ဝိနည်းတတ်သူ များထိုသူသို့


ဝိနည်းနဲ့ ပတ်သက်လာရင် ခုနောက်ပိုင်းလူတွေဟာ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ်တွေကို တော်တော်သိလာနေတဲ့ သဘောရှိပါတယ်။ ရဟန်းတော်များ ဘာလေးပဲလုပ်လိုက်လုပ်လိုက် ဝိနည်းနဲ့ မညီဘူး၊ သံဃာ့ကျင့်ဝတ်နဲ့ မညီဘူး၊ သံဃာအလုပ် သံဃာမလုပ်ဘူး စသဖြင့် ဝေဘန်နိုင်လာတဲ့အထိ သူတို့တွေ ဝိနည်းတော်အပေါ်မှာ ကျွမ်းကျင်လာတော့တာပါ။ လူတွေဝိနည်းသိလာတာ ကောင်းပါတယ်။ ဒါမှလည်း ရဟန်းတော်များနဲ့ အပ်စပ်ရာရာကို အာပတ်လွတ်အောင် စီမံဆောင်ရွတ်နိုင်မှာ ဖြစ်ပါတယ်။ ရဟန်းတော်များနဲ့ ဒကာဒကာမ ဆက်ဆံရေးအပိုင်းမှာ ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးနိုင်တဲ့ ကပ္ဗိယကာရကတွေ အများကြီး လိုအပ်ပါတယ်။ လူများက ရဟန်းတော်များရဲ့ ဝိနည်းကို နားလည်ပြီး ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးတာတွေ ရှိလာရင် တစ်ချို့တချို့ ရဟန်းငယ်များလည်း ဝိနည်းတော်နဲ့ မညီတဲ့ အပြုအမူတွေ အပေါ်မှာ သတိပြု ဆင်ခြင်လာနိုင်တဲ့အထိ ကျေးဇူးများနိုင်တာဆိုတော့ လူပုဂ္ဂိုလ်များ ဝိနည်းတတ်လာတာဟာ ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် ခက်တာက တစ်ချို့ လူတွေက ဝိနည်းကို ဘာမှန်းမသိဘဲ သူများဝိနည်းနဲ့ မညီဘူးဆိုလို့ လိုက်ပြီးမညီရာက သံဃာတော်များရဲ့ ပေါ့ပါးတဲ့ အာပတ်လေးတွေ အပေါ်မှာကိုပဲ သံဃာမဟုတ်တော့သလို အပြစ်တင် ဝေဘန်လာရာကနေ ပုဂ္ဂိုလ်အကြောင်းပြုပြီး သံဃာကို ဆော်ကားတဲ့အထိ လွဲလာနေတော့တာ မကောင်းလှပါဘူး။ ဆိုကြပါစို့။ အင်တာနက်ပေါ်မှာ ဓာတ်ပုံတွေ တင်တဲ့ကိစ္စ၊ နိုင်ငံခြားရောက် ကျောင်းသားရဟန်းတော်များ ကိုယ်တိုင်ဈေးဝယ်ပြီး ချက်ပြုတ်နေတဲ့ ကိစ္စ၊ ရာသီဥတု ဆိုးလွန်းတဲ့ နိုင်ငံရောက် ရဟန်းတော်များ အဝတ်အစား ဝတ်တဲ့ကိစ္စ စတာတွေက အစ ဝေဘန်အပြစ် ပြောနေတာတွေဟာ အတော်အသင့် ဝိနည်းတော်အရ မညီညွတ်မှုများ ဖြစ်နေပေမယ့် ရဟန်းမဟုတ်တော့တဲ့အထိ ကျူးလွန်တဲ့ အာပတ်မျိုးမဟုတ်ဘူးဆိုတာ သတိပြုကြရမှာပါ။ 

အမှန်တော့ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ် (၂၂၇)ပါးမှာ ဂရုက အာပတ်လို့ခေါ်တဲ့ ကြီးလေးတဲ့ အာပတ်၊ လဟုက အာပတ်လို့ခေါ်တဲ့ ပေါ့ပါးတဲ့အာပတ်နဲ့ မကြီးမလေးတဲ့ အာပတ်စသဖြင့် အာပတ်အဆင့်တွေ အများကြီး ပညတ်ပေးထားပါတယ်။ အဲဒီအထဲကမှ ပါရာဇိက အာပတ် (ကျူးလွန်ရင် သာသနာတော်ကနေ ဆုံးရှုံးသွားတဲ့ အာပတ်မျိုး) လေးမျိုး (၁။ ရဟန်းဘဝဖြင့် မေထုန်မှီဝဲခြင်း၊ ၂။ ရဟန်းဘဝဖြင့် သူများပစ္စည်းကို ခိုးယူခြင်း၊ ၃။ ရဟန်းဘဝဖြင့် လူအသက်ကို သတ်ခြင်း၊ ၄။ ရဟန်းးဘဝဖြင့် ဈာန်မဂ်ဖိုလ်နဲ့ ပတ်သက်တဲ့ တရားတွေကို မရဘဲ ရတယ်ဟု လိမ်ညာပြောဆိုခြင်း)ကတော့ အဓိက အရေးကြီးဆုံး အာပတ်ကြီးဖြစ်ပြီး သံဃာဒိသိသ် အာပတ် (သံဃာတော်များ အနည်း ၂၀အထက် ရှိမှသာ ပြန်လည်ကုစားလို့ ရတဲ့အာပတ်မျိုး) ဆယ့်သုံးမျိုးကတော့ ဒုတိယ အကြီးဆုံး အာပတ်ဖြစ်ပါတယ်။ ပါရာဇိက အာပတ်လို့ခေါ်တဲ့ အာပတ်လေးမျိုးထဲက တစ်ခုခုကို မကျူးလွန်မိသေးရင် ကျန်တဲ့အာပတ်တွေကို ကျူးလွန်မိပေမယ့် အဲဒီ ရဟန်းဟာ ရဟန်းဘဝနဲ့ပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ ကျူးလွန်မိတာတောင်မှ ကာယကံရှင် ကိုယ်တိုင်က ဝန်မခံဘူးဆိုရင် ကျန်တဲ့သူတွေက ရဟန်းမဟုတ်ဘူးလို့ ဆုံးဖြတ်ဖို့ အတော်ခက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ 

ပါရာဇိက ကျထားတဲ့ ရဟန်းတော်ပင် ဖြစ်နေပေမယ့် လူပုဂ္ဂိုလ်များအပိုင်းက “သံဃဿ ဒေမ”ဆိုပြီး သံဃာ့ဂုဏ်ကို အာရုံပြုထားတယ်ဆိုရင် အကျိုးတရားက အပြည့်ရနေတာ ဖြစ်ပါတယ်။ ပါရာဇိကကျတဲ့ ရဟန်းဟာ သူဝိနည်းမကြောက်လို့ ဆက်ပြီးကျူးလွန်နေတယ်ထားဦး ဒါဟာ အဲဒီပုဂ္ဂိုလ်ပဲ ခံရမယ့် အပိုင်းဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုကြည့်ပြီး သံဃာတော်တွေအပေါ်မှာ ဝါးလုံးရှည်နဲ့သိမ်းရမ်းပြီး ဝေဘန်ပြစ်တင်နေတာဟာ သူ့အပြစ်ကို ကိုယ့်အပြစ် လုပ်တဲ့သဘောမျိုးပဲ ဖြစ်တဲ့အတွက် ဝိနည်းသိပ်တတ်တဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ သတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အကောင်းသဘော၊ အပြုသဘော၊ သာသနာကို သန့်ရှင်းစေချင်တဲ့ စေတနာမနောနဲ့ ဝေဘန်တာဟာ ဝေဘန်ပိုင်ခွင့် ရှိပေမယ့် ပုဂ္ဂိုလ်နဲ့ သံဃာတော်ကို ကွဲပြားအောင် ခွဲခြားပြီး အပြစ်မဖြစ်အောင် သတိပြုကြဖို့ အထူးလိုအပ်လှတာ ဖြစ်ပါတယ်။ 

တစ်ခါတလေ ရဟန်းတော်များရဲ့ ဝိနည်းသိက္ခာပုဒ်တွေမှာ လူတွေအမြင်ကကြည့်ရင် အတော်ကို အရုပ်ဆိုးပြီး ခွင့်မလွတ်နိုင်လောက်တဲ့ အပြုအမူမျိုး ဖြစ်နေပေမယ့် ဝိနည်းပညတ်ချက် အနေနဲ့တော့ ဒေသနာကြားရင် ပျောက်သွားတဲ့ ပေါ့ပါးတဲ့ လဟုက အာပတ်မျိုး ဖြစ်နေတတ်ပါတယ်။ ဥပမာ ညနေစာစားတာတို့၊ အင်တာနက်မှာ ဟိုကြည့်ဒီကြည့်ကြည့် ဟိုပြောဒီပြော လုပ်တာတို့၊ ယုတ်စွအဆုံး အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတို့ စတာတွေဟာ ဝိနည်းပညတ်ချက် ရှုထောင့်ကကြည့်ရင် ဒေသနာကြားပြီး အာပတ်ဖြေရင် ပျောက်တဲ့အာပတ်မျိုးတွေ ဖြစ်နေတာပါ။ ဒါတွေကို မသိတော့ အဲဒီအပြုအမူတွေ ရှိနေတဲ့ ရဟန်းတော် အချို့ကိုကြည့်ပြီး တစ်ချို့က ဇွတ်အတင်း ဝေဘန်ပြစ်တင် ပြောဆိုကာ သံဃာတော်များအထိ စော်ကားသလိုမျိုး လုပ်သွားမိတတ်ပါတယ်။ အဲဒါဆိုရင် လူပုဂ္ဂိုလ်တွေအနေနဲ့ သံဃာပြစ်မှားတဲ့ အပြစ်မျိုး ဖြစ်သွားတတ်တာကို သတိထားရမှာ ဖြစ်ပါတယ်။ 

ဒီလိုရေးလိုက်လို့ ရဟန်းတော်များဘက်က ကာကွယ်ပြီး ရေးတယ်လို့မထင်ပါနဲ့။ အရှိသဘော၊ အမှန်သဘောကို ပြောတာဖြစ်ပါတယ်။ ရဟန်းတော်များဘက်ကလည်း အထူးဆင်ခြင်ရမှာက ကိုယ့်ရဲ့အပြုအမူကြောင့် လူဒကာဒကာမများ အပြစ်ဖြစ်သွားစေတဲ့ အလုပ်မျိုးဆိုရင် ကိုယ်မကြောက်လို့ ကိုယ်လုပ်တယ်ပဲထားဦး လူရှေ့သူရှေ့ မှာ လူတွေအပြစ်တွေ့စေမယ့် အနေအထားမျိုး မဖြစ်အောင် ဘာပဲဖြစ်ဖြစ် ထိန်းသိမ်းသင့်လှပါတယ်။ မိမိကြောင့် အများသံဃာနဲ့ ဗုဒ္ဓသာသနာတော်ကို ညစ်နွမ်းစေမယ့် အပြုအမူမျိုး အထူးဆင်ခြင်သင့်လှပါတယ်။ လူဟာ လူ့အသိနဲလူညှိပြီး ဝေဘန်ပြစ်တင်တတ်ကြပေမယ့် ရဟန်းတော်များဘက်ကလည်း ကိုယ့်အပြုအမူကြောင့် လူတွေအပြစ်တွေ ဖြစ်စေမယ့် သဘောမျိုးကို ရှောင်ကြဉ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ မဟုတ်ရင် ကိုယ်လည်းမကောင်း သူတို့လည်း အပြစ်ရသွားတတ်ပါတယ်။ 

ထားပါတော့။ ပြောချင်တာက ဝိနည်းသိပ်တတ်ပြီး သိပ်တော်နေကြတဲ့ ဝေဘန်ရေး ဆရာတွေကို ပြောချင်တာပါ။ အပြုသဘောနဲ့ ပြောတာဟာ ကောင်းပေမယ့် ပုဂ္ဂိုလ်ရေးအစွဲ၊ မုန်းတီးရေး အစွဲ၊ ကိုယ့်အယူအဆနဲ့ မတူတဲ့အစွဲ စတဲ့စတဲ့ အစွဲတွေနဲ့ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲပြားဘဲ ရဟန်းတော်များအပေါ် အပြစ်ပြော ဝေဘန်နေတာတွေဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အမျိုးဘာသာ၊ သာသနာအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘဲ သံဃာတော်ကို စော်ကားတဲ့ သဘောမျိုး ဖြစ်နေခဲ့ရင် ဒါတွေကို သတိပြုဆင်ခြင်ပြီး ကိုယ်စွမ်းနိုင်တဲ့ဘက်က အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ အပြင်မှာ အပုတ်ချနေကြတဲ့ သရုပ်ပြတွေကြောင့် ဗုဒ္ဓဘာသာဟာ မဟုတ်မဟတ်တွေ ဖြစ်နေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အနေနဲ့ အများအမြင်မှာ ကိုယ်ကိုးကွယ်ရာကို ပိုပြီး အထင်မမှားရအောင် ဟုတ်နေသည်ထားဦး ကိုယ်တွေက ဖေးဖေးမမလေးနဲ့ ကာကွယ်ကြဖို့ပါ။ အဆိပ်ပင်ရေလောင်းဖို့ ပြောနေတာမဟုတ်ပါဘူး။ နိုင်ငံလူမျိုးဘာသာနဲ့ ပတ်သက်လာတဲ့ အပိုင်းတွေမှာ ကိုယ့်ဘာသာကို ကိုယ်ကအပုတ်ချနေတာတွေ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ပါ။ အရေးကြီးနေတဲ့ အချိန်မှာ ဆရာဒကာ ညီညွတ်စွာနဲ့ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ကိုယ့်အထုတ် ကိုယ်ဖြေပြတဲ့ အပြုအမူမျိုး အထူးရှောင်ကြဉ်ကြဖို့ အကြံပြုလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆုတ်ကပ်ရောက်လာတဲ့ အခုလိုခေတ်ကြီးမှာ သာသနာတော်နဲ့ အမျိုးဘာသာကို နှစ်ပေါင်း (၂၅၀၀)ကျော်လာတဲ့အထိ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့၊ အမျိုးသားရေးအပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်လေ့မရှိတဲ့ သံဃာတော်များအပေါ်မှာ ဝိနည်းသိပ်တတ်၊ စာသိပ်တတ်တဲ့ ပညာရှင် ဗုဒ္ဓဘာသာဝင် ဒကာဒကာမများ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်တွေကို လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ဝေဘန်အပြစ်တင်နေကြမယ့်အစား ဒါတွေကို သိုသိုသိပ်သိပ်နဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုသာ အဖြေရှာပြီး ဆရာနဲ့ဒကာ၊ ဒကာနဲ့ဆရာ ညီညီညာညာနဲ့ အမျိုးဘာသာ သာသနာတော်ကို အတူလက်တွဲပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းရင်း “ငါတို့ အဓိဋ္ဌာန်” ဆိုတဲ့ အဓိဋ္ဌာန်ချက်လေးနဲ့ပဲ ဘုန်းဘုန်းရဲ့ အပြုသဘော ဝေဘန်ချက်ကို အဆုံးသတ်လိုက်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

“ငါတို့အဓိဋ္ဌာန်”
- ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၊ မှန်စွာငါတို့ ချမ်းသာဖို့။
- တရားဒေသနာ၊ ဟောညွန်တာ၊ မှတ်စွာငါတို့ ငြိမ်းချမ်းဖို့။
- တပည့်သားသံဃာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ အကျိုးများဖို့။
- ရတနာသုံးဖြာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ ဆည်းကပ်စို့။
- အမျိုးဘာသာ၊ စောင့်ရှောက်ကာ၊ မှန်စွာငါတို့ ကာကွယ်စို့။ ။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ