အဋ္ဌာနကောပဒေါသ (သို့) မလိုအပ်ဘဲ ဒေါသထွက်ခြင်း


စာပေမှာလာတဲ့ အဋ္ဌာနကောပဒေါသ အကြောင်းကိုဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်ဆင်ကြည်မိပါတယ်။ အဋ္ဌာနကောပဒေါသဆိုတာ တိုက်ရိုက်ကတော့ အရာမဟုတ်တဲ့အရာတွေမှာ ဒေါသထွက်တာကို ပြောတာပါ။ အလွယ်ပြောရရင်တော့ မလိုအပ်ဘဲ ဒေါသထွက်ခြင်းပါပဲ။ နေပူရင်လည်း နေပူလို့၊ မိုးရွာရင်လည်း မိုးရွာလို့၊ လေတိုက်ရင်လည်း တိုက်လို့၊ အေးရင်လည်း အေးလို့ စသဖြင့် အလိုလိုနေရင်း သဘာဝ ဓမ္မတွေအပေါ်မှာ၊ မခိုင်လုံတဲ့ အာရုံတွေအပေါ်မှာ အလိုမကျဖြစ်တာ၊ စိတ်ဆိုးစိတ်တိုတာ စတဲ့ သဘောတွေကို စာလိုတော့ အဋ္ဌာနကောပဒေါသလို့ ပြောတာဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် လူအတော်များများဟာ တစ်ခါတလေ ဘာမဟုတ်တဲ့ အရာလေးတွေမှာလည်း အလိုမကျဖြစ်လိုက်၊ မကျေမနပ်ဖြစ်လိုက်၊ စိတ်ဆိုးစိတ်တိုဖြစ်လိုက်၊ စိတ်ကောက်လိုက် စတာတွေ ဖြစ်လေ့ရှိတတ်ကြပါတယ်။ သွေးဆူနေလို့ ကိုယ့်စိတ်ကို မသိလိုက်ပေမယ့် သွေးအေးသွားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ “ဘာကြောင့် မကျေမနပ်ဖြစ်တယ်၊ စိတ်ဆိုးစိတ်တိုတယ်၊ စိတ်ကောက်တယ်”ဆိုတဲ့ အကြောင်းပြချက်က ရည်ရည်ရာရာ ရှာမရဘဲ ဖြစ်နေတတ်ပါတယ်။ ပိုးဆိုးတာက ဘယ်သူမှကိုယ့်ကို ဘာမှမလုပ်ရဘဲနဲ့ကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အလိုမကျဖြစ်နေတာ၊ စိတ်တိုင်းမကျ ဖြစ်နေတာပါပဲ။ နောက်တော့ ကိုယ့်အလိုမပြည့်ရာက မိုးကိုအပြစ်တင်လိုက်၊ နေကိုအပြစ်တင်လိုက်၊ လေကိုအပြစ်တင်လိုက် စတာတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ တစ်ခါတလေ ဘာမှမဆိုင်တဲ့သူအပေါ်မှာ ကိုယ့်အလိုမကျတာတွေက ဒေါသအဖြစ် ရောက်သွားတတ်တာတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ့်ဒေါသကြောင့် ဘာမှမသိဘဲ အိပ်နေတဲ့ ခွေးတွေ၊ကြောင်တွေတောင်မှ ခြေထောက်နဲ့ အကန်ခံလိုက်ရတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။ 

စိတ်ရဲ့ဆန်းကြယ်မှုက တစ်ခါတလေ ကိုယ့်အလိုမပြည့်တာက တခြားအာရုံတွေနောက် ရောက်သွားပြီး အဲဒီအာရုံအပေါ်မှာ ပေါက်ကွဲသွားတဲ့ သဘောတွေလည်း ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်အလိုမကျ ဖြစ်မှုတွေက တပည့်တွေအပေါ်ရောက်သွားပြီး တပည့်တွေရဲ့ ပုံမှန်အလေ့အကျင့်တွေအပေါ်မှာကိုပဲ အပြစ်တွေမြင်ပြီး ဒေါသအလျောက် ဆူမိတာ၊ ဒေါသအလျောက် ဆုံးမမိတာတွေ ဖြစ်ကုန်တော့တာပါ။ တစ်ချို့မိဘတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်ရာက အဲဒီ အလိုမကျမှုဟာ သားသမီးတွေ၊ တူတွေတူမတွေအပေါ်မှာ ကျရောက်စေတော့တာ ဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာလည်း အလားတူပါပဲ။ တစ်ခါတလေ ကိုယ့်အိမ်မှာအဆင်မပြေတာတွေက ဘာမှမဟုတ်ဘဲ သူငယ်ချင်းတွေအပေါ်မှာ သွားပြီးပေါက်ကွဲနေတတ်တဲ့ အဖြစ်တွေပါ။ အရင်းစစ်တော့ ဒါတွေဟာ အဋ္ဌာနကောပဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဘာမှမဆိုင်တာတွေ အပေါ်မှာ လိုက်ပြီးစိတ်ဆိုးစိတ်တို အလိုမကျ မကျေမနပ် ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ပုထုဇဉ် သဘာဝ ဒေါသကတော့ ရှိနေကြတာ ဖြစ်ပေမယ့် တစ်ချို့ဒေါသတွေဟာ အကြောင်းပြ မခိုင်လုံဘဲ ထွက်နေတဲ့ သဘောတွေ အများကြီးရှိနေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ထွက်သင့်တဲ့ ဒေါသကို ထွက်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါသဆိုတာကတော့ ထိန်းနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပေမယ့် မထိန်းနိုင်လို့ ဒေါသတွေ ဖြစ်ကြမယ်ဆိုရင်လည်း အကြောင်းခိုင်လုံမှ ထွက်တာက ဖြေမယ်ဆိုရင် ရှာကြံပြီး ဖြေလို့ရသေးတာပေါ့။ ဘာမှမဟုတ်ဘဲ ထစ်ခနဲဆို စိတ်ဆိုးလိုက်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ဟိုဟာလည်းအလိုမကျ၊ ဒါလည်းအလိုမကျ၊ ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်၊ ဟိုလူလုပ်လည်း အဆင်မပြေ၊ ဒီလူလုပ်လည်း အဆင်မပြေ အလိုလိုနေရင်း မကျေမနပ် ဖြစ်နေတာတွေကတော့ ဒါဟာ အဋ္ဌာနကောပဒေါသပဲ ဖြစ်ပါတယ်။ 

တစ်ဖက်ကလည်း ဒီလိုဒေါသမျိုးတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်တာတွေက စတာတွေပါပဲ။ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ တရားမရှိမှုတွေ၊ သတိမကပ်တာတွေက မလိုအပ်ဘဲ ထွက်ပေါ်တတ်တဲ့ ဒေါသတွေအဖြစ် ပုံပေါ်လာကြခြင်းပဲ ဖြစ်ပါတယ်။ အဓိကကတော့ သတိမကပ်မိကြလို့ပါပဲ။ သတိမရှိတော့ စိတ်ကိုမသိတော့ဘဲ အဲဒီမသိမှုက ကာယကံမြောက်၊ ဝစီကံမြောက်၊ မနောကံမြောက် ကျူးလွန်တဲ့အထိ ရောက်သွားစေတော့တာ ဖြစ်ပါတယ်။ သတိပျောက်တော့ အသိပါပျောက်ပြီး မသိတာတွေ ရောက်လာရာက မရှိရင်လည်း ဒေါသဖြစ်၊ မကြည်ရင်လည်း ဒေါသဖြစ်၊ မကောင်းရင်လည်း ဒေါသဖြစ်၊ မပြောင်းရင်လည်း ဒေါသဖြစ်၊ မလိုရင်လည်း ဒေါသဖြစ်၊ လိုတာမရရင်လည်း ဒေါသဖြစ် စသဖြင့် ကာလ၊ ဒေါသ၊ ပုဂ္ဂလနဲ့ သဘာဝတွေပါမကျန် အားလုံးအပေါ်မှာ အဋ္ဌာနကောပဒေါသတွေ ဖြစ်နေကြတော့တာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ပုထုဇဉ်သဘာဝ ဒေါသထွက်တာတော့ ရှိကြတာ ဖြစ်ပေမယ့် အဲဒီဒေါသတွေကို ဘာပဲဖြစ်ဖြစ် ထွက်နေတတ်တဲ့ ဒေါသမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိလေးကပ်ပြီး ဆင်ခြင်တတ်၊ ကိုယ့်စိတ်ကို သတိလေးနဲ့ ထိန်းတတ်တဲ့ အကျင့်တွေရှိဖို့ လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ရာမှာလည်း တရားအသိတွေ ရှိလာအောင်၊ ကုသိုလ်တရားတွေမှာ ပျော်မွေ့လာအောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ကြည့်ရမှာ ဖြစ်ပါတယ်။ စိတ်ကိုဆင်ခြင်မှုအပိုင်းမှာ တရားတော်အပေါ် အခြေခံပြီး ဆင်ခြင်မှုဟာ အပြစ်ကင်းပြီး မှန်ကန်တဲ့ ဆင်ခြင်မှုပဲ ဖြစ်တဲ့အတွက် ဖိအားတွေများ၊ အသိတရားတွေပါးပြီး မတရားအားတွေ များလာတဲ့အခါတွေမှာ တခြားအရာတွေကို အားပြုတာထက် တရားတော်ကိုအားပြုပြီး တရားနဲ့ဆင်ခြင်နိုင်အောင် လေ့ကျင့်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ဆိုတာ လုပ်ချင်လည်းမလုပ် မလုပ်ချင်လည်း လုပ်ရမှာ ဖြစ်တဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီးလည်း မနာချင်လည်းနာ၊ မကြိုက်လည်းနာ၊ မကျင့်ချင်လည်းကျင့်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် တရားအသိတွေ တိုးလာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ တရားအသိတွေ များလာလို့ရှိရင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မှာ ယုံကြည်မှု သဒ္ဓါတရားတွေ တိုးလာပြီး သတိတရားတွေလည်း များလာမှာဖြစ်ပါတယ်။ သတိများရင် အသိများလာမှာဖြစ်ပြီး အသိများရင် အမှားလည်းနည်းလာမှာဖြစ်ကာ အမှားနည်းလာခြင်းဟာ မလိုအပ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အလိုမကျမှု ဒေါသတွေအထိ အမှန်ညှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သတိရှိနေခြင်းရဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒေါသဆိုရင် ဘယ်လိုဒေါသမျိုးမှ ကောင်းကျိုးပြုတာ မရှိပေမယ့် အကြောင်းအကျိုး သဘောနဲ့ ဖြစ်ပေါ်လာတဲ့ ဒေါသမျိုးဆိုရင် အဆိုးထဲက အကောင်းအနေနဲ့ အကြောင်းပြလို့ မဆိုးလှတာ ဖြစ်တဲ့အတွက် ဘာမှမဟုတ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဋ္ဌာနကောပ ဒေါသလို ဒေါသမျိုး မဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် ဓမ္မကို အခြေခံတဲ့ သတိတရားမျိုး၊ အသိတရားမျိုးနဲ့ ဆင်ခြင်ရင်း တရားဆိုရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာယူမှတ်သား သင်ယူလေ့ကျင့်နိုင်အောင် ကြိုးစားကြပြီး အဲဒီတရားအသိနဲ့ပဲ ဘဝမှာ မလိုအပ်တဲ့ အရာတွေမှာ ဖြေဆည်ရာရနိုင်အောင် လေ့ကျင့်နေထိုင်ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။ 

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ