Showing posts with label သမထ၊ ၀ိပဿနာဆိုင်ရာများ. Show all posts
Showing posts with label သမထ၊ ၀ိပဿနာဆိုင်ရာများ. Show all posts

အရှင်ရာဟုလာနှင့် ဆပဉ္စက…

ရာဟုလာဆိုတဲ့ အမည်ကို ဗုဒ္ဓဘာသာအများ ရင်းနှီးပြီး ဖြစ်ကြမှာပါ။ သားတော်ရာဟုလာလို့လည်း သိနေကြပါတယ်။ ရာဟုလာ (၇)နှစ်သားအရွယ်မှာ မယ်တော်ရဲ့ ခိုင်းစေမှုနဲ့ အဖဘုရားထံမှာ လောကီအမွေ လာတောင်းတာကို ရှင်တော်ဗုဒ္ဓက လောကီအမွေ မပေးဘဲ လောကုတ္တရာအမွေ ပေးခဲ့ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ ဖြစ်စေခဲ့ပါတယ်။ သာသနာ့ဘောင်မှာ ရောက်နေတဲ့ သားတော်ရာဟုလာကို မြတ်စွာဘုရားရှင်ဟာ ကြုံရင်ကြုံသလို ဆုံးမသြ၀ါဒ ပေးတော်မူခဲ့ပါတယ်။ ပိဋကတ်တော်မှာ ရာဟုလာနဲ့ ပတ်သက်တဲ့ ဟောကြားချက်များ၊ ဆုံးမသြ၀ါဒများ အများအပြား ရှိနေပြီး ဒီအထဲက အထင်ရှားဆုံးကတော့ ရာဟုလောဝါဒသုတ်ပဲ ဖြစ်ပါတယ်။ အသက်ပြည့်လို့ ရဟန်းငယ်ဘ၀ကို ရရှိလာတဲ့အခါမှာလည်း မြတ်ဗုဒ္ဓက အရှင်ရာဟုလာကို ဆုံးမသြ၀ါဒပေးကာ သင်ကြားဟောပြော ပေးတော်မူခဲ့ပါတယ်။ ထိုဟောပြောမှုတွေထဲမှာ စူဠရာဟုလောဝါဒသုတ်ကတော့ အရှင်ရာဟုလာကို အာသာဝေါကုန်ခမ်း ရဟန္တာအဖြစ်ကို ရောက်စေခဲ့တဲ့ သုတ်တော်ဖြစ်ပါတယ်။ ဒီသုတ်တော်မှာ မြတ်စွာဘုရားရှင်က အရှင်ရာဟုလာကို ဆပဉ္စကနည်းဖြင့် နှလုံးသွင်းနိုင်အောင် သွန်သင်ဟောကြားတော်မူခဲ့ပါတယ်။ စူဠရာဟုလောဝါဒသုတ်မှာ မြတ်ဗုဒ္ဓက အရှင်ရာဟုလာကို အမေးအဖြေသဘောနဲ့ တရားအနှစ်ကို ထုတ်ပြတော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓ = ချစ်သား ရဟုလာ… စက္ခုပသာဒလို့ခေါ်တဲ့ မျက်စိအကြည်ရုပ်ဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိအကြည်ရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိအကြည်ရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား..

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… ရူပလို့ခေါ်တဲ့ ရုပ်အဆင်းဟာ မြဲကုန်သလော…၊ မမြဲကုန်သလော…
ရာဟုလာ = မမြဲကုန်ပါ မြတ်စွာဘုရား..
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ အဆင်းရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ အဆင်းရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ =
မသင့်ပါ မြတ်စွာဘုရား…

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… စက္ခုဝိညာဏလို့ ခေါ်တဲ့ မျက်စိမှာမှီနေတဲ့ ၀ိညာဏ် အမြင်ဓာတ်သဘောဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိမှာမှီနေတဲ့ အမြင်ဓာတ်သဘောဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိမှာမှီနေတဲ့ အမြင်ဓာတ်သဘောကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ…စက္ခုသမ္ဖဿခေါ် မျက်စိမှာမှီနေတဲ့ အတွေ့ဟာ မြဲသလော…၊ မမြဲသလော…
မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိမှာမှီနေတဲ့ အတွေ့ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိမှာမှီနေတဲ့ အတွေ့ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… မျက်စိအတွေ့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသမျှသော ခံစားမှု ဝေဒနာသဘော၊ မှတ်သားမှု သညာသဘော၊ ပြုပြင်စီရင်မှု သင်္ခါရသဘော၊ အထူးသိမှု ၀ိညာဏ်သဘော လို့ခေါ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…

ဒီအမေးအဖြေ ဟောကြားချက်ဟာ စက္ခုဆိုတဲ့ မျက်စိနဲ့ ပတ်သက်တဲ့ ဟောကြားချက်ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက အရှင်ရာဟုလာအား မျက်စိနဲ့ ပတ်သက်တဲ့ အချက်ငါးချက်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါး တင်ကာ ထပ်ကာထပ်ကာ ဟောကြားတော်မူပါတယ်။ ဒီလို ငါးမျိုးငါးချက်တင်ပြီး ဟောကြားပေးတာကို ပဉ္စကနည်းလို့ ခေါ်ပါတယ်။ မျက်စိနဲ့ပတ်သက်တာဖြစ်လို့ စက္ခုပဉ္စကလို့ သီးသန့်အမည် ပေးနိုင်ပါတယ်။ ဒီဟောကြားချက်အရ မြင်တယ်ဆိုတဲ့ မြင်သိစိတ် တစ်ခုဟာ အဆင်းကို မြင်နိုင်တဲ့ စက္ခုပသာဒခေါ် မျက်စိအကြည်ဓာတ်ရယ်၊ ပစ္စုပ္ပန် ရူပါရုံလို့ ခေါ်တဲ့ မျက်မှောက်ရှေ့တဲ့တဲ့မှာ ရှိနေတဲ့ ရုပ်အဆင်းရယ် ပေါင်းစုံမိမှပဲ စက္ခုဝိညာဏ်လို့ ခေါ်တဲ့ မြင်သိစိတ် ဖြစ်ပေါ်လာတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ ဒီမှာ တစ်မျိုးမျိုးက ချို့တဲ့နေရင် မြင်တယ်ဆိုတဲ့ မြင်သိစိတ် မဖြစ်နိုင်ပါဘူး။ မျက်စိအမြင်ချို့တဲ့လို့ မျက်စိ မမြင်တဲ့အခါ၊ မြင်နိုင်ပေမယ့် မြင်စရာ အဆင်းမရှိတဲ့အခါ တွေမှာ မြင်တယ်ဆိုတဲ့ မြင်သိစိတ် မဖြစ်ပါဘူး။ ဒီအကြောင်းနှစ်ပါးစုံလို့ မြင်တယ်ဆိုတဲ့ မြင်သိစိတ်ဖြစ်ပေမယ့် မြင်တဲ့အခိုက်မှာ မြင်တယ်ဆိုတာ သိနေရင် အဲဒီမြင်မှုအပေါ်မှာ လှတယ်၊ မလှဘူးစတဲ့ အစွဲတရား မဖြစ်နိုင်တာကို နားလည်နိုင်ပါတယ်။ ကြားတာ၊ နံတာစတာတွေမှာလည်း ဒီအတိုင်းပါပဲ။ ပသာဒနဲ့ အာရုံပေါင်းစုံမိမှ ၀ိညာဏ်ဖြစ်လာတဲ့ သဘောပါပဲ။

ဆက်လက်ပြီး မြတ်ဗုဒ္ဓက သောတပဉ္စကနဲ့ ပတ်သက်လို့လည်း သောတပသာဒလို့ ခေါ်တဲ့ နားအကြည်ရုပ်၊ သဒ္ဒလို့ခေါ်တဲ့ အသံ၊ သောတ၀ိညာဏ်လို့ခေါ်တဲ့ နားမှာမှီနေတဲ့ အမြင်ဓာတ်သဘော၊ နားမှာမှီနေတဲ့ အတွေ့၊ နားအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓလေးပါးတရားအစု တို့ကိုလည်း မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အစိုးမရခြင်းအနတ္တ သုံးချက်ဖြင့် ထပ်ခါထပ်ခါ မေးဖြေကာ ဟောကြားပေးတော်မူပါတယ်။ ဃာနပဉ္စကနဲ့ ပတ်သက်လို့လည်း ဃာနပသာဒလို့ ခေါ်တဲ့ နှာခေါင်းအကြည်ရုပ်၊ ဂန္ဓဆိုတဲ့ အနံ့၊ ဃာန၀ိညာဏ်လို့ခေါ်တဲ့ နှာခေါင်းမှာမှီနေတဲ့ နံခြင်းဓာတ်သဘော၊ နှာခေါင်းမှာမှီနေတဲ့ အတွေ့၊ နှာခေါင်းအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးမျိုးဖြင့် မေးဖြေဟောကြားပါတယ်။ ဇိဝှါပဉ္စကနဲ့ ပတ်သက်လို့လည်း ဇိဝှါပသာဒလို့ ခေါ်တဲ့ လျှာအကြည်ရုပ်၊ ရသဆိုတဲ့ အရသာ၊ ဇိဝှါဝိညာဏ်လို့ခေါ်တဲ့ လျှာမှာမှီနေတဲ့ အရသာကို ခံစားတဲ့ဓာတ်သဘော၊ လျှာမှာမှီနေတဲ့ အတွေ့၊ လျှာအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကိုလည်း လက္ခဏာရေး သုံးချက်ဖြင့် ဟောကြားတော်မူပါတယ်။ ကာယပဉ္စကနဲ့ ပတ်သက်လို့လည်း ကာယပသာဒလို့ ခေါ်တဲ့ ကိုယ်အကြည်ရုပ်၊ ဗောဋ္ဌဗ္ဗလို့ခေါ်တဲ့ အတွေ့၊ ကာယ၀ိညာဏ်လို့ ခေါ်တဲ့ ကိုယ်မှာမှီနေတဲ့ ထိတွေ့မှုဓာတ်သဘော၊ ကိုယ်မှာမှီနေတဲ့ အတွေ့၊ ကိုယ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကို လက္ခဏာရေးသုံးမျိုးဖြင့် ဟောပြပေးပါတယ်။ နောက်ဆုံး မနောပဉ္စကနဲ့ ပတ်သက်လို့လည်း မနောလို့ခေါ်တဲ့ စိတ်အကြည်၊ ဓမ္မာရုံလို့ခေါ်တဲ့ ရုပ်နာမ်၊ မနောဝိညာဏ်လို့ခေါ်တဲ့ အထူးသိမှုသဘော၊ စိတ်မှာမှီတဲ့ အတွေ့၊ စိတ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစုတို့ကို မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ အစိုးမရခြင်း အနတ္တသုံးချက်ဖြင့် အရှင်ရာဟုလာအား မေးရင်း ဖြေစေရင်း အကြိမ်ကြိမ် ထပ်ခါထပ်ခါ ဟောကြားပေးတော် မူပါတယ်။

နိဂုံးချုပ်အနေနဲ့ မြတ်ဗုဒ္ဓက “ချစ်သားရာဟုလာ… အကြားအမြင်များတဲ့ ငါဘုရား၏ တပည့်သာဝကသည် ဤနည်းအတိုင်း ရှုမြင်သည်ရှိသော် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနောအကြည်တို့၌ ငြီးငွေ့၏။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ရုပ်နာမ်အစု ဓမ္မာရုံတို့၌ ငြီးငွေ့၏။ စက္ခုဝိညာဏ်၊ သောတ၀ိညာဏ်၊ ဃာန၀ိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယ၀ိညာဏ်၊ မနောဝိညာဏ်တို့၌ ငြီးငွေ့၏။ မျက်စိအတွေ့၊ နားအတွေ့၊ နှာခေါင်းအတွေ့၊ လျှာအတွေ့၊ ကိုယ်အတွေ့၊ စိတ်အတွေ့တို့၌ ငြီးငွေ့၏။ မျက်စိအတွေ့ကို အကြောင်းပြု၍ ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစု၊ နားအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ နှာခေါင်းအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ လျှာအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ ကိုယ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ စိတ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစုတို့၌ ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော် တပ်မက်ခြင်းကင်း၏။ တပ်မက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှလွတ်၏။ ကိလေသာမှ လွတ်ပြီးသော် ဒီလွတ်မြောက်မှုကို ဆင်ခြင်ခြင်း ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏။ “ပဋိသန္ဓေနေရမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်မဂ်ကိစ္စကို ပြုပြီးပြီ၊ နောက်ထပ်ပြုဖွယ် မရှိတော့ပြီ”ဟု အထပ်ထပ် ဆင်ခြင်သော ပစ္စဝေက္ခဏဉာဏ်ဖြင့် သိ၏။”ဟု ဟောကြားတော်မူပြီးတဲ့ နောက်မှာ အရှင်ရာဟုလာ မထေရ်သည် ကိလေသာကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူခဲ့လေ၏။

သူတော်ကောင်းများ အနေနဲ့ ဒီစူဠရာဟုလောဝါဒ သုတ်တော်လာ မြတ်ဗုဒ္ဓက အရှင်ရာဟုလာအား အရဟတ္တဖိုလ်ကို ဆိုက်စေတဲ့ ဆပဉ္စကနည်းကို ကောင်းစွာနာယူ မှတ်သားနိုင်ပါတယ်။ ဒီနည်းဟာ အရှင်ရာဟုလာမှမဟုတ် ဘယ်သူမဆို လိုက်နာကျင့်သုံးနိုင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်နဲ့၊ ခန္ဓာ ပြီးတော့ အာရုံအတွေ့မှန်သမျှကို သတိတရား လက်ကိုင်ထားလို့ ဒီနည်းကို အသုံးပြုကာ လေ့ကျင့်နိုင်ပါတယ်။ ဒီဆပဉ္စကနည်းကိုပဲ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက လိုက်နာကျင့်သုံးသူများ အလွယ်တကူ သိရှိနားလည်နိုင်ဖို့ မြန်မာဘာသာ ဓမ္မလင်္ကာဖြင့် သီကုံးပေးထားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ဒီဓမ္မလင်္ကာကိုလည်း အလိုရှိသူများ ကျက်မှတ်ဆောင်ထား နှလုံးသွင်းနိုင်ရန် အောက်ပါအတိုင်း တင်ပြပေးလိုက်ရပါတော့ကြောင်း…

စက္ခုပဉ္စက
(က) မျက်စိတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ခ) အဆင်းတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ဂ) မျက်စိ၌မှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ဃ) မျက်စိ၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(င) မျက်စိအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာသင်္ခါရ၊ ၀ိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
သောတပဉ္စက
(က) နားဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အသံတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) နား၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) နား၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) နား၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ဃာနပဉ္စက
(က) နှာခေါင်းတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အနံ့တွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) နှာခေါင်း၌မှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) နှာခေါင်း၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) နှာခေါင်းအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ဇိဝှါပဉ္စက
(က) လျှာဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) ရသာတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) လျှာ၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) လျှာ၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) လျှာ၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ကာယပဉ္စက
(က) ကိုယ်ဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အတွေ့တွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) ကိုယ်၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) ကိုယ်၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) ကိုယ်၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
မနောပဉ္စက
(က) မနောတွင်မည်၊ စိတ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) ဓမ္မတွင်မည်၊ ရုပ်နာမ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) မနောတွင်မည်၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) မနော၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) မနောအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာသင်္ခါရ၊ ၀ိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၁)…

အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော် ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။ တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။

ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။ ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။ နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။

မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။ မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။ အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။

ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။ ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။ ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။ သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။ တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။ နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။

နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။ တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။ လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။ နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။

ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။ အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။
နောက်ဆက်တွဲများကို အဆင်ပြေသလို ဆက်လက်တင်ပြပေးသွားပါမည်…

Read more »

မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၂)…

မေတ္တာကမ္မဋ္ဌာန်း အဆက်...
အနောဓိသခေါ် ရည်ညွန်းပိုင်းခြားမှု မရှိတဲ့ ပုဂ္ဂိုလ် (၅)မျိုးက
၁။ သဗ္ဗေသတ္တာ - အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါများ
၂။ သဗ္ဗေပါဏာ - အလုံးစုံသော ထွက်သက်ဝင်သက်ရှိကုန်သော သတ္တ၀ါများ
၃။ သဗ္ဗေဘူတာ - အလုံးစုံသော ကံကိလေသာကြောင့် ထင်ရှားဖြစ်ကုန်သော သတ္တ၀ါများ
၎။ သဗ္ဗေပုဂ္ဂလာ - အလုံးစုံသော ငရဲကျရောက်ခြင်း သဘောရှိကုန်သော သတ္တ၀ါများ
၅။ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ - အလုံးစုံသော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကုန်သော သတ္တ၀ါများ
တို့ပဲ ဖြစ်ပါတယ်။

သြဓိသခေါ် ရည်ညွန်းပိုင်းခြားထားတဲ့ ပုဂ္ဂိုလ် (၇) မျိုးက
၁။ သဗ္ဗာ ဣတ္ထိယော - အလုံးစုံသော အမျိုးသမီးများ
၂။ သဗ္ဗေပုရိသာ - အလုံးစုံသော အမျိုးသားများ
၃။ သဗ္ဗေအရိယာ - အလုံးစုံသော အရိယာများ
၎။ သဗ္ဗေအနရိယာ - အလုံးစုံသော အရိယာမဟုတ်သည့် ပုထုဇဉ်များ
၅။ သဗ္ဗေဒေ၀ါ - အလုံးစုံသော နတ်များ
၆။ သဗ္ဗေမနုဿာ - အလုံးစုံသော လူများ
၇။ သဗ္ဗေ၀ိနိပါတိကာ - အလုံးစုံသော အပါယ်ဘုံသား သတ္တ၀ါများ
တို့ပဲ ဖြစ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်းကို ပွားများတဲ့ ပုဂ္ဂိုလ်ဟာ ရှေးဦးစွာ ပုဂ္ဂိုလ်အစဉ်ကို မိမိမှစပြီး လေးမျိုးလုံး နိုင်နင်းအောင် မေတ္တာစိတ်ညီအောင် ပွာများပြီးနောက်မှာ ဒီပုဂ္ဂိုလ် (၁၂)မျိုးကိုလည်း အစဉ်အတိုင်း တစ်မျိုးတစ်မျိုးကို မေတ္တာပွားနည်း လေးချက်ဖြင့် ဈာန်ဆိုက်တဲ့အထိ ပွားများရပါတယ်။

ပွားများတဲ့အခါ အရင်ဆုံး မိမိအပါဝင် ပုဂ္ဂိုလ်လေးမျိုးကို မေတ္တာစိတ်ညီအောင် ပွားပြီးလို့ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသွားပြီးတဲ့နောက်မှာ ကိုယ်စွမ်းနိုင်သလောက် ကျောင်းဝင်းပရိဝုဏ် ဒါမှမဟုတ် အိမ်ဝင်းပရိဝုဏ် အတွင်းမှာရှိတဲ့ သတ္တ၀ါအားလုံးကို လှမ်းပြီးအာရုံယူရပါမယ်။ ကိုယ့်ရဲ့စိတ်အာရုံမှာ ခုနက ကိုယ်ပိုင်းခြားထားတဲ့ နယ်အကန့်အတွင်းမှာ ရှိတဲ့ သတ္တ၀ါအားလုံးကို (သတ္တ၀ါအားလုံးဆိုရာတွင် စိတ်အာရုံနဲ့ အာရုံပြုနိုင်သမျှ သတ္တ၀ါများကို ဆိုပါတယ်) ထင်ထင်ရှားရှား တွေ့မြင်နေစေရပါမယ်။ အဲဒီလို ထင်ထင်ရှားရှား ရှိလာတဲ့အခါမှာတော့ သြဓိသ၊ အနောဓိသ ပုဂ္ဂိုလ်များကို တစ်မျိုးစီ ပွားများရပါမယ်။ ဥပမာအားဖြင့် ”အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ” လို့ မေတ္တာ တစ်ချက်ချင်းကို တတိယဈာန်ဆိုက်အောင် ပွားများရပါမယ်။ ပွားနည်းကတော့ အထက်က အတိုင်းပါပဲ။ ဘေးရန်ကင်းပါစေလို့ မေတ္တာတစ်ချက်ချင်းကို တည်ငြိမ်ပြီး ဈာန်ဆိုက်တဲ့အထိ ပွားများပေးရပါမယ်။ ပြီးတော့ စိတ်ဆင်းရဲခြင်း ကင်းပါစေဆိုတဲ့ နောက်တစ်ချက် စသဖြင့်ပေါ့။ ဒီနည်းအတိုင်း မေတ္တာလေးချက်လုံးကို အရှုခံပုဂ္ဂိုလ်များကို ရှင်းရှင်းလင်းလင်း အာရုံယူပြီး တစ်ချက်ချင်း အောင်မြင်အောင် ပွားများရပါမယ်။ နိုင်ပြီဆိုရင်တော့ အလုံးစုံသော ထွက်သက်ဝင်သက်ရှိကုန်သော သတ္တ၀ါများ စတဲ့ နောက်ပုဂ္ဂိုလ်တစ်မျိုးစီကို ဒီနည်းအတိုင်း ပွားများရပါမယ်။ ပုဂ္ဂိုလ် (၁၂)မျိုးမှာ နောက်ဆုံးပုဂ္ဂိုလ်အထိ ဒီနည်းအတိုင်း ပွားပေးရပါမယ်။

ဒီလိုနည်းနဲ့ ပုဂ္ဂိုလ် ၁၂မျိုးကို ကြိမ်ဖန်များစွာ ပိုင်ပိုင်နိုင်နိုင် ပွာများလာနိုင်ပြီးဆိုရင် သတ်မှတ်တဲ့ ပရိဝုဏ်ကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကာ အဲဒီပရိဝုဏ်အတွင်းမှာ ရှိတဲ့သတ္တများကို အာရုံယူကာ ပွားများရပါမယ်။ ကျောင်း၊ အိမ်ပရိဝုဏ်ကနေ ရပ်ကွက်၊ ရွာ၊ မြို့၊ တိုင်း၊ ပြည်နယ်၊ နိုင်ငံ၊ တစ်ကမ္ဘာလုံး နောက် စကြ၀ဠာတစ်ခုလုံး၊ နောက်ဆုံး (၃၁)ဘုံလုံးမှာ ရှိတဲ့ သတ္တ၀ါများကို စွမ်းနိုင်သမျှ မြင်နိုင်သမျှ မြင်အောင် စိတ်နဲ့အာရုံပြု ပွားများပေးရပါမယ်။ ဒီနည်းအတိုင်း မေတ္တာဘာဝနာကို ဖြန့်ကြက်ပွားများ ရပါမယ်။ အဲဒီနောက်မှာတော့ အရပ်ဆယ်မျက်နှာနဲ့ ပုဂ္ဂိုလ်များကို ဖြန့်ကြက်ပွားများရပါမယ်။ အရပ်တစ်မျက်နှာကို ပုဂ္ဂိုလ် ၁၂မျိုး၊ ပုဂ္ဂိုလ်တစ်မျိုးမှာ မေတ္တာလေးချက်နဲ့ အကြိမ်ကြိမ် ပွားများပေးရပါမယ်။ ဥပမာ “အရှေ့အရပ်မျက်နှာ၌ ရှိသော အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ” စသဖြင့်ပေါ့။ ဒီမှာလည်း ရှေ့ကအတိုင်း မေတ္တာတစ်ချက်ချင်း ဈာန်ဆိုက်အောင် အကြိမ်ကြိမ် ပွားများပေးရပါတယ်။ ဒီတစ်မျက်နှာမှာ ပုဂ္ဂိုလ်၁၂မျိုးကို ကုန်အောင် မေတ္တာတစ်ချက်ချင်း လေးချက်ပွားများလို့ ဘာဝနာကမ္မဋ္ဌာန်းဆိုက်ပြီဆိုရင် ”အနောက်အရပ်မျက်နှာ၌ရှိသော အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ” စသဖြင့် နောက်တစ်မျက်နှာကို အာရုံပြု ပွားများရပါမယ်။ ဒီနည်းအတိုင်း တောင်အရပ်၊ မြောက်အရပ်၊ အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အရှေ့မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့် အရပ်၊ အောက်အရပ်၊ အထက်အရပ်တို့ကို အာရုံပြုကာ ရှေးနည်းအတိုင်း အကြိမ်ကြိမ်ပွားများ အားထုတ်ရပါမယ်။

အထက်ပါအတိုင်း မေတ္တာနဲ့ယှဉ်တဲ့စိတ်နဲ့ အနန္တစကြာဝဠာတစ်ခုလုံးကို ပြန်နှံ့ပွားများကာ သတ္တ၀ါအားလုံးကို မိမိနဲ့အတူပြု၍ သတ္တ၀ါအားလုံးအပေါ် ရန်မရှိတဲ့၊ ငြိုငြင်ခြင်းမရှိတဲ့ မေတ္တာနဲ့ ယှဉ်တဲ့စိတ်နဲ့ နေနိုင်ပြီဆိုရင်တော့ မေတ္တာကမ္မဋ္ဌာန်းကို အစအဆုံး ပိုင်ပိုင်နိုင်နိုင် ပွားများအားထုတ်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒီမေတ္တာကမ္မဋ္ဌာန်းဟာ သမထကမ္မဋ္ဌာန်း ဖြစ်တဲ့အတွက် ကိလေသာကုန်ခမ်း ရဟန္တာဖြစ်ကာ နိဗ္ဗာန်အထိ မျက်မှောက်မပြုနိုင်ပေမယ့် ပစ္စုပ္ပန်ဘ၀ချမ်းသာမှသည် ဗြဟ္မာဘုံအထိ ရောက်စေနိုင်တဲ့အတွက် ခုဘ၀လည်းချမ်းသာ၊ သံသရာမှာ သုဂတိဘ၀လည်း ရောက်စေနိုင်တဲ့အတွက် ပွားများသင့်တဲ့ ကမ္မဋ္ဌာန်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကမ္မဋ္ဌာန်းမှာ အဓိက အခြေခံဖြစ်တဲ့ မိမိ၊ မိမိချစ်ရတဲ့ပုဂ္ဂိုလ်၊ မချစ်မမုန်းပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်ဆိုတဲ့ ပုဂ္ဂိုလ်အစဉ်ကို ပိုင်ပိုင်နိုင်နိုင် မေတ္တာပွားနိုင်ပြီဆိုရင်တော့ ကျန်တဲ့မေတ္တာပွားနည်းတွေဟာ လွယ်ကူသွားပါပြီ။ ဒါကြောင့် အခြေခံ မေတ္တာကမ္မဋ္ဌာန်းကို ပိုင်နိုင်အောင် ကြိုးစားပွားများ အားထုတ်ရင်း စကြာဝဠာတစ်ခုလုံးကို မေတ္တာဓာတ်များနဲ့ လွှမ်းနိုင်စေဖို့ ဒီမေတ္တာကမ္မဋ္ဌာန်းပွားနည်းကို အကျဉ်းချုပ်၍ ရေးသားတင်ပြ လိုက်ရပါကြောင်း…

မှတ်ချက်။ ဒီမေတ္တာကမ္မဋ္ဌာန်း ပွားနည်းကို စီဘောက်စ်တွင် တောင်းဆိုထားတဲ့ moon(ksdh) ရဲ့ တောင်းဆိုချက်အရ ဖားအောင် ဆရာတော်ကြီးရဲ့ နိဗ္ဗာနဂါမိနီပဋိပဒါကျမ်းကို ကိုးကား၍ အကျဉ်းချုပ်ကာ ရေသားတင်ပြ လိုက်ပါတယ်။

Read more »

မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၁)…

မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်မယ့် ပုဂ္ဂိုလ်ဟာ မပွားခင် သိထားရမှာက (၁) အရင်ဆုံး အစပြုပြီး မပွားများသင့်တဲ့ပုဂ္ဂိုလ်၊ (၂) သီးသန့် မပွားများသင့်တဲ့ ပုဂ္ဂိုလ်နဲ့ (၃) လုံးဝ မပွားများသင့်တဲ့ ပုဂ္ဂိုလ်တွေကို သိထားဖို့ လိုအပ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်း စပွားများတဲ့ ပုဂ္ဂိုလ်တွေဟာ
၁။ မချစ်မနှစ်သက်တဲ့ပုဂ္ဂိုလ်
၂။ အရမ်းချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်
၃။ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်
၎။ ရန်သူပုဂ္ဂိုလ်
ဖြစ်တဲ့ ဒီပုဂ္ဂိုလ်လေးယောက်ကို အရင်ဆုံးစပြီး မပွားများသင့်ပါဘူး။ မချစ်မနှစ်သက်တဲ့ ပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်အရာမှာထားပြီး ပွားများတဲ့အခါ၊ အလွန်ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်ကို မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်အဖြစ် ပွားများတဲ့အခါ၊ အလယ်အလတ်ပုဂ္ဂိုလ်ကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်၊ ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်နေရာတွေမှား ထားပြီး ပွားများတဲ့အခါ ပင်ပန်းတတ်သလို၊ ရန်သူပုဂ္ဂိုလ်ကို အဖန်ဖန် ပွားများနေပါကလည်း ဒေါသဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် မေတ္တာကမ္မဋ္ဌာန်းကို စပြီး ပွားများတဲ့ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်လေးယောက်ကစပြီး မပွားသင့်ဟု ဆိုခြင်းဖြစ်ပါတယ်။


နောက် လိင်မတူတဲ့ပုဂ္ဂိုလ်ကိုလည်း သီးသန့်မေတ္တာ မပွားသင့်ပါဘူး။ အမျိုးသားက အမျိုးသမီးကို သီးသန့်မေတ္တာပို့တာ၊ အမျိုးသမီးက အမျိုးသားကို သီးသန့်မေတ္တာပို့တာ အချိန်ကြာလာပါက ကာမရာဂဖြစ်တတ်တဲ့အတွက် လိင်မတူတဲ့ပုဂ္ဂိုလ်ကို သီးသန့်မပွားသင့်ပါဘူး။ ဒါပေမယ့် မေတ္တာဈာန်ကို ရရှိပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သဗ္ဗာဣတ္ထိယော- အမျိုးသမီးများအားလုံ၊ သဗ္ဗေပုရိသာ- အမျိုးးသားအားလုံး စသည်ဖြင့် ပွားများနိုင်ပါတယ်။ ပြီးတော့ သေသွားတဲ့ပုဂ္ဂိုလ်ကို အာရုံပြု၍လည်း မေတ္တာ မပွားရပါဘူး။ သေတဲ့သူကို အာရုံပြု ပွားများခြင်းအားဖြင့် အကျိုးဖြစ်ထွန်းမှု မရှိတဲ့အပြင် မေတ္တာဈာန်လည်း မရနိုင်တဲ့အတွက် သေသူကို လုံးဝမေတ္တာမပွားရဟု ဆိုခြင်းဖြစ်ပါတယ်။ ဈာန်ဆိုလို့ ကောင်းကင်ပျံနိုင်တဲ့ ဈာန်မျိုးလို့ မတွေးမိပါစေနဲ့။ ဒီနေရာမှာ ပြောတဲ့ဈာန်ဆိုတာ ၀ိတက်၊ ၀ိစာရ၊ ပီတ၊ သုခစတဲ့ ဈာန်အင်္ဂါများနဲ့ ပြည့်စုံနေတာကို ပြောတာပါ။

ဖော်ပြပါ ပုဂ္ဂိုလ် (၆) ယောက်ဟာ ပွားနည်းမကျ အစဉ်မကျပါက မေတ္တာဘာဝနာကို ပျက်ဆီးစေတတ်၊ ဖျက်ဆီးတတ်တဲ့အတွက် ရှေ့လေးယောက်ကို အရင်ဆုံး စတင်မပွားများမိကြရန်၊ လိင်တူပုဂ္ဂိုလ်ကို သီးသန့် မပွားမိကြရန်နှင့် သေသူကို လုံးဝမေတ္တာမပွားကြရန် အထူးသတိပြုသင့်ပါတယ်။ ဒီအချက်တွေကို နားလည်သဘောပေါက်ပြီးပါက မေတ္တာပွားများရမယ့် အစဉ်အတိုင်း ပွားများရပါမယ်။ မေတ္တာပွားရမယ့် ပုဂ္ဂိုလ်အစဉ်ကတော့
၁။ မိမိကိုယ်
၂။ မိမိချစ်ခင်လေးစာ်းမြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်
၃။ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်
၎။ ရန်သူပုဂ္ဂိုလ်
တို့ပဲ ဖြစ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်း စတင်ပွားများတဲ့ ပုဂ္ဂိုလ်ဟာ ဒီအစဉ်အတိုင်း မိမိကိုယ်ကို မိမိအရင်စတင်ပြီး မေတ္တာပွားများရပါမယ်။ ဘာဖြစ်လို့ မိမိကိုယ်ကို အရင်ပွားများရန် လိုသလဲဆိုတော့ မိမိနဲ့နှိုင်းယှဉ်ပြီး မိမိရဲ့ စီးပွားချမ်းသာကို မိမိ လိုလားတောင့်တသလို အခြားသော သတ္တ၀ါတို့ရဲ့ ချမ်းသာရေးကို လိုလားတောင့်တကာ မညှင်းဆဲစေလိုတဲ့ အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံး အချိန်အနည်းငယ်ယူ၍ မေတ္တာပွားများရပါတယ်။ “ငါသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိ၏ခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ”လို့ ကိုယ့်ကိုယ်ကို အာရုံပြုကာ မေတ္တာပွားပေးရပါတယ်။ အချိန်အတော်ကြာ ကိုယ့်ကိုယ်ကို ပွားများပြီးနောက် ကိုယ်ကိုယ်တိုင် စိတ်ဓာတ်လေးတွေ နူးညံ့ပျော့ပျောင်းလာ၊ ကိုယ်ချင်းစာတရားများ စွမ်းအားကြီးမားလာတဲ့အခါ တစ်ခြားသတ္တ၀ါများကို ပြောင်းပြီး မေတ္တာပွားရပါတယ်။

ဒီလိုပွားတဲ့အခါ အထက်ဖော်ပြပါ အစဉ်အတိုင်း ကိုယ်ကိုယ်တိုင် ချစ်ခင်လေစား မြတ်နိုးရတဲ့ လိင်တူပုဂ္ဂိုလ် တစ်ဦးဦးကို လှမ်းပြီးအာရုံပြုကာ အဲဒီပုဂ္ဂိုလ်ရဲ့ ထိုင်နေတဲ့ပုံ၊ ရပ်နေတဲ့ပုံ စတဲ့ ကိုယ်အနှစ်သက်ဆုံး စိတ်အချမ်းသာဆုံးပုံကို ရွေးချယ်ကာ စိတ်နဲ့လှမ်းပြီး အာရုံယူရပါမယ်။ ကိုယ်နဲ့လေးတောင်ခန့် ငါးတောင်ခန့်မှာ တည်ရှိနေအောင် အာရုံယူကြည့်ပါ။ အဲဒီပုဂ္ဂိုလ်ကို စိတ်အာရုံထဲမှာ ရှင်းရှင်းလင်းလင်း အာရုံယူနိုင်တဲ့အခါမှာ “ဤသူသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ” ဟု ဒီလေးချက်လုံးကို သုံးလေးငါးခေါက်လောက် ပွားကြည့်ပေးပါ။ အဲဒီနောက်မှ ဒီလေးမျိုးထဲက တစ်မျိုးစီကို ဈာန်ဆိုက်တဲ့အထိ ပွားများပေးရပါမယ်။ တစ်မျိုးစီပွားတယ်ဆိုရာမှာ သဘောကတော့ “ဤသူသည် စိတ်ဆင်းရဲခြင်း ကင်းပါစေ”ဟု မေတ္တာပွားတဲ့အခါ သူ့ရဲ့စိတ်ဆင်းရဲခြင်းကင်းပြီး ပြုံးရွှင်နေတဲ့ပုံကို အာရုံယူကာ စိတ်ပါလက်ပါ “ဤသူသည် စိတ်ဆင်းရဲခြင်း ကင်းပါစေ… စိတ်ဆင်းရဲခြင်း ကင်းပါစေ…” ဟု အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။ သူ၏ပုံမှာ ဘာဝနာစိတ်ဟာ အလွန်ငြိမ်သက်စွာ ကပ်ပြီးတည်လာပါက ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်ဆိုက်အောင် ပွားများပေးရပါမယ်။ ဈာန်ဆိုက်အောင် ပွားတယ်ဆိုတာ ပွားရင်းနဲ့ ဈာန်အင်္ဂါတွေဖြစ်တဲ့ ၀ိတက် (နိမိတ်အာရုံအပေါ် စိတ်ကိုရှေးရှုတင်ခြင်း သဘော)၊ ၀ိစာရ (နိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော)၊ ပီတိ (နိမိတ်အာရုံကို နှစ်သက်ခြင်း ပီတိသဘော)၊ သုခ (အာရုံရဲ့ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော)၊ ဧကဂ္ဂတာ (အာရုံတစ်ခုတည်းအပေါ်မှာ စိတ်ကျရောက်တည်ငြိမ်နေခြင်း သဘော) လို့ ခေါ်တဲ့ သဘောလက္ခဏာများ ထင်ရှားလာတာကို ပြောတာပါ။ ဒီသဘောလက္ခဏာတွေကို ဆင်ခြင်သိရှိပြီး သဘောလက္ခဏာများအလိုက် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်ဟု အဆင့်ဆင့် ဆိုက်ရောက်တဲ့အထိ ပွားများမှုကို ဆိုပါတယ်။ အဲဒီလို တစ်ချက်တည်းကို တတိယဈာန်ဆိုက်တဲ့အထိ ပွားများပြီးပါက ကျန်တဲ့အချက်တွေကိုလည်း အစဉ်အတိုင်း တတိယဈာန်ဆိုက်တဲ့ အထိပွားပေးရပါမယ်။ အဲဒီလို ပွားတဲ့အခါမှာ “ဘေးရန်ကင်းပါစေလို့ ပွားတဲ့အခါ ဘေးရန်ကင်းနေတဲ့ပုံ၊ စိတ်ဆင်းရခြင်း ကင်းပါစေလို့ ပွားတဲ့အခါ စိတ်ဆင်းရဲခြင်း ကင်းနေတဲ့ပုံ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေလို့ ပွားတဲ့အခါ ကိုယ်ဆင်းရဲခြင်း ကင်းနေတဲ့ပုံ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေလို့ ပွားတဲ့အခါ ချမ်းသာစွာ ခန္ဓာဝန်ကို ရွက်ဆောင်နေတဲ့ပုံများ ပေါ်နေအောင် အာရုံပြု ပွားများပေးရပါတယ်။

ဒီနည်းအတိုင်း ချစ်ခင်လေးစား မြတ်နိုးရတဲ့ လိင်တူပုဂ္ဂိုလ် (၁၀)ယောက်လောက်ကို တစ်ယောက်ပြီးတစ်ယောက် အရှိန်ယူကာ ပွားများကြည့်ပေးပါ။ ဒီလို ချစ်ခင်လေးစားတဲ့ပုဂ္ဂိုလ်တွေ အပေါ် မေတ္တာပွားမှု အောင်မြင်လာတဲ့အခါ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်ကို အထက်ပါနည်းအတိုင်း အလားတူ ပွားများပေးရပါတယ်။ (၁၀) ယောက်လောက်အထိပေါ့။ အဲဒီနောက်မှာတော့ ရန်သူပုဂ္ဂိုလ်ကို အထက်ပါနည်းအတိုင်း အစဉ်လိုက် တတိယဈာန်ဆိုက်အောင် ပွားများရပါတယ်။ ဒီအရှုခံ၊ အာရုံခံ ပုဂ္ဂိုလ်များဟာ အားလုံး လိင်တူပုဂ္ဂိုလ်များပဲ ဖြစ်ရပါမယ်။ ဒီလို ပုဂ္ဂိုလ်အစဉ်လိုက်ကို မေတ္တာကမ္မဋ္ဌာန်း နိုင်အောင် ပွားများနိုင်လျှင် မိမိ၊ မိမိကချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်၊ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်ဆိုတဲ့ ပုဂ္ဂိုလ်လေးဦးအပေါ် ထားတဲ့မေတ္တာဟာ တစ်သီးတစ်ခြားစီ မဖြစ်တော့ပါဘူး။ ဒီပုဂ္ဂိုလ်လေးဦးအပေါ် မေတ္တာစိတ်ကို ညီမျှအောင် ပြုကျင့်နိုင်တဲ့အထိ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းရပါတယ်။ ဒီနေရာမှာ မိမိကိုယ်ကို အာရုံပြုပွားများတာဟာ ဈာန်သို့မရောက်နိုင်ပေမယ့် ပုဂ္ဂိုလ်လေးမျိုး မေတ္တာတစ်သားတည်း တစ်ညီတည်းဖြစ်အောင် သီးသန့်ထည့် ပွားများခြင်းဖြစ်ပြီး ပုဂ္ဂိုလ်အပိုင်းအခြားကို ပယ်ဖျက်နိုင်အောင် ပွားများခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ မေတ္တာကမ္မဋ္ဌာန်း ပွားမျာတဲ့ပုဂ္ဂိုလ်ဟာ မိမိကိုယ်၊ ချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်၊ အလယ်အလတ်ပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်လို့ခေါ်တဲ့ ပုဂ္ဂိုလ်အစဉ်ကို မိမိကိုယ်ကစပြီး အရှိန်ရအောင် အချိန်ယူပွားများ၊ အဲဒီနောက် ချစ်ခင်ရတဲ့ပုဂ္ဂိုလ်၊ အဲဒီနောက် အလယ်အလတ်ပုဂ္ဂိုလ်၊ နောက်ဆုံး ရန်သူပုဂ္ဂိုလ်ဆိုတဲ့ အစဉ်အတိုင်း တစ်ဦးချင်းအာရုံယူကာ ပွားများမှုကို အကြိမ်ကြိမ် ပြုလုပ်ရပါမယ်။ သမာဓိအားကောင်းပြီး ဈာန်အင်္ဂါများ ထင်ရှားလာကာ တတိယဈာန် ဆိုက်တဲ့အထိ တစ်ချက်ချင်း၊ တစ်ဦးချင်း ပွားများပေးရပါမယ်။ အဲဒီလို ပွားများဖန်များတဲ့အတွက် သမာဓိဈာန် ထင်ရှားဖြစ်လာ၊ တစ်သမှတ်တည်း တည်လာပါက မေတ္တာစိတ်ဟာလည်း ဒီပုဂ္ဂိုလ်လေးမျိုးအပေါ် ကွဲပြားခြားနားမှု မရှိတော့ဘဲ တစ်ပြေးညီတည်း ဖြစ်လာပါတော့တယ်။ ဒီနည်းအတိုင်း ညီမျှသော မေတ္တာစိတ်၊ ညီမျှသော မေတ္တာဈာန်ကို ရအောင် ပွားများနိုင်ခဲ့ပါက သီမာသမ္ဘေဒခေါ် ပုဂ္ဂိုလ်အပိုင်း အခြားကို ဖြိုခွဲဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်အစွဲမရှိ မေတ္တာစိတ် တစ်ခုတည်းသာ ဖြစ်နေပါလိမ့်မယ်။ ဒီအစဉ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို စပြီးပွားများတဲ့ ပုဂ္ဂိုလ်များ အကြိမ်ကြိမ် ပွားများရမယ့် မေတ္တာ ကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။

ဒီအဆင့်ကို အောင်အောင်မြင်မြင် ပိုင်ပိုင်နိုင်နိုင် ပွားများနိုင်ပြီးတဲ့နောက်မှာတော့ အနောဓိသ ဖရဏမေတ္တာခေါ် ရည်ညွန်းပိုင်းခြားခြင်း မရှိဘဲ ပြန့်နှံ့စေတဲ့ မေတ္တာ၊ သြဓိသ ဖရဏမေတ္တာခေါ် ရည်ညွန်းပိုင်းခြား ပြန့်နှံ့စေတဲ့ မေတ္တာနဲ့ ဒိသာဖရဏ မေတ္တာခေါ် အရပ်ဆယ်မျက်နှာတို့၌ ပြန့်နှံ့စေတဲ့ မေတ္တာတို့ကို ပွားများရပါမယ်။ ဒီမေတ္တာတွေကို မပွားများခင် အနောဓိသ(၅)မျိုး၊ သြဓိသ(၇)မျိုးဖြစ်တဲ့ ပုဂ္ဂိုလ် (၁၂)မျိုးကို သိထားဖို့ လိုပါတယ်။

အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါမည်....

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း…

ဒီပို့စ်လေးဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ် တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေ ချင်ပါတယ်။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြောလိုပါတယ်။

ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထာိးပါတယ်။ ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။ ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။ ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။

ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။ ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။ နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့ ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။

ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။ တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ ဆိုလိုပါတယ်။ ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။ ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။ အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။ အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။

ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။ အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။ ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။

ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။ အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။

တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထားလာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။ ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။ ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။ တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။ ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။ အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။ ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။

တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။ ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။ တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။

အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါတယ်။

Read more »

တရားအားထုတ်ကြည့်ကြစို့…

တရားအားထုတ်တယ်ဆိုတာ တကယ်တော့ တရားတဲ့ အားတွေ ထုတ်တာပါပဲ။ ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့ အားတွေ အပြင်မထွက်အောင် မတရားတဲ့ အားတွေ မပေါ်အောင် တရားတဲ့အားတွေနဲ့ အနိုင်ယူတာကို တရားအားထုတ်တယ်လို့ ဆိုတာပါ။ မတရားတဲ့ အားဆိုတာ တခြားမဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသားတရားတွေကို ပြောတာပါ။ ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတွေ မပြတ်ဖြစ်နေတဲ့ အတွက်ကြောင့် ပုထုဇဉ်လို့ ဆိုတဲ့အတိုင်း ပုထုဇင်များမှာ ကိလေသာတရားများ အမြဲမပြတ် တိုးတက်ဖြစ်ပွား နေတတ်ပါတယ်။ တစ်နေ့တစ်နေ့ ပြန်တွေးကြည့်လိုက်ရင် မတရားတဲ့ အားတွေဖြစ်တဲ့ ကိလေသာတွေနဲ့သာ အချိန်ကုန်နေတတ်တာကို တွေ့ရပါတယ်။ အချိန်မရွေး သူများကိုကြည့်ပြီး၊ သူများပိုင်ဆိုင်တာတွေကြည့်ပြီး လောဘဖြစ်လိုက်၊ အလိုမကျတာတွေနဲ့ တွေ့တဲ့အခါ ဒေါသဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မာနတွေဖြစ်လိုက်၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တဲ့ မောဟဖြစ်လိုက် စသည်စသည်ဖြင့် နေ့စဉ်မပြတ် တစ်မျိုးပြီးတစ်မျိုး အကုသိုလ် ကိလေသာတွေ ဖြစ်နေတဲ့အတွက် တရားတာတွေ ပျောက်ပျောက်နေပြီး မတရားတာတွေပဲ ရောက်ရောက်နေတတ်ပါတယ်။ ဒါဟာ ပုထုဇင်တွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် ဒီမတရားတဲ့ ကိလေသာတွေ မဖြစ်အောင်၊ မတရားတဲ့ အားတွေအဖြစ်နည်းအောင် တရားတဲ့အားတွေ ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ တရားအားထုတ်တယ်လို့ ဆိုကြခြင်းပါ။

မှန်ပါတယ်။ ဒီလို မတရားတဲ့ အားတွေမဖြစ်အောင် တရားအားထုတ်တာကိုပဲ ဘာဝနာ ပွားတယ်လို့ ဆိုပါတယ်။ နောက်ပရိယာယ်တစ်မျိုးနဲ့ ပြောမယ်ဆိုရင် ကမ္မဋ္ဌာန်းစီးဖြန်းတယ်ပေါ့။ တကယ်တော့ ဘာဝနာပွားတယ်လို့ပဲ ပြောပြော ကမ္မဋ္ဌာန်း စီးဖြန်းတယ်လို့ပဲ ဆိုဆို လိုရင်းကတော့ မတရားတဲ့အားတွေ မဖြစ်အောင် တရားတဲ့အားတွေ ထုတ်ခြင်းပါပဲ။ တရားတဲ့အလုပ်နဲ့ နေခြင်းပါပဲ။ တရားအားထုတ်တဲ့ သူတွေဟာ များများအားထုတ်လေ မတရားတဲ့ အားတွေနည်းနည်းလာပြီး တရားတဲ့အားတွေ တိုးလေပဲ ဖြစ်ပါတယ်။ ကိုယ့်သန္တာန်မှာ တရားတဲ့ အားတွေတိုးနေတာဟာ မတရားတဲ့ အားတွေနည်းလာလို့ပဲ ဖြစ်ပါတယ်။ မတရားတဲ့ အားတွေနည်းပြီး တရားတာတွေနဲ့ နေနေကြတဲ့သူတွေဟာ ဒီဘ၀မှာလည်း ငြိမ်းနေပြီး နောင်ဘ၀ သံသရာအတွက်လည်း ငြိမ်းနေပါတော့တယ်။ ဒါဟာ တရားအားထုတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။ ဒါကြောင့် မတရားတာတွေ မဖြစ်လိုတဲ့ သူတွေအနေနဲ့ တရားအားထုတ်ခြင်းဖြင့် မကောင်းတဲ့ အားတွေ၊ ကိလေသာတွေ မဖြစ်အောင် ကြိုးစားနိုင်ကြပါတယ်။

ဒီလို မတရားတာတွေ မပေါ်နိုင်အောင် တရားတဲ့အားတွေ ထုတ်တဲ့အခါမှာ နည်းနှစ်နည်း ရှိပါတယ်။ အခိုက်အတန့်အားဖြင့် မတရားတာတွေကို ပယ်ခွာထားနိုင်အောင် အားထုတ်တဲ့နည်းနဲ့ ဒီမတရားတဲ့ ကိလေသာ တရားများ ဘယ်တော့မှ ပေါ်မလာအောင် အကြွင်းမဲ့ ပယ်သတ်တဲ့ နည်းရယ်လို့ နှစ်မျိုးပါ။ စာလိုပြောရင်တော့ သမထနည်းနဲ့ ၀ိပဿနာနည်းပေါ့။ သမထနည်းကတော့ အားထုတ်နေဆဲ အခိုက်အတန့်မှာ ကိလေသာများ မပေါ်ပေါက်စေဘဲ စိတ်အစဉ် တည်ကြည်ငြိမ်းအေးစေနိုင်ပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့ သမာဓိအားအစွမ်းအပေါ် လိုက်ကာ မတရားတဲ့အားတွေကို ကြာကြာခွာထားနိုင်ပါတယ်။ ၀ိပဿနာနည်းကတော့ အားထုတ်ရင်းအားထုတ်ရင်းနဲ့ပဲ တိုးတက်ဖြစ်ထွန်းလာတဲ့ ဉာဏ်အဆင့်အတန်းကို လိုက်ကာ ကိလေသာများ နောက်ထပ်မပေါ်နိုင်အောင် အပြီးပယ်သတ်စေနိုင်ပြီး မတရားတဲ့အားတွေကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်ပါတယ်။ တစ်နည်းပြောရရင် သမထနည်းသည် သမာဓိကို လက်ကိုင်ထားတဲ့ နည်းဖြစ်ပြီး ၀ိပဿနာနည်းကတော့ ဉာဏ်ကိုစွဲကိုင်ထားတဲ့ နည်းဖြစ်ပါတယ်။ နောက်တစ်နည်းဆိုသော် သမာထနည်းသည် ဧကဂ္ဂတစိတ္တလို့ဆိုတဲ့ တစ်ခုတည်းသော အာရုံအပေါ်မှာသာ စူးစိုက်ပြီး ပွားများအားထုတ်တဲ့ နည်းဖြစ်ပြီး ၀ိပဿနာ နည်းကတော့ အမျိုးမျိုးသော ပေါ်လာသမျှ အာရုံတွေအပေါ်မှာ သတိကပ်ပြီး မလွတ်တမ်း အားထုတ်တဲ့ နည်းပဲဖြစ်ပါတယ်။

စာလိုပြောရရင် ကသိုဏ်း ၁၀ပါး၊ အသုဘ ၁၀ပါး၊ အနုဿတိ ၁၀ပါး၊ အပ္ပမညာခေါ် ဗြဟ္မ၀ိဟာရ ၄ပါး၊ အာရုပ္ပ ၄ပါး၊ အာဟာရေ ပဋိကူလသညာ ၁ပါး၊ စတုဓာတု၀၀တ္ထာန် ၁ပါးအားဖြင့် စုစုပေါင်း ၄၀ဆယ်သော ကမ္မဋ္ဌာန်းတို့ကို သမထကမ္မဋ္ဌာန်းလို့ ခေါ်ပြီး ရုပ်နာမ်တို့ရဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ ဆိုတဲ့ လက္ခဏာရေးသုံးပါးကို ဉာဏ်နှင့်ယှဉ်ပြီး ရှုမှတ်ပွားများသည့် ကမ္မဋ္ဌာန်းကို ၀ိပဿနာ ကမ္မဋ္ဌာန်းလို့ ဆိုပါတယ်။ ဒါကြောင့် ကသိုဏ်းကိုပွားများခြင်း၊ ဗုဒ္ဓနုဿတိလို့ခေါ်တဲ့ ဘုရားဂုဏ်တော် တစ်မျိုးမျိုးကို ပွားများခြင်း၊ မေတ္တာ ကရုဏာ၊ မုဒိတာစတဲ့ ဗြဟ္မ၀ိဟာရ တစ်မျိုးမျိုးကို ပွားများခြင်း စသဖြင့် ကမ္မဋ္ဌာန်းလေးဆယ်ထဲက တစ်မျိုးမျိုးကို ပွားများအားထုတ်နေသူများဟာ အာရုံတစ်ခုတည်းကိုပဲ မလွတ်တမ်း အဆက်မပြတ် ရှုမှတ်နေတဲ့အတွက် သမာဓိဖြစ်ကာ ထိုအခိုက်တွင် ကိလေသာများ မပေါ်ပေါက်ပဲ ပယ်ခွာထားနိုင်သဖြင့် တရားတဲ့ အားတွေဖြစ်နေပါတယ်။ ထို့အတူ ရုပ်နာမ်တို့အပေါ် သတိကပ်ကာ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်း သဘောတို့ကို ဉာဏ်ဖြင့်ရှုမှတ်ပွားများ နေသူများဟာ တဖြည်းဖြည်း ဉာဏ်စဉ်အဆင့်များ မြင့်မားလာကာ နောက်ဆုံး သောတာပတ္တိမဂ်စတဲ့ အရိယာမဂ်များ ရသည့်အခါတွင် ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်တတ်တဲ့ မတရားတဲ့ ကိလေသာ အားတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပယ်သတ်ကာ တရားတဲ့ အားတွေသာ အမြဲတည်တံ့နေပါတယ်။ ဒါတွေဟာ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာလို့ခေါ်တဲ့ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို အဆက်မပြတ် ပွားများအားထုတ်နေတဲ့ အတွက် ရရှိလာတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

အဓိကကတော့ အားထုတ်ဖြစ်ဖို့ပါပဲ။ သမထနည်းပဲ ဖြစ်ဖြစ် ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် ကြိုက်တဲ့နည်းကို အားထုတ်နေနိုင်ပါတယ်။ ပရိတ်ပဋ္ဌာန်းရွတ်တာ၊ မေတ္တာပို့တာ၊ ရေကသိုဏ်း၊ မြေကသိုဏ်း စတဲ့ ကသိုဏ်းတစ်ခုခုကို ရှုတာ၊ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်၊ သီလဂုဏ်စတဲ့ ဂုဏ်တစ်ခုခုကို ပွားများတာ စသည်စသည်ဖြင့် ကိုယ်အားသန်ရာ တစ်ခုခုကို ပွားများအားထုတ် နေဖြစ်ဖို့လိုပါတယ်။ ဒီလိုနည်းအတိုင်း နေခြင်းကို သမထနည်းနဲ့ နေခြင်းလို့ဆိုနိုင်ပါတယ်။ ဒါမှမဟုတ် သတိကို အထူးပြုပြီး ဉာဏ်နဲ့ယှဉ်ကာ မှတ်ရှုပွားများရတဲ့ သတိပဋ္ဌာန် ၀ိပဿနာနည်း တစ်ခုခုကိုလည်း အားထုတ်နေနိုင်ပါတယ်။ ၀ိပဿနာနည်းကတော့ ပေါ်ရာပေါ်ရာ ရှုမှတ်တာဖြစ်တဲ့အတွက် စိတ်မှာပဲပေါ်ပေါ် ရုပ်မှာပဲ ပေါ်ပေါ် ပေါ်လာသမျှ အာရုံတွေကို မလွတ်တမ်း လိုက်ပြီးသိနေ၊ မှတ်နေပေးရင် ပြီးတာပါပဲ။ ၀င်လေထွက်လေကို မှတ်တာပဲ ဖြစ်ဖြစ်၊ လျောင်းထိုက်ရပ်သွား ဣရိယာပုတ်လေးပါးကို အမှတ်သတိ မပြတ်ရှိကာ အရှိအတိုင်း လိုက်သိနေတာပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်မှာရှိတဲ့ ဆံပင် အမွေး ခြေသည်းလက်သည်း စတဲ့အရာတွေကို စက်ဆုတ်ရွံရှာဖွယ်အဖြစ် နှလုံးသွင်းနေတာပဲ ဖြစ်ဖြစ် စတဲ့ ရုပ်တရားတစ်ခုခုအပေါ် အလိုက်သင့် လိုက်မှတ်ပေးတဲ့ ကာယာနုပဿနာလို့ခေါ်တဲ့ ရုပ်တရားအပေါင်း၌ ဆင်ခြင်ပြီး နေတာပဲဖြစ်စေ၊ ချမ်းသာတဲ့ ခံစားချက်၊ ဆင်းရဲတဲ့ခံစားချက်၊ ပူတဲ့ခံစားချက်၊ အေးတဲ့ခံစားချက် စတဲ့ ခံစားမှု တစ်ခုခုအပေါ် အရှိအတိုင်း လိုက်ပြီး ရှုမှတ်ပေးတဲ့ ဝေဒနာနုပဿနာခေါ် ဝေဒနာအပေါင်း၌ ဆင်ခြင်ပြီး နေတာပဲဖြစ်စေ၊ ရာဂစိတ်ဖြစ်တဲ့အခါ ရာဂစိတ်ဖြစ်တယ်၊ ဒေါသဖြစ်တဲ့အခါ ဒေါသစိတ်ဖြစ်တယ်၊ ရာဂကင်းတဲ့စိတ်ဖြစ်တဲ့အခါ ရာဂကင်းတဲ့ စိတ်ဖြစ်တယ် စတဲ့ စိတ်ရဲ့ဖြစ်ပေါ်လာတဲ့ အစဉ်ကို ဘာစိတ်ပဲဖြစ်ဖြစ် ဖြစ်ခိုက်မှာ လိုက်ပြီးသိမှတ်ပေးတဲ့ စိတ္တာနုပဿနာခေါ် စိတ်၌ဆင်ခြင်ပြီး နေတာပဲဖြစ်စေ၊ ကိုယ့်သန္တာန်မှာ ကာမစ္ဆန္ဒ (ကာမဂုဏ်)အလို၊ ဗျာပါဒ (သူတပါးပျက်ဆီးစေလိုခြင်း)၊ ထိနမိဒ္ဓ (ထိုင်းမှိုင်းခြင်း) စတဲ့ နီဝရဏတရားများ ရှိတဲ့အခါ ဒီနီဝရဏ တရားများ ရှိနေဖြစ်နေတာ၊ ရုပ်၊ ဝေဒနာ၊ သညာ စတဲ့ ခန္ဓာငါးပါးအပေါ် ဒါကရုပ်၊ ဒါကဝေဒနာ စသဖြင့် ရှုမှတ်နေတာ၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ် စတဲ့ အာယတန၊ ဓာတ်တို့အပေါ်မှာလည်း မျက်စိ အဆင်း နား အသံ စသဖြင့် လိုက်ပြီး မှတ်သိနေတာ၊ သစ္စာတရား၊ မဂ္ဂင်တရားတို့ အပေါ်တွင်လည်း ဒုက္ခသစ္စာ၊ သမ္မာဒိဋ္ဌိ စသဖြင့် ပွားများပေးတာ စတဲ့စတဲ့ သဘောတရား တစ်ခုခုအပေါ် အရှိအတိုင်း လိုက်ပြီးမှတ်သိပေးတဲ့ ဓမ္မာနုပဿနာခေါ် သဘောတရား၌ ဆင်ခြင်ပြီး နေတာပဖြစ်စေ ဒီသတိပဋ္ဌာန် လေးမျိုးထဲက ကိုယ်အားသန်ရာ တစ်မျိုးမျိုးကို ပွားများအားထုတ် နေဖြစ်ဖို့ပဲလိုပါတယ်။ ဒီနည်းကိုတော့ ၀ိပဿနာနည်းနဲ့ နေခြင်းလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနေနည်းကိုပဲ ”သမထနည်းနဲ့ ၀ိပဿနာနည်းလို့ ခေါ်တဲ့ ကမ္မဋ္ဌာန်း တစ်မျိုးမျိုးကို ပွားများရင်း ကိုယ့်သန္တာန်မှာ မတရားတဲ့ အားတွေ မဖြစ်အောင် နေတဲ့ တရားတဲ့အားတွေ ထုတ်ပြီးနေနည်း” လို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတာကတော့ ဒီသမထ ၀ိပဿနာ နည်းတစ်မျိုးမျိုးကို အားထုတ်ပြီး နေတဲ့ပုဂ္ဂိုလ်တွေဟာ အားထုတ်နေတဲ့ အခိုက်အတန့်မှာ ကိုယ့်သန္တာန်မှာ မတရားတဲ့ ကိလေသာအားတွေ မဖြစ်ဘဲ တရားတဲ့အားတွေပဲ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ ပိုပြီး ကျေနပ်စရာ ကောင်းတာက တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အားထုတ်ရင်း အမှတ်တစ်မှတ်၊ ဆိုကြပါစို ၀င်လေထွက်လေ တစ်မှတ်မှတ်ကို မလွတ်တမ်း သတိနဲ့ အစအဆုံး မှတ်လိုက်မိတဲ့ အခိုက်ဟာ သူ့အတွက် မဂ္ဂင်ရှစ်ပါးအကုန်ဆိုက်ပြီး မစ္ဇျိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်လမ်း (၀ါ) မဂ္ဂသစ္စာလမ်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ အချက်ပါပဲ။ ပုထုဇင်တွေအတွက် ကျန်တဲ့အချိန်တွေမှာ အမြင်မှန်ဖို့၊ အတွေးမှန်ဖို့၊ အလုပ်မှန်ဖို့၊ အသက်မွေးမှု မှန်ဖို့၊ ကြိုးစားအားထုတ်မှု မှန်ဖို့၊ အောက်မေ့မှုသတိမှန်ဖို့၊ တည်ကြည်မှု သမာဓိမှန်ဖို့ဆိုတာ မလွယ်လှပါဘူး။ တစ်ခြားအာရုံတွေက မပြတ်နှောက်ယှက်နေတဲ့အတွက် မဂ္ဂင်ရှစ်ပါးလုံး ညီညွတ်နေဖို့ မလွယ်လှပါဘူး။ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားအားထုတ်တဲ့အခိုက်မှာ ဒီမဂ္ဂင်ရှစ်ပါး အကုန်ညီညွတ်နေပါတယ်။ ဒါကြောင့် တရားအားထုတ်သူ အပေါင်းကို မဂ္ဂင်ရှစ်ပါးနဲ့ ပြည့်စုံပြီး မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းနေကြတဲ့ သူတွေ၊ တစ်နည်းအားဖြင့် တရားတဲ့သူတွေလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ တရားအားထုတ်တဲ့သူများ သတိပြုရမယ့်အချက်က သမထနည်းပဲ ဖြစ်ဖြစ်၊ ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် တစ်နည်းနည်းကို အားထုတ်နေရင် တရားတဲ့အားတွေ ဖြစ်နေပြီး ကိလေသာတွေ ငြိမ်းနေတယ်ဆိုပေမယ့် သမထနည်းက ကြိုးစားရင် ကြိုးစားနိုင်တဲ့အလျှောက် ကိလေသာတရားများကို အတော်ကြာကြာ ခွာထားနိုင်ရုံလောက်ပဲဖြစ်ပြီး တစ်ချိန်ချိန်မှာ ပေါ်လာတတ်တယ်ဆိုတဲ့ အချက်နဲ့ ၀ိပဿနာနည်းကတော့ ဉာဏ်အဆင့်ဆင့် မြင့်သထက်မြင့်လာတာနဲ့အမျှ ကိလေသာတရားများကို နောက်ထပ်တစ်ခါ ပေါ်လာခွင့်မရအောင် အကြွင်းအကျန်မရှိ အကုန်ပယ်သတ်လိုက်တယ်ဆိုတဲ့ အချက်ပါပဲ။ အရှင်းဆုံးပြောရရင် ဒီဘ၀အခိုက်အတန့်ပဲ ငြိမ်းချမ်းချင်တယ်ဆိုရင်တော့ သမထနည်းကို အားထုတ်နိုင်ပြီး ဘ၀သံသရာ နိဗ္ဗာန်အထိ ငြိမ်းချမ်းချင်ရင်တော့ ၀ိပဿနာနည်းကို အားထုတ်နိုင်ပါတယ် ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် အားထုတ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အားတွေရှိမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အပြင်အားကောင်းရင် အပြင်ရန်ကို ကာကွယ်နိုင်မှာဖြစ်ပြီး အတွင်းအားကောင်းရင်တော့ အတွင်းရန်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အတွင်းအပြင် ရန်တွေဖြစ်တဲ့ မကောင်းတဲ့အားတွေ မကျရောက်ရအောင် တရားတဲ့ အားတွေထုတ်ရင်း ကာကွယ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အစအဆုံး ပြန်ပြီးအနှစ်ချုပ် ပြောရရင် တရားအားထုတ်စေချင်တာပါပဲ။ တရားအားထုတ်မှသာ အမြဲမပြတ်ဖြစ်ပေါ်တတ်တဲ့ မကောင်းတဲ့ အားလို့ခေါ်တဲ့ သတ္တ၀ါတွေကို အမြဲပူလောင်စေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားများ မပေါ်နိုင်မှာဖြစ်ပါတယ်။ များများအားထုတ်နိုင်လေ အားတွေများများ ပွားလေ၊ အားတွေများလာလေလေ အတွင်းအပြင်ရန်တွေကို ကာကွယ်တိုက်ထုတ်နိုင်လေလေ ဖြစ်ပါတယ်။ အတွင်းအပြင် ရန်တွေမရှိဘဲ နေတဲ့သူတွေအတွက် နေရတဲ့အခိုက်ဟာ စိုးရိမ်မှု၊ ပူဆွေးမှု၊ ကြောက်ရွံ့ထိတ်လန့်မှု မရှိဘဲ ငြိမ်းချမ်းနေပါတော့တယ်။ ဒါကြောင့် ဒီဘ၀အခိုက်အတန့် ငြိမ်းချမ်းချင်သူပဲ ဖြစ်ဖြစ် သံသရာမှသည် နိဗ္ဗာန်အထိ ငြိမ်းချမ်းလိုသူပဲ ဖြစ်ဖြစ် ဘယ်လိုငြိမ်းချမ်းမှုကိုပဲ လိုချင်လိုချင် လိုချင်တဲ့ ငြိမ်းချမ်းမှုကို ရအောင် အချိန်ရှိတုန်း၊ အခွင့်သာတုန်းမှာ တရားကိုသာ ကြိုးကြိုးစားစား အားထုတ်လိုက်ကြပါလို့ တိုက်တွန်းစကားပြောကြားလိုက်ပါတယ်…

မှတ်ချက်။ မဟာသတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်ကျင့်စဉ်ကို မှီငြမ်း၍ ရေးသားတင်ပြပေးမည့် “အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း” ကိုလည်း မကြာမီ တင်ပြပေးသွားဖြစ် ဖြစ်ပါသဖြင့် စောင့်မျှော်ဖတ်ရှုကာ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ကြပါသည်။

Read more »

သိအောင်လုပ်ပါ…

သိခြင်းနှင့် မသိခြင်းကို စာလိုပြောလျှင် ၀ိဇ္ဇာနှင့် အ၀ိဇ္ဇာဟု ပြောနိုင်၏။ အ၀ိဇ္ဇာကား မသိခြင်းဖြစ်ပြီး ၀ိဇ္ဇာကား သိခြင်းဖြစ်၏။ မသိမှုများလာလျှင် သိမှုကွယ်ပျောက်တတ်ပြီး သိလာလျှင်ကား မသိမှုကို ပယ်ဖျောက်ပေးတတ်၏။ ထိုသိမှုသည် ဖတ်မှတ်လေ့လာ နာကြားသဖြင့် သိရှိရသည့် အမှတ်သညာ အသိနှင့် လက်တွေ့လိုက်နာကျင့်ကြံ အားထုတ်သဖြင့် သိရှိလာသည့် ဉာဏ်နှင့်ယှဉ်သည့် အသိဟူ၍ နှစ်မျိုးရှိ၏။ ထိုအသိနှစ်မျိုးလုံး ရှိရန်လိုအပ်၏။ ယနေ့ခေတ် လူအများစုသည် ပညာသိဖြင့် သိရန်ဝေးစွ သညာသိဖြင့်ပင် သိသူအလွန်ရှားနေသည်ကို တွေ့ရ၏။ အထူးသဖြင့် ဗုဒ္ဓဘာသာ အများစုသည် ထိုသို့ဖြစ်နေကြ၏။ ဗုဒ္ဓဘာသာ အမည်ခံထားသော်လည်း မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့်စပ်၍ တစ်လုံးတစ်ပါဒမျှ မသိဖြစ်နေကြ၏။ ဗုဒ္ဓ၏ စစ်မှန်သည့် အဆုံးအမများနှင့် တွေ့ကြုံနေရသော်လည်း မသိမှုများက ဖုံးလွှမ်းထားသဖြင့် သိခွင့်သာပါလျှက် မသိကြဘဲ ဖြစ်နေကြ၏။ မသိ၍ သိအောင်လုပ်သည်လား ဆိုသော်လည်း မလုပ်ကြပေ။ စင်စစ် မသိပါက သိအောင်လုပ်သင့်၏။ ရှေးဦးစွာ သညာသိဖြင့် သိအောင်ကြိုးစားပြီး ပညာသိဖြင့် သိသည်အထိ အားထုတ်သင့်၏။ “မသိ၍ မလုပ်၊ မလုပ်သဖြင့် မသိ“ သို့ဆိုလျှင် မည့်သည့်အချိန်တွင် လုပ်၍ မည်သည့်အချိန်တွင် သိကြမည်နည်း။ ဤသို့သာ မလုပ်မသိ၊ မသိမလုပ် သံသရာတွင် ကျင်လည်နေမည်ဆိုပါက ပညာသိဖြင့် သိရန်မဆိုထားဘိ သညာသိဖြင့် သိရန်ပင် အလွန်ဝေးကွာ နေပေတော့မည်သာ ဖြစ်၏။

စာရေးသူသည် အသက်အရွယ်အရ ဖြတ်သန်းကျင်လည်ရသည့် ပတ်ဝန်းကျင် အနေအထားအရ လူအတော်များများနှင့် တွေ့ကြုံဆက်ဆံ ပြောဆိုဟောပြောဖူး၏။ လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးမျိုးလုံးနှင့် ဆုံမိဖူး၏။ မသိမှုကား သုံးမျိုးလုံး အတူတူပင် ဖြစ်ကြ၏။ တစ်ခါတစ်ရံ လူကြီးများကပင် မသိမှု ပိုကြသေး၏။ အရင်မွေး၍သာ အကြီးဖြစ်နေသော်လည်း အသိပညာ အနေဖြင့်ကား အငယ်ဖြစ်နေကြ၏။ မသိမှုများလာသည့် အခါ အမှားအမှန်ကိုလည်း မခွဲခြားတတ်ဘဲ ဖြစ်တတ်၏။ အမှားကို အမှန် အမှန်ကို အမှားထင်နေမိတတ်၏။ ထို့ထက် ပိုဆိုသည်ကား မသိမှု အလွန်အားကောင်းလာသည့် အခါ ကုသိုလ်မှန်း မသိ အကုသိုလ်မှန်း မသိဖြစ်လာတတ်ခြင်းပင် ဖြစ်၏။ ကုသိုလ်ကို အကုသိုလ်ထင်၊ အကုသိုလ်ကို ကုသိုလ်ထင်ကာ ရေလိုက်လွဲလာတတ်ခြင်းပင် ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသည် ကုသိုလ် အကုသိုလ်ကို မသိဖြစ်နေလျှင် လူ့ဘ၀ကို ရနေသော်လည်း ထိုသူကို လူဟုပင် ဆိုရန်ခက်ခဲလှ၏။ စင်စစ် လူဟူသည် “ကုသလာကုသလံ မနသိ ဇာနာတီတိ မနုေဿာ= ကုသိုလ်အကုသိုလ်ကို သိတတ်သောကြောင့် လူမည်၏“ ဟု ဆိုသဖြင့် ကုသိုလ်အကုသိုလ်ကို ခွဲခြားသိရှိရန် လိုအပ်လှ၏။ အကြောင်းအကျိုး၊ အကောင်းအဆုံးကို နားလည်သဘောက်ပေါက်ရန် လိုအပ်လှ၏။ ထိုသို့ မဟုတ်လျှင် လူ့ဘ၀ကို ရနေသော်လည်း လူဟုဆိုရန် မလွယ်လှပေ။ ထို့ကြောင့်လည်း ဘုရားရှင်က “မနုဿဿ ဘာဝေါ ဒုလ္လဘော= လူ၏အဖြစ်သည် ရခဲလှ၏“ဟု ဆိုခြင်းဖြစ်၏။ ထိုသို့ လူ့ဘ၀ကို ရနေသော်လည်း လူမဖြစ်သည့်သူများ၊ လူဟုခေါ်ရန် မသင့်သူများသည် မသိမှုများကြောင့်သာ ထိုအခြေအနေသို့ ရောက်နေခြင်းဖြစ်၏။ မသိမှုသည် သတ္တ၀ါများကို မည်သည့်အခါမျှ ကောင်းကျိုးပေးမည် မဟုတ်ပေ။ သို့ဖြစ်၍လည်း သိအောင်လုပ်ရန် တိုက်တွန်းနေရခြင်းဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ်က “ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း သိအောင်လုပ်“ဟု ဟောတော်မူထား၏။ ထိုစကားကို ပါဠိလို “ပဇာနာတိ“ဟုဆို၏။ “ပဇာနာတိ= အထူးထူးအပြားပြားသိ၏“ဟု အဓိပ္ပါယ်ရ၏။ အထူးထူးအပြားပြား သိခြင်းဟူသည် မိမိ၏အတွင်း အပြင်နှင့် ပတ်သက်သည်များကို သိခြင်းဖြစ်၏။ ရှင်းအောင်ပြောရလျှင် စိတ်နှင့် ရုပ်တွင်ဖြစ်ပေါ်လာသည့် အရာမှန်သမျှကို သိခြင်းဖြစ်၏။ ထို့ထက်ပိုပြီး ရှင်းအောင်ပြောရလျှင် ခန္ဓာငါးပါးတွင် ဖြစ်ပေါ်လာသည့် အရာများကို သိခြင်းဖြစ်၏။ ခန္ဓာငါးတွင် ရုပ်ခန္ဓာသည် တစ်ပါးတည်းသာဖြစ်ပြီး နာမ်ခန္ဓာကား လေးပါးရှိ၏။ ထို့ကြောင့် ရုပ်ကိုသိအောင်လုပ်ဖို့ထက် နာမ်ခန္ဓာဟုခေါ်သည့် စိတ်ကို သိအောင်လုပ်ဖို့က ပိုခက်လှ၏။ ဘုရားရှင်သည် ထိုအသိခက်လှသည့် စိတ်ကို သိစေရန် မိမိကိုယ်ကို သတိကပ်ထားရန် လိုကြောင်း သတိတရားဖြင့် စောင့်ကြည့်ပြီး “မိမိသန္တာန်မှာ ရာဂစိတ်ဖြစ်လျှင်လည်း ရာဂစိတ်ဖြစ်သည်ဟု သိ၏၊ ရာဂကင်းသည့်စိတ်လျှင်လည်း ရာဂကင်းသည့် စိတ်ဖြစ်သည်ဟု သိ၏၊ ဒေါသစိတ်ဖြစ်လျှင်လည်း ဒေါသစိတ်ဖြစ်သည်ဟု သိ၏၊ ဒေါသကင်းသည့် စိတ်ဖြစ်လျှင်လည်း ဒေါသကင်းသည့် စိတ်ဖြစ်၏ဟု သိ၏၊ မောဟင်းစိတ်ဖြစ်လျှင်လည်း မောဟစိတ်ဖြစ်သည်ဟု သိ၏၊ မောဟကင်းသည့် စိတ်ဖြစ်လျှင်လည်း မောဟကင်းသည့် စိတ်ဖြစ်သည်ဟု သိ၏“ စသည်ဖြင့် ဖြစ်ပေါ်လာသည့် မည်သည့်စိတ်ကိုမဆို ဖြစ်ခိုက်ဖြစ်စဲမှာ သိရန်လိုကြောင်း ရှင်းပြတော်မူ၏။ အဘယ့်ကြောင့် ထိုသို့ မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိရန်လိုသည်ဟုဆိုရခြင်းမှာမူ ဖြစ်ခိုက်ကို သိမှသာလျှင် ထိုစိတ်သည် ရှေ့ဆက်မဖြစ်နိုင်ဘဲ ရပ်တန့်သွားမည်ဖြစ်သောကြောင့် ဖြစ်၏။ အကယ်၍ ထိုစိတ်၏ ဖြစ်စဲဖြစ်ခိုက်ကို မသိလျှင် အစွဲတရားဝင်လာတတ်ပြီး ထိုစိတ်၏ စေခိုင်းရာနောက်ပါသွားကာ ကိလေသာများ၊ အကုသိုလ်တရားများသာ တိုးပွားလာတတ်ပေ၏။ မည်သည့်စိတ်မဆို ချက်ချင်းသိလျှင် ချက်ချင်းရပ်တန့်နိုင်မည်ဖြစ်ပြီး ချက်ချင်းမသိဘဲ ဖြစ်နေပါလျှင် ထိုစိတ်၏ လွှမ်းမိုးသက်ရောက်မှုကို ခံရလျှက် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များ အဖြစ်ပြောင်းလဲ သွားတတ်၏။ ထိုအခါ မနောကံအပြစ်မှသည် နှုတ်ဖြင့်ကျူးလွန်မှု ၀စီကံအပြစ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကာယကံအပြစ် အထိ ကျရောက်လာတတ်ပေ၏။ ဤသည်မှာ ဖြစ်ပေါ်လာသည့် စိတ်ကို ဖြစ်ခိုက်တွင် မသိမှုကြောင့်ဖြစ်၏။

မှန်၏။ မည်သူမဆို တစ်ခါတစ်ရံ မိမိတို့၏ စိတ်ကို သတိထားကြည့်မိသည့် အခါလေးများ ရှိတတ်၏။ ဖြစ်ပေါ်နေသည့် ကောင်းစိတ်၊ မကောင်းစိတ်ကို သတိထားမိသည့် အခါများလည်း ရှိတတ်၏။ ထိုသို့ သတိထားမိလိုက်သည့်အခါ ဖြစ်ပေါ်နေသည့် ထိုစိတ်သည် ရပ်တန့်သွားပြီး ရှေ့ဆက်မဖြစ်တော့ဘဲ နောက်စိတ်တစ်ခု ဖြစ်ပေါ်လာသည်ကို သတိပြုမိကြမည်ဖြစ်၏။ ဤသည်မှာ စိတ်၏သဘောပင် ဖြစ်၏။ စိတ်သည်တစ်ချိန်တည်းတွင် မည်သည့်အခါမျှ နှစ်စိတ်ဖြစ်ရိုးမရှိပေ။ အလွန်လျင်မြန်သောကြောင့်သာ နှစ်စိတ်သုံးစိတ်ဖြစ်သည့်ဟု ထင်မှတ်တတ်ကြ၏။ ရှေ့စိတ်ကို သိလိုက်သည့်နှင့် ထိုရှေ့စိတ်ပျောက်ပြီး နောက်သိသည့်စိတ် ဖြစ်ပေါ်လာ၏။ ထိုနည်းအတိုင်း သိလိုက်သိလိုက်တိုင်း စိတ်အသစ်အသစ် ဖြစ်ပေါ်နေခြင်းဖြစ်၏။ ထိုဖြစ်တိုင်းဖြစ်တိုင်း စိတ်ကိုသိအောင် ကြိုးစားရန်သာ လိုအပ်လှ၏။ ဥပမာအားဖြင့် တစ်စုံတစ်ခုကိုဖြစ်စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး မိမိ၏စိတ်တွင် အလိုမကျဖြစ်သည့်စိတ်၊ မနာလိုဖြစ်သည့်စိတ် ဖြစ်ပေါ်လာသည့်အခါ ထိုစိတ်ဖြစ်သည်ကို ချက်ချင်းသိနိုင်အောင် သတိပြုသင့်၏။ ထိုစိတ်ဖြစ်ခိုက်တွင် “ငါ့မှာ ဒီစိတ်ဖြစ်နေပါလား“ဟု သိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုစိတ်သည်ရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားတော့၏။ ထို့ကြောင့် မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်ကြိုးစားဟု ဆိုခြင်းဖြစ်၏။ အကယ်၍ ဖြစ်ပေါ်လာသည့် စိတ်၏ဖြစ်စဲဖြစ်ခိုက်ကို မသိပါက အစွဲတရားဝင်လာတတ်၏။ ဒေါသဖြစ်သည့်အခိုက် ထိုဒေါသစိတ်ကို မသိပါက အစွဲတရားဝင်လာပြီး ဒေါသအလျောက် ပြောဆိုမိတတ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မိတတ်၏။ ဤသည်မှာ ဖြစ်ခိုက်ကို မသိဘဲ စွဲသွားမိသောကြောင့်ဖြစ်၏။ ထို့အတူပင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုအပေါ် သဘောကျ ကျေနပ်နှစ်သက်မိသည့် စိတ်ဖြစ်ပေါ်လာသည့် အခါတွင်လည်း ထိုစိတ်၏ ဖြစ်ခိုက်ကို သိအောင်သတိပြုရမည် ဖြစ်၏။ မသိဘဲ လွှတ်ထားမိပါက အစွဲတရားဖြစ်ပေါ်လာပြီး တဏှာရာဂစိတ်၊ လိုချင်တပ်မက်မှု လောဘစိတ်စသည် ဖြစ်ပေါ်တတ်၏။ အကယ်၍ လိုချင်သည့်အတိုင်း ဖြစ်မလာပြန်လျှင် ဒေါသစိတ်က ထပ်ဆင့်ဝင်လာတတ်ပြန်၏။ ဤသဘောသည်လည်း ဖြစ်ပေါ်လာသည့် စိတ်၏ဖြစ်ခိုက်ကို မသိသောကြောင့်သာ ဖြစ်၏။ ထို့ကြောင့် မည်သည့်စိတ်ပဲ ဖြစ်ဖြစ် သိအောင်လုပ်ရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

မဟာစည် ဆရာတော်ကြီး မိန့်တော်မူသည့် တရားရှုမှတ်နည်း လင်္ကာလေးရှိ၏။ “ဖြစ်ခိုက်မရှု ရုပ်နာမ်စု စွဲမှုဝင်ရောက်သည်၊ ဖြစ်တိုင်းမှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်“ ဟူ၍ဖြစ်၏။ ဆိုလိုသည်မှာ မိမိ၏ စိတ်တွင်ဖြစ်စေ၊ ရုပ်တွင်ဖြစ်စေ ဖြစ်သမျှ၊ ပေါ်သမျှကို ဖြစ်ခိုက်ပေါ်ခိုက်တွင် သိရန်လိုအပ်ပြီး မသိလိုက်ပါက အစွဲတရားဝင်တတ်ကြောင်း၊ ဖြစ်သမျှအခိုက်ကို သိလိုက်နိုင်ပါက အစွဲကင်းပျောက်မည်ဖြစ်ကြောင်း ဆိုလို၏။ အစွဲတရားသည်ကား အလွန်ကြောက်စရာကောင်းလှ၏။ စွဲလန်းမိလျှင် အမှန်ကို မမြင်ဖြစ်လာ၏။ မမြဲခြင်းသဘောကို မြဲသည်ဟု ထင်လာတတ်ပြီး မရှိကို အရှိဟု ထင်လာတတ်၏။ မပိုင်သည်ကို ပိုင်သည်ဟု ထင်လာတတ်ပြီး ငါမဟုတ်သည်ကို ငါဟုထင်လာတတ်၏။ ထို့ကြောင့်လည်း ငါ၊ ငါ့ဥစ္စာ၊ ငါ့ရာထူး၊ ငါ့ဂုဏ်ဝါစသည်ဖြင့် ငါစွဲများဖြင့် အချိန်ကုန်ကာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည် ပြိုင်လာကြခြင်းဖြစ်၏။ သေချာသည်မှာ အကောင်းဖြစ်စေ အဆိုးဖြစ်စေ စွဲလန်းမိလျှင် မကောင်းဖြစ်တတ်ပြီး ဒုက္ခရောက်တတ်သည် ဟူသည့်အချက်ပင် ဖြစ်၏။ စင်စစ်။ ထိုအစွဲတရားဖြစ်ပေါ်ခြင်း၏ အကြောင်းကား မသိမှုကြောင့်ပင် ဖြစ်ပါ၏။ ထိုမသိမှုသည်လည်း ဖြစ်ခေါ်ပေါ်ခိုက်ကို မသိလိုက်မှုပင် ဖြစ်၏။ ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်ပါက ထိုအစွဲတရား ဖြစ်ပေါ်ရန် အကြောင်းမရှိတော့ပေ။ အစွဲတရားကင်းလျှင် ဒုက္ခကင်းမည်သာ ဖြစ်၏။ ဒုက္ခကင်းခြင်းသည် ချမ်းသာခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဒုက္ခမရှိ ချမ်းသာသိဖို့ အစွဲမရှိကြရန် လိုကြောင်း ဆိုခြင်းဖြစ်၏။ အစွဲမရှိရန်အတွက်ကား သိမှပင်ဖြစ်၏။

အချုပ်အားဖြင့် ပြောလိုသည်မှာ ဘာပဲဖြစ်ဖြစ် သိအောင်လုပ်ရန် ပြောလိုရင်းဖြစ်၏။ ကာမဂုဏ် အာရုံများ တိုးတက်ဖြစ်ထွန်း များပြားလာသည့် ယနေ့ခေတ်တွင် ထိုကာမဂုဏ်အာရုံများ၏ ဖုံးလွှမ်းမှုကြောင့် သတ္တ၀ါတို့သည် လောဘ၊ ဒေါသ၊ မောဟ မာနစသည့် ကိလေသာများဖြင့်သာ အချိန်ကုန်နေကြပြီး သိသင့်သိထိုက်သည်များကို မသိနိုင်ဖြစ်နေကြရ၏။ မသိကြသဖြင့် ဒုက္ခများလည်း ဖြစ်နေကြရ၏။ ဒုက္ခဖြစ်ရခြင်းသည် စွဲလမ်းမိကြသဖြင့် ဖြစ်ရခြင်းဖြစ်၏။ ထိုစွဲလန်းမှု၏ အကြောင်းကား မသိမှု အ၀ိဇ္ဇာကြောင့်ပင် ဖြစ်ပါ၏။ ထိုမသိမှုကို အကြွင်းမဲ့ ပယ်သတ်နိုင်ရန်အတွက်ကား အစစအရာရာ သိအောင်ကြိုးစားမှသာ ဖြစ်ပေမည်။ သိရန်အတွက်ကား ရှေးဦးစွာ သညာသိဖြစ်ဖြင့် သိအောင်ကြိုးစားရမည်ဖြစ်ပြီး ထိုမှ ပညာသိဖြင့် သိအောင် ကြိုးစားရမည်သာ ဖြစ်ပါ၏။ ပညာသိဖြင့် သိရန်အတွက်ကား မြတ်စွာဘုရားရှင်၏ လမ်းညွှန်မှုအတိုင်း စိတ်မှာဖြစ်စေ၊ ရုပ်မှာဖြစ်စေ ဖြစ်ပေါ်လာသည့် အရာများကို သတိကပ်လျက် ဖြစ်ခိုက်ပေါ်ခိုက်၊ ဖြစ်စဲပေါ်စဲမှာပင် သိအောင်ကြိုးစားရမည်သာ ဖြစ်ပါ၏။ ထိုသို့ ဖြစ်ခိုက်ပေါ်ခိုက်တွင် အလိုက်သင့် လိုက်သိနေမည်ဆိုလျှင် ရုပ်နာမ်ကိုအမှီပြု၍ အစွဲတရားလည်း ဖြစ်ပေါ်လာမည် မဟုတ်တော့ပေ။ အစွဲမရှိလျှင် ဒုက္ခလည်း မရှိနိုင်ပေ။ ဒုက္ခမရှိလျှင် အခိုက်အတန့်အားဖြင့် ငြိမ်းနေမည်သာ ဖြစ်ပါ၏။ အကြွင်းမဲ့ ငြိမ်းရန်အတွက်ကား အကြွင်းမရှိ ပယ်သတ်နိုင်ရန် လိုအပ်ပေ၏။ ထို့ကြောင့် မသိမှုများကြောင့် စွဲလမ်းမှုတွေဖြစ်နေရပြီး စွဲလမ်းမှုများကြောင့် ဒုက္ခဖြစ်နေကြရသည့် လောကကြီးတွင် ဒုက္ခဖြစ်ကြောင်း စွဲလန်းမှုကို ပယ်ဖျောက်နိုင်ရန် မည်သည့်အရာပဲဖြစ်ဖြစ် ဖြစ်ခိုက်ပေါ်ခိုက်၊ ဖြစ်စဲပေါ်စဲတွင် သိအောင်သာလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ