Showing posts with label တွေးမိသမျှ. Show all posts
Showing posts with label တွေးမိသမျှ. Show all posts

မေတ္တာပို့တာ သူ့အတွက်လား၊ ကိုယ့်အတွက်လား


”မေတ္တာရဲ့ သဘောက သူ့အတွက်ပို့ရင်း ကိုယ့်အတွက်လည်း အေးချမ်းခြင်း သဘောပါ”

ဒကာမလေးတစ်ယောက်က မေးဖူးပါတယ်။အရှင်ဘုရား မေတ္တာပို့တာဟာ ကိုယ့်အတွက် ပို့တာလား၊ သူများအတွက် ပို့တာလား”တဲ့။ ဟုတ်ပ။ သူမေးမှပဲ သတိပြုမိတော့တယ်။ ရုတ်တရက်ကြည့်ရင် ကိုယ့်မှာရန်သူတွေ နည်းစေဖို့ မေတ္တာကို ပွားများကြတာတွေလည်း ရှိနေတော့ ကိုယ့်အတွက် ပို့သလို ဖြစ်နေတတ်ပါတယ်။ အဲဒီ မေတ္တာရဲ့ သဘောက အေးချမ်းတယ်ဆိုတဲ့အတွက် ကိုယ့်မှာအပူတွေ ရှိနေတဲ့သူတွေဟာ မေတ္တာကို များများပွားလေ့ ရှိတတ်ကြတာဆိုတော့ တစ်ဖက်ကကြည့်ရင် မေတ္တာပို့တာဟာ ကိုယ့်အတွက် ပို့တာလို့ တွေးကောင်းတွေးနိုင်တာပေါ့။ 

အမှန်တော့ မေတ္တာဆိုတာ အကျိုးကိုလိုးလားခြင်း၊ အထူးသဖြင့် သူတပါးအကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် မေတ္တာပို့တိုင်းပို့တိုင်း သူတပါး အကျိုးကို လိုလားပြီး ပို့ရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အလုံးစုံသော သတ္တဝါတွေ ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်းကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ ဆိုပြီး ဖြူစင်သန့်ရှင်းတဲ့ စိတ်နဲ့ ပို့တာဟာ မေတ္တာအပို့ခံရတဲ့သူရဲ့ အကျိုးကို လိုလိုလားလား ပို့သခြင်း ဖြစ်တဲ့အတွက် သူများအတွက် ပို့သခြင်းပဲ ဖြစ်ပါတယ်။ သူများအတွက်ကို ပို့သခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အေးချမ်းမှုကတော့ ကိုယ့်အတွက်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

သူတပါး အကျိုးကို လိုလားပြီး သူများအတွက် မေတ္တာများများ ပွားနိုင်တဲ့သူဟာ သူတပါး ချမ်းသာလေ၊ ကိုယ်လည်းဝမ်းသာလေ ဖြစ်တဲ့အတွက် အဲဒီ မေတ္တာပွားနေ၊ မေတ္တာပို့နေတဲ့ ကိုယ့်စိတ်အစဉ်ဟာ အေးမြမှုကို ဖြစ်နေစေတာပါ။ မေတ္တာပွားများနေတဲ့အခိုက်မှာ ကိုယ့်သန္တာန်မှာ မေတ္တာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒေါသတွေ ပေါ်မလာတာဟာ ကိုယ့်အတွက် အပူသက်သာနေတာပါ။ အဲဒီလို ကိုယ်က မေတ္တာ ပို့လိုက်လို့ အပို့ခံရသူမှာ ကောင်းကျိုးတွေ ဖြစ်ထွန်းသွားပြီး ကိုယ့်ရဲ့မေတ္တာအရှိန်ကြောင့် ကိုယ့်အပေါ်မှာ ဖြစ်ပေါ်တဲ့ မကောင်းတဲ့ တုန့်ပြန်မှုတွေ မရှိတော့တာ စတာတွေဟာ ကိုယ်က သူတပါးအပေါ် စစ်မှန်တဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာပို့ပေးမှုရဲ့ တန်ပြန်သက်ရောက်မှု သဘောပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် မေတ္တာဟာ သူ့အကျိုးကို လိုလားပြီး ပွားများရတဲ့ ဘာဝနာကျင့်စဉ်ဖြစ်ပေမယ့် ကိုယ့်အကျိုးကိုလည်း ပြီးမြောက်စေတဲ့ သဘောပဲ ဖြစ်တဲ့အတွက် မေတ္တာထားခြင်း၊ မေတ္တာပွားခြင်းဟာ သူ့အကျိုးရော ကိုယ့်အကျိုးပါ သက်ရောက်မှု ကောင်းစေတဲ့ အလွန်အေးမြတဲ့ ကျင့်စဉ်တစ်ခုဖြစ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ 

Read more »

အမှိုက်


အမှိုက်ကောက်သူတွေကို မကောက်ဖို့တားမြစ်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိတော့ ဘုရားရှင်လက်ထပ်က အမှိုက်တွေကို မပျင်းမရိ လိုက်ကောက်လေ့ရှိတဲ့ ရှင်ရာဟုလာအကြောင်းကို သတိရမိခဲ့ပါတယ်။ သန့်ရှင်းရေးလုပ်တဲ့နေရာ၊ အမှိုက်ကောက်တဲ့နေရာမှာ နာမည်ကြီးလှတဲ့ ရှင်ရာဟုလာဟာ ဘယ်သူကဘယ်လိုပြောပြော အမှိုက်နဲ့ပတ်သက်၊ သန့်ရှင်းရေးနဲ့ ပတ်သက်လာရင် စိတ်ထားကောင်းကောင်းနဲ့ ကုသိုလ်ရရေးကို အထူးအလေးပေးတော်မူတာကို တွေ့ရပါတယ်။ တစ်ခါတလေ ရဟန်းတော်များက ရာဟုလာလေးရဲ့ စိတ်နေသဘောထားကို စမ်းသပ်တဲ့အနေနဲ့ တံမြက်စည်းတွေ၊ အမိုက်တောင်းတွေ၊ အမှိုက်တွေကို ဟိုချဒီချ ချထားပြီး ရှင်ရာဟုလာနဲ့ တွေ့တဲ့အခါ “ဒါတွေကို ငါ့ရှင်ထားခဲ့တာ မဟုတ်လား”လို့ မေးတဲ့အခါမှာလည်း ရာဟုလာလေးက “မှန်ပါ တပည့်တော် အခုပဲ သိမ်းလိုက်ပါမယ်၊ သန့်ရှင်းလိုက်ပါမယ်”ဆိုပြီး စေတနာကောင်းကောင်း၊ လိုလိုချင်ချင်နဲ့ကို ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ရော၊ လုပ်ရပ်ပါ ကောင်းလွန်းလှတဲ့ ရှင်ရာဟုလာရဲ့ ခံယူချက်ကတော့ တကယ့်ကိုပဲ အတုယူ ကျင့်သုံးစရာ ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ စိတ်ထားကောင်းကောင်းနဲ့သာ ပြုမူလုပ်ဆောင်တတ်မယ်ဆိုရင် ဘယ်သူဘာပြောပြော၊ ဘယ်သူအမှိုက်ကို ဘယ်လိုပဲပစ်ပစ် ကိုယ်ကောက်လိုက်တဲ့အမှိုက်၊ ကိုယ့်သန့်ရှင်းလိုက်တဲ့ ကုသိုလ်ဟာ ကိုယ့်အတွက်တော့ ကောင်းကျိုးတစ်ခုကို ဆောင်ရွတ်လိုက်တာပဲ ဖြစ်ပါတယ်။ အမှိုက်ပစ်တဲ့လူကို ရှာစရာမလိုဘဲ အမှိုက်ကောက်လိုက်တဲ့ ကိုယ့်ရဲ့ စိတ်စေတနာဟာ အခရာပဲ ဖြစ်ပါတယ်။ ဒါက အပြင်ပိုင်း ရုပ်ဝတ္ထု   ဆိုင်ရာ အမှိုက်ကို ပြောတာပါ။ 

စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ စိတ်ကိုပူလောင်စေတဲ့အရာ၊ စိတ်ကိုညစ်နွမ်းစေတဲ့ အရာတွေကိုလည်း အမှိုက်လို့ တင်စားပြောဆိုလေ့ရှိပါတယ်။ အဲဒီအမှိုက်တွေကတော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိစတဲ့ ကိလေသာ အမှိုက်တွေပဲ ဖြစ်ပါတယ်။  တစ်ခါတလေ အဲဒီအမှိုက်တွေကြောင့် ကိုယ့်စိတ်မှာ မသန့်ရှင်းပဲ လေးလံထိုင်းမှိုင်း ညစ်နွမ်းစေတာလည်း ကြုံဖူးကြမှာ ဖြစ်ပါတယ်။ အမှိုက်ပစ်တဲ့သူတွေ၊ အမှိုက်ကောက်တဲ့ သူတွေကြောင့် မသန့်ရှင်းတာတွေ၊ သန့်ရှင်းတာတွေလည်း ခဏခဏ ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ 

တစ်ချို့က အမှိုက်ကို ဗရမ်းဗတာ ပစ်လေ့ရှိတတ်သလို၊ တစ်ချို့လည်း ပစ်သမျှ အမှိုက်တွေကို လိုက်ကောက်တာမျိုး ရှိတတ်ပါတယ်။ ကိုယ့်အမှိုက်ကို ပတ်ဝန်းကျင် ထိအောင်ပစ်တတ်သူနဲ့ အမှိုက်တွေကို သန့်ရှင်းသွားအောင် လုပ်တတ်သူ၊ အမှိုက်ပျောက်အောင် လုပ်တတ်သူနဲ့ အမှိုက်ကောက်နေတတ်သူ စသဖြင့်  အမှိုက်တွေနဲ့ ပတ်သက်ပြီး ကျင့်သုံးတဲ့သူ အမျိုးမျိုး ရှိနေတတ်ပါတယ်။

တကယ်တော့ စိတ်နဲ့ပတ်သက်ပြီး လေ့ကျင့်တဲ့အခါမှာ အဲဒီစိတ်ကို ညစ်နွမ်းစေတတ်တဲ့ အကုသိုလ်၊ ကိလေသာဆိုတဲ့ အမှိုက်တွေကို အသိသတိနဲ့ သန့်ရှင်းသွားအောင် လုပ်တတ်ဖို့ အထူးလိုအပ်လှပါတယ်။ ကိုယ်သန္တာန်မှာ အမှိုက်တွေ ရှိလာပြီဆိုရင် အဲဒီအမှိုက်တွေကို အမြန်ဆုံး သန့်ရှင်းပစ်နိုင်အောာင် ကြိုးစားရမှာ ဖြစ်ပါတယ်။ သူများက ပစ်လိုက်တဲ့ အမှိုက်တွေ ရှိလာရင်လည်း အဲဒီအမှိုက်တွေကို လိုက်မကောက်ဖို့ ကိုယ်ကလေ့ကျင့်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ဒေါသဖြစ်စေတဲ့ ဒေါသအမှိုက်၊ မာနဖြစ်စေမယ့် မာနအမှိုက် စတာတွေနဲ့ ပစ်လာရင်လည်း အဲဒီအမှိုက်တွေကို လိုက်မကောက်ဘဲ နေနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ လူတွေက ဘာမဟုတ်တာလေးတွေ အပေါ်မှာ လိုက်ခံစားပြီး ကိုယ့်စိတ်ကို လေးလံထိုင်းမှိုင်းစေ၊ စိတ်မှာအညစ်အကြေးတွေ ဖြစ်စေတာလည်း ရှိတတ်ပါတယ်။ ဒါဟာ အမှိုက်တွေ လိုက်ကောက်နေသလိုပဲ ဖြစ်ပါတယ်။ 

အမှန်တော့ အမှိုက်ဆိုတာ ရှုတ်နေလို့ မကောင်းဘဲ ရှင်းနေမှ ကောင်းတာဖြစ်တဲ့အတွက် အမှိုက်ဆိုရင် ကိုယ့်အမှိုက်ပဲဖြစ်ဖြစ်၊ သူ့အမှိုက်ပဲ ဖြစ်ဖြစ် သန့်ရှင်းနေအောင် လုပ်ကြရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ စိတ်ကို ညစ်နွမ်းစေတဲ့ ကိလေသာ အမှိုက်တွေဆိုတာလည်း ကိုယ့်စိတ်မှာ ရှင်းနေမှကောင်းပါတယ်။ စိတ်အမှိုက်ဆိုရင် ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ်၊ သူ့ကြောင့်ပဲ ဖြစ်ဖြစ် ရှင်းနေအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စိတ်ကို ပူလောင်ညစ်နွမ်းစေတဲ့ အမှိုက်တွေ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာရင် အမြန်ဆုံးထုတ်ပစ်နိုင်အောင် အသိသတိတရား၊ ကောင်းတဲ့အမူအကျင့်များနဲ့ သန့်ရှင်းကြရမှာ ဖြစ်သလို သူများကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ အမှိုက်တွေကိုလည်း ကိုယ့်စိတ်ထဲမှာ ခံစားမနေရအောင် အမှိုက်တွေကို လိုက်မကောက်ကြဖို့ အထူးလေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

အမှိုက်ဆိုတာ ရှုတ်ဖို့မဟုတ်ပါဘူး။ ရှင်းဖို့ပါ။ အမှိုက်ဆိုတာ ကောက်ဖို့မဟုတ်ပါဘူး၊ ပျောက်ဖို့ပါ။ ကိုယ့်အမှိုက်လည်း မရှုတ်မိပါစေနဲ့။ သူများအမှိုက်တွေကိုလည်း လိုက်မကောက်မိပါစေနဲ့။ ကောက်မိရင်လည်း အမြန်ဆုံး သန့်ရှင်းပစ်နိုင်အောင် ကြိုးစားကြရမှာပါ။ 

ဒါကြောင့် အမှိုက်ဆိုတာ ကိုယ့်အမှိုက်ပဲ ဖြစ်ဖြစ်၊ သူ့အမှိုက်ပဲဖြစ်ဖြစ် အားလုံးသန့်ရှင်းအောင် ကြိုးစားဖို့လိုအပ်သလို စိတ်ကိုညစ်ပေဆိုတဲ့ အကုသိုလ်၊ ကိလေသာ အမှိုက်တွေဆိုတာလည်း ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ သူ့ကြောင့်ပဲ ဖြစ်ဖြစ် သန့်ရှင်းသွားအောင် လုပ်ဖို့လိုအပ်တာ ဖြစ်တဲ့အတွက် အမှိုက်မှန်သမျှ သန့်ရှင်းရအောင် အသိတရား၊ အကျင့်တရားများနဲ့ ကြိုးစားလေ့ကျင့်ကြရမှာ ဖြစ်ပါကြောင်း အမှိုက်အကြောင်း တစေ့တစောင်းတင်ပြလိုက်ရပါတယ်။ 

Read more »

ကောင်းအောင်လုပ်ပါ



တစ်ခါတလေ ကျောင်းက ကိုရင်လေးတွေ၊ ကျောင်းသားလေးတွေကို သန့်ရှင်းရေးလုပ်ခိုင်း၊ ကုသိုလ်အရေးတွေ လုပ်ခိုင်းတဲ့အခါ ကလေးတွေက တာဝန်ကျေပဲ ဖြစ်သလို လုပ်သွားတတ်ပါတယ်။ ပြီးပြီးရော လုပ်သွားတတ်ပါတယ်။ တစ်ခါတလေလည်း ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးတွေ၊ စိတ်ကောင်း စေတနာကောင်းနဲ့ လုပ်တဲ့အလုပ်တွေရဲ့ ကောင်းတဲ့သက်ရောက်မှု အကြောင်းလေးတွေကို သူတို့နားလည်လာအောင် ပြောပြဖြစ်တဲ့အခါ တစ်ချို့ကလေးတွေက မခိုင်းရဘဲ သူတို့စေတနာ အလျောက် ကုဋီဆေးလာတာ၊ တံမြက်စည်းလှဲလာတာကို တွေရတတ်ပါတယ်။ ကိုယ့်စေတနာနဲ့ ကိုယ်လုပ်ချင်လို့ လုပ်တာဖြစ်တဲ့အတွက် ကောင်းအောင်၊ သန့်အောင် လုပ်လာတတ်ပါတယ်။

အဲဒါပါပဲ။ ကောင်းတဲ့အလုပ်ပင် ဖြစ်နေပါစေ ခိုင်းလို့လုပ်ရတာထက်၊ ကိုယ့်စိတ်စေတနာနဲ့ လုပ်ဖြစ်တာက လူ့စိတ်ကို အများကြီး ကွားခြားစေတာဖြစ်ပါတယ်။ ခိုင်းလို့လုပ်တာဟာ ပြီးအောင်လုပ်တာဖြစ်တဲ့အတွက် ကောင်းချင်မှလည်း ကောင်းမှာပါ။ ကိုယ့်စေတနာနဲ့ လုပ်တာကတော့ ပြီးအောင်လုပ်ဖို့ထက် ကောင်းအောင်လုပ်ဖို့စိတ်က ပိုများနေတဲ့အတွက် လုပ်တဲ့သူကိုယ်တိုင်လည်း စိတ်မှာပျော်နေတတ်ပြီး ကိုယ်လုပ်လို့ ကောင်းလာရင်လည်း ရင်ထဲမှာ အဲဒီပီတိက ကြည်နူးမှုကို ဖြစ်စေတော့တာ ဖြစ်ပါတယ်။ တစ်ခါတခါလည်း ကောင်းတဲ့အလုပ်ဆိုရင် ခိုင်းလို့လုပ်ရတာပဲ ဖြစ်ဖြစ် ကောင်းတဲ့စိတ်စေတနာနဲ့ လုပ်နိုင်အောင် ကြိုးစားရတာ ဖြစ်ပါတယ်။ မဟုတ်လည်း ခိုင်းထားတာဆိုတော့ မလုပ်ချင်လည်းလုပ်၊ လုပ်ချင်လည်း လုပ်ရမှာပါ။ အဲဒီတော့ လုပ်ရမှာချင်းအတူတူ စိတ်ကောင်း၊ စေတနာကောင်းလေးထည့်ပြီး လုပ်လိုက်ရင် ကိုယ့်အတွက်က ပင်ပန်းတာနဲ့အမျှ ကုသိုလ်တရားလည်း ရသွားမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကောင်းတဲ့အလုပ်တစ်ခုခုကို လုပ်ဖြစ်တဲ့အခါ ခိုင်းလို့လုပ်တာပဲ ဖြစ်ဖြစ်၊ လုပ်ချင်လို့ လုပ်တာပဲ ဖြစ်ဖြစ်၊ မလုပ်မဖြစ်လို့ လုပ်ရတာပဲ ဖြစ်ဖြစ် ပြီးပြီးရော သဘောမျိုး မလုပ်ဘဲ ကောင်းစေချင်တဲ့ စိတ်စေတနာနဲ့ လုပ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြီးအောင်လုပ်ဖို့ထက် ကောင်းအောင်လုပ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

Read more »

သင်္ကြန် (သို့) ပြောင်းလဲခြင်း




မနေ့က (၁၄-၄-၂၀၁၃) ဘုန်းဘုန်းတို့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာရှိတဲ့ စိတ္တသုခကျောင်းရဲ့ နှစ်ဦးအလှူပွဲနဲ့ ဇီဝိတဒါန ငါးလွှတ်ပွဲမှာ သင်္ကြန်နဲ့ ပတ်သက်ပြီး နှစ်ဦးတရားတစ်ပုဒ် ဟောဖြစ်ခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်မှ ၁၃၇၅ခုနှစ်သို့ ကူးပြောင်းခြင်းကို ရည်ရွယ်ရင်း သင်္ကြန်ဆိုတာ သင်္ကန္တဆိုတဲ့ ပါဠိစကားက ဆင်းသက်လာခြင်းဖြစ်ကြောင်းနဲ့ သင်္ကန္တဆိုတာ ကူးပြောင်းခြင်းလို့ အဓိပ္ဗါယ်ရကြောင်း စသဖြင့် ပြောဖြစ်ခဲ့ပါတယ်။ 

ဟုတ်ပါတယ်။ ရက်မှလ၊ လမှနှစ် စသဖြင့် တစ်ခုပြီး တစ်ခု ပြောင်းလဲနေကြတဲ့ ပြောင်းလဲခြင်းတွေထဲမှာ ကိုယ့်ဘဝရဲ့ ပြောင်းလဲခြင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား စသည်များရဲ့ ပြောင်းလဲခြင်းတွေဟာ သတိနဲ့ယှဉ်ပြီး အကောင်းဘက်ကို ပြောင်းလဲနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ပြောင်းလဲခြင်းဘက်ကို ဦးတည်လာတဲ့ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ ရွှေနိုင်ငံကြီးရဲ့ အပြောင်းအလဲမှာလည်း ရွှေနိုင်ငံသားများရဲ့ အကျင့်နဲ့စိတ်ဓာတ်၊ ရည်ရွယ်ချက်နဲ့ လုပ်ရပ်စတာတွေကိုပါ နည်းစနစ်မှန်မှန်၊ အထောက်အပံ့ကောင်းကောင်း၊ ညီညွတ်မှု အားအပေါင်းနဲ့ ကြိုးစားပြောင်းလဲကြရမှာ ဖြစ်ပါတယ်။ ပြောင်းတော့ပြောင်းတယ် ဗရမ်းဗတာဆိုရင် ဒီအပြောင်းအလဲဟာ အကျိုးမပြီး အချည်းနှီးပဲ ဖြစ်သွားတတ်ပါတယ်။ ကိုယ်တွေပြောင်းလဲဖို့အတွက် သူများတွေ မကောင်းတွဲဖို့ မဟုတ်ပါဘူး။ ကိုယ်တွေအကောင်းတွဲပြီး သူများတွေလည်း ဗလောင်းဗလဲ မဖြစ်ဖို့ အရေးကြီးပါတယ်။

ပြောင်းလဲနေတာနဲ့ ပတ်သက်ပြီး အခုဆိုရင် ဘုန်းဘုန်းတို့ နိုင်ငံဟာ ဘက်ပေါင်းစုံက သိသိသာသာ ပြောင်းလဲနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံအတွက်ရော၊ လူမျိုးအတွက်ရော၊ ဘာသာအတွက်ပါ ကဏ္ဍစုံကနေ ရေရှည်စီမံကိန်းနဲ့ အကောင်းဆုံး ပြောင်းလဲနိုင်အောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ နိုင်ငံခေါင်းဆောင်များကလည်း နိုင်ငံတိုးတက်ဖို့။ လူမျိုးခေါင်းဆောင်များကလည်း လူမျိုးအဆင့်မြင့်ဖို့၊ ဘာသာခေါင်းဆောင်များကလည်း ဘာသာတည်တံ့ဖို့ စသဖြင့် အမျိုးသားရေး စိတ်ဓာတ်နဲ့ အကောင်းဆုံး ပြောင်းလဲနိုင်အောင် ကြိုးစားနေကြရတာ ဖြစ်ပါတယ်။

ဘုန်းဘုန်းတို့ အနေနဲ့ကတော့ ဘာသာရေးမှာ အထူးအလေးပေးရမယ့် ဘာသာသာသနာနဲ့ ယဉ်ကျေးမှု တည်တံ့ခိုင်မြဲ ပြန့်ပွားရေး အကျိုးဆောင်များ ဖြစ်တဲ့အတွက် ဘာသာရေးနဲ့ အမျိုးသားရေးကို ဦးတည်ပြီး အကောင်းဆုံး ပြောင်းလဲနိုင်အောင် ကြိုးစားပေးကြရတာ ဖြစ်ပါတယ်။ အခြေအနေနဲ့ အချိန်အခါအရ ဘုန်းဘုန်းတို့ရဲ့ မြန်မာနိုင်ငံနဲ့ ထေရဝါဒဗုဒ္ဓဘာသာကြီး မပျောက်ပျက် သွားရလေအောင် ဘာသာရေးကိုလည်း အမျိုးသားရေး အသွင်နဲ့ စနစ်ကျကျ ပြောင်းလဲနိုင်အောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီလို မထိန်းသိမ်းရင် မဖြစ်တော့တဲ့ အနေအထားတစ်ခုအရ အသိရှိရှိ လုပ်ကြရတာ ဖြစ်ပါတယ်။

အဲဒီလို ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်နိုင်ပါမှလည်း နောင်တစ်ချိန် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကြီးဟာ သမိုင်းကြောင်း အစဉ်အလာအရ ဝါးမြိုခံခဲ့ရတဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေလို ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားတဲ့အထိ ဖြစ်မသွားမှာ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာဟာ တကယ်တော့ သိပ်ပြီးမေတ္တာအားကောင်း၊ သည်းခံမှုတရားကောင်း၊ နူးညံ့သိမ်မွေ့မှု အားကောင်းတဲ့ ဘာသာဖြစ်ပါတယ်။ ဒါပေမယ့် ဆုတ်ကပ်ကာလကို ရောက်လာနေတဲ့ ဒီနေ့ခေတ်မှာတော့ လုပ်ချင်ရာလုပ်ပါစေ ဆိုပြီး သည်းခံနေလို့ မဖြစ်တော့သလို၊ နေချင်သလို နေပါစေဆိုပြီး မေတ္တာထားနေလို့လည်း မဖြစ်တော့တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာ၊ ကာကွယ်သင့်ကာကွယ်ထိုက်တာ၊ အသိပေးသင့် အသိပေးထိုက်တာ၊ ပြောင်းလဲသင့်ပြောင်းလဲ ထိုက်တာတွေကို လုပ်မှဖြစ်တော့မယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါဟာလည်း တစ်နည်းအားဖြင့် ပြောရင်ဘုန်းဘုန်းတို့ ဘာသာ၊ သာသနာတော်ကြီးအတွက် သတိရှိရှိ၊ ပညာသားပါပါ အကောင်းဘက်က ပြောင်းလဲပြုပြင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းဟာ ကိုယ့်ခြံကိုယ် လုံအောင်ခတ်ခြင်း သက်သက်ပဲ ဖြစ်ပါတယ်။ သူများကို ဒုက္ခရောက်အောင်၊ သူများပျက်စီးအောင် လုပ်တာမဟုတ်ပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ဆန္ဒအရ သူများကို မထိခိုက်စေတဲ့ ကိုယ်တွေရဲ့ ညီညွတ်ခြင်းပဲ ဖြစ်ပါတယ်။ 

တစ်ခုသတိပြုရမှာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာအတွက် စနစ်ကောင်းနဲ့ ပြောင်းလဲပြီး အကောင်းဆုံး ထိန်းသိမ်းကာကွယ်တဲ့ အခါမှာ သူများဘာသာ၊ သူများလူမျိုးကို မုန်းတီးဖို့၊ ခြေမုန်းဖို့၊ အပြုတ်တိုက်ဖို့ မဟုတ်ဘဲ ကိုယ့်အချင်းချင်း စည်းလုံးဖို့နဲ့ အသိသတိ မပြတ်ရှိနေပြီး ရေရှည်ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မြန်မြန်တောက်ပြီး မြန်မြန်ညိမ်းသွားတဲ့ ကောက်ရိုးမီးလိုမဖြစ်အောင် ကိုယ့်လုပ်ပိုင်ခွင့်ထဲကနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ရေရှည်ထိန်းသိမ်းကြဖို့ပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ ကိုယ့်လူမျိုးဆိုင်တွေမှာ အားပေးတာ၊ ကိုယ့်လူမျိုး အချင်းချင်း ဖေးမတာ၊ ကိုယ့်ဘာသာတူတွေဆီမှာ အကျိုးတူပူးပေါင်းတာ ဒါဟာ ကိုယ့်ရဲ့အခွင့်အရေးပဲ ဖြစ်တဲ့အတွက် ဒီလိုမျိုးလေးတွေကို ရေရှည်ထိန်းသိမ်းသွားဖို့ပဲ ဖြစ်ပါတယ်။ အားနာလို့၊ ကျေးဇူးရှိခဲ့ဖူးလို့၊ သက်သာလို့ ဘာဖြစ်လို့ ညာဖြစ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ဘက်က အကောင်းလေးတွေ ပြကြမယ်ဆိုရင်တော့ ကြာရင် အားနာလို့ ခါးပါသွားရတဲ့ အဖြစ်မျိုး မရောက်အောင် ကိုယ်ကထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူတွေ ဘာပဲပြောပြော ပြောင်းလဲရမှာကတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပြီး ကိုယ့်ပြောင်းလဲမှုဟာ ကိုယ့်အတွက်ရော ကိုယ့်အမျိုးဘာသာ သာသနာအတွက်ပါ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုမျိုး ဖြစ်အောင် ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ပြောင်းလဲခြင်းဆိုတဲ့ နိယာယမတစ်ခုအရ ပြောင်းလဲလာနေတဲ့ ဒီနေခေတ်မှာ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ပါ  ပြောင်းလဲနိုင်အောင် ကြိုးစားပြီး ကိုယ့်အပြောင်းအလဲဟာ ကိုယ့်အတွက်ရော ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု စတာတွေ အတွက်ပါ အကောင်းဆုံး ပြောင်းလဲကြရမှာဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အသက်သာ ကြီးလာတယ် စိတ်ဓာတ်နဲ့ လုပ်ရပ်က မကောင်းသေးတဲ့အပြင် ကောင်းအောင်ပြောင်းဖို့လည်း မကြိုးစားဘူးဆိုရင်တော့ အချိန်ဆိုတာ ကိုယ့်အတွက် သိပ်မကျန်တော့ဘူးဆိုတာ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် နှစ်ဟောင်းကောင်းဆုံးပြီး နှစ်သစ်သို့ ကူးပြောင်းလာကြတဲ့ အချိန်အခါ သမယမှာ အားလုံးကိုယ်စီကိုယ်ငှ အကောင်းဘက်ကို ပြောင်းလဲကြပြီး မကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို အတိတ်မှာထား၊ အနာဂတ် တလွှားမှာ အကောင်းများနဲ့ ပြောင်းသွားကြတဲ့ သူတွေဖြစ်အောင် ကြိုးစားကာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်အတွက်လည်း စနစ်မှန်မှန်၊ အကျင့်မှန်ပြီး ညီညွတ်မှု မှန်မှန်နဲ့ ရေရှည် ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ပြောင်းလဲကြရမှာ ဖြစ်ပါကြောင်း အသိပေးရင်း သင်္ကန္တမှသည် အစဉ်အမှန်ရကြဖို့ အသင်အမှန် ပြကြပါစို့လို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

အားလုံး ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကြပါစေ….

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
(၁၅-၄-၂၀၁၃)

Read more »

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ်



တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ် မျှော်လင့်နေရတဲ့ အလုပ်ဟာ အလွန်စိတ်ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးလေ၊ ပင်ပန်းမှုကြီးလေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ဒုက္ခက ပိုဆိုးလှပါတယ်။ သေချာတွေးကြည့်ရင် မျှော်လင့်နေရတာကိုက ဒုက္ခတစ်ခုလို ဖြစ်နေတာပါ။ မျှော်လင့်ချက်ရှိနေရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အပေါ်မှာ လွတ်လပ်သန်းရှင်းတဲ့ လုပ်ရပ်မျိုး မဖြစ်နိုင်သလို မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်လည်း ကိုယ့်ဒုက္ခကိုယ် လုပ်ယူလိုက်သလို ဖြစ်နေတတ်ပါတယ်။

အကောင်းဆုံးကတော့ မျှော်လင့်ချက်ကို လျော့ချလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အရာဆိုရင်လည်း အကျိုးသက်ရောက်မှုကို မမျှော်မှန်းဘဲ သန့်သန့်ရှင်းရှင်း လုပ်ပေးနိုင်အောင် ကြိုးစားပြီး ကိုယ့်အနေနဲ့လည်း ဘယ်သူအပေါ်ကမှ မျှော်လင့်နေတာမျိုး မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ရှိမှ ကိုယ်စားရမယ့် ခေတ်ကြီးမှာ ကိုယ့်အားကိုယ်ကိုးလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မတတ်သာလို့ မျှော်လင့်နေရတယ်ဆိုရင်လည်း အများကြီးတော့ မမျှော်လင့်မိကြဖို့လိုပါတယ်။ မျှော်လင့်နေရတဲ့ဘဝဟာ ကျားသနားမှ နွားချမ်းသာရာရသလို သူပေးမှ ကိုယ်ရမယ့် သဘောမျိုး ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင်တော့ မမျှော်လင့်တာဟာ စိတ်အသက်သာဆုံးပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် အကျိုးတရားကို မျှော်မှန်းတဲ့အလုပ်ဟာ အကြောင်းတရားကို ပေါ့ပျက်သွားစေတဲ့ သဘောရှိတဲ့အတွက် ကိုယ်ကလုပ်ပေးရတဲ့ အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် လုပ်ပေးလာကြတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အကျိုးတရားကို မျှော်လင့်နေတာမျိုး မဖြစ်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းကောင်းထားရင် သူ့သက်ရောက်မှုနဲ့သူ ရှိလာနေမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ကိုယ့်အကြောင်းတရားကိုပဲ ကိုယ်ကောင်းအောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အကြောင်းမကောင်းဘဲ အကျိုးကောင်းကို မျှော်လင့်နေတဲ့အလုပ်ဟာ ကိုယ့်ကံတရားကို မျက်ကွယ်ပြုရာရောက်နေသလို ဖြစ်တတ်တဲ့အတွက် မျှော်လင့်ချက်မထားတဲ့ စိတ်စေတနာကောင်းနဲ့သာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ အကျိုးမပြီး အချည်းနှီး ဖြစ်သွားရတယ်ဆိုတဲ့ ခံစားမှုမျိုး မဖြစ်ရအောင် ကိုယ်ကလုပ်ရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက် လုပ်ပေးလာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို  မျှော်လင့်ချက်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်အောင် ကြိုးစားပြီး အကျိုးကို မျှော်မှန်းနေတာထက် အကြောင်းကို ကောင်းအောင်လုပ်လိုက်ကြဖို့ပဲ ဖြစ်ပါကြောင်း အသိတစ်ခု မျှဝေမှု ပြုလိုက်ရပါတယ်။ 

Read more »

အချစ်အကြောင်း ပြောကြည့်ခြင်း


အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အချစ်ခံလိုက်ရတာပဲ ဖြစ်ဖြစ် ကြာတော့ အဲဒီအချစ်တွေက ငြိမ်းချမ်းမလာဘဲ ပူလောင်မှုတွေသာ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ကို မချစ်တဲ့သူတွေကို ကိုယ်က ချစ်မိတဲ့အခါ၊ ကိုယ်မချစ်တွေသူရဲ့ အချစ်ကို ခံရတဲ့အခါတွေမှာ ဒီအချစ်ရဲ့ ပူလောင်မှု သဘောကို ကောင်းကောင်းခံစားကြရတာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် မြတ်စွာဘုရားရှင်က “အချစ်တွေနဲ့ လွဲရခြင်း၊ အမုန်းတွေနဲ့ တွဲရခြင်းဟာ ဆင်းရဲခြင်းပဲ”လို့ ဟောတော်မူတာ ဖြစ်ပါတယ်။ 

တစ်ချို့က အချစ်စစ်အချစ်မှန်ဆိုတာ ရယူလိုမှု မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အချစ်လို့ ပြောရင်တော့ ရယူချင်တာ၊ ပိုင်ဆိုင်ချင်တာကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရယူချင်မှု၊ ပိုင်ဆိုင်ချင်မှု ရှိနေသမျှ ဒီအချစ်ဟာ ဘယ်လိုမှကို ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ အဲ ရယူပိုင်ဆိုင်မှု မရှိဘဲ အကျိုးလိုလားခြင်း သက်သက်ပဲဆိုရင်တော့ ဒါဟာ အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ သဘောမျိုးပဲ ဖြစ်ပါတယ်။ မေတ္တာဆိုရင်တော့ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် သူချမ်းသာလေ ကိုယ်ဝမ်းသာလေပဲ ဖြစ်ပါတယ်။ ဒီလို အချစ်မဟုတ်တဲ့ မေတ္တာသဘောမျိုး ဆိုရင်တော့ မေတ္တာများလေ ငြိမ်းချမ်းမှု အားကောင်းလေပဲ ဖြစ်ပါတယ်။ 

ခက်တာက ပုထုဇဉ် သဘာဝ မေတ္တာထားဖို့ထက် ချစ်စရာပွားဖို့ပဲ လိုလားကြတာ ဖြစ်တဲ့အတွက် သားသမီးအပေါ် အချစ်ကြီးတဲ့ မိဘတွေ၊ မိဘအပေါ် အချစ်များတဲ့ သားသမီးတွေ၊ ဇနီးမယားအပေါ် အချစ်ပိုတဲ့ လင်ယောက်ျားတွေ၊ လင်ယောက်ျားအပေါ် အချစ်လိုတဲ့ ဇနီးမယားတွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ကြီးတဲ့ သမီးရည်းစားတွေ စသဖြင့် ဘယ်လိုအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် အချစ်ကြီးလေ အပြစ်ကြီးလေ၊ အချစ်များလေ အပြစ်များလေ၊ အချစ်ကြီးလေ အမျက်ကြီးလေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အချစ်တွေများတော့ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ ဖြစ်စေချင်တာတွေ၊ မျှော်လင့်တာတွေ စသဖြင့် များနေပြီး အဲဒီအတိုင်း ဖြစ်မလာတဲ့အခါမှာလည်း အပြစ်တွေ၊ အမျက်တွေအထိ ပွားလာစေတော့တာ ဖြစ်ပါတယ်။ အချစ်ကို အခြေခံရာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဟာ ငြိမ်းချမ်းဖို့ထက် ပူလောင်ဖို့က ပိုများနေတတ်တာ ဖြစ်ပါတယ်။

ဆိုတော့ကား အကောင်းဆုံးကတော့ အချစ်တွေ မကင်းသေးတဲ့ ပုထုဇဉ်တွေ အနေနဲ့ အချစ်တွေကနေ မေတ္တာအဖြစ် မပြောင်းနိုင်သေးရင်လည်း ပူလောင်ခံစားမှုတွေ သက်သာအောင် အချစ်တွေကို လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အချစ်အစား မေတ္တာထားလာနိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုအရာ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာပဲ ဖြစ်ဖြစ် အချစ်တွေနဲ့ နွေးထွေးစေတာထက် အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ နွေးထွေးနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်သောင့်သက်သာ ရှိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် အချစ်ဆိုရင် ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို အချစ်ခံရတာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ငြိမ်းအေးမှုထက် ပူလောင်မူကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အစား မေတ္တာမထားနိုင်သေးတောင်မှ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အချစ်တွေကို လျော့နိုင်သမျှ လျော့ချစ်ကြပြီး အချစ်အစား အမုန်းမပွားနိုင်အောင်လည်း မေတ္တာတရား၊ ဥပေက္ခာတရားလေးထားပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အချစ်အကြောင်း တစ်စေ့တစောင်း အသိပေးတင်ပြလိုက်ရပါတယ်။ 

Read more »

သံသရာအဆက် ဖြတ်ကြည့်ခြင်း



တစ်လောက မေးခွန်းတစ်ခု ရောက်လာပါတယ်။ တစ်ဘက်သူက ဘယ်လိုမှကို ကိုယ့်အပေါ်မှာ မကောင်းတဲ့အတွက် အဲဒီသူအပေါ်မှာ လောကကြောင်းအရ ပြုကျင့်ပေးရမယ့် ဝတ္တရားတွေ မလုပ်ပေးဘဲ နေခြင်းဟာ ဝတ္တရားပျက်ရာ ရောက်ပါသလား၊ သူမကောင်းလို့ ကိုယ်အကောင်းမလုပ်ပေးတဲ့အတွက် မကောင်းတဲ့၊ တာဝန်မကျေတဲ့ သူထဲမှာ ကိုယ်လည်းအကျုံးဝင်သွား ပါသလားတဲ့…။ 

ကိုယ်ချင်းစာမိပါတယ်။ ပုထုဇဉ် သဘာဝ ခံရပါများတော့လည်း အဲဒီလို အတွေးတွေ ဝင်မိကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းစိတ်၊ သူတော်ကောင်း နှလုံးသားဆိုရင်တော့ သူမကောင်းလို့ ကိုယ်ပါလိုက်ပြောင်းပြီး မကောင်းလုပ်တာ၊ သူမဟုတ်လို့ သူ့အပေါ်မှာ ပြုကျင့်ရမယ့် ဝတ္တရားတွေ ပျက်ကွက်တာ စတာတွေ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့ သူတစ်ယောက်ဟာ သူ့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင် လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သူမကောင်းတာ သူ့အကြောင်းပဲ ဖြစ်တဲ့အတွက် ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံးကောင်းအောင် ကြိုးစားဖြစ်ကြမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခြင်းဟာ သံသရာကို အဆက်ဖြတ်ခြင်းပဲ ဖြစ်တဲ့အတွက် လိုက်နာလေ့ကျင့်သင့်ကြတာ ဖြစ်ပါတယ်။

တကယ်တော့ သံသရာရှည်စေမှုဟာ သူတပြန် ကိုယ်တပြန်တွေကြောင့် ရှည်စေကြတာ ဖြစ်တဲ့အတွက် ဝဋ်ကြွေးရှိလို့ ပေးဆပ်နေရတဲ့ အပိုင်းမှာ ကိုယ်ပါလိုက်ပြီး သူ့လို ပြုကျင့်မိလို့ သံသရာ ထပ်ရှည်မယ်ဆိုရင် အကြွေးတွေက ဆပ်ပြီးရင် ဆပ်နေကြရတော့မှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သူ့အမှားဟာ ကိုယ့်အမှားမဖြစ်အောင်၊ သူပျက်ပေမယ့် ကိုယ်မပျက်ဘဲ နေနိုင်အောင် ကြိုးစားခြင်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။   သံသရာအဆက်ကို သူမဖြတ်လည်း ကိုယ်ဖြတ်နိုင်အောင် ကြိုးစားခြင်းဟာ အမှန်ဆုံးပဲ ဖြစ်ပါတယ်။ 

Read more »

စေတနာအဟုတ်နဲ့ အမှန်လုပ်ပါ


လူအတော်များများက အလုပ်လုပ်တဲ့အခါ ဟန်ပြလုပ်တာတွေ၊ ဟန်ဆောင်လုပ်တာတွေကို လုပ်ပြလေ့ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင်လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့လည်း သူ့အလိုလို လဲသွားကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ကိုယ်လုပ်တဲ့အလုပ်ဟာ သူများအထင်ကြီးဖို့၊ သူများချီးကျူးခံရဖို့ အဓိကမကျပါဘူး။ ကိုယ့်စေတနာ မှန်ဖို့ပဲ အရေးကြီးလှတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်တွေမှာ စေတနာမှန်နဲ့သာ လုပ်သွားကြမယ်ဆိုရင် ဘယ်သူအထင်ကြီးကြီး မကြီးကြီး၊ ဘယ်သူလေးစားစား မစားစား ကိုယ့်ကိုယ်ကိုတော့ ကိုယ်ကိုယ်တိုင် အထင်ကြီးလေးစားနိုင်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်စောင့်နတ်နဲ့ သူတော်ကောင်းတွေကတော့ သာဓု ခေါ်နေကြမှာ ဖြစ်ပါတယ်။

အဓိကကတော့ စေတနာ အဟုတ်နဲ့ အမှန်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ စေတနာမှန်မယ်၊ ရိုးသားမယ်ဆိုရင် အကျိုးတရားဆိုတာ အချိန်တန်ရင် ကိုယ်ကမမျှော်လည်း သူ့အလုပ်သူလုပ်၊ သူ့အကျိုးသူပေးသွားမှာ ဖြစ်ပါတယ်။ 

သေချာတာကတော့ ဘာပဲဖြစ်ဖြစ် စေတနာမမှန်ရင် ကြာကြာမခံဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

Read more »

နေတတ်အောင် ကြိုးစားကြည့်ခြင်း


တစ်ချို့က တစ်ယောက်တည်းဆိုရင် မနေတတ်ဘူး။ တစ်ချို့က အများနဲ့ဆို မနေတတ်ဘူး။
တစ်ချို့က တစ်ယောက်တည်းနေလည်း ပြဿနာဖြစ်တယ်။ အများနဲ့နေလည်း ပြဿနာ ဖြစ်တယ်။ ဘယ်မှာ ဘယ်သူနဲ့ နေနေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ပြုပြင်မှု၊ ကိုယ့်စိတ်ကို ဆင်ခြင်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ဘဝမှာ အထီးကျန်ခြင်း၊ မကျန်ခြင်းဆိုတာဟာ အမြဲမြောင်းလဲနေတဲ့ လောကဓံ သဘောပဲ ဖြစ်တဲ့အတွက် တစ်ယောက်တည်းရှိနေလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်သလို၊ အများနဲ့ဆိုလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

 နေတတ်အောင် ကြိုးစားတယ်ဆိုတာက အပြစ်မဖြစ်အောင် ထိန်းသိမ်းနေထိုင်းခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ခဲ့ရင်လည်း အကုသိုလ် မဖြစ်အောင် ကြိုးစားပြီး သတိနဲ့ နေထိုင်ကြည့်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်း နေတဲ့အခါ ဖြစ်တတ်တဲ့ အကုသိုလ် အတွေးအကြံ၊ အပြောအဆို အလုပ်အကိုင်တွေကို သတိပြုဆင်ခြင်ကာ မဖြစ်အောင် ကြိုးစားနေထိုင်ခြင်းမျိုး၊ အများနဲ့နေတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အပြစ်ဖြစ်စရာ အမူအရာတွေမှာ သတိနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး စတာတွေဟာ အပြစ်ကင်းတဲ့ နေထိုင်ခြင်းမျိုးတွေပဲ ဖြစ်ပါတယ်။ 

တစ်ယောက်တည်း ရှိနေတဲ့အခါမှာ အထီးကျန်ဆန်တယ်ဆိုတဲ့ အတွေးမထားဘဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အပြစ်ကင်းတဲ့ အလုပ်တွေနဲ့ အချိန်တွေကို ကုန်လွန်စေကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ အလုပ်မရှိရင် စိတ်က မကောင်းတဲ့ အရာတွေမှာ ရှာကြံပြီး တွေးတောကြံစည်ကာ မကောင်းတဲ့ အလုပ်တွေကို လုပ်မိတဲ့အထိ ဖြစ်တတ်တဲ့အတွက် အဲဒီလို အခါမျိုးမှာ ကိုယ့်ကိုယ်ကို လုပ်စရာအလုပ်တစ်ခုခုကို ရှာပြီး လုပ်နေနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ 

ဒီလိုပါပဲ။ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ အများကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အများနဲ့နေလို့ အများမဟုတ်တာ ကိုယ်ကလိုက်လုပ်ဖို့ မဟုတ်ပါဘူး။ အများမဟုတ်တာလုပ်နေပေမယ့် ကိုယ့်က မသိမသာ အပြစ်ကနေ ရှောင်ကြဉ်ပြီး နေထိုင်နိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ မဟုတ်တာလုပ်တဲ့ သူတွေကြားမှာ ကိုယ်က မလုပ်လို့ အများနဲ့ အန်ဝင်ခွင်ကျ မဖြစ်ဘူးဆိုရင်လည်း ဒါဟာ စိတ်မှာခံစားရမယ့် အရာတွေ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အကျိုးမယုတ်ဖို့နဲ့ အများအကျိုး မထိခိုက်ဖို့ပဲ ဖြစ်ပါတယ်။ 

အချုပ်ကြည့်တော့ နေတတ်ထိုင်တတ်တယ်ဆိုတာ တစ်ယောက်တည်းနေနေ၊ အများနဲ့ပဲ နေနေ ကိုယ့်အတွက်လည်း အကျိုးမယုတ်၊ အများအတွက်လည်း မထိခိုက်တဲ့ အပြစ်ကင်းတဲ့ နေထိုင်မှုမျိုးနဲ့ နေထိုင်ခြင်းမျိုးကို ဆိုလိုတာဖြစ်ပြီး တစ်ယောက်တည်း ရှိနေတဲ့အခါမှာလည်း အပြစ်ကင်းတဲ့ အလုပ်တွေနဲ့ အထိးမကျန်အောင် နေထိုင်မှုမျိုး၊ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကောင်းတဲ့အရာတွေမှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခြင်း၊ မကောင်းတဲ့အရာတွေမှာ လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ခြင်း စတဲ့ အပြစ်ကင်းတဲ့ နေထိုင်မှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ 

ဆိုတော့ကား ပုထုဇဉ် သဘာဝ အပြောလွယ်သလောက် အလုပ်ကတော့ ခက်တတ်ပါတယ်။ ဒါပေမယ့် ခက်တယ်ဆိုပြီး ဖြစ်ချင်သလို လွှတ်ထားလို့ မရပါဘူး။ လွှတ်ထားရင် လွတ်သွားတတ်ပါတယ်။ သတိကပ်ပြီး ထိန်းနိုင်သလောက် ထိန်းကြည့်ကြရမှာ ဖြစ်ပါတယ်။ အလေ့အကျင့်များလာရင် စိတ်ဆိုတာက ထိန်းလို့ရလာမှာ ဖြစ်ပါတယ်။ အဓိကကတော့ သတိမလွတ်ကြဖို့ပဲ ဖြစ်ပါတယ်။ 

Read more »

အသတ်လွဲနေကြသူများ


သက်မဲ့တစ်ခုကြောင့် သက်ရှိအစုကို သတ်ဖြတ်ကြသူများ
ပညတ်တစ်ခုကြောင့် အပြစ်မဲ့တစ်စုကို သတ်ဖြတ်ကြသူများ
အစွဲတစ်ခုကြောင့် အလွဲအမှုကို ပြုလုပ်ကြသူများ
ကိုးကွယ်ရာမှားလို့ ဒို့ဘာသာတရားကို ထိုးနှက်ကြသူများ
စသည်စသည်ဖြင့် ဒေါသသမားတွေက ကိုယ့်တရား ကိုယ်မစီရင်၊ ကိုယ့်ကိုယ်ကို မဆင်ခြင်ဘဲ အသတ်တွေ လွဲနေကြပေပေါ့။

အပြင်ပိုင်းအသွင်ကို အထင်အတိုင်း အမြင်တွေနဲ့ ဖြစ်ချင်ရာဖြစ် ရက်စက်ပစ်ကြပေမယ့် ကိုယ့်အတွင်းပိုင်းမှာတော့ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ မာနမီးတွေကြောင့် ထင်တိုင်းတောက်ကာ အပူလှိုင်းအောက်မှာ လူရိုင်းသဘောက်ပုံပေါ်ပြီး မြင်သမျှသူတွေအပေါ်မှာ ချမ်းသာမဖြစ် နွမ်းစရာညစ်ပင် ဖြစ်နေကြပေပေါ့။

လောဘအပူမီး၊ ဒေါသအပူမီး၊ မောဟအပူမီးတွေနဲ့ မြင်မြင်သမျှမဆင်ခြင် ထင်သမျှသူတွေကို သတ်ဖို့ကြိုးစားနေကြပေမယ့် ကိုယ့်အပူမီး ကိုယ်မညိမ်းနိုင်၊ ကိုယ်ဒေါသမီး ကိုယ်မသတ်နိုင်တော့ မြင်ရသူမှာ မအေးချမ်း ဘေးမသန်းပါစေနဲ့လို့ပဲ မေတ္တာရှေ့ထား တွေ့ရာကို ပွားနေကြရပြန်ပေါ့။ 

တွေကာမနှေး အသေအချာတွေးရင် မြင်မြင်တကာ မသတ်ခင် ကိုယ့်ကိုယ်ကိုဆင်ခြင် ကိုယ့်အသွင် ကိုယ်ပြင်ပြီး ကိုယ့်အတွင်းရန် ကိုယ်တွန်းလှန်နိုင်အောင် ကြိုးစားရမှာပါ။ 
ကိုယ့်အပူမီး ကိုယ်အရင်ညိမ်းပြီး ကိုယ့်မီးကိုယ်သတ် ကိုယ့်ကိုယ်ကို အရင်ဖြတ်ကြရမှာပါ။ 
ကိုယ့်ဒေါသကို ကိုယ်ဆင်ခြင် ကိုယ့်ကိုယ်ကို ပြင်ပြီး အပြင်မရောက် ထင်သလို မဖောက်နိုင်အောင် အားထုတ်ကြရမှာပါ။ 
ကိုယ့်လောဘ၊ ကိုယ့်မောဟနဲ့ ကိုယ့်မာနပါ ကိုယ့်ဣဿာတွေဟာ သူ့ကိုမသတ် ကိုယ့်ကိုသတ်နေတဲ့ အတွင်းမီးလျှံ အတွင်းရန်တွေပဲ ဖြစ်တဲ့အတွက် မှတ်လိုသပ သတ်လိုကြရင်ဖြင့် တခြားမသတ် အတွင်းရန်ကိုပဲ သတ်ကြရမှာပါ။ 

ဒါကြောင့် ဟိုယိုးဒီယိုး ထင်အငြိုးတွေနဲ့ ဟိုဖြတ်ဒီဖြတ် အသွင်သတ်နေကြတဲ့ သူတွေအနေနဲ့ ရတက်မစွဲ အသတ်မလွဲရအောင် သူ့ကိုမသတ် ကိုယ့်ကိုသတ်နေတဲ့ အတွင်းအပူစာ ကိလေသာတွေကိုသာ အချိန်ရှိခိုက် လုံ့လစိုက်ပြီး သတ်လိုက်ကြပါ အို လူတကာတို့…။ 

Read more »

ရချင်ရင် ပေးပါ



မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေးခြင်းမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် အနေအထား အားလုံးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်က အပြုံးလိုချင်ရင် ကိုယ်ကအရင် ပြုံးပြရမှာဖြစ်သလို ကိုယ်က အကောင်းကြားချင်ရင်လည်း ကိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် ကိုယ်ကအရင် အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင် ဆက်ဆံပြရမှာ ဖြစ်ပါတယ်။ 

အဲ… အဲဒီလို ကိုယ်ကောင်းရဲ့သားနဲ့ သူကမကောင်းဘူးဆိုရင်တော့ ဒါဟာ သူ့အကြောင်းပဲ ဖြစ်ပါတယ်။ သူ့အကြောင်းဟာ သူ့အကျိုးပဲ ဖြစ်တဲ့အတွက် သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ဖို့ ကိုယ်ကောင်းအောင် ကိုယ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကောင်းချင်ရင် ကိုယ်ပြောင်းပြင်ရမှာ ဖြစ်ပြီး ကိုယ်ကောင်းပြရင်လည်း ကိုယ်ကောင်းရမှာဖြစ်တဲ့အတွက် အကောင်းတွေကို ရချင်ရင် ကိုယ်ကအရင် အကောင်းပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ စေတနာနဲ့ပေးရင် ပေးတာနဲ့အမျှ ရနေကြမှာပဲ ဖြစ်ပါတယ်။ 

Read more »

ဖိအားနဲ့ အသိတရား


ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ “ဘုန်ုးဘုန်းဘုရား တပည့်တော် အခုတလော ကိုယ့်ကိုယ်ကို စိတ်တွေအရမ်း ကြမ်းလာတယ်လို့ ခံစားမိပါတယ်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ထစ်ခနဲဆို ပါးစပ်က ဆဲလိုက်ဆိုလိုက် စတာတွေ အလွယ်တကူကို လုပ်ဖြစ်လာတယ်လို့ ထင်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် တပည့်တော် စိတ်ရိုင်းတွေ ဝင်နေတယ်ဆိုတာ သတိပြုမိလာပါတယ်၊ သတိပြုမိတဲ့အလျောက် ထိန်းနိုင်အောင် ကြိုးစားကြည့်ပေမယ့် မရဘူး ဖြစ်နေပါတယ်ဘုရား၊ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာ တပည့်တော်ကို အကြံပြု မိန့်ကြားပေးပါး ဘုရား”ဆိုပြီး သူကအကြံဉာဏ် တောင်းခံရင်း လျှောက်ထားလာပါတယ်။

သူ့လျှောက်ထားချက်ကို နားထောင်ပြီး “အင်း ဒါဆိုရင်တော့ ဒကာ့မှာ စိတ်ဖိစီးမှုတွေ များနေပြီး ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေက မကောင်းဘဲ ဖြစ်နေတဲ့ သဘောရှိပါတယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်တွေရယ်၊ အလုပ်မှာရှိတဲ့ သူတွေရဲ့ အပြုအမူတွေရယ်၊ အလုပ်မှာရှိတဲ့ ဖိအားတွေရယ် စတာတွေက ဒကာ့ကို စိတ်အစဉ်ကြမ်းတမ်းအောင်၊ အလိုမကျ ဖြစ်အောင် လုပ်နေတဲ့ သဘောရှိပါတယ်၊ ပိုဆိုးတာက အဲဒီလို ဖိအားတွေ ရှိနေတဲ့အချိန်မှာ ဘာသာတရားနဲ့ ဝေးကွာပြီး မထူးပါဘူးဆိုကာ ဖြစ်သလို နေပစ်လိုက်တာက စိတ်ကိုပိုပြီး ကြမ်းတမ်းစေတတ်တဲ့ သဘောရှိပါတယ်၊ စိတ်အစဉ်ကို နူးညံ့သိမ်မွေ့အောင် လုပ်ပေးနိုင်တဲ့ တရားနားတဲ့အလုပ်၊ တရားစာဖတ်တဲ့ အလုပ်၊ တရားမှတ်တဲ့ အလုပ်၊ မေတ္တာပို့ ဂုဏ်တော်ပွားတဲ့ အလုပ်၊ ကိုယ်ကျင့်တရားကောင်းအောင် ထိန်းသိမ်းတဲ့ အလုပ်တွေနဲ့ ဝေးကွာစေမှုဟာလည်း ဘဝမှာ စိတ်အစဉ်ကို ပိုမိုပြီး ရိုင်းစိုင်းစေတတ်တာ ဖြစ်ပါတယ်” စသဖြင့် ပြောပြရင်း စိတ်ကိုပြောင်းလဲစေတတ်တဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ကိုနူးညံ့စေတတ်တဲ့ ဓမ္မအားတွေအကြောင်း ပြောကြားပေးဖြစ်ခဲ့ပါတယ်။ စိတ်ရဲ့ဖိအားနဲ့ အဲဒီဖိအားကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အသိတရားအကြောင်း အကြံပြု ပြောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုက အဓိကကျပေမယ့် ပုထုဇဉ်တွေအတွက် အဲဒီလို စိတ်ထိန်းကြောင်းမှု အပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှု၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေဟာ အများကြီး သက်ရောက်မှု ရှိနေတတ်တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဗီဇကောင်းတဲ့ သူတွေတောင်မှ ပတ်ဝန်းကျင် မကောင်းရင် မကောင်းတဲ့ လွှမ်းမိုးမှုတွေ ကူးစက်ခံရတတ်သလို မွေးလာတဲ့ ဗီဇက မကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းရင် ကောင်းတဲ့အမူအကျင့်တွေဘက်ကို အထိုက်အလျောက် ပြောင်းသွားတတ်တာလည်း ရှိတတ်ပါတယ်။ ဒီသဘောတရားကို နိုင်ငံခြားမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ သူတွေက ပိုပြီးသိရှိ ခံစားမိကြမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာကတော့ ပိုက်ဆံရတာ တစ်ခုကလွဲပြီး ကျန်တဲ့အပိုင်းမှာ ဖိအားတွေနဲ့ပဲ လွှမ်းမိုးခံနေကြရတာ ဖြစ်ပါတယ်။ အလုပ်ရဲ့ ဖိအားက တစ်မျိုး၊ အလုပ်ရှင်ရဲ့ ဖိအားကတစ်မျိုး လုပ်ဖော်ကိုင်ဖတ်တွေရဲ့ ဖိအားကတစ်မျိုး စသဖြင့် အမျိုးမျိုး ရှိနေတဲ့ကြားက အိမ်ကိုလွှမ်းလို့ ဖုန်းဆက်မိပြန်တော့ အိမ်ကကြားရတဲ့ သတင်းစကားတွေက ဖိအားကို မတွန်းလှန်နိုင်ဘဲ စိတ်အစဉ်ကို ပိုပြီး ပိပြားသွားစေတတ်ကြ ပြန်ပါတယ်။ 

အဲဒီလို အကြောင်း အမျိုးမျိုးကြောင့် ဖိအားတွေဝင်ပြီး စိတ်အစဉ်မှာ ပင်ပန်းနေတဲ့ သူတွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းဟာ သိပ်ကိုအဓိက ကျလှပါတယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းတွေရဲ့ ထောက်ပံ့မှုအားဟာ ကျနေတဲ့ စိတ်ကို ပြန်လည်တက်ကြွ စေတတ်ပြီး ခွန်အားတွေကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မကောင်းလို့ ဖိအားတွေကို ဖြစ်ပေါ်စေတတ်ပေမယ့် အကောင်းဘက်ကို ညွန်ပြပေး၊ အားပြုပေးမယ့် ကလျာဏမိတ္တရဲ့ ပံ့ပိုးမှုဟာ ဖိအားတွေကနေ ရုန်းထွက်နိုင်တဲ့အထိ ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီလို ကလျာဏမိတ္တရဲ့ အားတွေအပြင် မြတ်ဗုဒ္ဓရဲ့ ဓမ္မအားတွေနဲ့ပါ တွဲပြီး ဘဝကိုဓမ္မနဲ့ ယှဉ်လာနိုင်မယ်ဆိုရင်တော့ ဒါဟာ ဖိအားကို အသိတရားနဲ့ ကျော်လွှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဖိအားတွေကြောင့် စိတ်အစဉ်တွေ ကြမ်းတမ်းလာပြီး အသိတရားပါ ပျောက်လာတဲ့အခါမှာ တရားဓမ္မအားနဲ့ ပြန်လည်ပြုပြင်နိုင်ခြင်းဟာ ဘာနဲ့မှမတူတဲ့ အကောင်းဆုံး ပြုပြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲခြင်းတွေထဲမှာ ဘဝကို ဓမ္မနဲ့ ပြုပြင်ပြောင်းလဲခြင်းဟာ တကယ့်ကို နူးညံ့သိမ်မွေ့တဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။ 

သေချာတွေးကြည့်ရင် စိတ်ကြမ်းတွေဝင်လာတယ်၊ စိတ်အစဉ်ရိုင်းလာတယ်၊ စိတ်မှာ အလိုမကျတာတွေ၊ စိတ်ဆိုးစိတ်တိုတာတွေ ဖြစ်လာနေတယ်ဆိုတာဟာ တကယ်တော့ စိတ်မှာ အသိတရားတွေ နည်းလာ၊ ကိုယ်ကျင့်တရားတွေ လျော့လာ၊ မေတ္တာအားတွေကျလာလို့ပဲ ဖြစ်ပါတယ်။ သာမန်ကြည့်ရင်တော့ အခုလို စိတ်ရိုင်းစိတ်ကြမ်းတွေ ဖြစ်လာတယ်ဆိုတာဟာ စိတ်ဖိစီးမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ လောကဓံတွေကြောင့်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း အဓိက အခရာကျတာက အသိတရား၊ အကျင့်တရားတွေနဲ့ ကိုယ်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အားနည်းလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အတက်အကျ အနိမ့်အမြင့် အဆိုးအကောင်းစတဲ့ လောကဓံဆိုတာကတော့ အားလုံးအတွက် အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေကြမှာပဲ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲတွေအပေါ်မှာ အသိတရားလက်ကိုင်ထားပြီး ရင်ဆိုင်ကျော်လွှားနိုင်မှု အားနည်းတဲ့သူဟာ ဒီဒဏ်တွေကို ပိုပြီးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖိအားနဲ့ အပြောင်းအလဲ တရားတွေကို ခံနိုင်ရည်ရှိဖို့အတွက် အသိတရားနဲ့ အကျင့်တရားက သိပ်အရေးကြီးတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား အသိတရားတွေ၊ အကျင့်တရားတွေ ပိုမိုတိုးတက် လာဖို့အတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးက တရားနှလုံးသွင်းကြဖို့ပဲ ဖြစ်ပါတယ်။ တရားအသိရှိတဲ့သူ၊ တရားအကျင့် ရှိတဲ့သူဟာ တရားနဲ့အညီ နေထိုင်ကျင့်သုံး လာတတ်တဲ့အတွက် အမူအရာတွေဟာ သိသိသာသာကို ပြောင်းလဲလာတတ်တာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အပြုအမူ၊ အပြောအဆို၊ အကြံအစီတွေဟာ တရားအားနဲ့ တဖြည်းဖြည်း ပါးပါးလာပြီး စိတ်အစဉ်ဟာ နူးညံ့သိမ်မွေ့လာတော့တတ်တာ ဖြစ်ပါတယ်။ အားလုံးဟာ မမြဲဘူးဆိုတဲ့ ဓမ္မအသိကို နှလုံးသွင်းထားတဲ့အတွက်ကြောင့်လည်း ငါဆိုတဲ့ မာနတွေဟာ ခဝါကျလာပြီး လူအများအပေါ် ကိုယ်ချင်းစာတရားတွေ ထားတတ်လာတော့တာ ဖြစ်ပါတယ်။ တရားတကယ်သိလာပြီဆိုရင် အသိတရားနဲ့ အကျင့်တရားတွေပါ တိုးတက်လာပြီး အဲဒီအသိအကျင့်ကပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားနိုင်လာတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ တရားနဲ့အညီ ကျင့်သုံးနေထိုင်လာတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဖိအားတွေများပြီး စိတ်ပင်ပန်းကာ စိတ်ကြမ်းလာကြတဲ့ သူတွေအနေနဲ့ ဒီလိုဖြစ်လာတာဟာ ကိုယ့်သန္တာန်မှာ အသိတရား၊ အကျင့်တရားနဲ့ ဓမ္မအားတွေ လျော့နည်းလာလို့ ဖြစ်တယ်ဆိုတာ သတိပြု ဆင်ခြင်ပြီး ကြမ်းတမ်းရိုင်းစိုင်းလာတဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေကို နူးညံ့သိမ်မွေ့ပြီး လောကဓံကို သည်းခံနိုင်တဲ့ စိတ်အစဉ်တွေ တိုးတက်လာဖို့အတွက် တရားများများနာ၊ ကိုယ်ကျင့်သီလကို လုံအောင်စောင့်ထိန်း၊ မေတ္တာလည်းပို့ ဂုဏ်တော်လည်းပွားကာ ဝိပဿနာ တရားပါ အားထုတ်ရင်း တရားအလုပ်နဲ့ အတူ ကိုယ့်ကိုယ်ကို အုပ်ချုပ်နိုင်အောင် ပြုပြင်ထိန်းသိမ်း နေထိုင်ကြရမှာ ဖြစ်ပါကြောင်း ဖိအားနဲ့ အသိတရားအကြောင်း သတိထားနိုင်အောင် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။ 

Read more »

ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်း


လူဟာ အပြိုင်အဆိုင်ရှိမှ တိုးတက်မှု ပိုအားကောင်းလာတတ်ပါတယ်။
ပြေးလမ်းကိုယ်စီနဲ့ သူပြိုင်ကိုယ်ပြိုင် အပြိုင်ကြဲနိုင်မှ အားကြိုးမာန်တက် ပြုလုပ်တတ်ကြတာ ဖြစ်ပါတယ်။
တစ်ခုတော့ ရှိတယ် ကိုယ်လမ်းကိုယ်လျှာက်ပြီး ပြိုင်နိုင်အောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကိုယ်အနိုင်ရရေး သူများလမ်းကို ဝင်ပြေးတာတို့ သူများမပြေးနိုင်အောင် လုပ်တာတို့၊ ကိုယ့်လမ်းကိုယ်မလျှောက်ဘဲ သူများကိုမှောက်အောင် လုပ်တာတို့ ဆိုရင်တော့ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုမျိုး မဟုတ်ဘဲ နည်းလမ်းမကျတဲ့ ပြိုင်ဆိုင်မှုမျိုးပဲ ဖြစ်ပါတယ်။ ဒီလို သဘောမျိုးဆိုရင်တော့ မကောင်းတဲ့ ဘက်ကို ဦးတည်သွားတတ်ကြကာ မကောင်းမှုရဲ့ အပြစ်က အချိန်တန်ရင် ကိုယ့်ဆီပြန်ရောက်လာတတ်တာ ဖြစ်ပါတယ်။ 

သေချာတွေးကြည့်ရင် ကိုယ့်လမ်းကိုယ်မလျှောက်ဘဲ သူများလမ်းကိုလျှောက်ပြီး သူများလဲအောင် ခြေထိုးခံတဲ့သူဟာ အဲဒီခြေထိုးခံနေတဲ့ အချိန်မှာတော့ သူလည်းရှေ့ကို မလျှောက်နိုင်ဘူးဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်သူ့ကိုယ်မှ မထိခိုက်တဲ့ ကိုယ်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်တတ်တဲ့ စိတ်နဲ့ ကြိုးစားခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အတိတ်ကံမကောင်းလို့ အောင်မြင်မှုတွေ ထင်သလောက် မရနိုင်တာတောင်မှ ဝီရိယအကျိုးကတော့ သေချာပေါက် ခံစားကြရမှာ ဖြစ်ပါတယ်။ 

ပြိုင်ဆိုင်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ အမူအရာတွေ၊ အပြောအဆိုတွေ၊ အတွေးအကြံတွေနဲ့ ပြိုင်ဆိုင်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းနေတဲ့ ကိုယ့်ရဲ့အမူအရာတွေကို နူးညံ့လာအောင်၊ အပြစ်များတဲ့ ကိုယ့်ရဲ့အလုပ်တွေကို အပြစ်နည်းလာအောင်၊ မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ် ကုသိုလ်ဖြစ်တာချင်း၊ နူးညံ့သိမ်မွေ့လာတာချင်း မတူညီအောင်၊ ဒီနေ့ကိုယ်ဟာ ဒီလောက်ပဲ ပြုပြင်နိုင်သေးရင် မနက်ဖြန်ကိုယ်ဟာ ဒီထက်ပိုပြီး အကောင်းဘက်ကို ပြုပြင်နိုင်အောင် ပြိုင်ဆိုင်ကြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်အမူအရာတွေကို အကောင်းဘက်ကို ဦးတည်စေတဲ့ ပြိုင်ဆိုင်မှု၊ ကုသိုလ်ဘက်ကို ဦးတည်နေတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ကြိုးစားလေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

ဒီလို တစတစ ကိုယ့်ကိုယ်ကို သတိတရနဲ့ ပြုပြင်နိုင်အောင် ပြိုင်ဆိုင်နိုင်ခြင်းဟာ ကိုယ့်ဘဝရဲ့ ပစ္စုပ္ဗန် သံသရာ နှစ်ဖြာတိုးတက်ရေးအတွက် အကောင်းဆုံးပြိုင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။

Read more »

တရားဖက်တော့ အမျက်ပြေ


ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေ၊ သံဃာဖက်တော့ အခက်ဝေ” 
ဆိုတဲ့ ရတာနာသုံးပါး ကိုးကွယ်ရခြင်း အကျိုးဆက်တွေမှာ အားလုံးဟာ တကယ်လက်တွေ့ဘဝမှာပဲ ခံစားနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် “တရားဖက်တော့ အမျက်ပြေ” ဆိုတဲ့ စကားကတော့ မကျေနပ်မှုတွေ၊ အလိုမကျမှုတွေ၊ အမျက်ဒေါသတွေ ဖြစ်တိုင်း ဘုရားစကား၊ တရားအားကို အာရုံပြုမိတဲ့ သူတွေအနေနဲ့ လက်တွေ့ ပြေပျောက်သွားကြတာဟာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင် မိန့်တော်မူတဲ့ လမ်းညွှန်တွေထဲမှာ ကိုယ်နှုတ်စိတ် သုံးမျိုးလုံး သတိထားပြီး ပြုမူပြောဆိုကြံစီကြဖို့ ဆိုတဲ့အချက်ဟာ အထူးပြုထားတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ 

သတိလွတ်သွားရင် စိတ်ဆိုးတာတို့၊ စိတ်တိုတာတို့၊ အလိုမကျတာတို့၊ မကျေနပ်တာတို့၊ မနာလိုတာတို့၊ ဝန်တိုတာတို့ စသဖြင့် ဖြစ်ပေါ်လာပြီး အဲဒီစိတ်တွေနဲ့ပဲ ကိုယ့်မှာ ပူလောင်ခံစားနေကြရတာ ဖြစ်တဲ့အတွက် ဒီစိတ်တွေ မဖြစ်ပေါ်အောင် သတိနဲ့ ပြောဆိုနေထိုင်လုပ်ကိုင် ကြံစီကြရမှာ ဖြစ်ပါတယ်။ 

ပုထုဇဉ် သဘာဝ စိတ်ဆိုတာကို ထပ်ကြပ်မကွာ လိုက်ပြီးထိန်းသိမ်းဖို့ ဆိုတာ မလွယ်လှတဲ့အတွက် ပထမဆုံး အချက်အနေနဲ့ သတိမလွတ်အောင်ထိန်းပြီး စိတ်မှာ မကောင်းတဲ့ အကြံအတွေးတွေ မပေါ်လာအောင် ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ထိန်းသိမ်းနေတဲ့ကြားကမှ စိတ်မှာပေါ်ပေါ်လာနေတယ်ဆိုရင်တော့ နှုတ်နဲ့လက်တွေ့ လွန်ကျူးသွားတဲ့ အထိမရောက်အောင် ဆက်ပြီးထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ အဲဒီလို ထိန်းသိမ်းနေတဲ့ကြားက ပါးစပ်နဲ့ လက်တွေ့ပြောဆို ကျူးလွန်မိတဲ့အထိ ဖြစ်သွားရင်လည်း ကိုယ်ထိလက်ရောက် ကျူးလွန်မိတဲ့အထိ မဖြစ်အောင် နောက်ဆုံးအဆင့် အနေနဲ့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်းကြည့်ခြင်းဟာ ကိန်းနေတဲ့ ကိလေသာ၊ တိုက်ဆိုင်ရင် ပေါ်လာတတ်တဲ့ ကိလေသာ၊ ကျူးလွန်တဲ့အဆင့်အထိ ရောက်သွားတတ်တဲ့ ကိလေသာတွေကို ကိုယ်သန္တာန်မှာ သတိကပ်ပြီး တစ်ဆင့်ချင်း ထိန်းသိမ်းနေထိုင်ကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။ 

အားလုံးသိတ်တဲ့အတိုင်း စိတ်ဆိုတာက အလွန်ထိန်းဖို့ ခက်တဲ့အတွက် အစအဆုံး မထိန်းသိမ်းနိုင်တာတောင်မှ ထိန်းလို့ရတဲ့ အဆင့်မှာ၊ ထိန်းလို့ရတဲ့အချိန်မှာ ချက်ချင်းထိန်းလိုက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကောင်းတဲ့စိတ်တွေ ပြန်ဝင်လာဖို့၊ ဝင်လာရင်လည်း ထိန်းသိမ်းနိုင်ဖို့ အတော်မလွယ်လှတာ ဖြစ်ပါတယ်။ 

စိတ်နဲ့ပတ်သက်ပြီး “အရာရာမှာ စိတ်ကဦးဆောင်၊ စိတ်ကဖန်တီး၊ စိတ်ကကြီးမှုပြီး စိတ်နဲ့သာပြီး စေတဲ့အတွက် အဲဒီစိတ်ကို သတိကပ်ပြီး မမေ့မလျော့ မပေါ့မဆဘဲ ထိန်းသိမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း” စသဖြင့် မိန့်တော်မူထားတဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်မှာတော်မူချက်များကို ဘုရားတရား အတော်များများမှာ ထုတ်နှုတ်မှတ်သား ကောက်ချက်ချထားနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ဟိုဟိုဒီဒီတွေမှာ အကြောင်းတိုက်ဆိုင်ရင် တိုက်ဆိုင်သလို ဟောကြားတော်မူထားတဲ့ ဘုရားတရားတော်များ အထင်အရှား ရှိနေတဲ့အတွက် ကိုယ့်စိတ်မှာ တစ်ခုခု ဖြစ်ရင် ဒီတရားတော်တွေကို ဖတ်ကြားနာယူမှတ်သားရင်း လက်တွေ့အသုံးချ နိုင်တဲ့သူတွေဟာ ဖြစ်ပေါ်နေတဲ့ ဒုက္ခခံစားချက်၊ အမျက်ရမက် စတာတွေကို ဖြေလျော့သွားနိုင်ကြတော့တာ ဖြစ်ပါတယ်။ အဓိကကတော့ တရားတော်အပေါ်မှာ နာယူနိုင်တဲ့နားနဲ့ တရားစကားတွေကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်တဲ့ အားတွေ ရှိနေဖို့ပဲ ဖြစ်ပါတယ်။

အဲဒီလို သူတော်ကောင်းစိတ်နဲ့ သဒ္ဓါနား၊ သဒ္ဓါအားတွေ ရှိပြီး ဓမ္မတရားတော်တွေကို တကယ်နာယူမှတ်သား နိုင်မယ်ဆိုရင် သေချာပါတယ် အမျက်ပြေရုံတင်မက အခက်ပါဝေပြီး အသက်လည်း ရှည်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

Read more »

အဆိပ်ပင် ရေလောင်းမှုမျိုးတော့ မဖြစ်သင့်ပေ


တစ်ခါက ဒကာမကြီးတစ်ယောက်နဲ့ တွေ့တော့ အလှူဒါနအကြောင်း၊ အလှူခံပုဂ္ဂိုလ်အကြောင်း စကားစပ်ပြီး ပြောဖြစ်ကြပါတယ်။ “အလှူဒါနဆိုတာ စေတနာပြတ်ရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုပဲ လှူလှူ အကျိုးတရားကတော့ ရနေကြောင်း၊ ဒါပေမယ့် အလှူခံ ပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေးတော့ ကွာခြားကြောင်း” ဘုန်းဘုန်းက ပြောဖြစ်ခဲ့ပါတယ်။ ဒကာမကြီးကလည်း သူဘယ်လို လှူဖြစ်တဲ့အကြောင်း၊ ဘယ်လောက်လှူဖြစ်ကြောင်း ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို လှူဖြစ်ကြောင်း ပြောပြရင်း နောက်ဆုံး သူပြောတဲ့ စကားက “တပည့်တော်မကတော့ သံဃာဆိုရင် သင်္ကန်းပတ်ထားရင် ပြီးရော ဘယ်လိုသံဃာမျိုးဖြစ်ဖြစ် လှူလိုက်တာပဲ ဘုရား”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီတော့ ဘုန်းဘုန်းက “ကောင်းပါတယ် ဒကာမကြီး အဲဒီလို သံဃာကိုရည်မှန်းပြီး လှူဒါန်းတာ အမတန်ကို အကျိုးကြီးပါတယ်၊ ဒါပေမယ့် ဒကာမကြီးရေ ဒီနေ့ခေတ်မှာ၊ အထူးသဖြင့် ထေရဝါဒ ဓမ္မကို အားကောင်းအောင် မနဲရုန်းနေရတဲ့ ဘုန်းဘုန်းတို့လို ထေရဝါဒ နိုင်ငံမျိုးမှာ သံဃာဆိုပြီးရော ဘာဖြစ်ဖြစ် လှူလိုက်တဲ့ ပုံစံမျိုးတော့ အခြေအနေအရ မဖြစ်သင့်လှပါဘူး၊ အလှူရှင်တွေ အနေနဲ့ စေတနာပြတ်ရင် ဒါနက မြတ်လှပေမယ့် သာသနာ အားနည်းလာနေတဲ့ အခုလို ကာလမျိုးမှာ သာသနာကို ခုတုံးလုပ်ပြီး လုပ်စားနေကြတဲ့ သင်္ကန်းခြုံ လုပ်စားတွေကို ပေးကမ်းလှူဒါန်း ချီးမြှောက်မှုမျိုးကတော့ အဆိပ်ပင် ရေလောင်းသလိုမျိုး ဖြစ်တတ်တဲ့အတွက် ဒီအပိုင်းမှာတော့ ဒကာမကြီးတို့လို သဒ္ဓါတရား ကောင်းတဲ့သူတွေ အနေနဲ့ အလှူခံ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူအပ်တဲ့ နေရာမျိုးတွေမှာ လှူနိုင်အောင် ကြိုးစားသင့်ပါတယ်” စသဖြင့် သာသနာအရေးတွေးလို့ အကြံလေးတွေ ပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့ ဒီနေ့ခေတ် သာသနာဟာ အပြင်ကကြည့်တော့ သာသာယာယာလေးတွေ ရှိလှပေမယ့် အတွင်းမှာတော့ အနည်းငယ် ခြစားလာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သာသနာကို ခုတုံးလုပ်ကာ လုပ်စားနေကြတဲ့ သင်္ကန်းဝတ်ထားတဲ့ သာသနာအလုပ် မလုပ်သူတွေဟာ သာသနာတော်တွင်းကို အမျိုးမျိုး ဝင်ရောက်နေရာ ယူလာတာတွေကြောင့် သာသနာတော်မှာ အားနည်းချက်တွေ၊ ထောက်ပြစရာတွေ၊ ဝေဘန်စရာတွေ တစတစ များပြားလာနေတော့တာ ဖြစ်ပါတယ်။ သဒ္ဓါပညာ တရားတွေ ယုတ်လျော့လာနေတဲ့ ခေတ်ဖြစ်တဲ့အတွက်လည်း သာသနာတော်ကို သဒ္ဓါနဲ့ ကြည်ညိုတဲ့ ပုဂ္ဂိုလ်များ နည်းပါးလာပြီး သာသနာတော်ကို ခုတုံးလုပ်ကာ အနေအစားချောင်လို့ ဝင်လာကြသူတွေ များလာကာ ကိုယ်အနေအစားချောင်ရင်ပြီးရော သာသနာဘာဖြစ်ဖြစ်၊ သံဃာအများစု ဘာဖြစ်ဖြစ် ထည့်မတွက်ကြတဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့လာနေရတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက အဲဒီလို ပုဂ္ဂိုလ်တွေက သာသနာပြု နေပါတယ်လို့ ဂုဏ်ဖော်၊ ဘုရားတရားတော်တွေကို လိုသလို ပုံဖော်ပြီး ဘုရားသာသနာကို ခုတုံးလုပ်၊ ကိုယ့်အတွက် မဟုတ်တရုတ်တွေ လုပ်နေကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တစ်ချို့ဆိုရင် အခြေအနေအရ ဝင်လာကြတဲ့ အခြေအနေ ပဗ္ဗဇ္ဇိတတွေ ဖြစ်နေကြတဲ့အတွက် စာလည်းမတတ်၊ တရားလည်း မကျင့်ဘဲ လာဘ်လာဘ ရရေးကို ဦးစားပေးပြီး သာသနာ့ဝန်ထမ်းတွေနဲ့ မအပ်စပ်တဲ့ အသက်မွေးမှုတွေနဲ့ ပညာအားနည်းလှတဲ့ ဒကာဒကာမတွေအပေါ်မှာ လွဲချော်အောင် လုပ်နေကြတာတွေလည်း ရှိနေပြန်ပါတယ်။ ဗေဒင်လေးဟောပေးလိုက်၊ ချဲဂဏန်းလေးပေးလိုက်၊ ယတြာလေးချေပေးလိုက်၊ ငွေးတိုးလေးချေးပေးလိုက် စသဖြင့် လူအကြိုက်လိုက်ကာ သာသနာကို ခုတုံးလုပ်ပြီး သာသနာပြုနေပါတယ်လို့ ဆိုနေကြသူတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ ခက်တာက အဲဒီလို ပုဂ္ဂိုလ်တွေကိုမှ တကယ့် သာသနာပြု သူတော်ကောင်းတွေလို့ ထင်ပြီး ရက်ရက်ရောရော ပေးလှူနေကြတဲ့ ပညာအားနည်းလှတဲ့ ဒကာဒကာမတွေကလည်း ရှိနေပြန်လေတော့ ပြောသာပြောရတယ် ဘုန်းဘုန်းတို့က မနာလိုလို့ ပြောတယ်ထင်သူတွေက ရှိကောင်းရှိနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောသင့်တာတော့ ပြောရမှာပဲ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ သာသနာ တကယ်ပြုနေကြတဲ့ သာသနာ့ဝန်ထမ်းတွေဟာ ပရိယတ္တိ စာသင်တိုက်တွေနဲ့ ပဋိပတ္တိ ရိပ်သာတွေမှာ အများကြီးပဲ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာပြည် သာသနာကိုကြည့်ရင် ဒီနေ့အချိန်အထိ မြတ်စွာဘုရားရှင်ရဲ့ ဓမ္မတွေ တသွေမသိမ်း ထိန်းသိမ်းထားနေနိုင်ခြင်းဟာ ပရိယတ္တိက အားကောင်းနေလို့ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သာသနာမှာ အခြေခံဖြစ်တဲ့ ပရိယတ်အားကောင်းနေတဲ့အတွက် ကျင့်ကြံအားထုတ်မှု ပဋိပတ်ဟာလည်း ပြောင်းလဲမှုမရှိ တည်တံ့နေကာ ပဋိပတ်သာသနာ မှန်ကန်နေတဲ့အတွက်လည်း ပဋိဝေဓဆိုတဲ့ အကျိုးသာသနာက ရှိနေရခြင်းဖြစ်ပါတယ်။ အဲဒီ အခြေခံ ပရိယတ်သာ အားနည်းလာမယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ဓမ္မအဖြာဖြာဟာလည်း တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ပရိယတ်ဝန်ဆောင် သာသနာပြု ခေါင်းဆောင်တွေဟာ သာသနာအတွက် တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေကြရတာ ဖြစ်ပါတယ်။ 

သာသနာပြုလို့ ပြောရင် ဒီလို ပရိယတ်၊ ပဋိပတ်ဝန်ဆောင်တွေကသာ အစစ်အမှန် သာသနာပြုတွေလို့ ပြောရမှာ ဖြစ်ပါတယ်။ သာသနာကို တကယ်ချီးမြောက်ချင်တယ်ဆိုရင် ဒီလိုအရှင်တွေကို ပိုပြီးချီးမြှောက် ထောက်ပံ့ကြရမှာ ဖြစ်ပါတယ်။ ခုတော့ အဲလိုမဟုတ်။ သာသနာ အလုပ်မလုပ်တဲ့ သူတွေကို အဟုတ်လုပ်ပြီး ထောက်ပံ့တဲ့ အလုပ်တွေ လုပ်နေကြတဲ့အတွက် တကယ်သာသနာပြု အရှင်တွေမှာ ပစ္စည်းလေးပါးအပိုင်းမှာ ဆင်းရဲချို့တဲ့ နေကြတော့တာ ဖြစ်ပါတယ်။ စာသင်တိုက်မှာ အပင်ပန်း အဆင်းရဲခံပြီး စာဝါပို့ချနေကြတဲ့ စာချဘုန်းကြီးတွေမှာ တစ်နှစ်နေလို့ သင်္ကန်းသုံးစုံ ပြည့်စုံအောင် မရနိုင်ကြတာတွေ ရှိနေပေမယ့် ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ချဲ့ဂဏန်းပေးတဲ့ ပုဂ္ဂိုလ်တွေမှာတော့ သင်္ကန်းတွေ ရာနဲ့ချီကာ ပုံနေတော့တာ ဖြစ်ပါတယ်။ ကျောင်းတွေဆိုလည်း ရွှေကျောင်းငွေကျောင်း စသဖြင့်ပေါ့။ မနာလိုလို့ ပြောတာမဟုတ်ပါဘူး။ သာသနာအတွက် အားမလို အားမရဖြစ်လို့ ပြောနေရတာ ဖြစ်ပါတယ်။ 

တကယ်ဖြစ်သင့်တာက သာသနာကို တကယ်ချီးမြှောက်ထောက်ပံ့ချင်ရင် အဲဒီလို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ သာသနာပြုနေကြတဲ့ ပရိယတ်ဝန်ဆောင် စာသင်တိုက်က အရှင်မြတ်များကို အများကြီးအားပြုကာ ထောက်ပံ့ပေးကြရမှာ ဖြစ်ပါတယ်။ ပဋိပတ်ရိပ်သာမှာ ရှိနေကြတဲ့ သာသနာပြု အရှင်သူမြတ်များဟာလည်း သာသနာကို အမှန်တကယ်ပြုနေကြတဲ့ အရှင်မြတ်များဖြစ်ပေမယ့် ရိပ်သာတွေမှာကတော့ ဒကာဒကာမများ ကိုယ်တိုင်ပါဝင် အားထုတ်ကာ သံဃာတော်များနဲ့ နီးစပ်ခွင့်ရနေကြတဲ့ အတွက် ပရိတ်ယတ်ဝန်ဆောင် အရှင်မြတ်များထက်စာရင် ပစ္စည်းလာဘ်လာဘက ပိုပြီးပြည့်စုံလှပါတယ်။ မရှိတာက ပရိယတ်ဝန်ဆောင် အရှင်မြတ်များဖြစ်ပါတယ်။ ပိုပြီးရှိနေတာက ပရိတ်ယတ်လည်းမဟုတ်၊ ပဋိပတ်လည်း မလုပ်တဲ့ မအပ်တဲ့နည်းတွေနဲ့ သာသနာကို ခုတုံးလုပ်ကာ လုပ်စားနေကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ထောက်ပံ့တဲ့သူတွေကလည်း အဲဒီပုဂ္ဂိုလ်တွေကိုပဲ ပိုပြီးထောက်ပံ့လှူဒါန်းနေကြလေတော့ တကယ်အလုပ်အလုပ်နေကြတဲ့ သာသနာပြုများမှာ အားနည်းလာပြီး ခုတုံးလုပ်သာသနာပြုတွေက ပိုပြီးအားကောင်းလာကာ ကြာရင် အဆိပ်ပင်ရေလောင်း ဖြစ်လာကြတော့မှာ ဖြစ်ပါတယ်။ 

ပြောချင်တာက လှူတာက ကောင်းပေမယ့် လှူတဲ့အခါ ခေတ်ကာလအနေအထားအရ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး တကယ်လိုအပ်တဲ့၊ တကယ်သာသနာပြုနေတဲ့ အရပ်တွေမှာ လူဒါန်းတာက သာသနာအတွက်လည်း အကျိုးရှိ အလှူအတွက်လည်း အကျိုးရှိပြီး အဆိပ်ပင် ရေလောင်းမှုတွေကနေ ရှောင်ကြဉ်နိုင်ကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ သင်္ကန်းဝတ်ထားရင်ပြီးရော ဆိုပြီး ရက်ရက်ရောရော လှူဒါန်းတာဟာ လှူတဲ့သူအတွက် စေတနာပြတ်ရင် ဒါနဟာ မြတ်ပေမယ့် အလှူခံ ပုဂ္ဂိုလ်တွေအတွက်တော့ သာသနာမှာ လုပ်ချင်ရာလုပ်ဖို့ အားပေးအားမြောက်ပြုရာ ရောက်တဲ့အပြင် သူတို့လုပ်နေတဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ ပိုပြီးအားကောင်းစေရာ ရောက်တာကြောင့် ဒါမျိုးကတော့ အဆိပ်ပင် ရေလောင်းတဲ့ သဘောမျိုး သက်ရောက်နေတဲ့အတွက် ဒီလိုမျိုး အလှူတွေကို အတတ်နိုင်ဆုံး ဆင်ခြင်ပြုပြင်ကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။ အားနည်းလာတဲ့ သာသနာတော်မှာ ဆရာနဲ့ ဒကာ အတူလက်တွဲပြီး ဆရာလည်း ဆရာအလုပ်လုပ်၊ ဒကာလည်း ဒကာအလုပ်လုပ်ကာ ညီညီညာညာ သာသနာပြုကြမှ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးဟာ အရှည်ခန့်၍ တည်တံ့နိုင်မယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အလှူဒါန လုပ်ရတဲ့အပေါ်မှာ သဒ္ဓါတရား အားကောင်းလှတဲ့ ဗုဒ္ဓဘာသာ သူတော်စင်များအနေနဲ့ အလှူဒါန ပြုလုပ်တဲ့အခါမှာ ခေတ်ကာလ အနေအထားအရ သဒ္ဓါတရားကို ပညာလေးနဲ့တွဲပြီး အမှန်တကယ် သာသနာပြုနေတဲ့ သံဃာနဲ့ အစစ်အမှန် လိုအပ်နေတဲ့ နေရာမှာတွေမှာ ရွေးချယ်ပြီး လှူဒါန်းနိုင်အောင် ကြိုးစားကြဖို့နဲ့ သာသနာကို ခုတုံးလုပ်ကာ သာသနာနဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ အသက်မွေးမှု ပြုနေကြတဲ့ သာသနာပြုအမည်ခံတွေကို ချီးမြှောက်ထောက်ပံ့ကြတဲ့ အဆိပ်ပင်ရေလောင်းတဲ့ အလုပ်တွေမှာ ရှောင်ရှားကြဖို့ တိုက်တွန်းရင်း ဆရာဒကာ ညီညွတ်စွာ ဘုရားသာသနာ အရှည်ကြာအောင် ကြိုးစားကြဖို့ အထူးမေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ 

Read more »

သဒ္ဓါနဲ့ တဏှာ



“သဒ္ဓါလွန်ရင် တဏှာကျွန် ဖြစ်တတ်တယ်”တဲ့။ ဟုတ်ပါတယ်။  လွန်လာရင် ဘာမှမကောင်းလှပါဘူး။ လွန်ရင်ကျွံတတ်ပြီး ကျွံရင်တော့ နွံနစ်ဖို့ပဲ များသွားတတ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာလည်း ဒီအတိုင်းပါပဲ။ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာ ဉာဏ်မပါရင် အကြည်ညိုလွန်သွား၊ ယုံကြည်မှု လွန်သွားကာ အမှားဘက်ကို ရောက်သွားတတ်ပါတယ်။ အမှားပါရင် တရားမပါဘဲ တဏှာနယ်ထဲကို ရောက်သွားစေတတ်ပါတယ်။ 

သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ ပညာမပါရင် အလွဲတွေကို ယုံကြည်မိတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ကိုယ်ပိုင်စဉ်းစားတတ်တဲ့ ဉာဏ်မပါတော့ ဟိုလူပြောလည်းယုံ၊ ဒီလူပြောလည်းယုံ၊ ဟိုနေရာဆိုလည်းရောက်၊ ဒီနေရာဆိုလည်းရောက်၊ ဟိုပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ်၊ ဒီပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ် စသဖြင့် လိုက်လုပ်မိရာက မကိုးကွယ်သင့်တာ၊ မဆည်းကပ်သင့်တာတွေကို ကိုးကွယ်ဆည်းကပ်မိပြီး နောက်တော့ အဲဒီ ယုံကြည်မှုအလွဲ၊ ယုံကြည်မှု အစွဲတွေကနေ ရုန်းမထွက်နိုင်အောင်ဖြစ်ကာ လွဲပြီးရင်းလွဲနေကြတော့တာ ဖြစ်ပါတယ်။ 

သဒ္ဓါတရားနဲ့ ပတ်သက်ပြီး တစ်ချို့က ပထမတော့ တကယ်ကြည်ညိုတာပါပဲ။ နောက်တော့ အဲဒီကြည်ညိုမှုကနေပြီး တဖြည်းဖြည်းနဲ့ ပုဂ္ဂိုလ်ကို စွဲလာတာတို့၊ အသံကို စွဲလာတာတို့၊ အဟောအပြောကို စွဲလာတို့ စသဖြင့် ဖြစ်ပေါ်လာကာ ရဟန်းတော်ဆိုရင်လည်း သူ့ရဟန်း၊ သူ့ဘုန်းကြီး၊ သူ့ကိုယ်တော် စသဖြင့် သူပိုင်လုပ်လာကာ သူ့ကိုပဲ ဦးစားပေးမှ၊ သူပဲ ချည်းကပ်ရမှ၊ သူပဲ အနီးကပ်နေရမှ ဆိုတာတွေ ဖြစ်ပေါ်လာတဲ့အပြင် သူများတွေအပေါ် အရေးပေးရင်လည်း မနာလိုစိတ်၊ မကျေနပ်စိတ်တွေအထိ ဖြစ်ပေါ်လာတော့တာ ဖြစ်ပါတယ်။ နောက်တော့ သူ့အလိုအတိုင်း မဖြစ်တဲ့အခါမှာလည်း အမုန်းတရားနဲ့ အငြိုးထားတဲ့အထိ ဖြစ်လာကာ အပုတ်ချတာတွေအထိ လုပ်လာကြတော့တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ သဒ္ဓါတရားနောက်မှာ ပညာအားတွေ မကပ်ရောက်တဲ့အခါကျတော့ သဒ္ဓါလွန်လာတာတွေဖြစ်ပြီး အဲဒီနောက်မှာ တဏှာဆိုတာတွေအထိ ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို မညှိနိုင်တဲ့အခါကျတော့ သဒ္ဓါကလွန်ပြီး ပညာမပါဖြစ်ကာ အလွဲတွေဖြစ်ကုန်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ သတိတရား အားနည်းခြင်းကြောင့်လို့လည်း ပြောနိုင်တာ ဖြစ်ပါတယ်။ သတိက သဒ္ဓါနဲ့ ပညာကို ညီမျှအောင် ညှိသွားမယ်ဆိုရင် သဒ္ဓါလွန်ပြီး တဏှာကျွန်အဖြစ် ရောက်သွားမှာ မဟုတ်ပါဘူး။ 

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကြည်ညိုရာကနေပြီး ပိုင်ဆိုင်လိုတဲ့အထိ ချည်နှောင်မှု မဖြစ်ရအောင် ကြည်ညိုမှုနောက်မှာ အစွဲမပါသွားဖို့ သဒ္ဓါနဲ့ ပညာကို ညီမျှအောင် သတိဆောင်ပြီး ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ 

Read more »

စိတ်ဖိစီးမှုတွေ များနေတဲ့အခါ


တစ်နေ့က နိုင်ငံခြားမှာ ရောက်နေတဲ့ အရင်းနှီးဆုံး ဒကာမတစ်ယောက်နဲ့ အွန်လိုင်းမှာ တွေ့ဖြစ်ခဲ့ပါတယ်။ တွေ့တွေ့ချင်းသူက “အရှင်ဘုရား မကျိန်းသေးဘူးလားဘုရား၊ တပည့်တော်တို့ဆီမှာ သန်းခေါင်ကျော်လို့ (၁)နာရီတောင် ထိုးပြီးသွားပြီဘုရား” ဆိုပြီးမေးရင်း နှုတ်ဆက်စကားပြောလာပါတယ်။ ဘုန်းဘုန်းလည်း အတော်အံ့သြသွားတယ်။ “အင်… ဒကာမရေ ဘုန်းဘုန်းက မအိပ်သေးတာမဟုတ်ဘူး၊ အိပ်ပြီးလို့ အရုဏ်တောင် ဘုဉ်းပေးပြီးသွားပြီ”လို့ ပြန်ပြောတော့မှ “OH MY BUDDHA”လို့ဆိုကာ သူ့ကိုယ်သူ ဘုရားတပါတယ်။ ဒါနဲ့ ဘုန်းဘုန်းကပဲ “ ဒကာမက ခုချိန်ထိ မအိပ်သေးဘဲ ဘာလုပ်နေတာလဲ”လို့ ထပ်ပြီးမေးလိုက်တော့ “တပည့်တော် အိပ်မရလို့ဘုရား၊ စိတ်ဖိစီးမှုတွေက အရမ်းများပြီး အလုပ်နဲ့ ပတ်သက်တဲ့ ဖိအားတွေနဲ့ အိပ်လို့မရဘူးဘုရား၊ တပည့်တော်မလေ တစ်ခါတခါ ကိုယ့်ကိုယ်ကို ဒီဘဝမှာ နေတောင်မနေချင်လောက်အာင်ကို ဖြစ်ရပါတယ်ဘုရား” စသဖြင့် ပြန်ပြောလာပါတယ်။ ဒကာမရဲ့ ခံစားချက်အတွက် ကိုယ်ချင်းစာမိသလို ဒီခံစားချက်တွေ သက်သာအောင် ဘုန်းဘုန်းလည်း တတ်နိုင်သလောက် အားပေးစကား၊ အားပေးတရား ဟောဖြစ်ခဲ့ရပါသေးတယ်။

ဒါက ဘုန်းဘုန်းနဲ့ နီးစပ်သူတွေရဲ့ လက်တွေ့ခံစားချက်လေးတွေအကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ ဒီနေမှာ ဘုန်းဘုန်းပြောချင်တာက အဲဒီဒကာမလို ခံစားချက်တူ၊ စိတ်ဖိစီးမှု အပူတွေနဲ့ တငူငူဖြစ်နေကြတဲ့ သူသူငါငါ ပုဂ္ဂိုလ်အဖြာဖြာရဲ့ ခံစားမှုလေးတွေအကြောင်း၊ စိတ်ဖိစီးမှုလေးတွေ အကြောင်းပဲ  ဖြစ်ပါတယ်။ ဟုတ်တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဲဒီဒကာမနဲ့ ပြောဖြစ်တုန်းက ဘုန်းဘုန်းက ဘဝဒုက္ခဆိုတာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်လို့ ပြီးသွားမယ်ဆိုရင် ဒုက္ခကိုယ်စီ ရှိနေကြတဲ့ သတ္တဝါအားလုံး ဒီလိုပဲ လုပ်နေကြမှာပေါ့။ အရှင်ဘုရားတို့ ကိုယ်တိုင်လည်း အဲဒီလို ဖြေရှင်းမှာပေါ့။ ဒါပေမယ့် ဘဝသံသရာဆိုတာ ဒီလို မပြီးဘူးလေ။  ဒုက္ခဆိုတာ ဒီဘဝရုပ်ရလို့ ဖြစ်ရတာဆိုပြီး ရုပ်အကောင်ကို အဟုတ်ပြောင်အောင် အဆုံးစီရင်ပေမယ့် တကယ်မပြတ်သေးတဲ့ ကိလေသာတွေက နောက်ဘဝ နောက်ခန္ဓာမှာလည်း ဒီလိုပဲ ထပ်ဖြစ်နေမှာဆိုတော့ အဲဒီလို ဘဝသစ်ဖြစ်တိုင်း ကိုယ့်ကိုယ်ကို အဆုံးစီရမယ်ဆိုရင် ဆုံးမှာကို မဟုတ်တော့ပါဘူး၊ တကယ်ဖြစ်သင့်တာက ဒုက္ခကိုရင်ဆိုင်၊ စိတ်ဖိစီးမှုကို ယှဉ်ပြိုင်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားနေထိုင် လေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ်” စသဖြင့် အားပေးနှစ်သိမ့် ဖြစ်ခဲ့ပါတယ်။ 

အမှန်တော့ စိတ်ဖိစီးမှု ဖြစ်တယ်ဆိုတာ စိတ်ကအာရုံတွေရဲ့ ဆွဲရာကို ပါသွားပြီး အဲဒီအစွဲတရားတွေမှာ လိုက်ခံစားနေမိလို့ပဲ ဖြစ်ပါတယ်။ အာရုံဆိုတာကလည်း သိတဲ့အတိုင်းပဲ အဆင်းပဲဖြစ်ဖြစ်၊ အသံပဲဖြစ်ဖြစ်၊ အနံ့ပဲဖြစ်ဖြစ်၊ အရသာပဲ ဖြစ်ဖြစ်၊ အတွေ့အထိပဲ ဖြစ်ဖြစ် ကောင်းရင်လည်းစွဲ၊ မကောင်းရင်လည်း စွဲနေတတ်တဲ့ သဘောရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စွဲသွားတယ်ဆိုရင် အဲဒီအစွဲဟာ ကိုယ့်စိတ်ကို သက်သောင့်သက်သာ ဘယ်တော့မှ ဖြစ်စေတဲ့ သဘောမရှိပါဘူး။ အစွဲရဲ့ သဘောက အစွဲများလေ အလွဲများလေပဲ ဖြစ်ကာ စွဲရာနောက်မှာ ခံစားမှုလည်း ရောက်လာနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို စွဲရာခံစားရာက ကိုယ်မနှစ်သက်တဲ့အရာ၊ ကိုယ်မကြိုက်တဲ့အရာ၊ ကိုယ်သဘောမကျတဲ့ အရာတွေမှာ ခံစားမိတဲ့အခါ စိတ်မှာအနာရတဲ့အထိ ဖြစ်သွားတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးတယ်ဆိုတာ တစ်နည်းအားဖြင့် ပြောရင်စိတ်အနာ ရသွားခြင်းပဲ ဖြစ်ပါတယ်။ စိတ်မှာနာသွားပြီဆိုရင် သတ္တဝါတွေဟာ ကျန်တဲ့အနာတွေထက်ကို ပိုပြီးခံစားရတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ စိတ်ဖိစီးတယ်ဆိုတာ အာရုံတွေရဲ့ စွဲရာနောက်ကို စိတ်ကလိုက်မိရာက အဲဒီအစွဲတရားက ကိုယ့်စိတ်ကို ပြန်ဖိစီးရင်း စိတ်ခံစားချက်ဖြစ်ကာ စိတ်မှာအနာရသွားခြင်းပဲ ဖြစ်ပါတယ်။ 

ဒီလိုဆိုတော့ အဲဒီစိတ်ခံစားမှု အစွဲတွေဟာ ဘာကြောင့်ဖြစ်ရတာလဲလို့ ဆိုရင် မသိလို့ ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ စိတ်မှာဖြစ်ပေါ်လာတဲ့ အာရုံတွေ၊ အတွေးတွေ၊ ခံစားမှုတွေကို သတိနဲ့ယှဉ်ပြီး မသိတဲ့အတွက် အဲဒီမသိမှုက အစွဲတရားကို ဖြစ်ပွားစေတာဖြစ်ပါတယ်။ စိတ်ဆိုတဲ့သဘောက သိရင်စွဲစရာအကြောင်းမရှိဘဲ မသိလို့ စွဲသွားကြခြင်းပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ အသံဆိုတဲ့ အာရုံတစ်ခုခုကို အသံဆိုတဲ့ သဘောသဘာဝလို့ မသိတဲ့အခါကျတော့ အဲဒီအသံပေါ်မှာလိုက်စွဲသွားပြီး ကောင်းတဲ့အသံ၊ မကောင်းတဲ့အသံ၊ ကြိုက်တဲ့အသံ၊ မကြိုက်တဲ့ အသံ၊ ချီးမွန်းသံ၊ ကဲ့ရဲ့သံ စသဖြင့် ခံစားမိသွားတော့တာ ဖြစ်ပါတယ်။ ခံစားမိပြီဆိုရင် ကောင်းရင်လိုချင်မှုတွေဖြစ်ပြီး မကောင်းရင် မလိုချင်မှုတွေ ဖြစ်စေကာ လိုချင်တဲ့သဘော၊ မလိုချင်တဲ့ သဘောဆိုတာ လောဘ၊ ဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဒီသဘောအတိုင်းပဲ စိတ်ဖိစီးမှု ဖြစ်တယ်ဆိုတာဟာလည်း အာရုံအပေါ်မှာ စွဲလန်းမိရာက အဲဒီအစွဲကို မသိဘဲ လိုက်ခံစားရာက ဒီခံစားချက်က ကိုယ့်စိတ်ကို ပင်ပန်းစေကာ ဖိအားတွေဖြစ်သွားခြင်းပဲ ဖြစ်ပါတယ်။  အရင်းစစ်တော့ အားလုံးဟာ မသိလို့ စွဲကြတော့တာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား အာရုံနောက်ကို စိတ်ကလိုက်မိရာက ဖြစ်ပေါ်လာတဲ့ ခံစားချက် အစွဲတရားကြောင့် စိတ်မှာဖိအားတွေ၊ အနာတွေ ဖြစ်လာကြတဲ့ သဘောမှာ ဒီဖိအားတွေက ရုန်းထွက်နိုင်အောင် အမြန်ဆုံး ကြိုးစားကြရမှာဖြစ်ပါတယ်။ ပုထုဇဉ် သဘာဝ မသိလို့ စွဲကြတာ၊ ခံစားကြတာတွေဟာ ဖြစ်တတ်ပေမယ့် ဒီသဘောကို သိလာရင်တော့ အဲဒီဖိအားတွေ၊ ခံစားမှုတွေကနေ သက်သောင့်သက်သာ ဖြစ်အောင်တော့ လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးလို့ ဒုက္ခဖြစ်လို့ဆိုပြီး ရုန်းမထွက်ဘဲ ဒီအတိုင်း လိုက်ပြီးခံစားနေမယ်ဆိုရင်တော့ အဲဒီခံစားမှုက ကြာရင်ကိုယ့်ကို အနိုင်ယူသွားမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီဖိအားတွေ၊ ခံစားမှုတွေကနေ အမြန်ရုန်းထွက်ကြည့်ကြရမှာ ဖြစ်ပါတယ်။ 

ရုန်းထွက်ကြမယ်ဆိုတော့ အကောင်းဆုံးနည်းက တရားသဘောနဲ့ ဖြေဆည်ရာကိုရှာရင်း ရုန်းထွက်ကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းကြုံတွေ နေကြရတဲ့ စိတ်ဖိစီးမှုတွေ ကိုယ့်မှာကြုံတွေ့ ခံစားနေရပြီးဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ကိုယ်လတ်သန့်ရှင်းပြီး တိတ်ဆိတ်ညိမ်သက်တဲ့ နေရာတစ်ခုခုကို ရွေးချယ်ကာ သက်သောင့်သက်သာ ရှိတဲ့ ဣရိယာပုတ်နဲ့ မျက်လွှာလေးချပြီး ကိုယ့်ရဲ့အမူအရာလေးကို မြင်အောင်ကြည့်ကြည့်လိုက်ပါ။ အဲဒီအခိုက်အတန့်မှာ အရင်းတုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ စိတ်မှာဘယ်လို ခံစားမှုမျိုးတွေ၊ ဖိအားတွေပဲ ရှိခဲ့ရှိခဲ့ မေ့ပစ်ထားလိုက်ပါ။ ခန္ဓာကိုယ်နဲ့ စိတ်ကို သက်သောင့်သက်သာ ဖြစ်တဲ့ အနေအထားလေးနဲ့ ပြင်ဆင်ပြီး ဝင်လေထွက်လေလေးကို အရှိအတိုင်းလေးပဲ လိုက်သိနိုင်အောင် သတိကပ်ထားပေးလိုက်ပါ။ အဲဒီလို လိုက်ပြီးသိမှတ်နေတဲ့အခိုက်မှာ သေချာပါတယ် အတွေးတွေ အများကြီးရောက်လာပါလိမ့်မယ်။ စိတ်ဓာတ်မကျပါနဲ့။ ဒါဟာ သမာဓိနည်းနေသေးလို့ ဖြစ်တဲ့သဘောမျိုးပဲ ဖြစ်တဲ့အတွက် လွတ်သွားလိုက်၊ ပြန်မှတ်လိုက်၊ ပြန်သိလိုက် စသဖြင့် ထပ်ခါထပ်ခါ ဝီရိယလေးတွေထားပြီး ကြိုးစားပွားများဖို့ပါပဲ။ ဒါဆိုရင် တဖြည်းဖြည်း သမာဓိလေးတွေ တည်လာပြီး စိတ်အဆင်လည်း ငြိမ်လာကာ ကြာတော့ ငြိမ်လာရာကနေ ကြည်လာမှာ ဖြစ်ပါတယ်။ စိတ်ကြည်လာရင် ခုနကဖြစ်နေတဲ့ စိတ်အစွဲဖိအားတွေ၊ ခံစားချက်တွေဟာလည်း အလိုလို ပျောက်ပျက်သွားတော့တာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ကတော့ သတိမလွတ်အောင် သိမှတ်နေဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း စိတ်မှာဖြစ်ပေါ်လာသမျှ ခံစားချက်ကို သတိကပ်ပြီး သိမှတ်ပေးနိုင်ပြီဆိုရင် သေချာပါတယ်။ စိတ်ဖိစီးမှုဆိုတာ တဖြည်းဖြည်းနဲ့ လျော့နည်းသွားတော့တာ ဖြစ်ပါတယ်။ 

အချုပ်ပြောချင်တာက စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ ဖြစ်ကြတယ်ဆိုတာ ကိုယ့်စိတ်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို မသိလို့ဖြစ်ပြီး မသိရာကနေ အာရုံတွေနောက်ကို စိတ်ကလိုက်မိကာ စွဲမိရာက ဖိတ်အားတွေဖြစ်၊ ခံစားချက်တွေဖြစ်ရင်း စိတ်မှာအနာလေးတွေ ဖြစ်သွားတဲ့ သဘောမျိုးပဲ ဖြစ်တဲ့အတွက် ဒီလိုဖိစီးမှုတွေ၊ ခံစားမှုတွေ မဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိကပ်ပြီး ဘယ်သူကဘာပြောပြော၊ ဘယ်လိုအသံပဲကြားကြား၊ ဘယ်လိုအာရုံမျိုးပဲလာလာ လိုက်ခံစားပြီး လိုက်မစွဲဖို့ပဲ ကြိုးစားရမှာဖြစ်ကြောင်း၊ အရာအားလုံးဟာ ခဏလေးဖြစ်ပေမယ့် စွဲနေသမျှ လွဲနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုအလွဲ သံသရာမရှည်အောင် အားလုံးဟာ အချိန်တန်တော့လည်း ပြီးသွားမှာပါပဲလို့ နှလုံးသွင်းကာ ခံစားမှုကို ဖြေဆည်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ ဒီလိုဆိုရင် စိတ်ဖိစီးမှုတွေဟာလည်း သက်သောင့်သက်သာဖြစ်ကာ ခံနိုင်ရည် ရှိလာမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အစွဲတရားကြောင့် အလွဲများကာ ဖိအားတွေအောက် စိတ်တွေရောက်ပြီး စိတ်မှာနာနေကြတဲ့ စိတ်ဝေဒနာရှင်တွေအနေနဲ့ ဒီဖိအားတွေ၊ ခံစားမှုတွေကနေ သက်သောက်သက်သာ ရုန်းထွက်နိုင်ကြဖို့ ကိုယ့်စိတ်ကို ပြန်မတ် စိတ်မှာ သတိကပ်ပြီး ဘယ်လိုအာရုံမျိုးမှာပဲ ဖြစ်ဖြစ် အစွဲတရားနဲ့ မခံစားမိအောင် ကြိုးစားပြီး ကိုယ့်စိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု မှန်သမျှကို ဖြစ်ပေါ်လာဆဲ အခိုက်မှာ သိနိုင်အောင် ရှုမှတ်ပွားများ နေထိုင်ကြရမှာ ဖြစ်ပါကြောင်း စေတနာထား၊ မေတ္တာအားနဲ့ အသိစကား ပါးလိုက်ရပါတယ်။   

Read more »

ဗုဒ္ဓသည် ဆင်းရဲကြောင်းတရား မဟောကြား


တစ်ချို့ ဗုဒ္ဓဘာသာကို မလိုတဲ့ ပုဂ္ဂိုလ်တွေက ပြောကြတယ်။ မြန်မာနိုင်ငံ ဆင်းရဲမွဲတေနေတာ ဗုဒ္ဓဘာသာကြောင့်တဲ့။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေကိုကြည့်ရင် အားလုံးဟာ ဆင်းရဲတဲ့ နိုင်ငံတွေချည်းပဲတဲ့။ ဒါကြောင့် ဆင်းရဲစေတဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်မယ့်အစား ကမ္ဘာမှာ ချမ်းသာနေတဲ့ နိုင်ငံတွေက ကိုးကွယ်ကြတဲ့ သူတို့ဘာသာကို ကိုးကွယ်ပါဆိုပြီး တစ်ချို့ ဘာသာခြားတွေက ပြောဆိုစည်းရုံးကြပါတယ်တဲ့။ စည်းရုံးခံရတဲ့ ကလေးတွေရဲ့ ပြောစကားလေးတွေပါ။ 

ဒီလို ပြောလာသူတွေကို ဘာမှတော့ အထွေအထူး ပြောစရာမရှိပါဘူး။ ပြောဖို့လည်း မလိုပါဘူး။ သေချာတာကတော့ ဗုဒ္ဓဘုရားရှင်ဟာ ဆင်းရဲကြောင်းတရား၊ ဆင်းရဲစေတဲ့ တရားကို ဘယ်တုန်းကမှ ဟောကြားလမ်းညွန်မှု မရှိခဲ့ဘူးဆိုတာပါပဲ။ ရှင်တော်ဗုဒ္ဓရဲ့ တရားတော်တွေဟာ သတ္တဝါတွေ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေလို့ ဆိုတဲ့အတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တဲ့ သူတွေအတွက်သာ မဟုတ်ဘဲ ဘာသာမရွေး၊ လူမျိုးမရွေး အားလုံးသော သတ္တဝါတွေရဲ့ အရေးအတွက်ပဲ ဖြစ်ပါတယ်။ အဲဒီသတ္တဝါအားလုံး ချမ်းသာရေးတွေကိုပဲ ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ချမ်းသာရေးလို့ ဆိုရာမှာလည်း ဒီဘဝ တစ်ခဏချမ်းသာစေမှုမျိုး မဟုတ်ဘဲ သံသရာ ဘဝါဘဝ ချမ်းသာရေးမှသည် ဘဝအဆုံး ချမ်းသာရေးအထိ အကုန်အစင် ဟောကြားတော်မူတာ ဖြစ်ပါတယ်။ 

တစ်ခုတော့ ရှိပါတယ်။ ဗုဒ္ဓရဲ့ ချမ်းသာရေး လမ်းစဉ်ဟာ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာရေးထက်၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာရေးကို ပိုပြီးဦးစားပေးထားတဲ့ လမ်းစဉ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရုပ်မွဲလို့၊ အသွင်အပြင်မွဲလို့တော့ ဆင်းရဲတယ်၊ ဒုက္ခဖြစ်တယ်လို့ သေချာပေါက် ပြောလို့မရပါဘူး။ အသွင်အပြင် မွဲပေမယ့် အတွင်းစိတ်မှာ ချမ်းသာနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘဝဟာ အပြင်ပိုင်းချမ်းသာပြီး အတွင်းစိတ်မှာ မချမ်းမသာ ဂယောင်ချောက်ခြား ဖြစ်နေကြတဲ့ သူတွေထက် အများကြီး ကွာခြားနေတယ်ဆိုတာ လက်တွေ့ပိုင်းနဲ့ ချိန်ထိုးပြီး သိရှိနိုင်ကြမှာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ချမ်းသာရေးဟာ အသွင်အပြင် ချမ်းသာရေး မဟုတ်ဘဲ အနှစ်ရှိရှိ အတွင်းထိတဲ့ ချမ်းသာရေးမျိုးပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို လေ့လာကြည့်ရင် ဒီဘဝချမ်းသာရေး၊ နောင်သံသရာ ချမ်းသာရေးနဲ့ ဘဝအဆုံး ချမ်းသာရေး ဆိုပြီး ချမ်းသာကြောင်းတွေကို အကျင့်တရားများနဲ့ ချိန်ထိုးကာ ဟောညွန်ပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို ချမ်းသာရေးကို ဟောပြောတော်မူရာမှာလည်း ဆင်းရဲကြောင်း တရားတွေကိုပါ ထုတ်နှုတ်ပြသတော်မူတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ချမ်းသာရေး လမ်းစဉ်တွေကိုကြည့်ရင် ဆင်းရဲကြောင်းဖြစ်တဲ့ မကောင်းတဲ့ ဒုစုရိုက် အမှုတွေကို ရှောင်ရှားပြီး ချမ်းသာကြောင်း သုစရိုက်အကျင့်တွေကို လိုက်နာကျင့်သုံးရေး၊ မင်္ဂလာ တရားတော်နဲ့ အညီနေထိုင်ရေး၊ လောကကျင့်ဝတ်၊ လူမှုကျင့်ဝတ်နဲ့ အညီ နေထိုင်ကျင့်သုံးရေး၊ စီးပွားရေး ကြီးပွားရေးတွေကို လုပ်ဆောင်တဲ့အခါမှာ ရှောင်သင့်တာတွေ၊ လိုက်နာသင့်တာတွေကို ကြိုးစားလိုက်နာရေး စသဖြင့် ဒီဘဝမှာ လက်တွေ့ လုပ်ဆောင်ရမယ့် လမ်းညွန်ချက်များကို လေ့လာတွေ့ရှိရမှာ ဖြစ်သလို သံသရာ ဘဝချမ်းသာရေးအတွက်လည်း သေပြီးနောက် အပါယ်မလားရေးအတွက် သီလကို စောင့်ထိန်းကြရန်၊ အပါယ်ကလွတ်ပြီး သုဂတိဘဝမှာ ချမ်းသာရေးအတွက် ဒါနကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရန်နဲ့ သံသရာက လွတ်မြောက်ပြီး သန္တိသုခ ဖြစ်တဲ့ ဘဝအဆုံး ချမ်းသာစေရေးအတွက်လည်း ဘာဝနာ အလုပ်ကို ကြိုးစားပြီး ပြုလုပ်ကြရန် စသဖြင့် ဂိုက်လိုင်းပေးထားတဲ့ ဟောပြောညွန်ကြားချက်များကိုလည်း ဗုဒ္ဓပိဋကတ်တော်များမှာ လေ့လာတွေ့ရှိကြရမှာ ဖြစ်ပါတယ်။ 

အထူးသတိပြုရမှာက ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဆင်းရဲကြောင်းတရားကို မဟောဘဲ ချမ်းသာကြောင်းတရားကိုသာ ဟောကြားတော်မူတာ ဖြစ်ပေမယ့် ဒီဟောကြားချက်များဟာ မြတ်ဗုဒ္ဓက မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးချက် သက်သက်များပဲ ဖြစ်ပါတယ်။ မြတ်စွာဗုဒ္ဓဟာ ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လိုချမ်းသာအောင် လုပ်ပေးမယ်ဆိုတဲ့ ကတိပြုပြီး ကယ်တင်ပေး၊ ဖန်ဆင်းပေတဲ့ ပုဂ္ဂိုလ်မြတ် မဟုတ်ဘဲ “ဒီလိုလမ်းတွေရှိတယ်၊ ဒါတွေကို လိုက်နာရင်တော့ ဆင်းရဲဒုက္ခဖြစ်တတ်ပြီး ဒါတွေကို ကျင့်ကြံရင်တော့ ချမ်းသာစေမှုကို ဖြစ်စေနိုင်တယ်”ဆိုတဲ့ အကောင်းဆုံး လမ်းပြပုဂ္ဂိုလ်မြတ်ပဲ ဖြစ်ပါတယ်။ ဒီလို လမ်းပြပေးနိုင်တာဟာလည်း ကိုယ်တော်မြတ် ကိုယ်တော်တိုင် သံသရာ အဆက်ဆက်တွင် ဘဝနှင့်ရင်းပြီး ပါရမီများကို ဖြည့်ကျင့်တော် မူခဲ့မှုကြောင့် အမှန်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူကာ သတ္တဝါတွေကိုလည်း ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း သိစေတော်မူနိုင်တဲ့ ဗုဒ္ဓအရှင် ဖြစ်တော်မူတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့  ဟောပြောချက်များဟာ သတ္တဝါများ ဆင်းရဲကင်းဝေး ချမ်းသာရေးအတွက် ဟောကြားလမ်းညွန်ချက်များ ဖြစ်တဲ့အတွက် ဆင်းရဲတာ ချမ်းသာတာတွေဟာ သတ္တဝါတွေရဲ့ လိုက်နာကျင့်သုံးမှုနဲ့ပဲ သက်ဆိုင်သွားတော့တာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ကယ်တင်ရှင် မဟုတ်တဲ့အပြင်၊ ဖန်ဆင်းရှင်လည်း မဟုတ်တဲ့အတွက် သတ္တဝါတွေကို ဘာပဲဖြစ်ဖြစ် ကယ်တင်ပေးမှာ မဟုတ်ပေမယ့် ဆင်းရဲဒုက္ခမရောက်အောင်တော့ တိုက်တွန်းလမ်းပြပေးတော်မူတာ ဖြစ်တဲ့အတွက် ဒီလမ်းညွန်ချက်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနိုင်တဲ့သူကတော့ ဆင်းရဲကင်းပျောက် ချမ်းသာရောက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ လမ်းကိုသာ ညွန်ပြတော်မူတာ ဖြစ်တဲ့အတွက် သတ္တဝါ တစ်ဦးတစ်ယောက် ဆင်းရဲချမ်းသာတယ်ဆိုတာဟာ ဒီလမ်းညွန်မှုအတိုင်း ကျင့်ကြံမှုရှိမရှိနဲ့ပဲ သက်ဆိုင်သွားတော့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို လိုက်နာကျင့်သုံးမိလို့ ဆင်းရဲရောက်သွားတယ်ဆိုတာဟာ ဗုဒ္ဓညွန်ကြားချက်အတိုင်း မလျှောက်မိဘဲ ညွန်ကြားချက်ကိုဖောက်ပြီး အမှောင်လမ်းနဲ့၊ အမှားလမ်းကို လျှောက်မိသွားကြလို့ပဲ ဖြစ်ပါတယ်။ လောကမှာကြည့်ရင် ဗုဒ္ဓဓမ္မနဲ့အညီ ကျင့်သုံးနေထိုင်ကြတဲ့ သူတွေဟာ ဆင်းရဲတဲ့သူဆိုတာ မရှိဘဲ ချမ်းသာတဲ့ သူတွေချည်းပဲ ဆိုတာ အခိုင်အမာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေရဲ့ ချမ်းသာမှုဟာ မျက်မှောက်ခေတ်လူတွေ သတ်မှတ်ထားတဲ့ ငွေကြေးဥစ္စာ အသွင်သန္တာန်များနဲ့ ပြည့်စုံတဲ့ ချမ်းသာမှုမျိုးကတော့ ဟုတ်ချင်မှဟုတ်မှာပါ။ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုမျိုးဆိုတာတော့ အသေအချာအပဲ ဖြစ်ပါတယ်။ 

အချုပ်ပြောလိုတာက ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာနိုင်ငံတွေ ဆင်းရဲတယ်ဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်လို့၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေမှာ လိုက်နာမိလို့ ဆိုတာမျိုး မဟုတ်ဘဲ ဗုဒ္ဓညွန်ကြားချက်အတိုင်း မလိုက်နာမိလို့၊ သတ္တဝါတစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု လွဲနေလို့၊ လျှောက်လှမ်းတဲ့လမ်းဟာ မမှန်ကန်လို့ စတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လွဲမှားချက်များကြောင့်ပဲဆိုတာ ပြောလိုတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာလည်း ဘုရားဟောအတိုင်း ဓမ္မနဲ့အညီ နေထိုင်ရင်း မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ လျှောက်လှမ်းကာ ချမ်းသာနေကြတဲ့ သူတွေလည်း အများအပြား ရှိနေတာ ဖြစ်တဲ့အတွက် သူတို့သူတို့ရဲ့ ချမ်းသာမှုဟာ ဘဝထဲမှာ ဓမ္မတွဲရင်း ပစ္စုပ္ဗန်သံသရာ နှစ်ဖြာချမ်းသာမှုကို ဖြစ်စေတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ညွန်ကြားချက်ကြောင့်ပဲဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဗုဒ္ဓဘုရားရှင်ဟာ သတ္တဝါတွေ ဒုက္ခရောက်စေတဲ့ ဆင်းရဲကြောင်းတရားကို မဟောဘဲ သတ္တဝါများ ပစ္စုပ္ဗန် သံသရာ ချမ်းသာရေးနဲ့ ဘဝအဆုံး ချမ်းသာရေးကိုသာ ဟောကြားတော်မူကြောင်း အခိုင်အမာ ပြောဆိုနိုင်တာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒအကြောင်း၊ ဗုဒ္ဓဝါဒီများအကြောင်း တစေ့တစောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ