ဝေဒနာနှင့် အပြိုင်


ဝေဒနာဆိုတဲ့ ဒီပါဠိဝေါဟာရ စကားလုံးဟာ ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ခံစားခြင်းမှန်သမျှ ကောင်းတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ အကောင်းလည်းမဟုတ်၊ အဆိုးလည်းမဟုတ်တဲ့ ခံစားခြင်းမျိုးပဲဖြစ်ဖြစ် ဘယ်လိုခံစားမှုမျိုးကိုမဆို အလွယ်ပြောဆိုကြရမယ်ဆိုရင် အားလုံးဟာ ဝေဒနာတွေချည်းပါပဲ။ ဘယ်သူကြောင့်ပဲ ခံစားခံစား၊ ဘာကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားမှု သဘောမှန်သမျှ အားလုံးဝေဒနာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ခံစားခြင်းသဘောဟာ ဖြစ်ပေါ်ရာ အာရုံကို အမှီပြုပြီး စိတ်မှာသိမှတ် ခံစားတဲ့ သဘောဖြစ်တဲ့အတွက် အကောင်းဆိုလည်း ခံစားမှာဖြစ်ပြီး အဆိုးဆိုလည်း ခံစားမှာဖြစ်ကာ မဆိုးမကောင်းဆိုလည်း ခံစားမှာ ဖြစ်ပါတယ်။ ဒီလိုသိရှိခံစားတာကိုပဲ စာလိုပြောတော့ ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ပုထုဇဉ်အတော်များများက ဝေဒနာလို့ ပြောလိုက်တာနဲ့ မကောင်းတဲ့ ခံစားမှုလို့ပဲ နားလည်သဘောပေါက် လက်ခံထားတတ်ကြပါတယ်။ ဘယ်သူတော့ ဘာဝေဒနာ ခံစားနေရလို့၊ ဘယ်သူတော့ ဘယ်သူကြောင့် ဘယ်လိုဝေဒနာတွေ ဖြစ်နေလို့၊ ဘယ်သူတော့ ဘာကြောင့် ဘယ်လိုဝေဒနာမျိုးကို ပြင်းပြင်းထန်ထန် ခံစားနေရလို့ စသဖြင့် ရောဂါတစ်ခုခုကြောင့် ခံစားရတဲ့ ခံစားမှု သဘောကိုပဲ ဝေဒနာလို့ ပြောဆို သုံးနှုန်းတတ်ကြပါတယ်။ ချမ်းသာတဲ့ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှု၊ ဝမ်းမြောက်တဲ့ ခံစားမှုစတဲ့ ကောင်းတဲ့ ခံစားမှုများကိုတော့ ဝေဒနာလို့ ပြောဆိုခြင်း မရှိကြပါဘူး။ ဒါကြောင့်လည်း ဝေဒနာရဲ့ သဘောအမှန်ကို မသိကြဘဲ အခိုက်အတန့် ချမ်းသာနေတဲ့ ခံစားမှုတွေ နောက်ကိုလိုက်ကာ ဆင်းရဲတဲ့ ခံစားမှုတွေ ရောက်လာမှပဲ ဝေဒနာဖြစ်ပြီလို့ သတ်မှတ်ရင်း ကြောက်လန့်တုန်လှုပ် သွားတတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာရဲ့ သဘာဝကို မသိတဲ့အတွက် မကောင်းတဲ့ ခံစားမှုကို လက်မခံနိုင်ဘဲ ကောင်းတဲ့ခံစားမှုတွေမှာသာ အပြိုင်လိုက်ကာ ခံစားနေကြတော့တာ ဖြစ်ပါတယ်။ တဒင်္ဂခံစားမှုမျိုးဖြစ်တဲ့ ချမ်းသာတဲ့ခံစားမှုကို လိုလားတောင့်တရင်း မကောင်းတဲ့ ဝေဒနာတွေနဲ့အပြိုင် ရုန်းမထွက်နိုင် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ရုပ်နာမ်နှစ်ပါးရှိနေသမျှ သတ္တဝါအားလုံးဟာ ခံစားနေကြရမှာ ဖြစ်ပါတယ်။ ကောင်းတာတွေလည်း ခံစားရမှာ ဖြစ်သလို မကောင်းတာတွေလည်း ခံစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်ရှိလို့ ဝေဒနာရှိတဲ့ သဘောမှာ ခံစားခြင်း ဝေဒနာရဲ့ အဖြစ်မှန်ကို မသိကြတော့ သူ့ကျတော့ ကောင်းတာတွေကို တွေ့ကြုံခံစားရတယ်၊ ငါ့ကျတော့ မကောင်းတာတွေပဲ တွေ့ကြုံခံစားရတယ်၊ င့ါကျမှ ဒီလိုဝေဒနာဖြစ်တယ်၊ သူ့ကျတော့ ဒီလိုဝေဒနာ မဖြစ်ဘူး စသဖြင့် တွေးထင်ကာ ကိုယ်ဖြစ်တဲ့ မကောင်းတဲ့ ခံစားမှုများကိုပဲ ဝေဒနာလို့ ထင်နေတတ်ကြတာတွေ ရှိပါတယ်။ ရုပ်နဲ့စိတ်ကို အမှီပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဝေဒနာရဲ့ သဘောအမှန်ကို မသိတဲ့အခါကျတော့ ဘာလေးပဲဖြစ်ဖြစ် အလွယ်တကူ ခံစားတတ်ကြပါတယ်။ ထစ်ခနဲဆို ခံစားလိုက်၊ ထစ်ခနဲဆို ခံစားလိုက် ဖြစ်နေကြတဲ့ အတွက်ကြောင့်လည်း ဝေဒနာကို ဝေဒနာလို့ မမြင်နိုင်ဘဲ အကောင်းအဆိုး ခံစားမှုတွေနဲ့ ကောင်းရင်ကျေနပ်လိုက်၊ မကောင်းရင် မကျေနပ်လိုက် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မကောင်းတဲ့ ခံစားမှု ဝေဒနာတွေ ခံစားလာရတဲ့အခါမှာ စိတ်မှာမထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး ကြောက်လန့် တုန်လှုပ်ကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ ဝေဒနာလို့ ခေါ်တဲ့ ခံစားခြင်းရဲ့ သဘောသဘာဝကို မသိလို့ပဲ ဖြစ်ပါတယ်။ ခံစားခြင်းရဲ့ သဘောအမှန်ကို သိလာကြမယ်ဆိုရင် ဘယ်လိုဝေဒနာမျိုးပဲလာလာ ကြောက်လန့်တုန်လှုပ်မှာ မဟုတ်သလို ဒီခံစားမှုတွေကိုလည်း လိုချင်တောင့်တကြမှာ မဟုတ်ပါဘူး။ အဲဒီအခါမျိုးမှာ ဒီအကောင်းအဆိုး ခံစားမှု ဝေဒနာတွေက ရုန်းထွက်နိုင်အောင် ကြိုးစားလာကြမှာ ဖြစ်ပါတယ်။ ဝေဒနာတွေ မလိုချင်တော့ဘူး၊ ဝေဒနာတွေကနေ ရုန်းထွက်ချင်ကြတယ်ဆိုရင် အကောင်းအဆိုး စတဲ့ ဝေဒနာတွေကနေ ခွာနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဝေဒနာကို ခွာနိုင်ဖို့အတွက် ဒီအကောင်းအဆိုး စတဲ့ ခံစားမှုတွေမှာ တပ်မက်နေတဲ့ သံယောဇဉ်တွေကို ခွါနိုင်ဖို့လိုပါတယ်။ ဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဒီသံယောဇဉ်တွေကို ခွါနိုင်ဖို့အတွက်လည်း ဝေဒနာရဲ့ သဘောအမှန်ကိုသိပြီး ဝေဒနာရဲ့ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို သတိတရားနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်မှတ်နိုင်အောင် ကြိုးစားလေ့ကျင့်ရမှာ ဖြစ်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ ဒီလိုခံစားမှု ဝေဒနာတွေရဲ့ သဘောအမှန်ကို သိအောင်ကြိုးစား အားထုတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာကို ဝေဒနာလို့ အမှန်အတိုင်း မြင်နိုင်အောင် စိတ်အစဉ်ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

ဝေဒနာရဲ့ သဘောကလည်း သတိဝိရီယ တရားတွေနဲ့ ကျော်လွှားနိုင်မှ အမှန်ကို သိလာနိုင်မှာ ဖြစ်ပြီး ဒီဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ သံယောဇဉ်တွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ အလေ့အကျင့်နည်းပြီး သတိဝိရီယနည်းတဲ့ သူတွေဆိုရင် ဝေဒနာရဲ့ သဘောအမှန်ကို သိဖို့မပြောနဲ့ ဒီခံစားခြင်း ဝေဒနာရဲ့ ချယ်လှယ်မှုနောက်တောင် သိသိချည်းနဲ့ လိုက်နေမိတတ်ပါတယ်။ တစ်ခါတလေ တရားအားထုတ်တဲ့ ယောဂီတွေမှာတောင် ဒီခံစားမှု ဝေဒနာတွေကြောင့် တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေလည်း အများကြီးရှိတတ်ပါတယ်။ တရားအားထုတ်တဲ့အခါမှာ တစ်ချို့ယောဂီတွေ အနေနဲ့ ခံစားရတဲ့ နာကျင်ကိုက်ခဲ ပူအေးစတဲ့ မကောင်းတဲ့ ဝေဒနာတွေကို သည်းမခံနိုင်၊ အဲဒီဝေဒနာတွေကို ကျော်လွှားနိုင်အောင် မမှတ်နိုင်တဲ့အခါကျတော့ ဒီဝေဒနာတွေမှာပဲ အချိန်တွေကြာနေကာ တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေ ရှိတတ်သလို တချို့ကျပြန်တော့ တရားအားထုတ်ရင်း သမာဓိနိမိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းအေးခြင်း၊ ပေါ့ပါးခြင်း၊ သာယာခြင်း၊ နူးညံ့ခြင်းစတဲ့ကောင်းတဲ့ ဝေဒနာတွေအပေါ်မှာ သာယာနှစ်သက်နေပြီး မှတ်ပစ်ရမယ့် ဝေဒနာကို မမှတ်နိုင်တဲ့အတွက် တရားက ရှေ့မတက်တာတွေလည်း ရှိတတ်ပါတယ်။

ဒါဟာ မကောင်းတဲ့ ခံစားမှုတွေ အပေါ်မှာ သတိ၊ သမာဓိ၊ ဝိရိယ ခန္တီ တရားတွေနဲ့ အနိုင်မယူနိုင်တဲ့ အတွက်ကြောင့် ဖြစ်သလို ကောင်းတဲ့ခံစားခြင်းတွေ အပေါ်မှာလည်း သတိတရား၊ ဝိရီယတရားတွေနဲ့ မဖြတ်တောက်နိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခံစားခြင်းဆိုတဲ့ ဝေဒနာဟာ သည်းခံခြင်းတရား၊ သတိ၊ ဝိရီယ၊ သမာဓိတရားတွေနဲ့ မဖြတ်တောက်နိုင်သေးသမျှ ဒီဝေဒနာရဲ့ ချယ်လှယ်မှုကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီခံစားခြင်း ဆိုတဲ့ဝေဒနာရဲ့ သဘောအမှန်ကို သိအောင်ကြိုးစားပြီး သတိဝိရီယ စတဲ့တရားတွေနဲ့ အပြိုင်အနိုင်ယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တရားအားထုတ်နေတဲ့ ယောဂီတွေမှာ ဒီလိုအကောင်းအဆိုး ခံစားချက် ဝေဒနာတွေကြောင့် တရားမတက်နိုင်ဖြစ်ကာ ဝေဒနာကနေ ရုန်းမထွက်နိုင်ဘဲ ရှိနေကြသလို သာမန်နေ့စဉ် ဘဝမှာ စာဝတ်နေရေး ကျန်းမာရေးအတွက် လှုပ်ရှားကျင်လည် နေရသူတွေမှာလည်း ဒီလိုခံစားမှုတွေကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာတွေလည်း အများကြီး ရှိတတ်ပါတယ်။ ရုပ်နာမ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းမှာ တွေ့ကြုံရတတ်တဲ့ ဝေဒနာတွေက ရုပ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာနဲ့ စိတ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာရယ်လို့ နှစ်မျိုးရှိနေတတ်ကြရာမှာ ရုပ်ဖောက်ပြန်ခြင်းကြောင့် ဖြစ်လာတဲ့ ခံစားချက် ဝေဒနာက အများအားဖြင့် မကောင်းတဲ့ ဝေဒနာတွေ ဖြစ်နေတတ်ပြီး စိတ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ ဝေဒနာကတော့ သတ္တဝါတစ်ဦးချင်းရဲ့ စိတ်ခံစားမှုကိုလိုက်ပြီး အကောင်းအဆိုး ခံစားမှု ကွဲပြားတတ်ပါတယ်။ ဘယ်လိုပဲ ကွဲပြားကွဲပြား အရင်းစစ်တော့ အားလုံးဟာ ဝေဒနာတွေပဲ ဖြစ်ပါတယ်။ ဒီရုပ်နာမ်ဝေဒနာတွေဟာ ပုထုဇဉ်တွေ အပေါ်တွယ်တာမှုတွေနဲ့ ချည်နှောင်ထားပြီး ရုန်းမထွက်နိုင်အောင်လည်း အားပေးထိန်းချုပ် ထားတတ်ပါတယ်။

တချို့ဆို ဒီဝေဒနာတွေကြောင့် ဘဝကို အရှုံးပေးတဲ့အထိ ဖြစ်သွားတတ်သလို တစ်ချို့ဆိုလည်း သတိလက်လွတ်ဖြစ်ကာ အရူးတစ်ယောက်လို ဖြစ်သွားကြတာတွေလည်း ရှိတတ်ပါတယ်။ အတော်များများကတော့ ရုပ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်၊ စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကြောင့် ကောင်းလိုက်ဆိုးလိုက်နဲ့ ဘဝမှာ ငြိမ်သက်တယ်ဆိုတာ တစ်ခါမှ မရှိဘဲ ဖြစ်နေတတ်ကြပါတယ်။ အလွယ်တကူ ခံစားတတ်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ခံစားမှုရယ်၊ ဝေဒနာရဲ့ သဘောအမှန်ကို မသိမှုတွေရယ်ကြောင့်လည်း သတ္တဝါတွေဟာ ဝေဒနာရဲ့ ချယ်လှယ်မှုနောက် တကောက်ကောက် လိုက်နေမိကာ ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို ရုန်းမထွက်နိုင်သေးသမျှ ခံစားမှုတွေနောက်လိုက်ရင်း သတ္တဝါတိုင်းဟာ ဒုက္ခကိုယ်စီ ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလို ဒုက္ခတွေ ရှိနေတတ်ကြတဲ့ အတွက်ကြောင့်လည်း ပညာရှိ သူတော်ကောင်းတွေက ဝေဒနာကနေ ခွါနိုင်အောင် ကြိုးစားဖို့ တိုက်တွန်ကြခြင်း ဖြစ်ပါတယ်။ ဝေဒနာကနေ ခွာနိုင်အောင် ဝေဒနာရဲ့ သဘောသဘာဝကို သိအောင်ကြိုးစားပြီး ခံစားခြင်းကို ခံစားခြင်းလို့ပဲ အရှိအတိုင်းမြင်ကာ အကောင်းအဆိုး မခွဲခြားဘဲ ခန္တီတရား၊ သတိဝိရီယ တရားများနဲ့ ကျော်လွှားနိုင်အောင် အားထုတ်ကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဒါမှပဲ ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ခံစားခြင်းလို့ဆိုတဲ့ ဝေဒနာဟာ သတ္တဝါတွေကို အကောင်းအဆိုး မကောင်းမဆိုး အမျိုးမျိုးနဲ့ အလွယ်တကူ ခံစားစေကာ ဒုက္ခကိုယ်စီ ဖြစ်နေစေတတ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲလာလာ ဒါဟာ ဝေဒနာရဲ့ သဘောပဲလို့ အမှန်အတိုင်း သိရှိကာ ခံစားခြင်းအပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ တွယ်တာမှု သံယောဇဉ်တွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကိုပဲ ဆိုတာဖြစ်တဲ့အတွက် ဘယ်လိုဝေဒနာပဲဖြစ်ဖြစ် ကောင်းရင်လည်း ကောင်းတဲ့သဘော၊ မကောင်းရင်လည်း မကောင်းတဲ့သဘော၊ ကောင်းတာလည်းမဟုတ် မကောင်းတာလည်း မဟုတ်ရင်လည်း ကောင်းမကောင်းတဲ့ သဘောတွေကို အရှိအတိုင်း သိနိုင်အောင် ကြိုးစားပြီး သည်းခံခြင်းတရား၊ သတိတရား၊ ဝိရီယတရား စတာတွေနဲ့ ဝေဒနာကို အန်တုလို့ အပြိုင်ပြုနိုင်အောင် လေ့ကျင့်ရမှာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဘာကြောင့်ပဲခံစားခံစား၊ ဘယ်သူ့ကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား ခံစားခြင်းမှန်သမျှဟာ ဝေဒနာတွေပဲလို့ အမှန်သိကာ ဘာပဲဖြစ်ဖြစ် အလွယ်တကူ ခံစားမှုနောက်ကို မလိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးမှာ အပြိုင်ခံစားတတ်တဲ့ သဘောတွေကလည်း သူသူကိုယ်ကိုယ် အတူတူ ရှိနေတတ်ကြပြီး ခံစားခြင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဒုက္ခတွေကလည်း ရုန်းမထွက်နိုင်သမျှ ရှိနေကြမှာ ဖြစ်တဲ့အတွက် ဒီဒုက္ခတွေကနေ လွတ်ငြိမ်းလိုကြသူများ အနေနဲ့ အလွယ်တကူ ဖြစ်ပေါ်တတ်တဲ့ ခံစားမှု ဝေဒနာတွေမှာ ဘယ်သူ့ကြောင်၊ ဘာကြောင့်ပဲ ဖြစ်ပေါ်ဖြစ်ပေါ် ဖြစ်ပေါ်သမျှ ခံစားမှုသဘောကို အရှိအတိုင်း သိအောင်ကြိုးစားပြီး ဒီခံစားမှုအပေါ်မှာ ကပ်ငြိနေတတ်တဲ့ သံယောဇဉ်ကို သတိ၊ သမာဓိ၊ ဝိရီယ၊ ပညာ၊ ခန္တီစတဲ့ တရားတွေနဲ့သာ ကျင့်ကြံအားထုတ်ရင်း ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်အောင် တစတစလေ့ကျင့်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး… ဝေဒနာကို ခွါနိုင်ကြပါစေ…။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ