လောကပါလတရား တကယ်ရှိသူဆိုတာ

လောကပါလ (လောကကိုစောင့်ရှောက်တဲ့) တရားဆိုတာ ဟိရီနဲ့ သြတ္တပ္ပတရားနှစ်ပါးကို ပြောတာဖြစ်ပါတယ်။ ဟိရီဆိုတာ မကောင်းမှု အကုသိုလ်လုပ်ရမှာ ရှက်တာကိုဆိုလိုပြီး၊ သြတ္တပ္ပဆိုတာ မကောင်းမှု အကုသိုလ် လုပ်ရမှာကို ကြောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ မကောင်းမှု အကုသိုလ်ဆိုတာ လူသိရှင်ကြား လုပ်လို့ရတဲ့ အကုသိုလ်တွေ ရှိသလို လူမသိသူမသိ လုပ်လို့ရတဲ့ အကုသိုလ်တွေကလည်း အများကြီးပါပဲ။ လူသိသူသိမှာဆိုးလို့ လူရှေ့သူရှေ့မှာ မကောင်းတာတွေကို မလုပ်ဘဲ ရှောင်နေပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ဒါဟာ မကောင်းမှုကနေ တကယ်ရှက်ကြောက် ရှောင်ကြဉ်တာ မဟုတ်ပါဘူး။ မကောင်းမှု အကုသိုလ်ကို တကယ်ရှက်ကြောက်တဲ့သူ၊ လောကပါလတရား တကယ်ရှိသူဆိုတာ ရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲ ဖြစ်ဖြစ် မကောင်းမှုအကုသိုလ်ရဲ့ အပြစ်တွေကို သေသေချာချာ သဘောပေါက်ပြီး ရှောင်ကြဉ်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်တဲ့အတွက် မကောင်းမှု အကုသိုလ် အလုပ်ကို ရှေ့နောက်ကွယ်ရာမထားဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ရှေ့နောက်နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ရှောင်ကြဉ်တဲ့ သူကိုသာ တကယ် ဟိရိသြတ္တပ္ပရှိတဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ကောင်းမှုကုသိုလ်နဲ့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာ လုပ်တာပဲ ဖြစ်ဖြစ်၊ ကွယ်ရာမှာလုပ်တာပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်ကို ကျန်တဲ့သူတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသား ဖြစ်ပါတယ်။ ဒီလိုဆိုတော့ လူရှေ့သူရှေ့မှာ မလုပ်ဘဲ ရှောင်ကြဉ်ပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေတာကိုလည်း ကိုယ်ကိုယ်တိုင်က သိနေပြီးသား ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်အဖွင့်ကို ကြည့်မယ်ဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူခြင်းဆိုတဲ့ အဖွင့်တစ်ခု ရှိပါတယ်။ ဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ ကွယ်ရာအရပ်မှာပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ စိတ်ကွယ်ရာ အရပ်မှာပဲ ဖြစ်ဖြစ် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူတော့တဲ့ အနှိုင်းမဲ့အရှင်မြတ်ပဲ ဖြစ်ပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တွေ အနေနဲ့ ဘုရားရှင်လောက် ကွယ်ရာမှာ အကုသိုလ် အလုပ်တွေကို အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် ဘုရားရှင်ကို အတုယူပြီး ကွယ်ရာမှာလည်း အကုသိုလ်အလုပ်တွေကို ရှောင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အဓိကကတော့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာပဲ ဖြစ်ဖြစ်၊ လူကွယ်ရာမှာပဲ ဖြစ်ဖြစ် မလုပ်ဘဲရှောင်ကြဉ်နိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်မကောင်းမှု အကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်တယ်ဆိုတဲ့သူဟာ အဲဒီလို မျက်မှောက်မျက်ကွယ် နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်နိုင်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်ပြီး ဒီလိုမျက်မှောက်မျက်ကွယ် နှစ်ခုလုံးမှာ ဒီဟိရီသြတ္တပ္ပတရားတွေကို စောင့်ထိန်းတဲ့သူကိုသာ တကယ့်လောကပါလ တရားရှိသူ၊ လောကပါလ တရားနဲ့ ပြည့်စုံသူလို့ ပြောရခြင်း ဖြစ်ပါတယ်။

Read more »

ကတိသစ္စာ၊ တည်သောခါဝယ်

"ကတိသစ္စာ၊ တည်သောခါ၌၊
သြဇာလေးနက်၊ ပေါ်စီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"
(ရှင်မဟာသီလ၀ံသ)

ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။ ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြမည်သာ ဖြစ်၏။ အထူးသဖြင့် သစ္စာတရားသည် မေတ္တာအားဖြင့် ပေါင်းစပ်နိုင်လျှင် မဖြစ်နိုင်သည်များပင် ဖြစ်လာနိုင်ပြီး သက်ရှိသက်မဲ့အားလုံးတို့၏ အပြောင်းအလဲဖြင့် အကောင်းများပင် တွဲလာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သူတော်ကောင်းများက ကတိသစ္စာတည်လာပါက သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင် စသည်များပင် ဆေးဘက်ဝင်လာတတ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ ကတိသစ္စာသည် တည်တံ့လျှင် တည်တံ့နိုင်သည်နှင့်အမျှ အကျိုးသက်ရောက်မှု ကောင်းများကို ဖြစ်စေနိုင်ပေ၏။ မိမိ၏ ကတိသစ္စာ တည်တံ့မှုကို အကြောင်းပြု၍ မိမိလည်း အကောင်းများ စုနိုင်သကဲ့သို့ သူတပါးကိုလည်း ကောင်းမှုအစုများ ပြုပေးနိုင်ပေ၏။ သစ္စာစကားဖြင့် အပြစ်အနာအဆာများကိုပင် ပျောက်ပေးစေနိုင်၏။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အမျိုးမျိုးသော သစ္စာစကားများကို တိုင်တည်မှုပြုကာ သတ္တဝါအများ၏ ဒုက္ခအပေါင်းကို ကယ်တင်ပေးဖူး၏။ သတ္တဝါအများ၏ ဘေးအန္တရာယ်များကို အရံအတားပြုကာ အကာအကွယ်ပြုပေးထားသည့် ဘုရားရှင်၏ ပရိတ်ဒေသနာများတွင် ထိုသို့သော သစ္စာပြုချက်များကို အများအပြား တွေ့ရမည်ဖြစ်၏။ ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များတွင် “ဧတေန သစ္စဝစ္စေန သောတ္ထိတေ ဟောတု သဗ္ဗဒါ” ဟူသော စကားများကို အများအပြား တွေ့ရမည်ဖြစ်၏။ ထိုစကား၏ အဓိပ္ပါယ်မှာ “ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါများအား အခါခပ်သိမ်း ချမ်းသာခြင်းကို ဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်ကန်သည့်သစ္စာ၊ တည်တံ့သည့် ကတိစကားများသည် သတ္တဝါများအား အားအသစ်ကိုဖြစ်စေပြီး ထိုအားများကပင် သတ္တဝါများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုသည့် သဘောမျိုးဖြစ်၏။

အားဟုဆိုသော်လည်း စင်စစ်ထိုအားများသည် မည့်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်ကမျှ ဖြည့်ပေးနိုင်သည့် အားများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသည့် အကျင့်သိက္ခာ တရားများဖြင့်သာ ပြည့်စေရမည့်အားများ ဖြစ်ပါ၏။ ကတိများများတည်လျှင်၊ သစ္စာများများရှိလျှင် မိမိသန္တန်တွင် ထိုကတိသစ္စာ တရားများ၏ စွမ်းအားများသည်လည်း ပိုမိုတိုးပွားကာ လိုအပ်သည့် အကျိုးတရားများကို ပြီးမြောက်စေနိုင်မည် ဖြစ်သဖြင့် သက်ရှိသက်မဲ့ အရာအားလုံးတို့၏ တန်ပြန်သက်ရောက်မှု အကျိုးကောင်းများကို ရယူလိုသူများသည် ကတိသစ္စာတရားများကို အခိုင်မာဆုံးဖြစ်အောင်သာ ကြိုးစားကြရမည် ဖြစ်ပါ၏။

အမှန်အားဖြင့် ကတိသစ္စာတည်ခြင်းဟူသည် အခြားမဟုတ်၊ ကိုယ်ကျင့်သိက္ခာလုံနေခြင်းပင် ဖြစ်၏။ သီလလုံနေသူ တစ်ယောက်သည် စကားကိုအလွယ်ပြော၊ ကတိကို အလွယ်ပေးပြီး စောင့်ထိန်းရမည့် သစ္စာတရားကို ချိုးဖောက်သူ အဖြစ်မှလည်း ရှောင်ကြဉ်ပြီးသား ဖြစ်နေပေ၏။ သာမန်လူများ အနေဖြင့် နေ့စဉ်စောင့်ထိန်းရသည့် ငါးပါးသီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းထားနိုင်လျှင် ကတိလည်း တည်နေမည်ဖြစ်ပြီး သစ္စာလည်းရှိနေမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အိမ်ထောင်သည် အပေါ်မှာ သစ္စာရှိခြင်း၊ သူတပါးအကျိုး ယုတ်စေမည့် မဟုတ်မမှန်သည့် စကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်နေခြင်းသည် ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ သိက္ခာပုဒ်များကို စောင့်ထိန်းနေခြင်း ဖြစ်သဖြင့် အပြန်အနေဖြင့် ထိုသီလများကို စောင့်ထိန်းနေသမျှ ကတိသစ္စာများလည်း တည်နေကြပြီးသား ဖြစ်ပါ၏။ ထိုသို့ အကျင့်သိက္ခာလုံသဖြင့် ကတိသစ္စာတည်နေသူများသည် လောကဓံ အလှည့်အပြောင်းများကြောင့် ဘဝအတက်အကျများနှင့် ကြုံနိုင်ငြားသော်လည်း အရေးကြီးသည့်အခါ မိမိတို့၏ သီလတရားကို သက်သေထားကာ သစ္စာပြုမည်ဆိုပါက ထိုသစ္စာတရား၏ အားများဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါ၏။ မိမိက အကျင့်သိက္ခာ မြင့်မားစွာဖြင့် ကတိသစ္စာ တည်ထားလျှင် မိမိသာလျှင်မဟုတ် မိမိနှင့် ပတ်သက်သူများကိုပင် သစ္စာစကားဖြင့် ဒုက္ခအစုကို ကျော်လွှားနိုင်မည်မှာ အသေအချာပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရင်းနှီးပြီးသားဖြစ်သည့် အင်္ဂုလိမာလ ပရိတ်တော်ကို ကြည့်ပါက အင်္ဂုလိမာလ မထေရ်ကြီးသည် မိမိ၏ ကတိသစ္စာစကားဖြင့် မီးမဖွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အလွယ်တကူ မီးဖွားနိုင်စေရန် သစ္စာပြုကာ ဘေးရန်ကာပေးနိုင်ခဲ့သည်ကို အထင်အရှား တွေ့ကြရမည်ဖြစ်၏။ အင်္ဂုလိမာလ ပရိတ်တော်၏ အဓိကအပိုင်းတွင် အင်္ဂုလိမာလ မထေရ်ကြီး သစ္စာပြုသည့် စကားတော်မှာ “နှမ ငါသည် မြတ်စွာဘုရားရှင်၏ သာဝက အရိယာ ဖြစ်တော်မူပြီးချိန်မှစ၍ သေစေလိုသော စေတနာဖြင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို ပြုလည်းမပြု၊ သိလည်းမသိတော့ပေ၊ ဤမှန်သော သစ္စာစကားကြောင့် မီးဖွားရန် အခက်အခဲဖြစ်နေသော ချစ်နှမအား ချမ်းသာမှုဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ အင်္ဂုလိမာလ မထေရ်ကြီး၏ ထိုသစ္စာစကားမှာ မိမိကိုယ်တိုင် အကျင့်သီလပိုင်းကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းပြီး ထိုအကျင့်သီလ ကောင်းကိုသက်သေပြု့ကာ အများတကာ ချမ်းသာရေး သစ္စာဆိုပေးထားသည့် စကားဖြစ်သဖြင့် ထိုအကျင့်သစ္စာ အစွမ်းအားများသည်လည်း လက်တွေ့တွင် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ခြင်း ဖြစ်၏။ အရင်းစစ်သော် အကျင့်သိက္ခာကောင်းသည် သစ္စာအားအဖြစ် ကောင်းမြတ်သည့် သြဇာကို သက်ရောက်ပေးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိသူတပါး ချမ်းသာရေးအတွက် အကောင်းဆုံး သက်ရောက်မှုကို ပေးလိုသူများသည် ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိမ်းခြင်းဟူသည့် ကတိသစ္စာကို တည်တံ့အောင်သာ ကြိုးစားကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ကတိသစ္စာတရားသည် အကျင့်သိက္ခာ အားကောင်းနေသမျှ အစွမ်းအာနိသင်များလည်း တိုးပွားနေမည်သာ ဖြစ်ပါ၏။ ထိုအချက်ကို ဘုရားလက်ထက်မှစ၍ ရှေးရှေးသူတော်ကောင်းများ၏ အဖြစ်အပျက်များကို ကြည့်ပါက လက်တွေ့အားဖြင့် သိနိုင်မည်သာ ဖြစ်၏။ အကျင့်သီလ အားကောင်းစွာဖြင့် ဆိုခဲ့ကြသည့် သစ္စာစကားများသည် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ အထံသို့ပင် ပြန့်နှံ့ကာ ထိုထိုသူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုဖြင့် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ ကတိသစ္စာတည်ခြင်းဟူသော အကျင့်သီလကောင်းသည် သက်ရှိသက်မဲ့များအပေါ်တွင် သက်ရောက်မှုဖြစ်ကာ ယုတ်စွာအဆုံး နွယ်မြက်သစ်ပင်များသည်ပင် အစွမ်းထက်သည်အထိ အကျိုးရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့သော် သဒ္ဓါတရား၊ သီလတရား၊ ဝီရိယတရား၊ ပညာတရား၊ သတိတရားများ ယုတ်လျော့လာသည့် ယနေ့ခေတ်ကာလတွင်ကား လူအတော်များများသည် ကတိတရားများ ဖောက်ဖျက်နေကြသကဲ့သို့ သစ္စာတရားများလည်း ပျောက်ပျက်နေကြသဖြင့် ထိုကတိသစ္စာတရား၏ စွမ်းပကားများမှာ ထင်သလောက် အစွမ်းမရောက်ဘဲ ဖြစ်နေကြသည်ကို တွေ့နေရ၏။ လူအတော်များများသည် ကတိကို အလွယ်ပေးကာ အလွယ်ဖျက်နေတတ်ကြသကဲ့သို့ စောင့်ထိန်းရမည့် သစ္စာတရားများကိုလည်း မစောင့်ထိန်းဘဲ အလွယ်တကူပင် ဖောက်ဖျက်နေတတ်ကြ၏။ တဒင်္ဂအခိုက်အတန့် အရေးကိုသာ ဦးစားပေးနေပြီး ထိုအခိုက်အတန့် အဆင်ပြေရေးအတွက်ဆိုလျှင် လိမ်ပြောရမှာလည်း ဝန်မလေး၊ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးဝှက်ရမည်ကိုလည်း မကြောက်လန့်၊ အိမ်ထောင်ရှိနေသူရော၊ မရှိသူများပါမကျန် အိမ်ထောင်ရေး ဖောက်ပြန်ကာ သစ္စာဖျက်ရမည်ကိုလည်း အလေးမထား၊ သောက်သောက်စားစား လုပ်ရမှာလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေတတ်ကြ၏။ ထိုသို့အကျင့်တရားကို အခြေခံထားသည့် ကတိသစ္စာတရားများ မတည်ဘဲ သွားနေကြသဖြင့် သတ္တဝါများအား ဒုက္ခတရားများ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သစ္စာတရား၏ အစွမ်းအာနိသင် အကျိုးသက်ရောက်မှုမှာလည်း ထင်သလောက် အစွမ်းမထက်ဘဲ ဖြစ်နေကြခြင်း ဖြစ်၏။

အရင်းစစ်သော် သစ္စာတရားက အစွမ်းမထက်ခြင်းမဟုတ်၊ မိမိတို့၏ အကျင့်တရားများက အစွမ်းထက်အောင် မထောက်ပံ့နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍သာ အကျင့်တရားကို ကောင်းအောင်နေထိုင်ကြမည်ဆိုလျှင် အကျင့်ကောင်းသဖြင့် ကတိလည်းကောင်းမည်ဖြစ်ပြီး သစ္စာလည်းကောင်းနေမည်ဖြစ်ကာ ကတိသစ္စာ ကောင်းလာလျှင် ထိုအကောင်းများ၏ အကျိုးသက်ရောက်မှုသည်လည်း သြဇာကောင်းများအဖြစ် အပြောင်းအလဲဖြစ်ကာ သက်ရှိသက်မဲ့များအထိ သက်ရောက်မှုဖြစ်စေလျက် အကျိုးကောင်းများကို ဖြစ်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ယနေ့ခေတ်တွင် လူအတော်များများသည် ကိုယ်ကျင့်သိက္ခာအပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်နှင့်အမျှ ကတိမတည်ခြင်း၊ သစ္စာမရှိခြင်းများသည်လည်း ပိုမိုများပြားလာကာ ထိုကတိသစ္စာ ဖောက်ဖျက်မှုများကို အကြောင်းပြု၍ သက်ရှိသက်မဲ့များ၏ အစွမ်းသတ္တိများသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြခြင်း ဖြစ်သဖြင့် ထိုအချက်ကို သတိပြုဆင်ခြင်ကာ လောကသားများ အနေဖြင့် မိမိတို့၏ သန္တာန်တွင် ကတိသစ္စာတည်တံ့စေလျက် သက်ရှိသက်မဲ့များအထိ သြဇာသက်ရောက်မှု ဖြစ်စေကာ အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ကြစေရန် မိမိတို့၏ အကျင့်သိက္ခာကိုသာ ကောင်းမွန်အောင် စောင့်ထိန်းကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဘုံသား လူအများအနေဖြင့် အပျက်တရားများ များများလာသည့် ယနေ့ခေတ်တွင် မည်သူ တရားပျက်ပျက် မိမိတို့မပျက်အောင်၊ မည်သူ ကတိသစ္စာပျက်ပျက် မိမိတို့မပျက်အောင် ကတိသစ္စာတည်တံ့ခြင်း၏ အခြေခံအကြောင်းဖြစ်သည့် အကျင့်သိက္ခာပိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိတို့ကိုယ်တိုင်သာ သဒ္ဓါ၊ သီလ၊ သတိ၊ ပညာ၊ ဝိရီယတရားများဖြင့် မိမိတို့၏အစွမ်းကို ထုတ်နိုင်အောင် လေ့ကျင့်ကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါသည်။

Read more »

သဿတပိုင်ရှင် (သို့) ဗကဗြဟ္မာ

မြတ်စွာဘုရားရှင်၏ ထူးခြားသည့် အောင်မြင်ခြင်းများတွင် ဗကဗြဟ္မာကြီးအား အောင်မြင်ခဲ့သည့် အောင်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ အောင်မြင်ခြင်းဟု ဆိုသည်ထက် အယူမှားကို ချေဖျက်ပေးခဲ့ခြင်းဟု ဆိုက ပို၍သင့်လျော်မည် ဖြစ်၏။ မြတ်စွာဘုရားရှင်သည် အယူလွဲနေသည် ဗကဗြဟ္မာကြီးကို မှန်ကန်သည့် အယူဝါဒဖြင့် တည့်မှတ်ပေးခဲ့ခြင်းသာ ဖြစ်၏။ ဗကဗြဟ္မာကြီး ဆွဲကိုင်ထားသည့် အယူဝါဒမှာ သဿတဝါဒ ဖြစ်၏။ သဿတဝါဒဟူသည် “အရာအားလုံးသည် ဖောက်ပြန်ပျက်စီးခြင်း မရှိ၊ အမြဲတည်တံ့နေသည်”ဟု ယူဆသည့် ဝါဒမျိုးဖြစ်၏။ ဗကဗြဟ္မာကြီး ယူဆမည်ဆိုလျှင်လည်း ယူဆချင်စရာပင်။ ဗြဟ္မာကြီး၏ သက်တမ်းသည် အလွန်ရှည်လွန်းလှ၏။ နှစ်ကာလရှည်ကြာစွာ မြင်နေရသည့်အာရုံများ၊ ကျင်လည်နေရသည့် အရာများသည် တသတ်မတ်တည်းဖြစ်ကာ မပြောင်းလဲသည့် သဘောကဲ့သို့ ဖြစ်နေသဖြင့်လည်း အရာအားလုံးသည် အမြဲတည်နေသည်ဟု ထင်မှတ်နေခြင်း ဖြစ်ပေ၏။ ဗကဗြဟ္မာကြီးသည် ဗြဟ္မာ့ဘုံ အဆင့်ဆင့်တွင် ဖြစ်ခဲ့သော်လည်း နှစ်ပရိစ္ဆေဒ ကြာညောင်းလှသဖြင့် စုတေရသည့် နာမ်ရုပ်အစဉ်ကိုလည်း မမှတ်မိ၊ ပဋိသန္ဓေလည်း မထင်ဖြစ်ကာ ပကတိဖြစ်မြဲတိုင်းသော ကိုယ်အထည်ဒြပ် ရှိနေသည်ဟု ထင်မှတ်မိနေခြင်း ဖြစ်၏။

ဗကဗြဟ္မာကြီးသည် ဗြဟ္မာဇာတ်သည် မြတ်သောမြဲသော နိစ္စဓူဝဖြစ်သော ချမ်းသာဖြစ်ပြီး ထိုထက်သာလွန်သည့် နိဗ္ဗာန်ချမ်းသာဟူသည် မရှိ၊ မိမိပိုင်ဆိုင်ထားသည့် ဗြဟ္မာ့ကိုယ်သည်လည်း အိုခြင်းနာခြင်း သေခြင်းစသည့် ဆင်းရဲမရှိဘဲ အတိသုခဖြစ်သည့် ချမ်းသာသာ ဖြစ်သည် စသည်ဖြင့် အယူသည်းနေသူဖြစ်၏။ သူသာလျှင်မဟုတ် သူ၏မိတ်ဆွေ အပေါင်းအသင်းဖြစ်သည့် ဗြဟ္မာပေါင်း (၇၀)တို့သည်လည်း ဤနည်းအတူပင် အရာအားလုံးသည် မြဲသည်ဟု ယူဆနေသည့် သဿတပိုင်ရှင်များပင် ဖြစ်နေပေ၏။ ထို့ကြောင့် အကြောင်းလည်းစုံ၊ ကျွတ်ချိန်လည်းကြုံသည့် အခါတွင် မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာနှင့်တကွ သဿတပိုင်ရှင်များ၏ အယူမှားကို ချေဖျက်ပေးရန် ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူပြီး အမှန်တရားကို ဟောကြားပေးတော်မူခဲ့ခြင်း ဖြစ်၏။

ဘုရားရှင် ကြွတော်မူလာသည်ကို မြင်မြင်ချင်း ဗကဗြဟ္မာကြီးက ဝမ်းသာအားရဖြင့် “အို အရှင်ဂေါတမ ကောင်းသောလာခြင်းပါပဲ၊ ခဏခဏ မလာဘဲ ဘာကြောင့် အခုလို အကြာကြီးနေမှ ကြွတော်မူလာရပါသလဲ ဘုရား၊ တကယ်တော့ မြတ်စွာဘုရား အနေနဲ့လည်း မပျက်စီးဘဲ အမြဲတည်တံ့နေတဲ့ ဒီဗြဟ္မာဘုံကိုရောက်အောင် လုပ်သင့်ပါတယ်၊ တကယ့်နိဗ္ဗာန်ဘုံဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဒီဗြဟ္မာ့ဘုံကိုပဲ ပြောတာဖြစ်ပါတယ် ဘုရား”ဟု လျှောက်ထားရင်း မိမိကိုယ်နှင့် မိမိဘုံဌာန၏ မြဲမြန်စွာတည်နေခြင်း သဘောကို ညွှန်းဆိုနေပေတော့၏။

ထိုအခါ မြတ်စွာဘုရားရှင်က “အို ဗကဗြဟ္မာ သင့်အဖြစ်ကလည်း သနားစရာ ကောင်းပေစွ၊ မသိမှု အဝိဇ္ဇာက အားကြီးနေပေစွ၊ သင့်အဖြစ်က မြှုံးတွင်းမှာရှိနေတဲ့ ငှက်က အပြင်မှာလွတ်ထွက်နေတဲ့ သတ္တဝါတွေကို ချမ်းသာချင်ရင် ဒီမြှုံးထဲကို လာခဲ့ကြလို့ ဆိုနေသလို ဖြစ်နေပါတကား၊ သင့်အဖြစ်က ကိုယ်ဖြစ်မယ့်ဘေးကို မမြင်ဘဲ မမြဲတာကို မြဲတယ်၊ မချမ်းသာတာကို ချမ်းသာတယ်လို့ ထင်နေပြီး ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ဟာ အမှန်ရှိနေပါရဲ့နဲ့ ဗြဟ္မာ့ပြည်ကိုမှ နိဗ္ဗာန်လို့ ထင်နေပါတကား၊ သနားစဖွယ်အဖြစ်ပါလား” စသည်ဖြင့် ပြန်လည် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် မိမိနှင့်အယူဝါဒတူ အခြားဗြဟ္မာများရှေ့တွင် ထိုသို့အပြောခံလိုက်ရသဖြင့် အလွန်ရှက်သွားပြီး “အို အရှင်ဂေါတမ အရာအားလုံးဟာ မြဲတယ်လို့ ယူထားတဲ့ ကျွန်ုပ်တို့ ဗြဟ္မာတွေဟာ အရှင်ဂေါတမရဲ့ မမြဲခြင်း အနတ္တဝါဒကို ဘယ်လိုမှ လက်မခံနိုင်တဲ့အပြင် ကျွန်ုပ်တို့ ဟောဒီဗြဟ္မာဘုံကသာ တကယ့်ထာဝရတည်တံ့နေတဲ့ နိဗ္ဗာန်အစစ် ဖြစ်ပါတယ်” ဟု ဆက်လက်လျှောက်ထားပြန်၏။

မြတ်စွာဘုရားရှင်က “အချင်း ဗကဗြဟ္မာ သင့်အနေနဲ့ ဒီဗြဟ္မာဘုံမှာ ထာဝရတည်တံ့နေတယ်လို့ ဘယ်လိုပဲ ထင်ထင် ဒီဗြဟ္မာဘုံမှာ သင့်အနေနဲ့ ကြာကြာနေရမှ နောက်ထပ် အန္တရကပ် (၁၃၆၃၄၅)ကပ်လောက်ပဲဖြစ်ပြီး၊ သင်ဟာ ဇာတိဇရာမရဏကိုလည်း မလွန်ဆန်နိုင်သေးဘဲ သေချာပေါက် သေရဦးမှာဖြစ်တယ်၊ သင့်အနေနဲ့ အသိပညာနဲ့ သတိပြု ဆင်ခြင်ဖို့ လိုပါတယ်” စသည်ဖြင့် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် ဘုရားရှင်က သူ့အား ထိုသို့မိန့်တော်မူသဖြင့် အလွန်ဒေါသထွက်သွားပြီး “အို လူသားဘုရား အရှင်ဂေါတမ ကျွန်ုပ်ကဲ့သို့သောသူကို ထာဝရမတည် သေရမည်လို့ ဆိုနေပေမယ့် ဒီစကားကို ကျွန်ုပ်လက်မခံနိုင်ပါဘူး၊ တကယ်လို့ အရှင်ဂေါတမဆိုတဲ့အတိုင်း အမှန်ဖြစ်တယ်ဆိုရင် ကျွန်ုပ်ကို သက်သေပြပါ၊ ကျွန်ုပ်သည် အတိတ်ဘဝက ဘာဖြစ်ခဲ့ပြီး၊ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုအလုပ်တွေကြောင့် ကျွန်ုပ်ဒီလိုဘုံဘဝမှာ ဖြစ်ခဲ့တယ်ဆိုတာ သက်သေပြပါ၊ အဲဒီလို ပြောနိုင်မယ်ဆိုရင်တော့ ကျွန်ုပ်အနေနဲ့ အရှင်ဂေါတမဟာ ကျွန်ုပ်ထက်သာလွန်သူအဖြစ် လက်ခံပြီး သင့်ထံမှာကျွန်ုပ် ဒူးထောက်အရှုံးပေးကာ အရှင်ဂေါတမကို ဆည်းကပ်ကိုးကွယ်ပါမယ်၊ ကျွန်ုပ်အတိတ်ကိုသာ ပြောပြပါ”ဟု တောင်းဆိုလိုက်၏။

မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ အမှန်အားဖြင့် ငါသည် သင်၏လားရာကို လည်းကောင်း၊ သင်၏ဆိုက်ရောက်ရာကို လည်းကောင်း၊ သင်၏ တန်ခိုးစွမ်းပကားကိုလည်းကောင်း၊ ဗကဗြဟ္မာသည် မည်သည့်ဘဝမှလာပြီး မည်သည့်ဘဝသို့ သွားမည်၊ မည်မျှတန်ခိုးရှိသည်ကို အားလုံးသိ၏၊ သင်သည် လွန်လေပြီးသော အတိတ်ဘဝတစ်ခုက ဗာရာဏသီပြည်၌ ကေသဝအမည်ရှိသည့် ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တောထွက်ကာ ရသေ့ပြုလျက် တရားအားလုပ် အားထုတ်ခဲ့သူဖြစ်ကြောင်း၊ ထိုကေသဝ ရသေ့ဘဝတွင် တစ်ခါက သဲကန္တာရသို့ ရောက်လာသည့် လှည်းကုန်သည်ငါးရာတို့အား အစာရေစာပေးကာ အသက်ကို ကယ်တင်ဖူးခဲ့ကြောင်း၊ တစ်ခါတွင်လည်း သူခိုးဓားပြများကြောင့် ဒုက္ခရောက်နေခဲ့သည့် ကျေးရွာတစ်ခုရှိ ကလေးသူငယ်များနှင့် ဒုက္ခသည်များအား ထိုသူခိုးဓားပြများလက်မှလွတ်စေလျက် အသက်ကို ကယ်တင်ပေးခဲ့ဖူးကြောင်း၊ တစ်ခါတွင်လည်း ဆင်ဖမ်းသမား ငါးရာတို့ကို ဖမ်းဆီးသတ်ဖြတ်မည့် နဂါးမင်း၏ လက်မှအသက်ကိုလုကာ ထိုဆင်ဖမ်းသမားများအား ကယ်တင်ပေးခဲ့ဖူးကြောင်း၊ ဗကဗြဟ္မာ သင်သည် ကေသဝရသေ့ ဘဝဖြစ်စဉ်က ငါဘုရားသည်လည်း သင်၏တပည့် ကပ္ပရရသေ့ အနေဖြင့် အတူတရားကျင့်ခဲစဉ် တပည့်ဖြစ်တဲ့ ကပ္ပရ ရသေ့ကို ကူညီစောင့်ရှောက်မှု၊ ငဲ့ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စင်စစ် သင်သည် လူ့ဘဝရစဉ် ကေသရ ရသေ့အဖြစ်ဖြင့် အသက်ကယ်ခဲ့သည့် ကောင်းမှုအမျိုးမျိုးကို ပြုလုပ်ခဲ့မှုကြောင့် ယခုကဲ့သို့ ဗြဟ္မာပြည်တွင် အသက်ရှည်ရှည် နေခဲ့ရခြင်း ဖြစ်ကြောင်း” စသည်ဖြင့် ဗကဗြဟ္မာကြီး၏ အတိတ်ကို ပြန်လည်ဟောကြားပေတော်မူ၏။

ထို့အပြင် မြတ်စွာဘုရားရှင်က ဆက်လက်၍ “ဗကဗြဟ္မာ ဤအတိတ်အကြောင်းတွင်မဟုတ်၊ ငါဘုရားသည် သင်မသိနိုင်သည့် သင်၏ အတိတ်ဗြဟ္မာ ဘဝများကိုလည်း သိကြောင်း၊ သင်သည် ယခု ဗကဗြဟ္မာအဖြစ်ဖြင့် ဤဘုံသို့ မရောက်မီက အာဘဿရာ အမည်ရှိသည့် ဗြဟ္မာဘုံတွင် ဖြစ်ခဲ့သေးကြောင်း၊ ထိုဘုံမှစုတေပြီး ယခုဘုံသို့ သင်ရောက်လာခြင်းဖြစ်ကြောင်း၊ သင်သည်ကား ယခုလက်ရှိဘုံဘဝတွင် အချိန်ကြာမြင့်စွာ နေရသဖြင့် သင်၏ဘဝအစစ်ကို မေ့လျော့နေခြင်း ဖြစ်ကြောင်း၊ ငါဘုရားသည် သင်မသိသည့်အရာ အားလုံးကို သိနေ၏၊ ထို့ကြောင်းသင်သည် ငါနှင့်တုပြိုင်၍ မည်သို့မျှ မတတတ်နိုင်သည်သာ ဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူလိုက်၏။

သို့သော် ဗကဗြဟ္မာသည် အလွယ်တကူ လက်မခံသေးဘဲ “ အရှင်ဂေါတမ ရှိပါစေ၊ ယခုကျွန်ုပ်သည် အရှင်ဂေါတမ မမြင်ရအောင် ချက်ချင်းကွယ်ပျောက်ပြပါမည်၊ အရှင်ဂေါတမ စောင့်ကြည့်ပါ၊ ကျွန်ုပ်သည့် သင့်ထက်တန်ခိုးအရာ၊ စွမ်းပကားအရာ သာလွန်သည်ကို ပြပါမည် စောင့်ကြည့်ပါ”ဟု ဆိုကာ မိမိကိုယ်ကို ကွယ်ပျောက်ရန် အားထုတ်ပြသော်လည်း မရဘဲ ဖြစ်နေလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ သင်မည်သို့ပင် ကွယ်ပျောက်အောင် အားထုတ်သော်လည်း ငါဘုရားမျက်စိအောက်က ပျောက်သွားအောင် မလုပ်နိုင်ပေ၊ ငါဘုရားသည် သင်မည်သည့်နေရာ၊ မည်သို့သော အနေအထား ရှိပါစေ၊ မြင်နိုင်၏၊ စင်စစ် သင်သည်ကား ငါဘုရားကို မမြင်နိုင်အောင် ငါဘုရားသည် လက်တွေ့ကွယ်ပျောက်အောင် လုပ်နိုင်၏” စသည်ဖြင့် မိန့်တော်မူကာ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်၏ အသံကိုသာ ကြားစေပြီး ရုပ်ကိုမမြင်နိုင်အောင် ဖန်ဆင်းပြတော်မူလိုက်၏။

ထိုအခါမှသာ ဗကဗြဟ္မာကြီးလည်း လက်တွေ့သဘောပေါက် လက်ခံလာပြီး မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ အရှင်ဘုရား၏ တန်ခိုးစွမ်းပကားကား ကြီးမားလှပေစွ၊ ကျွန်ုပ်တို့ ဗြဟ္မာများထက် အဆအရာအထောင်မက သာလွန်လှပါ၏၊ အရှင်ဂေါတမသည် ကျွန်ုပ်တို့ ဗြဟ္မာများ၏ ဘဝအသီးသီးနှင့် ရှေ့နောက်အဖြစ်အပျက်များ၊ လွဲမှားနေသည့် အယူဝါဒများကိုလည်း ထုတ်ဖော်ဟောကြားတော် မူနိုင်ပါ၏၊ ကျွန်ုပ်တို့ အရှုံးပေးပါပြီ၊ ယခုအချိန်မှစ၍ ကျွန်ုပ်တို့၏ အယူလွဲကိုပယ်ကာ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးကာ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါတော့မည် ဘုရား” ဟု လျှောက်ထားလိုက်လေတော့၏။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ ဗြဟ္မနိပန္တိယသုတ်)

ဤကား အရာရာကို မြဲသည်ဟု ထင်မှတ်နေသည့် သဿတပိုင်ရှင် ဗကဗြဟ္မာကြီးအား ချေချွတ်တော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် ဗကဗြဟ္မာအကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။ ဤ၌ အဓိကပေးလိုသည့် အသိမှာ သဿတအယူဝါဒနှင့် စပ်လျဉ်းသည့် အချက်ပင် ဖြစ်၏။ သဿတဝါဒသည် ယနေ့ခေတ်တွင်လည်း လက်ခံလိုက်နာ ကျင့်သုံးနေသူများ အများအပြား ရှိနေပေ၏။ မမြဲခြင်းတရားကို မြဲသည်ဟုထင်ကာ အယူလွဲနေသူများ အလွန်များပြားလှ၏။ တိုတောင်းလှသည့် အခိုက်အတန့်နှင့် တဒင်္ဂရှိသည့် ခဏအရှိများတွင် မြဲသည်ဟု ထင်နေကြသူများလည်း ပေါများလှ၏။ စင်စစ် ယနေ့လိုသက်တမ်းမျိုး မဆိုထားနှင့် မရေမတွက်နိုင်အောင် များပြားလှသည့် သက်တမ်းရှိသည့် ဗြဟ္မာများသည်လည်း နောက်ဆုံးတွင် ပျက်ဆီးကြရမည်သာ ဖြစ်သည်ကို သတိပြုမိပါက သိနိုင်ကြမည် ဖြစ်၏။

ထို့ကြောင့် ယနေ့ခေတ် သဿတပိုင်ရှင်များ အနေဖြင့်လည်း သဿတပိုင်ရှင် ဗကဗြဟ္မာကြီးကဲ့သို့သော အယူလွဲသူများပင် နောက်ဆုံးတွင် မှန်ကန်သည့်လမ်းကို ရွေးချယ်သွားကြသည်ကို သတိပြုဆင်ပြီး မိမိတို့ ထင်မြင်ယူဆနေသကဲ့သို့ အရာရာမြဲသည်ဟူသည့် အယူအဆများသည် အမှန်အားဖြင့် မမြဲသည့် အနိစ္စသဘောများသာ ဖြစ်ကြောင်း၊ အရာအားလုံးသည် ပျက်ဆီးခြင်းလျင် အဆုံးရှိကြောင်း ကောင်းစွာ သဘောပေါက်ကာ ယခုလက်ရှိအချိန်တွင်သာ အကောင်းဆုံးဖြစ်သည့် အလုပ်များကို ပြုလုပ်ရင်း မှန်ကန်သည့် အယူဝါဒအတိုင်း လျောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အသိပေးတိုက်တွန်း လိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ