ရတာမလို လိုတာမရ ဤလောက


“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါလိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။ 

တကယ်တော့ အာသဝေါကုန်ခမ်းပြီး ရဟန္တာအဖြစ်ကို မရသေးသမျှ ဘယ်သူမှ အလိုပြည့်ကြမှာ မဟုတ်ပါဘူး။ ခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်နေတဲ့ စိတ်ကြောင့်လည်း ခုလိုချင်ပေမယ့် နောင်မလိုချင် ဖြစ်တတ်သလို အခုရနေတာကိုလည်း မရချင်ဖြစ်လာ၊ စိတ်ကုန်လာ ဖြစ်တတ်ပါတယ်။ ကိုယ်ရထားတာကို အလိုမပြည့်နိုင်ပဲ သူများရနေတာကို လိုချင်တတ်ကြပြန်ပါတယ်။ ကိုယ့်ဘ၀ကို မကျေနပ်နိုင်ဘဲ သူများဘ၀ကို အားကျနေတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ လူတွေက ဘုန်းကြီးတွေဘ၀ကို အားကျလို့ သာသနာ့ဘောင်ဝင်ဖို့ ကြိုးစားကြပေမယ့် ဘုန်းကြီးအချို့ကျပြန်တော့ လူ့ဘ၀အားကျကာ လူထွက်ဖြစ်တတ်ကြ တာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့လည်း နာမည်ကြီးနေတဲ့သူတွေကို ကြည့်ပြီးသူတို့ဘ၀လေးကို အားကျလို့ သူတို့လိုဖြစ်အောင် ကြိုးစားကြပေမယ့် နာမည်ကြီးနေတဲ့ သူတွေကလည်း သူတို့ဘ၀ရဲ့ ဒုက္ခနဲ့ လွတ်လပ်မှု မရှိတာတွေကြောင့် ဘာမှမဖြစ်ဘဲ ရိုးရိုးအေးအေးလေးပဲ ဖြစ်နေတဲ့ သာမန်လူတွေရဲ့ ဘ၀ကို အားကျပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်နေရတဲ့ လက်ရှိဘ၀အခြေအနေနဲ့ လက်ရှိနေရတဲ့ တိုင်းပြည်နိုင်ငံကြောင့် တိုးတက်ပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြသလို တိုးတက်ပြီး နိုင်ငံမှာရှိနေတဲ့ သူတွေကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ့ပေမယ့် အေးချမ်းပြီး စိတ်ချမ်းသာမယ်ထင်တဲ့ နိုင်ငံလေးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ်ရဲ့လက်ရှိ အခြေအနေတွေပေါ်မှာ အလိုမကျဖြစ်ပြီး တစ်ခြားအရာတွေပေါ်မှာ တောင့်တလိုချင်မှုတွေ၊ ရတာကိုမလိုချင်ဘဲ လိုတာကို ရချင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ စာစကားနဲ့ ပြောရရင်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့လည်း နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပြောဆိုဖူးပါတယ်။ တစ်ခါတစ်လေ သူတို့တွေရဲ့ ညဉ်းသံလေးတွေ ကြားရပါတယ်။ တစ်ချို့ ဆရာတော်ကြီးများက ဆိုဆုံးမဖူးပါတယ်။ “အရှင်ဘုရားတို့… ဘုန်းမကြီးကြစေနဲ့၊ နာမည်မကြီးကြစေနဲ့၊ တပည့်တော်တို့လည်း ငယ်တုန်းက ဒီစိတ်လေးတွေနဲ့ ကြိုးစားအားထုတ်ခဲ့ကြလို့ ခုဒီဘ၀ကို ရောက်လာခဲ့တယ်၊ ရောက်လာတော့လည်း ဒီလိုနေရတဲ့ဘ၀ကို ငြီးငွေ့လာတယ်၊ ဒကာဒကာမတွေနဲ့ ပြောဆိုဆက်ဆံရမှာကို စိတ်ကုန်လာတယ်..၊ တစ်ခါတစ်လေ ဘာမှမဖြစ်တဲ့ ဘ၀၊ ရိုးရှင်းတဲ့ဘ၀လေးကိုပဲ ပြန်လိုချင်နေမိတယ်၊ စိတ်ကလည်း ခက်သား ရတာကိုတော့ မလိုချင်ဘူး မရတာကျတော့ လိုချင်ပြန်တယ်၊ ဒါကြောင့် အရှင်ဘုရားတို့လည်း သိပ်ပြီးမလိုချင်ကြနဲ့၊ ရှိတဲ့အတိုင်းအတာလေး အပေါ်မှာပဲ ကျေနပ်နိုင်အောင် ကြိုးစားကြ…“ စသဖြင့် သြ၀ါဒ ပေးတာလေးတွေကို မှတ်သားရဖူးပါတယ်။

ဘုန်းကြီးလေ ဒုက္ခရောက်လေဆိုတဲ့ ဒီစကား သိပ်မှန်ပါတယ်။ တစ်လောက မင်းကွန်းဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိလေးကို ဖတ်မိတော့ ဆရာတော်ရဲ့ ကဗျာလေးတွေထဲမှာ တိပိဋကဖြစ်ပြီးနောက် နာမည်ကြီးပြီး ပူဇော်မှုတွေများ၊ ဒကာဒကာမတွေများ လာတဲ့အခါ သိပ်ပင်ပန်းရတဲ့ အကြောင်း ညဉ်းထားတာလေး ဖတ်ရတော့ “သြော်… ဆရာတော်တို့ ဒုက္ခကလည်း မသေးပါလား“လို့ အပင်ပန်းခံ၊ ဒုက္ခခံပြီး အမျိုးဘာသာ၊ သာသနာအတွက် ကြိုးစားဆောက်ရွက်တော် မူခဲ့တဲ့အပေါ် ကြည်ညိုလေးစားမိရင်း တစ်ဘက်ကလည်း ဒီလိုဒုက္ခတွေကြောင့် ပင်ပန်းရတဲ့အကြောင်း ညဉ်းထားတဲ့ ညဉ်းချင်းလေးဖတ်ရတော့ ဆရာတော်ကြီးကို သနားမိပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ စိတ်မကောင်းဖြစ်ဆိုလည်း ဖြစ်ချင်စရာပါ။ ဆရာတော်ရဲ့ ညဉ်းချင်းလေးက သိပ်ပြီးရသမြောက်နေတာကိုး။ ဆရာတော်ကြီးက…
“တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်) လို့ စပ်ဆိုတော်မူခဲ့တဲ့ ဒီညဉ်းချင်းလေးဟာ သတ္တ၀ါတွေရဲ့ အလိုမပြည့်မှုတွေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေဟာ ထင်သလို မရဘူးဆိုတာတွေကို အသိပေးနေ၊ သံဝေဂပေးနေသလို ဖြစ်ပါတယ်။

မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဟာ သိပ်ပြီးနာမည်ကြီးလာ ဘုန်းကြီးလာပြီဆိုရင် ဒုက္ခပါကြီးလာပါတော့တယ်။ ဒါကိုမသိတဲ့အခါ ဒီဒဏ်ကို မခံဖူးသူတွေက အားကျမိကြမှာ၊ အဲဒီပုဂ္ဂိုလ်အတိုင်း ဖြစ်ချင်မိကြမှာ ဓမ္မတာပါ။ ကိုယ့်မှာမရှိတဲ့အရာ၊ ကိုယ်မကြုံဖူးတဲ့အရာ၊ ကိုယ်ဖြစ်ချင်ပေမယ့် မဖြစ်တဲ့အရာတွေ သူများမှာဖြစ်နေတာကို ကြည့်ပြီး ဘယ်သူတွေက ဒုက္ခလို့ ဘယ်လောက်ပဲပြောပြော ကိုယ်ကဖြစ်ချင်နေ၊ ရချင်နေတဲ့အတွက် ဒီဒုက္ခဆိုတဲ့အရာကိုပဲ လိုလိုချင်ချင်ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုရှိပါတယ်။ ရယ်စရလို့ ဆိုပေမယ့် ကြည့်သူရဲ့ အမြင်ပေါ်လိုက်ပြီး ခြားနားကြောင်းကို ဒီအကြောင်းလေးက သက်သေပြနေပါတယ်။ ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးဟာ ကပ္ပိယသာဂိဆိုတဲ့ ကလေးနဲ့ အတူနေပါတယ်။ သာဂိလေးဟာ ဆရာတော့်အနားမှာ အမြဲနေပေးရပါတယ်။ ဆရာတော်လိုတာကို လုပ်ပေးရပါတယ်။ ဆရာတော်ဆွမ်းစားရင်လည်း အမြဲအနားမှာ ရှိပေးရပါတယ်။ အမြဲအနားမှာ နေနေတော့ ဆရာတော်ကြီးရဲ့ နေထိုင်ပြောဆို ကျင့်ကြံတာတွေကိုလည်း သိခွင့်ရနေပါတယ်။ ဆရာတော်ကြီးဟာ လက္ခဏာရေးသုံးပါးကို အမြဲဆင်ခြင်နေတဲ့ ဆရာတော်ဖြစ်တော့ ဘာပဲလုပ်လုပ် ဘာပဲစားစား အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည် ဆင်ခြင်လေ့ရှိပါတယ်။ တစ်နေ့တော့ ဆရာတော်ကြီးဟာ ဆွမ်းစားချိန် ဆင်ခြင်နေကျအတိုင်း ဟင်းဆယ်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ အသားတုံးကို ဘုဉ်းပေးတဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ကြက်သားတုံးကို ဆယ်ထည့်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ၀က်သားတုံးထည့်လည်း ဒုက္ခဒုက္ခ..စသည်ဖြင့် နှုတ်မှထွက်ပြီး ဆင်ခြင်ပါတယ်။ ဒါကို အနားမှာ ယက်ခပ်ပေးနေတဲ့ သာဂိက ကြက်သားတုံး ၀က်သားတုံးတွေကို ကြည့်ကာ အားမလိုအားမရဖြစ်ပြီး “အင်း… ဒါမျိုးဒုက္ခကတော့ သာဂိတို့လည်း ခံစားချင်ပါရဲ့“လို့ နှုတ်က ရေရွတ်မိပါတယ်တဲ့။ ဒီအကြောင်းလေးဟာ ဟာသရသဖြစ်စရာ ဆိုပေမယ့် ဆရာတော်ကြီးရဲ့ ခံယူချက်နဲ့ သာဂိရဲ့ အမြင်မတူ ဖြစ်စဉ်လေးပါ။ ဆရာတော်ကြီးဟာ ဒီလိုရသမျိုး နေ့စဉ်ဘုဉ်းပေးနေရတဲ့အတွက် ငြီးငွေ့ပြီး ဒုက္ခလို့ထင်ကာ ဆင်ခြင်နေပေမယ့် သာဂိအတွက်ကတော့ သုခဖြစ်နေတော့တာပါ။ ဒါကြောင့် သတ္တ၀ါတွေဟာ ကိုယ့်အနေအထားကို အလိုမကျဖြစ်ပြီး သူများကိုအားကျမှု ဖြစ်တတ်ကြခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခြေအနေအရ ရှိတဲ့အတိုင်းအတာလေးကို ရောင့်ရဲနိုင်အောင် ကြိုးစားခြင်းဟာ နေရတဲ့ခိုက်မှာ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဒီနေရာမှာ သဘောကျစရာကောင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။ “ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်လိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါကြောင်း..။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ