လေတိုက်တိုင်းသာ ယိမ်းနေကြမယ်ဆိုရင်ဖြင့်


“သစ်ပင်တွေမှာ အမြင့်ဆုံးမှာရှိနေတဲ့ အကိုင်းအခက်အလက်တွေဟာ အောက်ခြေမှာရှိနေတဲ့ အကိုင်းအခက်တွေထက် ပိုပြီး လေအတိုက်ခံရတတ်ပါတယ်။ ဒီလိုပဲ လောကမှာ အမြင့်ရောက်တဲ့သူ၊ အလုပ်များများ လုပ်နေတဲ့သူဟာ ပိုပြီးအတိုက်အခိုက် ခံရတတ်ပါတယ်။” 

လူ့လောက အတိုက်အခိုက်တွေနဲ့ ပတ်သက်ပြီး တစ်လောက လူမှုရေး လုပ်ငန်းလေးတွေ လုပ်နေတဲ့ ဒကာလေးတစ်ယောက် သူ့အပေါ် ပြောဆိုလာတဲ့ စကားတွေ၊ အတိုက်အခိုက်တွေကြောင့် ဒီလုပ်ငန်းအပေါ်မှာ မလုပ်တော့ဘဲ စိတ်ဓာတ်လေးတွေ လျော့နည်းလာတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရလို့ သူ့ကို ဖြောင့်ဖျရင်း အားပေးခဲ့ရပါသေးတယ်။ ဟုတ်ပါတယ်။ အတိုက်အခိုက်ဆိုတာက အလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ မဖြစ်မနေ ကြုံကိုကြုံနေရမှာ ဖြစ်ပါတယ်။ မလုပ်ရင် ဘာမှမဖြစ်ပေမယ့် လုပ်မိလို့ကတော့ လုပ်တဲ့အားနဲ့အမျှ တိုက်ခိုက်မှု အနှောက်အယှက်တွေကလည်း ရှိနေကြမှာ ဖြစ်ပါတယ်။ လုပ်တဲ့သူမပြောနဲ့ ဘာမှမလုပ်ဘဲ နေတဲ့သူတွေကိုတောင် ပြောချင်တဲ့သူတွေက ဘာမှမလုပ်လို့ ပြောချင်ကြသေးတာဆိုတော့ လုပ်နေတဲ့သူတွေ အတွက်တော့ အထူးပြောစရာကို မလိုတော့ပါဘူး။ နှောက်ယှက်တိုက်ခိုက်မှုတွေက ရှိကိုရှိနေကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လိုတိုက်ခိုက်မှုမျိုးပဲ လာလာ မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ လူ့လောကရဲ့ အတိုက်အခိုက်တွေဆိုတာ လေတွေပါပဲ။ လေဆိုတာ တိုက်တဲ့အရာ ဖြစ်တဲ့အတွက် လေဟာပြင်ထဲကို ထွက်လာရင် လေရဲ့တိုက်တာကိုတော့ ခံကိုခံရမှာ ဖြစ်ပါတယ်။ အဲဒီလို လေတိုက်တာခံရတဲ့ အခါမှာသာ ကိုယ်က ယိမ်းယိုင်ပြီး လဲမသွားအောင် ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လေတိုက်ခံရတဲ့ အရာတွေကိုကြည့်ရင် အမြင့်မှာရှိတဲ့ အရာတွေက ပိုပြီးတိုက်တာ ခံရတဲ့ သဘောရှိသလို လောကကြီးမှာလည်း လုပ်ငန်းဆောင်တာ နေရာဌာန အမြင့်ကို ရောက်နေတဲ့သူတွေမှာ ပိုပြီးအတိုက်အခိုက်တွေ ခံရတတ်တဲ့ သဘောရှိပါတယ်။ သစ်ပင်တွေမှာဆိုရင် ထိပ်ဆုံးမှာ ရှိနေတဲ့ သစ်ရွတ်သစ်ခက်တွေဟာ တဖျပ်ဖျပ်နဲ့ အသံထွက်အောင် ပိုပြီးအတိုက်အခိုက် ခံရတတ်သလို လုပ်ငန်းခွင်တွေမှာလည်း သူ့အဆင့်နဲ့သူ အမြင့်ရောက်လာတဲ့ သူတွေမှာ ပိုပြီးအသံထွက်အောင် တိုက်ခိုက်ခံရတတ်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဘာမှမဟုတ်တဲ့ နေရာဌာနလေးတွေမှာတောင် အချင်းချင်း အတိုက်အခိုက် ခံနေရတတ်တာဆိုတော့ နည်းနည်းဟုတ်တဲ့နေရာ၊ နည်းနည်းမြင့်တဲ့နေရာ၊ ဒီထက်ပိုပြီး ဟုတ်တဲ့မြင့်တဲ့ နေရာတွေမှာဆိုရင် အထူးပြောစရာမရှိ တိုက်ခိုက်တာတွေက သေချာပေါက် ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား တိုက်ခိုက်တတ်တာဟာ လေတွေနဲ့ လူတွေရဲ့ အလုပ်ဖြစ်ပြီး တိုက်ခိုက်တာကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာက အတိုက်အခိုက်ခံ သစ်ပင်တွေနဲ့ ကိုယ့်ကိုယ်တိုင်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေ ဘယ်လောက်ပဲပြင်းပြင်း အကိုင်းအခက်တွေ မကျိုးမပဲ့အောင် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကို ဉာဏ်နဲ့ယှဉ်ပြီး ကျော်လွှားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ သစ်ပင်တွေလိုပေါ့။ သစ်ပင်တွေမှာ အပင်ကြီးတွေဟာ လေပြင်လေးညှင်းလေးတွေဆိုရင် ဘာမှမဖြစ်ပေမယ့် ပြင်းထန်တဲ့ လေမုန်းတိုင်းတွေ တိုက်ခတ်လာတဲ့ အခါမှာတော့ တင်းလွန်းအားကြီးရင်း နောက်တော့ အကိုင်အခက်တွေ ကျိုးပဲ့ကာ အမြစ်ပါ လန်သွားတာတွေကို သတိပြုမိရင် တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကိုင်းပင်လေးတွေကတော့ တိုက်လာတဲ့လေတွေအပေါ်မှာ အလိုက်သင့်လေးပဲ ယိမ်းထိုးပေးနေတဲ့အတွက် အကိုင်းအခက်ကျိုးတာတွေ မရှိဘဲ လေငြိမ်သွားတဲ့အခါ ပုံမှန်အတိုင်းပဲ ပြန်ထောင်နေတာတွေလည်း ရှိပါတယ်။

လူ့လောက၊ လူ့အသိုင်းအဝိုင်းမှာလည်း ဒီလိုပဲ ရှိတတ်ပါတယ်။ တိုက်ခိုက်လာတဲ့ အတိုက်အခိုက်တွေကို ကိုယ်က ဉာဏ်နဲ့ယှဉ်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နည်းနည်းတိုက်ခိုက်လာရင် နည်းနည်းလေးနဲ့ ခံနိုင်အောင် ကြိုးစားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင်တော့ ဉာဏ်နဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို အကိုင်းအခက်တွေ မကျိုးမပဲ့အောင် တိမ်းရင်းရှောင်းရင်း ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ခံနိုင်ရည် ရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေကို တန်ပြန်တိုက်ခိုက်တဲ့အခါ ကိုယ့်ရဲ့အားနဲ့ အတိုက်အခံအားအပေါ်လိုက်ပြီး တစ်ခါတလေ ကိုယ်ပဲကျိုးပဲ့ သွားတတ်တာတွေ ရှိတဲ့အတွက် တိုက်ခိုက်မှုတွေကို တန်ပြန်ပြီး တိုက်ခိုက်တာထက် တိုက်ခိုက်လာသမျှကို မယိမ်းမယိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားတာက ကိုယ့်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သူများကိုလည်း မတိုက်ခိုက်ဘဲ ကိုယ့်ထံရောက်လာတဲ့ အတိုက်အခိုက်တွေမှာလည်း ရင်ဆိုင်ကျော်လွှားနိုင်အောင် ကိုယ့်ကိုယ်ကို ဉာဏ်နဲ့ယှဉ်ပြီး နေထိုင်လေ့ကျင့်တာဟာ အတိုက်အခိုက် လောကဓံကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အတိုက်အခိုက် လောကဓံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်မှာလက်နက်တွေ အပြည့်ဖြည့်ထားဖို့ လိုပါတယ်။ လောကကြောင်းအရ ဖြည့်သင့်ဖြည့်ထိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေ ဖြည့်ထားဖို့ လိုသလို ဓမ္မကြောင်းအရလည်း ကိုယ့်ကျင့်သီလတွေ၊ သမာဓိအကျင့်တွေ၊ ပညာအကျင့်တွေကိုလည်း အားဖြည့်ထားရမှာ ဖြစ်ပါတယ်။ သီလတရား၊ သဒ္ဓါတရား၊ ပညာတရား၊ ဝီရိယတရားလေးတွေနဲ့ ကိုယ့်ကိုယ်ကို အားဖြည့်ထားမယ်ဆိုရင် အမြဲမရှိတဲ့ တိုက်ခိုက်မှုတွေမှာ အလွဲမရှိဘဲ ယှဉ်ဆိုင်ကျော်လွှားနိုင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိုက်တတ်တဲ့ လေကပဲဖြစ်ဖြစ်၊ တိုက်ခိုက်တတ်တဲ့ လူတွေကပဲ ဖြစ်ဖြစ် တိုက်ခိုက်လာတဲ့အခါ လေတိုက်တိုင်း မယိမ်းဘဲ ခံနိုင်တဲ့ သစ်ပင်တွေ၊ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းတတ်တဲ့ သစ်ပင်လေးတွေလို လူအမျိုးမျိုးနဲ့ တိုက်ခိုက်မှု အမျိုးမျိုးကို ခံရတတ်တဲ့ လူတွေအနေနဲ့လည်း တစ်ချို့တိုက်ခိုက်မှုတွေမှာ မယိမ်းယောင်အောင် ကြိုးစားပြီး တစ်ချို့တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းနိုင်အောင် ကြိုးစားကာ ကိုယ့်ကိုယ်ကို မကျိုးမပဲ့အောင်သာ အသိ၊ သတိ၊ သမာဓိ၊ ဝီရိယ စသည်များနဲ့ ခံနိုင်ရည်ရှိအောင် ရင်ဆိုင်ကျော်လွှားကြရမှာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရင်း တိုက်ခိုက်မှု မှန်သမျှ မယိမ်းမယိုင် သတိခိုင်ခိုင် ထားကြဖို့ စေတနာထား မေတ္တာအားဖြင့် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

သည်းခံခြင်းအတွက် မှတ်ချက်

သည်းခံခြင်းအတွက် မှတ်ချက်
--------------------
သည်းခံမှုနဲ့ ပတ်သက်ပြီး ဒကာလေးတစ်ယောက်က လျှောက်ဖူးပါတယ်။ ဘယ်လိုကျင့်သုံးရမလဲတဲ့။ 

ဘယ်လိုကျင့်သုံးရမလဲဆိုတော့ သည်းခံပေါ့လို့။ ဒါပေမယ့် အနှိမ်ခံဖို့တော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓကလည်း သည်းခံဖို့ မိန့်ပါတယ်။ ဒါပေမယ့် မှန်တာကိုတော့ မှန်တဲ့အကြောင်း၊ မဟုတ်တာကိုတော့ မဟုတ်တဲ့အကြောင်း ပြန်ပြောဖို့နဲ့ မှားရင်လည်း မှားကြောင်းဝန်ခံရမယ်တဲ့လေ။ အဲဒီလို ကျင့်သုံးရမှာပါ။

နာက်တစ်ချက်က သည်းခံတယ်ဆိုတဲ့နေရာမှာ မှားမှားမှန်မှန် သည်းခံနေဖို့ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုဟာ ကိုယ်သည်းခံလိုက်တဲ့အတွက် ကိုယ့်အတွက်လည်း အကျိုးရှိသွားမယ်၊ သူ့အတွက်လည်း အပြစ်မဖြစ်ဘူး အကောင်းဘက်ကို ဦးတည်သွားနိုင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သည်းခံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ သည်းခံခြင်းအားဖြင့် ကိုယ့်မှာအကုသိုလ် အပြစ်တွေပဲ ထပ်တိုးနေတယ်၊ သည်းခံမှန်းသိလို့ တဖက်ကလည်း ဆက်ပြီးအကုသိုလ်ဖြစ်အောင် လုပ်သလိုဖြစ်နေတယ်၊ လုပ်တဲ့သူမှာလည်း အပြစ်တွေထပ်တိုးနေမယ်ဆိုရင် ဒါမျိုးကတော့ အမှန်တရားနဲ့ တော်လှန်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ တဖက်သူကို ရန်ပြုဖို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အပြစ်မရှိ အကျိုးရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သည်းခံတာကောင်းပါတယ်။ ဒါပေမယ့် ကုသိုလ်အတွက် သည်းခံပြီး အကုသိုလ်အတွက်တော့ တွန်းလှန်ဖို့ လိုပါတယ်။ ဒီတွန်းလှန်မှုဟာ ဒေါသနဲ့တွန်းလှန်တာ မဟုတ်ပါဘူး။ အကျိုးကို လိုလားတဲ့ မေတ္တာကို အခြေခံတဲ့ တွန်းလှန်မှုပါပဲ။

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

Read more »

ငြိမ်းချမ်းရေးအတွက် သက္ကပဥှသုတ်ရဲ့ မှတ်ချက်


သိကြားမင်းမေးလို့ ဘုရားရှင် ဖြေတော်မူတဲ့ သုတ်တော်တစ်ခုကို ညွန်းပါဆိုရင် သက္ကပဥှသုတ်တော်ကို အထူးညွန်းချင်ပါတယ်။ ဒီသုတ်တော်မှာ သိကြားမင်းက ဘုရားရှင်ထံလာပြီး သတ္တဝါတွေ မငြိမ်းချမ်းနိုင်ခြင်းရဲ့ အကြောင်းကို မေးလျှောက်လို့ ဘုရားရှင်က ဖြေကြားပေးခဲ့ပါတယ်။ အဲဒီ အမေးအဖြေအပေါ် မှတ်ချက်ပြုကြည့်တော့ ဒီလိုလေး တွေ့ရပါတယ်။

မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယတွေ ရှိနေရင် သတ္တဝါတွေ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းနိုင်ဘူးတဲ့။
အဲဒီ မနာလိုခြင်း၊ ဝန်တိုခြင်းတွေဟာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သံယောဇဉ်ကြောင့် ဖြစ်လာတတ်ပြီး
အဲဒီ အချစ်အမုန်း သံယောဇဉ်ဟာလည်း လိုချင်ခြင်း ဆန္ဒကြောင့် ဖြစ်ပေါ်စေကာ
အဲဒီ လိုချင်ခြင်းဟာလည်း ကြံစည်ခြင်း ဝိတက်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့အပြင်
အဲဒီကြံစည်ခြင်းဟာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားကြောင့် ဖြစ်ပေါ်တတ်ပါတယ်တဲ့။

အရင်းစစ်တော့ သတ္တဝါတွေ မငြိမ်းချမ်းတာဟာ တဏှာ၊ မာန၊ ဒိဋ္ဌိကို အခြေခံရာက ကြံစီခြင်းတွေဖြစ်၊ အကြံတွေက ဆန္ဒတွေဖြစ်၊ ဆန္ဒတွေက အချစ်အမုန်းတွေဖြစ်၊ အချစ်အမုန်းတွေက မနာလိုခြင်းဝန်တိုခြင်းတွေအထိ ဖြစ်ပေါ်လာပြီး နောက်ဆုံး သတ္တဝါတွေ မငြိမ်းချမ်းနိုင်တဲ့အထိ ဖြစ်သွားစေတော့တာပါ။ 

ဆိုတော့ကား ဒီတရားတွေ မဖြစ်စေဖို့ ဘာလုပ်သင့်သလဲဆိုတော့ ခံစားချက်ကို ရှုပွားတတ်တဲ့ အကျင့်နဲ့နေကြည့်ဖို့ပါပဲတဲ့။ ရှုပွားတယ်ဆိုတာ ခံစားဖို့ မဟုတ်ပါဘူး။ အစွဲမကပ်အောင် သိမှတ်ဖို့ပါပဲ။ ကောင်းရင်လည်း ကောင်းတဲ့ခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့၊ မကောင်းရင်လည်း မကောင်းတဲ့ ခံစားချက်အပေါ် အစွဲမကပ်ဘဲ အသိကပ်ဖို့၊ ကောင်းတာလည်း မဟုတ်။ မကောင်းတာလည်း မဟုတ်ရင်လည်း အဲဒီခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့ပါ။ ဒီလို ခံစားချက်မှန်သမျှကို လိုက်မခံစားဘဲ သတိနဲ့ သိမှတ်နိုင်ရင် အစွဲတဏှာ၊ အထင်မာန၊ တစ်လွဲဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားတွေကို တဖြည်းဖြည်း ခွါလာနိုင်မှာပါ။ အဲဒီ တရားသုံးပါးကို ခွါထားနိုင်ရင် သူ့ကိုအကြောင်းပြုပြီး ဖြစ်လာနိုင်တဲ့ အကြံတွေ၊ အကြံကြောင့် ဖြစ်လာနိုင်တဲ့ လိုချင်မှုတွေ၊ အလိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အချစ်အမုန်းတွေ၊ အချစ်အမုန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မနာလိုခြင်း ဝန်တိုခြင်းတွေဟာလည်း တဖြည်းဖြည်းနည်းလာကြမှာပါ။ မနာလိုတာတွေ ဝန်တိုတာတွေ နည်းလာရင် သေချာတယ် အားလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားကြမှာ အမှန်ပါပဲ။ 

“မနာလိုခြင်း၊ ဝန်တိုခြင်း အရှင်းကင်းပါစေ။”

မြတ်ဗုဒ္ဓ၏ သက္ကပဥှသုတ်တော်ကို ပူဇော်ရင်း

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ကထိန်အကြောင်း သိကောင်းစရာ

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း
 စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရားဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း
 ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန)
 စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

Read more »

အသိရှိပါ၊ သတိမလွတ်ပါစေနဲ့


အသိရှိပါ၊ သတိမလွတ်ပါစေနဲ့ ()
--------------------
ဖတ်ဖူးတဲ့ စာပိုဒ်လေးတစ်ခုပါ။
သူများလဲသွားအောင် ခြေထိုးခံတဲ့အချိန် ကိုယ်လည်းရှေ့ကို မသွားနိုင်ပါဘူးတဲ။

သိပ်မှန်ပါတယ်။ ကိုယ့်အလုပ်ကို ကောင်းအောင်လုပ်ရမယ့်အချိန်မှာ သူများမကောင်းကြံနေ၊ သူများမကောင်းကြောင်းပြောနေ၊ သူများမကောင်းအောင် လုပ်နေရတာနဲ့ ကိုယ့်မှာအချိန်တွေကုန်ပြီး အပြစ်တွေသာ ဖြစ်နေတော့တာပါ။ အဲဒီလို သူများမကောင်းကြောင်းတွေ ကြံစည်ပြောဆို လုပ်ကိုင်နေတဲ့အချိန်တွေများ ကိုယ့်အတွက်၊ အများအတွက် အကောင်းတစ်ခုခု လုပ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်များ အကျိုးများလိုက်မလဲပေါ့။ ဒီတော့ကား သူများအပေါ် အပြစ်တွေရှာနေမယ့်အစား သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ်ကောင်းအောင် ကြိုးစားကာ ကိုယ့်အတွက်နဲ့ အများအတွက် အကျိုးတစ်ခုခုကို တိုးပွားအောင်သာ လုပ်ကြရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ သူများအတွက် မဟုတ်တာတွေ အားထုတ်နေတဲ့အချိန်ဟာ ကိုယ်သန္တာန်မှာ မကောင်းတဲ့အားတွေ တိုးနေတဲ့အချိန်ဆိုတာ အသေအချာပါပဲ။ အသိရှိပါ၊ သတိမလွတ်ပါစေနဲ့။

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]


အသိရှိပါ၊ သတိမလွတ်ပါစေနဲ့ ()
---------------------
ကိုယ့်ဒုက္ခမှ ဒုက္ခထင်မနေနဲ့။
ရုပ်ရှိနေသမျှ ဒုက္ခဆိုတာ
အားလုံးမှာ ရှိနေကြတာပါ။
ရုပ်ဒုက္ခကြား စိတ်ဒုက္ခမများဖို့သာ
သတိပြု ဆင်ခြင် ကိုယ့်စိတ်ကို 
ပြင်နိုင်အောင် ကြိုးစားကြရမှာပါ။

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

Read more »

ပဝါရဏာကပေးတဲ့ မက်စေ့ခ်ျ (Message)


ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ (၁၉-၁၀-၂၀၁၃)ရက်နေ့က ဘုန်းဘုန်းတို့ ကိုရီးယားရောက် ထေရဝါဒ မြန်မာရဟန်းတော်များ စုပေါင်းပြီး သံဃာ့ပဝါရဏပွဲကို ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ တစ်နိုင်ငံတည်းမှာ ရှိနေပမယ့် မတူညီတဲ့ အရပ်ဒေသတွေမှာ ဖြစ်နေကြတဲ့အတွက် ရဟန်းတော် အချင်းချင်းလည်း မတွေ့ဆုံဖြစ်ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်နှစ်မှာအနည်းဆုံး တစ်ခါလောက်တော့ ပဝါရဏာပွဲမှာ မဖြစ်မနေ တွေ့ဆုံပြီး ဘာသာရေး၊ သာသနာရေး၊ လူမှုရေးတွေ အတွက်လည်း ညှိနှိုင်းအဖြေရှာကြဖို့ ကတိကဝတ်ပြု ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနှစ်သီတင်းကျွတ် လပြည့်နေမှာလည်း မအားတဲ့ကြားက ပဝါရဏပွဲကို သံဃာအများ တက်ရောက်ပြီး ပဝါရဏ ပြုဖြစ်ခဲ့ကြပါတယ်။ ပဝါရဏပြုပြီးတော့ ဘုန်းဘုန်းတို့ထေရဝါဒ ရဟန်းတော်များ လစဉ်စုဆောင်းလာခဲ့ကြတဲ့ ပညာပဒေသာပင် ထောက်ပံ့ပေးရေး အစီအစဉ်ကိုလည်း ဝိုင်းဝန်းဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ 

ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက ပဝါရဏနဲ့ ပတ်သက်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပဝရဏာပွဲမှာလည်း ဒကာတစ်ယောက်က ပဝါရဏနဲ့ ပတ်သက်တဲ့ အကြောင်းကို မေးမြန်းခဲ့လို့ အကြီးဆုံးမထေရ်တစ်ပါးက ဖြေကြားပေးဖြစ်ခဲ့ပါသေးတယ်။ ပဝါရဏာဟာ ဘုရားရှင်ရဲ့ ပညတ်ချက်နဲ့အညီ ပြုလုပ်ရတဲ့ ဝိနည်းတော်ဆိုင်ရာ လိုက်နာစောင့်ထိန်းမှု တစ်ခုဖြစ်တဲ့အတွက် ဘုရားတပည့်သား သံဃာတော်များအတွက် အရေးကြီးတဲ့ တွေ့ဆုံပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ပဝါရဏက ချမှတ်ပေးလိုက်တဲ့ မှတ်ချက်ကလည်း မျက်မှောက်ခေတ်မှာ ရဟန်းသံဃာများအတွက်သာ မဟုတ်ဘဲ လူပုဂ္ဂိုလ်များအတွက်ပါ လိုက်နာကျင့်သုံး နေထိုင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ရဟန်းတော်များ ပ၀ါရဏာပြုကြဖို့ မြတ်စွာဘုရား ခွင့်ပြုခဲ့ရတဲ့ အကြောင်းကလည်း အတော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါတယ်။ ကောသလတိုင်း၊ ဇနပုဒ်တစ်ခုရဲ့ တောကျောင်းမှာ ၀ါဆိုဝါကပ်ပြုကြတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ အချင်းချင်း ချမ်ချမ်းသာသာ သီတင်းသုံးပြီး ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြပါတယ်။ ဘယ်လိုနေထိုင်ကြရင် ငြိမ်းချမ်းမှုကို ရနိုင်တယ်၊ ချမ်းသာမှုကို ရနိုင်တယ်၊ ငြင်းခုံခိုက်ရန်မရှိဘဲ နေထိုင်နိုယ်တယ် စတဲ့ အကြံအစည်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးမှာ ရဟန်းတော်များဟာ ၀ါတွင်းသုံးလ ကာလပတ်လုံး အချင်းချင်း စကားတစ်လုံးမှ မပြောကြဘဲ ဆွမ်းခံဝတ်၊ ခြေဆေးဝတ်စတဲ့ ၀တ္တရားတွေကို ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး နေထိုင်ကြဖို့၊ တာဝန်ဝတ္တရားတွေကိုသာ ကျေပွန်အောင်လုပ်ပြီး စကားမပြောဘဲ နေကြမယ်ဆိုရင် ချမ်းချမ်းသာသာ နေနိုင်ကြမှာဖြစ်လို့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း စကားမပြောဘဲ နေကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကာ ၀ါတွင်းကာလကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီရဟန်းတော်များဟာ စကားမပြောဘဲ နေခဲ့ကြတဲ့အတွက် တစ်ပါးနဲ့တစ်ပါး အကောင်းလည်း မသိခဲ့ကြသလို အဆိုးလည်း မသိခဲ့ကြပါဘူး။ အပြစ်လည်း မသိကြသလို အနှစ်လည်း မသိခဲ့ကြပါဘူး။ ဒီလိုနဲ့ ၀ါတွင်းကာလ ကုန်ဆုံးခဲ့ကြပါတယ်။

ဝါကျွတ်လို့ ဘုရားရှင်ထံ အဖူးအမျှော်သွားတဲ့အခါ ဘုရားရှင်က အဲဒီရဟန်းတော်များကို ၀ါတွင်းကာလ ချမ်ချမ်းသာသာ နေခဲ့ရမှု ရှိမရှိ မေးမြန်းတော်မူပါတယ်။ ဒီအခါ ရဟန်းတော်များက မိမိတို့ အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့အညီ ၀ါတွင်းကာလမှာ တစ်ပါးနဲ့တစ်ပါး စကားမပြောကြဘဲ ချမ်းချမ်းသာသာ နေထိုင်ခဲ့ပါကြောင်း လျှောက်ထားပါတယ်။ ရဟန်းတော်များရဲ့ လျှောက်ထားချက်ကို နားထောင်ပြီး မြတ်ဗုဒ္ဓက “ရဟန်းတို့ သင်တို့နေထိုင်ခဲ့သည့် အကျင့်သည် မဂ်ဖိုလ်မပြီး အချည်းနှီးသော အကျင့်ဖြစ်၏၊ နွားဆိတ်စသော သတ္တ၀ါများ၏ အကျင့်ဖြစ်သကဲ့သို့ တိတ္တိတို့၏ အကျင့်လည်းဖြစ်၏၊ ဤသို့သော အကျင့်နှင့် နေထိုင်သော သင်တို့သည် ချမ်းသာစွာ နေထိုင်ခဲ့ခြင်း မဟုတ်၊ မချမ်းမသာ နေထိုင်ခဲ့ခြင်းသာ ဖြစ်၏..” စသဖြင့် ပြစ်တင်ကဲ့ရဲ့ကာ “ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း' ငှါ ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း လိုက်လျောခြင်း အာပတ်မှ ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့။” စသည်ဖြင့် မိန့်တော်မူပြီး ပ၀ါရဏာ ပြုဖို့ပါ ခွင့်ပြုတော်မူခဲ့ပါတယ်။

ပ၀ါရဏာပြုနည်းကိုလည်း မြတ်စွာဘုရားရှင်က ၀ါစဉ်အလိုက် ''အရှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည် ရှိသော် ကုစားပါအံ့။”လို့ ဆိုကာ ပြုကြဖို့ မိန်ကြားတော်မူခဲ့ပါတယ်။ ဒါက ပ၀ါရဏာပြုဖို့ ခွင့်ပြုခြင်း အကြောင်းးနဲ့ ပ၀ါရဏာပြုနည်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းအနေနဲ့ ပဝါရဏာနဲ့ ပတ်သက်တဲ့ မက်စေ့ခ်ျတစ်ခုကို စာဖတ်ပရိတ်သတ်တွေကို ပေးလိုတာ ဖြစ်ပါတယ်။ ပ၀ါရဏာဆိုတာ ဖိတ်ကြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရဟန်းတော်များ အချင်ချင်း တစ်ပါးနဲ့တစ်ပါး အပြစ်ကို မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယဖြစ်တာပဲ ဖြစ်ဖြစ် တိုက်ရိုက်ပြောဆို ဖိတ်ကြားကာ အပြစ်ကိုမြင်တဲ့ ပုဂ္ဂိုလ်က အပြစ်ကို ပြောဆိုကြဖို့၊ အပြစ်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း အပြစ်ကို ၀န်ချပြီး အဲဒီအပြစ်ကို ကုစားရင်း တစ်ပါးနဲ့တစ်ပါး ချမ်းချမ်းသာသာ နေထိုင်သီတင်းသုံးကြဖို့ စတဲ့စတဲ့ ကောင်းကျိုးချမ်းသာများ အတွက် ဒီလိုပ၀ါရဏာ ပြုခွင့်နဲ့ပြုနည်းများကို ဗုဒ္ဓမြတ်စွာ ညွန်ပြခြင်းဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီပ၀ါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ အနေနဲ့ အချင်းချင်း ချမ်းချမ်းသာသာ နေနိုင်မယ့် လမ်းညွှန်ကိုယူကာ လိုက်နာကျင့်သုံးကြဖို့ တင်ပြလိုရင်းလည်း ဖြစ်ပါတယ်။ ပ၀ါရဏာက ပေးတဲ့ လောကသား အချင်းချင်း ချမ်းသာစွာ နေထိုင်နိုင်မယ့် မက်စေ့ခ်ျလေးကို တစ်ဆင့်ပြန်လည် ပေးဝေလိုရင်း ဖြစ်ပါတယ်။

ဒီမှာပြောခဲ့တဲ့ ပ၀ါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့ ဖိတ်ကြားချက်လေးက လောကသားတွေအတွက် တကယ့်ကို အတုယူလိုက်နာ ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ “သံဃာတော်များ အနေနဲ့ တပည့်တော်ကို တပည့်တော်ရဲ့ အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ယုံမှားသံသယ ရှိတာပဲ ဖြစ်ဖြစ် ပြောဆိုကြပါ၊ တပည့်တော် အနေနဲ့လည်း အဲဒီအပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင်၊ သတိထားပြီး နေထိုင်ပါမယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ ယူတတ်မယ်ဆိုရင် ဘ၀မှာ ကူညီပြသ လမ်းညွန်မှုတွေနဲ့ တကယ့်ကို အောင်မြင်မှုနဲ့ ချမ်းသာမှုကို ဖြစ်စေတဲ့ ဖိတ်ကြားချက်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို မချမ်းသာမှုတွေ ရှိနေတဲ့အတွက်ကြောင့် ချမ်းသာမှုကို အလိုရှိတဲ့ ဘုရားရှင်က သူ့သားတော် ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပ၀ါရဏာပြုပြီး ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက ဘယ်လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ် ခံယူကာ လက်ခံပြုပြင်နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့ ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။ အဲဒီလို ခံယူမှုနဲ့ ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ အချိန်မရွေး လာနေမှာဖြစ်ပြီး ဒီလိုကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာကိုက အတ္တသမာ ပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ အညွန်အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း အပြစ်ကို ပ၀ါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့ အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေ အနေနဲ့လည်း အချင်းချင်း အပြစ်တွေကို ပ၀ါရဏာ ပြုကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင် ပြုပြင်နေထိုင်ကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေကို ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့် အမှားနည်းပြီး အများတွဲကြမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါကြောင်း ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျတစ်ခုအဖြစ် အတုယူပြုပြင်နိုင်ဖို့ စေတနာထား မေတ္တားအားဖြင့် တစ်လုံးတစ်ပါဒ တင်ပြလိုက်ရပါတော့တယ်။ အားလုံး ပ၀ါရဏာ ပြုနိုင်ကြပါစေ….

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၉)


အိမ်ထောင်ပြုခြင်းနှင့် နေ့နံရွေးခြင်း
----------------------
သီတင်းဝါလ ကျွတ်ကြတော့မယ်ဆိုတော့ ဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ ဘုရားဟော မဟုတ်တဲ့ ရှေးရိုးစွဲ အစဉ်အလာတွေကို ထိန်းသိမ်းရင်း ဝါကျွတ်ရင် အိမ်ထောင်ပြုကြဖို့ စီစဉ်ထားကြတဲ့ သူတွေဟာ သူ့ထက်ငါ ရက်ကောင်းရက်မြတ်ရွေး၊ နေ့နံရွေး၊ အိမ်ထောင်ဖက်ရွေး စသဖြင့် ပြုလုပ်နေကြတော့တာ ဖြစ်ပါတယ်။ အခါတော်ပေးတွေ၊ လောကဓာတ်ဆရာတွေအတွက် ဟောရေးပြောရေးတွေ အလုပ်ဖြစ်နေကြတော့တာပါပဲ။ မြန်မာဗုဒ္ဓဘာသာအများ အိမ်ထောင်ပြုကြတော့မယ်ဆိုရင် လူကြီးတွေကအစ ဘုရားဟောတာတွေကို အသာထား၊ သားသမီးများရဲ့ အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်နဲ့ နေ့နံတွေကို အလေးပေးပြီး ရွေးနေကြတာတွေ ရှိပါတယ်။ ဘယ်နေ့ မင်္ဂလာမဆောင်ကောင်းဘူး၊ ဘယ်နေ့နံသားသမီးဆို အိမ်ထောင်ဖက်အဖြစ် မရွေးကောင်းဘူး စသဖြင့် အယူအစွဲတွေနဲ့ အိမ်ထောင်ပြုရေးမှာ အဓိကနဲ့ သာမညကို မကွဲပြားဘဲ မလိုအပ်တာတွေမှာ အလေးထားနေကြတော့တာ ဖြစ်ပါတယ်။ 

တစ်လောကတောင် Facebook စာဖတ်ပရိတ်သတ် တစ်ဦးဖြစ်တဲ့ မဖြူဖြူက ဒီအကြောင်းလေးကို မေးလျှောက်ထားပါသေးတယ်။ မဖြူက ဆရာတော်ဘုရားတပည့်တော် မက်စေ့ခ်ျဘောက်စ်ကနေ သိချင်တာလေးရှိလို့ မေးပါရစေဘုရား။ တပည့်တော်ကို လိုင်းပေါ်ကနေ ပြန်လည်ဖြေကြားပေးပါလို့ တောင်းဆိုပါရစေ။ တပည့်တော် အယူမသည်းပါဘူး။ ကံကံ၏အကျိုးကို ယုံကြည်ပါတယ်။ ဒါပေမယ့် တစ်ချို့အယူသည်းသူတွေ သိစေချင်လို့ပါဘုရား။ တစ်ချို့ကပြောတယ်။ အိမ်ထောင်ပြုတဲ့အခါ မသင့်မြတ်တဲ့ နေ့တွေဆိုတာ ရှိပါသလား။ ဥပမာ သောကြာက ဘယ်နေ့သားမှ အဆင်ပြေတာတို့ စသည်ဖြင့်ပေါ့။ ပြီးတော့ သားဦးသားနှောင်း မယူကောင်းတို့ပါဘုရား။ အဲဒီလို နေ့တွေက ကိုယ်နဲ့သက်ဆိုင်ပါသလားဘုရား။ တပည့်တော်ကို ပြန်လည်ဖြေကြားပေးပါလို့ တောင်းဆိုပါရစေ။" (Phyu Phyu) ဆိုပြီး မေးထားပါတယ်။

ဟုတ်ပါတယ်။ မဖြူပြောသလိုပဲ သိပ္ပံပညာ ထွန်းကားတဲ့ ဒီနေ့လိုခေတ်ကြီးမှာလည်း ဘုရားအဆုံးအမတွေနဲ့ လွဲချော်နေတဲ့ ရှေးရိုးစွဲအယူသည်း ဗုဒ္ဓဘာသာဝင်တွေ အများကြီး ရှိနေတုန်းပါပဲ။ လွဲနေတာကတော့ လွဲနေကြဦးမှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး နေ့နံရွေးတာ၊ အိမ်ထောင်ဖက်၊ အိမ်ထောင်ပျက် ရွေးတာတွေဟာ တကယ်တော့ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။ ဦးသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ၊ အိမ်ထောင်ရာ၊ ဦးဝေ၊ စံကူး၊ ရေဗူး၊ တောသူ၊ ပြည်ရန်သူ စတဲ့ အယူအဆတွေနဲ့ အိမ်ထောင်ဖက်တွေကို ရွေးချယ်ကြတာလည်း လောကီဆရာတွေရဲ့ လမ်းညွန်နဲ့ အဲဒီအပေါ် ယုံကြည်ကြသူတွေရဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနဲ့ စနေအိမ်ထောင်ပြုရင် ရူးတောင်ထမင်း မငတ်ဘူးဆိုပေမယ့် ငတ်တဲ့သူတွေလည်း အများကြီး ရှိနေတာပါ။ လောကီအယူအဆတွေဟာ တစ်ခါတလေ တိုက်ဆိုင်မှု အနေနဲ့ မှန်ကောင်းမှန်ပေမယ့် ဒါဟာ သူတို့တွက်ချက်ပေးလိုက်လို့ ဆိုတာထက် အဲဒီအိမ်ထောင်သည်တွေရဲ့ တစ်ဦးချင်း ထိန်းသိမ်းစောင့်ရှောက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ 

အိမ်ထောင်ရေး အဆင်ပြေမှု၊ မပြေမှုဆိုတာ နေ့နံတွေ၊ အိမ်ထောင်ဖက်တွေ ရွေးချယ်နေဖို့ထက် အကျင့်ကောင်းတဲ့ အိမ်ထောင်ဖက်၊ သစ္စာရှိတဲ့ အိမ်ထောင်ဖက်၊ နားလည်မှုပေးနိုင်မယ့် အိမ်ထောင်ဖက်တွေ ဖြစ်ဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ နေ့နံကောင်းလို့ ဘယ်လောက်ပဲ ယူထားပါစေ အကျင့်မကောင်းရင် အဲဒီအိမ်ထောင်ရေးဟာ အဆင်ပြေစရာ အကြောင်းမရှိလှပါဘူး။ မြတ်ဗုဒ္ဓအလိုအရ နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အတိတ်ကောင်း၊ နိမိတ်ကောင်း စတာတွေဟာ အကောင်းလုပ်သူတွေအတွက် အမြဲကောင်းနေမှာပြီး မကောင်းလုပ်ရင်တော့ နက္ခတ်ဆိုး၊ မင်္ဂလာဆိုး၊ အတိတ်နိမိတ်ဆိုးတွေ ဖြစ်နေမှာဖြစ်ကြောင်း သတိရှိရှိ အသိနဲ့ညှိပြီး နားလည်သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။ 

ဒီလိုပါပဲ။ သားသမီးတွေနဲ့ ပတ်သက်ပြီးတော့ သားဦးစနေ မီးလိုမွှေ၊ သားဦးသားနှောင်း မယူကောင်း စတဲ့ အယူအဆတွေဟာလည်း တိုက်ဆိုင်မှုနဲ့ သတ်မှတ်ကြတဲ့ လောကသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဗုဒ္ဓဘာသာမှာလည်း ဒီလိုညွန်ပြချက်တွေ မရှိပါဘူး။ သားသမီးနဲ့ ပတ်သက်ပြီး အဆိုးအကောင်းဆိုတာ ကလေးရဲ့ကံနဲ့ မိဘတွေရဲ့ ကံတရား ဆက်စပ်မှုတွေ အပေါ်မှာလည်း တည်မှီနေတာ ဖြစ်ပါတယ်။ တော်ပြီး ပြည့်စုံတဲ့ ကလေးဟာ မကောင်းတဲ့မိဘ၊ ဆင်းရဲ့ချို့တဲ့တဲ့ မိဘတွေမှာ မွေးဖွားရတာ၊ ပြီးပြည့်စုံတဲ့ မိဘတွေမှာ  ဆိုးသွမ်းတဲ့ သားသမီး၊ ဒုက္ခိတ သားသမီးတွေ ရှိနေကြတာ စတာတွေဟာ ဒီကလေးရဲ့ကံနဲ့ မိဘတွေရဲ့ ကံတရား အကြောင်းအကျိုး သက်ရောက်မှုပဲ ဖြစ်ပါတယ်။ သားဦးကောင်းပြီး သားနှောင်းတော်နေတဲ့ ကလေးတွေလည်း လောကကြီးမှာ အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ တော်ရုံတန်ရုံ မတော်တဲ့ သားဦးသားနှောင်းတွေတောင်မှ မိဘ၊ ဆရားသမားတွေရဲ့ အသင်အပြနဲ့ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုတွေကြောင့် ကောင်းသွားကြတာလည်း ရှိနေကြတာဆိုတော့ လောကီအယူအဆတွေထက် ကောင်းမကောင်းကို ဖန်တီးနိုင်တဲ့ လူတွေကပဲ အဓိကကျနေတာ ဖြစ်ပါတယ်။ ယတြာကောင်းလို့သာ အားလုံးကောင်းကြမယ်ဆိုရင် လောကကြီးမှာ မကောင်းတဲ့အရာဆိုတာ ရှိမှာတောင် မဟုတ်တော့ပါဘူး။ လောကကောင်းဖို့ဆိုတာ ခန္ဓာဆိုတဲ့ လောကတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါ တစ်ဦးချင်းရဲ့ ကောင်းတဲ့အလုပ်တွေ အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။  

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ အိမ်ထောက်ဖက်ရွေးတာ၊ နေ့နံရွေးတာအပြင် သားသမီး ရွေးတာတွေမှာလည်း လောကီအယူအဆကိုလိုက်ပြီး အလွဲတွေ လုပ်မိနေတတ်တဲ့အတွက် ဒီအလွဲတွေကနေ ရှောင်ကြဉ်ပြီး သတ္တဝါအားလုံး ကိုယ်ကိုယ်တိုင်ကစပြီး ကောင်းအောင်ပြုပြင် နေထိုင်ရင်း လောကကြီးကောင်းအောင် နေထိုင်ခြင်းကသာ တကယ့်စစ်မှန်တဲ့ အကောင်းရွေးခြင်း၊ အကောင်းနေခြင်းပဲ ဖြစ်ပါကြောင်း လွဲနေတတ်တဲ့အလွဲတစ်ခုကို အမှန်ပြုနိုင်အောင် အသိတစ်ခု အမျှပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ရုပ်ပြောင်းသော်လည်း စိတ်ကောင်းပျော်စေ


မကြာသေးခင်က ကိုရီးယား တရားပွဲတစ်ခုမှာ အမြဲတမ်းတရားနာ ပရိတ်သတ် ဒကာမကြီးတစ်ယောက်က တရားပွဲပြီးတော့ တရားလျှောက်ရင်း သူ့စိတ်ထဲမှာ ရှိတာတွေပါ မထောက်မညှာ လျှောက်ကာသွားပါတယ်။ ဒကာမကြီးက အရှင်ဘုရားရယ် မြန်မာပြည်မှာ ()လလောက်သွားပြီး ဝါတွင်းမှ ကိုရီးယားကို ပြန်ကြွလာတဲ့ အရှင်ဘုရားရဲ့ ပုံကိုကြည့်ပြီး တပည့်တော် အရမ်းအံ့သြသွားတယ်။ ဒီ ()လလောက်မှာ ဘာတွေများလုပ်ခဲ့လို့ ဒီလောက်အိုဇာသွားရတာလဲဘုရား။ အရင်တုန်းက တပည့်တော် သိတဲ့အရှင်ဘုရားရဲ့ မျက်နှာကို အခုပုံကြည့်ပြီး ဘယ်လိုမှကို ပုံဖော်လို့ မရဘူးဘုရားတဲ့။ ပြီးတော့ ဒကာမကြီးက ဆက်လျှောက်ပါတယ်။ ဒါပေမယ့်ဘုရား အရင်တုန်းက အရှင်ဘုရားနဲ့ အခုအရှင်ဘုရား ထူးခြားချက်ကတော့ အရှင်ဘုရား အရမ်းတည်ငြိမ်ရင့်ကျက်ပြီး ဟောတဲ့တရားတော်နဲ့ လက်တွေ့ပုံရိပ်ကို တစ်ထပ်တည်း ပုံဖော်သွားနေတာ၊ လက်တွေ့ဘဝနဲ့ တစ်ထပ်တည်းကျအောင် ဟောတဲ့အတိုင်း ကျင့်သုံးနေတဲ့ သဘောကို တပည့်တော် သိရှိခံစားရပြီး အဲဒီ အားတွေဟာ တပည့်တော်တို့ တရားနာ ပရိတ်သတ်တွေအပေါ်မှာ လက်တွေ့သက်ရောက်မှု ရှိနေတာကိုတော့ ဝမ်းမြောက်ဝမ်းသာ သိရှိခံစားရပါတယ်ဘုရားဆိုပြီး လျှောက်ပြန်ပါတယ်။

ဒကာမကြီး ပြန်သွားတော့ ဘုန်းဘုန်းမှာ အတွေးလေးတွေ ကျန်သွားစေပါတယ်။ တော်ပါသေးရဲ့ မကောင်းတာတွေ လျှောက်ပြီး ကောင်းတာလေးနဲ့ အုပ်သွားလို့ဆိုတဲ့ အတွေးလေးနဲ့ တစ်ကိုယ်တည်း ပြုံးနေမိပါတယ်။ တကယ်တော့ အဲဒီ ဒကာမကြီး လျှောက်ထားတဲ့အတိုင်း အမှန်ပါပဲ။ ဘုန်းဘုန်းကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သတိထားမိပါတယ်။ ငါအိုတာ သိပ်မြန်ပါလားလို့။ အအိပ်အစားမမှန် အလုပ်တွေကို မရပ်မနား ဆက်တိုက်လုပ်ဖြစ်တာကြောင့်လည်း ပါပေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဇရာရဲ့ သဘောဟာ အသွင်အပြင်တွေမှာပဲ မဟုတ်ဘဲ လက်တွေ့လှုပ်ရှားမှုတွေမှာပါ သိသိသာသာ ပြလာနေတော့တာပါ။ ဘဝရဲ့သက်တမ်း တစ်ဝက်ကျော်ကို ချည်းကပ်လာတဲ့ ရုပ်အသွင်ဟာ ထင်သလို လုပ်ရှားလို့ မရတာတွေ ဖြစ်ဖြစ်လာတတ်နေပါပြီ။ အရိုးအဆစ်တွေက ဟိုကနာ၊ ဒီကနာတဲ့ သဘောတွေ ပြလာနေပြီး တစ်ခါတရံလည်း အလေးအပင် တစ်ခုခုကို ရုတ်တရက် မလိုက်တာလေးနဲ့ကို ခါးမှာအထိနာတဲ့ သဘောတွေ ဖြစ်နေပြန်တာပါ။ ငယ်တုန်းက ဘာမှမဖြစ်ဘူးလို့ ထင်ရတဲ့ ဒဏ်တွေဟာ ခုမှ ပြန်ပေါ်လာနေတာတွေဟာလည်း ဇရာလို့ခေါ်တဲ့ အိုခြင်းရဲ့ နိမိတ်လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အိုခြင်းနိမိတ်တွေ ပြလာနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်တတ်တဲ့ အကျင့်တွေပါ ရလာနိုင်အောင် ဘုန်းဘုန်းတို့ ကြိုးစားကြရမှာပါ။ ရုပ်အိုတာ မဆန်းပါဘူး။ စိတ်အလိုတွေ မရမ်းဖို့ပဲ ကြိုးစားကြရမှာပါ။ ရုပ်အသွင်တွေကျလာပေမယ့် စိတ်အသွင်တွေ မကျဖို့ လေ့ကျင့်ကြရမှာပါ။ အပြင်နိမိတ်ကို အတွင်းစိတ်နဲ့ ဆင်ခြင်ပြီး အသိတရားတွေဝင်ကာ အမြန်ပြင်နိုင်အောင် အားထုတ်ကြရမှာပါ။ တဖြည်းဖြည်း အိုပြီးပြိုလာနေတဲ့ ရုပ်တရား အပေါ်မှာ ဒီထက်ပိုပြီး အိုမသွားခင် ရသင့်ရထိုက်တာကို ရအောင်ယူ၊ လုပ်သင့်လုပ်ထိုက်တာကို ကြိုးစားလုပ်ပြီး ပါသင့်ပါထိုက်တဲ့ တရားတွေ ပါအောင် ကျင့်သုံးကြရတော့မှာပါ။ ရုပ်ကပြောင်းလာပြီ စိတ်ဓာတ်က မကောင်းသေးဘူး၊ လူကကြီးလာပြီ ကုသိုလ်အားတွေ မကြီးသေးဘူး၊ လူကအရွယ်လွန်လာပြီ စိတ်ခွန်အားတွေ မစွံသေးဘူးဆိုရင်တော့ အိုပြီးမကောင်းတဲ့ သူတွေလို ဖြစ်နေကြတော့မှာပါ။ 

ဆိုတော့ကား အဲဒီလို ဇရာထောင်းသော်လည်း ငါမကောင်းပျော်တုန်း မဖြစ်ရအောင် တဖြည်းဖြည်းနဲ့ အသိပေးလာတဲ့ အိုခြင်းရဲ့ နောက်မှာ အသိတရားတွေ ရောက်ပြီး ဒီထက်ပိုပြီး မအိုခင်၊ ရုတ်တရက် ပြောင်းလဲတတ်တဲ့ မမြဲခြင်း သဘောတွေ မရောက်လာခင် အခုလက်ရှိအချိန်ကို အထူးသတိပြု ဆင်ခြင်ပြီး အသွင်ပြောင်းသော်လည်း အသင်မကောင်းပျော်နေတုန်း မဖြစ်ရအောင် အိုခြင်းတရားက ပေးလာတဲ့ သတိပေးနိမိတ်ကို အချိန်မီ အသိစိတ်ဝင်ကာ ကိုယ့်ကိုယ်ကို ကောင်းတာတွေနဲ့ ပျော်နိုင်အောင် ကြိုးစားနေထိုင် ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း ကိုယ်ကိုယ်ကို ဆင်ခြင်ရင်း အများသူငါ အသိဝင်စေဖို့ ဓမ္မအသိ အမျှညှိလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ပြဿနာအပေါ် ဆင်ခြင်ခြင်း


ပြဿနာဆိုတာ စသူရှိလို့ ဖြစ်ရတာပါ။ ဖြစ်အောင်လည်း စစနေကြပါတယ်။ အလွန်က သူတို့က အလွန်၊ အဆိုးက ကိုယ်တွေဖြစ်ဖြစ်သွားပါတယ်။ သူတို့လွန်တာကို အများက မမြင်ဘူး၊ ကိုယ်တွေဆိုးတာကိုပဲ အမှားလို့ မြင်သွားကြတယ်။ ဒီတော့ ကိုယ်တွေက ဒါကို သတိပြုဆင်ခြင်ရမယ်။ သူစတိုင်း ကိုယ်မထအောင်၊ သူလှုပ်တိုင်း ကိုယ်မလုပ်အောင်၊ သူလွန်တိုင်း ကိုယ်မမွှန်အောင် တခြားနည်းနဲ့ တုန့်ပြန်ရမယ်။ စသူကို အရယူပြီး ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူနိုင်အောင် လုပ်ယူရမယ်။ မီးရှိုတာ၊ ဖျက်ဆီးတာ၊ ကိုယ်ထိလက်ရောက် တုန့်ပြန်တာ နည်းစနစ်မမှန်ဘူး။ မမှန်တဲ့ စနစ်နဲ့သွားရင် အကောင်းဖြစ်ဖို့မလွယ်ဘူး။ အဆိုးပဲ ဖြစ်တာများတယ်။ စနစ်မမှန်ရင် အကျိုးမများပဲ အချိန်ကုန်ပြီး အပျက်အဆီးသာ များနေတတ်တယ်။

 ပြဿနာစသူဆိုတာ အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေလိမ့်မယ်။ ပြဿနာကို အပြီးတိုင်အကုန်ချေမှုန်းဖို့ မလွယ်ဘူး။ တခါတလေ ပြဿနာနဲ့ လက်တွဲပြီးတော့ကို နေသွားရမယ့် အနေအထား ရှိတယ်။ လွတ်လပ်တဲ့ နိုင်ငံ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံဆိုရင် အားလုံးဟာ ဥပဒေဘောင်အတွင်းကပဲ ဥပဒေနဲ့အညီ နေထိုင်သွားရပါမယ်။ ကိုယ်တွေလည်း ဒီမိုကရေစီ နိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ သူတွေရှိနေတော့ အဲဒီမှာရှိနေကြတဲ့ ကိုယ့်အမျိုးတွေလည်း ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအတိုင်းပဲ နေနေကြတာဖြစ်ပြီး သူ့နိုင်ငံ ဥပဒေနဲ့ ညီအောင်နေတဲ့ ကိုယ်တွေအတွက် အဲဒီနိုင်ငံက အခွင့်အရေး ပေးထားတာပဲ။ ကိုယ့်နိုင်ငံလည်း နောင်ဒီမိုမကရေစီစနစ် ပီပြင်လာရင် ဒီလိုပဲ ခွင့်ပြုကြရမှာပါ။ အဓိကကတော့ ဥပဒေကအဓိကနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးမှုက အဓိကပါပဲ။

 ဒီတော့ အမြစ်ပြတ် ချေမှုန်းဖို့ထက် ဒီပြဿနာတွေ ထပ်မတက်အောင် ကြိုးစားဖို့ပဲ လိုတယ်။ ပြဿနာတွေနဲ့ မပတ်သက်အောင် ဝေးဝေးရှောင်ပြီး ကင်းနိုင်သမျှ ကင်းအောင်ကြိုးစားရမယ်။ အမုန်းတရားနဲ့ ကင်းဖို့မဟုတ်ဘူး မချစ်မမုန်းတဲ့ ဥပေက္ခတရားနဲ့ပါ။ ပြီးရင် ဒီပြဿနာဆိုတာ ကြုံလာတဲ့အခါ ကိုယ်က ခံနိုင်ရည် အားကောင်းနေအောင် ကိုယ့်ခြံကိုယ်လုံအောင် ကာကွယ်ကြရမယ်။ ကိုယ်တွေအင်းအားကောင်ေးနအောင်၊ ကိုယ်တွေ သဒ္ဓါခိုင်နေအောင်၊ ပြဿနာဆိုတာတွေနဲ့ ပတ်သက်လာရင် ကိုယ်တွေက မတုန်မလှုပ် ကိုယ့်ကိုယ်ကို ကာကွယ်ထားနိုင်အောင် ကိုယ့်မျိုးဆက်ကို အကျိုးထွက်အောင် ပြုစုပျိုးထောင်ကြရမယ်။ ကိုယ်တွေက အပြင်ဥပဒေနဲ့လည်း ခိုင်အောင်လုပ်ထားမယ်၊ အတွင်းဥပဒေဖြစ်တဲ့ ကိုယ့်မျိုးဆက်ရဲ့ စိတ်ဓာတ်တွေ၊ သဒ္ဓါတွေ၊ အသိတရားတွေကိုလည်း ခိုင်အောင် လုပ်ထားမယ်ဆိုရင် ပြဿနာ ဘယ်လောက်ပဲ ရှာရှာ၊ ပြဿနာ ဘက်လောက်ပဲတက်တက် ကိုယ်တွေက မတုန်မလှုပ် ခရီးဆက်နိုင်ကြမှာပါပဲ။

ဒါကြောင့် ပြဿနာ စသူရှိလို့ ပြဿနာတက်တယ်ဆိုပေမယ့် ရလာဘ်က ကိုယ်ပဲအဆိုး၊ ကိုယ်ပဲအလွန်၊ ကိုယ်ပဲအဖမ်းခံရ၊ ကိုယ်ပဲ အရှုံးရလိုက်တယ်ဆိုရင် ဒီစနစ်မမှန်လို့ ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ပြီး စစ်မှန်တဲ့ ကာကွယ်မှု ဖြစ်အောင် ပြဿနာစသူကို အမုန်းတရားနဲ့ မတုန်ပြန်ဘဲ သူစပေမယ့် အဲဒီထောင်ချောက်ထဲ ကိုယ်မရောက်အောင် ဥပဒေ ဘောင်အတွင်းကသာ ဖြေရှင်းကြဖို့ပဲ ဖြစ်ပါကြောင်း မကြာမကြာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ် တစေ့တစောင်း ဆင်ခြင်ရင်း အသိတစ်ခု အမျှပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အောင်မြင်တိုးတက်သူတွေရဲ့ ဘဝ

အမြင့်ရောက်လေ၊ လေအတိုက်ခံရလေပဲ။

အမြင့်ရောက်တဲ့သူတွေဟာ လေဒဏ်ကို ခံနိုင်ရည်ရှိရမှာပါ။ ပြီးတော့ အကျိုးမရှိတဲ့ အလုပ်တွေ မလုပ်ကြဘူး။


အကျိုးမဲ့ ဝေဖန်တာ၊ ကဲ့ရဲ့တာ၊ အပြစ်ပြောတာတွေဟာ လူတိုင်းလုပ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဝေဖန်၊ ကဲ့ရဲ့ အပြစ်ပြောတာမျိုးကို မလုပ်ဖြစ်အောင်၊ သူများက ကိုယ့်ကိုအဲဒီလို ပြောလာခဲ့ရင်လည်း ဒီဒဏ်တွေကို ခံနိုင်အောင်ကျတော့ လူတိုင်းမလုပ်တတ်ပါဘူး။ မလုပ်နိုင်ပါဘူး။ ဘဝမှာ သူများထက် ထူးခြားပြီး တိုးတက်သွားတယ်ဆိုတဲ့ သူတွေဟာ အများမလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်ကြလို့ပါပဲ။ အထူးသဖြင့် လူတိုင်းလုပ်တတ်တဲ့ အကျိုးမဲ့ ဝေဖန်တာတွေ၊ ကဲ့ရဲ့တာတွေ၊ အပြစ်ပြောတာတွေကို ရှောင်ကြဉ်ပြီး လူတိုင်းမလုပ်နိုင်တဲ့ အဲဒီ ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားအားထုတ်နိုင်ကြလို့ပါပဲ။ ဒါကြောင့် တိုးတက်ချင်တဲ့သူတွေဟာ မလိုအပ်တဲ့ အချည်းနှီးဝေဖန်ကဲ့ရဲ့ အပြစ်ပြောတာတွေကို ရှောင်ကြဉ်ပြီး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်အောင် လိုက်နာကျင့်သုံးကာ ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကိုလည်း မတုန်မလှုပ် ခံနိုင်ရည်ရှိအောင် ကြိုးစားကြဖို့ လိုအပ်လှတာ ဖြစ်ပါတယ်။ 

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

Read more »

လူငယ်များနဲ့ ဘာသာတရား


ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့ လူငယ်များ အကြောင်း ဖတ်နေရင်း ဒီနေ့ခေတ် လူငယ်များအကြောင်း အတွေးပေါင်းစုံ ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား ဆက်စပ်မှုရဲ့ မတူညီတဲ့ အကြောင်းလေးတွေကို တွေးနေမိပြန်ပါတယ်။ ဘုရားလက်ထက်က အသက် (၇)နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သောတာပန်တည်သွား၊ အရိယာဖြစ်သွား၊ အဲဒီ သောတာပန်စတဲ့ အရိယာ ဘ၀နဲ့ပဲ အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီလောကုတ္တရာ ကောင်းကျိုးတွေကို ရှာကာ ဘာသာတရားရဲ့ အဆုံးအမအောက်မှ နိဗ္ဗာန်အထိ လျှောက်သွားခဲ့ကြတဲ့ လူငယ်များရဲ့ အခြေအနေနဲ့ ဒီနေ့ခေတ် လူငယ်များရဲ့ ဘာသာတရား အပေါ်အမြင်များ၊ လူငယ်များနဲ့ ဘာသာရေးကြား ပေါင်းစပ်မှုနဲ့ ကွာဟမှုများရဲ့ အခြေအနေများကို ဘာရယ်မဟုတ် ချိန်ထိုးကြည့်မိပြန်ပါတယ်။ လူငယ်များနဲ့ ဘာသာတရား အကြောင်းကို လူငယ်များကြားမှာနေရင်း မတူတဲ့စကားတွေနဲ့ ဟိုဟိုဒီဒီ ကြားနေမိပါတယ်။

မှန်ပါတယ်။ ဒီနေ့ခေတ်ဟာ သိပ္ပံပညာများ တိုးတက်ထိုးကား လာနေသလို ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများကလည်း အမျိုးမျိုး ရှိလာနေတဲ့ ခေတ်ဖြစ်တဲ့အတွက် တစ်ဘက်က တိုးတက်ရင် တစ်ဘက်မှာ ဆုတ်ယုတ်တတ်တဲ့ သဘာဝအတိုင်း သိပ္ပံပညာများနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများက သတ္တ၀ါတွေရဲ့ သန္တာန်မှာ သဒ္ဓါပညာတရားများ ယုတ်လျော့လာမှု လောဘဒေါသမောဟ စတဲ့ ကိလေသာတရားများ တဖြည်းဖြည်း များပြားလာမှုကို ဖြစ်စေပါတယ်။ ဒီလို သဒ္ဓါပညာယုတ်လျော့လာမှုနဲ့ ကိလေသာဖြစ်စရာ အာရုံများပြားလာမှုက လူငယ်များအတွက် ဘာသာတရားအပေါ် အလေးမထားမှု၊ ဘာသာတရား အဆုံးအမများနဲ့ ဝေးသွားစေမှုကို ဖြစ်စေပါတယ်။

ဒီနေ့ခေတ်လူငယ်များ အနေနဲ့ ဘာသာတရားအပေါ် အလေးမထားမှု၊ ဘာသာတရားနဲ့ ဝေးသွားမှုလောက်ပဲ ဆိုရင်တော့ တော်သေးတယ်လို့ ဆိုနိုင်ပေမယ့် ဘာသာတရားအပေါ် အဆိုးမြင်လာမှုကတော့ ဒါဟာ သူတို့လေးတွေအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ဆုတ်ယုတ်စေမှုကို ဖြစ်စေနိုင်ပါတယ်။ လူငယ်တွေရဲ့ ဒီလို ဘာသာတရားအပေါ် အဆိုးမြင်လာမှုမှာ အခြားဘာသာတရားများနဲ့ ပတ်သက်လို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အမြင်များကတော့ ပြောစရာ ဖြစ်လာပါတယ်။ သူတို့မြင်တဲ့ အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အသွင်က တစ်ခြားစီ ဖြစ်နေပါတယ်။ အကျင့်တရားကို ဦးစားပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့ ကျင့်ကြံမှု ၀ီရိယ၊ ယုံကြည်မှု သဒ္ဓါတရား ယုတ်လျော့လာတဲ့ လူငယ်များကြားမှာ မကျင့်ကြံနိုင်တဲ့ သူတွေက ကျင့်ကြံနေတဲ့သူတွေကို အဆိုးမြင်လာတာတွေ ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။ သေချာတာကတော့ ဒီလို အဆိုးမြင်လာမှုတွေဟာ ဘာသာတရား၊ အထူးသဖြင့် ဗုဒ္ဓဘာသာ တရားကြောင့် ဖြစ်တာမဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

လူငယ်များနဲ့ အနေများတော့ လူငယ်တွေအကြောင်း သိလာတာတွေလည်း တစ်နေ့တစ်ခြား များပြားလာပါတယ်။ အထူးသဖြင့် မြန်မာလူငယ်များနဲ့ ဘာသာတရား အဆုံးအမများကြားမှာ ဖြစ်နေတဲ့ သဘောလေးတွေကို သိလာရတာ ပိုများလာပါတယ်။ အများအားဖြင့် အမည်ခံ ဗုဒ္ဓဘာသာများ ဖြစ်နေကြတဲ့ မြန်မာဗုဒ္ဓဘာသာ လူငယ်များဟာ အနှစ်သာရများထက် အပျော်အပါးများမှာ ပိုမိုအားသန်လာတာကို တွေ့နေရပါတယ်။ အသောက်အစား အပျော်အပါးများနဲ့ ယုံကြည်မှု သဒ္ဓါ၊ စဉ်စားဆင်ခြင်မှု ပညာ ယုတ်လျော့လာမှုများက ဘာသာတရား အဆုံးအမများအပေါ် အလေးမထားမှု၊ မလိုက်နာ မကျင့်သုံးမှုကို ပိုပြီးဖြစ်လာစေပါတယ်။ ပိုဆိုးတာက ကိုယ့်ကိုယ်တိုင် မကျင့်နိုင်တာကို သတိမပြုကြဘဲ ကျင့်ကြံသူတွေကို အဆိုးမြင်တတ်ကြတဲ့ အပြင် ထားလိုက်ပါကွာ၊ ရပါတယ်ကွာဆိုတဲ့ စကားတွေနဲ့ မကျင့်ကြံဖြစ်အောင် ပြောဆိုလေ့ရှိတာတွေက ပိုဆိုးပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဘာသာရေးအပေါ် စိတ်ဝင်စားတဲ့ လူငယ်တစ်ချို့ဟာ ဘာသာရေး လုပ်တာကိုပဲ တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေတာ ဖြစ်ပါတယ်။

တစ်ချို့ လူငယ်တွေကလည်း ဆိုးတော့ဆိုးပါတယ်။ ကိုယ့်ကိုယ်တိုင် မလုပ်နိုင်တာကို မသိကျိုးကျွံပြုပြီး လုပ်တဲ့သူတွေကိုပဲ ဘာသာရေး မှိုင်းမိနေသလိုလို၊ ပေါက်နေသလိုလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေး လိုက်စားတာကိုပဲ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်နေသလိုလို၊ သူတို့ပျော်ပါးသလို မပျော်ပါး မသောက်စားတဲ့အခါဆိုရင် ဘာသာတရားကြောင့် ဂေါက်သွားသလိုလို စသဖြင့် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့ တစ်ဖုံ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး အမျိုးမျိုး မထိတထိ ရိတိတိလုပ်တတ်တာတွေလည်း ကြားသိနေရပြန်ပါတယ်။

နောက် ဘာသာတရားလုပ်လာတဲ့ သူတစ်ချို့ရဲ့ လွဲမှားမှုတွေကြောင့် တစ်ချို့လူငယ်တွေက ဒီလိုဖြစ်တာ ဘာသာတရား လိုက်စားလို့ ဖြစ်တာဆိုတဲ့ အမြင်တွေ ဖြစ်လာတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က ဘာသာတရား လိုက်စားပေမယ့် ဆရာကောင်း သမားကောင်းနဲ့ နည်းစနစ်ကျကျ မလိုက်စားမိဘဲ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုများနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ၀ါဒအတိုင်း လိုက်လုပ်မိရာက ၀ါဒမှိုင်းမိပြီး တရားလည်းမရ ကိုယ်ကိုယ်တိုင်လည်း ကိုယ်အမူအရာ၊ နှုတ်အမူအရာ စတာတွေမှာ ပြောင်းလဲမှု မရှိတဲ့အပြင် ဘာသာရေးလုပ်ရင်း အပြောကြမ်းအလုပ်ကြမ်း အငြင်းအခုံကြမ်းတွေ ဖြစ်လာတဲ့အခါကျတော့ ဒါဟာ ဘာသာရေးကို လိုက်စားလွန်းအားကြီးလို့ ဖြစ်သွားတာလို့ အများရဲ့ ဝေဖန်စရာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ လွဲမှားစွာ ကိုးကွယ်ရင်း နည်းစနစ်မမှန်တဲ့ အသင်အပြတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရား လုပ်တော့မယ်၊ အထူးသဖြင့် ၀ိပဿနာတရား အားထုတ်တော့မယ်ဆိုရင် ဆရာကောင်း သမားကောင်းကို အရင်ဆုံး ရှာဖွေဆည်းကပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အများက မဟုတ်တာလုပ်နေတာ၊ သောက်တာစားတာတွေနဲ့ ပျော်ပါးနေတာ များနေတော့ ဒီအပျော်အပါးတွေကို ရှောင်ပြီး ကံငါးပါးကို လုံအောင် ကြိုးစားကြတဲ့ လူငယ်အချို့အတွက် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေတာတွေ ရှိလာတာကိုလည်း တွေ့ရပြန်ပါတယ်။ အသောက်အစား အပျော်အပါး ၀ါသနာများတဲ့ သူတွေနဲ့ အတူသွားအတူလာ မလုပ်နိုင်ဘဲ တစ်ယောက်တည်း အနေများလာတဲ့ အခါကျတော့ တစ်ချို့က ဘာသာတရား လိုက်စားတဲ့သူတွေဟာ လူမှုရေးတွေမှာ အဆင်မပြေဘူးလို့ ဆိုလာတဲ့သူတွေ ရှိသလို ဘာသာတရား အဆုံးအမအတိုင်း နေတတ်ကြတဲ့ သူတွေကျပြန်တော့လည်း ဘာသာတရားလုပ်ရင်း တဖြည်းဖြည်း တစ်ယောက်တည်း အထီးကျန်လာတာတွေ ဖြစ်လာတော့ အပေါင်းအသင်းကဏ္ဍ၊ လူမှုရေးကဏ္ဍတွေမှာ ဘေးရောက်လာတယ်လို့ ကိုယ့်ကိုယ်ကို ခံစားလာတွေလည်း ရှိလာပြန်ပါတယ်။

တကယ်တော့ ဒီလိုဘာသာတရား လိုက်စားတဲ့ သူတွေအနေနဲ့ လူမှုရေးပိုင်းမှာ အံဝင်ဂွင်ကျ ဖြစ်မလာတာတွေဟာ ဘာသာတရားကြောင့် မဟုတ်ပါဘူး။ ဘာသာတရား အဆုံးအမကြောင့် မဟုတ်ပါဘူး။ သောက်မှစားမှ ပျော်မှပါးမှ အပေါင်းအသင်းများတယ်၊ လုပ်ငန်းခွင် အဆင်ပြေတယ်၊ လူမှုရေး သိတတ်တယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုရေးလို့ သတ်မှတ်ကြတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ လူမှုရေးဆိုတာတွေကို အပျော်းအပါး အသောက်အစားတွေ၊ ကိလေသာအာရုံတွေနဲ့ ဖန်တီးလိုက်တဲ့အတွက် ကိလေသာနည်းအောင်၊ အကျင့်တရားကောင်းအောင် တားမြစ်ဆုံးမပေးတတ်တဲ့ ဘာသာတရားတွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်လာကာ ဘာသာတရားအတိုင်း နေထိုင်ကျင့်ကြံသူတွေနဲ့ပါ ဆန့်ကျင်လာသလို ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ဒီလို သောက်မှစားမှ ပျော်မှပါးမှ လူမှုရေးအဆင်ပြေတယ်၊ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုရင်တော့ လူမှုရေး အဆင်မပြေချင် နေပါစေ သံသရာရေး အဆင်ပြေဖို့ အရေးကြီးပါတယ်။

ကိလေသာအာရုံများမှာ လိုက်စားမှု အားကောင်းလာတဲ့ လူတွေများလာတဲ့ အခါဆိုတော့လည်း ဒါတွေရှောင်ကြတဲ့ သူအနည်းစုအတွက် အများလုပ်တဲ့အလုပ် မလုပ်တဲ့အခါ မလုပ်တဲ့သူကပဲ မှားသလို ဖြစ်လာတဲ့ သဘောပါပဲ။ ဘာသာတရားကြောင့် လူမှုရေးမှာ ထိခိုက်လာတာတော့ မဟုတ်ပါဘူး။ အဲလိုပြောမယ်ဆိုရင် ဘုရားလက်ထက်က သောတာပန်စတဲ့ အရိယာဘ၀နဲ့ လူမှုရေးရော သာရေးနာရေးတွေမှာရော အားလုံးအဆင်ပြေပြီး လောကီလောကုတ္တရာ ကောင်းကျိုးတွေ ဖြစ်သွားကြတဲ့ သူတွေဆိုရင် ဘာကြောင့်လဲလို့ ထောက်ပြစရာ ဖြစ်လာပါတယ်။ အဓိကကတော့ သတ်မှတ်ချက် လွဲလာတာတွေ၊ အများစုက မဟုတ်တာ လုပ်လာတာတွေ များလာလို့ပဲ ဖြစ်ပါတယ်။

အမှန်တော့ ဗုဒ္ဓဘာသာ သဘောအရ ဘာသာရေးဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အရွယ်မရေး လိုအပ်ပါတယ်။ လူကြီးများမှမဟုတ် လူငယ်များမှာလည်း လိုအပ်ပါတယ်။ စစ်မှန်တဲ့ နည်းစနစ်များနဲ့ အကျင့်မှန်အတိုင်း လိုက်နာသွားမယ်ဆိုရင် လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ဘာသာတရား လိုက်စားတဲ့အတွက် အပြစ်ပြောစရာ ဝေဖန်စရာ မရှိနိုင်ပါဘူး။ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုသာ ဟောတော်မူတဲ့အတိုင်း ကျင့်ကြံလိုက်နာနိုင်မယ်ဆိုရင် ကျင့်ကြံလိုက်နာသူရော၊ သူ့ကို အမှီပြုတဲ့သူတွေပါ ကောင်းကျိုးတွေကို ဖြစ်စေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားတော်ရဲ့ ဂုဏ်တော်ထဲမှာကိုက ဗုဒ္ဓရဲ့ ဒီအဆုံးအမတရားတွေဟာ ကောင်းမွန်မှန်ကန်စွာ ဟောထားခြင်း၊ ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်ခြင်း၊ ဝေဖန်ခံနိုင်ခြင်း၊ လုပ်နိုင်ရင်လုပ်နိုင်တဲ့အလျောက် အကျိုးတရား ဖြစ်ပေါ်စေခြင်း စတဲ့ ၀ိသေသဂုဏ်များ ပါဝင်နေပြီး ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် ဗုဒ္ဓညွန်ကြားတဲ့အတိုင်း သီလလုံအောင်ထိန်းပြီး ၀ိပဿနာ အလုပ်မှာ နည်းစနစ်မှန်မှန်နဲ့ လုပ်လိုက်တဲ့အတွက် သူတို့ကိုယ်တိုင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာလေးတွေ နူးညံ့ပျော့ပြောင်းလာပြီး သူတို့ရဲ့ ရုပ်ရည်အဆင်းဟာ အပြစ်ကင်းပြီး ကြည်လင်အေးမြလာတာကို တွေ့ရတတ်ပါတယ်။ ပူလောင်မှုမရှိ လောဘဒေါသမရှိတဲ့ အသွင်အပြင်တွေက ကြည့်တဲ့သူတွေအထိ အေးငြိမ်းမှုကို ဖြစ်စေတာ တွေ့ရတတ်ပါတယ်။ ဒါဟာ ငယ်ပေမယ့် ဘာသာတရား အဆုံးအမတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဘာသာတရားဟာ မှိုင်းတစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေး လိုအပ်တဲ့ တရားဖြစ်တယ်ဆိုတာ သိစေချင်တာပါ။ အထူးသဖြင့် လူငယ်များကြားမှာ ဖြစ်တတ်တဲ့ ဘာသာတရားနဲ့ ပတ်သက်တဲ့ အမြင်တွေဟာ လွဲမှားနေပြီး ဘာသာတရားကြောင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဘာအားနည်းတယ်၊ ညာအားနည်းတယ်ဆိုတဲ့ ယူဆချက်တွေဟာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကို လက်တွေ့လိုက်နာကျင့်သုံးရင်း ပစ္စုပ္ပန်ငြိမ်းချမ်းမှုနဲ့ အတူ သံသရာအတွက်ပါ နေတတ်သေတတ်သွားတဲ့ ဘုရားတပည့်သား အစစ်အမှန် တပည့်ငယ်များ အတွက်တော့ ဒါဟာ လုံးဝကို လွဲနေတဲ့ အမြင်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်တာပါ။ ဆရာကောင်း သမားကောင်းထံမှာ နည်းခံပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင် လူကြီးရော လူငယ်ပါ အချိန်မရွေး၊ အရွယ်မရွေး တရားစစ်တရားမှန်နဲ့ ငြိမ်းချမ်းရာအမှန်ကို ဗုဒ္ဓဘာသာက ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ နားလည်စေချင်တာပါ။

ဒါကြောင့် လူငယ်များနဲ့ ဘာသာတရားကြား အထင်မှား အမြင်မှားနေတာတွေဟာ ဆုတ်ယုတ်လာတဲ့ သဒ္ဓါပညာတရားများ၊ တိုးပွားလာတဲ့ ကိလေသာတရားများ၊ လွဲမှားနေတဲ့ လောကပညတ် သတ်မှတ်ချက်များနဲ့ နည်းစနစ်မမှန်တဲ့ ကျင့်သုံးလိုက်နာမှုများ စတာစတာတွေကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက် သိမြင်ပြီး စစ်မှန်တဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးမှုကို တိုက်ရိုက် အကောင်အထည်ဖော်ကာ စွမ်းနိုင်သမျှ ကျင့်ကြံနေထိုင်ရင်း လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘာသာတရား အဆုံးအမများနဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင် အသိနဲ့အကျင့် ထပ်တူဖြစ်စေဖို့ လိုကြောင်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အဆင့်အတန်းဆိုတာ


တစ်လောက ကျောင်းမှာလူစုံတော့ ဟိုပြောဒီပြော ပြောကြရင်း နိုင်ငံခြားကို ရောက်နေတဲ့သူချင်း အတူတူ အဆင့်အတန်းခွဲပြီး ဆက်ဆံတဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ နိုင်ငံခြားရောက်နေတဲ့ အစိုးရဝန်ထမ်းတွေကလည်း ငါအစိုးရဝန်ထမ်းဆိုတဲ့ မာနနဲ့ ကျန်တဲ့သူတွေကို မတူသလို ဆက်ဆံတတ်ကြောင်း၊ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကလည်း အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို သူတို့လောက် အဆင့်မရှိသလို၊ ပညာမတတ်သလို အထင်သေးတတ်ကြောင်း၊ အလုပ်သမားတွေ ရှုထောင့်ကကျတော့လည်း သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာ အလုပ်လာလုပ်နေရပေမယ့် သူတို့အဆင့်အတန်းဟာ ကျောင်းသားတွေ ဝန်ထမ်းတွေလောက် မနိမ့်ကျကြောင်း အားလုံးဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်မာနနဲ့ကိုယ်ရှိကြကြောင်း ဘယ်သူ့ကိုမှ ခွဲခြားပြီး ဆက်ဆံစရာ အကြောင်း မရှိကြောင်း စသဖြင့် ပြောဖြစ်ကြပါတယ်။

တကယ်တော့ ဘယ်သူတွေ ဘယ်လိုပဲ အဆင့်အတန်းတွေ သက်မှတ်ကြပါစေ သူတို့တွေရဲ့ သတ်မှတ်ချက်တွေဟာ ရာထူးတွေ၊ ဂုဏ်တွေ၊ လောကီပညာတွေ၊ ငွေတွေလောက်ပဲ ဦးစားပေးသတ်မှတ်ကြတာပါ။ အဲဒီ ရာထူးဌာနန္တရာ၊ ဂုဏ်ပဝါတွေဆိုတာ အမှန်တော့ အဆင့်မြင့်တဲ့ အဆင့်အတန်းတွေမဟုတ်ပါဘူး။ တဒင်္ဂအရှိကို အဟုတ်ထင်ပြီး မာနဝင်နေကြတဲ့ သဘောပဲဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် အဆင့်အတန်းဆိုတာ အကျင့်သိက္ခာနဲ့ အသိပညာ မြင့်မားမှုကို ဆိုတာပါ။ ရာထူးဌာနန္တရာ၊ ဂုဏ်ပါဝါတွေ ရှိနေပေမယ့် အကျင့်မကောင်းဘူး၊ အသိမရှိဘူးဆိုရင် အဲဒီသူဟာ အဆင့်မရှိတဲ့ သူပါပဲ။ အကျင့်ကောင်းတယ်၊ အသိရှိတယ်ဆိုရင် အဲဒီသူဟာ ရာထူးဌာန္တရာ၊ ဂုဏ်ပါဝါတွေ မရှိပေမယ့် အဆင့်မြင့်နေတဲ့သူပါပဲ။ ဂုဏ်အဆင့်အတန်းတွေထဲမှာ သီလဂုဏ်၊ ပညာဂုဏ်တွေဟာ အဆင့်အမြင့်ဆုံး အဆင့်အတန်းတွေပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘာမှအကြာကြီး မဟုတ်တဲ့ လောကကြီးမှာ တဒင်္ဂ အရှိတရားတွေအပေါ်မှာ မာနဝင်ပြီး အဆင့်အတန်း ခွဲခြားဖို့ထက် အကျင့်သိက္ခာနဲ့ အသိပညာ ကောင်းအောင်သာ ကြိုးစားပြီး ကိုယ့်ကိုကိုယ် အဆင့်မြင့်အောင် နေထိုင်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ