စိတ်ဓာတ်လေးတွေ ကျနေတဲ့အခါ

ဘုန်းဘုန်းကို ဒကာလေးတစ်ယောက်က “အရှင်ဘုရား တပည့်တော် အခုစိတ်ဓာတ်ကျနေလို့ တရားတစ်ပုဒ်လောက် ချီးမြင့်ပါဘုရား”လို့ တောင်းဆိုထားဖူးပါတယ်။ သူတောင်းဆိုတဲ့အချိန်က ဘုန်းဘုန်းမှာ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ချက်ချင်းအကြောင်းမပြန်နိုင်၊ သူတောင်းဆိုထားတဲ့ တရားတစ်ပုဒ်ကိုလည်း အဲဒီတုန်းက မဟောပြနိုင်ခဲ့ပါဘူး။ အခုမှပဲ သူတောင်းဆိုထားတာလေးကို အကြောင်းပြန်ရင်း သူလို စိတ်ဓာတ်လေးတွေ ကျတတ်ကြတဲ့ သူတွေအတွက်လည်း နည်းနည်းပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်ပါစေဆိုတဲ့ ဆန္ဒနဲ့ စာလေးတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်ကျတာကတော့ သူလိုလောကီလူသားတွေ မပြောနဲ့ သာသနာ့ဘောင်မှာ ရောက်နေကြတဲ့ ဘုန်းဘုန်းတို့လို သာသနာ့ဝန်ထမ်းတွေလည်း ဖြစ်ကြတာပါပဲ။ နာမ်ရုပ်နှစ်ပါးကို ပိုင်ဆိုင်ထားတဲ့ သာမန်ပုထုဇဉ်တွေ ဖြစ်နေသမျှတော့ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဓာတ်တက်တာတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ဖိစီးတာတွေ၊ စိတ်ဂယောက်ဂယက် ဖြစ်တာတွေဟာ အနည်းနဲ့အများ ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်အောင်ကြိုးစား နေထိုင်နိုင်တဲ့ သူတွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဒီစိတ်ဓာတ်ကျတာတွေကို ပြုပြင်ထိန်းသိမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်လေးတွေကျတဲ့အခါ ကိုယ့်ကိုယ်ကို သတိ၊ သမာဓိ၊ ပညာ၊ ဝိရိယတရားလေးတွေနဲ့ ပဲ့ကိုင်ကာ ထိန်းကျောင်းပေးကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ကအာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်ကျနေသမျှ စိတ်မှာလည်း တန်ပြန်သက်ရောက်မှု အနေနဲ့ အဲဒီဓာတ်တွေ ကူးဆက်လာပြီး တဖြည်းဖြည်းနဲ့ ကျလာတော့တာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်၊ စိတ်ဖိစီးတယ်ဆိုတာတွေ ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။ စိတ်ဆိုတဲ့ သဘောက သတိနဲ့ ထိန်းမထားဘူးဆိုရင် အာရုံတွေနောက်ကို လိုက်ခံစားပြီး မြင်သမျှ၊ ကြားသမျှ၊ နံသမျှ၊ ခံသမျှ၊ ထိသမျှ အာရုံစတာတွေမှာ စွဲနေတော့တာ ဖြစ်ပါတယ်။ စွဲတာမှ တနုံ့နုံ့နဲ့ကို စွဲနေတတ်တာပါ။ တွေးတိုင်းတွေးတိုင်း ဒီအာရုံတွေပဲ ထင်ထင်လာတဲ့အတွက် အဲဒီအာရုံတွေရဲ့ ချည်နှောင်မှုတွေကြောင့် စိတ်မှာ ရုန်းမထွက်နိုင်အောင်ဖြစ်ပြီး နောက်ဆုံး အားတွေပါ ကျလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ကို အာရုံတွေနောက်မှာ လိုက်လိုက်ပြီး ဓာတ်တွေကျနေရာက စိတ်ဓာတ်တွေ ကျတယ်ဆိုတာ ဖြစ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။

စိတ်ရဲ့သဘောက လွှတ်ထားရင်း လွှတ်ထားသလောက် သွားချင်ရာကိုသွားပြီး ရောက်ချင်ရာကို ရောက်တတ်တဲ့အပြင် စွဲချင်ရာကိုစွဲပြီး ကျချင်ရာကို ကျတတ်တဲ့ သဘောလည်းရှိပါတယ်။ အဲဒီလို သွား၊ ရောက်၊ စွဲ၊ ကျတဲ့အခါတွေမှာလည်း ကောင်းတဲ့အာရုံတွေမှာ မဖြစ်တတ်ဘဲ မကောင်းတဲ့ အာရုံတွေမှာပဲ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ စိတ်ဟာမကောင်းမှုမှာ မွေ့လျော်တတ်တယ်လို့ ဆိုတဲ့အတိုင်း သတိမရှိတဲ့ စိတ်ဟာ မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့ကာ ဓာတ်တွေကျနေတဲ့ သဘောတွေရှိပါတယ်။ အာရုံဆိုတာက ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် စိတ်ကိုစွဲလန်းစေတတ်ပါတယ်။ စိတ်ကို သတိကပ်မထားရင် အဲဒီစိတ်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ စတဲ့အာရုံတွေမှာ စွဲလန်းမိပြီး ကောင်းရင်လည်း လောဘတဏှာဖြစ်လိုက်၊ မကောင်းရင်လည်း ဒေါသမကြည်သာဖြစ်လိုက်နဲ့ စွဲလေလေ ဒုက္ခဖြစ်လေလေပဲ ဖြစ်ပါတယ်။ ဒါဟာ အာရုံနောက်ကို စိတ်လိုက်ရာက အစွဲများပြီး တဖြည်းဖြည်းနဲ့ တဏှာတွေရကာ ကုသိုလ်အားတွေ ကျလာတဲ့ သဘောပဲ ဖြစ်ပါတယ်။

လူအတော်များများက ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ကြတဲ့အတွက် တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် “ငါ့ကို ဘယ်သူကတော့ ဘာပြောလိုက်တာ၊ ဘယ်လိုဆက်ဆံလိုက်တာ၊ ဘာပေးလိုက်တာ၊ ငါ့ကိုမှ ဒီလိုလုပ်ရက်လိုက်တာ၊ ငါလိုချင်တဲ့ ဒီအဆင်း၊ ငါကြားချင်တဲ့ ဒီအသံ၊ ငါနမ်းချင်တဲ့ ဒီအနံ့၊ ငါခံစားချင်တဲ့ ဒီအရသာ၊ ငါတွေ့ထိချင်တဲ့ ဒီလိုအတွေ့အထိမျိုး တွေ မဟုတ်ဘဲ ငါမလိုချင်တဲ့ ဒီအဆင်းအသံအနံ့ စတာတွေမှ ငါ့ဆီကို ရောက်မှ ရောက်လာရတယ်လို့…” စသဖြင့် လိုချင်တဲ့အာရုံ၊ မလိုချင်တဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်သွားရင်း ကြာတော့ ဖြစ်ချင်တိုင်းမဖြစ်ဘဲ မဖြစ်ချင်တာတွေ ဖြစ်ဖြစ်နေရာက စိတ်ဓာတ်တွေ ကျတဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေရာက စိတ်တွေပါ ကျလာတဲ့ သဘောပဲ ဖြစ်ဖြစ်ပါတယ်။

ဆိုတော့ကား စိတ်ဓာတ်ကျရခြင်းရဲ့ အကြောင်းကို ရှာကြည့်လိုက်တော့ အာရုံတွေနောက်ကို စိတ်ကလိုက်နေကြလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အာရုံတွေမှာ စိတ်ကိုကပ်ထားပြီး အဲဒီအာရုံတွေပဲ စိတ်ထဲမှာရောက်ရောက်နေကြလို့ပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့ ဘာပြောလိုက်လို့၊ ဘယ်သူကတော့ ဘယ်လိုဆက်ဆံလိုက်လို့ စတဲ့ အတွေးအာရုံတွေ၊ အမြင်အာရုံတွေ၊ အပြုအမူအာရုံတွေမှာ စိတ်က ရုန်းမထွက်နိုင်ကြတဲ့အတွက် အခုလို စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်တာတွေ ဖြစ်နေကြခြင်း ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဒီလိုအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ကတော့ အာရုံကောင်းတွေနဲ့ ပြန်ပြီးရယူကြဖို့ပဲ ဖြစ်ပါတယ်။ အာရုံကောင်းတွေ ရယူနိုင်ဖို့ဆိုတာလည်း ဘုရားအား၊ တရားအားကို ယူမှပဲ ဖြစ်မှာပါ။ ဘုရားနဲ့ ဘုရားရဲ့ဂုဏ်၊ ဘုရားဟောတဲ့ တရားတော်ရဲ့ လမ်းညွှန်မှုနဲ့ စွမ်းအားတွေကပဲ ကျနေတဲ့ စိတ်ဓာတ်တွေကို တက်လာအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက်ကလည်း ကိုယ်ကိုယ်တိုင်က ကိုယ့်သန္တာန်မှာ သတိတရား၊ သဒ္ဓါတရား၊ ပညာတရား၊ သမာဓိတရား၊ ဝိရိယတရားတွေ အားကောင်းလာအောင် ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

ဒီတော့ စိတ်ဓာတ်ကျတဲ့သူတွေ အနေနဲ့ စိတ်ဓာတ်ကျလေလေ ဘုရားအားကို များများယူလေ၊ တရားအားကို များများယူလေလုပ်ပြီး ကျနေတဲ့စိတ်ကို ပြန်တက်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ အဲဒီစိတ်ဓာတ်ကျစရာ အကြောင်းတွေကိုပဲ တွေးနေမိတတ်ပြီး ဘာမှမလုပ်ချင် မကိုင်ချင်အောင် ဖြစ်နေတတ်ပေမယ့် အဲဒီလိုအခါမျိုးမှာ ရတနာသုံးပါးရဲ့ အားကိုယူပြီး ပြန်ထနိုင်အောင်၊ စိတ်ဓာတ်လေးတွေ ပြန်တက်လာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားရှင်ရဲ့ အနှိုင်းမဲ့အားတွေကို ယူပြီး ဘုရားဂုဏ်ကို များများပွားကာ နှလုံးသားထဲမှာ ဘုရားနဲ့အတူ ရှိနေအောင် ကြိုးစားကြည့်သင့်ပါတယ်။ အဲဒီလို ဘုရားအားကို ယူထားမယ်ဆိုရင် ဘုရားကို ကိုးကွယ်းထားတဲ့သူ တစ်ယောက်အတွက် များများကိုးစားလေ များများအကာအကွယ်ရလေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျလေ ဘုရားကိုများများ ရှိခိုးလေ၊ မေတ္တာများများပွားလေ၊ ကိုယ့်စိတ်ကို ကိုယ်မြင်အောင်ကြည့်ပြီး ဘာဝနာအလုပ် များများအားထုတ်လေ လုပ်နိုင်မယ်ဆိုရင် ကျနေတဲ့စိတ်ဓာတ်တွေဟာ သိသိသာသာကို ပြန်ပြီးတက်လာမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာ အကြောင်းတွေကို ခေါင်းထဲက မြန်မြန်ပျောက်အောင်ထုတ်ပစ်ပြီး ရထားတဲ့ ဘုရားရှိခိုးတွေ၊ ရထားတဲ့ ရွတ်ဖတ်စရာတွေ၊ သိထားတဲ့ သမထ ဝိပဿနာ အကျင့်လေးတွေကို အချိန်ယူအားစိုက်ပြီး လုပ်လိုက်မယ်ဆိုရင် အမှန်ပဲ စိတ်ဓာတ်ခွန်အားတွေ တက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ အာရုံတွေမှာ စိတ်ကလိုက်ပြီး ဓာတ်တွေကျနေလို့ စိတ်ပျက်နေတဲ့သူတွေ အနေနဲ့ တစ်ခါပြန်ပြီး ခွန်အားတွေ တက်စေမယ့် အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

အသိဒကာလေးတစ်ယောက်ဆိုရင် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံတိုင်းသီလယူ၊ ဘုရားရှိခိုးပြီး ပရိတ်ပဋ္ဌာန်းစာအုပ်ကိုလှန်ပြီး ရှိသမျှပရိတ်တွေ၊ ရသမျှ ပဋ္ဌာန်းတွေကို ရွတ်တတ်တဲ့အလေ့အကျင့်ကို လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်တွေ့အရ ရွတ်ပါများလာတော့ အဓိပ္ပါယ်ကို အပြည့်အဝ မသိပေမယ့် နေ့စဉ်ဝတ်တစ်ခုလိုဖြစ်ကာ မပျက်အောင် ကြိုးစားနေဖြစ်ပြီး ဒီအလုပ်တွေကြောင့်ပဲ စိတ်မှာဘာမှ အထူးတလည် စိုးရိမ်မှုတွေ မရှိတော့တဲ့အပြင် အရင်တုန်းက ခဏခဏ ဖြစ်တတ်တဲ့ စိတ်ဖိစီးတာတို့၊ စိတ်ဓာတ်ကျတာတို့လည်း တဖြည်းဖြည်း လျော့လာတယ်လို့ ဆိုပါတယ်။ သူကတော့ သူ့ကိုယ်တွေ့မို စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ စိတ်ဖိစီးမှုဖြစ်တဲ့အခါတိုင်း၊ အတိုက်အခိုက်တွေ ဖြစ်တဲ့အခါတိုင်း ရတနာသုံးပါးရဲ့ အားကိုယူပြီး ကာကွယ်တာဟာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ဒီဒကာလေး ပြောသလိုပဲ စိတ်ဓာတ်ကျတဲ့အခါ၊ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါ၊ အတိုက်အခိုက် တွေ့နဲ့ကြုံတဲ့အခါ၊ အတက်အကျ အနိမ့်အမြင့် လောကဓံတွေနဲ့ ကြုံတဲ့အခါ အကောင်းဆုံး စိတ်ခွန်အားကို ဖြစ်စေမယ့်အရာတွေကတော့ ဘုရားအားနဲ့ တရားအားကို ယူတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တရားတစ်ခုခု ဟောပေးနေတဲ့ သံဃာတော်များရဲ့ တရားစကားကို နားထောင်ပြီး စိတ်ဓာတ်တွေကို မြင့်တင်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ကျနေတဲ့ စိတ်ဓာတ်ကို ပြန်တက်အောင် လုပ်သင့်ပါတယ်။

ဒါပေမယ့် တစ်ချို့က ဒီလိုအကောင်းဆုံး နည်းတွေကို မသိတော့ စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါတိုင်း၊ လောကဓံတွေနဲ့ ကြုံတဲ့အခါတိုင်း အပေါင်းအသင်းတွေနဲ့ အရက်ဆိုင်သွား၊ နှိုက်ကလပ်သွား၊ အပျော်အပါးတွေ လိုက်စားပြီးပဲ ကုစားလေ့ရှိတတ်ပါတယ်။ အဲဒီလိုလုပ်ကာမှ စိတ်ဓာတ်တွေ မတက်ဘဲ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခမျိုးစုံနဲ့ကြုံလို့ ပိုပြီးစိတ်ဓာတ်ကျရတဲ့ သူတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ အမှန်တော့ မကောင်းတာတွေကြုံရင် ကောင်းတာတွေနဲ့ ကာကွယ်ပေးမှ၊ ကောင်းတာတွေနဲ့ ဖြည့်ပေးထားမှ အဲဒီမကောင်းတာတွေလည်း ပပျောက်သွားမှာ ဖြစ်ပေမယ့် တစ်ချို့က အဲဒီလို စိတ်ကူးမရှိဘဲ မကောင်းတာတွေကြုံတိုင်း မကောင်းတာတွေနဲ့ပဲ ဖြေတတ်ကြတော့ မကောင်းတာတွေပဲ ထပ်ရောက် လာကြတော့တာ ဖြစ်ပါတယ်။ အဲဒီတော့ စိတ်ဓာတ်တွေက ပိုပြီးကျကုန်တော့တာ ဖြစ်ပါတယ်။ ဖြစ်သင့်တာက မကောင်းတာတွေ များများကြုံလေ ကောင်းတာတွေကို များများခြုံလေပဲ ဖြစ်သင့်ပါတယ်။ ဒါမှ အကောင်းတွေရဲ့ အစွမ်းနဲ့ အကောင်းတွေပြန်စုံလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတာတွေ တွေ့ကြုံရလို့ စိတ်ဓာတ်တွေကျနေကြတဲ့ သူတွေအနေနဲ့ စိတ်ဓာတ်ကျတယ်ဆိုတယ် အဲဒီလို မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်ပြီး ဓာတ်တွေကျနေတဲ့ အတွက်ကြောင့်ပဲဆိုတာ သဘောပေါက်သိမြင်ပြီး မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်က လိုက်မသွားရအောင်၊ ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်ပြီးတက်လာရအောင် စိတ်ဓာတ်တွေကျတိုင်း၊ စိတ်ဖိစီးမှုတွေရှိတိုင်း၊ အတက်အကျလောကဓံတွေနဲ့ ကြုံတိုင်း ဘုရားအား၊ တရားအားနဲ့ သံဃာအားကိုယူပြီး ဘုရားတရားအလုပ်ကိုသာ များများဖိလုပ်ကြရင်း စိတ်ခွန်းအားတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ကာ စိတ်ဓာတ်တွေကို အမြန်ဆုံး ပြန်တက်အောင်သာ ကြိုးစားကြည့်ကြပါလို့ စေတနာစကား၊ မေတ္တာအားနဲ့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

သူမတော်လည်း ကိုယ်ကောင်းကြစို့

“သူတော်ကောင်း”ဆိုတဲ့ စကားလေးကို တစ်ချို့က “သူတော်မှ ကိုယ်ကောင်းမယ်”ဆိုတဲ့ ကလေးကလား အတွေးလေးတွေနဲ့ ပြောတတ်ကြပါတယ်။ ဒီသဘောက “သူမတော်ရင် ကိုယ်လည်းမတော်နိုင်၊ သူမကောင်းရင် ကိုယ်လည်းမကောင်းနိုင်၊ သူမပြောင်းရင် ကိုယ်လည်း မပြောင်းနိုင်ဘူး”ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ တကယ်တော့ သူတော်ကောင်းတွေရဲ့ စိတ်သဘောထားဟာ “သူမတော်လည်း ကိုယ်ကောင်းမယ်” ဆိုတဲ့ သဘောထားမျိုးပဲ ဖြစ်ပါတယ်။ သူမတော်ရင် တော်လာအောင် ကိုယ်ကကောင်းအောင် ကျင့်သုံးနေထိုင်တတ်တဲ့ သဘောမျိုးကသာ သူတော်ကောင်းများရဲ့ သဘောထား အမှန်ပဲ ဖြစ်ပါတယ်။ “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် ကျင့်သုံးနေထိုင်ခြင်းမျိုး”လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆိုတော့ကား သူမတော်လို့ ကိုယ်မတော်ရင်၊ သူမကောင်းလို့ ကိုယ်မကောင်းရင် သူလည်းမတော် ကိုယ်လည်းမကောင်း ဖြစ်တတ်တဲ့အတွက် သူတော်လာအောင် ကိုယ်ကအရင် ကောင်းကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သူမတော်လည်း ကိုယ်ကတော်ပြကြဖို့ လိုပါတယ်။ ဒါမှ သူလည်း တဖြည်းဖြည်းပြောင်းလာ၊ ကောင်းလာမှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လောကမှာရှိတဲ့ လူအတော်များများက ငါဆိုတဲ့အတ္တစွဲလေးတွေ ခံနေကြတော့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်ဖြစ်လာကြတဲ့အခါ သူဖြစ်သလို ကိုယ်လည်း လိုက်ဖြစ်တတ်ကြပါတယ်။ သူမကောင်းရင် ကိုယ်လည်းလိုက်ပြီး မကောင်းဖြစ်တတ်၊ သူဒေါသထွက်ရင် ကိုယ်လည်းလိုက်ထွက်တတ်၊ သူမကျေနပ်ရင် ကိုယ်လည်းလိုက်ပြီး မကျေမနပ်ဖြစ်တတ်၊ သူဒီလိုဆက်ဆံရင် ကိုယ်လည်းလိုက်ပြီး သူနဲ့အပြိုင် ဆက်ဆံတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ်ကောင်းရဲ့သားနဲ့ သူမကောင်းတဲ့အခါ ကိုယ်ပါလိုက်ပြီး မကောင်းတဲ့အထိ ပြောင်းတတ်ကြပါတယ်။ အဲဒီလိုသာ သူမကောင်းလို့ ကိုယ်မကောင်းဖြစ်ကြ၊ သူမတော်လို့ ကိုယ်မတော် ဖြစ်ကြမယ်ဆိုရင် သူလည်းမကောင်း ကိုယ်လည်းမကောင်း၊ သူလည်းမတော် ကိုယ်လည်းမတော် ဖြစ်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ မတော်မကောင်းမပြောင်း သံသရာက ရှည်သထက် ရှည်နေကြတော့မှာ ဖြစ်ပါတယ်။

ဖြစ်သင့်တာက သူ့ကိုပြောင်းချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းကြည့်သင့်ပါတယ်။ သူ့ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကိုလည်း ပြင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုမျိုးကစပြီး ပြင်သင့်သလဲဆိုရင် အတွေးအခေါ်က စပြီး ပြင်သင့်ပါတယ်။ တစ်ချို့က “ငါဒီလောက်ကောင်းရဲ့သားနဲ့ ငါ့အပေါ်ကို…” စတဲ့ အတွေမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို အတွေမျိုးကစပြီး ပြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတွေးမိတတ်တာကိုက ကိုယ့်သန္တာန်မှာ သူနဲ့ပတ်သက်ပြီး တစ်ခုခု တုန့်ပြန်မှုကောင်းကို မျှော်လင့်နေတဲ့ သဘောရှိနေသလို ကိုမျှော်လင့်တဲ့အတိုင်း မဖြစ်လာတဲ့အခါ မဖြစ်ရကောင်းလားဆိုတဲ့ အမှတ်အတေးလေးတွေ ဖြစ်တတ်လို့ပဲ ဖြစ်ပါတယ်။ မျှော်လင့်နေတယ်ဆိုကတည်းက မျှော်လင့်မှုရဲ့နောက်မှာ ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် “ငါဒီလောက် ကောင်းရဲ့သားနဲ့” စတဲ့ အတွေးတွေ ပေါ်ပေါက်လာပြီး အသေးအဖွဲလေးတွေကစပြီး အငြိုးအတေးလေးတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ တစ်စတစ်စ အတွေးလွဲလေးတွေကစပြီး ကြာတော့အဆိုင်အခဲ ဖြစ်လာကာ သူ့ကိုယ်ပြောင်းဖို့လုပ်ရင်း ကိုယ်ပါသူလို့ ဖြစ်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ကိုပြင်ရင်း ကိုယ့်ကိုယ်ကို မမြင်မိကြ၊ မပြင်မိကြလို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ပြင်ဖို့ဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကို သိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို သိဖို့လိုတယ်လို့ ဆိုတာက တစ်ချို့ တော်တော်ဗဟုသုတများ၊ အသိများ၊ အဖတ်များကြပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိထားသလောက်၊ ဖတ်ထားသလောက်၊ ပြောနေသလောက် မဟုတ်တာကို တွေ့ရတတ်ပါတယ်။ ဖတ်မှတ်လေ့လာမှုတွေ များနေပေမယ့် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်တတ်၊ ကိုယ်ကိုယ်ကို ပြန်မြင်တတ်တဲ့ အကျင့်က အားနည်းနေတော့ ကိုယ်ဘာဖြစ်နေတယ်ဆိုတာလည်း မသိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို တကယ်မသိတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်သိအောင်လုပ်ပါလို့ ဆိုရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ်သိလာပြီဆိုရင် အဲဒီအသိနောက်ကို အကျင့်လိုက်ကြည့်ဖို့ လိုပါတယ်။ သိပြီးမြင်၊ မြင်ပြီးပြင်မယ်ဆိုရင် ဒါဟာ အသိနောက်ကို အကျင့်လိုက်တာပဲ ဖြစ်ပါတယ်။

လူပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ် သိထားသလောက် အကျင့်မရောက်ရင် ကိုယ့်ကိုယ်ကိုလည်း သိဖို့မလွယ်လှပါဘူး။ ကိုယ့်ကိုယ်ကို မသိရင် ကိုယ့်ကိုယ်ကိုပြင်ဖို့လည်း မလွယ်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုတော့ ကိုယ်ကိုယ်တိုင်က မပြင်ဘဲ သူများကို ပြင်ဖို့ပြောနေလို့ကတော့ သူတပါးလည်း ပြင်ဖို့မလွယ်လှပါဘူး။ အပြောခံရတဲ့သူက သူတော်ကောင်းတရားအပေါ် ခံယူချက်ကောင်းတဲ့ သူဖြစ်လို့ ပြောင်းပြင်သွားရင်လည်း ကိုယ်ပြောလိုက်လို့ သူကောင်းသွားပေမယ့် ကိုယ်ကတော့ မကောင်းတာက မကောင်းတာပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတပါးကို တော်စေချင်ရင်၊ သူတပါးကို ကောင်းစေချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းပြင်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အထက်တန်းကိုရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ဆရာအဖြစ် ခံယူထားကြတဲ့ ပုဂ္ဂိုလ်တစ်ချို့က သူတပါးအပေါ် အကောင်းဆုံးစကား၊ အကောင်းဆုံး တရားတွေနဲ့ ဟောပြောပေးကြ၊ လမ်းညွှန်ပေးကြပေမယ့် မိမိတို့ကိုယ်တိုင်ကတော့ ပြောတဲ့အတိုင်း လိုက်နာကျင့်သုံးမှု မရှိကြတာကို တွေ့ရတတ်ပါတယ်။ သူတပါးတွေကို လောဘမကြီးဖို့၊ ဒေါသမကြီးဖို့၊ ဣဿာမစ္ဆရိယ မများဖို့၊ မာနမကြီးဖို့ စသဖြင့် သွန်သင်ပြသ ဆုံးမကြပေမယ့် မိမိတို့ ကိုယ်တိုင်ကတော့ ဒေါသကြီးလိုက်ကြတာ၊ လောဘကြီးလိုက်ကြတာ၊ မာနကြီးလိုက်ကြတာ အလွန်ပါပဲ။ ဒါကြောင့် ဆရာတော်ကြီးတစ်ပါးက တက်သစ်စ ဓမ္မကထိ ရဟန်းတော်တစ်ပါးကို “မောင်ပဉ္ဇင်းတို့ သူများတွေကိုပဲ ကျင့်ဖို့ပြောမနေကြနဲ့၊ ကိုယ်ကျင့်ဖို့လည်း ချန်ထားကြဦး”လို့ သတိပေး ဆုံးမတော်မူတာ ဖြစ်မှာပါ။

ပညာရှိစကား သိပ်မှတ်သားစရာကောင်းပါတယ်။ ဆရာတော်ကြီး ပြောသလို သူများကိုပဲ ဟောနေပြောနေလို့ မဖြစ်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဟောတဲ့အတိုင်း၊ ပြောတဲ့အတိုင်း ကျင့်နိုင်မှ ကိုယ်လည်း အကျိုးရှိ၊ သူလည်းအကျိုးရှိမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဆရာတော်ကြီးမိန့်သလို ကိုယ်ကျင့်ဖို့ မကျန်ဘဲ ဖြစ်နေကြမှဖြင့် ဒုက္ခ။ ကိုယ်ကိုယ်တိုင် အရင်ကျင့်၊ ကိုယ်ကိုယ်တိုင် တော်အောင်လုပ်ပြီးမှ သူတပါးကို တော်စေကြရ၊ ပြင်စေကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကမကျင့်၊ ကိုယ်ကမတော်ဘဲနဲ့ သူတပါးကို တော်လာစေဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ဆိုတော့ကား သိထားတဲ့ အသိတွေများပြီး အကျင့်တွေလည်း များလာတဲ့အခါ ကိုယ့်ကိုယ်ကို တော်လာပြီလို့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကတော်လာပြီဆို သူများကလည်း ကိုယ့်ကိုတော်အောင် ပြုမှုဆက်ဆံ ပြောဆိုလာမှာ ဖြစ်ပါတယ်။ ကိုယ်တော်တာကို အကြောင်းပြုပြီး သူများလည်း တော်လာစရာ အကြောင်းရှိပါတယ်။ အဲဒီလိုကိုယ်လည်းတော်၊ ကိုယ့်ကိုအကြောင်းပြုပြီး သူများလည်း တော်လာပြီဆိုရင် ဒါဟာ သူတော်ကောင်းရဲ့ သဘောတွေ တဖြည်းဖြည်း ထင်လာတော့တာ ဖြစ်ပါတယ်။ ကိုယ်တော်ပြတဲ့အတွက် သူတပါးလည်း တော်လာတာဖြစ်လို့ ကိုယ့်အတွက်လည်း ကောင်းလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကောင်းတဲ့အတွက် သူပြောင်းလာခြင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေကျတော့ ကိုယ်ကဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ကောင်းကောင်း သူတပါးတွေက အကောင်းမမြင်ဘဲ မပြောင်းပြင်ကြတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ပုထုဇဉ်သဘာဝ စိတ်မှာ အလိုမကျတတ်တာတွေ ရှိနေတတ်ပြီး မထူးပါဘူးကွာဆိုပြီး သူနဲ့အပြိုင် အရွဲ့တိုက်တာလေးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကိုယ်ကောင်းရဲ့သား၊ ကိုယ်တော်ရဲ့သားနဲ့ သူကပြောင်းမလာဘူး၊ တော်မလားဘူးဆိုလည်း ဒါဘာဖြစ်သေးလဲ။ ကိုယ်ကောင်းအောင် ကြိုးစားဖို့က အဓိကပဲ မဟုတ်လား။ သူပြောင်းပြီး သူကောင်းဖို့ထက် ကိုယ်အရင်ပြောင်းပြီး ကိုယ်ကောင်းဖို့က အဓိကပဲ ဖြစ်ပါတယ်။ သူပြောင်းတာမပြောင်းတာ သူ့အပိုင်းပဲ ဖြစ်ပါတယ်။ သူ့ဘက်ကလည်း အချိန်တန်ပြီး ကိုယ်ကောင်းနေတာကို သိတဲ့အခါကျရင် သူ့အလိုလို ပြောင်းလာကြမှာ ဖြစ်ပါတယ်။ ဒီအတွက် သိပ်ပူစရာ မရှိပါဘူး။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အရင်ဆုံး အသိနောက်ကို အကျင့်လိုက်ပြီး ကောင်းအောင်ပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ သူမကောင်းလို့ ကိုယ်မကောင်းဘူးဆိုရင် ကိုယ်လည်း မကောင်းစာရင်းဝင်ဖြစ်ပြီး အကုန်မကောင်းသူတွေပဲ ဖြစ်ကုန်ကြတော့မှာ ဖြစ်ပါတယ်။

ဆိုလိုတာက “လူအတော်များများက ကိုယ်ကောင်းဖို့ထက် သူကောင်းတာကို လိုချင်ကြတာများပြီး သူမကောင်းရင် ကိုယ်လည်း မကောင်းချင်ကြတဲ့သူတွေ များနေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြိုင်ဖြစ်ကာ မကောင်းတာတွေပဲ အဖြစ်များနေတတ်ကြောင်း၊ အမှန်တော့ သူတော်ဖို့ ကောင်းဖို့ဆိုတာ ကိုယ်ကလည်းတော်မှ၊ ကိုယ်လည်းကောင်းမှ သူလည်းပြောင်းလာမှာ ဖြစ်တဲ့အတွက် သူတော်သူကောင်းတာကို လိုချင်ရင် ကိုယ်ကအရင်တော်ကောင်းပြရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကိုယ်ကတော်ကောင်းပေမယ့် သူကမတော်မကောင်းဘူးဆိုလည်း ဒါကသူ့ဘက်က အပိုင်းပဲဖြစ်ပြီး ကိုယ့်ဘက်ကတော့ အရင်ဆုံး ကိုယ့်ကိုယ်ကို တော်အောင်ကောင်းအောင် ကြိုးစားကျင့်ကြံသင့်ကြောင်း၊ သူတော်ကောင်းတွေရဲ့ သဘောကိုကြည့်ရင် သူတော်တော် မတော်တော်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်၊ ကိုယ်တော်အောင် နေထိုင်ကျင့်သုံးတတ်ကြတာကို တွေ့ရမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ သူတော်ကောင်းတွေလောက် မကျင့်သုံးနိုင်သေးရင်လည်း အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုတော့ အကောင်းဆုံးဖြစ်အောင် အသိနောက်ကို အကျင့်လိုက်ပြီး နေထိုင်ကျင့်သုံးသင့်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သူတော်မှ ကိုယ်ကောင်းကြမယ်လို့ ဆိုတတ်ကြတဲ့ သူတွေအနေနဲ့ အဲဒီလို သူဘက်ကိုယ့်ဘက် အပြိုင်သဘောမျိုး ဖြစ်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုအရင်ဆုံး တော်ကောင်းလာအောင် ကျင့်သုံးပြီး သူမတော်လည်း ကိုယ်ကောင်းနိုင်အောင် ကြိုးစားကာ သူတော်လာအောင် ပြောင်းနိုင်ကြမယ်ဆိုရင် အကောင်းဆုံး အမြတ်ဆုံးအကျင့် တစ်ခုဖြစ်တဲ့အတွက် သူ့ဘက်က တုန့်ပြန်မှုကို မျှော်လင့်နေကြဖို့ထက် ကိုယ့်ဘက်ကသာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပြီး သူမတော်လည်း ကိုယ်ကောင်းကြည့်ကြပါစို့လို့ အကြံပြုရင်း တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

“သတိက အချုပ်”

“သဒ္ဓါက အထုတ်
ဝိရိယက အလုပ်
သတိက အချုပ်
သမာဓိက အအုပ်
ပညာက အဟုတ်”
ဆိုတော့ အကောင်းအားလုံးတွေထဲမှာ သတိက အချုပ်ပါ။ ဘယ်တရားတွေ ဘယ်လောက်ပဲ ကောင်းကောင်း သတိမပါရင် ဘယ်ဟာမှ မတိကျ မပြည့်ဝနိုင်ပါဘူး။ သတိလွတ်ရင် အသိသေပါတယ်။ ဘယ်အလုပ်မှ တရားပုံစံနဲ့ မလှုပ်ရှားနိုင်ပါဘူး။ သတိရှိမှ အသိဟာ ရှင်သန်နိုင်တယ်။ တရားစွမ်းအားပုံစံနဲ့ လှုပ်ရှားနိုင်တယ်။ သတိရှိရင် ဘာမဆို အလုပ်ဖြစ်တယ်။ ဘဝရဲ့ အဓိက အသက်လို့ ဆိုရင်လည်း ဖြစ်နိုင်တာပဲ။

သတိဟာ ဘယ်အလုပ်မဆို အချိန်မှီပြီးအောင် လုပ်ပေးနိုင်တာဖြစ်လို့ အချိန်ထိန်း ကိရိယာပါ။ အာရုံအမျိုး မျိုးကြောင့် စိတ်မှာကိလေသာ အပူမီးမတောက်ရအောင် စောင့်ထိန်းပေးနိုင်တာကြောင့် အာရုံထိန်း ကိရိယာလည်း ဖြစ်ပါတယ်။ စိတ်ကို ခွန်အားရှိရှိ အချိန်ပြည့် အလုပ်လုပ်နိုင်အောင် အစီအစဉ်နဲ့ ထိန်းပေးရတာဖြစ်လို့ စိတ်ထိန်း ကိရိယာလို့လည်း ခေါ်ပါတယ်။ အမှန်တော့ ဒီသုံးမျိုးဟာ စကားအခေါ်အဝေါ် ကွဲပြားပေမယ့် အလုပ်သဘောကတော့ အတူတူပါပဲ။ အာရုံတိုင်းမိတော့ အချိန်တိုင်းသိတယ်။ အချိန်တိုင်းသိရင်လည်း စိတ်ဟာ ထိန်းပြီးသားပါ။
(တိပိဋက ယောဆရာတော်)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ