Showing posts with label လွဲနေတာလေးများ. Show all posts
Showing posts with label လွဲနေတာလေးများ. Show all posts

နဲနဲလေးတော့ လွဲနေတယ် (၂၀)...

ပံသုကူ (ပံ့သကူ) အလှူနဲ့ ထီပေါက်မှု/ မပေါက်မှု
မနှစ်က ဘုန်းဘုန်းမြန်မာပြည်မှာရှိတုန်း ပို့ချခဲ့တဲ့ သင်တန်းတစ်ခုမှာ သင်တန်းသားတွေကို မသိတာရှိရင် မေးပါဆိုတော့ ဒကာမကြီး တစ်ယောက်က “ဘုန်းဘုန်းဘုရား ပံ့သကူပစ်ရင် ထီပေါက်တယ်ဆိုတာ ဟုတ်လားဘုရား” လို့ မေးဖူးပါတယ်။ ဒကာမကြီးရဲ့ အမေးကိုကြားတော့ “ဘယ်ကဘယ်လို ကြားလာတာလဲ ဒကာမကြီးရယ် အဲဒီလိုဆို ဘုန်းဘုန်းတို့လည်း ဒီပေါက်အောင် ပံ့သကူပဲ ပစ်နေမှာပေါ့”လို့ ပြန်ပြောရင်း မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတဲ့ အယူအဆလေးများအကြောင်း ရှင်းပြပေးဖြစ်ခဲ့ပါတယ်။ တစ်ခါတုန်းကလည်း ဒကာတစ်ယောက်က “အရှင်ဘုရားရေ တိုက်ဆိုင်တာလားတော့ မပြောတတ်ဘူး၊ တပည့်တော် မနှစ်က သီတင်းကျွတ်တုန်းက စာသင်တိုက်တစ်ခုထဲမှာသွားပြီး ပံ့သကူသင်္ကန်းတစ်စုံ ပစ်ခဲ့ဖူးပါတယ်။ အဲဒီကအပြန် ထီလည်းထိုးဖြစ်ခဲ့ပါတယ်။ ထီထွက်လာတော့ တပည့်တော် နှစ်သိန်းဆု ပေါက်တယ်ဘုရား၊ တပည့်တော်ကတော့ ဒီလိုကံကောင်းလာတာ အဲဒီတုန်းက လှူခဲ့တဲ့ ပံ့သကူ သင်္ကန်းအလှူကြောင့်ပဲလို့ ထင်တယ်ဘုရား” စသဖြင့် လျှောက်ဖူးပါတယ်။ သူ့စကားအတိုင်း “ဟုတ်တယ် ဒကာရေ၊ ဒကာပြောသလိုပဲ တိုက်ဆိုင်မှုလို့ပဲ သဘောထားလိုက်ပါ”လို့ ပြောရင်း ကုသိုလ်ကံတွေရဲ့ သဘောကို ပြောပြဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာ အချို့မှာ ပံသုကူအလှူနဲ့ ပတ်သက်ပြီး ပံသုကူပစ်ရင် ဘာပေါက်တယ်၊ ညာပေါက်တယ်ဆိုတဲ့ အယူအစွဲ အလွဲလေးတွေ ရှိနေတာကို တွေ့ရတတ်ပါတယ်။ လွဲဆိုရင် အခေါ်အဝေါ်ကစပြီး လွဲနေတာ ဖြစ်ပါတယ်။ သူတို့ခေါ်နေကြတာက ပံ့သကူလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်လည်းမသိ အခေါ်လည်း လွဲနေပေမယ့် ဒီလွဲနေတာကို လွဲနေမှန်း မသိဘဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ပြောဆိုနေကြတဲ့ ပံ့သကူဆိုတာ ပံသုကူလိကဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ပံသုဆိုတာ မြေ၊ မြေမှုန့်လို့ အဓိပ္ပါယ်ရပြီး ကူလိကဆိုတာ လိမ်းကျံခြင်း၊ လွှမ်းမိုးကျရောက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ကား ပံသုကူလို့ပြောရင် မြေမှုန့်လိမ်းကျံနေတဲ့ စွန့်ပစ်အရာလို့ အလွယ်နားလည်ထား နိုင်ပါတယ်။ အဲဒီလို စွန့်ပစ်ထားတဲ့ မြေမှုန့်လိမ်းကျံနေတဲ့ အရာတွေကို ကောက်ယူသုံးဆောင်ခြင်းကိုပဲ ပံသုကူဆောင်လို့ဆိုတာ ဖြစ်ပါတယ်။ ပံသုကူသင်္ကန်းဆိုရင်လည်း အများက မသုံးဆောင်တော့ဘဲ စွန့်ပစ်ထားတဲ့ အဝတ်အပိုင်းအစတွေကို ကောက်ယူသန့်စင်ပြီး သင်္ကန်းအဖြစ် ချုပ်လုပ်ထားတဲ့ သင်္ကန်းမျိုးကိုဆိုပြီး ဒီသင်္ကန်းကို ဝတ်ရုံသုံးဆောင်တဲ့ ရဟန်းကို ပံသုကူဆောင် ရဟန်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးကို ယူပြီး ဒီနေ့ခေတ်မှာတော့ ပံသုကူဆောင် ရဟန်းတော်များ ရှိသလို ပံသုကူပစ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ပံသုကူပစ်တယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ရဟန်းကိုမှ မရည်ရွယ်ဘဲ ရဟန်းတော်များ အသွားအလာများတဲ့ နေရာဒေသတွေမှာ သင်္ကန်းစတဲ့ အသုံးအဆောင်ပစ္စည်းများကို ပံသုကူပါဘုရားဆိုပြီး ရေးသားစွန့်ပစ် လှူဒါန်းထားတာကို ဆိုတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ကို သီးသန့်ရည်မှန်းပြီး လှူဒါန်းတာမဟုတ်ဘဲ ထိုက်တဲ့ပုဂ္ဂိုလ်များ ခံယူသုံးဆောင်ဖို့ စွန့်လှူတာ ဖြစ်တဲ့အတွက် အလှူအနေနဲ့ ပုဂ္ဂလိက အလှူထက် ပိုပြီးအကျိုးရှိတတ်ပါတယ်။ ဒီလို အကျိုးထူးရှိတဲ့ အတွက်လည်း တစ်ချို့က ပံသုကူအလှူကို လှူကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ ပံသုကူကို ကိုယ်ကောင်းစားရေးအတွက် အသုံးချတတ်တာတွေလည်း ရှိပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်ကနေပြီးတော့ “ထီပေါက်ကိန်းရှိတယ်၊ ဘယ်မှာသွားပြီး ဘာလေးကိုတော့ ပံသုကူပစ်လိုက်ပါ”လို့ ပြောတာကို လူတွေက လိုက်လုပ်ရင်း ပံသုကူအလှူနဲ့ ထီကိစ္စလေးတွေက ပြောစရာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ချို့လည်း အဲဒီလို ပံသုကူပစ်ပြီးတော့မှ ဘာပေါက်တာ၊ ညာပေါက်တာတွေ ဖြစ်လာတော့ ဒါ ပံသုကူပစ်လိုက်လို့ပဲ ဆိုတာတွေလည်း ဖြစ်လာတာ ဖြစ်ပါတယ်။ စဉ်းစားကြည့်တော့ ဒါဟာ ပံသုကူပစ်လို့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အဲဒီလိုသာ ဖြစ်ကြေးဆိုရင် လူတိုင်းပံသုကူပစ်ပြီး လူတိုင်းထီတွေ ချဲတွေပေါက်ကုန်ကြတော့မှာပေါ့။ ပြောရရင် အတော်လေးကို လွဲနေတော့တာပါ။

အမှန်တော့ ဒါဟာ တိုက်ဆိုင်မှုတွေ့ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ပံသုကူပစ်လို့ ထီပေါက်တာဆိုရင်လည်း ပံသုကူကြောင့်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကံကိုကံနဲ့ ဆင့်ပေးလိုက်တဲ့အတွက် အကျိုးပေးကောင်းတွေ ဖြစ်လာတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ တကယ်တော့ လူတိုင်းလူတိုင်းအတွက် ကံဆိုတာ အတိတ်ကံရှိသလို ပစ္စုပ္ပန်ကံလည်း ရှိတတ်ပါတယ်။ အတိတ်က ကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် မကောင်းကံတွေက အားကြီးနေရင် အတိတ်ကံ အကျိုးပေးခွင့် မသာသလို အတိတ်က မကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် ကောင်းကံတွေက အားကြီးနေရင်လည်း အတိတ်က မကောင်းကံတွေ အကျိုးပေးခွင့် မသာပြန်ပါဘူး။ အဲဒီအတွက်ကြောင့် ပစ္စုပ္ပန်မှာ ကောင်းကံတွေ အားကြီးအောင် ကုသိုလ်ကောင်းမှု များများလုပ်စေကြခြင်း ဖြစ်ပါတယ်။ ခုနပြောခဲ့သလို ပံသုကူအလှူ လှူလိုက်ချိန်မှာ ကောင်းတဲ့အကျိုးတရားတွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတဲ့ သူတွေမှာလည်း ဒါဟာ အတိတ်ကံကို ပစ္စုပ္ပန်ကောင်းကံလေးတွေနဲ့ ဖွင့်ပေးတဲ့အတွက်ကြောင့် လက်တွေ့မှာ ကောင်းကံလေးတွေ ဖြစ်ပေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်က ထီပေါက်လိမ့်မယ် ပံသုကူပစ်လိုက်ဆိုတဲ့ အတွက်ကြောင့် ထီပေါက်လာတာ မဟုတ်ဘူးဆိုတာတော့ အသေချာပဲ ဖြစ်ပါတယ်။

ပြောချင်တာက ပံသုကူပစ်ရင် ထီပေါက်တယ်ဆိုတဲ့ အယူအစွဲဟာ မမှန်ဘူးဆိုတာနဲ့ အကယ်၍ တိုက်ဆိုင်လို့ ထီပေါက်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ကုသိုလ်ကံကြောင့် ကံပွင့်လာတာဖြစ်တယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ပံသုကူပစ်တိုင်းသာ ထီပေါက်ကြမယ်ဆိုရင် ဘာမှမလုပ်ဘဲ ပံသုကူပဲ ပစ်နေကြဖို့တောင် ကောင်းတယ်လို့ ပြောလိုက်ချင်ပေမယ့် တကယ်တော့ ဒီလိုကောင်းကျိုးလေးတွေ ဖြစ်လာတာဟာ ပံသုကူကြောင့်မဟုတ်ဘဲ ကောင်းကံကိုကောင်းကံတွေနဲ့ ဆင့်ပေးလိုက်တဲ့ အတွက်ကြောင့် ကောင်းကျိုးလေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်ဆိုတာကိုပဲ ပြောပေးရမှာ ဖြစ်ပါတယ်။ တကယ်လည်း ကောင်းမှုကုသိုလ်တွေရဲ့ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတတ်တဲ့ အလွဲအစွဲတွေထဲမှာ ပံသုကူအလှူဟာ ထီပေါက်စေတယ်ဆိုတဲ့ အယူအစွဲလေးများလည်း ရှိနေတတ်တဲ့အတွက် တိုက်ဆိုင်လို့ ထီတွေဘာတွေ ပေါက်ခဲ့တယ်ဆိုရင်လည်း ဒါဟာ ပံသုကူပစ်လို့ ထီပေါက်တယ်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့် ကောင်းကျိုးလေးတွေ ဖြစ်လာတဲ့ သဘောပဲဆိုတာကို သေချာသဘောပေါက် နားလည်လက်ခံပြီး ဒီထက်မက ကောင်းကျိုးရချင်ရင်တော့ ဒီထက်မက မကောင်းမှုရှောင်ပြီး ကောင်းမှုကိုသာ ဆောင်ကြဖို့နဲ့ အစွဲတရားနဲ့ လွဲမှားနေမယ့် အလွဲများအစား အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ ကံတရားကိုသာ အလေးထားပြီး လွဲနေတာကို မလွဲအောင်သာ ကြိုးစားကြပါလို့ပဲ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၉)...

ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်း
မြန်မာဗုဒ္ဓဘာသာ အများစု လွဲနေတတ်တဲ့ အရိုးစွဲနေတဲ့ အလွဲတွေထဲမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အလွဲလေးတွေလည်း ရှိနေပြန်ပါတယ်။ ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အပြောအဆို အမှတ်မှား အလွဲတွေကြားထဲက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တော်တော်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတဲ့ အလွဲတစ်ခု ဖြစ်ပါတယ်။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဝါတွင်းကာလ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းကိုလည်း နည်းနည်းလေးတော့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြရန် အကြောင်းဖန်လာခဲ့ပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီးချိန်မှသာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်အနေနဲ့ ၀ါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များ ၀ါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ သေချာတာကတော့ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူဘူးဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတဲ့ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။

ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းပြောဆိုရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၈)...

သိမ်နဲ့ အမျိုးသမီး
ဗုဒ္ဓဘာသာ မြန်မာတွေကြားမှာ အရိုးစွဲပြီး အမှတ်လွဲနေတတ်တဲ့ အလွဲလေးတွေအကြောင်း ထောက်ပြပေးတဲ့ စာတွေရေးပေးနေတာကိုသိတော့ ဆရာတော်တစ်ပါးက သိမ်နဲ့အမျိုးသမီး အကြောင်းကိုလည်း စာရေးပေးဖို့ မိန့်ကြားဖူးပါတယ်။ ဆရာတော် မမိန့်ခင်ကတည်းက ရေးဖို့ရည်ရွယ်ချက် ရှိနေပေမယ့် မရေးဖြစ်ဘဲ အခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ တောရွာအတော်များများမှာ တစ်ရွာသိမ်တစ်လုံးတော့ ရှိနေတတ်ကြပါတယ်။ အဲဒီလို သိမ်တွေရှိနေပေမယ့် အမျိုးသမီးတွေ အနေနဲ့ သိမ်ထဲကို မဝင်ရဘူး၊ မဝင်းကောင်းဘူးဆိုတဲ့ အစွဲတွေ၊ အပြောတွေကြောင့် သေတဲ့အထိ သိမ်ထဲကို မဝင်ဖူးကြတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ အခုနောက်ပိုင်း သိမ်တွေထဲမှာ အခမ်းအနားတွေအထိ လုပ်လာကြတဲ့အတွက် အမျိုးသမီးနဲ့ သိမ်ကသိပ်ပြီး အထူးအဆန်း မဟုတ်တော့ပါဘူး။

ဆန်းနေတာက တောရွာစရိုက်၊ တောနေယဉ်ကျေးမှုနဲ့ တောနေဘုန်းကြီး၊ တောနေလူတွေရဲ့ အရိုးစွဲနေတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။ သိမ်ထဲကို အမျိုးသမီး မဝင်ကောင်းတာ ဘာဖြစ်လို့လဲ…၊ ဘုရားဟောထားလို့လား…၊ ဝင်ရင်သိမ်ပျက်မှာစိုးလို့လား…၊ ကံပျက်မှာစိုးလို့လား..၊ အမျိုးသမီး ဖြစ်နေလို့ မဝင်ရတာလား… စတဲ့ အမေးပေါင်းများစွာနဲ့ သိမ်နဲ့အမျိုးသမီး ကိစ္စက အများထောက်ပြစရာ ဖြစ်လာပါတယ်။ တကယ်လို့ မေးလာမယ်ဆိုရင်လည်း သိမ်ထဲကို မဝင်ကောင်းဘူးလို့ ပြောနေသူတွေ ကိုယ်တိုင်က ရေရေရာရာ ဖြေစရာ ရှိမှာမဟုတ်ပါဘူး။ ဒီလို သိမ်တွေ၊ ဘုရားတွေ၊ ကျောင်းကန်တွေမှာ အမျိုးသမီး မဝင်ကောင်း၊ မတက်ကောင်းဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆတွေဟာ ဘုရားဟောသလိုလို၊ ရှေးထုံးလိုလို၊ အစဉ်အလာလိုလိုနဲ့ နည်းနည်းလေးတော့ လွဲကိုလွဲနေတော့တာ ဖြစ်ပါတယ်။

သိမ်နဲ့ပတ်သက်ပြီး အမျိုးသမီးများ အနေနဲ့ ရဟန်းတော်များ ကံဆောင်နေတဲ့အချိန်မှာ နိမိတ်စည်းထဲကို မဝင်ကောင်းဘူးဆိုရင် အထူးပြောစရာ မရှိပါဘူး။ ဒါတောင်မှ သိမ်ထဲကို မဝင်းကောင်းတာမဟုတ်ပါဘူး။ သိမ်အထဲမှာရှိတဲ့ နိမိတ်စည်းထဲကို မဝင်ကောင်းတာပါ။ ဒါကလည်း နိမိတ်စည်းထဲမှာ ရှိတဲ့ရဟန်းတော်များ အာပတ်သင့်မှာ စိုးလို့ပါ။ ကံပျက်လို့တော့ မဟုတ်ပါဘူး။ ခုဟာက ကံဆောင်နေတဲ့အချိန် မဟုတ်တဲ့ တခြားအချိန်တွေမှာလည်း သိမ်ထဲကို အမျိုးသမီးတွေ မဝင်ကောင်းဘူးဆိုတဲ့ အယူအဆ၊ အပြောအဆို၊ အစွဲအလန်းတွေကြောင့် သိမ်နဲ့အမျိုးသမီးဟာ ဘယ်လိုမှဆက်စပ်လို့မရတဲ့ အရာတစ်ခုလို ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ဆိုသလို သိမ်ထဲကို ဝင်မိတဲ့ အမျိုးသမီး တစ်ခုခုတိုက်ဆိုင်ပြီး ဖြစ်ရင်တောင်မှ ဒါဟာ သိမ်ထဲကို ဝင်လို့ဖြစ်တာဆိုတဲ့ အယူအဆတွေက ရှိနေပြန်တော့ တောနေအမျိုးသမီးတွေဟာ သိမ်ဆိုရင် ဝေးဝေးကကို ရှောင်နေကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ သိမ်ထဲကို မဝင်ကောင်းတာက အမျိုးသမီးတွေ မဟုတ်ပါဘူး။ ရဟန်းတော်တွေပါ။ ရဟန်းတော်တွေဟာ ကံဆောင်နေတဲ့အချိန် သိမ်ထဲမှာ ရှိနေပါက တစ်ပါးနဲ့တစ်ပါး နှစ်တောင့်ထွာနိမိတ် ထိစပ်ပြီး နိမိတ်အတွင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ကံဆောင်နေတဲ့အချိန် သိမ်ထဲမှာရှိနေပြီး နိမိတ်အပြင်ကို ရောက်နေပါက ကံပျက်ပါတယ်။ ဒါကြောင့် ကံဆောင်နေတဲ့အချိန်ဆိုရင် ရဟန်းတော်များဟာ သိမ်ထဲမှာရှိတဲ့ နိမိတ်အတွင်းမှာ ရှိရင်ရှိ၊ မရှိရင် သိမ်အပြင်မှာပဲ ရှိနေရပါမယ်။ သိမ်ထဲမှာရှိနေပြီး နိမိတ်စည်းအပြင် ရောက်နေတယ်ဆိုရင်တော့ ကံပျက်ပါတယ်။ ဒီလို သဘောတွေကြောင့် ဘာပဲဖြစ်ဖြစ် ကံဆောင်နေတဲ့အချိန်မှာ ရဟန်းတော်များ အနေနဲ့သိမ်ထဲကို မဝင်းကောင်းဘူးလို့ ဆိုတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တွေ၊ သာမဏေတွေ အနေနဲ့ကတော့ ကံဆောင်နေတဲ့ အချိန်မှာ သိမ်ထဲမပြောနဲ့ သိမ်ထဲမှာရှိတဲ့ နိမိတ်စည်းထဲအထိ ဝင်မိတာတောင်မှ ရဟန်းတော်များ ဆောင်နေတဲ့ ကံကပျက်မသွားပါဘူး။ နိမိတ်ထဲမှာ လူသာမဏေ ရှိနေလျက်နဲ့ ကံဆောင်နေကြတဲ့ ရဟန်းတော်များမှာပဲ အာပတ်သင့်ပါတယ်။ ဒီလိုဆိုတော့ ကံဆောင်နေတဲ့အချိန်မှာ ကံပျက်မှု မပျက်မှုဟာ ရဟန်းတော်များနဲ့ပဲ သက်ဆိုင်ပြီး လူပုဂ္ဂိုလ်များနဲ့ မသက်ဆိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ လူပုဂ္ဂိုလ်လို့ဆိုတဲ့အတွက် အမျိုးသမီးများလည်း အကျုံးဝင်ပြီး ဖြစ်ပါတယ်။

ဆိုလိုတာက သိမ်ထဲကို အမျိုးသမီး မဝင်းကောင်းဘူးဆိုတဲ့ အယူအဆတွေမှာ ဝင်ရင်ကံပျက်တတ်တဲ့ အတွက် မဝင်ကောင်းတာ ဖြစ်တယ်လို့ဆိုရင် ဒါဟာ လွဲနေတဲ့ အလွဲတစ်ခုပဲ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးသမီးဝင်ခြင်းကြောင့် ဘယ်လိုမှ ရဟန်းတော်များ ဆောင်နေတဲ့ ကံကိစ္စ ပျက်သွားခြင်း မရှိတဲ့အတွက် ဒီအကြောင်းပြချက်ကြောင့် မဝင်ကောင်းဘူးဆိုရင် မှားနေတာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ သိမ်ထဲမှာ ရဟန်းတော် တစ်ပါးတည်း ရှိတတ်တာတို့၊ ဆိတ်ကွယ်ရာ အရပ်မှာ မာတုဂါမ ရှိနေတာဟာ မသင့်လျော်တာတို့၊ မာတုဂါမကြောင့် ရဟန်းတော်များအတွက် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်နိုင်တာတို့ စတဲ့အကြောင်းပြချက်များကြောင့် မဝင်သင့်တာလို့ ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ဒါတောင်မှ မဝင်ကောင်းလို့မဟုတ်ဘဲ မဝင်သင့်လို့ဆိုတဲ့ သဘောနဲ့ ပြောရတာ ဖြစ်ပါတယ်။

ဝိနည်းတော်အရ အာပတ်သင့်မှု မသင့်မှု အပိုင်းဟာ ရဟန်းတော်နဲ့ပဲ သက်ဆိုင်ပါတယ်။ အမျိုးသမီးမှာ အာပတ်သင့်စရာ အကြောင်းမရှိပါဘူး။ ဒီလိုပြောလို့ အမျိုးသမီးတွေ သိမ်ထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အမျိုးသမီးလည်း လောကကြောင်းအရ ထိန်းသိမ်းရမှာတွေ ရှိတဲ့အတွက် အသိသတိနဲ့ပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက တိကျတဲ့အကြောင်းပြချက် မရှိဘဲ သိမ်ထဲကို အမျိုးသမီး မဝင်ကောင်း၊ မဝင်ရဆိုတဲ့ အမှတ်လွဲမှုအကြောင်းပဲ အဓိကပြောချင်တာ ဖြစ်ပါတယ်။ လောကကြောင်းအရ၊ အခြေအနေအရက လွဲလို့ သိမ်ထဲကို အမျိုးသမီးတွေ ဝင်ကောင်းတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ သိမ်ထဲကို အမျိုးသမီးတွေ မဝင်းကောင်းဘူးဆိုတဲ့ မရေရာတဲ့ အကြောင်းပြချက်များနဲ့ အရိုးစွဲနေတဲ့ သိမှတ်ထားမှုဟာလည်း နည်းနည်းလေး လွဲနေတဲ့ အလွဲတစ်ခုဖြစ်တဲ့အတွက် ဒီလိုအလွဲ သိမှတ်ထားမှုမျိုးကို သိအောင်ကြိုးစားပြီး ဘုရားဟောမဟုတ်တဲ့၊ သံသရာဝဋ်မှ လွတ်မြောက်မှုကို အထောက်အကူ မပြုတဲ့ အလွဲတွေကို ပြုပြင်နိုင်သမျှ ပြုပြင်နိုင်ကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၇)...

ဘုရားကိုးဆူနဲ့ ဂြိုဟ်ကိုးလုံး…
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ဂုဏ်သရေရှိ အသိုင်းအဝိုင်း၊ ပိုက်ဆံရှိ အသိုင်းအဝိုင်း၊ ပညာတတ် အသိုင်းအဝိုင်း တော်တော်များများကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ ဘာသာရေး ခုတုံးလုပ်မှု တစ်ခုဟာ အရမ်းခေတ်စားလာနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရားကိုးဆူပူဇော်ပွဲ ဆိုတာပါ။ ပူဇော်ပွဲဆိုတာထက် ဘုရားကိုးဆူတင်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ တင်ပြီဆိုကတည်းက ပူဇော်တာ မဟုတ်တော့ဘဲ နတ်တင်သလို တင်တဲ့သဘောမျိုး သက်ရောက်သွားတဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက ဘုရားကိုးဆူ ပူဇော်တာကို အကြောင်းပြုပြီး ဂြိုဟ်ကြီးကိုးလုံးပါ ပူဇော်တယ်ဆိုတဲ့ အချက်က ပိုဆိုးပါတယ်။ ဒီလိုလုပ်နေကြတဲ့ သူတို့လုပ်ရပ်တွေဟာ ဘုရားရဟန္တာကို ပူဇော်ကြတာထက် သူတို့သူတို့ရဲ့ လောကီအကျိုးစီးပွား တိုးတက်ရေး၊ ရာထူးဌာနန္တရ စသည်တည်မြဲရေးကို ဦးတည်ပြီး ဂြိုဟ်ကြီးကိုးလုံးကို ပူဇော်ပသနေတယ်ဆိုတဲ့ အချက်ကပိုပြီး ထင်ရှားနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ရန်ကုန်မှာပဲ ဖြစ်ဖြစ်၊ မန္တလေးမှာပဲ ဖြစ်ဖြစ်၊ တစ်ခြားတစ်ခြား မြို့ကြီးများမှာပဲ ဖြစ်ဖြစ် လူကြီးပိုင်း အတော်များများဟာ မေးလိုက်လို့ရှိရင် ဘယ်လူကြီးအိမ်မှာ၊ ဘယ်သူဋ္ဌေးအိမ်မှာ ဘုရားကိုးဆူပွဲရှိလို့ သွားကြတယ်ဆိုတဲ့ အကြောင်းပြချက်လေးတွေနဲ့ ပြန်လည်ဖြေကြားတာကို ခဏခဏ ကြားရတတ်ပါတယ်။ ဘုရားကိုးဆူပွဲ သွားတဲ့အချိန်ကလည်း များသောအားဖြင့် ညအချိန်ပဲ ဖြစ်နေတာ များပါတယ်။ ဒီလိုဆိုရင် ဘုရားကိုးဆူပူဇော်ပွဲကို ညပိုင်းမှာလုပ်တယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ မနက်အစောပိုင်းမှာ လုပ်တာတွေလည်း ရှိကြမှာပါ။ ဘယ်လိုအချိန်တွေပဲ လုပ်လုပ် လုပ်တဲ့အခါမှာ သစ်သီးစတဲ့ စားသောက်ဖွယ်များလည်း ကပ်လှူကြမှာ အမှန်ပါပဲ။ ဒါဆိုရင် ညဖက်ကြီးမှာ၊ ဒါမှမဟုတ် အရုဏ်မတက်မီ အချိန်ကြီးမှာ ဘုရားရဟန္တာတွေကို အသီးအနှံစတဲ့ စားသောက်ဖွယ်ရာတွေ ကပ်လှူခြင်းဟာ ဝိကာလ အချိန်ကြီး ဖြစ်နေတဲ့အတွက် အပ်စပ်မှုက မရှိပါဘူး။

ပြီးတော့ ဘုရားကိုးဆူကို အကြောင်းပြုပြီး ဘုရားရဟန္တာတွေကို နေရာချထားတာတွေလည်း ကြည့်ပါဦး လောကဓာတ် အစီအစဉ်တွေ အပြည့်နဲ့ ဖန်တီးထားသလို ဖြစ်နေပါတယ်။ သူတို့လောကဓာတ် ဆရာတွေ ဖန်တီးတဲ့ ဒီဘုရားကိုးဆူ ပူဇော်ထားရှိပုံ စနစ်က
(၁) ဘုရားသခင် = အလယ်အရပ်မှာ ဗောဓိပင်ကို ရည်စူး၍လည်းကောင်း
(၂) အရှင်သာရိပုတ္တရာ = ဗုဒ္ဓဟူသား၊ တောင်အရပ် လက်ျာဘက်တွင်လည်းကောင်းး
(၃) အရှင်မောဂ္ဂလာန် = သောကြာသား၊ မြောက်အရပ်၊ လက်ဝဲဘက်တွင်လည်းကောင်း
(၄) အရှင်ဥပါလိ = စနေသား၊ အနောက်တောင်အရပ်တွင်လည်းကောင်း
(၅) အရှင်ရာဟုလာ = တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်တွင်လည်းကောင်း
(၆) အရှင်အာနန္ဒာ = ကြာသပတေးသား၊ အနောက်မျက်နှာအရပ်တွင်လည်းကောင်း
(၇) အရှင်ကောဏ္ဍည = တနင်္လာသား၊ အရှေ့အရပ်တွင်လည်းကောင်း
(၈) အရှင်ရေ၀တ = အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်တွင်လည်းကောင်း
(၉) အရှင်ဂ၀မ္ပတိ = ရာဟုသား၊ အနောက်မြောက်ထောင့် အရပ်တွင်လည်းကောင်း
ထားပြီး ပူဇော်ကြတဲ့ စနစ်ဖြစ်ပါတယ်။

ဒီလိုထားရှိပူဇော်ပုံတွေအရ ဒါဟာ ဘုရားရဟန္တာတွေကို ကြည်ညိုလို့ ပူဇော်တဲ့ပုံစံ မဟုတ်တော့ဘဲ လောကီအကျိုးစီးပွား တိုးတက်ရေးအတွက် ကိုယ်လိုသလို ဘုရားရဟန္တာတွေကို နေရာချပြီး လုပ်စားကြတဲ့ ပုံစံဆိုတာ အလွန်ထင်ရှားလှပါတယ်။ ဘုရားရဟန္တာကို ပူဇော်တာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဘုရားရဟန္တာတွေကို အသုံးချပြီး လုပ်စားတာကတော့ အတော်မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ စိတ်စေတနာနဲ့ ပူဇော်မယ်ဆိုရင် ဘယ်ရဟန္တာက ဘယ်နေရာမှာနေ၊ ဘယ်လိုအချိန်မှာကြွ ဆိုတာတွေ မလိုအပ်ပါဘူး။ နှလုံးသားမှာ ဘုရားဂုဏ်နဲ့ သံဃာ့ဂုဏ်တွေ ကိန်းနေပြီး ပူဇော်နိုင်ရင် ပြီးတာပါပဲ။ ဒီလိုပူဇော်ဖို့ အတွက်ဆိုရင် ဘယ်လိုအချိန် ဘာပူဇော်မှုတွေမှ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ စိတ်စေတနာ အတိုင်းပဲ မနက် အရုဏ်တက်ချိန်ကစပြီး နေမွန်းမတည့်မီ အချိန်အထိ အပ်စပ်တဲ့ လှူဖွယ်ဝတ္ထုတွေ၊ အပ်စပ်တဲ့ အစားအသောက်တွေနဲ့ ကပ်လှူကာ ထိုအရှင်မြတ်များရဲ့ ဂုဏ်ကိုအာရုံပြုပြီး ပူဇော်နိုင်ကြပါတယ်။ ပွင့်တော်မူပြီးသား ဘုရားရှင်များနဲ့ ဘုရားသာသနာတွင်းမှာရှိတဲ့ ရဟန္တာမှန်သမျှ ဂုဏ်ကိုမှန်းပြီး ပူဇော်နိုင်ကြပါတယ်။ ဘယ်ဂြိုဟ်ဘယ်နံတွေနဲ့ ကိုက်ညီတဲ့ ဘယ်ရဟန္တာရယ်လို့ ခွဲခြားသတ်မှတ် ပူဇော်ဖို့မလိုပါဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်တွေဟာ နှလုံးသားမှာ ထုံနေအောင် ပူဇော်သင့်ပါတယ်။ ဒီလိုပူဇော်နည်းကသာ စစ်မှန်တဲ့ ပူဇော်နည်းဖြစ်ပါတယ်။

ခုတော့ အဲဒီလို မဟုတ်ဘဲ ဘုရားရဟန္တာတွေနဲ့ ဂြိုဟ်တွေပေါင်းစပ်ပြီး လောကီနည်းတွေအရ လုပ်နေကြတာဆိုတော့ ပူဇော်ရာမရောက်ဘဲ ကိုယ်ကိုးကွယ်တဲ့ အနှိုင်းမဲ့ အရှင်မြတ်တွေကို ဂြိုဟ်စောင့်နတ်ပုံစံ၊ တစ်ခုခုကို စောင့်ကြပ်ကာကွယ်ပေးတဲ့ အစောင့်နတ်ပုံစံမျိုး အဆင့်နိမ့်ချလိုက် သလို ဖြစ်နေပါတယ်။ တကယ်သာ အဲဒီလို လောကီအစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက် လုပ်နေကြမယ်ဆိုရင် ကုသိုလ်ထက် အပြစ်က ပိုများနိုင်တဲ့အပြင် ဒီလိုလုပ်နေကြတဲ့ ဗုဒ္ဓဘာသာတွေရဲ့ လုပ်ရပ်ဟာ လွဲနေရုံတင်မဟုတ်ဘဲ လွတ်နေတဲ့ပုံကို ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေကြတဲ့ အလွဲတွေထဲမှာ ဘုရားကိုးဆူပူဇော်မှုဟာလည်း ဘာသာရေးကို လောကီရေးနဲ့တွဲစပ်ပြီး ခုတုံးလုပ်အသုံးပြုထား သလိုဖြစ်တဲ့ မလွဲသင့်တဲ့ အလွဲတစ်ခုလို ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးကို အချိန်မီပြုပြင်ပြီး ဘုရားရဟန္တာတွေရဲ့ ဂုဏ်တော်သက်သက်ကို အာရုံပြုကာ သင့်လျောက်လောက်ပတ် အပ်စပ်တဲ့အရာတွေနဲ့ အပ်စပ်တဲ့အချိန်မှာ ပူဇော်နိုင်ကြစေဖို့ စေတနာကောင်းနဲ့ အသိပေးရင်း လွဲနေကြတဲ့ အလွဲတစ်ခုအဖြစ် သတိပြုဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ်... (၁၆)

သက်သတ်လွတ်နဲ့ ရသတဏှာ...
တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့ ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင် ကြိုးစားပေါ့ဘုရား”လို့ သူပြောချင်ရာကို ပြောလည်းပြော လျှောက်လည်းလျှောက်နေပြန်ပါတယ်။

တစ်ခါတုန်းကတော့ ဒကာမကြီးတစ်ယောက်က သူ့အမျိုးသား အမြဲသက်သတ်လွတ် စားနေတဲ့အတွက် သူစားဖို့ ချက်ပြုတ်ပေးရတာလည်း တစ်ဒုက္ခဖြစ်နေတဲ့အကြောင်း ပြောလာပြန်ပါတယ်။ သူ့ဒကာကြီး သက်သတ်လွတ် စားဖို့အတွက် အသားတုတွေ လိုက်ပြီးရှာဝယ်ရတာလည်း အတော်မလွယ်တဲ့ ကိစ္စဖြစ်ကြောင်း၊ ကြာတော့ သူသက်သတ်လွတ်စားတာကနေ မြန်မြန်ထွက်ပါစေလို့တောင် ဆုတောင်းမိတဲ့အကြောင်း စသဖြင့် သူ့ဒုက္ခကို ပြောပြဖူးပါတယ်။

ဒီလိုအသံတွေ ကြားရတော့ ဘုန်းဘုန်းစိတ်ထဲမှာ သက်သတ်လွတ်နဲ့ ပတ်သက်တဲ့ ပြောစရာလေးတွေ အကြောင်း အတွေးနယ်ချဲ့မိပြန်ပါတယ်။ သက်သတ်လွတ် စားတဲ့ရည်ရွယ်ချက် အမှန်နဲ့ လက်တွေ့ဖြစ်နေတဲ့ အဖြစ်လေးတွေ၊ ကုသိုလ်ရချင်လို့ သက်သတ်လွတ်စားကာမှ ကုသိုလ်မရဘဲ အပြစ်ဖြစ်စရာလေးတွေ ဖြစ်နေတာက သက်သတ်လွတ်စားသူတွေနဲ့ သက်သတ်လွတ်အတွက် ဖန်တီးပေးရသူတွေကြားမှာ လွဲများလွဲနေကြသလားလို့ စဉ်းစားနေမိပြန်ပါတယ်။ ကုသိုလ်ရအောင်၊ မေတ္တာဓာတ်အားကောင်းအောင်၊ ရသတဏှာနည်းအောင် သက်သတ်လွတ်စားကာမှ ကုသိုလ်လည်းမရ၊ မေတ္တာဓာတ်လည်း မပွားဘဲ အလုပ်ပိုပြီး ရသတဏှာသာ တိုးနေမယ်ဆိုရင်တော့ ဒါဟာ လွဲနေတော့တာ ဖြစ်ပါတယ်။ စားတာက သက်သတ်လွတ်ဖြစ်နေပြီး ပွားနေတာက ကိလေသာတွေ ဆိုရင်တော့ နဲနဲလေးတော့ လွဲနေတာ အမှန်ပဲ ဖြစ်ပါတယ်။

တကယ်တော့ သက်သတ်လွတ်စားတာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး အကောင်းတွေ အဖြစ်များ၊ အကျိုးတွေ အဖြစ်များဖို့တော့ လိုပါတယ်။ သတ္တဝါတွေအပေါ်မှာ မေတ္တာထားနိုင်အောင်၊ အစားအသောက်နဲ့ ပတ်သက်ပြီး အလုပ်မရှုတ်အောင်၊ အရသာအပေါ်မှာ စွဲလန်းတပ်မက်တတ်တဲ့ ရသတဏှာတွေ လျော့နည်းအောင် စားလည်းစား ကျင့်လည်းကျင့်မယ့် ဆိုရင်တော့ သက်သတ်လွတ်စားတာ သိပ်ကောင်းပါတယ်။ အဲဒီလိုလေးတွေသာ ဖြစ်ကြမယ်ဆိုရင်တော့ တကမ္ဘာလုံး သက်သတ်လွတ်တောင် စားသင့်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က ကောင်းနေတာကိုး။

ဒါပေမယ့် ခုဟာက သက်သတ်လွတ်စားရင်း အကျင့်ပါးလာတဲ့ သူတစ်ချို့ကြောင့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က တစ်ခြားစီ ဖြစ်နေသလို ဖြစ်လာနေပါတယ်။ ရသတဏှာ မပါးဘဲ သက်သတ်လွတ် အစားအစာကို အသားအရသာအတိုင်း အကောင်းဆုံး ပြင်ဆင်ပြီး စားနေကြတာကတော့ အလုပ်လည်းများ တဏှာလည်း ပွားနေကြသလို ဖြစ်နေပါတယ်။ အစားအစာနဲ့ ပတ်သက်ပြီး အလုပ်မများအောင် စားကာမှ ဘယ်လိုဟာမျိုးမှ စားမယ်၊ ဘာပါမှစားမယ်၊ ဘာမပါလို့ အလိုမကျ ဖြစ်နေကြတယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။

အမှန်တော့ ဘုရားအလိုရှိတာက သက်သတ်လွတ်စားခြင်း မစားခြင်းကို အလိုရှိတော်မူတာ မဟုတ်ပါဘူး။ ဘာပဲစားစား ရသတဏှာ မပွားဖို့၊ အစားအသောက် အပေါ်မှာ တပ်မက်တွယ်တာမှု မများဖို့ကိုသာ ဗုဒ္ဓမြတ်စွာ အလိုရှိတော်မူတာ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်လည်း ဒီလိုသက်သတ်လွတ် စားဖို့ကို သီးသန့်ခွင့်ပြုတော်မူခြင်း၊ သက်သတ်လွတ်စားဖို့ တိုက်တွန်းတော်မူခြင်း မရှိခဲ့ပါဘူး။ အရှင်ဒေဝဒတ်က ရဟန်းသံဃာတော်များ သက်သတ်လွတ်စားဖို့ ပညတ်ပေးပါလို့ တောင်းဆိုတာတောင်မှ ဘုရားရှင်က ခွင့်ပြုတော် မမူခဲ့ပါဘူး။ ဆွမ်းခံသွားကာ ရသမျှ အစာအဟာရ အပေါ်မှာ ရသတဏှာ မဖြစ်အောင်စားဖို့ပဲ တိုက်တွန်းတော်မူခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းကြောင့် ရသတဏှာပါးပြီး ကိလေသာ နည်းသွားမယ်ဆိုရင်တော့ ဘုရားရှင်က သာဓုခေါ်မှာ အမှန်ပဲ ဖြစ်ပါတယ်။ သက်သတ်လို့တော့ စားပါတယ် ကိလေသာမပါးဘဲ ပိုများလာပြီး ရသတဏှာကလည်း ပိုပွားလာတယ်ဆိုရင်တော့ ဗုဒ္ဓရှင်တော်မြတ် အလိုရှိတော်မူမှာ မဟုတ်ပါဘူး။ ဒါကြောင့် သက်သတ်လွတ်စားတဲ့ အဓိက ရည်ရွယ်ချက်ဟာ မေတ္တာကရုဏာ တရားအားကောင်းဖို့နဲ့ အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့ စားတာဖြစ်တဲ့အတွက် သက်သတ်လွတ်စားရင်း ရည်ရွယ်ချက်တွေနဲ့ လွဲအောင်မလုပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ပြီးတော့ အစားစားတယ်ဆိုတာ အလုပ်လုပ်နိုင်အောင် စားတာဖြစ်ပါတယ်။ အလုပ်လုပ်ဖို့စားတာ ဖြစ်ပါတယ်။ စားဖို့လုပ်တာ မဟုတ်ပါဘူး။ အစာအဟာရကို အမှီပြုပြီး မာန်မာနတက်ဖို့၊ လှဖို့ပဖို့ စားနေကြတာ မဟုတ်ဘဲ ခန္ဓာကိုယ် ကျန်းမာရေး မျှတအောင်၊ ရုပ်တရားရဲ့ ဖောက်ပြန်မှုကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်အောင်၊ အဟာရသပ္ပါယ မျှတအောင် စားသောက်ကြတာ ဖြစ်တဲ့အတွက် ဒီသဘောနဲ့ ညီအောင်တော့ စားသင့်ကြပါတယ်။ အဲလိုမှမဟုတ်ဘဲ ဘာဖြစ်ချင်လို့၊ ဘာလိုချင်လို့ စတဲ့ မျှော်လင့်ချက်တွေနဲ့ အဓိဋ္ဌာန် ဝင်သလိုလို၊ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာထားသလိုလိုနဲ့ သက်သတ်လွတ်ကိုပဲ အသားထက်ကောင်းအောင် ပြင်ဆင် စားသောက်မှုမျိုး ဆိုရင်တော့ ရသတဏှာပွားပြီး အကုသိုလ်တောင် တိုးနိုင်တာဖြစ်တဲ့အတွက် ဒါမျိုးလည်း မဖြစ်သင့်ပါဘူး။

တစ်ချို့က ဘာအဓိဋ္ဌာန်ဝင်တယ်၊ ညာအဓိဋ္ဌာန်ဝင်တယ်ဆိုပြီး အဓိဋ္ဌာန်ဝင်နေတဲ့ ကာလမှာ ကိုယ်လိုချင်တဲ့ အရာတွေ အထမြောက်အောင်မြင်အောင် သက်သတ်လွတ်ပါ စားကြဖို့ ပြောဆိုညွှန်ပြနေတာတွေလည်း ရှိပါတယ်။ ဒါတွေကို သေချာကြည့်ရင် ရည်ရွယ်ချက်ကိုက ရှင်းနေပါတယ်။ ဘာလိုချင်လို့၊ ဘာရချင်လို့၊ ဘာတွေအောင်မြင်ချင်လို့ စတာတွေက ဦးစီးနေတာ ဖြစ်နေတော့ သက်သတ်လွတ်စားတာဟာ မေတ္တာဓာတ်များဖို့၊ ရသတဏှာပွားဖို့ကြောင့်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါလိုချင်လို့ ဒီလိုစားတာ၊ ဒီလိုကျင့်တာဟာ ဘာသာရေးကို ခုတုံးလုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ အလွဲတစ်ခုပါ။

ဖြစ်သင့်တာက သက်သတ်လွတ်စားတာ၊ မစားတာထက် အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့၊ အစားအသောက်အတွက် ကိုယ်ကိုယ်တိုင် သတ္တ၀ါတွေကို သတ်တာဖြတ်တာ မလုပ်ဖို့၊ သက်သတ်လွတ် စားတာကို အကြောင်းပြုပြီး အလုပ်မများဖို့နဲ့ ဘာဖြစ်ချင်လို့ ဘာရချင်လို့ ဆိုတဲ့ မျှော်လင့်ချက် အဓိဋ္ဌာန်တွေနဲ့ မေတ္တာစေတနာ မပါတဲ့ သက်သတ်လွတ် စားတာမျိုး မဖြစ်ဖို့ စသဖြင့် သတိပြုဆင်ခြင်ကာ အရေးကြီးတဲ့ ကိလေသာပါးရေး၊ တဏှာနည်းရေးမျိုးပဲ ဖြစ်သင့်ကြပါတယ်။ စိတ်အစဉ်တွေမှာ ကိလေသာပါးပြီး ကုသိုလ်တရားတွေ တိုးနေမယ်ဆိုရင် သက်သတ်လွတ်စားမှု မစားမှုဟာ အရေးမကြီးတော့ပါဘူး။ ကိုယ့်စိတ်မှာ ကုသိုလ်တရားတွေ များနေမယ်ဆိုရင် သက်သတ်လွတ်မစားလည်း ကိလေသာကတော့ ပါးနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် သက်သတ်လွတ် စားကြတဲ့ သူအချို့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ ဗုဒ္ဓအလိုတော်နဲ့ လွဲနေတာတွေ ဖြစ်နေတဲ့အတွက် ဗုဒ္ဓအလို ရှိတော်မူတဲ့ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာကရုဏာတရား အားကောင်းရေး၊ အစားအစာအပေါ်မှာ ရသတဏှာ နည်းပါးရေး၊ အစားအသောက်နဲ့ ပတ်သက်ပြီး အလုပ်မရှုပ်ရေး၊ အစားအစာအပေါ် အမှီပြုပြီး မာန်မာန မတက်ရေးများကို ဦးတည်လိုက်နာ ကျင့်သုံးကာဖြင့် ကုသိုလ်လည်းရ တဏှာလည်းချနိုင်မယ့် အစားအစာ စားမှုမျိုးကိုသာ ကြိုးစားလိုက်နာ လေ့ကျင့်သင့်ပါကြောင်း သက်သတ်လွတ်နဲ့ ရသတဏှာအကြောင်း တစ်စေ့တစ်စောင်း မီးမောင်းထိုးပြရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေး တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၅) ...

ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…
ပြောင်းလဲလာတဲ့ အရာတွေထဲမှာ လူတွေရဲ့ ဘုန်းကြီးရဟန်း ကိုးကွယ်ဆည်းကပ်မှုဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးဆိုရင် ပရိယတ်၊ ပဋိပတ်လုပ်ငန်း တစ်ခုခုကို လုပ်နေရင်ပြီးတာပဲ ခွဲခြားမှုမရှိ ကိုးကွယ်ဆည်းကပ်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်လာတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင်၊ ဒီဆရာတော်ကို ကိုးကွယ်ရင် ဘာဖြစ်မယ်၊ ဘာရမယ်၊ ဘယ်သူနဲ့တွေ့ခွင့်ရမယ် စသဖြင့် ရစရာ တစ်ခုခုရှိမှ ဆည်းကပ်လာတတ်တာ ရှိပါတယ်။ ဒါကြောင့် သာသနာတော်မှာလည်း ပရိယတ်၊ ပဋိပတ် အလုပ်ကိုပဲ လုပ်နေကြတဲ့ ရဟန်းသံဃာတော်များမှာ လာဘ်လာဘတွေ ဆုတ်ယုတ်လာပြီး ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်၊ ဆေးကုသပေး၊ နှစ်လုံးသုံးလုံးပေး စသဖြင့် လုပ်ပေးကြတဲ့ ဘုန်းကြီးတွေမှာ မလိုလောက်အောင်ကို ပေါများနေတော့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေများကြောင့် သဒ္ဓါတရား အားနည်းပြီး ပစ္စည်းလာဘ်လာဘကို ရယူလိုကြတဲ့ ရဟန်းတော်အချို့ဟာလည်း လာဘ်လာဘနောက်လိုက်ကာ လူတွေအကြိုက် လုပ်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါဟာ သာသနာတော်အတွက်ရော ကိုးကွယ်ခံပုဂ္ဂိုလ်တွေနဲ့ ကိုးကွယ်သူတွေအတွက်ပါ လွဲလာနေတဲ့ အလွဲပဲ ဖြစ်ပါတယ်။

ခုနောက်ပိုင်း မြန်မာပြည်မှာရှိတဲ့ လူအတော်များများဟာ ဘယ်မှာ ဘယ်ဘုန်းကြီး ဘယ်လိုပေးတယ်၊ ဘာလုပ်ပေးတယ်ဆိုရင် အုံးအုံးကြက်ကြက်နဲ့ မရောက်ရောက်အောင်ကို သွားတော့တာ ဖြစ်ပါတယ်။ ဘုန်းကြီးကို ကြည်ညိုလို့တော့ မဟုတ်ပါဘူး။ ဘုန်းကြီးက ဘာပေးတယ်၊ ညာပေးတယ်ဆိုလို့ သွားကြတာ ဖြစ်ပါတယ်။ သံဃာကို ကြည်ညိုမှုထက် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု၊ ပုဂ္ဂိုလ်ရေး အကျိုးကျေးဇူးများမှုတွေကို ကြည့်ပြီး ဆည်းကပ်ကြပါတယ်။ လှူဒါန်းတတ်ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ရှိနေတဲ့အတွက်လည်း ပြည့်ပြီးသားအိုးတွေက လျှံတက်နေပြီး လိုနေတဲ့အိုးတွေက ဟောက်ပက်ကြီးကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာချင်းအတူတူ သာသနာတော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်နေကြတဲ့ စာသင်တိုက်များ၊ ပရဟိတကျောင်းများမှာ ဆင်းဆင်းရဲရဲ ဖြစ်နေကြပေမယ့် ဗေဒင်ဟော၊ လက္ခဏာကြည့်၊ နှစ်လုံးသုံးလုံးပေး၊ ဆေးကုပေး၊ ယတြာချေပေးတဲ့ ဘုန်းကြီးကျောင်းတွေမှာတော့ အလျှံပယ်ပိုလျှံကာ ရွှေကျောင်းကြီးတွေ၊ ကားကြီးတွေနဲ့ စည်ပင်ဝပြောနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို မညီမျှမှုတွေ များလာရင်တော့ ကြာရင် အစစ်အမှန် သာသနာ့ဝန်ထမ်းတွေဟာ သာသနာ့ဘောင်မှာ ရပ်တည်ဖို့ ခက်ခဲလာကာ လူထွက်သွားကြပါက သာသနာမှာ အစစ်အမှန် သာသနာပြု ရဟန်းသံဃာတွေ အားနည်းလာတော့မှာ ဖြစ်ပါတယ်။

အသေအချာတွေးကြည့်ရင် မြတ်ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတာဟာ ဘုရားဟော တရားတော်တွေကို သင်အံပို့ချ၊ ဟောပြောပြသနေတဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်တွေလား၊ ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ယတြာချေ၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေလားဆိုတာ အသိရှိတဲ့သူတွေ အနေနဲ့ ကောင်းကောင်းဆင်ခြင် စဉ်းစားတတ်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်လူတွေကတော့ ဆင်းရဲတာကတစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းပါးတာက တစ်ကြောင်း၊ အယုံလွယ်တတ်တဲ့ ယုံကြည်မှု အားကောင်းပြီး ဆင်ခြင်တတ်တဲ့ ဉာဏ်ပညာ အားနည်းလာတာက တစ်ကြောင်း၊ ကြည်ညိုမှုထက် ရယူလိုမှုက များနေတာကတစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် အစစ်အမှန် သာသနာပြုတွေကို လျစ်လျူရှုကာ ဘုရားမကြိုက်တဲ့ လောကီအလုပ်တွေနဲ့ အသက်မွေးနေတဲ့ ရဟန်းတော်များထံမှာပဲ စုနေကြတော့တာ ဖြစ်ပါတယ်။ ကိုးကွယ်မှုအလွဲနဲ့ ထောက်ပံ့မှုအလွဲတွေဟာ သာသနာတော်အတွက် မွဲစရာတွေ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။

အမှန်တော့ သာသနာတော်မှာ ဆရာဒကာဟာ တစ်ဦးနဲ့တစ်ဦး အမှီပြုနိုင်မှ သာသနာတော်ကြီး အရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ ဒကာဒကာမများဘက်က ပစ္စယာနုဂ္ဂဟနဲ့ ချီးမြှောက်ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဓမ္မာနုဂ္ဂဟနဲ့ ချီးမြှောက်နိုင်မှ ဒီသာသနာတော်ဟာ စည်ပင်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆရာနဲ့ ဒကာဟာလည်း ကိုယ့်တာဝန်ကိုယ်ကျေကာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့လည်း လိုပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဘုရားအလိုရှိတော်မူတဲ့ စာပေသင်အံ ပို့ချခြင်း ပရိယတ်အလုပ်နဲ့၊ တရားဓမ္မ ဟောပြောသခြင်း ပဋိပတ်အလုပ် တစ်ခုခုကို လုပ်နေဖို့ လိုသလို ဒကာဒကာမများဘက်ကလည်း ဒီလို ပရိယတ်၊ ပဋိပတ်လုပ်နေတဲ့ အစစ်အမှန် သာသနာ့ဝန်ထမ်းတွေကို ရွေးချယ်ကိုးကွယ်တတ်ဖို့ လိုပါတယ်။ ဘုန်းကြီးရဟန်းဆိုရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ သာသနာနဲ့ မလျော်တဲ့အလုပ်တွေကို လုပ်နေတဲ့ ရဟန်းတော်များကို ကိုယ့်ရဲ့ပစ္စုပ္ပန် လောကီစီးပွားရေး၊ ကြီးပွားရေး အဆင်ပြေမှုလေးတွေလောက်ပဲ ကြည့်ပြီး မကိုးကွယ်မဆည်းကပ်မိဖို့ လိုပါတယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ဆရာသမားဟာ ကိုယ့်ရဲ့ပစ္စုပ္ပန်မှာ အပြစ်မဖြစ်ရေး၊ သံသရာမှာ သုဂတိဘ၀ကို ရရှိရေး စသဖြင့် ညွန်ပြနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်သင့်ပါတယ်။ သူ့ဟာသူ ဘာပဲဖြစ်ဖြစ် တို့ကို ဗေဒင်ဟောပေးနေ၊ ယတြာချေပေးနေ၊ တို့အကျိုးကို လုပ်ပေးနေရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့မကိုးကွယ် မဆည်းကပ်သင့်ပါဘူး။ ကိုးကွယ်မှုကို ကိုယ့်ရဲ့တစ်ဒင်္ဂ ချမ်းသာမှုလောက်နဲ့ အပေးအယူ မလုပ်သင့်ပါဘူး။ ဒါလုပ်ပေးလို့ ဒါလှူတယ်ဆိုတဲ့ ဈေးကွက်ဆန်ဆန် ကိုးကွယ်လှူဒါန်းမှုမျိုး မဖြစ်သင့်ပါဘူး။

တကယ်ဖြစ်သင့်တာက ကိုးကွယ်မှုကို စူးစမ်းဆင်ခြင်မှု ပညာ၊ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်မှု သဒ္ဓါတရားတွေနဲ့ ပေါင်းစပ်ပြီး ရွေးချယ်ကာ ကိုးကွယ်သင့်ပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင် ဘာရမယ်၊ ဘာဖြစ်မယ်စတဲ့ မျှော်လင့်ချက် ရယူမှုနဲ့ မကိုးကွယ်သင့်ပါဘူး။ ဆိုလိုတာက စီးပွားရေး အဆင်ပြေမှု၊ ငွေကြေးချမ်းသာမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုများကို မမျှော်လင့်ကြဖို့ ဆိုလိုတာပါ။ ဒီဆရာကို ကိုးကွယ်တဲ့အတွက် အကုသိုလ်တွေ မဖြစ်ဘဲ ကုသိုလ်တွေ တိုးနေမယ်ဆိုရင်တော့ ဒါဟာ ကိုးကွယ်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက် ဒကာ၊ ဒကာမတွေ အနေနဲ့ သာသနာတော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်၊ ဆရာဒကာ တာဝန်ကျေလိုတဲ့ စိတ်နဲ့ စစ်မှန်တဲ့ ဆရာကို ရွေးချယ်ကာ စစ်မှန်တဲ့ သာသနာဖြစ်အောင် တစ်ဘက်တစ်လမ်းကာ အားပေးထောက်ပံ့ ပေးဖို့လည်း လိုပါတယ်။ ဒီလို ဆရာဒကာ ညီညွတ်မှပဲ သာသနာတော်ဟာ အရှည်တည်တံ့ကာ သန့်ရှင်းပြန့်ပွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုတွေဟာလည်း တော်တော်များများ လွဲမှားလာနေတာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်ရဲ့ကိုးကွယ် ဆည်းကပ်မှုကို အပေးအယူတွေနဲ့ ပေါင်းစပ်ကာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုမျိုး မဖြစ်ကြစေဘဲ အစစ်အမှန် သာသနာနဲ့ အစစ်အမှန် ဆရာကို သဒ္ဓါပညာ ပေါင်းစပ်ကာ ရွေးချယ်စိစစ်ပြီး ကောင်းမြတ်တဲ့ အစစ်အမှန် ဒကာများဖြစ်အောင် ကြိုးစားကြဖို့၊ ရယူမှုနဲ့ ကိုးကွယ်မှုတွေကို လွဲမှားစွာ မလုပ်မိကြဖို့ လွဲတတ်တဲ့အလွဲတစ်ခု အဖြစ် ပြင်စေလိုတဲ့စိတ်နဲ့ စေတနာထားကာ အသိပေး တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၄) ...

ကုသိုလ်နဲ့အရက်…
“အရက်အရက်”နဲ့ လူအတော်များများဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေကြပါတော့တယ်။ ဆိုးတာက ဘာသာရေးအရ တားမြစ်ထားတဲ့ ဒီအရက်ဟာ ခုနောက်ပိုင်း ဘာသာရေး ပွဲတွေမှာတောင် နေရာယူလာနေတာကို ကြားသိနေရပြန်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ တောတွေမှာရော မြို့တွေမှာပါ ကုသိုလ်ပွဲနဲ့ အရက်တွေက ကင်းမရအောင်ကို ဖြစ်လာနေတာဟာ ဘာသာသာသနာ ဆုတ်ယုတ်ဖို့အတွက် အားပေးနေသလို ဖြစ်နေပါတယ်။ အရင်တုန်းက တောရွာတွေမှာ ကုသိုလ်ပွဲလုပ်၊ အလှူပွဲတွေ လုပ်ကြမယ်ဆိုရင် ရွာမှာဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့တွေကို ဆေးပေါ့လိပ်လေးတွေ၊ စီးကရက်လေးတွေကို ကမ်းပြီး ဖိတ်လိုက်ရင် အားလုံးတက်ညီလက်ညီ လာရောက်လုပ်အားပေးလေ့ ရှိပါတယ်။ ခုနောက်ပိုင်း ရွာကလူကြီးတွေ အပြောအရ ဘာပွဲလေးပဲ လုပ်လုပ် လူငယ်တွေ အကူအညီလိုလို့ ဖိတ်မယ်ဆိုရင် ဆေးလိပ်လောက်နဲ့ မရတော့ဘဲ အရက်ဝိုင်း၊ ထန်းရည်ဝိုင်းလေးတွေနဲ့ ဧည့်ခံပေးမှကို လာရောက်ပြီး ၀ိုင်းဝန်းလုပ်အားပေးကြတယ်လို့ ဆိုပါတယ်။

ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ရွာတွေအတော်များများမှာ ဒီလိုအရက်နဲ့ဖိတ်မှ လုပ်အားလာပေးတာတွေ ဖြစ်လာတော့ လူကြီးတွေ၊ အလူရှင်တွေ ကိုယ်တိုင်က အရက်ကို ပုန်းလိုက်တည်ပြီး အလှူပွဲတွေမှာ ဧည့်ခံပေးရတယ်ဆိုတာ ကြားသိရပြန်ပါတယ်။ လွဲနေတာကတော့ အတော့်ကို လွဲနေကြတော့တာ ဖြစ်ပါတယ်။ ကုသိုလ်လုပ်ပါတယ်ဆိုမှ အရက်ကလေး တမြမြနဲ့ဆိုတော့ ဘယ်မှာလာပြီး အပြစ်ကင်းတဲ့ ကုသိုလ်ဖြစ်နိုင်မှာလဲပေါ့။ ဒီကြားထဲ လူပျိုကာလာသားတွေက အရက်ကလေး ၀င်လာတော့ သွေးလေးတွေကြွလာပြီး အလှူပွဲ လုပ်အားပေးလာကြတဲ့ အပျိုလေးတွေ၊ အပျိုကြီးတွေကို စကြနောက်ကြတာ တွေတွေလည်း ရှိလာပြန်တယ်လို့ ဆိုပါတယ်။ အလှူရှင်တွေမှာ အလှူအတွက်ပူရ၊ အရက်သမားတွေအတွက် ပူရနဲ့ ကုသိုလ်ပွဲ၊ အလှူပွဲကို ဖြောင့်ဖြောင့်တန်းတန်း စိတ်ကြည်လက်ကြည် မလုပ်နိုင်ဘူး ဖြစ်နေကြတဲ့အပြင် တစ်ခါတစ်လေ တစ်ချို့သူတွေရဲ့ လုပ်ရပ်တွေကြောင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်ကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုသိုလ်နဲ့အရက်ကတော့ ပြည်တွင်းမှာတင် မဟုတ်၊ ပြည်ပမှာလည်း တွဲရက်ကို ပါနေတော့တာ ဖြစ်ပါတယ်။ လွတ်လပ်လှတဲ့ ပြည်ပနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ ကုသိုလ်ပွဲတွေမှာ အရက်ပါမှကို ကုသိုလ်ပွဲတစ်ခု အောင်အောင်မြင်မြင် ပြီးနိုင်သလို ဖြစ်နေပါတယ်။ တစ်ချို့ အလှူပွဲ လုပ်တဲ့သူငယ်ချင်းတွေဟာ ချက်ရေးပြုတ်ရေးတွေမှာ တခြားချက်တတ် ပြုတ်တတ်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းတဲ့အခါ အရက်ကလေးနဲ့ တည်ခင်းဧည့်ခံ ပေးရတာတွေ ရှိကြသလို ကုသိုလ်ပွဲ အကြိုမှာလည်း အကြိုအနေနဲ့ အဝေးက လာကြတဲ့ သူငယ်ချင်းတွေကို အရက်နဲ့ ဧည့်ခံပေးရ၊ အလှူပွဲပြီးတော့လည်း အလှူအောင်ပွဲအဖြစ် အရက်လေးနဲ့ အောင်ပွဲခံနိုင်အောင် လုပ်ပေးရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ကုသိုလ်လုပ်ဖို့ တိုင်ပင်ကြတာတောင် အရက်ဆိုင်မှာ အရက်နဲ့ တည်ခင်းဧည့်ခံပြီး တိုင်ပင်ကြတယ်တဲ့လေ။ တစ်ချို့ဆိုရင် ဘုန်းကြီးကျောင်းမှာ အရက်မသောက်ရလို့ စာရေးထားတဲ့အတွက် ကျောင်းမှာရှိတဲ့ အခိုက်လေးမှာတောင် မသောက်ဘဲ မနေနိုင်လို့ ကျောင်းအပြင်မှာ ထမင်းစားခါနီး တစ်ကြိုက်လောက် သွားမော့ကြတာလေးတွေ ရှိတယ်တဲ့။ ဘယ်လိုလုပ်ကြမလဲပေါ့။ အရက်က နေရာတကာမှာ လွှမ်းမိုးလာပြီး ကုသိုလ်ပွဲ၊ အလှူပွဲတွေအထိ စိုးမိုးလာနေတော့တာဆိုတော့ လုပ်မှာက ကုသိုလ်အလုပ် ပံ့ပိုးနေတာက အကုသိုလ် အရှုပ်နဲ့ ကုသိုလ်လုပ်ပေမယ့် လုပ်သလောက် အကျိုးမဖြစ်ဘဲ ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက်လို ဖြစ်နေပြန်ပါတယ်။

ဒီလို ကုသိုလ်နဲ့အရက်ကို လွဲလွဲနဲ့ တွဲနေကြပေမယ့် လွဲလို့လွဲမှန်း မသိဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအလွဲကို အချိန်မီပြင်နိုင်အောင်တော့ ကြိုးစားဖို့ လိုပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို မဖြစ်ရအောင် ကုသိုလ်ပွဲတွေ လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ စိတ်သန့်လူသန့် အလှူသန့်အောင် လုပ်သင့်ပါတယ်။ အရက်ကို ကြိုက်တတ်လို့ သောက်ကြတယ်ဆိုရင်လည်း ကုသိုလ်လုပ်တဲ့ အချိန်လောက်တော့ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့၊ တစ်ရက်၊ တစ်မနက်လောက် အရက်မသောက်လို့တော့ မသေနိုင်လောက်ပါဘူး။ သေတော့ရော ဘာဖြစ်သေးလဲ ကုသိုလ်လုပ်ရင်း သေသွားမှာဆိုတော့ ကောင်းရာဘုံတောင် ရောက်နိုင်သေးတာပေါ့။ ဒါက ဘုန်းဘုန်းအတွေးနဲ့ စေတနာစကားပါ။

ရှိစေတော့။ ပြောချင်တာက လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက်ကို တွဲပြီးလုပ်နေကြတဲ့ အလွဲအကြောင်းကို ပြောချင်တာပါ။ ကုသိုလ်ပွဲလုပ်တာ အရက်နဲ့ ဧည့်ခံရတယ်၊ အရက်နဲ့ ကြိုဆိုရတယ် ဆိုတာတော့ အတော့်ကိုလွဲနေတဲ့ လုပ်ရပ်တစ်ခုဆိုတာ သိစေချင်တာပါ။ သူ့နေရာ၊ သူ့ကဏ္ဍနဲ့သူ တစ်ကန့်စီထားနိုင်ရင် ကုသိုလ်လုပ်တဲ့အခါမှာလည်း အကျိုးအပြည့်အ၀ ဖြစ်စေနိုင်တဲ့အတွက် ကုသိုလ်လုပ်တဲ့ အချိန်လေးတွေမှာတော့ အရက်ကိုရှောင်ကြည်ကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ပွဲတွေကို အကြီးအကျယ် လုပ်တတ်ကြပေမယ့် လုပ်သလောက် အကျိုးမရ ဖြစ်တတ်တဲ့ အကြောင်းတွေထဲမှာ ဒီလို ကုသိုလ်နဲ့ အကုသိုလ်ရောနေတဲ့ အချက်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်လုပ်တဲ့ပွဲမှာ အရက်နဲ့တွဲနေတာဟာ လွဲနေတဲ့ အချက်ပဲ ဖြစ်တဲ့အတွက် ကုသိုလ်နဲ့အရက်ကို တစ်ကန့်စီထားနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက် တွဲနေတဲ့အလွဲဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေတဲ့အတွက် ဒီအလွဲကို သတိပြုပြီး ကုသိုလ်လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ သန့်သန့်ရှင်းရှင်း၊ ကြည်ကြည်လင်လင်ဖြစ်ကာ အကျိုးတရား အပြည့်ရစေဖို့အတွက် ကုသိုလ်ပွဲလုပ်တိုင်း တွဲပါနေတတ်တဲ့ အရက်ကို အမြဲခွါနိုင်အောင် ကြိုးစားရင်း ကုသိုလ်နဲ့အရက် မတွဲဖက်မိကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။ အလွဲသိမှ မလွဲမိမှာဖြစ်လို့ သိသင့်တဲ့ အလွဲတစ်ခုအဖြစ် ကုသိုလ်နဲ့အရက်အကြောင်း တစ်စေ့တစ်စောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၃) ...

ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်…
တစ်လောက မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးထံက ဖုန်းဝင်လာပါတယ်။ “ကျန်းမာရေး မကောင်းတဲ့ အမေအတွက် အလှူလုပ်ပေးဖို့ဟာ အလှူလုပ်မယ့်ရက်က ပြဿဒါးရက်ကြီး ဖြစ်နေလို့ အမေတစ်ခုခုဖြစ်မှာ စိုးတဲ့အကြောင်း၊ အဲဒါ ဘယ်နေ့လုပ်သင့်တယ်ဆိုတာ အရှင်ဘုရားဆီက အကြံဉာဏ်တောင်းလိုတဲ့ အကြောင်း” လျှောက်လာပါတယ်။ ဖြစ်မှဖြစ်ရလေ။ ကုသိုလ်လုပ်တာပဲ ပြဿဒါးရက် ဖြစ်နေလို့တဲ့။ လွဲနေတာကို ပြောတာပါ။ “အမေတစ်ခုခုဖြစ်မှာစိုးရင် ဟိုရက်ဒီရက် ရွေးမနေနဲ့ အမေဘာမှ မဖြစ်ခင် အမြန်သာလုပ်ပေးလိုက်”လို့ ဘုန်းဘုန်းက ပြောလိုက်ပါတယ်။ သူတို့ယူဆသလို ကုသိုလ်လုပ်တာတောင် ရက်မကောင်းလို့ ကောင်းတဲ့ရက်ကို စောင့်ရင်း လုပ်ကြမယ်ဆိုရင်တော့ သေမယ့်သူက သေသွားမှဖြင့် ဘာမှကို ရလိုက်ကြမှာ မဟုတ်ပါဘူး။

အဲဒါပါပဲ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတွေထဲမှာ ရက်ရာဇာ၊ ပြဿဒါး ရွေးတတ်တဲ့ အလွဲကလည်း ဖျောက်ဖျက်ဖို့ခက်တဲ့ အလွဲတစ်ခုလို ဖြစ်နေတယ်ဆိုတာ။ ကောင်းတဲ့အလုပ်ကို လုပ်တဲ့ဟာကို ဘာများ ရက်ကောင်းရက်မြတ် ရွေးနေစရာ လိုသေးလို့လဲပေါ့။ အဲဒီလို ဟိုရွေးဒီရွေး လုပ်ရင်းနဲ့ တစ်ခါတစ်လေ လုပ်ရမယ့် ကုသိုလ်ကောင်းမှုတွေ မလုပ်ဖြစ်ဘဲ ပျက်ပြယ်သွားကြတာလည်း မနည်းလှပါဘူး။ တစ်ချို့က ကုသိုလ်ကောင်းမှု လုပ်ဖို့သာ ဟိုရက်ဒီရက် ရွေးနေကြတာ။ မကောင်းတာ လုပ်ဖို့ကျတော့ ဘာရက်မှမရွေးဘူး။ အချိန်မရွေး ထလုပ်ဖြစ်နေတတ်ကြပါတယ်။ တကယ်တမ်း ရက်ရာဇာ၊ ပြဿဒါး ပြောကြမယ်ဆိုရင် ကောင်းတာလုပ်တဲ့နေ့ဟာ ရက်ရာဇာနေ့ဖြစ်ပြီး မကောင်းတာလုပ်တဲ့နေ့ဟာ ပြဿဒါးနေ့ပဲ ဖြစ်ပါတယ်။ ရွေးမယ်ဆိုရင်လည်း ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့ အလုပ်ပဲ ရွေးစရာရှိပါတယ်။ ကောင်းတာတွေဖြစ်ချင်ရင်၊ ကောင်းတဲ့ကံတွေ ရောက်လာစေချင်ရင် ကောင်းတာတွေကို ရွေးလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအလိုတော်အရ ပြောရမယ်ဆိုရင်တော့ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့အချိန်အခါ စတာတွေဆိုတာဟာ ကောင်းတဲ့သုစရိုက်အလုပ်၊ ကောင်းတဲ့ကုသိုလ် အလုပ်တွေလုပ်နေတဲ့ အချိန်အခါတွေပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီထက် အသေးစိပ် ပြောရမယ်ဆိုရင် ကောင်းတဲ့ကာယကံ အမှု၊ ကောင်းတဲ့ဝစီကံအမှု၊ ကောင်းတဲ့ မနောကံအမှုတွေနဲ့ နေနေတဲ့ အချိန်အခါတွေဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့ ရက်ရာဇာတွေနဲ့ နေနေတဲ့ အချိန်အခါများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ရက်၊ ကောင်းတဲ့အချိန် စသဖြင့် ရွေးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် ကြိုးစားရင်း ရွေးချယ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကောင်းတဲ့အလုပ်ကို လုပ်တဲ့အခါတွေဟာ ကောင်းတဲ့အခါ၊ ကောင်းတဲ့ရက်ကောင်း ရက်မြတ်များ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်ဖို့လိုကြောင်းနဲ့ မကောင်းတဲ့အလုပ် လုပ်နေတဲ့အခါတွေဟာ ဘယ်လိုအချိန်၊ ဘယ်လိုရက်မျိုးမှာ ရွေးပြီးလုပ်လုပ် မကောင်းတဲ့ ပြဿဒါးများပဲ ဖြစ်နေမှာဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး မလုပ်ဘဲ နေနိုင်အောင် ကြိုးစားဖို့လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်မှာ ပြဿဒါးဆိုတာ မရှိသလို မကောင်းမှု အကုသိုလ်မှာလည်း ရက်ရာဇာဆိုတာ မရှိတဲ့အတွက် ရက်ရာဇာ၊ ပြဿဒါးဆိုတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်လုပ်ကိုင်မှုများသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ကိုယ်က အမြဲရက်ရာဇာတွေပဲ ဖြစ်ချင်တယ်ဆိုရင် ကောင်းတာတွေကို လုပ်နေဖို့လိုပြီး ရက်ကောင်းရက်မြတ်တွေ မလိုချင်ဘူးဆိုရင်တော့ မကောင်းတဲ့အလုပ်တွေနဲ့ နေလိုကနေနိုင်ကြောင်းနဲ့ အရာရာမှာ ကိုယ့်ရဲ့ရွေးချယ်မှုသာ အဓိကကျတယ်ဆိုတာ သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာလေးပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်ရမှ ကျေနပ်ကြ၊ လောကဓာတ် နည်းလေးနဲ့မှ ယုံကြည်မှု ရှိတတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ကောင်းမှုကုသိုလ် ပြုတာဟာ ဟိုရက်ဒီရက်၊ ဟိုအချိန်ဒီအချိန် ရွေးချယ်ရမယ့် အရာတွေ မဟုတ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်အောင် ကြိုးစားကြဖို့နဲ့ မကောင်းမှု အကုသိုလ်ကတော့ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ လုပ်လုပ် လုပ်နေချိန်တွေဟာ မကောင်းတဲ့ ပြဿဒါးတွေ ဖြစ်နေတဲ့အတွက် အချိန်နေရာ စတာတွေကို ရွေးလို့ရသလောက်ရွေး၊ ရွေ့လို့ရသလောက် ရွေ့ပြီး တဖြည်းဖြည်းနဲ့ မလုပ်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အရွေးအချယ် လွဲနေကြတာတွေကို သတိပြု ဆင်ခြင်နိုင်ဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၂)...

ဝိကာလနဲ့ အချိန်သတ်မှတ်ချက်…
တစ်လောက ဒကာလေးတစ်ချို့ ကျောင်းမှာဆွမ်း လာကပ်ကြပါတယ်။ ကျောင်းကိုအရောက် နောက်ကျတာရယ်၊ ဆွမ်းပွဲပြင်နေရတာ တွေရယ်ကြောင့် ဆွမ်းစားချိန် နည်းသွားသလို ဖြစ်ခဲ့ပါတယ်။ ဒီတော့ ဒကာလေးတစ်ယောက်က “ဘုန်းဘုန်း ဖြည်းဖြည်းဘုဉ်းပေးပါဘုရား…၊ စားနေရင်း ၁၂နာရီကျော်သွားလည်း ဖြစ်တယ်မဟုတ်လား ဘုရား…”လို့ လျှောက်ပါတယ်။ သူပြောမှပဲ ဒကာဒကာမတွေ ဒီလိုမှတ်ထားတာတွေ များနေတယ်ဆိုတာ ထပ်ပြီး သတိထားမိပါတယ်။ အကြောင်းသင့်ရင်တော့ ရှင်းပြပေးဦးမယ်လို့ စဉ်းစားခဲ့ပါတယ်။

တစ်ခါတုန်းကလည်း မြန်မာပြည်မှာသွားပြီး ရဟန်းဝတ်ကာ ထေရ၀ါဒ အဖြစ်နဲ့ ပြန်ရောက်လာတဲ့ ကိုရီးယား ဘုန်းကြီးတစ်ပါးနဲ့ ဆွမ်းစားရင်း ၁၂နာရီထိုးခါနီးတော့ ဘုန်းဘုန်းက “အရှင်ဘုရား မြန်မြန်ဘုဉ်းပေးမှဘုရား၊ ၁၂နာရီ ထိုးတော့မယ်”လို့ သတိပေးတဲ့အခါ အဲဒီဘုန်းကြီးက “ရပါတယ်ဘုရား မြန်မာပြည်မှာဆို အခုမှ ၉နာရီခွဲပဲ ရှိသေးတယ်”လို့ ပြောလာပါတယ်။ ကိုရီးယားနဲ့ မြန်မာပြည်က ၂နာရီခွဲလောက်ကွာတော့ ကိုရီးယားမှာ ၁၂နာရီဆို မြန်မာပြည်မှာ မနက် ၉နာရီခွဲပဲ ရှိပါသေးတယ်။ ဒီဘုန်းကြီးက အချိန်ကို သူလိုသလိုများ သတ်မှတ်နေလား မသိဘူးလို့ ကိုယ့်ဖာသာကိုယ် တွေးနေရင်း အချိန်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး သူ့ကိုလျှောက်ထား ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါတွေဟာ နေလွဲညစား စားခြင်းနဲ့ ပတ်သက်တဲ့ လွဲနေတဲ့ သတ်မှတ်ချက် အလွဲလေးတွေပဲ ဖြစ်ပါတယ်။ တစ်ချို့က တကယ်ပဲ ဘုန်းကြီးတွေ ဆွမ်းစားနေတုန်း ၁၂နာရီကျော်သွားလည်း စားကောင်းတယ်လို့ ထင်နေတတ်ပါတယ်။ တကယ်တော့ ၀ိကာလ သတ်မှတ်မှုဟာ နာရီနဲ့ သတ်မှတ်တာထက် နေနဲ့သတ်မှတ်တာက ပိုမှန်ပါတယ်။ ဘုရားလက်ထက်က အခုလို နာရီအမျိုးမျိုးတွေ မပေါ်သေးတော့ ခေါင်းတည့်တည့်မှာ နေရောက်နေတဲ့အချိန်ကို နေမွန်းတည့်ချိန်လို့ သတ်မှတ်ပြီး ဦးခေါင်းတည့်တည့်က ကျော်သွားရင်တော့ နေမွန်းလွဲချိန်လို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၀ိကာလကို နေလွဲချိန်နောက်ပိုင်းကာလလို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒီလို နေနဲ့ သတ်မှတ်ချက်အရ စားနေတုန်း ၁၂နာရီတိတိမှာ နေလွဲသွားပြီဆိုရင် မစားရတော့ပါဘူး။ စားရင်အာပတ်သင့်ပါတယ်။ ၁၂နာရီကျော်သွားပေမယ့် နေမွန်းမတည့်သေးဘူးဆိုရင် စားကောင်းပါတယ်။ ဒီလို တစ်ချို့နိုင်ငံတွေဟာ နေရဲ့ရွေ့လျားမှုကြောင့် ၁၂နာရီခွဲ၊ တစ်ခါတစ်လေ ၁နာရီလောက်မှ နေမွန်းတည့်တာတွေ ရှိတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ရှိတဲ့ ထေရ၀ါဒ ဘုန်းကြီးတွေဟာ ၁၂နာရီခွဲ၊ တစ်နာရီလောက်အထိ ဆွမ်းစားကြတာ ဖြစ်ပါတယ်။ အဓိကကတော့ ၁၂နာရီ ထိုးတာမထိုးတာထက် နေမွန်းတည့်တာ မတည့်တာက အဓိကကျပါတယ်။

ဒါပေမယ့် ရာသီဥတု ဆိုးဝါးတဲ့နေရာတွေမှာ နေကို မမြင်ရတဲ့အခါတွေ ရှိတတ်တဲ့အတွက် အကောင်းဆုံးကတော့ ရောက်တဲ့နေရာမှာ သူ့နိုင်ငံအသီးသီးက သတ်မှတ်ထားတဲ့ စံတော်ချိန်အတိုင်း လိုက်နာကျင့်သုံးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီလို နေကို အဓိကထား သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ခုနက ကိုရီးယားဘုန်းကြီး ယူဆသလို ကိုရီးယားမှာနေပြီး မြန်မာစံတော်ချိန်ကို လှမ်းယူလို့ မရပါဘူး။ အဲလိုဆို ညစာစားချင်ရင် မနက်ပိုင်း ဖြစ်နေတဲ့ နိုင်ငံရဲ့ နာရီကိုကြည့်ပြီး စားလို့ရသလိုလို သတ်မှတ်ကုန်ပါလိမ့်မယ်။ ရောက်တဲ့နေရာမှာ သူ့နေရာက သတ်မှတ်တဲ့ နာရီအချိန်အတိုင်း လိုက်နာတာဟာ ၀ိကာလ ဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းဖို့အတွက် သံသယ အကင်းဆုံးပဲ ဖြစ်ပါတယ်။

စကားစပ်လို့ ဒကာတစ်ယောက်ရဲ့ အဖြစ်ကလေးကို သတိရမိပါတယ်။ အဲဒီ ဒကာတစ်ယောက် ဥပုသ်နေ့မှာ ဥပုသ်သီလယူပြီးတော့ ဗိုက်ကအရမ်းဆာတဲ့အတွက် ည ၁၂နာရီကျော်တော့ ထမင်းကြော်ပြီး စားလိုက်တယ်လို့ ဆိုပါတယ်။ သူ့အထင်က ည၁၂နာရီ ကျော်ရင် စားလို့ရပြီလို့ ထင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒါဘုန်းဘုန်းကို လျှောက်ပြတော့ ၀ိကာလဘောဇ သိက္ခာပုဒ်ရဲ့ သတ်မှတ်ချိန်ဟာ နေမွန်းလွဲချိန်ကစပြီး နောက်တစ်နေ့ မနက်အရုဏ်တက်ချိန်အထိ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် အရုဏ်တက်တဲ့အထိ ဒီသိက္ခာပုဒ်ကို စောင့်ထိန်းရမယ်လို့ ရှင်းပြဖြစ်ပါတယ်။ ဒါဟာ ဥပုသ်သည်တွေ အနေနဲ့ ၀ိကာလအချိန် သတ်မှတ်တာနဲ့ ပတ်သက်လို့ သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

ထားပါတော။့ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောချင်တာက ၀ိကာလ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိတဲ့အတွက် အခုတင်ပြခဲ့တာနဲ့ ပတ်သက်လို့ အမှတ်လွဲနေတာ ရှိကြရင်လည်း ပြင်နိုင်ကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေပဲ ဆိုပေမယ့် အသေးအလွဲလေးတွေကစပြီး အလွဲကြီးတွေ ဖြစ်တတ်တဲ့အတွက် အသေးအဖွဲလေးတွေကိုလည်း တတ်နိုင်သမျှ သတိထားပြီး လိုက်နာကြတာ ကောင်းပါတယ်လို့ အကြံပြုရင်း လွဲတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၁)...

ဘုရားအနေကဇာ တင်တယ်ဆိုတာ…
မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ် ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တံခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တံခိုးထက်အောင် ဖန်တီးပေးရတယ်လို။ စဉ်းစားသင့်တဲ့ အလွဲလေးတစ်ခုပါ။

တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာ တင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က “အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ… (ဥဒါန၀တ္ထု)ဟူ၍ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော်မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့ ဘုရားရှင် ကျူးရင့်တော်မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဘုရားစကားတော်များကို ပြန်လည်ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်။ အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

အလွယ်ပြောရရင် ဘုရားအနေကဇာ တင်တယ်ဆိုတာ တန်ခိုးတော်အရာမှာ အတုမရှိတဲ့ ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်၊ လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း မဟာဗောဓိပင်အောက်မှာ ကျူးရင့်တော်မူတဲ့ အသွင်သန္တာန်ကို အာရုံပြုပြီး ရွတ်ဆိုပူဇော်နိုင်ကြပါတယ်။ အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင် လူတွေလည်း အနေကဇာ တင်နိုင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ။

တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာရှိပါသေးတယ်။ ဘုရားကို ဘိတ်သိတ်မြောက်တယ်ပေါ့။ ဒါဟာ ဘုရားကို ဘိတ်သိတ်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို ဘိတ်သိတ်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော် ထုလုပ်ကြတဲ့အခါမှာ ထုလုပ်တဲ့သူတွေဟာ ခြေထောက်နဲ့ညှက်ပြီး လုပ်ကြတာတို့၊ ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့၊ ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်။ ပြီးတော့ ထုလုပ်တဲ့ အရာဝတ္ထုတွေဖြစ်တဲ့ သစ်သား၊ ကြေး၊ ကျောက်စတာတွေရဲ့ မသန့်ရှင်းမှုတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုမသန့်ရှင်းတာတွေကို သန့်ရှင်းစေလိုတဲ့အတွက် အန္တရာယ်တွေကင်းအောင်၊ ပြီးတော့ ကိုးကွယ်တဲ့သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင် စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ်မြောက်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ အပြင်အမှောင့် ပယောဂတွေ မသန့်မရှင်းတာတွေကို သန့်ရှင်းအောင် လုပ်တယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။

ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး ကိုးကွယ်ခံ ရုပ်ပွားဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့သဘော ဖြစ်တယ်ဆိုတာ ဆိုချင်တာပါ။ ဒီလိုလုပ်မှ ကိုးကွယ်ကောင်းတာ၊ ကိုးကွယ်ထိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ဘုန်းကြီးတွေက ရုပ်ပွားဆင်းတုတော်ကို တန်ခိုးထက်အောင်၊ ကိုးကွယ်လို့ရအောင် လုပ်ပေးတာ မဟုတ်သလို ဒီလိုမှ မလုပ်ရင် ရုပ်ပွားဆင်းတုတော်ကို မကိုးကွယ်ကောင်းဘူးဆိုတဲ့ အချက်ဟာ လွဲနေတယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ပွားဆင်းတုတော်ဆိုတာ ပုံတော်ကိုမှန်ပြီး ဂုဏ်တော်လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာဖြစ်ပြီး မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရားတည်နေ၊ ဘုရားဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေကပဲ အဓိကဆိုတာ သဘောပေါက်စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားအနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့် ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်တယ်စတာတွေကို မသိဘဲ အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့အခါမှာလည်း တလွဲအတွေးတွေ၊ တစ်လွဲနားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင် လွဲတတ်တာလေးကို ထုတ်ပြရင်း အကယ်၍ မိမိတို့ကိုယ်တိုင် ဒီလိုလွဲနေခဲ့ရင်လည်း အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ လွဲတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၀)...

သူသေကောင်နဲ့ သရဏဂုံ…
တစ်နေ့ အရေးပေါ် နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား.. တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော် သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ ရုတ်တရက် ဆုံးသွားလို့၊ အဲဒါ တပည့်တော် ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူး ဖြစ်နေတာကြောင့် သူ့အတွက် သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့် တင်ပေးလို့ ရသလားဘုရား”ဆိုတဲ့ အမေးနဲ့ ထူးထူးဆန်းဆန်း အဖြစ်တစ်ခု သိလိုက်ရပါတယ်။ ခေတ်မီလိုက်တာ သရဏဂုံကိုတောင် ဖုန်းတွေ၊ အင်တာနက်တွေက တစ်ဆင့် တင်လို့ရသလားတဲ့။ “သေတဲ့သူက သေသွားမှပဲ သရဏဂုံ မတင်လည်းဖြစ်ပါတယ်၊ မီးသဂြိုဟ်ပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပဲ ပေးဝေပေးလိုက်ပါ..”လို့ ပြန်ပြောရင်း အလွဲတစ်ခုအတွက် အများဖတ်ပြီး အသိတစ်ခု ရစေဖို့ သူသေကောင်နဲ့ သရဏဂုံဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ပြဖြစ်ပြန်ပါတယ်။

ဟုတ်တယ်။ ဗုဒ္ဓဘာသာတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတကာ အလွဲတွေထဲမှာ ဒီသေသူကို သရဏဂုံ တင်ရမယ်ဆိုတဲ့ အလွဲကလည်း ဖျောက်ဖို့ခက်တဲ့ အလွဲတစ်ခု ဖြစ်နေပါတယ်။ တကယ်တော့ သရဏဂုံဆိုတာ တင်ပေးလို့ရတဲ့အရာ မဟုတ်ပါဘူး။ ဆောက်တည်မှ ရတဲ့အရာဖြစ်ပါတယ်။ ဆောက်တည်မှ ရတဲ့အရာဆိုရင် အသက်ရှိမှ ဆောက်တည်လို့ ရမှာဖြစ်လို့ သရဏဂုံတည်အောင် လုပ်နိုင်တာလည်း အသက်ရှင်နေတဲ့သူပဲ လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါဆို သေတဲ့သူအတွက် သရဏဂုံဟာ တင်ပေးလို့လည်း မရသလို တည်အောင်ဆောက်လို့လည်း မရဘူးဆိုတာ ရှင်းပါတယ်။ အဲဒါကိုပဲ ဗုဒ္ဓဘာသာတွေက လူသေရင် သရဏဂုံ တင်ရတယ်ဆိုတာကြီးက စွဲနေကြတော့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ သရဏဂုံ ဆောက်တည်ထားတဲ့ သူတွေအတွက် သရဏဂုံ ပျက်ခြင်းအကြောင်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သေသွားရင် သရဏဂုံ ပျက်သွားပြီး နောက်တစ်မျိုးကတော့ ရတနာသုံးပါးထက် ကျန်တဲ့အရာတွေကို ပိုပြီးအားကိုးယုံကြည် ကိုးကွယ်ရင် သရဏဂုံ ပျက်ပါတယ်။ တစ်ချို့က ရတနာသုံးပါးအပေါ် ယုံကြည်ကိုးကွယ်မှု မပျက်ပေမယ့် အခြေအနေအရ တစ်ခြားအယူဝါဒတွေကို ကိုးကွယ်ပူဇော် ပသနေရတာတွေ ရှိပါတယ်။ ဥပမာ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ လာဘ်လာဘကြောင့်ပဲ ဖြစ်ဖြစ်၊ အစဉ်အလာ ကိုးကွယ်လာမှုများကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို ကိုးကွယ်ပူဇော်မှုမျိုးမှာတော့ သရဏဂုံ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းပါတယ်။

ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက သေသွားရင် သရဏဂုံ တင်ပေးလို့ မရတော့တဲ့အပြင် အသက်ရှင်စဉ်က ဆောက်တည်ခဲ့တဲ့ သရဏဂုံပါ ပျက်သွားတာဖြစ်တဲ့ အတွက် သေသူကို သရဏဂုံ တင်တယ်ဆိုတာ မှားနေတဲ့ အယူအဆ ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။ တစ်ခုတော့ ရှိတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေတဲ့သူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေပေးတာ၊ သေသူကို အကြောင်းပြုပြီး ကျန်ခဲ့တဲ့သူတွေမှာ သောကပရိဒေ၀ တွေကြောင့် သရဏဂုံ ညှိုးနွမ်းနေတဲ့အပေါ်မှာ ပြန်လည်သတိတရ ဖြစ်လာအောင် ကုသိုလ်လုပ်ကြတယ် ဆိုရင်တော့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝပြီး စာပေနဲ့ညီကာ သဘာဝလည်း ကျပါတယ်။ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ်တာ ဆိုရင်တော့ သေတဲ့နေကစပြီး အချိန်မရွေး၊ နေရာမရွေး အကန့်အသတ်မရှိ ကုသိုလ်လုပ် အမျှပေးဝေနိုင်ပါတယ်။ သေသွားတဲ့သူက သာဓုခေါ်နိုင်လို့ ခေါ်သွားရင် သူ့အတွက် ကောင်းသွားပြီး မခေါ်နိုင်လည်း ကျန်တဲ့သူတွေအတွက် ကုသိုလ်ရစေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အရိုးစွဲနေတဲ့ အယူအဆ တစ်ခုဖြစ်တဲ့ သေသူကို သရဏဂုံ တင်တယ်ဆိုတဲ့ အစဉ်အလာ အယူအဆဟာ ဗုဒ္ဓဘာသာ အလိုအရ လွဲမှားနေပြီး လုပ်ပေးလို့ မရတဲ့ အယူအဆ ဖြစ်နေတယ်ဆိုတာကို သဘောပေါက်နားလည်ကာ နောက်နောင် ဘယ်သူပဲသေသေ သေသူကို သရဏဂုံတင်တာတွေ လုပ်စရာမလိုဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးတာတွေပဲ လုပ်သင့်တယ်ဆိုတာ သတိပြုနိုင်ကြစေဖို့ လွဲနေတဲ့ အလွဲတစ်ခုအဖြစ် သူသေကောင်နဲ့ သရဏဂုံအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၉)...

မိုးနတ်မင်းနဲ့ ရှင်ဥပဂုတ်…
မြို့တွေမှာရော တောတွေမှာပါ အလှူမဏ္ဍပ်ကြီးတွေထိုးပြီး အလှူပွဲကြီးတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြတဲ့အခါ မဏ္ဍပ်ကြီးတွေရဲ့ ရှေ့တစ်နေရာရာမှာ ခုံလေးတစ်လုံးနဲ့ ပွဲလေးတစ်ပွဲ ထိုးထားတာကို တွေ့တွေ့ နေရတတ်ပါတယ်။ ဆိုင်ရာတွေကို အဲဒါဘာပွဲလဲလို့ မေးကြည့်တဲ့အခါ ရှင်ဥပဂုတ်ပွဲလို့ ပြောကြပါတယ်။ သူတို့ အဆိုအရ အလှူပွဲမှာ မာရ်နတ်လာနှောက်ယှက်လို့ မရအောင်နဲ့ အလှူပွဲကြီး မိုးရွာပြီး မပျက်ရအောင် မိုးတားတဲ့ သဘောနဲ့ ရှင်ဥပဂုတ် မထေရ်ကြီးကို ပင့်ထားတာလို့ သိရပါတယ်။ လွဲလိုက်တဲ့ ဖြစ်ခြင်းလို့ပဲ ပြောရမလို ဖြစ်နေပါတယ်။ ဒီလုပ်ရပ်တွေဟာ ဒီနေ့အထိ ရှိနေပါတယ်။ အထူးသဖြင့် တောရွာတွေမှာ အလှူပွဲရှိတိုင်း ရှင်ဥပဂုတ်ပွဲလေးကတော့ မဖြစ်မနေ ပါနေတော့တာပါ။ အရိုးစွဲနေတဲ့ ဒီအလွဲကလည်း ပြုပြင်ဖို့ အချိန်သင့်နေတဲ့ အလွဲပဲ ဖြစ်ပါတယ်။

ငှက်ပျောသီးလေးတွေ၊ အုံးသီးလေးတွေ၊ သပြေခက်လေးတွေနဲ့ ပွဲပေးထားတဲ့ ရှင်ဥပဂုတ်ဟာ သူတို့လုပ်မှပဲ အလှူမဏ္ဍပ်စောင့် အဆင့်လောက်ကို ရောက်သွားတော့တာပါ။ ပွဲလေးထိုးပြီး ပင့်ထားတဲ့ ရှင်ဥပဂုတ်ကို နတ်သာသာ သဘောလောက်အထိ ရောက်စေတော့တာပါ။ ရှင်ဥပဂုတ်ကို ပင့်ထားရင် မိုးတားပေးနိုင်တဲ့ အတွက် မိုးမရွာအောင် မိုးတားခိုင်းတဲ့သဘော သက်ရောက်နေတော့ ရှင်ဥပဂုတ်ဟာ ရဟန်းလား၊ နတ်လား၊ တံခိုးရှင်လားလို့တောင် သံသယ ဖြစ်စရာ ဖြစ်နေပါတယ်။ သေချာတာကတော့ ဒီနေ့ခေတ် အလှူပွဲတွေမှာ မာရ်နတ်ဖျက်လို့ မပျက်အောင်၊ မိုးနတ်မင်းကို မိုးမရွာစေအောင် ရှင်ဥပဂုတ်က လုပ်မပေးနိုင်ဘူးဆိုတာ သေချာပါတယ်။

တကယ်တော့ ဗုဒ္ဓဘာသာအများ သိထားတဲ့ ရှင်ဥပဂုတ်ဟာ ထေရ၀ါဒ စာပေမှာပါတဲ့ ရှင်ဥပဂုတ် မဟုတ်ပါဘူး။ လူအများ နားလည်ထားတဲ့ သမုဒ္ဒရာထဲမှာ ကြေးပြဿာဒ်နဲ့ သီတင်းသုံးကာ နေကိုမော့ပြီး ဆွမ်းဘုဉ်းပေးနေတဲ့ ပုံသန္တာန် ရှင်ဥပဂုတ်ဟာ ထေရ၀ါဒ စာပေမှာလာတဲ့ ရဟန္တာတစ်ပါး မဟုတ်ပါဘူး။ မာရ်နတ်လည်ပင်းမှာ ခွဲသေကောင်ပုတ်ကိုဆွဲပြီး မာရ်နတ်ကို တံခိုးနဲ့ ချွတ်ခဲ့တဲ့ ရှင်ဥပဂုတ်ဟာ ပိဋကတ်သုံးပုံမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ရှင်ဥပဂုတ်ဟာ ရဟန္တာမထေရ် ဖြစ်တယ်လို့ ဆိုပေမယ့် ထေရ၀ါဒစာပေတွေမှာ ဖော်ပြထားတဲ့ ရဟန္တာဂုဏ်ရည်တွေနဲ့ မညီတာကို တွေ့ရပြန်ပါတယ်။ ရှင်ဥပဂုတ်မထေရ်ရဲ့ အတ္ထုပ္ပတ်ဟာ မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်တဲ့ ဒိဗျာဝါနကျမ်းမှ ဖန်တီးပေးလိုက်တဲ့ ဇာတ်လမ်းတစ်ခုသာ ဖြစ်ကြောင်း၊ ရှင်ဥပဂုတ္တ မထေရ်ဟာ ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိ ဆိုတဲ့ ဘွဲ့အမည် အမျိုးမျိုးနဲ့ ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်ကြောင်း ဆိုပါတယ်။ ရှင်ဥပဂုတ်အကြောင်းကို သာသနာနှစ် ၈၀၀-ခန့်က ရှင်မဟာနမ ရေးသားတဲ့ မဟာဝင်ဝတ္ထုမှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ရှင်မဟာနာမဟာလည်း မဟာယာနကျမ်းစာ ဒိဗျာဝါနမှ ထုတ်ယူပြီး တင်ပြခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ရှင်ဥပဂုတ်ဟာ ထေရ၀ါဒ ပိဋကတ်တော်များလာတဲ့ မထေရ်မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဘာပဲဖြစ်ဖြစ် ရှင်ဥပဂုတ်ရဲ့ နေရာယူမှုကတော့ မြန်မာပြည်မှာ တော်တော် အရိုးစွဲနေတာကို တွေ့ရပါတယ်။ ဆရာတော် တော်တော်များများကလည်း ဒါကို ထေရ၀ါဒနဲ့ မညီကြောင်း ဟောပြောကာ တိုက်ဖျက်ပါတယ်။ ဒါပေမယ့် အစဉ်အလာယုံကြည်မှုကို အရိုးစွဲနေတဲ့ မြန်မာဗုဒ္ဓဘာသာ အများကတော့ မစွန့်လွတ်နိုင်ကြဘဲ ရှင်ဥပဂုတ်ပွဲကို ထိုးမြဲထိုးနေ၊ ရှင်ဥပဂုတ်ကို မဏ္ဍပ်စောင့်အဖြစ် ထားမြဲထားနေ၊ မိုးမရွာအောင် မိုးတားမြဲ တားနေစေပါတယ်။

သေချာတွေးကြည့်ရင် မိုးရွာတာ မရွာတာ ရှင်ဥပဂုတ်နဲ့ မဆိုင်ပါဘူး။ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုနဲ့ပဲ ဆိုင်ပါတယ်။ ရေခိုးရေငွေ့တွေကနေ တိမ်တွေဖြစ်ပြီး တိမ်တွေကတစ်ဆင့် မိုးရွာချတဲ့ သဘောမှာ ရှင်ဥပဂုတ်က ဘာလုပ်ပေးနိုင်မှာလဲပေါ့။ ပြီးတော့ ရှင်ဥပဂုတ်ကို ရဟန္တာမထေရ်လို့ဆိုရင် အနှစ်တစ်ရာတမ်းမှာ ပွင့်တဲ့ ရဟန္တာဟာ အဲဒီလောက်အထိ အသက်ရှည်နိုင်မလားပေါ့။ ရှင်ဥပဂုတ်ဟာ ရုပ်ကသာ ပရိနိဗ္ဗာန်ပြုသွားတာ သူ့ရဲ့တံခိုး ပါဝါတွေနဲ့ စိတ်ဝိညာဉ်ကတော့ ရှင်နေစဲပဲလို့ ဆိုရင်လည်း ရဟန္တာ ပရိနိဗ္ဗာန်စံပြီး နတ်ပဲဖြစ်နေသလိုလို ကောင်းကင်ဘုံပဲ ရောက်နေသလိုလို ဖြစ်နေပါတယ်။ တကယ်ရဟန္တာဆိုရင် ပရိနိဗ္ဗာန်ပြုတာနဲ့ နောက်ထပ်ဘ၀သစ် မရှိတော့ပါဘူး။ ဒီလို သေချာစိစစ်လိုက်မယ်ဆိုရင် ဒီနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ် ပူဇော်ပသနေတဲ့ ရှင်ဥပဂုတ်ဟာ ထေရ၀ါဒနဲ့ မညီတဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ် ဖြစ်နေပါတယ်။ ထေရ၀ါဒစံနဲ့အညီ လိုက်နာကျင့်သုံးနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလို စာပေမှာ မပါတာတွေ အပေါ်မှာ ကိုးကွယ်ပူဇော် နေမယ်ဆိုရင် ဒါဟာ လွဲမှားနေတာ ဖြစ်ပါတယ်။

စာပေမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရှင်ဥပဂုတ်ကို ရဟန္တာမထေရ် တစ်ပါးအနေနဲ့ ရဟန္တာရဲ့ဂုဏ်ကို အာရုံပြု ရှိခိုးပူဇော်မယ်ဆိုရင် ကုသိုလ်ရနိုင်ပေမယ့် ရဟန္တာပုဂ္ဂိုလ်ကို မသင့်လျော်တဲ့ နေရာတွေမှာထားပြီး နတ်ပူဇော်သလို ပွဲလေးတင်ကာ မိုးတားခိုင်းမယ်ဆိုရင်တော့ အပြစ်ဖြစ်စေနိုင်ပါတယ်။ ဘုရားရဟန္တာတွေလို ဘုရားစင်ပေါ်မှာ သီးသန့်ကိုးကွယ် ပူဇော်ထားရင် ကုသိုလ်ရနိုင်ပေမယ့် မဏ္ဍပ်ရှေ့မှာ ခုံလေးတစ်လုံးနဲ့ ထားတာတို့၊ ချောင်းထဲမြစ်ထဲမှာ ကြေးပြဿာဒ်လေးနဲ့ ထားပြီး ရေမျှောဖို့ လုပ်တာတို့ကတော့ အပြစ်ဖြစ်ပါတယ်။

ဒါကြောင့် ကိုးကွယ်ရာမှ ဘေးမဖြစ်အောင် ထေရ၀ါဒ ဗုဒ္ဓစာပေတွေမှာ မပါတာကို မပါတဲ့အတိုင်းထားပြီး အရိုးစွဲနေတဲ့ ယုံကြည်မှုတွေနဲ့ ဟိုပွဲထိုး ဒီပွဲထိုးကာ ဟိုတင်ဒီတင်လုပ်တဲ့ ပူဇော်ပသမှုတွေကို ဉာဏ်နဲ့ဆင်ခြင်ပြီး ယုတ္တိမရှိတဲ့ အလွဲလေးတွေအပေါ်မှာ မလွဲရအောင် သတိပြုနိုင်ဖို့ မိုးနတ်မင်းနဲ့ ရှင်ဥပဂုတ်အကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၈)...

ဆင်းတုတော်နဲ့ နေ့သစ်နံသစ်…
ဗုဒ္ဓဘာသာများရဲ လွဲတတ်တဲ့၊ လွဲနေတဲ့ အလွဲလေးတွေ ထုတ်ပြရာမှာ ဒီတစ်ခါတော့ ရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်တာနဲ့ ပတ်သက်တဲ့ အလွဲလေးတစ်ခု ပြောဖို့လိုလာပြန်ပါတယ်။ ဒီနေ့ခေတ်မြန်မာများဟာ ရုပ်ပွားဆင်းတုတော်ကို ကိုယ်ကိုယ်တိုင် ကိုးကွယ်ပူဇော်လိုလို့ ထုလုပ်ကိုးကွယ်တာတွေ ရှိသလို ဗေဒင်ဆရာတွေရဲ့ ညွန်ကြားမှုကြောင့် ထုလုပ်ကိုးကွယ်တာလည်း ရှိပါတယ်။ တစ်ချို့က ဘုရားဆင်းတုတော် ထုလုပ်ကိုးကွယ်တာကို ကိုယ်ကဘယ်နေ့သား၊ ဘယ်နေ့သမီးဖြစ်လို့ ဘာသစ်သားနဲ့ ထုလုပ်တာ၊ ဘာကျောက်နဲ့ ထုလုပ်တာ၊ ဘုရားပလ္လင်အောက်က ဘယ်လိုသတ္တ၀ါမျိုး ထုလုပ်စေတာ၊ ဆင်စီးပြီးမြင်းရံဖို့အတွက် ဆင်ခံမြင်းခံဘုရား ထုလုပ်စေတာ စသဖြင့် ရုပ်ပွားတော် ပူဇော်ကိုးကွယ်ချင်တာထက် ကိုယ့်အတွက် ဓာတ်တူနံတူဖြစ်အောင်၊ ကိုယ်အန္တရာယ်ကင်းအောင်၊ အစစအရာရာ အောင်မြင်အောင် စတာတွေက ပိုပြီးလွှမ်းမိုးနေပါတယ်။ ဘုရားကို အာရုံပြုချင်တာထက် ဘုရားကို အသုံးချချင်တာက ပိုများနေပါတယ်။

တစ်ချို့ရှိပါသေးတယ်။ ဒက္ခိဏသာခါ ဘုရားဆင်းတုတော်ကို ကိုးကွယ်ရင် အိမ်မီးကွင်းတယ်ဆိုပြီး ထုလုပ်ပူဇော်တာပါ။ တကယ်လို့ ဒက္ခိဏသာခါ ဘုရားကို ထုလုပ်စေတယ်ဆိုရင်လည်း ဘုရားဆင်းတုတော်ကို ကြည်ညိုဖွယ်ဖြစ်အောင် ထုလုပ်ခိုင်းသင့်တာပေါ့။ ခုဟာက ဘယ်ဆရာက ဘယ်လိုထွင်လိုက်တယ် မသိပါဘူး။ ဘုရားရုပ်ပွားတော်ကို ပုပုကွကွထုလုပ်ထားတာ၊ ပြီးတော့ ပခုံးနှစ်ဘက်၊ ဒူးခေါင်းစတာတွေမှာ သပ်ရိုက်ထားတာတွေအထိ ဖန်တီးထုလုပ်ထားတာတွေကြောင့် ဘုရားဆင်းတုတော်ဟာ ကြည်ညိုဖွယ် အသွင်ကို ပျောက်နေတော့တာပါ။ ဒက္ခိဏသာခါ ဘုရားဆင်းတုတော်ကို ပြန်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ဗုဒ္ဓဘာသာတွေဟာ ဘုရားရုပ်ပွားတော်ကို ဖြစ်သလိုပူဇော်ကြတဲ့ အပြင် လောကီရေးတွေအတွက်ပါ အသုံးချသလို ဖြစ်နေပါတယ်။ ဒါလည်း မဖြစ်သင့်ပါဘူး။

တကယ်တော့ ဆင်းတုတော်ဆိုတာ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿကစေတီဆိုတဲ့ စေတီလေးမျိုးထဲမှာ ဘုရား၊ ရဟန္တာ အရှင်မြတ်များကို ရည်မှန်းပြီး ထုလုပ်ထားတဲ့ ဥဒ္ဒိဿ စေတီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ စေတီဆိုတာ ကိုးကွယ်ပူဇော်တဲ့ သူများရဲ့ ကုသိုလ်လုပ်ရာ၊ ကောင်းမှုပြုရာ၊ ထာဝရမပျက်ဆီးနိုင်တဲ့ ကုသိုလ်ရွှေအိုးမြုပ်ရာ ဌာနဖြစ်တဲ့အတွက် စေတီလို့ ခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ပွားဆင်းတုတော်ဟာ ဥဒ္ဒိဿကစေတီဖြစ်တဲ့ အတွက် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ကိုးကွယ် ပူဇော်သင့်ပါတယ်။ ဘုရားရှင်ဟာ ၃၂ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်များနဲ့ ပြည့်စုံတဲ့ လူသားစင်စစ် ဖြစ်တော်မူတဲ့အတွက် လောကမှာ အချောဆုံး၊ အကြည်ညိုဆုံးလူသား ဖြစ်ပါတယ်။ ဒီလိုလူသားကိုမှ ပုကွကွ၊ ပုတိုတိုဖြစ်အောင် ဖန်တီးထုလုပ်တာကတော့ ဒါဟာ ဘုရားကြည်ညိုလို့ ထုလုပ်တာမဟုတ်ဘဲ၊ ဘုရားကိုခုတုံးလုပ်ပြီး အဆောင်သဘောထားချင်လို့ ထုလုပ်စေတာပဲ ဖြစ်ပါတယ်။

နှလုံးသားမှာ ဘုရားတည်ဖို့က အဓိကကျပေမယ့် နှလုံးသားမှာ မတည်ခင် ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းဖို့ ကလည်း လိုလာပြန်ပါတယ်။ ဘုရားပုံတော်ကို ကြည့်လို့မှ ဂုဏ်တော်မလွှမ်းနိုင်အောင် ဖြစ်ရတဲ့ ရုပ်ပွားဆင်းတုတော်မျိုး ကတော့ သာမန်သဒ္ဓါတရား နုသေးတဲ့ သူတွေအတွက် သဒ္ဓါတိုးဖို့ ခက်ခဲလှပါတယ်။ ဘုရားဆင်းတုတော်ကို ကြည်ညိုဖွယ်ဖြစ်အောင် ထုလုပ်ထားရင် မျက်နှာတော်ကို ကြည့်နေရတာကိုက ပီတိတိုးနေတာပါ။ ဆင်းတုတော် ထုလုပ်တဲ့သူတွေ အနေနဲ့လည်း ရုပ်ပွားတော်ကို ဖြစ်သလို မထုလုပ်သင့်ပါဘူး။ ဘုရားဆိုတာ အတုမရှိသလို၊ တူအောင်လည်း ထုလို့မရပေမယ့် ကြည်ညိုဖွယ်ဆောင်တဲ့ မျက်နှာတော် ကိုယ်ဟန်အနေအထားနဲ့ လက်အနေအထား မုဒြာများကို စေတနာထား ထုလုပ်သင့်ပါတယ်။ ၀ယ်ယူပူဇော်တဲ့သူတွေ ဘုရားရုပ်ပွားတော်ကို ကြည့်လိုက်တာနဲ့ ရင်ထဲမှာ ကြည်နူးသွားစေရင် သူတို့လည်း ကုသိုလ်ရသလို ကိုယ်လည်းကုသိုလ်ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမှာအဓိက ပြောချင်တာက ရုပ်ပွားဆင်းတုတော် ထုလုပ်စေပြီး ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာများ အနေနဲ့ ဘာသာရေးကို လောကီရေးများနဲ့ ရောပြွမ်းပြီး ကိုယ့်အတွက်နဲ့ ဘုရားဆင်းတုတော်ကို အသုံးချတဲ့အထိ မဖြစ်ကြဖို့ လိုပါတယ်။ ဘာသားနဲ့ပဲထုလုပ်ထား ထုလုပ်ထား ကြည်ညိုဖွယ်ကို ဆောင်စေတဲ့ ဆင်းတုတော်ဆိုရင် တရိုတသေနဲ့ ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းနိုင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ်က ဘာနေ့နံဖြစ်လို့ ဘုရားဆင်းတုတော်ကို ဘယ်လိုအသားနဲ့ ထုထားတာမှ ကိုးကွယ်မယ်ဆိုတာထက် ပုံတော်ကိုမှန်းပြီး ဂုဏ်တော်အထိ အာရုံပြုနိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာများ အနေနဲ့ ဆင်းတုတော် ထုလုပ်ကိုးကွယ်တာကို လောကီရေးများနောက်လိုက်ပြီး နေ့သစ်နံသစ်တွေနဲ့ ပုံစံအမျိုးမျိုး ထုလုပ်ကာ ဖြစ်သလို ကိုးကွယ်မှုမျိုး မဖြစ်ကြစေဖို့နဲ့ ကြည်ညိုဖွယ်ကိုဆောင်တဲ့ ရုပ်ပွားဆင်းတုတော်အပေါ်တွင် သက်တော်ထင်ရှား ဘုရားရှင်အား အာရုံထားပြီး ပုံတော်မှသည် ဂုဏ်တော်အထိ ပွားနိုင်အောင် ကြိုးစားကြဖို့ လွဲနေတာလေးကို သတိပြုနိုင်ရန် တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၇)...

အလှူလှူတာလား…၊ ဂုဏ်ယူတာလား…
ဒီနေ့ခေတ် ဗုဒ္ဓဘာသာအများ အလှူလှူတာနဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိပါတယ်။ တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေဟာ အလှူလှူတာထက် ဂုဏ်ယူတာတွေက များနေတာကို တွေ့ရတတ်ပါတယ်။ တောရွာတွေမှာဆို ပိုဆိုးပါတယ်။ အလှူလုပ်တာ အကြွေးအတင်ခံပြီးတော့ကို လုပ်တတ်တာတွေပါ။ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ရှင်ပြုတုန်းကလည်း ဘုန်းဘုန်းတို့ ညီအစ်ကိုတွေ ရှင်ပြုပွဲ ကြီးကြီးကျယ်ကျယ် လုပ်နိုင်ဖို့ ဒကာကြီးက အိမ်ကလယ်တွေကိုတောင် ပေါင်ပြီး အကြွေးအတင်ခံ ချေးငှါးပြီး လှူတာကို သတိရမိပါတယ်။ ဒီနေ့အထိပဲ တောရွာတွေမှာ အလှူလုပ်ပြီဆိုရင် ဂုဏ်တုဂုဏ်ပြိုင်တွေ ဆိုင်းတွေ၊ အငြိမ့်တွေနဲ့ သူ့ထက်ငါ အပြိုင် လှူနေကြတာကို တွေ့ရတတ်ပါတယ်။ အလှူပွဲပြီးလို့ ကိုယ်လှူတဲ့ အလှူအကြောင်း ပြန်စဉ်းစားလိုက်ရင် ကုသိုလ်တစ်ပဲ ငရဲက တစ်ပိဿာ ဆိုသလို ဖြစ်နေကြတာကို တွေ့ရပြန်ပါတယ်။ ခုနောက်ပိုင်း မြို့တွေမှာလည်း တစ်ချို့က ဘယ်နေရာမှာမ၊ ဘယ်လိုနာမည်ကြီး အဖွဲ့တွေနဲ့မှ စသဖြင့် ဂုဏ်တုဂုဏ်ပြိုင် သဘောတွေက အများကြီး ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။

ပိုဆိုးတာက အလှူလုပ်ပြီး ကုသိုလ်စိတ်နဲ့ ပီတိတိုးရမယ့်အစား အကြွေးတွေ၊ ဟိုပြဿနာ၊ ဒီပြဿနာတွေ၊ ဟိုကိစ္စ၊ ဒီကိစ္စတွေ တွေးရင်း ဒီအလှူပွဲကြီး လုပ်လိုက်မိတာ မှားပါလားဆိုတဲ့ နောင်တ ရမှုမျိုးတွေ ဖြစ်နေတာက ပိုဆိုးပါတယ်။ အလှူလှူပြီးနောက်ပိုင်းမှာ ဖြစ်ရမယ့် ၀မ်းမြောက်မှုပီတိနဲ့အတူ ပြည့်စုံရမယ့် အပရစေတနာက မပြည့်စုံတော့ဘဲ အလှူကြောင့် ရခဲ့တဲ့ နောင်တကြောင့် စေတနာသုံးတန် မပြဋ္ဌာန်းနိုင်တာက မလိုအပ်တဲ့ ချဲ့ထွင်မှု ဂုဏ်ပကာသနတွေရဲ့ ရလာဘ်တစ်ခု ဖြစ်နေတတ်ပါတယ်။ အလှူကြီးလှူပြီး စေတနာသုံးတန် မပြဋ္ဌာန်းနိုင်တဲ့အတွက် အကျိုးတရား အပြည့်မရတဲ့အခါ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတာ ဖြစ်ကုန်ပါတော့တယ်။ ဒါကြောင့် အလှူလှူတာကို အလှူနဲ့တူအောင် လှူနိုင်ဖို့ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေနဲ့ ငါဘယ်လောက်လှူနိုင်တယ်ဆိုတဲ့ ဂုဏ်တုဂုဏ်ပြိုင်မှုတွေနဲ့ မလှူမိကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်ဖြစ်သင့်တာက အလှူလှူတဲ့ ရည်ရွယ်ချက်က ဒါနမြောက်ဖို့နဲ့ စည်းစိမ်ဥစ္စာတွေအပေါ်မှာ တပ်မက်တတ်တဲ့ လောဘ၊ မပေးလို မလှူလိုမှု မစ္ဆရိယတွေ လျော့နည်းအောင် လှူနိုင်ဖို့ ကြိုးစားတဲ့ အလှူမျိုး ဖြစ်သင့်ပါတယ်။ ဘယ်လောက်လှူနိုင်တာ၊ ဘယ်လိုလှူနိုင်တာက အရေးမကြီးဘဲ လိုအပ်တဲ့နေရာမှာ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ စေတနာသုံးတန် ပြဋ္ဌာန်းနိုင်အောင် လှူတတ်ဖို့နဲ့ လှူနိုင်သမျှ အတိုင်းအတာ အလျောက် ကိုယ့်သန္တာန်မှာ လောဘတွေ၊ မစ္ဆရိယတွေ လျော့နည်းနိုင်မှုက ပိုပြီးအရေးကြီးပါတယ်။ ပျော်ပွဲရွှင်ပွဲများနဲ့ အလှူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်တာထက် တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အရာကို လှူရင်း တရားလည်းနာ၊ ၀ဋ်ကင်းပြတ်ရာကိုလည်း အာရုံပြုနိုင်တဲ့ အလှူမျိုး လှူနိုင်တာက အဓိကကျပါတယ်။ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေနဲ့ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြတာထက် အကျဉ်းချုံးပြီး ကိုယ်လှူတာကိုယ်သိတဲ့ ပုံစံမျိုးနဲ့ ဂုဏ်တုဂုဏ်ပြိုင်မရှိ ကိုယ့်ကိုယ်ကို နှိမ့်ချစွာ လှူနိုင်တာက အလှူအကျိုးပိုကြီးနိုင်ပါတယ်။

ဒါကြောင့် အလှူလုပ်လိုတာထက် ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်တာတွေက ပိုများတတ်တဲ့ မြန်မာဗုဒ္ဓဘာသာ အချို့အနေနဲ့ အလှူလှူတာနဲ့ ဂုဏ်ယူတာကို ကွဲပြားအောင် ခွဲခြားပြီး ပြိုင်ဆိုင်မှုမပါ၊ ဂုဏ်ပကာသနမဖက်ဘဲ ရှိသမျှအတိုင်း အတာလေးနဲ့ စေတနာသုံးတန် ပြဋ္ဌာန်းပြီး လှူနိုင်သမျှ လှူရင်း လောဘနဲ့ မစ္ဆရိယကို လျော့နည်းစေကာ ၀ဋ်ဒုက္ခမှ ကင်းလွှတ်တဲ့ အလှူလုပ်မှုမျိုး ဖြစ်အောင် ကြိုးစားသင့်ကြောင်း လွဲတတ်တာလေးတွေကို သတိချပ်နိုင်ဖို့ အသိပေးစကား ပြောကြားလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၆)...

ကပ်ပြီးရင် မကိုင်နဲ့…
ဗုဒ္ဓဘာသာ မြန်မာများရဲ့ အိမ်တွေမှာ ဆွမ်းစားပင့်လို့ ကြွရောက်တဲ့အခါ ဆွမ်းကပ်ပြီးတာနဲ့ မကြာမကြာ ကြားရတဲ့ စကားတစ်ခွန်းက “ဟဲ့…ဟဲ့… ကပ်ပြီးရင် မကိုင်နဲ့တော့၊ ကိုင်လို့မရတော့ဘူး..”ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘာဖြစ်လို့ဆိုတဲ့ တိကျတဲ့ အကြောင်းပြချက်မရှိဘဲ ကြားဖူးနားဝနဲ့ တစ်လွဲနားလည် အသုံးပြုနေကြသလို ဖြစ်နေပါတယ်။ ဆွမ်းကပ်ပြီးမှကိုင်ရင် အကပ်ပျက်ပြီး သံဃာတော်များ မဘုဉ်းပေးရမှာ စိုးလို့လား၊ ကပ်ပြီးမှကိုင်ရင် ၀ိနည်းတော်အရ အာပတ်သင့်မှာ စိုးလို့လား ဘာရယ်ကြောင့်မသိ။ အဖြေက တိတိကျ မရှိဘဲ ဖြစ်နေပါတယ်။ တစ်လောကပဲ ကျောင်းမှာဆွမ်းလာကပ်တုန်း ဆွမ်းကပ်ပြီးတော့ ဒကာလေးတစ်ယောက်က အဝေးက ဟင်းခွက်လေးတွေ နီးအောင်ရွေ့ပေးနေတာကို အနီးမှာ ရှိနေတဲ့ ဒကာမက “ဟဲ့..ဟဲ့… ကပ်ပြီးရင် မကိုင်တော့နဲ့“လို့ ပြောသံကြားလိုက်ရလို့ အကျိုးအကြောင်း ရှင်းပြလိုက်ရပါသေးတယ်။

တကယ်တော့ ကပ်ပြီးရင် ကိုင်လည်းပဲ အကပ်ပျက်မှု မပျက်မှုက အကပ်ခံတဲ့ သံဃာတော်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဘုဉ်းကြီးတွေ ဆွမ်းဘုဉ်းပေးနေချိန်မှာ ဟိုဟာထည့် ဒါထည့် ဟိုကြားဝင် ဒီကြားဝင် လုပ်တဲ့အခါ ဆွမ်းဘုဉ်းပေးတဲ့ ရဟန်းတော်တွေ ကျဉ်းကြပ်မှာစိုးလို့ မကိုင်ခိုင်းဘဲ ဘေးကနေ လိုအပ်တာ လုပ်ပေးဖို့ ပြောတာဆိုရင်တော့ ဘာမှအထူး ပြောစရာ မရှိပါဘူး။ အဲလိုမှ မဟုတ်ဘဲ ဆွမ်းကပ်ပြီး ကိုင်ရင် အကပ်ပျက်ပြီး မဘုဉ်းပေးကောင်းမှာ စိုးလို့ဆိုရင်တော့ လွဲနေပါတယ်။

ဝိနည်းတော်မှာ ဆွမ်းစတာတွေ ကပ်ပြီးရင် အကပ်ပျက်နိုင်တဲ့ အကပ်ပျက်ကြောင်း အင်္ဂါ (၆)ပါးကို ဖော်ပြထားပါတယ်။ ဒီ အကပ်ပျက်ကြောင်း အင်္ဂါခြောက်ပါးကတော့
(၁) အကပ်ခံတဲ့ရဟန်းက ငြိကပ်တွယ်တာမှု မရှိ၊ အာလယပြတ် စွန့်လိုက်ခြင်း
(၂) အကပ်ခံတဲ့ ရဟန်းက သိက္ခာချ လူထွက်သွားခြင်း
(၃) အကပ်ခံထားတဲ့ ရဟန်းကိုယ်တိုင်က ကပ်လှူထားသည်များကို သူတစ်ပါးအား ပေးလိုက်ခြင်း
(၄) ကပ်လှူထားသည်များကို လူစသည်တို့က လုယူထွက်ပြေးသွားခြင်း
(၅) အကပ်ခံပုဂ္ဂိုလ် သေဆုံးသွားခြင်းနဲ့
(၆) လိင်ပြန်သွားခြင်း
တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါခြောက်ပါး တစ်ပါးပါးငြိစွန်းနေရင်တော့ အကပ်ပျက်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ကပ်ပြီးသားကို ကိုင်ခြင်းကြောင့် အကပ်မပျက်ပါဘူး။ အခြေအနေအရ သံဃာတော်များရဲ့ ခွင့်ပြုချက်ကို ယူပြီးအနီးကပ် ပြုစုလှူဒါန်းနိုင်ပါတယ်။ တစ်ချို့ဆရာတော်ကြီးများကတော့ ဟိုကိုင်ဒီကိုင် ဟိုထည့်ဒီထည့် လုပ်ပေးတာ မကြိုက်တတ်တဲ့အတွက် ခွင့်ပြုချက်ကိုမေးပြီး ဆက်ကပ်လှူဒါန်းပေးတာ ကောင်းပါတယ်။ သေချာတာကတော့ ကပ်ပြီးရင် မကိုင်ကောင်းဘူးဆိုတဲ့ အချက်ကတော့ မဟုတ်ဘူးဆိုတာပါ။

ဒါကြောင့် လူတွေကြားမှာ ကြားကြားနေရတဲ့ ဒီလိုဘာမှန်းမသိဘဲ ရှေးရှေးကတည်းက စွဲလာခဲ့တဲ့ နားလည်မှု အသိတွေကြောင့် ပြောဆိုသုံးနှုံး နေကြတာတွေဟာ လွဲနေတတ်တဲ့ သဘောလေးတွေ ရှိတတ်တဲ့အတွက် သတိပြု ဆင်ခြင်နိုင်ဖို့ လွဲချက်လေးကို ထုတ်နှုတ်တင်ပြ အသိပေးရခြင်း ဖြစ်ပါတယ်။ ဒီတင်ပြချက်လေးများကို မှတ်သားပြီး ပြုပြင်ဆင်ခြင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၅)...

ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…
လွဲနေတာလေးတွေကို ပြောနေရင်း နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။ ဘုန်ဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။ ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။ ဘုန်းဘုန်းက “ဒကာမ ဒီဆင်းတုတော် တော်တော်သပ္ပါယ်သားပဲ..၊ ဆိုင်က၀ယ်ယူပြီး ပူဇော်တာလား..၊ ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။ ဒီတော့ ဒကာမက “ဆိုင်က၀ယ်လာတာ မဟုတ်ဘူးဘုရား…၊ တပည့်တော်မတို့ အိမ်မှာကိုးကွယ် ပူဇော်ထားတဲ့ ဆင်းတုတော်ပါ၊ အိမ်မှာ အစစ အရာရာ အဆင်မပြေ ဖြစ်နေလို့ ဗေဒင်ဆရာ သွားမေးကြည့်တော့ ဗေဒင်ဆရာက အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်က ခိုက်တာ၊ အဲဒီဆင်းတုတော်ကို ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊ ဘုရားစေတီမှာရှိတဲ့ ညောင်ပင်ရင်းမှာပဲ ဖြစ်ဖြစ် သွားလှူလိုက်ပါလို့ ပြောလို့ အဲဒါ အရှင်ဘုရားကျောင်းမှာ လာလှူတာပါဘုရား…”တဲ့။

ရင်ထဲမှာ တော်တော်ကို မကောင်းဖြစ်သွားတယ်။ ဒါလားဟဲ့ ဗုဒ္ဓဘာသာလို့လည်း စိတ်ထဲမှာ ရေရွတ်မိပါတယ်။ ဘုရားဆင်းတုတော်ကို ကျောင်းမှာလာလှူတာပါတဲ့။ ပြောလိုက်တဲ့စကားက လှူတယ်ပေါ့။ တကယ်တော့ ဗေဒင်ဆရာစကားအတိုင်း အိမ်မှာခိုက်လို့ ကျောင်းမှာလာစွန့်တာပါပဲ။ ဘုရားဆင်းတုတော်က ခိုက်တာဆိုပဲ။ ဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ဗေဒင်ဆရာက ရိုက်တာပါ။ ဗေဒင်ဆရာရိုက်တာကို ဆင်ခြင်တုံတရားမရှိ၊ အမှားအမှန် မခွဲခြားဘဲ လိုက်လုပ်နေကြတာပါ။ ဘုရားစင်မှာ လူတွေဘာပဲ ကပ်ကပ် အကောင်းအဆိုး၊ ဘာမှမပြော၊ ဘယ်လိုပဲနေနေ ဘာမှမလုပ်ပဲ အချိန်ပြည့် ထားတဲ့နေရာမှာ ရှိနေတဲ့ ဒီရုပ်ပွားဆင်းတုတော်ကပဲ ခိုက်တယ်လို့ စဉ်းစဉ်းစားစား လုပ်ကြပါဦး။ ကိုယ့်ကံနိမ့်နေ၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ဖာသာ မကောင်းတာတွေ ဖြစ်နေတာကိုပဲ ဘုရားကိုပုံချပြီး ဘုရားက ခိုက်တယ်ပဲ ရှိရသေးတယ်။

ယနေ့ခေတ် ဗုဒ္ဓဘာသာ အများဟာ မကောင်းတာတွေကြုံ ဒုက္ခတွေဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မကြည့်၊ ပြန်မစိစစ်တော့ဘဲ နီးစပ်ရာအားကိုးမှုကို ရှာတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများအားကိုပြီး ဟိုမေးဒီမေး လုပ်တတ်ကြပါတယ်။ နောက်ဆုံး အဲဒီလို လူမျိုးတွေကို စောင့်စားနေကြတဲ့ ဗေဒင်လက္ခဏာ နတ်ဂိုဏ်းဆရာတွေဆီ ရောက်ကုန်ပါလေရော။ ဗေဒင်ဆရာစတဲ့ သူတွေဆိုတာ သူတို့ဆီရောက်လာတယ် ဆိုရင် အပူတစ်ခုခုရှိလို့ ရောက်လာတယ်ဆိုတာ သိထားပြီးသားဆိုတော့ ရောက်တာနဲ့ တန်းပြီး အဆင်မပြေတာ တစ်ခုခု ရှိနေတယ်မဟုတ်လားဆိုတော့ ရောက်လာသူက ဟာ…သူသိနေပါလား..၊ ဘာမှ မပြောရသေဘူး သိပ်မှန်ပါလားနဲ့ သူပြောသမျှမှာ အကုန်ယုံ၊ အကုန်လိုက် လုပ်တော့တာပါပဲ။ အဲဒီ တစ်လွဲယုံကြည်မှု အားကောင်းခြင်းက ကိုယ့်အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်ကို စွန့်တဲ့အထိ ဖြစ်ကုန်ပါတော့တယ်။

တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အစဉ်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။ အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုတော့ သူများခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တော့တာပါ။ နောက်ဆုံးတော့ ဗေဒင်ဆရာကို အားကိုးမိလို့ ဗေဒင်ဆရာ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။ အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခိုက်တယ်ဆိုတာ ရုပ်ပွားဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကို ပြန်ခိုက်စေတာ ဖြစ်တဲ့အတွက် အခိုက်အတန့် အဆိုးတွေနဲ့ ခိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းတွေပဲ ဖိလုပ်နေဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို မပြုပြင်၊ အကောင်းတွေနဲ့ မပြင်ဆင်ဘဲ သူများအားကိုပြီး ဗေဒင်ဆရာမေးတဲ့အဆင့် ရောက်သွားမယ်ဆိုရင်တော့ ဘုရားဆင်းတုတော်တွေပါ စွန့်ခိုင်းတတ်ကာ အပါယ်အထိရောက်အောင် ထိုပုဂ္ဂိုလ်များက ရိုက်တတ်တဲ့အတွက် ဗေဒင်ဆရာရိုက်မှာကို သတိပြုဆင်ခြင်ကြဖို့ မှားတတ်တဲ့ အမှားတစ်ခု အဖြစ်သတိပေး တင်ပြလိုက်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၄)...

၅၂၈နဲ့ ၁၅၀၀…
လူငယ်တွေကြား၊ တစ်ချို့လူတွေကြားမှာ အလွဲနားလည်ပြီး အသုံးပြုနေတဲ့ စကားတစ်ခုရှိပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး သုံးတဲ့စကားပါ။ တစ်ဦးနဲ့ တစ်ဦးကြားမှာ အချစ်တွေကို ဖော်ပြပြီး တွင်တွင်ကြီး သုံးနေတာတွေမှာ လွဲနေတာလေးက “ဒို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူး၊ ဒို့အချစ်က ရိုးသားတယ်၊ ဒို့မင်းအပေါ်မှာထားတဲ့ အချစ်ဟာ ၅၂၈အချစ်မျိုးပါ..”စသဖြင့် သုံးနေကြတာ ရှိသလို “ဒို့မင်းကိုချစ်တာ ၁၅၀၀အချစ်မျိုးနဲ့တင် မဟုတ်ဘူး ၅၂၈အချစ်မျိုးနဲ့ပါ ချစ်တာပါ…၊ ဘာပဲဖြစ်ဖြစ် မောင်စိတ်နှစ်မစိတ်နဲ့ ၅၂၈လို အချစ်မျိုးပဲ ကောင်းပါတယ်…” စသဖြင့် ပြောဆိုနေကြတာတွေပါ။ လူအတော်များများက မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့တပည့်ကြား၊ ညီအစ်ကို မောင်နှစ်မတွေကြားမှာထားတဲ့ အချစ်ဟာ အပြစ်ကင်းတဲ့ ၅၂၈ အချစ်မျိုးဖြစ်တယ်လို့ ထင်နေကြပြီး ချစ်သူသမီးရည်စားတွေရဲ့ အချစ်မျိုးကတော့ ၁၅၀၀ အချစ်လို့ နားလည်နေကြပါတယ်။ ဒါဟာ လွဲနေပါတယ်။ အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊ ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊ ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ ၅၂၈ အချစ်မျိုး မဟုတ်ပါဘူး။

တကယ်တော့ ၅၂၈အချစ် တစ်နည်းအားဖြင့် ၅၂၈ မေတ္တာဟာ ဖြူစင်ပါတယ်။ မျှော်လင့်ချက်ကင်းပါတယ်။ မေတ္တာအစစ်ဟာ ကိုယ့်အတွက်မပါဘဲ သူတစ်ပါးကို အကျိုးလိုလာခြင်း သက်သက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ၅၂၈မေတ္တာဟာ ပို့တိုင်းပို့တိုင်း ကိုယ့်အတွက်မပါ သူတစ်ပါး ချမ်းသာရေး သက်သက်ကိုသာ ရှေ့ရှုပို့သတာ ဖြစ်တဲ့အတွက် ဖြူစင်တဲ့ မေတ္တာအစစ်ဖြစ်ပါတယ်။ ဆိုကြပါစို့ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့် စသူတို့ကြားမှာ ရှိနေတဲ့ အချစ်မျိုးဟာ ပို့တိုင်းပို့တိုင်း “ငါ့အဖေ၊ ငါ့အမေ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆရာ၊ ငါ့တပည့်၊ ငါ့အစ်ကို၊ ငါ့ညီ၊ ငါ့အစ်မ၊ ငါ့နှစ်မ”စတဲ့ ငါစွဲများဦးစီးပြီး ပို့သနေတဲ့ မေတ္တာများ ဖြစ်နေတဲ့အတွက် ဖြူစင်တဲ့ ၅၂၈မေတ္တာလို့ မပြောနိုင်ပါဘူး။ ၅၂၈ မေတ္တာကတော့ “သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ…၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ…၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ပါစေ…”လို့ ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး သက်သက်ပဲ ဖြစ်နေပါတယ်။ ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး အကျိုးလိုးလာမှု သက်သက်ရှိတဲ့ မေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ခေါ်တာပါ။ ဒီနေရာမှာ ၅၂၈ မေတ္တာ ရေတွက်ပုံလေးကို တင်ပြလိုပါတယ်။

ဒီနည်းကတော့ ပုဂ္ဂိုလ် ၁၂ယောက်ကို တစ်ယောက်ချင်း မေတ္တာလေးချက်နဲ့ အရင်ပွားပြီး နောက် အရပ်ဆယ်မျက်နှာနဲ့ ပြန်ပွားပေးခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် သဗ္ဗေသတ္တာ (အလုံးစုံသော သတ္တ၀ါတို့သည်) အဝေရာဟောန္တု (ဘေးရန်ကင်းကြပါစေ)၊ အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)၊ အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)၊ သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေ)လို့ ပုဂ္ဂိုလ်တစ်ယောက်ချင်းကို ဒီလေးချက်နဲ့ ပွားရပါတယ်။ ဒီနည်းအတိုင်း သဗ္ဗေပါဏာ (အလုံးစုံသော ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါများ)၊ သဗ္ဗေဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တ၀ါများ)၊ သဗ္ဗေပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ (အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါများ)၊ သဗ္ဗာဣတ္ထိယော (အလုံးစုံသော မိန်းမများ)၊ သဗ္ဗေပုရိသာ (အလုံးစုံသော ယောက်ျားများ)၊ သဗ္ဗေအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)၊ သဗ္ဗေအနရိယာ (အလုံးစုံသော ပုထုဇင်များ)၊ သဗ္ဗေဒေ၀ါ (အလုံးစုံသော နတ်ဒေ၀ါများ)၊ သဗ္ဗေ မနုဿာ (အလုံးစုံသော လူများ)၊ သဗ္ဗေ၀ိနိပါတိကာ (အလုံးစုံသော အပါယ်ငရဲကျရောက်သော သူများ) တို့ကိုလည်း တစ်ဦးချင်းကို အဝေရာဟောန္တုစတဲ့ အချက်လေးချက်နဲ့ ပွားများပါက ပုဂ္ဂိုလ် ၁၂ယောက်ဆိုတော့ မေတ္တာ ၄၈ချက် ဖြစ်ပါတယ်။ နောက် အဲဒီ (၁၂)ယောက်ကိုပဲ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊ အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အရှေ့မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့်အရပ်၊ အောက်အရပ်၊ အထက်အရပ်ဆိုတဲ့ အရပ်ဆယ်များနှာနဲ့ တစ်ခုချင်း ပုဂ္ဂိုလ်တစ်ဦးချင်း မေတ္တာတစ်ချက်ချင်း ထပ်ပွားများတဲ့အခါ မေတ္တာ ၄၈၀ချက် ဖြစ်ပါတယ်။ ဥပမာ အရှေ့အရပ်၌ရှိသော အလုံးစုံသော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ..၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေလို့ ပွားများပေးရသလိုပေါ့။ ဒီ၄၈၀နဲ့ ခုနက ပုဂ္ဂိုလ်သက်သက် ပွားများခဲ့တဲ့ ၄၈ချက်ပြန်ပေါင်းရင် ၅၂၈ချက်ဖြစ်ပါတယ်။ (၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈) ဒီ၅၂၈မေတ္တာကိုပဲ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ဒီမေတ္တာမှာ ပို့သတိုင်း ပို့သတဲ့ ကိုယ့်အတွက်မပါဘဲ ငါစွဲကင်းကာ သူတစ်ပါးအတွက်သာ ဖြစ်နေတဲ့အတွက် တကယ့်ပြူစင်တဲ့ ၅၂၈ မေတ္တာလို့ ခေါ်ပါတယ်။ ဒါကြောင့် ဒီ ၅၂၈ မေတ္တာကို တစ်လွဲနားလည်ပြီး အသုံးပြုနေသူများ သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

၁၅၀၀ကတော့ မေတ္တာမဟုတ်ပါဘူး။ ကိလေသာပါ။ ကိလေသာဖြစ်တဲ့အတွက် လူအတော်များများ နားလည်ထားသလို သမီးရည်စားအချစ်၊ လင်မယားအချစ်တွေသာ ၁၅၀၀ အချစ်ဆိုတာမျိုး မဟုတ်ဘဲ ရဟန္တာ မဖြစ်သေးသူမှန်သမျှမှာ ဒီကိလေသာက ရှိနေမှာဖြစ်ပါတယ်။ ကိလေသာ အကျဉ်းကတော့ ၁၀ပါးပါပဲ။ အဲဒီဆယ်ပါးကို တစ်ခြား စိတ်၊ စေတသိက်၊ ရုပ်တွေနဲ့ မြောက်ပွားလိုက်တဲ့အခါ ၁၅၀၀အထိ ဖြစ်သွားခြင်း ဖြစ်ပါတယ်။ ၁၅၀၀ ကိလေသာ ရေတွက်ပုံကို အကျဉ်းသိသာရုံ တင်ပြရရင်… စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။ အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။ (၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။) အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။ ဒီသဘောက အဘိဓမ္မာ မသင်ဖူးသူတွေအတွက် နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက ၅၂၈ မေတ္တာနဲ့ ၁၅၀၀ကိလေသာ မလွဲကြဖို့ပါ။ ၅၂၈မေတ္တာကို လူ့လောကမှာ နားလည်အသုံးပြုကြသလို အမှတ်မမှားကြဖို့ပါ။ ငါစွဲရှိနေ၊ ငါ့အတွက်ပါနေသေးတဲ့ အချစ်ဟာ ဖြူစင်တဲ့ ၅၂၈ မေတ္တာအစစ်မဟုတ်ဘူး ဆိုတာ သဘောပေါက်ကြဖို့ပါ။ ဒီလို သဘောပေါက်ပြီး အလွဲတွေကို ဖယ်ကာ အမှန်လေးတွေ ပြင်နိုင်ကြဖို့ အခုလို လွဲနေတာလေးကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၃)...

ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ…
လွဲနေတာလေးတွေ ပြောရင်းနဲ့ နောက်ထပ်အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊ ဘုရားသွားတယ်နဲ့ တကယ်တော့ ဘုရားသွားပြီး ဘုရားအာရုံပြု ရှိခိုးကြတာထက် ဘုရားရောက်ရောက်ချင်း ဂြိုဟ်တိုင်လိုက်ရှာ နေကြတာတွေပါ။ ကိုယ်မွေးတဲ့ မွေးနေ့အလိုက် လုပ်ထားတဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီးဘုရားကို ရေသွားပက်ကြတာ၊ ခေါင်းပေါ်ကနေ ရေလောင်းပေးကြတာ၊ အမွေးတိုင်း၊ ဖယောင်တိုင်းအစည်းလိုက် မီးရှို့ပြီး ဘုရားကို မီးတိုက်ကြတာတွေဟာ ရုပ်ပွားဆင်းတုတော် ဖြစ်တဲ့ဘုရားက ဘာမှ မပြောပေမယ့် သက်ရှိသူတစ်ယောက်သာ ဆိုရင် ထရိုက်လိုက်မှာ အမှန်ပါပဲ။

ဘုန်းဘုန်းတို့ကျောင်းက အိမ်တော်ရာ ဘုရားဝင်းထဲမှာ ရှိတော့ ဘုရားလာဖူးတဲ့ သူတွေရဲ့ လုပ်ဆောင်ချက်တွေကို တွေ့မြင်နေရပါတယ်။ တွေ့ရုံတင်မဟုတ်ပါဘူး။ ဘုန်းဘုန်းကိုယ်တိုင် ဦးဆောင်ဖွဲ့ပေးထားတဲ့ ဗုဒ္ဓဟူးဝတ်အသင်းက ဗုဒ္ဓဟူးနေ့ မနက်တိုင်း သန့်ရှင်းရေး လုပ်ကြတဲ့ အခါမှာ အသင်းဝင်အချို့ရဲ့ ဂြိုဟ်တိုင်နားက မခွါနိုင်တာတွေကိုလည်း သတိထားမိပါတယ်။ တံမြက်လှဲ၊ ဘုရားပန်းလဲ၊ ရင်ပြင်သန့်ရှင်းရေးတွေ အားလုံးလုပ်ပြီး ကိုယ့်ဂြိုဟ်တိုင် ကိုယ်သွားကာ ဆောင်းတွင်းမနက် စောစောစီးစီး ဘုရားကို ခေါင်းပေါ်ကနေလောင်းလို့ သက်စေ့ရေပက် နေတာတွေကြောင့် သူတို့ကို ပြောပြရပါသေးတယ်။ ကိုယ်ကိုယ်တိုင် ဆောင်းတွင်းကြီးမှာ ခေါင်းပေါ်ကနေ ရေလောင်းကြည့်ပါလားလို့…။ လွဲနေတာတွေပါ။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားကြတယ်ဆိုရင် ဘုရားရင်ပြင်တော်မှာ ရှိတဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာစတဲ့ ဆိုင်ရာနေ့နံတွေကို အရောက်သွားကာ ဂြိုဟ်တိုင်မှာရှိတဲ့ ဘုရားရုပ်ပွားနဲ့ ရုပ်ပွားတော်အောက်က နဂါး၊ ဂဠုံ၊ ကျားစတဲ့ သတ္တ၀ါတွေကို အဓိကသွားပြီး သက်စေ့ရေလောင်းနေကြတာ တွေ့ဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အဲဒီအထဲမှာ ပါရင်ပါနေကြမှာပါ။ ပြောတော့ ဘုရားကို သက်စေ့ရေလှူတာတဲ့။ နောက်ဆုံးတော့ ဗေဒင်ဆရာစကားအတိုင်း လိုက်လုပ်နေကြတာတွေပါ။ ဘုရားကို ရေလှူချင်တယ်၊ ရေသပ်ပယ်ချင်တယ် ဆိုရင်လည်း သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ပေါ့။ နေ့နံတွေ ဘာတွေရွေး မနေနဲ့ပေါ့။ သင့်လျော်တဲ့ ရုပ်ပွားဆင်းတုတော်ကို သေသေချာချာ ကျကျနန သန့်သန့်ရှင်းရှင်းလုပ်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံပြုလို့ အပူအအေး သင့်မြတ်တဲ့အချိန်တွေမှာ ရေသပ္ပါယ်သင့်တာပေါ့။ မီးပူဇော်တာလည်း ဒီအတိုင်းပါပဲ။ ဘုရားမီးပူဇော်တယ် ဆိုရင်လည်း ဖယောင်းတိုင် သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ ဘုရားရှင်ကို မီးမြိုက်သလို မဖြစ်အောင် ခပ်ဝေးဝေးကနေ ထွန်းညှိပူဇော်ကြပေါ့။ မီးပူဇော်တယ်ဆိုတာ အမှောင်ကျတဲ့အချိန်မှာ ဘုရားကို အလင်းရအောင် ညဘက်ပူဇော်တာဖြစ်ပါတယ်။ ခုတော့ နေ့ခင်းကြောင်တောင်ကြီးလည်း ဘုရားရှေ့နားမှာ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လှူထားတာဟာ မီးပူဇော်တာနဲ့ မတူဘဲ နေ့ခင်းကြောင်တောင် ဘုရားကို မီးတိုက်သလို ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင် မီးအပူခံကြည့်ဖို့တောင် လိုနေပါပြီ။ ဒါကြောင့် ဗုဒ္ဓဘာသာတွေ ဘုရားပျောက်နေကြတယ်လို့ တစ်ချို့က ပြောကြတာ ဖြစ်မှာပါ။

ဟုတ်သင့်သလောက်လည်း ဟုတ်နေပါတယ်။ ရွှေတိဂုံဘုရားသွားပြီး ဘုရားစေတီမှာ ဌပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဓာတ်တော်ကို အာရုံပြု၊ ဘုရားဂုဏ်ကို နှလုံးသားမှာတည်ကာ ဘုရားရှိခိုး ပူဇော်ရမယ့်အစား ဂြိုဟ်တိုင်သွားပြီး ရေလောင်း၊ မီးတိုက်နေကြတော့ ဘုရားသွားတဲ့ အဓိပ္ပါယ်ပျောက်ကာ ဘုရားသွားပြီး ဘုရားမမြင်ကြတဲ့ သူတွေလို့ ပြောစရာ ဖြစ်ကုန်ပါတော့တယ်။ ဘုရားသွားဖူးတာ မဟုတ်ဘဲ ဘုရားကို အလည်သွားသလို ဖြစ်နေပါတယ်။ ဖြစ်သင့်တာက ဘုရားစေတီ သွားရင်လည်း သင့်လျော်တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရွေးချယ်၊ ဘုရားရုပ်ပွားတော် ဒါမှမဟုတ် စေတီတော်ကို မှန်းကာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ လွှမ်းခြံပြီး ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာတွေ လုပ်သင့်ပါတယ်။ ဘုရားကို ရေပူဇော်ချင်တယ်၊ မီးပူဇော်ချင်တယ်ဆိုရင်လည်း အပူအအေးမျှတဲ့အခါ၊ အမှောင်ရှိတဲ့အခါမျိုးမှာ သက်တော်ထင်ရှား ဘုရားရှင်ကို ရေသပ်ပယ်ပေးနေသလို၊ ညအမှောင်မှာ ဘုရားရှင်ကို အလင်းဓာတ်နဲ့ ပူဇော်သလို၊ အနံ့အသက်ကောင်းအောင် အမွေးတိုင်နဲ့ ပူဇော်သလို စေတနာအပြည့်နဲ့ ရိုရိုသေသေ လေးလေးစားစား ပြုစုပူဇော်သင့်ပါတယ်။ ဒါမှ ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ပြည့်ဝပြီး ဂြိုဟ်တိုင်များက ခွါနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာများအနေနဲ့ ဘာသာရေးကို လောကီရေးတွေနဲ့ မရောယှက်ရအောင် လောကီဆရာတွေ အလိုကျ လုပ်မိနေတတ်တဲ့ “ဘုရားအကြောင်းပြကာ ဂြိုဟ်တိုင်များမှာ သွားပြီး စောစောစီးစီး ဆောင်းတွင်းကြီးမှာ ဆင်းတုတော်ကို ရေလောင်းတာတို့၊ နေ့လယ်နေ့ခင်း ဘုရားရှင်ကို မီးတိုက်တာတို့ မလုပ်ကြဘဲ ပုံတော်ကိုမှန်း ဂုဏ်တော်လွှမ်းကာ ရုပ်ပွားဆင်းတုတော်ကို အပူအအေးကင်းတဲ့ အချိန်မှာ သေသေချာချာ ကျကျနန ရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ အမှောင်ကိုခွင်းဖို့ လိုအပ်တဲ့အချိန်မှာ မီးထွန်းပူဇော်ခြင်း စသည်တို့ကို ပြုခြင်းဖြင့်သာ ဂြိုဟ်တိုင်များက ခွါပြီး ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ သက်ရောက်အောင်သာ ကြိုးစားလုပ်ဆောင် သင့်ပါကြောင်း” အလွဲလေးများကို ထောက်ပြရင်း အမှန်းလမ်းကို ကောက်ပြလိုက်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂)...

ဘုရားဆွမ်းတော်ကပ်ရာတွင်…
ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။ ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ သကြားထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။ ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဗုဒ္ဓဘာသာ အချို့ရဲ့ ဘုရားစင်မှာ ဒီလိုနတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။

တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။ ကပ်တယ်ဆိုကတည်းက သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိကမကျပါဘူး။ ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုး ဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။ အများကြီး ၀ိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။ ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။ ကပ်ပြီးရင်လည်း မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။ နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။ သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။ အရုဏ်ကပ်ပြီး တစ်ခါစွန့် နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။ ဆွမ်းမှမဟုတ်ပါဘူး။ တစ်ခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း သေသေချချာ ကျကျနန ပြင်ဆင်ကပ်သင့်ပါတယ်။

သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။ ကပ်တဲ့ သောက်တော်ရေခွက်တော့ ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။ တစ်ချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့ တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။ အလကား ရတဲ့ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။ ပန်းကပ်တာလည်း ရှိသေးတယ်။ ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။ ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။ အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။ ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။ ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။ ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ၀ယ်လာပြီ ဘုရားစင်ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။ ဒီတော့ ဘုရားစင်က သစ်သီးအုပ်တဲ့စင်လို ဖြစ်နေပြန်ပါတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ သစ်သီးအစိမ်းအလှတွေ ၀ယ်လာလို့ ဘုရားစင်မှာ ကပ်လှူထားဖြစ်ရင်လည်း မှည့်တဲ့အခါမှာ သေချာကျကျနန ခွဲပြီးဇွန်းလေး၊ ခရင်းလေးတွေထည့်ကာ အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။ ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေါ့။ ခုတော့ အစိမ်းဝယ်တင်ထားပြီး ကိုယ်တော်အဆင်ပြေသလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။ မထူးပါဘူး။ ဓားနဲ့ဇွန်းခရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့ တစ်ခါတည်း ကပ်ထားလိုက်ပေါ့။ ပိုသက်သာတာပေါ့။ ထားပါလေ။ ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။

ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာ မထေရ်လို့ပေါ့။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိုန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊ ဒီအချိန်က အရုဏ်ဆွမ်းဘုဉ်းရမယ့် အချိန်၊ ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။ အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။ ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့ အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁)...

မြတ်ဗုဒ္ဓနဲ့ မိဘကျေးဇူး…
မြန်မာ ဗုဒ္ဓဘာသာအများအကြား နားလည်လက်ခံထားတဲ့ ရှေးရိုးစွဲ ဘာသာရေး အမှားများ အမြောက်အများ ရှိနေပါတယ်။ မှန်သလိုလိုနဲ့ နဲနဲလေး လွဲနေတာလေးတွေပါ။ ဘုရားဟောသလိုလို ကျမ်းဂန်မှာ ပါသလိုလိုနဲ့ လူ့လောကမှာ အသုံးပြုနေတဲ့ စကားလုံးများ၊ ဟောပြောဆုံးမချက်များကို ပြောတာပါ။ ဒီအလွဲတွေထဲက မိဘကျေးဇူးကို ဖော်ထုတ်ပြောဆိုရာမှာ အသုံးပြုကြတဲ့ အသုံးလေးကတော့ မဖြစ်သင့်တဲ့ အလွဲအသုံးလေးဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုစလိုက်တယ် မသိတဲ့ အဲဒီအသုံးက “ဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့ အပြောအဆို အသုံးအနှုန်းလေးပါ။ မိဘကျေးဇူးအကြောင်း ခိုင်းနှိုင်းပြောဆိုကြတာ ကောင်းပါတယ်။ မိဘကျေးဇူးဟာ မြင့်မိုရ်တောင်မက ကြီးမားတယ်၊ မိဘများဟာ အလွန်ကျေးဇူးများတဲ့အတွက် အဆုံးမရှိတဲ့ ကျေးဇူးရှင် အနန္တဂိုဏ်းဝင်များ ဖြစ်တယ် စသဖြင့်ပေါ့။ ဒီလောက်ဆို လုံလောက်ပါတယ်။ ခုဟာက ဘာမှရေရေရာရာ မသိကြဘဲ မိဘကျေးဇူးကို ဖော်ကျူးတာ ဘုရားရှင်အပေါ်မှာတောင် စော်ကားသလို ဖြစ်နေပါတယ်။ မိဘကျေးဇူးကြီးမားတဲ့အတွက် အနန္တ အနှိုင်းမဲ့အရှင် ဘုရားရှင်တောင် ကျေအောင်မဆပ်နိုင်ခဲ့ဘဲ အမေ့ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေခဲ့တယ်လို့ ခိုင်းနှိုင်းပြောဆို ဆုံးမတာကတော့ တော်တော်လေးကို လွဲနေပါတယ်။

တကယ်တော့ ဘုရားရှင်ဟာ မိဘကျေးဇူးကို အထူးကျေအောင် ဆပ်သွားနိုင်တဲ့ အနှိုင်းမဲ့ အရှင်ပဲဖြစ်ပါတယ်။ ဖခင်ကျေးဇူး၊ မိခင်ကျေးဇူးတွေတင် မဟုတ်ပါဘူး မိခင်အရင်းမဟုတ်တဲ့ မိထွေးအမေကိုတောင် ကျေးဇူးတရားတွေ အကျေဆပ်သွားခဲ့ပါတယ်။ ဒီနေရာမှာ လောကသားတို့ရဲ့ ကျေးဇူးဆပ်နည်းနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးဆပ်နည်းကတော့ မတူဘူးပေါ့။ ဘုရားရှင်ကတော့ ပစ္စည်းဥစ္စာတွေနဲ့ တစ်ဘ၀အတွက် ကျေးဇူးဆပ်တာ မဟုတ်ဘဲ ဓမ္မနဲ့ပဲ ဘ၀သံသရာမှ နိဗ္ဗာန်အထိရောက်အောင် ထာဝရအကျေဆပ် သွားခဲ့ပါတယ်။ ဒုက္ခအားလုံး ငြိမ်းအောင်လုပ်ပြီး ကျေးဇူးဆပ်သွားတာ ဖြစ်တဲ့အတွက် ဒီထက်ကောင်းတဲ့ ကျေးဇူးဆပ်နည်းကတော့ မရှိတော့ပါဘူး။ ဘုရားရှင်ဟာ ခမည်းတော်၊ မယ်တော်တို့ကို အရိယာအဖြစ်ရောက်အောင် ဓမ္မနဲ့ ကျေးဇူးဆပ်သွားရုံတင်မကဘဲ အမျိုးကိုစောင့်ရှောက်တဲ့ ဉာတတ္ထစရိယ အနေနဲ့လည်း အဒေါ်ဖြစ်တဲ့ မိထွေးတော်၊ ဦးကြီးဦးလေး၊ ညီတော်ညီမတော် စတဲ့ ဆွေတော်မျိုးတော်များအထိ အရိယာများဖြစ်အောင် ကျေးဇူးဆပ် စောင့်ရှောက်သွားခဲ့ပါတယ်။

ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို အနာဂါမ် အဖြစ်ရောက်အောင် ကျေးဇူးဆပ်ခဲ့တဲ့အပြင် မယ်တော်ကိုလည်း သောတာပန်အရိယာအဖြစ် နိဗ္ဗာန်လမ်းကို ပို့ဆောင်ခဲ့ပါတယ်။ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားရှင်ကိုမွေးပြီး ခုနှစ်ရက်မြောက်မှာပဲ ကွယ်လွန်သွားပြီး တာဝတိံသာနတ်ပြည်မှာ သန္တုသိတနတ်သားအဖြစ် ပြန်လည်မွေးဖွားပါတယ်။ (ဒီနေရာမှာ ကြုံလို့ပြောရဦးမယ် မယ်တော်မာယာဟာ ဘုရားအလောင်းကို မွေးပြီး (၇)ရက်မြောက်မှာ ကွယ်လွန်ခဲ့တာဟာ ဘုရားလောင်းကို မွေးခဲ့ခြင်းကြောင့် မဟုတ်ပါဘူး။ ဘုရားလောင်း ပဋိသန္ဓေမယူခင်ကတည်းက မယ်တော်ရဲ့ သက်တမ်းကိုကြည့်ပြီး မယ်တော်သက်တမ်း ၁၀လနဲ့ ၇ရက်ပဲ ကျန်တဲ့အချိန်မှာ နတ်ပြည်ကဆင်းသက်လို့ လူ့ပြည်ရှိ မယ်တော်ရဲ့ ၀မ်းတိုက်မှာ ပဋိသန္ဓေယူတာ ဖြစ်ပါတယ်။) ဘုရားရှင်ဘုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်မှာပဲ မယ်တော်ထံကြွရောက်ကာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာတော်ကိုဟောပြီး မိဘကျေးဇူးကို ဆပ်တော်မူပါတယ်။ အဲဒီမှာ မယ်တော်မာယာဟာ သောတာပန်တည်သွားပါတယ်။ သောတာပန် ဖြစ်ပြီးရင် ကောင်းတဲ့သုဂတိဘ၀တွေမှာ အများဆုံး ခုနှစ်ဘ၀ပဲ ကျင်လည်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။ ဘုရားရှင်ဟာ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာကိုလည်း နိဗ္ဗာန်ရောက်တဲ့အထိ နို့ဖိုးကို ကျေအောင်ဆပ်သွားပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကိုလည်း ဘိက္ခုနီမအဖြစ်ခွင့်ပြုပြီး ဒီဘ၀မှာပဲ ရဟန္တာဖြစ်တဲ့အထိ ကျေဇူးတရားတွေကို ကျေပွန်အောင်ဆပ်သွားပါတယ်။ ဒုက္ခပင်လယ် အပေါင်းမှ ကယ်တင်ပြီး နိဗ္ဗာန်ရောက်သည်အထိ ပို့ဆောင်တော်မူသွားပါတယ်။ ဒီထက်ပိုပြီး မိဘကျေးဇူးကို ကျေအောင်ဆပ်တဲ့ နည်းကတော့ မရှိတော့ပါဘူး။

ဒါကြောင့် “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်” ဆိုတဲ့ တစ်လွဲနားလည် အမှတ်မှားနေတာတွေ၊ ပြောဆိုခိုင်းနှိုင်းနေတာတွေကို မပြောမိအောင် သတိဆောင်ပြီး ဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးမက ကျေအောင်ဆပ်သွားနိုင်သူအဖြစ် ဥပမာယူကာ မိမိတို့လည်း မိဘကျေးဇူးကို တကယ်ကျေချင်ရင် ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါစို့လို့ပဲ တိုက်တွန်းလိုက်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ