟုတ်ဘူး။ ရာထူးဂုဏ်ရှိလို့လည်း ချမ်းသာတာ မဟုတ်ဘူး။ ချမ်းသာအောင် နေတတ်တဲ့ အလေ့အကျင့်လေးကသာ ချမ်းသာမှုကို ပေးစွမ်းနိုင်တာပါ။ ကိုယ့်ရှိတာလေးနဲ့၊ ကိုယ့်အနေအထားလေးနဲ့ အပြစ်နည်းအောင်၊ အကုသိုလ်အဖြစ် သက်သာအောင် ကြိုးစားနေထိုင်နိုင်ရင် ဒါဟာ ဘာပဲဖြစ်ဖြစ် အမြဲပြောင်းလဲနေတဲ့ ဘဝမှာ ချမ်းသာတဲ့ တစ်ခဏလို့ ပြောရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားက “သန္တုဋ္ဌီ ပရမံ ဓနံ- ကျေနပ်တတ်တဲ့ အကျင့်ဟာ အကောင်းဆုံး ချမ်းသာ”လို့ ဟောတော်မူပါတယ်။ အဲဒီလို နေတာဟာ အပျင်းထူတာ မဟုတ်ဘဲ ကိုယ့်ကိုကိုယ် အပြစ်တွေနည်းအောင် လျော့ချပြီး နေတဲ့ အလေ့အကျင့်ဖြစ်တဲ့အတွက် များများလေ့ကျင့်နိုင်လေ ကိုယ့်ရဲ့ အလိုမကျမှုတွေ၊ မကျေနပ်မှုတွေကို များများလျော့ချနိုင်လေပဲ ဖြစ်ပါတယ်။ ဒါဟာ နေတတ်ရင် ကျေနပ်စရာဆိုတာမျိုးပါပဲ။ အရေးအကြီးဆုံးက မကျေမနပ် ဖြစ်စေတတ်တဲ့ အတွေးတွေကို အကြာကြီး သိမ်းမထားဖို့ပါပဲ။ မကျေနပ်တဲ့ အတွေးတွေဟာ စိတ်ကိုလေးစေတတ်တဲ့အတွက် အတွေးဆိုရင် အကြာကြီး မတွေးတာ ကောင်းပါတယ်။ အထူးသဖြင့် အကျိုးမရှိတဲ့ အတွေးတွေကို မွေးမထားဖို့ပဲ ဖြစ်ပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ