Showing posts with label ဓမ္မရသစာစုများ. Show all posts
Showing posts with label ဓမ္မရသစာစုများ. Show all posts

ဘယ်သူပြိုင်လို့ နိုင်ပါ့မယ်


သူငယ်ချင်း နှစ်ယောက်…
တစ်ယောက်က အသောက်အစား အပျော်အပါးမှာ ဝါသနာထုံပြီး တစ်ယောက်ကတော့ အေးအေးဆေးဆေး နေတတ်ကာ စာဖတ်၊ သူချင်းနားထောင်၊ အင်တာနက်ထိုင်၊ တစ်ခါတလေ တရားနာ၊ တရားစာဖတ် နေလေ့ရှိတတ်သူ။ မတူညီတဲ့ စရိုက်တွေနဲ့ အတူတွဲနေတတ်ကြသူ အချင်းချင်း တစ်ခါတလေ ကိုယ့်ဝါသနာ သူ့ဝါသနာမှာ အတူပါလာအောင် ပြောဆိုကြ၊ အဖော်ဆွယ်တတ်ကြပါတယ်။ သူတို့နှစ်ယောက်လည်း ဒီလိုပါပဲ။

အသောက်အစား အားသန်တဲ့ သူငယ်ချင်းက အတူသောက်ဖို့ အဖော်ညှိပါတယ်။ “ငါ့ကို ခင်ရင် တစ်ခွက်လောက်တော့ ချကွာ” စတဲ့ အပြောတွေနဲ့ စည်းရုံးတတ်ပါတယ်။ တစ်ယောက်ကလည်း “ဟာ… ဒါတော့ ကျွန်တော်မလုပ်ပါရစေနဲ့၊ ခင်တာနဲ့ သောက်တာတခြားစီပါဗျာ” ဆိုပြီး ပြန်လည်ငြင်းဆန် တတ်ပါတယ်။

အေးအေးဆေးဆေးနဲ့ စာဖတ်ဝါသနာပါသူ၊ တရားနာတတ်သူ သူငယ်ချင်းကလည်း တစ်ခါတလေ “အစ်ကို ဒီတရားလေးကောင်းတယ် နာကြည့်ပါလား”လို့ တိုက်တွန်းတဲ့အခါ တစ်ယောက်က “ဟာ ကွာ တရားဘာလို့ နာမှာလဲ၊ ဒို့အသက်အရွယ်က တရားနာရမယ့် အရွယ်မဟုတ်ဘူး” ဆိုပြီး တိုက်တွန်းတဲ့သူကိုတောင်မှ အထူးအဆန်းသဖွယ် မြင်တတ်ကြည့်တတ် ပြန်တယ်တဲ့လေ။ 

မတူညီတဲ့ သူနှစ်ယောက်ရဲ့ ဆုံမှတ်မှာ ဘယ်သူက ဘယ်ဘက်ကို ပါသွားပြီး ဘယ်သူက ဘယ်လိုပြောင်းသွား မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကောင်းတဲ့အလုပ်တွေမှာ စိတ်ထက်သန်နေတဲ့ သူငယ်ချင်းကပဲ သူ့စိတ်ကို ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်မလား၊ ဒါမှမဟုတ် သူပါသောက်ဖြစ်သွားလေမလား၊ သိပ်သောက်တတ်တဲ့ သူငယ်ချင်းကပဲ အသောက်တွေလျော့ပြီး အေးအေးဆေးဆေးလေးနဲ့ စာဖတ်တရားနာတဲ့ အလုပ်တွေမှာ စိတ်ဝင်စားလာလေမလား။ ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။

သေချာတာကတော့ စိတ်ဟာ မကောင်းတဲ့ဘက်မှာ ပိုပျော်တတ်တယ်ဆိုတာ သေချာသလို ပြုပြင်မှု အားကြီးတဲ့သူဟာလည်း မကောင်းကနေ အကောင်းဘက်ကို ပြောင်းလဲလာတတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပျက်အဆင် ပြင်ခဏဆိုတဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို အသိဝင်ပြီး ပြုပြင်နိုင်တဲ့သူဟာ ဘယ်သူမှ ပြိုင်ဖို့မလိုတဲ့ ကိုယ်ကိုယ်ကို အနိုင်ရတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေ၊ အထူးသဖြင့် ပြည်ပရောက်တဲ့ လူငယ်တွေကြားမှာ အသောက်အစား၊ အပျော်အပါး လိုက်စားလွန်းတဲ့ သူတွေများလာတာကို တွေ့ရတတ်သလို ငယ်ပေမယ့်လည်း ဘာသာတရားနဲ့ လူမှုရေးများမှာ ကြိုးစားလုပ်ကိုင်လာကြတဲ့ လူငယ်တွေလည်း တဖြည်းဖြည်း တိုးပွားလာနေတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာရင်း ပြည်တွင်းမှာ မရှိတဲ့ လွတ်လပ်မှု၊ အထိန်းအကွပ်မဲ့မှု၊ ငွေတွေလက်ထဲမှာ ရှိလာမှု၊ အပေါင်းအသင်းတွေရဲ့ စည်းရုံးမှု၊ စိတ်ဖိစီးမှု စတာတွေကြောင့် တစ်ချို့လူငယ်တွေဟာ လောကဓံကို မခံနိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဘဝကို နေချင်သလို နေပစ်ရင်း အသောက်အစား အပျော်အပါးဘက်ကို ရောက်သွားတတ်တာတွေ ရှိသလို တစ်ချို့လည်း အဆင်မပြေမှုတွေ၊ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ မကောင်းတာနဲ့ မဖြေဘဲ ကောင်းတာတွေနဲ့ ဖြေနိုင်အောင် အားကိုးရာကို ရှာရင်း တရားနာဖြစ်၊ တရားစာဖတ်ဖြစ်၊ တရားထိုင်ဖြစ်ရာက လောကဓံကို ခံနိုင်ရည်ရှိလာကာ ဘဝမှာ ဓမ္မလေးတွေ တွဲပြီး နေလာကြတဲ့ သူတွေလည်း ရှိနေကြတော့တာ ဖြစ်ပါတယ်။

ဒီလို မတူညီတဲ့ ဆုံမှတ်တွေဘက်ကို ရောက်သွား၊ ပြောင်းသွားကြတဲ့ သူတွေဟာ များသောအားဖြင့် အပေါင်းအသင်းကြောင့် ဖြစ်သွားတတ်တာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ အပေါင်းအသင်းကြောင့် သောက်တတ် စားတတ်သွားတတ်တဲ့ သူတွေရှိသလို အပေါင်းအသင်းကြောင့် ဘာသာတရား အဆုံးအမများမှာ နေတတ်ထိုင်တတ်သွားတဲ့ သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အပေါင်းအသင်းဟာ လူတစ်ယောက်ရဲ့ ပြောင်းလဲမှုမှာ အများကြီး အရေးကြီးလှတာ ဖြစ်ပါတယ်။ 

အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာတော့ “မကောင်းတဲ့ အလုပ်တွေမှာ အပေါင်းအပါ ဖြစ်စေတဲ့ သူဟာ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း မဖြစ်နိုင်ကြောင်းနဲ့ ကောင်းတဲ့အလုပ်တွေမှာ အပေါင်းအဖော်ဖြစ်မှသာ မိတ်ကောင်းဆွေကောင်း အစစ်ဖြစ်နိုင်ကြောင်း” စသဖြင့် ဆိုထားတာရှိပါတယ်။ ဒီအဆိုအရဆိုရင်တော့ တစ်ချို့အပေါင်းအသင်းတွေဟာ မသောက်တတ်တဲ့သူကို သောက်တတ်လာအောင်၊ မကောင်းတာ မလုပ်တတ်တဲ့သူကို လုပ်တတ်လာအောင် နည်းပေးလမ်းပြ စည်းရုံးကြတာ ဖြစ်တဲ့အတွက် မိတ်ဆွေကောင်း မဟုတ်ဘူးလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်မပြောင်းနိုင်လို့၊ ကိုယ်ကြိုက်လို့၊ ကိုယ်ရုန်းမထွက်နိုင်သေးလို့ မကောင်းတာတွေ လုပ်ဖြစ်နေရင်လည်း သူများတွေ ပါလာအောင်၊ ကိုယ်နဲ့အဖော်ရှိလာအောင်တော့ မလုပ်သင့်ပါဘူး။ 

တစ်ချို့ ဒကာလေးတွေကို တွေ့ဖူးပါတယ်။ ဘာသာရေးနဲ့ အလွန်အကျွမ်းဝင်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ တရားနာတာ၊ တရားထိုင်တာ၊ တရားမေးလျှောက်တာ စသဖြင့် လုပ်နေကြတာတွေပါ။ သူတို့အပြောအရ သူတို့ထဲက တစ်ချို့ဟာ အရင်က အလွန်သောက်တတ်စားတတ် အပျော်အပါးတွေမှာ လိုက်စားတတ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ ဘဝဟာ တည်ငြိမ်နေကြောင်း၊ လောကဓံကို ကောင်းကောင်းကြီး ခံနိုင်ရည် ရှိလာနေကြောင်း စသဖြင့် သိခဲ့ရပါတယ်။ သူတို့တွေရဲ့ အပြောင်းအလဲကတော့ အပေါင်းအသင်းကောင်းအပေါ် အမှီပြုခဲ့ရတဲ့ ကျေးဇူးကြောင့်ဆိုတာ သက်သေပြုစရာပဲ ဖြစ်ပါတယ်။ 

ဒါတွေကိုကြည့်ရင် ဘဝမှာ ဘယ်သူပဲ ဖြစ်ဖြစ် ကောင်းချင်ရင်လည်း ခဏ၊ မကောင်းချင်ရင်လည်းခဏပဲ ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ပြုပြင်လိုက်နိုင်မှုပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် အားလုံးဟာ ဘာမှအကြာကြီး မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ရုန်းထွက်နိုင်တဲ့ အခိုက်ဟာ ပြောင်းလဲမှုရဲ့  အောင်မြင်မှု တစ်ဝက်ပဲဖြစ်ပါတယ်။ မကောင်းတဲ့သူဟာလည်း ပြောင်းလိုက်ရင် ကောင်းသွားမှာ ဖြစ်သလို ကောင်းနေတဲ့သူဟာလည်း အမှားလိုက်ရင် မကောင်းဘက်ကို အလွယ်တကူ ပြောင်းသွားစေတော့တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ ကောင်းခြင်းမကောင်းခြင်း၊ ပြောင်းခြင်းမပြောင်းခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့  ပြုပြင်မှုနဲ့ ကိုယ်ပေါင်းသင်းတဲ့ အပေါင်းအသင်းရဲ့ အားပြုမှုဟာ အခရာပဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြုပြင်မယ်ဆိုတဲ့ စိတ်ရယ်၊ လက်တွေ့အကောင်အထည်ဖော်တဲ့ ဝီရိယရယ်၊ အကောင်းဘက်မှာ အထောက်အကူ ပေးနိုင်မယ့် မိတ်ကောင်းဆွေကောင်းကို ရှာဖွေပေါင်းသင်းမှုရယ် စတာတွေနဲ့ ပူးတွဲပြီး ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး။ လက်တွေ့မလုပ်သေးလို့ မဖြစ်သေးတာပဲ ရှိရင်ရှိမယ်၊ လုပ်လို့နောက်ကျသွားတာ၊ ပြောင်းပေမယ့် မကောင်းတာ၊ ပြုပြင်ပေမယ့် မဖြစ်တာဆိုတာ အဆုံးအထိသွားရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဖြစ်ကိုဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုပါအောင် အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ပြိုင်ဆိုင်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းတာတွေကနေ ရုန်းထွက်နိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းတဲ့ အမှုအကျင့်တွေကနေ ကောင်းတဲ့အမူအကျင့်တွေအဖြစ် ပြောင်းနိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ စိတ်ကို ကောင်းမှုမှာ ပျော်နိုင်အောင် ပြိုင်ဆိုင်တာ၊ လုပ်နေကျ မကောင်းတဲ့ အလုပ်တွေကနေ မလုပ်ဘဲ နေနိုင်အောင် ပြိုင်ဆိုင်တာ၊ မလုပ်ဖူးသေးတဲ့ ကုသိုလ်အလုပ်တွေမှာ လုပ်နိုင်အောင် ပြိုင်ဆိုင်တာ စတာတွေဟာ ဘယ်သူပြိုင်လို့မှ မနိုင်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အပြိုင်အဆိုင်မျိုးကသာ အကောင်းဆုံးနဲ့ အမြတ်ဆုံး ပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ 

ဆိုလိုတာက ဘဝမှာ အပေါင်းအသင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အာရုံတွေနဲ့ အပြိုင်အဆိုင် ပြုလာကြတဲ့ အပေါ်မှာ သူပြိုင်ကိုယ်ပြိုင်၊ သူဆွဲကိုယ်ဆွဲ သူလုပ်ကိုယ်လုပ် စတဲ့ မဟုတ်တရုတ် အားပြိုင်မှုတွေနဲ့ ဆွဲရာနောက်ကို ပါသွားပြီး မကောင်းတဲ့ အလုပ်တွေကို လုပ်ဖြစ်ကြတာထက် ဒီလို အလုပ်တွေကို မလုပ်ဖြစ်အောင်၊ လုပ်ဖြစ်နေရင်လည်း အမြန်ရုန်းထွက်နိုင်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ်လိုသလို ပြိုင်ဆိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းကသာ ဘယ်သူမှ မနိုင်နိုင်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပင်ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် လူငယ်သဘာဝ၊ ပုထုဇဉ်အစဉ်အလာအရ စိတ်ဟာ မကောင်းတဲ့ အာရုံတွေမှာ သာယာပျော်ရွှင်လေ့ ရှိတတ်ပေမယ့် ဒီအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ ပြုပြင်မှု အပိုင်းမှာ ကိုယ့်စိတ်ကို ထိန်းကျောင်းနိုင်မှုဟာလည်း အရေးပါလှတာ ဖြစ်တဲ့အတွက် ပြုပြင်လိုတဲ့စိတ်ရယ်၊ လက်တွေ့ အကောင်အထည်ဖော်တဲ့ ဝီရိယရယ်ကို အရင်းတည်ကာ အပေါင်းအသင်းကောင်းတွေရဲ့ ကူညီမှုနဲ့ မကောင်းတာကနေ ကောင်းလာအောင် ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းကသာ ဘယ်သူပြိုင်လို့မှ နိုင်မည်မဟုတ်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပဲ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်၊ ကိုယ့်ကိုယ်ကို သိပြီး ကိုယ့်အသိနဲ့ကို ညှိကြဖို့ အသိပေးတင်ပြရင်း မှားနေရင်လည်း ပြင်ဆင်ကြဖို့ စေတနာထား မေတ္တာအားဖြင့် အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

အမျက်ပြေ၍ အခက်ဝေစေရန်


မည်သူမဆို ဘ၀တွင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများသည်လည်း များပြားလာနေမည်သာ ဖြစ်၏။ ထိုအတွေ့အကြုံများတွင် အကောင်းများရှိသကဲ့သို့ အဆိုးများလည်း ရှိတတ်၏။ အမှန်များရှိသကဲ့သို့ အမှားများလည်း ရှိတတ်၏။ အကောင်းနှင့် အမှန်ဖြစ်ခဲ့သည့် အတွေ့အကြုံများသည် ကောင်းနေပြီးသား ဖြစ်သဖြင့် အထွေအထူး ပြောင်းစရာ မရှိသော်လည်း အဆိုးများနှင့် အမှားများကား မကောင်းသဖြင့် ပြောင်းပစ်ရန်လိုအပ်၏။ မမှန်သဖြင့် ပြင်ရန်လိုအပ်၏။ ထိုအမှားများသည် ကိုယ်ထိလက်ရောက် လုပ်ခဲ့သည့် အမှားများ၊ နှုတ်ဖြင့်ပြောဆိုခဲ့သည့် အမှားများ၊ စိတ်ဖြင့် ပြစ်မှားခဲ့သည့် အမှားများဟူ၍ အမျိုးမျိုးရှိတတ်ရာတွင် မည်သည့်အမှားမျိုးပင် ဖြစ်စေ အချိန်မီ သတိဝင်၍ ပြုပြင်နိုင်လျှင် အမှန်ဖြစ်လာပြီး အကောင်းအဖြစ် ပြောင်းသွားမည်သာ ဖြစ်၏။ အမျက်ပြေ၍ အခက်ဝေမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ အချိန်မနှောင်းခင် ပြောင်းပြင်နိုင်မှုသည်သာ အဓိကဖြစ်၏။

မှန်၏။ ဘ၀တွင် မည်သူမဆို တစ်ခါတစ်ရံ သတိလက်လွတ် လုပ်လိုက်မိသည့် လုပ်ရပ်များ ရှိတတ်၏။ သတိလက်လွတ် ပြောလိုက်မိသည်များ၊ အကြောင်းအရင်း အစစ်အမှန်ကို မသိဘဲ မိမိစိတ်အထင်ဖြင့် ပြစ်မှားမိတတ်သည်များလည်း ရှိတတ်၏။ သတိလက်လွတ် လုပ်လိုက်မိတတ်သော်လည်း စေတနာပါသွားသည့် အခါ ထိုလုပ်ရပ်များသည် တစ်ဖန်အကျိုး ပြန်ထင်လာတတ်၏။ ပုထုဇင်များ ဖြစ်နေ၍လည်း တစ်ခါတစ်ရံ ပုထုဇင်တို့ သဘောသဘာဝအတိုင်း စိတ်ထင်သည့်အတိုင်း ပြုလုပ်ပြောဆိုကြံစည်မိတတ်၏။ တစ်စုံတစ်ယောက်ကို အကြောင်းပြု၍သော် လည်းကောင်း၊ တစ်စုံတစ်ခုကို အကြောင်းပြု၍သော် လည်းကောင်း အပြုမှား၊ အပြောမှား၊ အကြံအစည်မှားများ ဖြစ်ပေါ်တတ်၏။ ပြုလုပ်သူ မိမိသည် ဘာမျှမသိလိုက်သော်လည်း မိမိလုပ်ခဲ့သည့် အလုပ်၏ အကျိုးရလာဘ်က တန်ပြန်အကျိုး ပေးမှုကို ဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သူနှင့်မဆို တဒင်္ဂပဲဖြစ်ဖြစ် အတူတကွ ရှိနေကြသည့် အခိုက်တွင် မသိနိုင်သည့် လုပ်ရပ်များကြောင့် တစ်ဦးအပေါ်တစ်ဦး သတိလက်လွတ် ပြုမူပြောဆိုကြံစည်မှုများ ရှိနိုင်ကြသဖြင့် အကယ်၍ အပြစ်တစ်စုံတစ်ရာ ရှိခဲ့ပါက ကျေပါစေကြောင်း ၀န်ခံတောင်းပန်မှုများ၊ ခွင့်လွတ်သီးခံမှုများနှင့် သံသရာအစဉ်အဆက် ပါမသွားရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်၏။

မိမိ၏ မကောင်းမှု လုပ်ရပ်များသည် ကာယကံမြောက် ကျူးလွန်မိသည်အထိ ရောက်မသွားသေးပါက ယခုဘ၀မှာပင် တစ်ဦးအပေါ်တစ်ဦး ၀န်ချတောင်းပန်မှုများ ပြုလုပ်ကြခြင်းဖြင့် အပြစ်များ ပြေငြိမ်းသွားကာ ကောင်းကျိုးများကို ဖြစ်နိုင်ပေ၏။ မိမိသည် ပုထုဇင်ဖြစ်သဖြင့် တစ်စုံတစ်ယောက်အပေါ်တွင် အလုံးစုံ ပြည့်စုံစွာ မသိနိုင်တတ်ပေ။ မသိနိုင်သဖြင့်လည်း မိမိစိတ်နှင့် အခန့်မသင့်သည့်အခါ မိမိမအလိုအတိုင်း မဖြစ်သည့် အခါမျိုးတွင် အနည်းဆုံး နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်ဖြင့်သော်လည်းကောင်း အပြစ်ဖြစ်ဖွယ် အပြောအဆို ကြံစည်မှုများ ပြုလုပ်တတ်ပေ၏။ အကယ် ထိုတစ်စုံတစ်ယောက်သည် မိမိထက် အကျင့်သီလပြည့်စုံသူ ဖြစ်ခဲ့ပါက မိမိပြောဆိုကြံစည်မှုများသည် အပြစ်တစ်စုံတစ်ရာ ဖြစ်ပေါ်တတ်ပေ၏။ တစ်ဘက်သူက မသိနိုင်သော်လည်း မိမိလုပ်ရပ်ကို မိမိက သိနိုင်သဖြင့် တန်ပြန်သက်ရောက်မှုလည်း မိမိထံသို့သာ ရောက်လာတတ်ပေ၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက် အပေါ်တွင် အပြစ်ရှိက ခွင့်လွတ်ကြရန် တောင်းပန်သမှု ပြုကြသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓလက်ထပ်က သောရေယျ အမည်ရသည့် သာဝတ္ထိပြည်သား သူဋ္ဌေးသား တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူဋ္ဌေးသားသည် အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ ရေကစားရန် ရေချိုးဆိပ်သို့ ထွက်လာခဲ့၏။ ထိုအချိန်သည် အရှင်မဟာကစ္စည်း မထေရ်သည်လည်း မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ရေချိုးဆိပ်တွင် ရေသပ္ပါယ်တော်မူနေသည့် အချိန်ဖြစ်၏။ သောရေယျ သူဋ္ဌေးသားသည် ရေးချိုးဆိပ်သို့ ရောက်သည့်အခါ ရေးချိုးနေသည့် အရှင်မဟာကစ္စည်း မထေရ်ကို မြင်ပြီး မထေရ်၏ ရွှေအဆင်းကဲ့သို့ ၀င်းဝါနေသည့် အသားအရေကို ကြည့်ကာ “ဤမထေရသည် ငါ့ဇနီးဖြစ်မူကား ကောင်းလေစွ၊ ငါ့ဇနီး၏ အသားအရေ အဆင်းသည် ဤမထေရ်ကဲ့သို့ ဖြစ်ပါမူကား ကောင်းလေစွ…” ဟု ကြံစည်မိလေ၏။ ထိုသို့ ကြံစည်သည့်အခိုက်မှာပင် သောရေယျသူဋ္ဌေးသားသည် ယောက်ျားအသွင်ပျောက်ကာ မိန်းမအသွင်ဖြင့် ကိုယ်လက်အင်္ဂါများ အကုန်ပြောင်းသွားလေတော့၏။ မိန်းမတစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားသည် အသွင်ပြောင်းသွားသည့် မိမိကိုယ်ကိုကြည့်ကာ အလွန်ရှက်လှသဖြင့် သာဝတ္ထိပြည်မှ ထွက်ပြေးသွားကာ နောက်ဆုံးတွင် ကုန်သည်များနှင့်အတူ တက္ကသိုလ်ပြည်သို့ ရောက်သွားလေ၏။ ထိုတက္ကသိုလ်ပြည်မှာပင် သူဋ္ဌေးသားတစ်ယောက်နှင့် ပေါင်းဖက်မိကာ ကလေးနှစ်ယောက်ပင် ရခဲ့လေတော့၏။ သာဝတ္တိပြည်တွင်လည်း သူဋ္ဌေးသားဘ၀ဖြင့် အိမ်ထောင်ကျကာ ကလေးများ ရရှိခဲ့သေး၏။ ယခုတစ်ဖန် မိန်းမဘ၀ဖြင့် ကလေးနှစ်ယောက် ထပ်ရပြန်၏။ တစ်ဘ၀တည်း၌ပင် ယောက်ျားဘ၀၊ မိန်းမဘ၀ဖြင့် သားသမီးများ ရရှိခဲ့သည့် သောရေယျ၏ ဘ၀သည် လက်တွေ့ဆန်သည့် ကံအကျိုးပေးသဘောကို ထင်ဟပ်စေလေ၏။

တစ်နေ့တွင် သာဝတ္ထိပြည်မှ သောရေယျ၏ သူငယ်ချင်းတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ ရောက်လာခဲ့၏။ ထိုသူငယ်ချင်းကို မြင်သည့်အခါ မိန်းမတစ်ဖြစ်လဲ သောရေယျသည် ကောင်းစွာမှတ်မိပြီး ထိုသူငယ်ချင်းနှင့် တွေ့ဆုံကာ သူ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေ၏။ သောရေယျ၏ သူငယ်ချင်းသည် အဖြစ်အပျက်အားလုံးကို သိရပြီး “ယခုအခါ အရှင်မဟာကစ္စည်း မထေရ်သည်လည်း တက္ကသိုလ်ပြည်ကိုပင် အမှီပြု၍ သီတင်းသုံး နေတော်မူကြောင်း၊ သောရေယျအနေဖြင့် အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ အပြစ်ကို ၀န်ချတောင်းပန်သင့်ကြောင်း…” စသဖြင့် အကြံပြုလိုက်၏။ သောရေယျလည်း သူငယ်ချင်း အကြံပြုသည့်အတိုင်း အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ မိမိပြစ်မှားခဲ့သည့် အပြစ်ကို ခွင့်လွတ်ရန် ၀န်ချတောင်းပန်လိုက်သဖြင့် မိန်းမအသွင်မှ မူလသူဋ္ဌေးသား အသွင်သို့ ပြန်ရောက်သွားခဲ့၏။ သောရေယျသည် မိမိ၏ ဘ၀ဖြစ်သန်းမှု၊ မိမိ၏ ပြစ်မှားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကံတရား၏ တန်ပြန်အကျိုးသက်ရောက်မှု စသည်များကို ကောင်းစွာသဘောပေါက် သိမြင်ပြီး နောက်ဆုံးတွင် အရှင်မဟာကစ္စည်းမထေရ်ထံတွင် ရဟန်းအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့လေ၏။ ရဟန်းဘ၀ဖြင့် ရဟန်းတရားကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်းပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့လေတော့၏။ ဤကား သီလသမာဓိပညာ မြင့်မားသည့် သူများအပေါ်တွင် ကာယကံမြောက်၊ ၀စီကံမြောက်ပြစ်မှားခြင်းမျိုး မဟုတ်ဘဲ မနောကံမျှဖြင့် ပြစ်မှားမိခဲ့သည့် အမှားတစ်ခု၏ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရသည့် သောရေယျ သူဋ္ဌေးသား၏ လက်တွေ့ဘ၀အကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။

အထက်ပါ သောရေယျမထေရ် တစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားအကြောင်း အဖြစ်အပျက်ကို ကြည့်ပါက အမှားလုပ်ခဲ့သည့် ကံတရား၏ တန်ပြန်သက်ရောက်မှု သဘောကို ကောင်းစွာသိမြင်နိုင်ပေ၏။ ရုတ်တရက် ပြစ်မှားခဲ့သည့် အပြစ်၏ အကျိုးသက်ရောက်မှုသည် ကြီးမားပြီး ရှည်ကြာလှသည်ကို သတိပြုနိုင်မည်ဖြစ်၏။ မကောင်းမှု အကုသိုလ်အပြစ်သည် ဘာမျှမဖြစ်လောက်ပါဘူး၊ အသေးအဖွဲလေးပါဟု တွေးကာ အထင်သေးပြီး လုပ်မိတတ်ပေမယ့် ပေးဆပ်ရသည့်အခါ အပြစ်ကြီးမားပြီ့း အချိန်ကြာလှသည်ကို နားလည်နိုင်ပေ၏။ ထို့သို့ ဆိုးကျိုးကြီးများကို ဖြစ်စေနိုင်သဖြင့် ပညာရှိများက မည်သို့သော မကောင်းမှု ဒုစုရိုက်မျိုးကိုမျှ မပြုလုပ်မိကြရန် သတိပေးတော်မူကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်တရက် လုပ်ခဲ့မိသည့် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများ ရှိလျှင်လည်း အချိန်မီ အသိဝင်ကာ ပြုပြင်နိုင်သမျှ ပြုပြင်ကြ၍ တောင်းပန်ခြင်း၊ ခွင့်လွတ်ခြင်းများဖြင့် သံသရာရှည်ကြာမည့် အပြစ်များကို ဖြတ်တောက်ကြရန် တိုက်တွန်းတော်မူကြခြင်း ဖြစ်၏။

မြတ်စွာဘုရားရှင်၏ သာသနာတော်တွင်လည်း ဘုရားရှင်သည် ရဟန်းတော်များ အချင်းချင်း အကယ်၍ အပြစ်များ ရှိခဲ့လျှင် ရှိခဲ့သည့် အပြစ်များကို ၀န်ခံခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်စေသည့်အပြင် အပြစ်မြင်ကလည်း ပြောဆိုဆုံးမရန် အချင်းချင်း ဖိတ်ကြားကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ၀ါတွင်းကာလပြီးဆုံး၍ ၀ါကျွတ်ကြသည့်အခါ ရဟန်းတော်များအချင်းချင်း သိမ်အတွင်း စုရုန်းကာ အပြစ်များဝန်ချတောင်းပန် ဖိတ်ကြားခြင်း အလေ့ကို ထေရ၀ါဒ ရဟန်းတော်များ အနေဖြင့် ယနေ့တိုင်အောင် လုပ်ဆောင်နေကြခြင်း ဖြစ်၏။ ရဟန်းတော်များ ၀ါကျွတ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်လေ့ရှိကြသည့် ပ၀ါရဏာပွဲသည် ထိုဓလေ့ကို လက်တွေ့အကောင်အထည် ဖော်ပေးနေသည့်ပွဲပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘုရားရှင် မိန့်တော်မူသည့်အတိုင်း နေရသည့်အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အမျက်ပြေ၍ အခက်ဝေစေရန် ၀န်ချတောင်းပန်ခြင်း၊ ခွင့်လွတ်သီးခံခြင်းများဖြင့် သံသရာအဆက် တိုစေရန် ကြိုးစားကြဖို့ သတိပေးတော်မူခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ အလုပ်တစ်ခု၏ အကျိုးသက်ရောက်မှုသည် ပြုလုပ်သူ၏ စေတနာသို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွဲပြားနိုင်သဖြင့် မည်သို့ပင်ဖြစ်စေ ခဏတာ တွေ့ကြုံဆုံကြ ပေါင်းဖော်ကြသည့် အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်မဖြစ်စေရန် တောင်းပန်သူကလည်း စေတနာအရင်းခံဖြင့် တောင်းပန်ပြီး ခွင့်လွတ်သူကလည်း မေတ္တာအပြည့်ဖြင့် ခွင့်လွတ်ကြရန် ဖြစ်ပါ၏။ သံသရာတွင် ကျင်လည်ခဲ့ရသည့် ဘ၀ပေါင်းများစွာတွင် အမျိုးမတော်စပ်ဖူးသူ မရှိနိုင်သဖြင့် ယခုဘ၀ တွေ့ဆုံကြသည့် အခိုက်တွင်လည်း မိမိတို့၏ အမျိုးများကို ပြန်တွေ့ကြရသည်ဟု သဘောထားကာ မှားခဲ့သည့်သူကလည်း အမှားများကို ၀န်ချတောင်းပန်ပြီး အတောင်းပန်ခံရသူကလည်း ခွင့်လွတ်သီးခံခြင်းဖြင့် မေတ္တာ ထားနိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါ၏။ အမှားမလုပ်မိလျှင် အကောင်းဆုံး ဖြစ်သော်လည်း မှားမိလာပြီဆိုလျှင်ကား အပြစ်ကျေရန် အလွတ်တကူ ၀န်ချတောင်းပန်ခြင်းကိုလည်း ပြုလုပ်သင့်ပေ၏။ သို့မှသာ အပြစ်ရှိသူလည်း အပြစ်ကျေ၍ ခံရသူလည်း အမျက်ပြေမည် ဖြစ်ပါ၏။

အချုပ်အားဖြင့် အကုသိုလ်အပြစ်ဖြစ်ရန် အလွယ်လွယ်လှသည့် ယနေ့ခေတ်တွင် ကာယကံ၊ ၀စီကံ၊ မနေကံတို့ကို အကြောင်းပြု၍ မကောင်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဖြစ်ပေါ်လာသည့် အပြစ်များ အမျက်ပြေ၍ အခက်ဝေစေရန်၊ အဖြစ်နည်း၍ အပြစ်စဲစေရန် တွေ့ကြဆုံကြ ကြုံကြရသည့် အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်များကို ၀န်ချတောင်းပန်ခြင်း။ အပြစ်ရှိက ပြောဆိုဆုံးမကြရန် ဖိတ်ခေါ်ခြင်း၊ အပြစ်ပြ၍ ဆုံးမလာလျှင် လက်ခံပြုပြင်ခြင်း၊ အမှားသိ၍ တောင်းပန်လာလျှင်လည်း ခွင့်လွတ်ပေးခြင်းများဖြင့် အကြောင်းဆုံ၍ ပေါင်းဆုံကြသည့် အမျိုးများအပေါ် အကောင်းဆုံးမျှော်ကာ ပေါင်းဖော်ကြပါဟု အလေးဂရု တိုက်တွန်းမှု ပြုလိုက်ရပါ၏။ အားလုံး အမျက်ပြေ၍ အခက်ဝေနိုင်ကြပါစေ…

Read more »

အပေါင်းအသင်း


အတူတကွ သွားလာနေထိုင် စားသောက်လေ့ရှိတဲ့သူကို မိတ်ဆွေအပေါင်းအသင်းလို့ ခေါ်ပါတယ်။ ဒီအပေါင်းအသင်းဟာလည်း ကောင်းတဲ့အပေါင်းအသင်း မကောင်းတဲ့အပေါင်းအသင်းလို့ နှစ်မျိုးရှိပါတယ်။ စာလိုပြောရင်တော့ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)တို့ပါပဲ။ လူတစ်ယောက်ရဲ့ ဘ၀အကောင်းအဆိုးဟာ သူပေါင်းတဲ့အပေါင်းအသင်းနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ သူပေါင်းသင်းတဲ့ အပေါင်းအသင်းကို ကြည့်ပြီး သူဘယ်လိုသူဆိုတာလည်း အကဲခက်လို့ ရပါတယ်။ ခဏတစ်ဖြုတ်ပေါင်းသင်းတဲ့ အပေါင်းအသင်းမဟုတ်ရင် လူတစ်ဦးနဲ့တစ်ဦး ၀ါသနာစရိုက်တူမှပဲ ရေရှည်လက်တွဲ ပေါင်းသင်းလို့ရပါတယ်။ ကောင်းတဲ့အကျင့်စရိုက် အလေ့အကျင့် ရှိတဲ့သူနဲ့ပေါင်းရင် ကိုယ်လဲကောင်းတဲ့ အကျင့်စရိုက်လေးတွေ ကူးစက်လာတတ်ပြီး မကောင်းတဲ့ အကျင့်စရိုက်ရှိတဲ့သူနဲ့ ပေါင်းရင်တော့ မကောင်းတဲ့ အကျင့်လေးတွေ ကူးစက်ခံရမှာ သေချာပါတယ်။ ဒီနေရာမှာ စရိုက်နဲ့ ပတ်ဝန်းကျင်ဆိုတာကို သတိပြုရပါမယ်။ မွေးလာတဲ့စရိုက်တွေ ဘယ်လောက်ပဲကောင်းကောင်း ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် မကောင်းတဲ့ စရိုက်လေးတွေ ကူးစက်ခံရပါတယ်။ ဒီလိုပဲ မွေးလာတဲ့စရိုက်က မကောင်းပေမယ့် ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က ကောင်းနေရင်လည်း ကောင်းတဲ့အကျင့်လေးတွေ ရလာတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့ ဘ၀အတက်အကျတွေမှာ ပေါင်းသင်းတဲ့ အပေါင်းအသင်းဟာ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ 

တစ်ခါက တရားပွဲတစ်ခုကို ကြွတုန်းက ဖြစ်ပါတယ်။ တရားပွဲမစခင် ဘုန်းဘုန်းကို ပင့်တဲ့ဒကာလေးက အခန်းထဲမှာ သီတင်းသုံးဖို့ လျှောက်လို့ အခန်းထဲမှာ နေနေတဲ့အချိန် အပြင်မှာ သူငယ်ချင်းတွေဆုံတော့ ပြောကြဆိုကြတာလေးတွေကို အခန်းထဲမှာ ရှိနေတဲ့ ဘုန်းဘုန်းအနေနဲ့ ကြားမိနေပါတယ်။ သူတို့ကတော့ ဘုန်းကြီးအခန်းထဲမှာ ရှိနေတာကို သတိထားမိဟန် မတူပါဘူး။ ဒကာလေးတွေထဲက တစ်ယောက်က ကျန်တဲ့ ဒကာတစ်ယောက်နဲ့ စကားအပြန်အလှန် ငြင်းခုံပြောဆိုနေပါတယ်။ သူက “ကျွန်တော်ဒီနိုင်ငံကို ရောက်ခါစက ဘာမှမလုပ်တတ်ဘူး.. အရက်လည်း မသောက်တတ်ဘူး.. ဖဲလည်းမရိုက်တတ်ဘူး.. ဘောလုံးလည်း မလောင်းတတ်ဘူး.. ခင်ဗျားနဲ့တွေ့မှ၊ ခင်ဗျားနဲ့ ပေါင်းမိမှပဲ အခုဆို ဖဲလည်းရိုက်တတ်နေပြီ၊ အရက်လည်းသောက်တတ်နေပြီ၊ ဘောလုံးလည်း လောင်းတတ်နေပြီ“ ဆိုပြီး အမူးသမားလေသံနဲ့ အားရပါးရ ပြောဆိုနေတာကို ကြားလိုက်ရပါတယ်။ တစ်လောကလည်း အရက်အလွန်သောက်တဲ့ ဒကာလေးနဲ့တွေ့လို့ အရက်လျှော့သောက်ဖို့ အကြောင်းပြောဖြစ်တော့ သူက “တပည့်တော် ဖြတ်ဖို့ကြိုးစားနေပါတယ်၊ အမှန်တော့ တပည့်တော် ရောက်ခါစက အရက်မသောက်တတ်ပါဘူး… တပည့်တော်နဲ့အတူ အလုပ်လုပ်တဲ့ စီနီယာအစ်ကိုကြီးနဲ့ တွဲဖြစ်ရာက သူကြိုက်တဲ့အရက်ကို နည်းနည်းစလုပ်မိရင်းက ခုလိုအများကြီး သောက်မိသွားတာပါ၊ ခွင့်လွှတ်တော်မူပါ ဘုရား..“ လို့ တောင်းပန်ရှာပါတယ်။

နောက်တရားပွဲ တစ်ခုမှာဖြစ်ပါတယ်။ တရားပွဲပြီးတော့ အပေါ်ထပ်အခန်းမှာ ခဏအနားယူနေချိန် အခန်းထဲကို ဒကာလေး လေးယောက်လောက် စာရွက်လေးကိုယ်စီနဲ့ ၀င်လာပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးပါတယ်။ အရွယ်ငယ်ပြီး ရုပ်ရည်သန့်ပြန့်လှတဲ့ ဒီကလေးတွေကို ကြည့်ရတာ စိတ်ထဲမှာ အားရမိပါတယ်။ မိရိုးဖလာလွန် ဗုဒ္ဓဘာသာအဖြစ်မှ အနှစ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များအဖြစ် ပြောင်းလဲလာတဲ့ သူတို့လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း သူတို့လေးတွေဘာကြောင့် စိတ်တူကိုယ်တူနဲ့ ဒီအရွယ်လေးမှာ ဘာသာရေးတွေ လုပ်ဖြစ်တာလဲ…၊ တစ်ယောက်တည်းမဟုတ်ဘဲ ဘာကြောင့် စိတ်တူကိုယ်တူ လေးယောက်လုံး တစ်ပြိုင်တည်း တစ်စိတ်တည်း ဖြစ်သွားကြတာလဲ မေးတော့ သူတို့ထဲက တစ်ယေက်က “တပည့်တော်တို့လည်း အရင်က ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူးဘုရား..၊ သူများနိုင်ငံမှာ အလုပ်လာလုပ်ရင်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်လို့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်၊ ဟိုတရားနာ ဒီတရားနာလုပ်ရင်း နောက်ဆုံး မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကို နာလိုက်ရတော့ တပည့်တော်စိတ်ထဲမှာ အရမ်းကိုသဘောကျ ကျေနပ်သွားမိပြီး နောက်ပိုင်းဆရာတော်ကြီး တရားတွေ ဆက်တိုက်နာဖြစ်ပါတယ်။ တရားများများ နာမိလေလေ လောကရဲ့ ဆင်းရဲဒုက္ခတွေကို ခံနိုင်လာလေလေဖြစ်ကာ နောက်ပိုင်း တရားပါ အားထုတ်လာမိတော့ စိတ်ဟာပိုပြီး အေးချမ်းလာပါတယ်။ ဒါနဲ့ တပည့်တော်လည်း တပည့်တော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို တပည့်တော် နာရတဲ့ တရားတွေ ပြန်ပြောပြကာ သူတို့ကိုလည်း တရားတွေ နားခိုင်းတော့ သူတို့လည်း တပည့်တော်လို ဘာသာရေးအပေါ် စိတ်ဝင်စားခဲ့ပါတယ်။ အခုဆို တပည့်တော်တို့ အချိန်အားတာနဲ့ တရားနာ၊ တရားထိုင်ပဲ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သာသနာ့ဘောင် ၀င်ဖို့အထိတောင် စဉ်းစားထားပါတယ်ဘုရား..“ စသဖြင့် သူတို့ရဲ အကြောင်းကို ပြောပြလျှောက်ထားပါတယ်။

ဒီအကြောင်းလေးတွေကတော့ လက်တွေ့ဘ၀မှာ တွေ့ရတဲ့ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့လေးတွေပါ။ ဘုန်းဘုန်းအနေနဲ့ ဒီအကြောင်းလေးတွေ ပြန်ပြောပြနေတာက အပေါင်းအသင်းကြောင့် ပြောင်းလဲသွားတဲ့ သူတွေရဲ့ ဘ၀လေးတွေကို လက်တွေ့နဲ့ ယှဉ်ပြီးထင်ရှားစေလိုတဲ့ အတွက်ကြောင့်ပါ။ အပေါင်းအသင်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ သိစေလိုတာပါ။ သံသရာမှာမပြောနဲ့ ဒီဘ၀ အခိုက်လေးမှာကိုပဲ အပေါင်းအသင်းကောင်းတော့ ကိုယ်လည်းကောင်းလာပြီး အပေါင်းအသင်းဆိုးတော့ ကိုယ်ပါဆိုးလာတာကို လက်တွေ့တွေ့နိုင်ပါတယ်။ တစ်ချို့ဆို အပေါင်းအသင်းမကောင်းတော့ ဘ၀မှာ မလုပ်ဖူးတဲ့ အကုသိုလ်အပြစ် မရှိသလောက်အောင် လိုက်လုပ်နေတာကို တွေ့ရပါတယ်။ တစ်ချို့ကြပြန်တော့ အပေါင်းအသင်းအများကြီး မရှိဘဲ ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက်နဲ့ ကိုယ့်ကျိုးလည်းလုပ် အများအကျိုးလည်း လုပ်နေတာကို တွေ့ရပါတယ်။

မှန်ပါတယ်။ အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ တစ်ချို့က ပြောတတ်ပါတယ်။ “ဒီနိုင်ငံမှာက မသောက်မစား နေရင်အပေါင်းအသင်း မရှိဘူး“တဲ့။ ဒါက သောက်တတ်စားတတ်သူတွေရဲ့ အကြောင်းပြလေးပါ။ မသောက်မစားဘဲ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိနေတဲ့အပြင် မသောက်မစား တည်တည်ကြည်ကြည် ရှိတဲ့အတွက် အများရဲ့ ရိုသေလေးစားမှုကို ရနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ သောက်တဲ့သူတွေက အများစုဖြစ်တဲ့အတွက် မသောက်မစားတဲ့သူတွေဟာ အပေါင်းအသင်းမရှိ နည်းနေရင်နည်းနေနိုင်ပေမယ့် သူတို့လို စိတ်တူကိုယ်တူရှိသူ အပေါင်းအသင်းတော့ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့ဘ၀မှာတော့ ဒီအနည်းစုဟာ အကျိုးတွေ အများကြီးဖြစ်ထွန်းနေတာကို တွေ့ရမှာပါ။ မသောက်မစား၊ အလောင်းအစား မလုပ်တဲ့အတွက် ရှာသမျှငွေကြေးလေးတွေကို စုမိစောင်းမိဖြစ်ကာ အိမ်မှာလည်း ချောင်ချောင်လည်လည်ရှိ၊ ကုသိုလ်ရေးအတွက်လည်း လှူချင်သလို လှူနိုင်တမ်းနိုင်နေတာကို တွေ့ရပါတယ်။ အသောက်အစား အလောင်းအစား လုပ်နေသူတွေကတော့ တစ်လနဲ့တစ်လ အလျဉ်မမီသလို အကြွေးတွေသာဝိုင်းနေပြီး အိမ်လည်မပို့ဖြစ်၊ ဘာမှလည်း လက်ဆုတ်လက်ကိုင်မရှိ ဖြစ်နေကြပါတယ်။ အဲလို ဒုက္ခလေးတွေ ဖြစ်လာတော့ ရှိတုန်းက ပေါင်းသင်းလာတဲ့ ကောင်းပါတယ်ဆိုတဲ့ အပေါင်းအသင်းဆိုတာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ အပေါင်းအသင်းကောင်း မဟုတ်တဲ့အတွက် သာတဲ့အချိန်မှာပေါင်းပြီး နာတဲ့အချိန်ကျတော့ ဂျောင်းကုန်တော့တာပါ။ ဒါကြောင့် အပေါင်းအသင်းဟာ သာပေါင်းညာစား အပေါင်းအသင်းတွေ အများကြီးရှိတာထက် မရှိအတူ ရှိအတူ ဖြစ်တဲ့အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုကောင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အားလုံးထက် အကောင်းဆုံး အပေါင်းအသင်းကတော့ မကောင်းတာတွေ မလုပ်ဖြစ်အောင် ကိုယ့်ကိုပြုပြင် တည့်မတ်ပေးပြီး ကိုယ်ဒုက္ခရောက်ချိန်မှာ တတ်နိုင်သမျှ ကူညီပေးတဲ့ အပေါင်းအသင်းပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ အပေါင်းအသင်းနဲ့ ပတ်သက်တဲ့ မိန့်တော်မူချက်လေးကို သတိရမိပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဘုရားရှင်က မင်္ဂလာတရားတော်များမှာ အစဆုံးမင်္ဂလာများအဖြစ် “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ= လူမိုက်ကို မပေါင်းသင်းရန်နှင့် ပညာရှိသူတော်ကောင်းကိုသာ ပေါင်းသင်းရန်“ မိန့်တော်မူပါတယ်။ ဒါ့အပြင် လူမိုက်ကို မပေါင်းသင်းဖို့အတွက် ဓမ္မပဒမှာ ဟောကြားထားချက်လေးကလည်း မှတ်သားဖွယ်ဖြစ်ပါတယ်။ အဲဒီဟောကြားချက်လေးက “လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက်သာလွန်သူ မိမိနှင့်တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာ မြဲမြံစွာ ပြုကျင့်ရာ၏“ တဲ့။ အပေါင်းအသင်းဟာ အဲလောက်ကို အရေးကြီးတာပါ။ အပေါင်းအသင်းဟာ အလွန်အရေးကြီးတဲ့အတွက် အပေါင်းအသင်းကောင်းကို ရွေးချယ်ပေါင်းသင်းဖို့ အကြိမ်ကြိမ် ဆုံးမတော်မူခြင်းဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းကို ပေါင်းမိကြလို့ ပစ္စုပ္ပန် ကောင်းကျိုးမှ နိဗ္ဗာန်အထိ အကျိုးဖြစ်သွားကြသူများ ရှိသလို မကောင်းတဲ့အပေါင်းအသင်းကြောင့် အပါယ်ငရဲကျသွားသူများလည်း ရှိပါတယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်နှစ်ပါးအကြောင်းနှင့် အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်ဘုရင်တို့ အကြောင်းကတော့ အပေါင်းအသင်း အကောင်းအဆိုးရဲ့ စံပြုစရာတွေ ဖြစ်ပါတယ်။ မထေရ်နှစ်ပါးဟာ လူ့ဘ၀မှာတည်းက အပေါင်းအသင်း သူငယ်ချင်းကောင်းများ ဖြစ်တဲ့အတွက် တစ်ဦးတရားသိတဲ့အခါလည်း တစ်ဦးကို ပြန်လည်ခေါ်ဆောင် မျှဝေကာ နောက်ဆုံးဘုရားသာသနာမှာ အမြင့်မြတ်ဆုံး အဂ္ဂသာဝဘွဲ့ထူးများနဲ့အတူ နိဗ္ဗာန်အထိ မျက်မှောက်ပြုသွားကြတဲ့ အပေါင်းအသင်းကောင်းများရဲ့ ပြယုဂ်အဖြစ် စံတင်စရာဖြစ်ပါတယ်။ ဒါပေမယ့် အရှင်ဒေ၀ဒတ်လို မကောင်းတဲ့ဆရာ၊ မကောင်းတဲ့အပေါင်းအသင်းကို ပေါင်းမိတဲ့ အဇာတသတ်ဘုရင်ကတော့ အဖေကိုသတ်တဲ့ ပိတုဃာတကကံကို ကျူးလွန်မိတဲ့အတွက် ငရဲလားရတဲ့အထိ ဆိုးကျိုးကိုဖြစ်စေကာ မကောင်းတဲ့ အပေါင်းအသင်းကို ပေါင်းရခြင်းရဲ့ မကောင်းတဲ့ ပြယုဂ်အဖြစ် ထင်ကျန်စေခဲ့ပါတယ်။

အချုပ်အားဖြင့် အပေါင်းအသင်းဆိုတာ လူတွေအတွက် လိုအပ်လှတဲ့ အဖော်ဖြစ်တာကြောင့် အပေါင်းအသင်း ရှိဖို့လိုအပ်လှပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အပေါင်းအသင်းတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ အပေါင်းအသင်းပါ။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။ ဒါကြောင့် ဘ၀မှာ အပေါင်းအသင်းဟာ ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းကျိုး ဆိုးကျိုးကို ပြုလုပ်ဖန်တီးပေးနိုင်တဲ့အတွက် ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေနိုင်တဲ့ အပေါင်းအသင်းမျိုးကိုသာ ရွေးချယ်ပေါင်းသင်းကြဖို့ ဒီစာစုလေးဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။ 

Read more »

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း


ဗျသနဟူသော ပါဠိစကားလုံးကို ပျက်စီးခြင်းဟု မြန်မာပြန်ဆိုကြ၏။ ဤစကားလုံးသည် ဗုဒ္ဓဘာသာအများစုနှင့် ရင်နှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်၏။ ဘာသာရေးပွဲများရှိတိုင်း၊ နေ့စဉ်အိမ်မှာ ဘုရားရှိခိုင်းတိုင်း ရွတ်ဆိုရှိခိုးနေသည့် သြကာသ ကန်တော့ချိုး၏ ဒုတိယပိုင်းတွင် ပါဝင်သည့် ဆုတောင်းများမှ တစ်ခုသာ ဖြစ်၏။ သြကာသ ကန်တော့တိုင်း ၀န်ချတောင်းပန်ပြီးနောက် ဆိုလေ့ရှိသည့် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ကုန်သည်ဖြစ်၍…” စသည်ဖြင့် ဆုတောင်းကြသည့် ဆုတောင်းများတွင် ပါဝင်သည့် စကားဖြစ်၍လည်း မသိသော်လည်း သိနေ၏၊ နားမလည်သော်လည်း ကြားနေကျဖြစ်၏ဟု ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရွတ်ဆိုဆုတောင်းလေ့ ရှိကြသည့် ဤဗျသနတရား ငါးပါးကို နိဒါန၀ဂ္ဂသံယုတ်တွင် ဖော်ပြထား၏။ ယင်းဗျသန တရားငါးပါးမှာ
(၁) ဉာတိ ဗျသန = ဆွေးမျိုးပျက်စီးခြင်း
(၂) ဘောဂ ဗျသန= စည်းစိမ်ဥစ္စပျက်စီးခြင်း
(၃) ရောဂ ဗျသန = အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
(၄) သီလ ဗျသန = ကိုယ်ကျင့် သီလပျက်စီးခြင်း နှင့်
(၅) ဒိဋ္ဌိ ဗျသန = မှန်ကန်သော အယူဝါဒ ပျက်စီးခြင်းဟူ၍ ဖြစ်၏။ ဤငါးပါးတို့တွင် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါ နှိပ်စက်သဖြင့် ပျက်စီးခြင်းများကြောင့် သတ္တ၀ါတို့အား အပါယ်လေးပါးသို့ လားရောက်စေမှု၊ ကျရောက်စေမှု မရှိနိုင်သော်လည်း ကိုယ်ကျင့်သီလပျက်စီးခြင်းနှင့် အယူဝါဒပျက်စီးခြင်း များကြောင့်ကား အပါယ်လေးပါးသို့ ကျရောက်စေနိုင်ပေ၏။ ဤနေရာတွင် အထူးနားလည် ထားသင့်သည်မှာ ပျက်စီခြင်းနှင့် ဖျက်စီးခြင်း မတူညီသည့် အချက်ပင်ဖြစ်၏။

မှန်၏။ ပျက်စီးခြင်းသည် အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်သည့် သဘောဖြစ်ပြီး ဖျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်နှင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် ဖြစ်ပေါ်တတ်သည့် သဘောဖြစ်၏။ ပယောဂပါလာလျှင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာလျှင် စေတနာလည်း ရှိလာနိုင်၏။ စေတနာပါသည့် အလုပ်ဖြစ်လျှင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာလျှင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပေ၏။ ပျက်စီးတတ်သည့် သဘောဖြစ်သဖြင့် ပျက်စီးခြင်းတွင် တစ်စုံတစ်ခု ထိခိုက်မှု မရှိနိုင်သော်လည်း ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့် သဘောဆိုလျှင်ကား တန်ပြန်သက်ရောက်မှုကို ခံရမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် ဗျသနတရားငါးပါးတွင် ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသနများကြောင့် သတ္တ၀ါတို့အား အပါယ်ငရဲစသည် ကျရောက်မှုကို မဖြစ်စေနိုင်သော်လည်း သီလဗျသန၊ ဒိဋ္ဌိဗျသနများကြောင့်ကား အပါယ်ငရဲ စသည်တို့သို့ ကျရောက်စေနိုင်ကြောင်း ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးခြင်းတို့သည် ဖျက်စီးခြင်းကြောင့် ပျက်စီးခြင်း မဟုတ်သဖြင့် တန်ပြန်အကျိုးတရား မရှိသော်လည်း သီလပျက်စီခြင်း အယူဝါဒပျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ဖျက်စီးသဖြင့် ပျက်စီးခြင်း ဖြစ်သဖြင့် တန်ပြန်အကျိုး သက်ရောက်မှု ရှိကြောင်း ဆိုခြင်းဖြစ်၏။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် ကောင်းစွာနာလည် သဘောပေါက်ဟန် မရှိကြပေ။ သို့ဖြစ်၍လည်း ပျက်စီးချိန်တန်၍ ပျက်စီးသွားကြသည့် အရာများအပေါ် အလွန်စိုးရိမ်သောက ဖြစ်ကာ ယူကြုံးမရ ဖြစ်နေတတ်ပြီး မပျက်စီးသင့်သည့် အရာများကိုကား လစ်လျူရှုကာ ဖျက်စီးနေကြသကဲ့သို့ ဖြစ်နေပေ၏။ အမျိုးများ ပျက်စီးသည့်အခါ၊ စည်းစိမ်ဥစ္စာများ ပျက်စီးသည့်အခါ၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးသည့်အခါများတွင်သာ အလွန်တုန်လှုပ်ပြီး မအိပ်နိုင် မစားနိုင် တမှိုင်မှိုင် ဖြစ်တတ်ကြသော်လည်း သီလပျက်စီးသည့်အခါ၊ အယူဝါဒပျက်စီးသည့် အခါတွင်ကား ဘာမှမဖြစ်သကဲ့သို့ နေတတ်ကြ၏။ တဒင်္ဂပျက်စီးမှုအပေါ်တွင်သာ စိုးရိမ်မှု လွန်ကဲတတ်ကြပြီး သံသရာနှင့်ချီကာ ခံရမည့် ပျက်စီးမှု အပေါ်တွင်ကား ကြောက်ရွံ့တုန်လှုပ်မှု မရှိကြပေ။ နောင်ခါလာ နောင်ဈေးဆိုသကဲ့သို့ နောင်ခံရမည့် အရေးအပေါ် အလေးမမူမိကြဘဲ တဒင်္ဂခဏ ယခုဘ၀အတွက်သာ အာရုံထားနေလေကြ၏။ ဤသို့သာဆိုလျှင် နောင်ခံရသည့်အခါတွင်ကား ပြန်ရစရာ မရှိအောင်ပင် ဖြစ်နေကြပေတော့၏။

စင်စစ် ဗျသနတရားငါးပါးတို့တွင် ဉာတိဗျသနခေါ် အမျိုးများ ပျက်စီးသည့်အခါ တုန်လှုပ်ဖွယ် မရှိလှပေ။ သံသရာနှင့် ချီသည့် ဘ၀များစွာတွင်လည်း ဤကဲ့သို့ ပျက်စီးခြင်းများနှင့် ကြုံခဲ့ကြရပြီးသည်သာ ဖြစ်၏။ နိဗ္ဗာသို့ မျက်မှောက်မပြု နိုင်သေးသမျှ ဤကဲ့သို့သော အမျိုးအဆွေများ၏ သေဆုံးပျက်စီးခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာ ဖြစ်၏။ မိမိကိုယ်တိုင်လည်း လွန်ဆန်၍ မရနိုင်ပေ။ မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်း ဖြစ်သဖြင့် မွေးလာခဲ့ပြီ ဆိုကတည်းက သေဆုံးရန် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ထိုသေဆုံးပျက်စီးမှုသည် တံဆိပ်ကပ်ထားခြင်း မရှိသဖြင့် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် မိဘထက် အရင် သေဆုံးသွားသည့် သားသမီးများ ရှိသကဲ့သို့ ဆရာ့ရှေ့က သေသွားသူများလည်း ရှိ၏။ သားသမီးများ၏ အသုဘကို လိုက်ပို့ပေးရသည့် မိဘများရှိသကဲ့သို့ တပည့်၏ နောက်ဆုံးခရီးတွင် အသုဘ ရှုခဲ့ရသည့် ဆရာသမားများလည်း ရှိ၏။ သားသမီးအတွက် ရက်လည်ဆွမ်းသွပ်ပြီး ကုသိုလ်ပြုပေးနေရသည့် မိဘများရှိသကဲ့သို့ တပည့်အတွက် သက်ပျောက်ဆွမ်းကပ်ကာ သရဏဂုံတင်ပေးရသည့် ဆရာသမားများလည်း ရှိ၏။ ဤသည်မှာ မိမိတို့အလိုအတိုင်း မဖြစ် သူ့သဘောအတိုင်း သူဖြစ်နေသည့် ပျက်စီးခြင်း၏ နိယာမပင် ဖြစ်၏။ အမြဲမရှိ ပြောင်းလဲဖြစ်ပေါ်နေတတ်သည့် ပျက်စီးခြင်းသဘောတွင် အမျိုးဟူသည်မရှိ သတ္တ၀ါအားလုံးမှာပင် ထိုပျက်စီးခြင်းက ရှိနေ၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသည့် သတ္တ၀ါ စာရင်းဝင် မိမိသည်ပင် သေဆုံးပျက်စီးခြင်းကို မလွန်ဆန်နိုင်သည့် အပေါ်တွင် အမျိုးများပျက်စီးမှုနှင့်စပ်၍ကား မည်သို့မျှ မတတ်နိုင်သည့် သဘ၀မျှသာ ဖြစ်သဖြင့် ဉာတိဗျသနနှင့် ကြုံကြရာတွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ထို့အတူ ဘောဂဗျသနခေါ် စည်းစိမ်ဥစ္စာများ ပျက်စီးမှုအပေါ်တွင်လည်း သဘာဝ နိယာမကို နားလည်သဘောပေါက်ရန် လိုအပ်ပေ၏။ စည်းစိမ်ဥစ္စာဟူသည် ထိုက်မှရသည့် သဘောရှိသည့်အပြင် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့နှင့် အမြဲမပြတ် ဆက်စပ်နေသဖြင့် အချိန်မရွေး ပျက်စီးပျောက်ပျက် သွားနိုင်ပေ၏။ ပျက်စီးချိန်တန်လျှင် မည်သည့်နေရာတွင် မည်မျှလုံခြုံအောင် ထားပါသော်လည်း ပျက်စီးသွားတတ်ပေ၏။ မိမိက မည်မျှပင် ကြိုးစားရှာဖွေ စုဆောင်းနေပါသော်လည်း အချိန်တန်သည့်အခါ မိမိနှင့်မဆိုင် အများပိုင် ဖြစ်သွားသည်များ ရှိသကဲ့သို့ မိမိရှာဖွေထားမှုများအား မိမိမစားရဘဲ ထားခဲ့ရသည်များလည်း ရှိ၏။ ဤသဘောကို မျက်မှောက်ခေတ် အဖြစ်အပျက်များက မီးမောင်းထိုးပြ ပေးနေပေ၏။ မြန်မာပြည်အပါအ၀င် ကမ္ဘာတစ်ဝှန်းတွင် နေ့စဉ်ကြားနေရသည့် သတင်းများက မီးလောင်မှုများ၊ ရေကြီးမှုများ၊ ငလျင်လှုပ်မှုများ စသည့် သဘာဝဘေး အန္တရာယ်များကြောင့် လူမည်မျှသေသည်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု မည်မျှရှိသည် စသည်ဖြင့် ပျက်စီးမှုကို သက်သေပြနေပေ၏။ မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။ စည်းစိမ်ဥစ္စာအပြည့်ဖြင့် ချမ်းသာခဲ့သူများသည် သဘာဝ နိယာမ သဘောများကြောင့် ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်ခဲ့ကြရ၏။ စင်စစ်ဤသည်မှာ ရှာဖွေစုစောင်းထားသည့် စည်းစိမ်ဥစ္စာများ၏ မမြဲခြင်း သဘောများပင် ဖြစ်၏။ ပျက်စီးခြင်းနှင့် အမြဲမပြတ် ဆက်စပ်နေသည့် စည်းစိမ်ဥစ္စာများ၏ အဆုံးပင်ဖြစ်၏။ ထို့ကြောင့် အဖြစ်ရှိလျှင် အပျက်ရှိတတ်သကဲ့သို့ ပိုင်ဆိုင်မှုရှိလျှင် ဆုံးရှုံးမှု ရှိတတ်သည့် လောကသဘာဝအရ ပျက်စီးတတ်သည့် စည်းစိမ်ဥစ္စာများအပေါ်တွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ရောဂဗျသနခေါ် အနာရောဂါကြောင့် ပျက်စီးသည့်အပေါ်တွင်လည်း အလားတူ သတိပြု ဆင်ခြင်ကြရန် လိုအပ်ပေ၏။ စင်စစ် အနာရောဂါဟူသည် အခြားမဟုတ် မိမိတို့ အသီးသီး ရရှိထားသည့် ခန္ဓာကိုယ်ကြီးကပင် အနာရောဂါ အစုကြီး ဖြစ်နေပေ၏။ ရုပ်တရားကြီးကပင် အနာရောဂါကြီး ဖြစ်နေပေ၏။ အနာရောဂါဟူသည် ရုပ်တရားအပေါ် အမှီပြုပြီး ဖြစ်ပေါ်တတ်သည့် ဖောက်ပြန်မှုပင် ဖြစ်၏။ ထို့ကြောင့် ရောဂါဟူသည် ရုပ်ပင်ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ သို့ဖြစ်၍ ရုပ်တရားရှိ၍ ဖောက်ပြန်မှုသဘောအဖြစ် ထင်ရှားလာသည့် ရောဂါကြောင့် ပျက်စီးတတ်သည့် သဘောကို ကောင်းစွာနာလည်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကြိုးစားရန်သာ ရှိပေ၏။ ရုပ်တရားရှိ၍ ဖောက်ပြန်မှု ရှိခြင်းကို ရောဂါဖြစ်ခြင်းဟု ဆိုသဖြင့် ရောဂါစုဖြစ်သည့် ရုပ်တရား၊ တစ်နည်းအားဖြင့် ရောဂါကြောင့် ပျက်စီးတတ်သည့် ရုပ်တရားများ ဖောက်ပြန်ပျက်စီးမှု အပေါ်တွင် သတိပြုဆင်ခြင်ကာ ဖောက်ပြန်ခြင်းကို ဝေဒနာနုပဿနာ ရှုမှတ်ပွားများခြင်းဖြင့်သာ ရင်ဆိုင်ကြရမည် ဖြစ်ပါ၏။

ဗျသနတရား ငါးပါးတွင် ဗုဒ္ဓဘာသာဝင်များ အထူးပြု ဆင်ခြင်ရမည့် ဗျသနများကား သီလဗျသနနှင့် ဒိဋ္ဌိဗျသနများပင် ဖြစ်၏။ ပျက်စီးခြင်းတရားငါးပါးတို့တွင် အမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါကြောင့် ပျက်စီးခြင်းများသည် တုန်လှုပ်ဖွယ်၊ ကြောက်လန့်ဖွယ် မလိုသည့် ဗျသနများ ဖြစ်သော်လည်း သီလဗျသနခေါ် သီလပျက်စီးသည့်အခါ၊ ဒိဋ္ဌဗျသနခေါ် အယူဝါဒ လွဲမှားသည့် အခါများတွင်ကား အလွန်ကြောက်လန့် တုန်လှုပ်ဖွယ် ကောင်းပေတော့၏။ သီလပျက်လျှင် အခြားအခြား ဒါနစသည့် ကုသိုလ်များကို မည်မျှပင် ကြိုးစားလုပ်ဆောင်သော်လည်း အပါယ်လားမှုဘေးမှ မလွန်မြောက်နိုင်သည်အထိ ဖြစ်ရတတ်၏။ ကိုယ်ကျင့်သီလဖြစ်သဖြင့်လည်း ကိုယ်ကျင့်ရမည့်အပြင် သီလပျက်လျှင်လည်း ကိုယ်ကဖျက်ခြင်း ဖြစ်သဖြင့် ခံရလျှင်လည်း ကိုယ်သာပင် ဖြစ်နေပေ၏။ ထို့ကြောင့် သီလပျက်စီးသည့်အခါ မတုန်မလှုပ်ဘဲ နေ၍မဖြစ် အလွန်ပင် တုန်လှုပ်ဖွယ် ဖြစ်ပေသည်ဟု ဆိုခြင်းဖြစ်ပြီး တုန်လှုပ်ခြောက်ခြားမှု မဖြစ်စေဖို့် သီလမပျက်စေရန်သာ ကြိုးစားအားထုတ်ရမည်ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ ဒိဋ္ဌိဗျသနခေါ် အယူဝါဒ ပျက်စီးမှုသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ပင် ဖြစ်ပါ၏။ အယူတစ်ပါးလွဲချော်သွားပါက အပါယ်မှတစ်ပါး လားရာမရှိ ဖြစ်တတ်ပေ၏။ အယူဝါဒ အစွဲတရားဟူသည်ကလည်း အခက်သားပင် ယုံကြည်မိပြီ စွဲလန်းမိပြီဆိုလျှင် အသက်ပင် အသေခံသည်အထိ စွဲကိုင်ထားတတ်၏။ ထိုသို့သာ အယူမှားကို စွဲကိုင်ထားမိလျှင် မှန်ကန်သည့် အယူဝါဒ ပျက်စီးပြီး အမှန်လမ်းကြောင်းနှင့် လွဲကာ နိဗ္ဗာန်နှင့် ဝေးသထက် ဝေးနေပေတတ်၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက နိဗ္ဗာန်သွားရာလမ်းဖြစ်သည့် မဂ္ဂင်လမ်းစဉ်တွင် သမ္မာဒိဋ္ဌိဟူသည့် အယူဝါဒမှန်ကန်ရေး လမ်းစဉ်တစ်ခုကို အဦးပြုကာ ဟောကြားသမှု ပြုတော်မူခဲ့ခြင်း ဖြစ်ပေ၏။ အယူဝါဒ မှန်ကန်မှုရှိမှ အတွေးအခေါ် အကြံအစီ၊ အပြောအဆို၊ အလုပ်အကိုင်နှင့် အားထုတ်မှု စသည်တို့သည်လည်း မှန်ကန်နိုင်မည် ဖြစ်သဖြင့် ထိုအယူဝါဒ မမှားကြရန်နှင့် အယူဝါဒ မပျက်စီးကြရန် အထူးတိုက်တွန်းတော်မူခြင်း ဖြစ်၏။ အကယ်၍ မိမိသည် ထိုအယူဝါဒသာ ပျက်စီးခဲ့ပြီဆိုပါက အလွဲအမှားလမ်းစဉ်များနှင့် သံသရာဝဲသြဃတွင် အမှန်ပင် မျှောနေပြီး အောက်အောက်ဘုံဝတွင် ကျင်လည်နေရသဖြင့် နိဗ္ဗာန်နှင့် ဝေးပြီးရင်းဝေးနေမည် ဖြစ်ပါသောကြောင့် အယူဝါဒ ပျက်စီးသည့်အခါ အလွန်တုန်လှုပ်ဖွယ် ဖြစ်ကြောင်း၊ ထိုကြောင့် ထိုအယူဝါဒကို မပျက်စီးစေရန် အထူးသတိပြု ဆင်ခြင်ကာ မှန်ကန်သည့် အယူဝါဒဖြင့် နေနိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုကြခြင်း ဖြစ်ပါ၏။

ဤ၌ ဆိုလိုသည်မှာ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် အထူးသတိပြု ဆင်ခြင်ကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ ပျက်စီးခြင်းသည် သဘာဝ နိယာမတစ်ခု ဖြစ်ပြီး ဖျက်စီးခြင်းသည်ကား လုပ်ဆောင်ဖန်တီးခြင်း ဖြစ်သဖြင့် ပျက်စီးချိန်တန်သည့် ပျက်စီးမှုအပေါ်များတွင် စိုးရိမ်ဖွယ် မရှိသော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများ အပေါ်တွင်ကား အလွန်ကြောက်မက် တုန်လှုပ်ဖွယ် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်၏။ ပျက်စီးတတ်သည့် အမျိုး၊ ဥစ္စာ၊ ရောဂါများသည် သဘာဝ တရားများဖြစ်သဖြင့် ပျက်စီးမည်မှာ ဧကန်ဖြစ်သော်လည်း ဖျက်စီးမှသာ ပျက်စီးတတ်သည့် အကျင့်သီလနှင့် အယူဝါဒများသည်ကား ပျက်စီးရန် မသင့်သည့်အရာ၊ မပျက်စီးစေရန် ထိန်းသိမ်းရမည့် အရာဆိုသည်မှာလည်း အမှန်ပင် ဖြစ်ပါပေ၏။ သဘာဝအလျောက် ပျက်စီးမှုများတွင် တန်ပြန်သက်ရောက်မှုသည် အခိုက်အတန့်သာ ဖြစ်သော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများတွင်ကား တန်ပြန်သက်ရောက်မှုသည် အပါယ်လားစေနိုင်သည် အထိ ကြီးလေးတတ်ပေ၏။

ထို့ကြောင့် နေရသည့် ဘ၀အခိုက်အတန့်၌ မဖြစ်မနေ ကြုံတွေ့ရမည့် ပျက်စီးမှုများတွင် ဖျက်စီးမှုကြောင့် ပျက်စီးသွားသည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် လိုအပ်ပေ၏။ ရုပ်ပိုင်းဆိုင်ရာများ ပျက်စီးမှုတွင် မတုန်မလှုပ်ရင်ဆိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်သီလ အယူဝါဒများ ပျက်စီးမှုတွင်ကား သတိတရားနှင့် မပျက်စီးအောင် ထိန်းသိမ်းရန် ကြိုးစားသင့်ပေ၏။ အကယ်၍ ထိုပျက်စီးမှုများ ရောက်လာသည့်အခါတွင်လည်း အခြားအရာများထက် သီလနှင့်အယူဝါဒကိုသာ မပျက်စီးစေရန် အားထုတ်သင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသည် သဘာဝတရားဖြစ်သည့်အပြင် အပါယ်လားစေနိုင်သည့် အရာများ မဟုတ်ကြသော်လည်း သီလအကျင့်နှင့် အယူဝါဒ ပျက်စီးမှုသည်ကား အပါယ်လားစေနိုင်သည့် အရာများ ဖြစ်သောကြောင့်ပင် ဖြစ်ပါ၏။ သို့ဖြစ်၍ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းတွင် ပျက်စီးတတ်သည့် အရာများအပေါ် ခံနိုင်ရည် ရှိအောင်ကြိုးစားပြီး ဖျက်စီးမှသာ ပျက်စီးကာ အဖျက်ခံရသဖြင့် ပျက်စီးတတ်သည့် အရာများအပေါ်တွင်ကား မပျက်စီးစေရန် မိမိကိုယ်တိုင်သာ ပဓာနကျသဖြင့် မိမိ၏ အကျင့်သီလ အယူဝါဒများကို ဖျက်စီးခြင်းဖြင့် မပျက်စီးအောင် အထူးသတိပြု ဆင်ခြင်ကာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ ဖြစ်ပါပေတော့ကြောင်း…

Read more »

ဘုရားပေးတဲ့ ငြိမ်းချမ်းရေး


ပိဋကတ်တော်လာ မြတ်စွာဘုရားရှင်နဲ့ သိကြားမင်း မေးဖြေထားချက်များကို မှတ်တမ်းတင်ထားတဲ့ သက္ကပဥှသုတ်တော်ကို ဖတ်မှတ်ကြည်ညိုရင်း ငြိမ်းချမ်းရေးလို့ အော်နေကြတဲ့ ဒီနေ့ခေတ်လူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို ချိန်ထိုးနေဖြစ်ခဲ့ပါတယ်။ ဒီသုတ်တော်နဲ့ ပတ်သက်ပြီး အရင်တုန်းက သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးဖူး၊ တရားတွေလည်း ဟောဖူးပေမယ့် ဒီတစ်ခါတော့ ခေါင်းစဉ်ပြောင်း၊ တင်ပြပုံပြောင်းပြီး ငြိမ်းချမ်းရေးကို လိုလားနေကြတဲ့ သူတွေအနေနဲ့ ဘုရားအလိုတော်ကျ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုငြိမ်းချမ်းရေးမျိုးဖြစ်ကြောင်း တစေ့တစောင်း တင်ပြဖြစ်ခဲ့ပါတယ်။ 

မြတ်စွာဘုရားရှင် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ရဲ့ အရှေ့ဘက်၊ အမ္ဗသဏ္ဍအမည်ရတဲ့ ပုဏ္ဏားရွာရဲ့ မြောက်အရပ်၊ ဝေဒိယကတောင် ဣန္ဒသာလဂူမှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ နတ်တို့သနင်း သိကြားမင်းဟာ ရှင်တော်ဗုဒ္ဓ ဣန္ဒသာလမှာ သီးတင်းသုံးနေတော်မူတဲ့ သတင်းကြားသိပြီး မြတ်စွာဘုရားရှင်ထံ ချည်းကပ်ကာ သိလိုတဲ့ မေးခွန်းတွေကို မေးလျှောက်ပါတယ်။ 

သိကြားမင်း - 
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား... လောကရှိ လူနတ်ဗြဟ္မာ၊ အသုရာနဲ့ နဂါးဂန္ဓဗ္ဗစတဲ့ သတ္တဝါတွေဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းစေဖို့၊ ဒဏ်ထားခြင်းကင်းစေဖို့၊ ဘေးရန်ကင်းစေဖို့၊ အမျက်ထွက်ခြင်း ကင်းစေဖို့၊ ငြိမ်းချမ်းစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ် ဘုရား၊ ဒါပေမယ့် အဲဒီလို လိုလားတောင့်တကြပေမယ့် သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး ရန်ငြိုးဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ ကိုယ်စိတ်ဆင်းရဲအောင် လုပ်ကြ၊ အမျက်ဒေါသထွက်အောင် လုပ်ကြပါတယ်ဘုရား၊ ဒီလို တောင့်တပေမယ့် တောင့်တတိုင်း မဖြစ်တာဟာ ဘယ်လိုအနှောင်အဖွဲ့ အကြောင်းတရားကြောင့်ပါလဲ မြတ်စွာဘုရား”။

မြတ်စွာဘုရား -
“နတ်တို့အရှင် သိကြားမင်း... လောကရှိ ပုဂ္ဂိုလ်သတ္တဝါ အမျိုးမျိုးဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တကြပေမယ့် တောင့်တတဲ့အတိုင်း မဖြစ်ကြတာဟာ အဲဒီပုဂ္ဂိုလ်သတ္တဝါ အသီးသီးမှာ ရှိနေကြတဲ့ ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန် နှစ်ပါးကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿာဆိုတာ သူတပါးကြီးပွားချမ်းသာတဲ့ အပေါ်မှာ မနာလို ဖြစ်တတ်တဲ့ သဘောဖြစ်ပြီး၊ မစ္ဆရိယဆိုတာက ကိုယ့်မှာရှိတဲ့ မရှိမဲ့ရှိမဲ့ အရာလေးတွေ အပေါ်မှာ ဝန်တိုတတ်တဲ့ သဘောမျိုး ဖြစ်ပါတယ် သိကြားမင်း”

သိကြားမင်း -
“အရှင်မြတ်ဘုရား... ဒီလိုဆိုရင် အဲဒီ ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန်နှစ်ပါးဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်လိုတရားမျိုး ရှိရင်ဒီတရားတွေ ဖြစ်ပေါ်ကာ ဘယ်လိုတရားမျိုး မရှိရင် ဒီအတွင်းရန်တွေ မဖြစ်ပေါ်နိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန်တွေဟာ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ သံယောဇဉ်တရားကြောင့် ဖြစ်ပေါ်လာခြင်းပြီး ဒီအချစ်အမုန်း သံယောဇဉ်မရှိရင် မနာလိုခြင်း ဝန်တိုခြင်း အတွင်းရန်တွေလည်း မဖြစ်ပေါ်နိုင်တော့ပေ သိကြားမင်း” 

သိကြားမင်း -
“အရှင်မြတ်ဘုရား... အဲလိုဆိုပါက ဒီအချစ်အမုန်းဆိုတဲ့ သံယောဇဉ်တရားကရော ဘာကြောင့်ဖြစ်ပြီး ဘယ်လိုတရားမျိုး ရှိရင် ဒီသံယောဇဉ်တရား ဖြစ်ပေါ်တတ်ကာ ဘယ်လိုတရားမျိုး မရှိရင် သံယောဇဉ်တရား မဖြစ်ပွားနိုင်ပါသလဲဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... အချစ်အမုန်း သံယောဇဉ်တရားဟာ လိုချင်ခြင်း၊ ဖြစ်ချင်ခြင်း၊ ရချင်ခြင်းဆိုတဲ့ ဆန္ဒတရားကြောင့် ဖြစ်ပေါ်လာတတ်ပြီး ဒီဆန္ဒမရှိရင် သံယောဇဉ်ဆိုတာလည်း ဖြစ်ပေါ်ဖို့ အကြောင်းမရှိနိုင်ပါဘူး သိကြားမင်း”

သိကြားမင်း -
“ရှင်တော်မြတ်ဘုရား... အဲဒီလိုဆိုရင် အဲဒီဆန္ဒတရားကရော ဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုတရားမျိုး မရှိရင် ဒီဆန္ဒတရားဟာ မဖြစ်ပွားနိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... လိုချင်ခြင်း ဆန္ဒတရားဟာ ကြံစည်ခြင်းဆိုတဲ့ ဝိတက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အဲဒီ ဝိတက်ဆိုတဲ့ ကြံစည်ခြင်း မရှိပါက ဆန္ဒဆိုတာလည်း ဖြစ်ပေါ်လာနိုင်စရာ မရှိပါဘူး သိကြားမင်း”

သိကြားမင်း -
“အရှင်မြတ်ဘုရား... ဒီလိုဆိုရင် အဲဒီဝိတက်တရားဟာ ဘယ်လိုတရားမျိုးကြောင့် ဖြစ်ပေါ်လာရပြီး ဘယ်လိုတရားမျိုး မရှိရင် ဝိတက်တရား မဖြစ်ပွားနိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... ကြံစည်ခြင်း ဝိတက်တရားဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရား သုံးပါးကြောင့် ဖြစ်ပေါ်လာတတ်ပြီး လိုချင်တပ်မက်မှု တဏှာ၊ ထောင်လွှားခြင်း မာန၊ အယူလွဲမှားခြင်း ဒိဋ္ဌိဆိုတဲ့ ဒီပပဉ္စတရား သုံးပါးမရှိရင် ကြံစည်ခြင်း ဝိတက်လည်း မရှိနိုင်ပါဘူး သိကြားမင်း“

သိကြားမင်း -
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… ဒီလိုဆိုတော့ သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ ဆိုတဲ့ ပပဉ္စတရား သုံးပါးကို အခြေခံရာက ကြံစည်မှုတွေဖြစ်၊ ကြံစည်မှုကို အကြောင်းပြုပြီး ဆန္ဒတွေဖြစ်၊ ဆန္ဒကို အခြေခံပြီး အချစ်အမုန်းတွေဖြစ်၊ အချစ်အမုန်းကို အကြောင်းပြုပြီး မနာလိုခြင်း ဝန်တိုခြင်းတွေ ဖြစ်ရာက တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းနိုင်ဖြစ်ရတယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ပါပြီ ဘုရား၊ သို့ဆိုလျင် အဲဒီ သံသရာချဲ့ထွင်တတ်တဲ့ တရားတွေ မဖြစ်ပေါ်အောင်ဆိုရင် ဘယ်လိုတရားမျိုးကို အားထုတ်ရတယ်ဆိုတာလည်း မိန့်ကြားတော်မူပါဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း… ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားတွေ မဖြစ်ပေါ်ချင်ရင်တော့ ဝေဒနာကမ္မဋ္ဌာန်းကို ပွားများရမှာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကို ပြောတာဖြစ်တဲ့အတွက် ငြိမ်းချမ်းချင်ရင်၊ ချမ်းသာချင်ရင် ခံစားချက်မှန်သမျှကို သိအောင်ကြိုးစားပြီး ဘယ်လိုခံစားမှုမျိုးကိုမှ လိုက်မခံစားမိဖို့ပဲ ဖြစ်ပါတယ်။ သောမနဿ ဝေဒနာလို့ ခေါ်တဲ့ ဝမ်းမြောက်တဲ့ ခံစားချက်၊ ဒေါမနဿ ဝေဒနာလို့ ခေါ်တဲ့ မနှစ်သက်တဲ့ ခံစားချက်၊ ဥပေက္ခာ ဝေဒနာလို့ ခေါ်တဲ့ ဝမ်းမြောက်တာလည်း မဟုတ်၊ ဝမ်းမမြောက်တာလည်း မဟုတ်တဲ့ လျစ်လျူရှုကာ ကြားချထားတဲ့ ခံစားချက်တွေကို အရှိအတိုင်း သိမှတ်ပြီး ဘယ်လို ခံစားချက်မျိုးပဲ ဖြစ်ဖြစ် အကုသိုလ်ဖြစ်မယ့် ခံစားချက်မျိုးကိုရှောင်ပြီး ကုသိုလ်ဖြစ်မယ့် ခံစားချက်ကို ဆောင်ကာ ဝေဒနာ ကမ္မဋ္ဌာန်း အဖြစ်နဲ့ နိုင်အောင်ပွားများထားမယ်ဆိုရင် ဒီတဏှာ၊ မာန၊ ဒိဋ္ဌဆိုတဲ့ သံသရာချဲ့ထွင်ကြောင်း တရားတွေ လျော့နည်းလာကာ သတ္တဝါတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်လာနိုင်ကြမှာ ဖြစ်ပါတယ် သိကြားမင်း”

သိကြားမင်း -
“မှန်ပါ မြတ်စွာဘုရား… သင့်လျော်ကောင်းမြတ်လှကြောင်းပါ ဘုရား၊ တပည့်တော် အလွန်ကျေနပ် အားရလှပါတယ် ဘုရား၊ သာဓု သာဓု သာဓုပါ ဘုန်းတော်သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရား” (သုတ္တန္တပိဋက၊ ဒီဃနိကာယ၊ သက္ကပဥှသုတ္တ)

ဒါကတော့ သက္ကပဥှသုတ်တော်လာ သိကြားမင်းနဲ့ ဘုရားရှင် မေးဖြေတော်မူကြတဲ့ ငြိမ်းချမ်းရေးတရားအကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ ဒီသုတ်တော်မှာ မြတ်စွာဘုရားရှင်က ဆက်လက်ဟောကြားတော်မူထားတဲ့ အချက်များ၊ အကျယ်တဝင့် မိန့်ကြားတော်မူထားတဲ့ မိန့်တော်မူချက်များ ရှိနေသေးပေမယ့် ဒီနေရာမှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဟောကြားချက်လောက်ကိုပဲ လိုရင်းချုပ်ကာ အများနားလည်နိုင်အောင် ကိုးကားတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ 

ဒီဒေသနာတော်အရ သတ္တဝါတွေ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းနိုင်ကြတာဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာချဲ့ထွင်တတ်တဲ့ တရားသုံးပါးကို အခြေခံရာက ကြံစည်မူတွေ၊ ဆန္ဒတွေ၊ အချစ်အမုန်းတွေ၊ မနာလိုဝန်တိုမှုတွေအထိ အဆင့်အဆင့်ဖြစ်ပွားက နောက်ဆုံးအဲဒီ မနာလိုခြင်း၊ ဝန်တိုခြင်းဆိုတဲ့ အတွင်းရန်နှစ်ပါးက သတ္တဝါများကို တစ်ဦးနဲ့တစ်ဦး မငြိမ်းချမ်းအောင် လုပ်ဆောင်သွားစေတော့တာဖြစ်ကြောင်း မှတ်သားနာယူနိုင်ကြမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုမငြိမ်းချမ်းမှုတွေကို ပြေပျောက်စေချင်ရင် ဝေဒနာကမ္မဋ္ဌာန်းကို ပွားများဖို့ ရှင်တော်ဗုဒ္ဓ ညွန်ပြတော်မူကြောင်းလည်း သိမှတ်နိုင်ကြမှာ ဖြစ်ပါတယ်။ 

အချုပ်ဆိုတော့ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းကြတာဟာ တဏှာမာနဒိဋ္ဌိကို အခြေခံရာက ဝိတက်စတဲ့ တရားတော်များ အဆင့်ဆင့်ဖြစ်ပေါ်လာပြီး နောက်ဆုံးဖြစ်တဲ့ မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ တရားနှစ်ပါးကြောင့်ဆိုတာ လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒါကိုလက်ခံပြီး ဒီတရားတွေ လျော့နည်းသွားအောင် ခံစားချက်မှန်သမျှကို ရှုမှတ်ရမယ့် ဝေဒနာကမ္မဋ္ဌာန်းကိုပဲ နိုင်အောင်ပွားများကြရမှာ ဖြစ်ပါတယ်။ ခံစားချက်မှန်သမျှကို အရှိအတိုင်း ရှုမှတ်ထားနိုင်ပါက ခံစားချက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဒုက္ခဆိုတာလည်း ငြိမ်းချမ်းသွားမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းချင်ရင် ဘာပဲဖြစ်ဖြစ် လိုက်ပြီးမခံစားပစ်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ သတ္တဝါတွေ ငြိမ်းချင်ပေမယ့် မငြိမ်းနိုင်တာဟာ ဘာလေးပဲဖြစ်ဖြစ် လိုက်လိုက်ပြီး ခံစားနေကြလို့ပဲ ဖြစ်ပါတယ်။ ခံစားရာက စွဲမိသွားပြီး စွဲမိရာက အဲဒီအစွဲရဲ့ ချဲ့ထွင်မှုနောက်ကို တကောက်ကောက် ပါသွားကြတော့တာ ဖြစ်ပါတယ်။ အစွဲနောက်ကိုလိုက်ရင်း ကိုယ့်အစွဲနဲ့ကိုယ် အမှန်ထင်ကာ အလွဲတွေနဲ့ ငြိမ်းချင်ပေမယ့် မငြိမ်းနိုင်ကြတော့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ငြိမ်းချမ်းရေးကို အလိုရှိကြတဲ့ သူတွေအနေနဲ့ သူတပါးနဲ့ မငြိမ်းချမ်းကို ကိုယ့်ကိုကိုယ် အရင်ငြိမ်းချမ်းအောင် လုပ်ရမှာဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို လိုက်နာကျင့်သုံးကာ ခံစားချက်မှန်သမျှကို အရှိအတိုင်း ရှုပွားရင်း အစွဲမပါအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း ဘုရားပေးတဲ့ ငြိမ်းချမ်းရေးအကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။ 

Read more »

အတုံ့အလှည့်


တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊
အဆိုခံရသော သူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။
ချုပ်ချယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း၊
သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။
(ဂေါတမဘုရားရှင်)

လိမ်ညာပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကိုဆိုခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားကိုဆိုခြင်းဟူသော နှုတ်ဖြင့်လွန်ကျူးတတ်သည့် ၀စီဒုစရိုက် လေးပါးတို့တွင် ဖရုသ၀ါစာခေါ် ကြမ်းတမ်းသော စကားကိုဆိုခြင်းသည်လည်း မကောင်းသည့် ဒုစရိုက်တစ်မျိုးပင် ဖြစ်၏။ နှုတ်မှထွက်ပေါ်တတ်သည့် ကြမ်းတမ်းသည့်စကားများသည် ပြောသည့်သူနှင့် အပြောခံရ သူများပင်မက ကြားရသူများအထိ နားမချမ်းသာဖွယ် ဖြစ်စေနိုင်သဖြင့် မိမိတို့၏ နှုတ်ကို စောင့်စည်းကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့အပြင် မည်သည့်အလုပ်ပင် ဖြစ်ပါစေ တူသောအကျိုးကို ပေးတတ်သည့် သဘောရှိသဖြင့် မိမိက ကြမ်းတမ်းသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ကြမ်းတမ်းသော စကားကို ပြန်ဆိုတတ်သည်ကို သတိပြု ဆင်ခြင်ရန် လိုအပ်ပေ၏။ ထို့ကြောင့် သူတစ်ပါးထံမှ တုံ့ပြန်မှုကောင်းများ ပြန်ရောက်လာစေရန် မိမိကိုယ်တိုင် ရှေးဦးစွာ တုံ့ပြန်မှုကောင်းများ ပေးရမည်ဖြစ်ကြောင်း၊ မိမိက မကောင်းလျှင် သူတစ်ပါးကလည်း ကောင်းမည်မဟုတ်ကြောင်း၊ အတုံ့အလှည့်ဟူသည် ပြုလုပ်သူထံသို့ တစ်ဖန်ပြန်လာတတ်ကြောင်း ဗုဒ္ဓရှင်တော်မြတ် မိန့်မှာဟောကြားတော်မူခြင်း ဖြစ်၏။

ဗုဒ္ဓလက်ထက်တွင် ကောဏ္ဍဓာနအမည်ရှိသည့် မထေရ်တစ်ပါး ရှိခဲ့၏။ ထိုမထေရ် ရဟန်းဖြစ်သည့်နေ့မှစ၍ အမျိုးသမီးတစ်ဦး၏ အရိပ်သည် မထေရ်နှင့်အတူ ထပ်ကြပ်မကွာ ရှိနေလေ့ရှိ၏။ သို့သော် ထိုအမျိုးသမီးပုံရိပ်ကို မထေရ်မှတပါး အခြားသူများ အားလုံးတွေ့မြင်ကြရ၏။ မထေရ်ကား ဘာမျှမသိရှာပေ။ ဆွမ်းခံသွားလျှင်လည်း ဆွမ်းလောင်းသူများက ဤဆွမ်းသည် အရှင်ဘုရားတို့ အလို့ငှါ ဖြစ်ပါစေ…၊ အရှင်ဘုရားနှင့် အပေါင်းအဖော်မတို့ အလို့ငှါ ဖြစ်ပါစေဟုဆိုကာ လောင်းလှူလေ့ရှိကြ၏။ မထေရ်သည် ထိုအခြင်းအရာကို သဘောမပေါက်နိုင် ဖြစ်နေပေ၏။ ရဟန်းနှင့် မာတုဂါမ အတူရှိနေသကဲ့သို့ မထေရ်နှင့်ထပ်ကြပ်မကွာ ရှိနေသော အမျိုးသမီးအရိပ်ကြောင့် လူအများ၏ အထင်လွဲခြင်းကို ခံနေရ၏။ သတင်းသုံးဖော် ရဟန်းတော်များကလည်း ထို့အတူပင် ကောဏ္ဍဓာန မထေရ်သည် မာတုဂါမနှင့်အတူ သွားလာနေသည်ဟု ထင်မှတ်နေပြီး နောက်ဆုံးတွင် အခြားရဟန်းများသည် ကောသလမင်းထံသို့ သွားရောက်က ထိုမထေရ်ကို ဖမ်းဆီးအရေးယူပေးရန်အထိ ပြောဆိုကြလေ၏။ ကောသလမင်းလည်း ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီး မထေရ်ရှိရာ ကျောင်းတော်သို့ မထေရ်ကိုဖမ်းရန် ထွက်လာခဲ့၏။ ကျောင်းရောက်သည့်အခါ မထေရ်နှင့်အတူ အမျိုးသမီးပုံရိပ်ကို တွေ့နေရ၏။ မထေရ်ကို မေးသည့်အခါ မသိကြောင်း၊ မဟုတ်ကြောင်း ပြောဆိုရာ နောက်ဆုံးတွင် ကောသလမင်းကိုယ်တိုင် မာတုဂါမအစစ်မဟုတ် အတုသာဖြစ်ကြောင်း သဘောပေါက်သွားကာ အရေးမယူဘဲ နန်းတော်မှာပင် ဆွမ်းခံကြွရန် ဖိတ်ကြား ပြန်သွားလေ၏။

စင်စစ် ထိုမထေရ်နှင့် အတူတကွဖြစ်ပေါ်နေသည့် မာတုဂါမပုံရိပ်သည် မထေရ်ကိုယ်တိုင် ပြုလုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးရလာဘ်ပင် ဖြစ်၏။ ကဿပမြတ်စွာဘုရား လက်ထပ်တော်အခါက ဖြစ်၏။ ယခုကောဏ္ဍဓာန မထေရ်သည် ထိုအချိန်က တာဝတိံသာ နတ်ပြည်ရှိ နတ်သားတစ်ယောက် ဖြစ်ခဲ့၏။ ထိုနတ်သားသည် ကဿပဘုရားရှင်၏ တပည့်သာဝက ရဟန်းနှစ်ပါး၏ ညီညွတ်နေမှု၊ တရားတော်များတွင် အတူတကွ ကျင့်သုံးနေထိုင်နေမှု၊ တစ်မိဝမ်းတွမ်းမှ သက်ဆင်းသည့်သူများကဲ့သို့ စိတ်တူကိုယ်တူ ရှိမှုများအပေါ်တွင် မနာလို မရှုစိမ့်ဖြစ်ကာ ထိုမထေရ်နှစ်ပါး ညီညွတ်မှု ပျက်ပြားစေရန် သွေးခွဲခဲ့လေ၏။ မထေရ်နှစ်ပါးအနက် တစ်ပါးသော ရဟန်း၏ နောက်ကွယ်တွင် အမျိုးသမီးတစ်ဦး၏ ပုံကိုဖန်တီးကာ မမြင်ကွယ်ရာတွင် မထေရ်နှင့် မာတုဂါမ အတူရှိပြီး မသင့်လျော်သည့် အနေအထိုင်မျိုး ဖြစ်စေရန် အားထုတ်၏။ ထိုအခြင်းအရာကို အခြားသော ရဟန်းတစ်ပါးက မြင်သော်လည်း ဖန်တီးလုပ်ကြံခံရသည့် မထေရ်ကိုယ်တိုင်ကား မမြင်ရပေ။ ထို့ကြောင့် မြင်ရသော ရဟန်းက အရှင်ဘုရားသည် အကျင့်သိက္ခာ ပျက်ပြားသွားပြီ ဖြစ်သဖြင့် အရှင်ဘုရားနှင့်အတူ ပေါင်းဖော်ခြင်းငှါ မဖြစ်နိုင်ကြောင်း၊ အခြားတစ်ပါးကလည်း မဟုတ်မှန်ကြောင်းစသဖြင့် ငြင်းခုံကြရာမှ မထေရ်နှစ်ပါး ကွဲပြားသွားလေတော့၏။ ထိုမထေရ်နှစ်ပါး ကွားပြားမှုကို ဖန်တီးခဲ့သည့် နတ်သားသည် မိမိလုပ်ခဲ့သည့် အကုသိုလ်အကျိုးကြောင့် အ၀ီစိငရဲတွင် ကျရောက်ခဲ့ပြီး ဘ၀များစွာ အကုသိုလ်အပြစ်ကို ခံရကာ နောက်ဆုံးတွင် ယခုဂေါတမမြတ်စွာဘုရားရှင် လက်ထပ် ကောဏ္ဍဓာနရဟန်းအဖြစ် သာသနာဘောင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။ ရဟန်းဘ၀ရခဲ့သော်လည်း ကဿပဘုရားရှင် လက်ထက် နတ်သားဘ၀က လုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးဆက်အဖြစ် ထိုမထေရ်၏ နောက်တွင် မာတုဂါမ ပုံရိပ်က အမြဲထပ်ကြပ်မကွာ ရှိနေခဲ့ကာ လူအများ၊ ရဟန်းအများ၏ အထင်လွဲမှုကို ခံနေခဲ့ရခြင်း ဖြစ်၏။

ယခု ကောဏ္ဍဓာန ဘ၀တွင် ထင်ဟပ်နေသည့် မာတုဂါမပုံရိပ်ကြောင့် ကောသလမင်းကိုယ်တိုင် ဖမ်းရန်အားထုတ်သော်လည်း အစစ်အမှန် မဟုတ်သဖြင့် မဖမ်းဘဲ နန်းတော်သို့ ဆွမ်းခံကြွရန် ဖိတ်ကြားခဲ့သည့်အပေါ် အခြားရဟန်းတော်များက နားမလည်နိုင်ဘဲ မထေရ်ကို တိုက်ရိုက်ပြောဆိုကာ ကျောင်းတော်မှ နှင်ထုတ်ရန် အားထုတ်ကြပြန်၏။ ထိုအခါတွင် ဘုရင်ကိုယ်တိုင် မဟုတ်မှန်ကြောင်း အသိအမှတ်ပြုထားသည့် ကောဏ္ဍဓာန မထေရ်က သူ့ကိုလာပြောသည့် အခြားရဟန်းတော်များကို ကြမ်းတမ်းသည့်စကားများဖြင့် ပြန်လည်တုံ့ပြန် ပြောဆိုလေတော့၏။ ထိုအကြောင်းကို ရဟန်းတော်များက မြတ်စွာဘုရားရှင်အား လျှောက်ကြားသည့် အခါတွင် မြတ်ဗုဒ္ဓက ကြမ်းကြုတ်သော စကားတို့ဖြင့် ပြန်လှန်တုံ့ပြန်တတ်သည့် ကောဏ္ဍဓာန ရဟန်းကို ပြစ်တင်ပြောဆိုကာ “ကောဏ္ဍဓာန… သင်၏ရှေးဘ၀က ပြုလုပ်ခဲ့သည့် ယုတ်မာသော အမှုကို အမှီပြု၍ သင်သည် ဤဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရ၏၊ ယခုအခါ သင့်အားတစ်ဖန် ထိုသို့သဘောရှိသည့် ကြမ်းကြုတ်ယုတ်မာသည့် အပြောအဆို အပြုအမူမျိုး ပြုမူပြောဆိုခြင်းငှါမသင့်၊ ရဟန်းတို့နှင့်အတူတကွ ယုတ်မာကြမ်းတမ်းသော တစ်စုံတစ်ခုသော စကားကိုမျှ မဆိုလင့်၊ အဆိုခံရသောသူတို့သည် သင့်ကိုတစ်ဖန် ပြန်လှန်ဆိုကုန်ရာ၏။ သူတစ်ပါးကို ဒဏ်ပြုက အတုံအလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။ အနားရေးပြတ်သော ကြေးခွက်သည် အသံမထွက်သကဲ့သို့ သင်သည်လည်း ထိုကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့၊ ဤသို့ပြုသည်ရှိသော် နိဗ္ဗာန်သို့ ရောက်သောသူမည်သည် ဖြစ်လတ္တံ့… (ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ကောဏ္ဍဓာနထေရ၀တ္ထု)”ဟု အနုသန္ဓေစပ်ကာ တရားစကား မိန့်ကြားတော်မူလိုက်၏။ ဘုရားရှင် တရားစကားအဆုံးတွင် ကောဏ္ဍဓာန မထေရ်သည် ရဟန္တာဖြစ်ကာ အခြားသော တရားနာပရိတ်သတ်များသည် ထိုက်သင့်သည့် တရားများ ရသွားကြလေ၏။

ဤကား တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်စသော ဘုရားစကားတော် ဟောကြားခဲ့ဖြစ်ခြင်း၏ အကြောင်းဝတ္ထုပင် ဖြစ်ပါ၏။ ကြမ်းကြုတ်သော စကားကို ဆိုခြင်းနှင့် မဟုတ်မမှန်သည့် လုပ်ရပ်များသည် အတုံ့အပြန်ကို ဖြစ်စေတတ်သည်ကို ထင်ရှားစေခဲ့၏။ မိမိက ပြုလုပ်လိုက်သည့် အကုသိုလ်အလုပ်လေးသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း ခံရသည့်အခါတွင်ကား ဘ၀အဆက်ဆက်မှသည် နောက်ဆုံး ရဟန်းဘ၀အထိပင် ခံရတတ်သည်ကို သတိပြုသင့်လှ၏။ စင်စစ် ကြမ်းတမ်းသည့်စကားနှင့် မကောင်းသည့် လုပ်ရပ်များသည် သံသရာအထိ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယခုဘ၀မှာပင်လျှင် တန်ပြန်တုံ့ပြန်မှုကို ခံရတတ်၏။ မိမိက တစ်စုံတစ်ယောက်အား အပြစ်မရှိဘဲ ကြမ်းတမ်းသောစကားကို ဆိုလိုက်လျှင် အဆိုခံရသူသည်လည်း တစ်ဖန်ပြန်ဆိုမည်ဆိုသည်မှာ အတုံ့အလှည့်ပင် ဖြစ်၏။ မှန်ကြည့်သကဲ့သို့ မိမိက မှန်ကြည့်ပြီး မဲ့ပြလျှင် မှန်တွင်ထင်ဟပ်လာမည့် ပုံရိပ်သည်လည်း မဲ့ပြမည်သာဖြစ်၏။ မိမိက ပြုံးပြလျှင် တစ်ဖန်ပြန်ပြုံးပြမည်သာ ဖြစ်၏။ ထို့အတူ မိမိက ချိုသာသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ချိုသာသည့် စကားဖြင့် ပြန်ဆိုပေးမည်သာ ဖြစ်၏။ ထို့အပြင် အခြားအခြားသော အပြုအမူ အနေအထိုင်များတွင်လည်း ထို့အတူသာဖြစ်၏။ သူတစ်ပါးကို ဒဏ်ပြုကာ ဒုက္ခဖြစ်စေလျှင် မိမိသို့လည်း ထိုဒဏ်ပြုမှုများ၊ ဒုက္ခတရားများသည် ပြန်လည် ရောက်လာမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက မည်သူ့အပေါ်မျှ ကြမ်းကြုတ်သော စကားများကို မဆိုရန်၊ ချုပ်ချယ်မှုကို မပြုရန်၊ မကောင်းသည့် သဘောများဖြင့် ဒုက္ခမပေးမိစေရန် မိန့်တော်မူခြင်း ဖြစ်၏။

မှန်၏။ ကြမ်းကြုတ်သော စကားဆိုလျှင် လူမပြောနှင့် တိရိစ္ဆာန်များပင်လျှင် မကြိုက်တတ်ပေ။ မေတ္တာဓာတ်ပါသည့် ချိုသာစွာ ပြောဆိုတတ်သည့် စကားများဆိုလျှင်ကား တိရိစ္ဆာန်များလည်း နာခံတတ်၏။ ချော့ပြောလျှင် လူမပြောနှင့် သတ္တ၀ါများသည်ပင် စကားနာခံတတ်၏။ ဆူပူကြိမ်းမောင်းပြီး လုပ်စေသည်ထက် အစ်ကိုဖြစ်စေ၊ အစ်မဖြစ်စေ၊ ညီဖြစ်စေ၊ ညီမဖြစ်စေ စသည့် ချိုသာသည့် အပြောအဆို အသုံးအနှုန်းများဖြင့် ပြောဆိုလုပ်ကိုင်စေသည်က အခိုင်းခံရသူများ၏ တုံ့ပြန်မှု ကောင်းများကို ရရှိနိုင်၏။ အရင်းစစ်လျှင် မိမိနှစ်သက်သည်ကို သူတစ်ပါးအား ရှေးဦးစွာပေးနိုင်မှသာ သူတစ်ပါးထံမှလည်း ပြန်လည်ရနိုင်သည့် သဘောပင်ဖြစ်၏။ မိမိကနူးညံ့မှ အခြားသူလည်း နူးညံ့မည်ဖြစ်ပြီး မိမိက ကြမ်းကြုတ်လျှင် အခြားသူလည်း ကြမ်းကြုတ်မည်သာ ဖြစ်၏။ ဤသည်မှာ သဘာဝကျသည့် အတုံ့အလည့် သဘောပင် ဖြစ်ပါ၏။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိ၏ဟု ဆိုသကဲ့သို့ စေတနာပါသည့် လုပ်ရပ်တိုင်းတွင်လည်း တန်ပြန်ဖြစ်ပေါ်တတ်သည့် အတုံ့အလှည့်ဟူသည် ရှိနေပေ၏။ ထို့အတုံ့အလှည့်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြုလုပ်သူ၏ အပေါ်တွင်သာ တည်မှီလေ၏။ ပြုလုပ်သူက အကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် ကောင်းမည်ဖြစ်ပြီး ပြုလုပ်သူက မကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် မကောင်းဖြစ်မည်သာ ဖြစ်၏။ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့် ဖြစ်စေ ပြုလုပ်ပြောဆိုကြံစီမှုများသည် မိမိကိုယ်တိုင်၏ ရွေးချယ်မှုသာဖြစ်ပြီး ထိုအပြုအမူ အပြောအဆို အကြံအစီများ၏ တန်ပြန်သက်ရောက်မှုသည်လည်း ရွေးချယ်ပြုလုပ်ခဲ့သည့် မိမိထံသို့သာ ပြန်လာမည့် အတုံ့အလှည့်များပင် ဖြစ်၏။ အပြုအမူကောင်းလျှင် အတုံ့အလှည့်ကောင်းမည်ဖြစ်ပြီး အပြုအမူဆိုးလျှင် အတုံ့အလှည့် ဆိုးများသာ ဖြစ်၏။

အချုပ်အားဖြင့် မည်သူမဆို အကောင်းကိုသာ အလိုရှိတတ်ကြရာတွင် အကောင်းများဖြစ်စေရန် မိမိကိုယ်တိုင် ရှေးဦးစွာ ကောင်းပြရန် လိုအပ်ပေ၏။ မိမိက မကောင်းလျှင် သူတစ်ပါးလည်း မကောင်းမည်ဖြစ်သဖြင့် မိမိကိုယ်တိုင် မကောင်းမဖြစ်ရန် ကြိုးစားသင့်လှ၏။ အကောင်းအစစ်ဟူသည် မကောင်းမဖြစ်ရန် လိုအပ်သဖြင့် အကြောင်းအပြစ်ကို ကောင်းပြစ်ရန် လိုအပ်ပေ၏။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဖြစ်ပြီး အကျိုးကောင်းခြင်းသည် အတုံ့အလှည့်ကောင်းခြင်းဖြစ်၏။ အတုံ့အလှည့်ကောင်းခြင်းသည့် အကောင်းလုပ်ခဲ့ခြင်းကြောင့် ဖြစ်၏။ ထိုအတုံ့အလှည့်များ၏ တုံ့ပြန်မှုများသည် မိမိ၏ အလုပ်များကြောင့်သာ ဖြစ်ပါ၏။ ထို့ကြောင့် မည်သူမဆို အတုံ့အလှည့်ကောင်းများ ဖြစ်ပေါ်စေရန် အလုပ်လက်နက်ကောင်းဖြင့် အကြောင်းကောင်းအောင် ကြိုးစားကာ မိမိက ရှေးဦးစွာ အကောင်းများဖြင့် ကောင်းပြရန် လိုအပ်ကြောင်း အထူးသတိပြုရမည် ဖြစ်ပါပေတော့၏။ အားလုံး… အတုံ့အလှည့်ကောင်းများဖြင့် တုံ့ပြန်နိုင်ကြပါစေ…

Read more »

ကြိုတင်၍ မသိနိုင်ပါသဖြင့်


ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို 
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရတော်)

မြတ်စွာဘုရားရှင် လက်ထပ်က ယက်ကန်းယက်သည့် ယက်ကန်းသည် ဒကာမလေးတစ်ဦး ရှိခဲ့ပါတယ်။ ငယ်ပေမယ့် ဘာသာရေးကို အထူးလေးပေးတဲ့ ကလေးမလေး ဖြစ်သဖြင့်လည်း ဘုရားရှင်က အဲဒီကလေးမလေးကို အထူးတလည် တရားတော်များ ဟောကြားချီးမြင့်တော်မူသလို အဲဒီကလေးမလေးကို အကြောင်းပြုပြီး အများသူငါ တရားရစေမှုကိုလည်း ဖြစ်စေတော်မူပါတယ်။

တစ်နေ့ ယက်ကန်းသည် ဒကာမလေးဟာ အိမ်ကနေပြီး ယက်ကန်းရုံကိုသွားရာ လမ်းမှာ ဘုရားရှင်တရား ဟောတော်မူနေတာနဲ့ ကြုံတဲ့အတွက် တရားဝင်နာဖြစ်ခဲ့ပါတယ်။ ဘုရားရှင်က အိမ်ကနေပြီး ယက်ကန်းရုံကို သွားမယ့်ဒီဒကာမလေးကို 
“ချစ်သမီး ဘယ်ကလာတာလဲ”လို့ ပရိတ်သတ်ကြားမှာ မေးလိုက်ပါတယ်။
“မသိပါဘုရား”လို့ သူကဖြေတော့ ပရိတ်သတ်တွေက “ဒီကလေးမ ရူးနေလား သူ့အိမ်ကလာတာကို အားလုံးသိနေတဲ့ကြားက မသိပါဘူးလို့ ဖြေနေတယ်”ဆိုပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။
 မြတ်စွာဘုရားရှင်က ယက်ကန်းရုံကိုသွားမယ့်သူ့ကို ဆက်ပြီးတော့ မေးပါတယ်။
“ချစ်သမီး ဘယ်ကိုသွားမှာလဲ”
ယက်ကန်းသည်မလေးက ပြန်ဖြေပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား“။ 
ဘုရားရှင်က နောက်မေးခွန်းတစ်ခု ထပ်မေးပါတယ်။
“ချစ်သမီး မသိဘူးလား”။ 
သူမက ပြန်ဖြေပါတယ်။ 
“အရှင်ဘုရား သိပါတယ်ဘုရား”။ 
ဒီတော့ မြတ်ဗုဒ္ဓက ထပ်မေးပါတယ်။
“ချစ်သမီး တကယ်သိသလား”။ 
ယက်ကန်းသည်မလေးက ပြန်လျှောက်ပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား”။ 

မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်လေးရဲ့ အမေးအဖြေတွေကို နားထောင်ရင်း ပရိတ်သတ်တွေ အတော်ခေါင်းရှုပ်သွားကြတယ် ထင်ပါတယ်။ ယက်ကန်းသည်မလေးကိုလည်း အထူးအဆန်း အရူးတစ်ယောက်လို မြင်သွားကြပြီး အပြစ်တင်သံတွေနဲ့ ဆူညံသွားစေတော့တာပဲ ဖြစ်ပါတယ်။ ဒါကို သိတော်မူတဲ့ မြတ်စွာဘုရားရှင် ယက်ကန်းသည်မလေးကို အမေးအဖြေတွေနဲ့ ပတ်သက်ပြီး ထပ်မေးပါတယ်။

“ချစ်သမီး ငါဘုရားမေးတဲ့ အမေးတွေကို၊ မသိဘူး၊ သိတယ်၊ တကယ်မသိဘူးစသဖြင့် ဖြေဆိုတာ ဘယ်လိုအဓိပ္ဗါယ်နဲ့ ဖြေတာလဲလို့ ဆိုတော့ ယက်ကန်းသည်မလေးက “မှန်ပါအရှင်ဘုရား မြတ်စွာဘုရား အနေနဲ့ တပည့်တော်ကို မေးလိုတဲ့ မေးခွန်းက ဘယ်ဘဝကနေ ဒီလို လူ့ဘဝကို ရောက်လာတာလဲလို့ မေးတယ်ဆိုတာ တွေးပြီး ဘယ်ဘဝက လာတယ်ဆိုတာ တပည့်တော် တကယ်မသိတဲ့ အတွက် မသိပါဘုရားလို့ ဖြေခြင်း ဖြစ်ပါကြောင်း၊ ဘယ်ကိုသွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ ဒီဘဝက သေပြီးတပည့်တော် ဘယ်ဘဝမှာ ဖြစ်မယ်၊ ဘယ်ဘဝကို သွားရမယ်ဆိုတာ တကယ်မသိတဲ့အတွက် မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း၊ သိသလားဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးတော့လည်း သေရမယ်ဆိုတာကို သိနေတဲ့အတွက် သိပါတယ်ဘုရားလို့ ဖြေခြင်းဖြစ်ပါကြောင်း၊ တကယ်သိလားလို့ မေးတဲ့အပေါ်မှာလည်း သေရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန် သေရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့အတွက် မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း” စသဖြင့် အကျယ်တဝင့် ပြန်လည်လျှောက်ထားပါတယ်။ ဒီတော့မှ ပရိတ်သတ်တွေလည်း သဘောပေါက်ကာ သာဓု အကြိမ်ခေါ်ဆို ကြတော့တာ ဖြစ်ပါတယ်။ 

ဒါက မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်မလေးရဲ့ အမေးအဖြေ ဇာတ်လမ်းနဲ့ ဓမ္မသဘင်လေး အကြောင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ပြောချင်တာက ယက်ကန်သည်လေး လျှောက်ထားသလို ပုထုဇဉ်တွေရဲ့ ဘဝအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ပုထုဇဉ်တွေရဲ့ ဘဝဟာ ဘယ်ကလာလို့ ဘယ်ကိုသွားပြီး ဘယ်မှာဘယ်လို သေရမယ်ဆိုတာ ဘယ်လိုမှ အသေအချာ ပြောလို့ မရတဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှကို ကြိုတင်မှန်းဆလို့ မရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။
ဘယ်အသက်အရွယ်မှာ သေရမယ်၊ ဘယ်ရောဂါနဲ့ သေရမယ်၊ ဘယ်အရပ်မှာ သေရမယ်၊ မနက်နေ့ည စတဲ့ ဘယ်အချိန်မှာ သေရမယ်၊ သေပြီးနောက် ဘယ်ဘဝမှာ ပြန်ဖြစ်ရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အဲ သေချာတာ တစ်ခုကတော့ သေရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မွေးခြင်းရဲ့နောက်မှာ သေခြင်းဆိုတာ ရောက်နေမှာဖြစ်တဲ့ အတွက် မွေးလာခဲ့တဲ့ သတ္တဝါမှန်သမျှ သေကြရမှာပဲ ဖြစ်ပါတယ်။ သေခြင်းတရားကတော့ အသေအချာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ နောက် သေချာတာတစ်ခုက အခုအသက်ရှင်နေတဲ့ လက်ရှိအခိုက်အတန့်ပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ တွက်လို့မရတဲ့အတွက် အဲဒီ တွက်မရတာတွေ ရောက်မလာသေးတဲ့အချိန်၊ လက်ရှိအခိုက်အတန့်ဟာ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခိုက်အတန့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့၊ သေချာတဲ့ အခိုက်အတန့်မှာ ကောင်းမှုမျိုးစေ့တွေ စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြဖို့ ပြောရခြင်း ဖြစ်ပါတယ်။ 

ဆိုတော့ကား မမြဲခြင်းတရား၊ မပိုင်ဆိုင်ခြင်းတရား၊ မသေချာခြင်းတရား၊ မသိခြင်းတရားတွေနဲ့ နေနေရတဲ့ ပုထုဇဉ် သတ္တဝါများ အနေနဲ့ ဘဝမှာ သေခြင်းတရား၊ မမြဲခြင်း တရားနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ကြိုတင်ပြီး မသိနိုင်တဲ့အတွက် အသေချာဆုံးဖြစ်တဲ့ လက်ရှိအခိုက်အတန့်မှာပဲ ကောင်းမှုအစုတွေကို ကြိုးစားပြုပြီး ဘုရားရှင်များ ဆုံးမသလို မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး၊ ကိုယ့်စိတ်ကိုကိုယ် ဖြူစင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေး တိုက်တွန်းလိုက်ရပါတယ်။ 

Read more »

အလယ်အလတ်လမ်း


တရားဦးဒေသနာခေါ် ဓမ္မစကြာတရားတော်တွင် မြတ်ဗုဒ္ဓက “အစွန်းနှစ်ပါးကိုရှောင်ပြီး အလယ်အလတ် လမ်းကိုဆောင်ရန်” ဟောကြားတော်မူထား၏။ ကာမဂုဏ်အာရုံများတွင် အလွန်အကျူးလိုက်စားခြင်း အကျင့်နှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းစွာ ညှင်းစဲခြင်းအကျင့်ဟူသော အစွန်းနှစ်ပါး အကျင့်တရား လမ်းစဉ်များကို မလိုက်စားဘဲ အစွန်းမရောက်သည့် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည့် အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြရန် မိန့်တော်မူ၏။ မြတ်ဗုဒ္ဓမိန့်တော်မူသည့် အလယ်အလတ်လမ်းကို မဇ္ဈိမပဋိပဒါလမ်း ဟူ၍ လည်းကောင်း မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ဟူ၍ လည်းကောင်း ခေါ်ဆိုသုံးနှုံးကြ၏။ ဓမ္မစကြာ ဒေသနာတော်တွင် မြတ်စွာဘုရားရှင်ကာ မဇ္ဈိမပဋိပပဒါလမ်းဟူသည် အရိယာသူတော်ကောင်းတို့၏ လျှောက်လမ်းရာ အမြတ်လမ်းသွယ် ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားပင်ဖြစ်ကြောင်း မိန့်တော်မူ၏။ ဤအင်္ဂါရှစ်ပါးရှိသည့် မဂ်လမ်းကို လျှောက်လှမ်းသူသည် မှန်ကန်ပြီး အစွန်းမရောက်သည့် အလယ်အလတ်လမ်းသို့ လျှောက်လှမ်းနေသူ ဖြစ်ပြီး လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြု ဦးတည်နေသူဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြလေ၏။ ထို့ကြောင့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို မှန်ကန်စွာ ကျင့်သုံးလိုသူများသည် မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးရမည်ဟု ဆိုခြင်းဖြစ်ပါ၏။


အလယ်အလတ်လမ်းစဉ် ဖြစ်သည့်အပြင် လွတ်မြောက်ရာအမှန် နိဗ္ဗာန်သို့ သွားရာအကောင်းဆုံး လမ်းသွယ်လည်း ဖြစ်သဖြင့် ဤမဂ္ဂင်ရှစ်ပါးအကြောင်းကို ဗုဒ္ဓရှင်တော်မြတ်သည် အမျိုးမျိုးသော ပရိယာယ်များဖြင့် အမျိုးမျိုးသော ပရိတ်သတ်များအား ဟောကြားပေးခဲ့၏။ ထို့ကြောင့်ပင် ယနေ့ခေတ် ဗုဒ္ဓပိဋကတ်တော်များ၏ ကျမ်းအတော်များများတွင် မဂ္ဂင်ရှစ်ပါးအကြောင်းကို တွေ့နေရခြင်းဖြစ်၏။ သစ္စာလေးပါးတွင်လည်း မဂ္ဂသစ္စာဟူသည် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပြီး ဤမဂ္ဂင်ရှစ်ပါးနှင့် အညီသာ လိုက်နာကျင့်သုံး နေထိုင်သွားလျှင် မဂ္ဂသစ္စာဆိုက်မည် ဖြစ်ကာ မဂ္ဂသစ္စာဆိုက်လျှင် နိရောဓသစ္စာသို့ မျက်မှောက်ပြုမည်ဖြစ်ကြောင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုသူသည် သမုဒယသစ္စာ တဏှာကို အကြွင်းမဲ့ပယ်သတ်ပြီး ဖြစ်ကာ တဏှာကုန်လျှင် ဒုက္ခလည်း ငြိမ်းမည်ဖြစ်သဖြင့် ဒုက္ခသစ္စာကိုလည်း သိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သစ္စာတရားကို ထိုးထွင်း၍ သိရာအမှန် လမ်းစဉ်မြတ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ပွားကြရမည် ဖြစ်ကြောင်း သိစေတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓရှင်တော်မြတ် အထပ်ထပ် မိန့်တော်မူသည် အလယ်အလတ်လမ်းခေါ် မဂ္ဂင်ရှစ်ပါး တရားများမှာ
၁။ သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း (Right View/ 바른 견해)
၂။ သမ္မာသင်္ကပ္ပ = မှန်စွာကြံစည်ခြင်း (Right Thought/ 바른 사유 (생각) )
၃။ သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း (Right Speech/ 바른 말)
၎။ သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း (Right Action/ 바른 행위 (행동))
၅။ သမ္မအာဇီဝ = မှန်စွာအသက်မွေးခြင်း (Right Lively hood/ 바른 생계)
၆။ သမ္မာဝါယမ = မှန်စွာအားထုတ်ခြင်း (Right Effort/ 바른 정진 (노력))
၇။ သမ္မာသတိ = မှန်စွာအောက်မေ့ခြင်း (Right Mindfulness/ 바른 마음챙김 (알아차림))
၈။ သမ္မာသမာဓိ = မှန်စွာတည်ကြည်ခြင်း (Right Concentration/ 바른 삼매) ဟူသော လမ်းစဉ်အင်္ဂါ ရှစ်ပါးပင် ဖြစ်ပါ၏။ ထိုလမ်းစဉ်ရှစ်ပါး၏ တစ်ခုချင်း အဖွင့်ကိုလည်း မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာန သုတ်တွင် အောက်ပါအတိုင်း အကျယ်ဟောကြားတော်မူခဲ့၏။

“ - ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။ ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤသိမြင်ခြင်းကို မှန်စွာသိမြင်ခြင်း သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။ (ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်စီခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤကြံစည်ခြင်းကို မှန်စွာကြံခြင်း သမ္မာသင်္ကပ္ပဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဂုံးတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း သမ္မာဝါစာဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာကမ္မန္တသည် အဘယ်နည်း။ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာအသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤအသက်မွေးခြင်းကို မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤအားထုတ်ခြင်းကို မှန်စွာအားထုတ်ခြင်း သမ္မာဝါယာမဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအောက်မေ့ခြင်း သတိကို မှန်စွာအောက်မေ့ခြင်း သမ္မာသတိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင်ဖြစ်သော အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ၀ိတက်နှင့်တကွဖြစ်သော ၀ိစာရာနှင့်တကွ ဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ၀ိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော သမာဓိကို ပွားစေတတ်သော ၀ိတက်လည်းမရှိသော ၀ိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ရောက်၍နေ၏။ ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် ဆင်ခြင်လျက်နေ၏။ သုခကိုလည်း ကိုယ်ဖြင့်ခံစား၏။ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ၀မ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ခြင်းကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကင်းသော(ဥပေက္ခာ)ကြောင့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ ” 
ဤကား မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာအဖွင့်တွင် မြတ်ဗုဒ္ဓဖွင့်ဆို ရှင်းပြတော်မူသည့် မဂ္ဂင်ရှစ်ပါး ဖွင့်ဆိုချက်များပင် ဖြစ်ပါ၏။ထိုဖွင့်ဆိုချက်များအရ အလယ်အလတ်လမ်းကို လျှောက်လှမ်းသည်ဟူသည်မှာ အထက်ပါ အင်္ဂါရပ်များနှင့်အညီ ကျင့်သုံးနေထိုင်ခြင်းပင်ဖြစ်ကြောင်း နားလည်သဘောပေါက် နိုင်မည်ဖြစ်၏။ 

သို့ဆိုလျှင် ကိလေသာများ ထူပြောလှသည့် ပုထုဇင်များ အနေဖြင့် နေ့စဉ်ဘ၀ လှုပ်ရှားမှုများတွင် ထိုဖွင့်ဆိုချက်များနှင့် အညီနေထိုင်နိုင်ရန်မှာ လွယ်ကူလှသည့် အလုပ်မဟုတ်လှပေ။ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နိုင်ရန်မှာ မဖြစ်နိုင်သည့် သဘောတွင် ရှိနေပေ၏။ သို့သော် ဖြစ်နိုင်သည့်နည်း တစ်ခုကား ရှိ၏။ ထိုနည်းကား ၀ိပဿနာတရား အားထုတ်၍ နေခြင်းပင်ဖြစ်၏။ ၀ိပဿနာ တရားအားထုတ်နေသူသည် မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေသူ၊ အလမ်းအလတ်လမ်းကို လျှောက်လှမ်းနေသူဟု ဆိုနိုင်ပေ၏။ အကြောင်းကား ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် သတိတရားကို မလွတ်တမ်း ထိန်းချုပ်နေနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ၏။

မှန်၏။ သတိဟူသည် ပိုသည်မရှိ လိုသည်သာ ဖြစ်၏ဟု ဆိုသကဲ့သို့ သတိတရားကို မလွတ်တမ်း ထိန်းသိမ်း စောင့်ရှောက် နေသူသည်လည်း အရာရာတွင် သတိရှိနေသဖြင့် အမြင်မှားသည်၊ အတွေးမှားသည်၊ အပြောမှားသည် စသည်ဖြင့် ရှိနိုင်မည် မဟုတ်လှပေ။ ထိုသို့ သတိဖြင့် နေထိုင်နေသမျှ မဂ္ဂင်ရှစ်ပါးနှင့်လည်း ပြည့်စုံနေသည်သာ ဖြစ်နေပေ၏။ ဥပမာအားဖြင့် သတိတရားဖြင့် အာနာပါနခေါ် ထွက်သက်ဝင်သက်ကို မလွတ်တမ်း သိမှတ်ရှုမှတ်နေသူ ယောဂီအား ၀င်လေထွက်လေ အစအဆုံးကို မလွတ်တမ်း သိနေသည့်အခါ စိတ်အစဉ်သည် အပြင်မရောက်ဘဲ ခန္ဓာကိုယ်နှင့် စိတ်တွင်သာ ရှိနေသဖြင့် ထွက်လေ၀င်လေ တစ်မှတ်ရတိုင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားနှင့် ပြည့်စုံညီညွတ်နေမည်သာ ဖြစ်၏။ အမှတ်မလွတ်ဘဲ နေနေသဖြင့် အမြင်လည်းမှန်နေ၊ အကြံအစည်လည်းမှန်နေ၊ အပြောအဆိုလည်း မှန်နေ၊ အလုပ်အကိုင်လည်းမှန်နေ၊ အသက်မွေးမှုလည်းမှန်နေ၊ လုံလအားထုတ်မှုလည်းမှန်နေ၊ အောက်မေ့သတိရှိမှုလည်းမှန်နေ၊ တည်ကြည်မှုလည်း မှန်နေမည်သာဖြစ်၏။ သတိဖြင့် ၀င်လေထွက်လေကို ရှုမှတ်နေသမျှ ရှူထုတ်တိုင်း ရှူသွင်းတိုင်း မဂ္ဂင်ရှစ်ပါး ဆိုက်နေမည်သာ ဖြစ်၏။ ထို့ကြောင့် အခြားအချိန်တွင် မဂ္ဂင်ရှစ်ပါးနှင့် အညီနေနိုင်ရန် မဖြစ်နိုင်သော်လည်း သတိရှိရှိနှင့် တရားအားထုတ်နေသည့် အချိန်သည်ကား မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေကြသည်သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပြီး အလယ်အလတ်လမ်းကို လျှောက်လှမ်းလိုသူများသည် တရားအားထုတ်ကြရမည်သာ ဖြစ်ကြောင်းလည်း တိုက်တွန်းကြခြင်း ဖြစ်၏။

ဤ၌ အထူး သတိပြုရမည်မှာ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် တရားအားထုတ်ရမည်ဟု ဆိုသဖြင့် နေ့စဉ်စားဝတ်နေရေးများကို ပစ်ပြီး တရားရိပ်သာသွားကာ တရားပဲအားထုတ် နေရမည်လားဟု စောဒကတက်ဖွယ် ဖြစ်နေပေ၏။ ထိုသို့မဟုတ်။ တရားအားထုတ်သည် ဟူသည်မှာ ရိပ်သာသွားပြီး အားထုတ်နိုင်မှ တရားအားထုတ်သည်မဟုတ်။ မိမိတို့၏ နေ့စဉ်နေထိုင် လှုပ်ရှားနေသည့် လှုပ်ရှားမှုများတွင်ပင် သတိတရားဖြင့် မလွတ်တမ်း လိုက်လိုက်သိမှတ် ပေးနေလျှင်ပင် တရားအားထုတ်သည်ဟု ဆိုနိုင်ပေ၏။ ရုပ်တရားနှင့် စိတ်တွင်ဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများ၊ ခံစားမှုများ၊ အတွေးအကြံများကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်များတွင် အရှိအတိုင်း လိုက်လိုက်ပြီး သိပေးနေလျှင်ပင် သတိရှိနေပြီး တရားအားထုတ်နေသည်သာ ဖြစ်သဖြင့် နေ့စဉ်လှုပ်ရှားရင်းဖြင့်ပင် တရားအားထုတ်နိုင်အောင် ကြိုးစားကာ အလယ်အလတ်လမ်းကို လျှောက်လှမ်းကြည့်ရန် တိုက်တွန်းတော်မူခြင်း ဖြစ်ပါ၏။

သို့ဖြစ်၍ ဗုဒ္ဓဘာသာတွင် အထူးပြု ပြောဆိုဟောပြောထားသည့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို လျှောက်လမ်းလိုသူများသည် အခြားအခြား သာမန်အချိန်များတွင် ထိုလမ်းစဉ်အတိုင်း နေထိုင်နိုင်ရန်မှာ မလွယ်လှသဖြင့် အလွယ်ဆုံးနည်းဖြစ်သည့် မည်သို့သောအချိန်၊ မည်သို့သော နေရာတွင် မည်သို့သော ပုံစံများဖြင့် ရှိနေစေကာမှု ထိုနေ့စဉ် လှုပ်ရှားမှုများတွင်ပင် အမှတ်သတိ မပြတ်ရှိပြီး စိတ်နှင့်ရုပ်တွင် ဖြစ်ပေါ်နေသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများ၏ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို မလွတ်တမ်း လိုက်လိုက်သိပေးနေသည့် တရားအားထုတ်နည်းကို အသုံးပြု၍ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်ရန်သာ ကြိုးစားရမည်ဖြစ်ကြောင်း၊ ဤသို့နေထိုင်နိုင်ခြင်းသည် အလယ်အလတ်လမ်းကို လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း တင်ပြရင်း မဂ္ဂင်ရှစ်ရပ် လမ်းစဉ်မြတ်၏ အရေးပါးမှု၊ လိုအပ်မှုကို ဓမ္မအနှစ်သာရ တစ်ခုအဖြစ် နှစ်သက်မှုတစ်ခု ပြုလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ